အစွမ်းထုတ်ပြခြင်း
Vol. 4 Ch. 53
“အဲဒါဆို နင်က မူအာ့ကို ကောင်းကင်နတ်ဆိုးဂိုဏ်းရဲ့ အမွေအနှစ်သိုင်းကျမ်း၊ မဟာဉာဏ်အလင်းဖွင့် ကောင်းကင်နတ်ဆိုးကျမ်းစာ သင်ပေးတော့မှာလား...” ထော့ကျိုးက မေးလိုက်၏။
အဘွားစစ်က ခပ်သာသာခေါင်းညိတ်၍ ပြောလိုက်သည်။ “သူက ကျုပ်ထက် သာတယ်... ကောင်းကင်နတ်ဆိုး ဖန်ဆင်းပညာက မဟာဉာဏ်အလင်းဖွင့် ကောင်းကင်နတ်ဆိုးကျမ်းစာထဲက ကောင်းကင်နတ်သိုင်းတစ်ခုပဲ... ကျုပ်က အဲဒီပညာကို သုံးပြီး အရေခွံခွာ အဝတ်ချုပ်ဖို့ပဲ တတ်တော့ မိစ္ဆာဆန်သလို ဖြစ်နေတယ်... ကောင်းကင်နတ်ဆိုး ဖန်ဆင်းပညာကို သုံးပြီး မိုးကြိုးရှစ်ချက် လက်သီးသိုင်းက ယန်ဝိညာဉ်ဖမ်း နေမင်းရောင်ခြည်သိုင်းကွက်ကို ခုခံနိုင်လိမ့်မယ်လို့ တစ်ခါမှ မတွေးမိဖူးဘူး... သူက အဲလို လုပ်ပြသွားခဲ့တယ်...”
ဆေးဆရာက ခေါင်းညိတ်လိုက်၏။ “ယန်ဝိညာဉ်ဖမ်း နေမင်းရောင်ခြည်သိုင်းကွက်ကို ခုခံဖို့ ကောင်းကင်နတ်ဆိုး ဖန်ဆင်းပညာနဲ့ သူ့ကိုယ်သူ ဝိညာဉ်ချုပ်လိုက်တာ အကောင်းဆုံး ခုခံကာကွယ်မှုပဲ...”
အဘွားစစ်က ပြုံးလိုက်သည်။ “အဲဒါကြောင့် သူသာ မဟာဉာဏ်အလင်းဖွင့် ကောင်းကင်နတ်ဆိုးကျမ်းစာကို သင်ယူတတ်မြောက်ခဲ့ရင် သူ့လက်ထဲမှာ ကျုပ်တို့ကျမ်းစာက ထင်ရှားကျော်ကြားလာလိမ့်မယ်... ကျုပ်တို့ တစ်ခါမှ မတွေးဖူးတဲ့ အရာတွေကို သူ လုပ်ပြနိုင်လိမ့်မယ်...”
ရွှေအက အိအိအအ အသံပြု၍ လက်ဟန်ခြေဟန်ဖြင့် ပြောလိုက်သော်လည်း နားကန်းက ခေါင်းယမ်းလိုက်၏။ “သူ့ကို မပြောဘဲ ထားစို့... သူ့ကို ပြောလိုက်ရင် ဘယ်စိတ်ဝင်စားစရာ ကောင်းတော့မလဲ...”
