ဈေးကောင်းနှင့် ရောင်းချခြင်း
Vol. 4 Ch. 52
ရွာလူကြီးက မျက်ခုံးပင့်လိုက်သည်။ “ကျုပ်တို့ သူသေကိုယ်သေ တိုက်ကြရင် ကောင်းကင်နတ်ဆိုးဂိုဏ်းလည်း အတော် အကျအဆုံးများမှာပဲမလား... အဲဒီတော့ ဘာလို့ တစ်ယောက်နဲ့တစ်ယောက် ဖိအားပေးပြီး တင်းတင်းမာမာ ဆက်ဆံနေကြမှာလဲ... ကျုပ်တို့ ဒုက္ခိတဘိုးဘွားတွေကြောင့် ခင်ဗျားတို့ဂိုဏ်းရဲ့အင်အား အကြီးအကျယ် ကျဆင်းသွားရင် ဧကရာဇ်အတိုင်ပင်ခံက ဝမ်းသာအားရ အခွင့်ကောင်းယူပြီး ကောင်းကင်နတ်ဆိုးဂိုဏ်းကို သူ့လက်အောက် သိမ်းသွင်းသွားမယ်ဆိုတာ ရဲရဲကြီး လောင်းရဲတယ်... ခင်ဗျား ဘယ်လိုထင်လဲ...”
လူငယ်ဂိုဏ်းချုပ်က ခေါင်းညိတ်လိုက်၏။ “ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ ဧကရာဇ်အတိုင်ပင်ခံက ကျုပ်တို့ဂိုဏ်းကို နှိမ်နင်းပြီး နန်းတွင်းမိသားစုလက်အောက် သစ္စာခံအောင်လုပ်မှာ ကျိန်းသေပါပဲ... ဒါပေမဲ့ ဂိုဏ်းသခင် အသတ်ခံရပြီး အထွတ်အမြတ်သိုင်းကျမ်း ပျောက်ဆုံးနေတဲ့အတွက် ကျုပ်တို့နတ်ဂိုဏ်းက အပြီးအပိုင် ဖျက်သိမ်းခံလိုက်ရတဲ့ ဂိုဏ်းတစ်ဂိုဏ်းနဲ့ မခြားတော့ပါဘူး... အဆွေတော်က ဆက်ပြီးတော့ ခေါင်းမာမာနဲ့ ငြင်းဆန်နေဦးမယ်ဆိုရင် အဆွေတော် စောင့်ရှောက်နေတဲ့ ရွာလေးနဲ့ ကျုပ်တို့နတ်ဂိုဏ်း ထိပ်တိုက်တွေ့ရပါလိမ့်မယ်... အလံတွေ ဖြန့်လိုက်...”
သူ့ဘေးမှ စည်းကမ်းထိန်းအကြီးအကဲက ဦးညွှတ် အရိုအသေပြုလိုက်၏။ “အမိန့်အတိုင်းပါ ဂိုဏ်းချုပ်... အလံတွေ ဖြန့်...”
သုံးရာ့ခြောက်ဆယ်သော စံအိမ်သခင်များက ကြီးမားသော အလံတိုင်ကြီးများကို ထုတ်ယူဝှေ့ယမ်းပြီး လေထဲတွင် အလံတလူလူ လွင့်နေအောင် လွှင့်ထူလိုက်ကြသည်။
ချင်မူ လှမ်းကြည့်လိုက်သောအခါ အလံပေါင်း သုံးရာ့ခြောက်ဆယ်က တဖြည်းဖြည်း ကြီးသည်ထက်ကြီးလာကြောင်း တွေ့ရ၏။ အလံတစ်ခုလျှင် စတုရန်းပေ ခုနစ်ထောင်ခန့် အကျယ်အဝန်း ရှိသည်။
“အလံတွေ ပြန်သိမ်းလိုက်...” လူငယ်က ပြောလိုက်၏။
စည်းကမ်းထိန်းအကြီးအကဲက အော်ဟစ်လိုက်သည်။ “အလံတွေ ပြန်သိမ်း...”
ကြီးမားသော အလံကြီးများက ပြန်လည် လိပ်သိမ်းသွားပြီး ထိုအလံများ ပျောက်ကွယ်သည်နှင့် ၎င်းတို့၏ နောက်မှ သောင်းချီသော ကောင်းကင်နတ်သိုင်းပညာရှင်များ ထွက်ပေါ်လာကြောင်း ချင်မူ မြင်တွေ့လိုက်ရ၏။ ထိုကောင်းကင်နတ်သိုင်းပညာရှင် အယောက်စီတိုင်းက အသံတစ်စက်မျှ မထွက်ဘဲ ခန့်ညားထည်ဝါသော သွင်ပြင်နှင့် လှံတစ်ချောင်းကဲ့သို့ မားမားမတ်မတ် ရပ်တည်နေကြသည်။ အနှိုင်းမဲ့ စည်းကမ်းသေဝပ်မှုကို အလိုလို ခံစားလိုက်ရ၏။
ရွာလူကြီးက သက်ပြင်းချလိုက်သည်။ “ကောင်းကင်နတ်ဆိုးဂိုဏ်းရဲ့ နေရာရွှေ့ပြောင်းအလံက တကယ့်ကို နာမည်ကျော်ထိုက်ပါပေတယ်... ဒီအလံကြီးတွေကို ဖြန့်လိုက်၊ ပြန်ရုပ်သိမ်းလိုက် လုပ်ရုံနဲ့ သောင်းချီတဲ့ ကောင်းကင်နတ်သိုင်းပညာရှင်တွေကို မဟာမြို့ပျက်ထဲ ခေါ်သွင်းလာနိုင်တယ်... ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ ဧကရာဇ်အတိုင်ပင်ခံက ကောင်းကင်နတ်ဆိုးဂိုဏ်းကို သူကိုယ်တိုင် နှိမ်နင်းသိမ်းသွင်းချင်နေတာ မထူးဆန်းတော့ပါဘူး... သူသာ ကောင်းကင်နတ်ဆိုးဂိုဏ်းရဲ့ ကောင်းကင်နတ်သိုင်းကို ရသွားရင် ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ စစ်သည်တွေက တစ်လောကလုံးကို သိမ်းပစ်နိုင်မှာပဲ...”
လူငယ်ဂိုဏ်းချုပ်က သက်ပြင်းချလိုက်၏။ “ဂိုဏ်းသခင် မရှိဘဲ ကျုပ်တို့ဂိုဏ်းက အမည်ခံဂိုဏ်း သက်သက်ပါပဲ... ပြီးခဲ့တဲ့ နှစ်လေးဆယ်အတွင်း ကောင်းကင်နတ်ဆိုးဂိုဏ်းရဲ့ အခြေအနေက ပိုပိုဆိုးလာတယ်... သိပ်မကြာခင် ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ ဧကရာဇ်အတိုင်ပင်ခံက ကျုပ်တို့ဂိုဏ်းဘက် လှည့်လာလိမ့်မယ်... ခင်ဗျားနဲ့ ကျုပ်က အတူတူပါပဲလေ၊ ကျုပ်တို့နှစ်ယောက်စလုံး အသက်တွေ တဖြည်းဖြည်း ကြီးလာပြီး နေရမဲ့ရက် သိပ်မကျန်တော့ဘူး မဟုတ်လား... အခု ကျုပ်မျှော်လင့်မိတာက ထူးချွန်တဲ့ ဂိုဏ်းသခင် အသစ်တစ်ယောက် ရွေးချယ် တင်မြှောက်နိုင်ဖို့ပါပဲ...”
ရွာလူကြီး၏ အကြည့်များ လှုပ်လှုပ်ခတ်ခတ် ဖြစ်သွားသည်။ “အဲဒါဆို ဂိုဏ်းသခင်ဟောင်းကို မင်္ဂလာဦးညမှာ သတ်သွားတဲ့ ဂိုဏ်းသခင်မက ခင်ဗျားတို့ ရွေးချယ်ထားတဲ့သူလား...”
လူငယ်ဂိုဏ်းချုပ်က မချိပြုံး ပြုံး၍ ခေါင်းညိတ်လိုက်၏။ “ဉာဏ်ပညာထက်မြက်ပြီး ထူးချွန်တဲ့ ဂိုဏ်းသခင်တစ်ယောက် ရဖို့ သိပ်ခက်တယ်ဆိုတာ အဆွေတော် အသိပါပဲ... ကျုပ်တို့ရဲ့ ကောင်းကင်နတ်ဆိုးဂိုဏ်းမှာ နောက်လိုက် အများကြီး ရှိပေမဲ့ ဂိုဏ်းသခင်နေရာ လွှဲပြောင်း ရယူနိုင်မဲ့သူ များများစားစား မရှိဘူး... အဲဒါအပြင် ဂိုဏ်းသခင်မရဲ့ အရည်အချင်းကို လိုက်မီနိုင်တဲ့သူက ပိုလို့တောင် မရှိသေးတယ်... တခြားရွေးစရာ မရှိမှတော့ ကျုပ်တို့အနေနဲ့ သူ့ကို ဂိုဏ်းသခင်နေရာ လွှဲပြောင်းယူခိုင်းဖို့ နေရာအနှံ့ လိုက်ရှာရုံပဲ ရှိတော့တာပေါ့...”