အဘိုးကြီး၊ အဘွားကြီးတစ်သိုက်က ရွှင်မြူးစွာဖြင့် တဟားဟား ရယ်မောလိုက်ကြသည်။
ဒုက္ခိတဘိုးဘွားကျေးရွာအတွင်းတွင် မိုးခြိမ်းသံများ တဂျိမ်းဂျိမ်း ထွက်ပေါ်နေ၏။ ချင်မူနှင့် အဘိုးကြီးမာတို့၏ ပုံရိပ်များက အပြန်အလှန် တိုက်ခိုက်နေကြပြီး နှစ်ယောက်စလုံးက နဂါးကိုးကောင်မုန်တိုင်း တိုက်ကွက်ကို ထုတ်ဖော်လိုက်ကြသည်။
ဘုန်း...။
ချင်မူနှင့် အဘိုးကြီးမာ၏ လက်သီးချက်များ ထိပ်တိုက်တွေ့သွားပြီး နားကွဲလုမတတ် မိုးခြိမ်းသံကြီး ထွက်ပေါ်လာ၏။ ချင်မူက မာန်တစ်ချက် ဖီ၍ နောက်သို့ လှန်ချလိုက်ပြီး သူ့ခြေလှမ်းများက နတ်နဂါးတစ်ကောင် ရစ်ခွေနေသကဲ့သို့ ဖြစ်သွားသည်။ သူ့အသွင်က နောက်လန်လဲကျသွားသလို ထင်ရသော်လည်း တကယ်တမ်းတွင် သူ့ခြေထောက်များ၌ ခွန်အားစုစည်းလိုက်ခြင်းသာ ဖြစ်၏။
ခြေလှမ်းအနည်းငယ်မျှ နောက်ဆုတ်ပြီးနောက် ခြေထောက်များထဲတွင် ခွန်အားအပြည့်အဝ စုစည်းမိသွားပြီ ဖြစ်သဖြင့် ချင်မူ အားအဟုန်ကို ဖောက်ခွဲ၍ အသူတရာချောက်နက်ထဲမှ ခုန်ပျံထွက်လာသော ဒေါသနဂါးတစ်ကောင်ပမာ အဘိုးကြီးမာထံ တိုးဝင်သွားသည်။
“ခွေးကောင်လေး... ငါသင်ပေးထားတဲ့ ကောင်းကင်ခိုးယူ ခြေလှမ်းသိုင်းကိုတောင် ပြောင်းပစ်တယ်...” ထော့ကျိုးက အံ့အားသင့်စွာ ရေရွတ်လိုက်၏။
ချင်မူ အသုံးပြုလိုက်သော ခြေကွက်က တစ်ဘက်လူကို ပေါက်သတ်ရန်အတွက် ခန္ဓာကိုယ်ကို ကျုံ့၍ ရစ်ခွေသွားသော နဂါးတစ်ကောင်နှင့် အလားသဏ္ဌာန် တူနေကြောင်း သူ မြင်တွေ့ရသည်။ အများအမြင်တွင် လဲကျတော့မလို ဖြစ်သွားသော်လည်း အမှန်တကယ်တွင် ရှေ့တိုး တိုက်ခိုက်ရန်အတွက် နောက်လှန်ချလိုက်ခြင်းသာ ဖြစ်၏။ အလွန်တရာ အန္တရာယ်ပေးနိုင်သော အကွက် ဖြစ်သည်။
ထော့ကျိုး၏ ကောင်းကင်ခိုးယူ ခြေလှမ်းသိုင်းက ပို၍ သေသပ်လှပသော်လည်း သူက ဟန်ရေးပြရာနှင့် ခိုးယူရာတွင်သာ အသုံးပြုပြီး ၎င်း၏ စွမ်းအားကို မြှင့်တင်ရန် အလေးမထားခဲ့ချေ။ အများအားဖြင့် သူ့ခြေကွက်ကို ပစ္စည်းခိုးပြီး ထွက်ပြေးရန်နှင့် လုပ်ကြံသတ်ဖြတ်ပြီး ထွက်ပြေးရန်သာ အသုံးပြုလေ့ ရှိ၏။ ကောင်းကင်ခိုးယူ ခြေလှမ်းသိုင်းက တိုက်ခိုက်ရာတွင် သင့်လျော်ခြင်း မရှိပေ။
ချင်မူက ထော့ကျိုး၏ ခြေလှမ်းကွက်ကို အနည်းငယ် ပြုပြင်ပြောင်းလဲပစ်သည်သာမက မသိစိတ်မှ နတ်နဂါး၏ လှုပ်ရှားမှုများကိုလည်း အလိုလို အတုခိုးလိုက်မိသည်။