ရွာလူကြီးမှာ အဘွားစစ်ကို ခေါင်းကိုက်ကိုက်နှင့် ကြည့်လိုက်သည်။ “ကျုပ်ကြားတာကတော့ ဒီဂိုဏ်းသခင်မက ခင်ဗျားတို့ရဲ့ ဂိုဏ်းသခင် လီထျန်းရှင်ကို သတ်ခဲ့တာဆို... အဲဒါကို ဘာလို့ ဂိုဏ်းသခင်ဟောင်းအတွက် လက်စားမချေဘဲ သူ့ကို ဂိုဏ်းသခင်နေရာ လွှဲပေးချင်ရတာလဲ... ဂိုဏ်းသခင် အသတ်ခံရတာက ခင်ဗျားတို့ဂိုဏ်းအတွက် အရှက်ရစရာ မဟုတ်ဘူးလား...”
လူငယ်ဂိုဏ်းချုပ်၏ မျက်လုံးများ အရောင်တောက်လာပြီး ပြုံးလိုက်၏။ “အဆွေတော်... ကျုပ်တို့က မိစ္ဆာဂိုဏ်းဆိုတာရယ်၊ သာမန်လူတွေလို တွက်ဆလို့ မရဘူးဆိုတာရယ်ကို မမေ့ပါနဲ့... ဂိုဏ်းသခင်အသစ်က ဂိုဏ်းသခင်အဟောင်းကို သတ်နိုင်တယ်ဆိုမှတော့ ဂိုဏ်းသခင်အသစ်က ပိုစွမ်းဆောင်နိုင်လို့ပေါ့... သူ့ကို ထောက်ခံအားပေးတာ မမှားပါဘူး...”
ရွာလူကြီးသာမက ဘေးနားမှ ချင်မူနှင့် ဆေးဆရာတို့ပါ ထူးဆန်းသည့် အမူအရာ ဖြစ်သွားကြသည်။ ကောင်းကင်နတ်ဆိုးဂိုဏ်းတွင် ထိုသို့သော အစဉ်အလာမျိုး ရှိသည်တဲ့လား။
“အဲဒီလို အစဉ်အလာမျိုး ရှိသလား... အဘွားကြီး...” ဆေးဆရာက မေးလိုက်၏။
အဘွားစစ်က တွေဝေစဉ်းစားနေရင်းမှ ခေါင်းညိတ်လိုက်သည်။
ဆေးဆရာက မအောင့်နိုင်ဘဲ မေးလိုက်မိ၏။ “အဲလိုအစဉ်အလာမျိုး ရှိနေရဲ့နဲ့ ဘာလို့ နင်က ဂိုဏ်းသခင်ဟောင်းကို သတ်ပြီးတော့ ဂိုဏ်းသခင်အသစ် မလုပ်ဘဲ ထွက်ပြေးလာရတာလဲ...”
အဘွားစစ်က အသံပြတ်နှင့် ပြန်ပြောလိုက်သည်။ “သူ့ကို သတ်ပြီးမှတော့ ကောင်းကင်နတ်ဆိုးဂိုဏ်းမှာ ကျုပ် မျက်နှာမပြချင်တော့ဘူး... အဲမှာ ဆက်နေရင် ကျုပ်ရင်ထဲက မိစ္ဆာနတ်ဆိုးလည်း ထကြွသောင်းကျန်းလာလိမ့်မယ်...”
ဆေးဆရာမှာ နားမလည်နိုင်သေးချေ။ သူ့အမြင်အရ ကောင်းကင်နတ်ဆိုးဂိုဏ်းက သူတို့၏ ဂိုဏ်းသခင်ကို သတ်သွားသည့် ရန်သူအား ဂိုဏ်းသခင်အသစ်အဖြစ် တင်မြှောက်ရန် နှစ်လေးဆယ်လုံး လိုက်ရှာနေခြင်းမှာ နားလည်ရ ခက်လှသည်။ အဘွားစစ် သူတို့ထံမှ ထွက်ပြေး ပုန်းရှောင်နေခြင်းက ပို၍ပင် နားလည်ရ ခက်၏။
ရွာလူကြီးက အသာအယာ ပြုံး၍ လူငယ်ဂိုဏ်းချုပ်ကို ပြောလိုက်သည်။ “အဘွားစစ်က ခင်ဗျားတို့နဲ့ မလိုက်ချင်ရင် သူ့ကို အတင်းခေါ်သွားလို့ မရဘူးမလား...”
လူငယ်ဂိုဏ်းချုပ်က မျက်မှောင်ကြုတ်လိုက်၏။ “ကျုပ်ကတော့ ဂိုဏ်းသခင်မနဲ့ မဟာဉာဏ်အလင်းဖွင့် ကောင်းကင်နတ်ဆိုးကျမ်းစာကို ပြန်ယူသွားရလိမ့်မယ်...”
နှစ်ယောက်သား တစ်ယောက်ကိုတစ်ယောက် စူးရဲစွာ စိုက်ကြည့်လိုက်ကြသည်။
ရွာလူကြီးက သူ၏ လ္ဘက်ရည်ကြမ်းခွက်ကို မြှောက်၍ ဧည့်နှင်လိုက်၏။ “ဧည့်သည်တွေက မပြန်ဘူးဆိုရင် ကျုပ်ကိုယ်တိုင် ရှင်းထုတ်ပေးရတော့မှာပေါ့... ကောင်းကင်နတ်ဆိုးဂိုဏ်းက လူတအားများတော့ သူတို့အတွက် အခေါင်းလုပ်ပေးနိုင်မှာ မဟုတ်ဘူး... ကျုပ်တို့မျိုးဆက်က လူတွေ နည်းသထက် နည်းလာပြီ... ဒီလိုလုပ်ရပ်မျိုးကို ကျုပ် တကယ် မလုပ်ချင်ဘူး...”
လူငယ်ဂိုဏ်းချုပ်ကလည်း သူ၏ လ္ဘက်ရည်ကြမ်းခွက်ကို မြှောက်၍ တစ်ကျိုက်တည်း မော့သောက်ပြီး စားပွဲပေါ် ပြန်ချကာ ထိုင်ခုံမှ ထရပ်လိုက်သည်။ “ကျုပ်လည်း အတူတူပါပဲ... ဒါပေမဲ့ ခင်ဗျားတို့ရွာက လူနည်းတော့ အခေါင်း စီစဉ်ပေးနိုင်ပါတယ်...”
“နေပါဦး...”
အဘွားစစ်က ရုတ်တရက် ပြုံး၍ ဝင်ပြောလိုက်၏။ “ရွာလူကြီးနဲ့ ဆေးဆရာ ရွာထဲ အရင်ပြန်နှင့်... ကျုပ် ဂိုဏ်းချုပ်နဲ့ စကားပြောလိုက်မယ်... ညှိနှိုင်းလို့ အဆင်မပြေတော့လည်း သူသေကိုယ်သေ တိုက်ကြတာပေါ့... အဆင်ပြေရင်တော့ အားလုံးအတွက် ဝမ်းသာစရာ ဖြစ်မှာပါ... မဟုတ်ဘူးလား...”
ရွာလူကြီးက အဘွားစစ်ကို တစ်ချက် ကြည့်လိုက်သည်။ အဘွားစစ်က ပြုံးပြလိုက်၏။ “မစိုးရိမ်ပါနဲ့... အလွန်ဆုံး သူတို့က ကျုပ်ကို ဖမ်းထားရုံပါပဲ...”
ရွာလူကြီးက ခေါင်းညိတ်လိုက်သည်။ “ဆေးဆရာ၊ မူအာ... ငါတို့ အရင်ပြန်နှင့်ကြမယ်...”
အဘွားစစ်က သူတို့ ရွာထဲသို့ ပြန်ဝင်သွားသည်အထိ စောင့်၍ လူငယ်ဂိုဏ်းချုပ်ရှေ့တွင် ဝင်ထိုင်ကာ အမိန့်ပေးလိုက်၏။ “နင် သွားလို့ ရပြီ... စည်းကမ်းထိန်း...”