ဘုန်း... ဘုန်း... ဘုန်း...။
ပေါက်ကွဲသံများ ဆင့်ကဲဆင့်ကဲ ထွက်ပေါ်လာ၏။ ချင်မူနှင့် အဘိုးကြီးမာက လက်သီးချက် တစ်ချက်တည်းသာ ထိပ်တိုက်တွေ့ရသေးသော်လည်း ပေါက်ကွဲသံ လေးဆယ့်ငါးချက်တိတိ ထူးဆန်းစွာ ထွက်ပေါ်လာသည်။
ချင်မူမှာ နောက်သို့ လွင့်ထွက်သွား၏။ တစ်မုဟုတ်ချင်းပင် လေထဲတွင် ခန္ဓာကိုယ်ကို နဂါးတစ်ကောင်ကဲ့သို့ တွန့်လိမ်လှည့်ပတ်၍ အဘိုးကြီးမာ၏ အားအဟုန်ကို ဖြေဖျောက်ပြီး မြေပြင်ပေါ်သို့ တည်တည်ငြိမ်ငြိမ် သက်ဆင်းလိုက်သည်။
“အဘိုးကြီးမာကတော့ အဘိုးကြီးမာပါပဲ...” ထော့ကျိုးက တအံ့တဩ ချီးကျူးလိုက်၏။
အဘိုးကြီးမာက ပြောလိုက်သည်။ “မူအာ... ဒီသိုင်းကွက်ရဲ့ အနှစ်သာရကို မင်း နားလည်ပြီလား...”
ချင်မူက ရုတ်တရက် အံ့ဩတုန်လှုပ်သွားသည့် အမူအရာ ပေါ်လာပြီး အော်ဟစ်လိုက်၏။ “ဘိုးဘိုးရဲ့လက်သီးက အားလှိုင်းတွေက ကျွန်တော်နဲ့ မတူဘူး... ကျွန်တော့်လက်သီးချက်ရဲ့ အားလှိုင်းထဲက နဂါးလေးဆယ့်ငါးကောင်က ဒီနဂါးတစ်ကောင်တည်းပဲ... ဘိုးဘိုးလက်သီးချက်ရဲ့ အားလှိုင်းထဲမှာတော့ တစ်ကောင်နဲ့တစ်ကောင် လုံးဝ ကွဲပြားခြားနားနေတဲ့ နတ်နဂါးလေးဆယ့်ငါးကောင် ရှိနေတယ်...”
“မင်း သဘောပေါက်သွားပြီ...”
အဘိုးကြီးမာ၏ မျက်နှာတွင် ကျေနပ်အားရသည့် အမူအရာ ပေါ်ထွက်လာသည်။ “မဟာမိုးခြိမ်းသံကျောင်းတော်မှာ နဂါးတစ်ရာပုံတူလို့ ခေါ်တဲ့ ကောင်းကင်နဂါးရုပ်တုတစ်ရာ ရှိတယ်... အဲဒီနဂါးရုပ်တုတွေက နောင်လာနောက်သား တပည့်သားမြေးတွေ နဂါးကိုးကောင်မုန်တိုင်းရဲ့ လက်သီးအားလှိုင်း လေ့ကျင့်နိုင်ဖို့အတွက် ပထမမျိုးဆက် တထာဂတကိုယ်တိုင် သူတွေ့ဖူးတဲ့ နဂါးအမျိုးပေါင်းတစ်ရာရဲ့ ပုံသဏ္ဌာန်အတိုင်း ထွင်းထုပေးထားခဲ့တာ... ငါ နဂါးကိုးကောင်မုန်တိုင်း သိုင်းကွက်ကို လေ့ကျင့်တုန်းက မြင်ခဲ့ရတာ တကယ့်နဂါး မဟုတ်ဘူး၊ အဲဒီ နဂါးပုံတူ ရုပ်တုတွေပဲ... နဂါးကိုးကောင်မုန်တိုင်း သိုင်းကွက်မှာ နဂါးအားလှိုင်း လေးဆယ့်ငါးမျိုး ပါတဲ့အတွက် နဂါးပုံတူ လေးဆယ့်ငါးခု လိုတယ်... ဒါပေမဲ့ မဟာမိုးခြိမ်းသံကျောင်းတော်မှာ မတူညီတဲ့ နဂါးပုံတူ ရုပ်တုတစ်ရာတိတိ ရှိတယ်... အဲဒါ ဘာလို့လဲ မင်းသိလား...”