“အမိန့်အတိုင်းပါ... သခင်မ...”
စည်းကမ်းထိန်းအကြီးအကဲက ဦးညွှတ် အရိုအသေပြု၍ ဆုတ်ခွာသွားသည်။
အဘွားစစ်က သူ၏ မျက်ဝန်းတောက်တောက်များဖြင့် လူငယ်ဂိုဏ်းချုပ်ကို ကြည့်လိုက်၏။ လူငယ်ဂိုဏ်းချုပ်က သက်ပြင်းချလိုက်သည်။ “မင်းက ငါတို့ဂိုဏ်းရဲ့ ကောင်းကင်နတ်မယ်ပဲ... မင်းရဲ့ ထက်မြက်တဲ့ အထုံပါရမီကလည်း မင်းတို့မျိုးဆက်တန်းမှာ ပြိုင်ဘက်ကင်းတယ်... လီထျန်းရှင်က မင်းကို လက်ထပ်ဖို့ လုပ်တော့ ငါ ကန့်ကွက်ခဲ့ပါသေးတယ်...”
“ဒါပေမဲ့ ဂိုဏ်းချုပ်က သူ့ကို ဆက်မလုပ်အောင် မတားခဲ့ဘူးလေ...”
အဘွားစစ်က လှောင်ပြုံးပြုံးလိုက်၏။ “လီထျန်းရှင်က ကျွန်မရဲ့ဆရာ... ဆရာက တပည့်ကို လက်ထပ်ဖို့လုပ်တာ လူ့ကျင့်ဝတ်ကို ဖောက်ဖျက်တာပဲ... ကျွန်မတို့ရဲ့ နတ်ဂိုဏ်းက ကိုယ့်ကိုယ်ကိုယ် သူတော်စင်နတ်ဝိဇ္ဇာတွေလို့ ပြောပြီး လူ့ကျင့်ဝတ်တွေကို မြောင်းထဲ လွှင့်ပစ်တာလား...”
လူငယ်ဂိုဏ်းချုပ်က မျက်မှောင်ကြုတ်လိုက်သည်။ “လီထျန်းရှင် မင်းကို တပည့်အဖြစ် လက်ခံလိုက်ကတည်းက တစ်ခုခုတော့ မှားနေပြီဆိုတာ ငါ သိတယ်... သူ မင်းနဲ့ ကြာကြာနေလေ မင်းကို ပိုပြီး စွဲလမ်းလာလေလေ ဖြစ်မှာ၊ စဉ်းစားဆင်ခြင်နိုင်စွမ်း မဲ့လာလေလေ ဖြစ်မှာ ငါ စိုးရိမ်ခဲ့တယ်... ငါ ထင်တဲ့အတိုင်းပဲ၊ သူ မင်းကို တားမရဆီးမရ စွဲလမ်းတပ်မက်သွားပြီး မင်းနဲ့ လက်ထပ်ဖို့အတွက် နှစ်ပေါင်းရာချီအောင် ပေါင်းဖက်လာတဲ့ သူ့ဇနီးဟောင်းကို စွန့်ပစ်ခဲ့တယ်...”
အဘွားစစ်က အကောင်းအတိုင်း ကျန်သေးသည့် သွားများဖြင့် အံကြိတ်၍ ဟက်ခနဲ ရယ်မောလိုက်၏။ “သူ ကျွန်မကို စွဲလမ်းသွားမယ်မှန်း သိရင်... သူ့တပည့်အဖြစ် လက်ခံတာကို ဘာလို့ မတားခဲ့သလဲ... ရှင်က ကျွန်မကို တပည့်အဖြစ် လက်ခံခဲ့သင့်တာ မဟုတ်ဘူးလား ဂိုဏ်းချုပ်... ကျွန်မသာ ရှင့်တပည့် ဖြစ်ခဲ့ရင် ဒီကိစ္စတွေအကုန်လုံး ဖြစ်လာစရာ အကြောင်းမရှိဘူး...”
“မင်းနဲ့ အချိန်ကြာကြာ နေမိရင် ငါလည်း မင်းကို စွဲလမ်းသွားမှာ ကြောက်တယ်...”
လူငယ်ဂိုဏ်းချုပ်က မချိပြုံး ပြုံးလိုက်သည်။ “မင်းကို ပထမဦးဆုံး စမြင်ဖူးတုန်းက မင့်အသက် ဆယ့်သုံးနှစ်ပဲ ရှိသေးပေမဲ့ ငါ့ရင်တွေ တဒိန်းဒိန်း ခုန်ခဲ့ရတယ်... အဲဒီကတည်းက ငါ မင်းကို တပည့်အဖြစ် လက်ခံလို့ မဖြစ်ဘူးဆိုတာ သိသွားတာပဲ... ငါက အသက်ကြီးနေပြီ... ငါ့တစ်သက်လုံး စောင့်ထိန်းလာတဲ့ ဂုဏ်သိက္ခာကို မင့်လက်ထဲမှာ မပျက်ယွင်းချင်ဘူး... ဆရာတစ်ယောက်က တပည့်ဖြစ်သူကို ချစ်ကြိုက်မိသွားတယ်ဆိုတာ အားလုံးရဲ့ လှောင်ရယ်စရာ ကိစ္စပဲ မဟုတ်လား...”
သူက သက်ပြင်းတစ်ချက် ချ၍ ဆက်ပြောလိုက်၏။ “မင့်ရဲ့ ရုပ်ရည်အစစ်ကို မြင်တွေ့ဖူးပြီး မင်းကို မစွဲလမ်းဘဲ နေနိုင်မဲ့သူဆိုတာ အတော်ရှားလိမ့်မယ်... မင်းနဲ့ အချိန်ကြာကြာ နေမိလေ... မင်းရဲ့ အလှနွံထဲ နစ်လေလေ ဖြစ်ကြမှာပဲ...”
အဘွားစစ်က ထပ်၍ အံကြိတ်လိုက်ပြီး ခပ်ယဲ့ယဲ့အပြုံးတစ်ခုနှင့် မေးလိုက်သည်။ “အဲဒီလိုဆိုရင် ဂိုဏ်းချုပ်က ကျွန်မကို ဂိုဏ်းသခင် ဖြစ်စေချင်သေးတာလား... ကျွန်မကြောင့် နတ်ဂိုဏ်းတစ်ခုလုံး ပျက်စီးသွားမှာ မကြောက်ဘူးလား...”
လူငယ်ဂိုဏ်းချုပ်က ပြန်ပြောလိုက်၏။ “မင်းက ဂိုဏ်းသခင်ဖြစ်ဖို့ အကောင်းဆုံးသူ တစ်ယောက်ပဲ... မိန်းမတစ်ယောက် ဖြစ်နေတဲ့အတွက် မင်းသာ ဂိုဏ်းသခင်ဖြစ်လာရင် ငါတို့နတ်ဂိုဏ်းမှာ ရုတ်ရုတ်သဲသဲ ဖြစ်သွားလိမ့်မယ်ဆိုတာ ငါလည်း တွက်ထားပါတယ်... လွန်ခဲ့တဲ့ နှစ်လေးဆယ်လုံး မင်းကို လိုက်ရှာရင်း ထူးချွန်တဲ့ လူငယ်လေးတွေ တွေ့ခဲ့ပေမဲ့ သူတို့အားလုံးက မင်းကို မမီဘူး... သူတို့အနေနဲ့ ဂိုဏ်းသခင်ဖြစ်လာဖို့ မဆိုစလောက် လိုနေသေးတယ်...”
သူက သက်ပြင်းထပ်ချလိုက်ပြီး စိတ်ဓာတ်ကျစွာ ဆက်ပြောလိုက်သည်။ “အကောင်းဆုံးကို မြင်ပြီးသွားရင် ဘယ်လောက်ကောင်းတယ်ဆိုတဲ့ အရာတွေပဲတွေ့တွေ့ တစ်ခုခု လိုနေသလို ခံစားရမှာပဲ...”
“ကျွန်မ ပြန်မလိုက်ဘူး...”
အဘွားစစ်က အားရပါးရ ပြုံးလိုက်၏။ “ဒါပေမဲ့ ကျွန်မ ဂိုဏ်းချုပ်ကို ဂိုဏ်းရဲ့အမွေအနှစ် အထွတ်အမြတ်သိုင်းကျမ်းဖြစ်တဲ့ မဟာဉာဏ်အလင်းဖွင့် ကောင်းကင်နတ်ဆိုးကျမ်းစာနဲ့အတူ ဂိုဏ်းသခင်တစ်ယောက် ပြန်ထည့်ပေးလိုက်နိုင်ပါတယ်...”
လူငယ်ဂိုဏ်းချုပ်၏ အမူအရာ လှုပ်လှုပ်ခတ်ခတ် ဖြစ်သွားပြီး မေးလိုက်သည်။ “ငါတို့ကို ဂိုဏ်းသခင်တစ်ယောက် ပြန်ပေးမယ် ဟုတ်လား... မင်း ဘာကို ဆိုလိုချင်တာလဲ...”
ဒုက္ခိတဘိုးဘွားကျေးရွာတွင် ချင်မူ၊ ရွာလူကြီး၊ ဆေးဆရာနှင့် ကျန်သူများက အဘွားစစ်နှင့် မိစ္ဆာနတ်ဆိုးဂိုဏ်းချုပ်တို့၏ အမူအရာများကို မျက်တောင်မခတ်စတမ်း လှမ်းကြည့်နေကြ၏။ မမျှော်လင့်စွာပင် သူတို့နှစ်ယောက်က အေးအေးဆေးဆေး စကားလက်ဆုံကျနေပုံ ပေါ်ပြီး ရယ်သံများ၊ တွတ်တွတ် တွတ်တွတ် အသံများသာ ကြားကြရသည်။
အဘွားစစ်နှင့် မိစ္ဆာနတ်ဆိုးဂိုဏ်းချုပ်တို့ စကားပြောရင်းမှ အဘွားစစ်က ရုတ်တရက် ရွာဘက်သို့ လှ်းကြည့်လိုက်၏။ မိစ္ဆာနတ်ဆိုးဂိုဏ်းချုပ်ကလည်း နောက်မှ လိုက်ကြည့်၍ အဘွားစစ်ကို တစ်စုံတစ်ရာ ပြောကာ ပြုံးလိုက်သည်။
အတန်ကြာပြီးနောက် အဘွားစစ်က ခြေလှမ်းစိပ်စိပ်လှမ်း၍ ရွာထဲသို့ ပြန်ဝင်လာပြီး ပြုံးပြလိုက်၏။ “ပြီးသွားပြီ...”
“ပြီးသွားပြီ ဟုတ်လား...”
အားလုံး၏ မျက်နှာတွင် ဝေခွဲမရသော အမူအရာများ ပေါ်ထွက်လာသည်။ သံသယမကင်းသော ထော့ကျိုးက အပြုံးပန်းလှိုင်လှိုင် ပွင့်နေသော မျက်နှာနှင့် မေးလိုက်၏။ “ငါတို့ ဘယ်တော့ စတိုက်ကြမလဲ...”
“တိုက်စရာ မလိုတော့ဘူး...”
အဘွားစစ်က မျက်တောင်ပုတ်ခတ်ပုတ်ခတ် လုပ်လိုက်သည်။ “ဒါပေမဲ့ သူတို့က ဒီနေရာမှာ ခဏနေဦးမယ်တဲ့... နောက်တစ်ရက်၊ နှစ်ရက်နေမှ ပြန်ကြလိမ့်မယ်...”
အားလုံး သတိအနေအထား ဖြစ်သွား၏။ ကောင်းကင်နတ်ဆိုးဂိုဏ်းက ဤနေရာတွင် ဆက်နေပြီးမှ ထွက်သွားမည်ဆိုခြင်းမှာ မည်သည်ကို ကြံစည်နေ၍နည်း။
အဘွားစစ်က သွားဖြဲ၍ ပြုံးလိုက်သည်။ “အဘိုးကြီးမာ၊ မူအာက သူ့လောကသခင်ခန္ဓာ ချီစွမ်းအင်မှာ နဂါးစိမ်းဓာတ် ရပြီ ပြောတယ်... ဘာတွေ တိုးတက်လာလဲ နင် စစ်ဆေးကြည့်လိုက်ဦး...”
“လောကသခင်ခန္ဓာ ချီစွမ်းအင်က နဂါးစိမ်းချီကိုလည်း ပြောင်းနိုင်ပြီ ဟုတ်လား...” အဘိုးကြီးမာက အံ့အားသင့်သွား၏။ “မူအာ မြန်မြန်လာ... ငါနဲ့ တိုက်ကြည့်ရအောင်...”
ချင်မူက အပြေးကလေး လှမ်းသွားလိုက်သည်။
ဆေးဆရာက အပြန်အလှန် တိုက်ခိုက်နေသော လူနှစ်ယောက်ကို ကြည့်ရင်းမှ အဘွားစစ်ဘက်သို့ လှည့်၍ တီးတိုး မေးလိုက်၏။ “အဘွားကြီး... နင် မူအာ့ကို ရောင်းလိုက်တာလား...”
အဘွားစစ်က ဖြူစင်ရိုးသားသည့် သူတစ်ယောက်ကဲ့သို့ မျက်တောင်ပုတ်ခတ်ပုတ်ခတ် အနည်းငယ် လုပ်ပြီးမှာ အတုံ့အဆိုင်းမရှိ ပြန်ပြောလိုက်သည်။ “ဘာလို့ အဲလိုပြောရတာလဲ... ငါက ဘယ်လိုလုပ် မူအာ့ကို ရောင်းရမှာလဲ...”
“နင် သူ့ကို ဘယ်လောက်နဲ့ ရောင်းလိုက်လဲ...” ထော့ကျိုးက ရှေ့တိုး၍ စပ်စုမေးမြန်းလိုက်၏။
“မိစ္ဆာဂိုဏ်းရဲ့ ဂိုဏ်းသခင်နေရာနဲ့...”
အဘွားစစ်က တုန်တုန်ရီရီနှင့် သက်ပြင်းချလိုက်သည်။ “သူ့ကို နာမည်ခံ အရင်ထားထားမှာပါ... ဂိုဏ်းရဲ့ အမွေအနှစ်မိစ္ဆာကျမ်းဖြစ်တဲ့ မဟာဉာဏ်အလင်းဖွင့် ကောင်းကင်နတ်ဆိုးကျမ်းစာကိုလည်း ပေးလိုက်မှာ... သူတို့က သူ ဘယ်လို ကြီးပြင်းလာမလဲဆိုတာ စောင့်ကြည့်ကြလိမ့်မယ်... ကျေနပ်လောက်တယ်ဆိုရင် သူက တရားဝင် ဂိုဏ်းသခင် ဖြစ်လာမှာပဲ... ဒီရောင်းဈေးနဲ့ဆို ဘယ်လိုလဲ...”
ထော့ကျိုး၏ မျက်လုံးများ အရောင်တောက်လာပြီး အသက်ရှူသံ မမှန်ဘဲ ဖြစ်သွား၏။ “ဘယ်လောက် ကောင်းလိုက်တဲ့ အရောင်းအဝယ်လဲ... ဘာလို့ ငါ့ကို အရင်လာမရှာတာလဲ အဘွားကြီး... ချင်မူ့အစား နင် ငါ့ကို ရောင်းလို့ ရတယ်လေ...”
အဘွားစစ်က ပြုံးလိုက်သည်။ “နင် ကောင်းကင်နတ်ဆိုးဂိုဏ်းရဲ့ ဂိုဏ်းသခင် ဖြစ်ချင်ရင် လွယ်ပါတယ်... ဘေးကရွာထဲ ဝင်ပြီး စံအိမ်သခင် အယောက်သုံးရာ့ခြောက်ဆယ်၊ ဂိုဏ်းစောင့်အကြီးအကဲ ဆယ့်နှစ်ယောက်၊ လက်ဝဲရံ၊ လက်ယာရံ၊ ကောင်းကင်နတ်မင်းလေးပါး၊ ဂိုဏ်းအုပ်ရှစ်ယောက်နဲ့ မိစ္ဆာနတ်ဆိုးဂိုဏ်းချုပ်ကို သွားတွေ့ရုံပဲ...”
ထော့ကျိုး၏ မျက်နှာမှာ စက္ကူဖြူတစ်ချပ်ကဲ့သို့ ဖြူဖျော့သွား၏။ “မူအာလည်း ဂိုဏ်းသခင် ဖြစ်လာဖို့ဆို ဘေးကရွာထဲ တစ်ပတ်ပတ်ရမှာလား...”
အဘွားစစ်က မည်သို့မျှ မတတ်နိုင်ဟန်ဖြင့် သက်ပြင်းချလိုက်သည်။ “သူတို့က ပစ္စည်းကို အရင် စစ်ကြည့်ချင်သေးတာပေါ့... ကောင်းကင်နတ်ဆိုးဂိုဏ်းရဲ့ ဂိုဏ်းသခင်လုပ်မဲ့လူကို ဘယ်လိုလုပ် မစစ်ဆေးဘဲနဲ့ စိတ်ချလက်ချ ခန့်အပ်နိုင်မှာလဲ...”