ချင်မူ့ရင်ထဲတွင် လှုပ်ခါသွားပြီး လွှတ်ခနဲ အော်ဟစ်လိုက်မိ၏။ “ဘိုးဘိုး နဂါးကိုးကောင်မုန်တိုင်း သိုင်းကွက်ကို ထုတ်သုံးရင် ဘိုးဘိုးရဲ့ လက်သီးချက်မှာ ပါတဲ့ နဂါးအားလှိုင်းက တစ်ခါနဲ့တစ်ခါ တူမှာ မဟုတ်ဘူး...”
အဘိုးကြီးမာက ခေါင်းညိတ်လိုက်သည်။ “နဂါးကိုးကောင်မုန်တိုင်း သိုင်းကွက်က ရိုးရိုးလက်သီးထိုးချက် တစ်ခုပဲလို့ ထင်စရာရှိပေမဲ့ နောက်ကွယ်မှာ မရေမတွက်နိုင်တဲ့ အလှည့်အပြောင်းတွေ ပါတယ်... ဒါပေမဲ့ အဲဒီအလှည့်အပြောင်းတွေက လက်သီးချက်ရဲ့ အားလှိုင်းမှာ ကိန်းဝပ်ပါဝင်လာတာဆိုတော့ အပြင်လူတွေ မသိနိုင်ဘူး... သေချာကြည့် မူအာ...”
အဘိုးကြီးမာက တစ်ဘက်တည်းသော လက်ဖြင့် လက်သီးတစ်ချက် ထိုးထုတ်လိုက်ရာ နဂါးတွန်မြည်သံတစ်သံနှင့်အတူ မိုးခြိမ်းသံများ ဂျိုးဂျိုးဂျိမ့်ဂျိမ့် မြည်ဟည်းလာ၏။ သူ၏ ချီစွမ်းအင်က ဒေါသထွက်နေသော နဂါးတစ်ကောင် ကန်ရေပြင်ကို ထိုးခွဲ၍ သားကောင် လိုက်ဖမ်းတော့မည်ကဲ့သို့ ဟုန်းခနဲ ထွက်ပေါ်လာသည်။
ထို့နောက် နဂါးနှစ်ကောင် တစ်ကောင်နှင့်တစ်ကောင် ရစ်ခွေ၍ တိုးထွက်လာသကဲ့သို့ နဂါးတွန်သံနှစ်သံ ပေါ်ထွက်လာ၏။ ကြီးမားသော နဂါးကြီးနှစ်ကောင်၏ ခန္ဓာကိုယ်များက တစ်ကောင်နှင့်တစ်ကောင် ရစ်ပတ်၍ ရှေ့တူရူသို့ အဆက်မပြတ် လှည့်လည် တိုးဝင်သွားသည်။
ဆက်လက်၍ နဂါးသုံးကောင်၏ တွန်မြည်သံများ ပဲ့တင်ထပ်လာပြီး အရှိန်အဝါကြီးမား၍ ရန်လိုကြမ်းတမ်းသော နဂါးအားလှိုင်းသုံးမျိုးက အဆောက်အဦများကို ဖြိုခွင်း၍ ကျောက်တုံးကျောက်ခဲများကို လွင့်စင်စေတော့မည်ကဲ့သို့ ထွက်ပေါ်လာ၏။
ပြီးသည့်အခါတွင်တော့ နဂါးလေးကောင် သားကောင်ဖမ်း၊ နဂါးငါးကောင် မိစ္ဆာရှင်း၊ နဂါးခြောက်ကောင် ပြန်မွေးဖွား၊ နဂါးခုနစ်ကောင် ပင်လယ်မှောက်၊ ကောင်းကင်နဂါး ရှစ်ကိုယ်ခွဲ၊ နဂါးကိုးကောင်မုန်တိုင်း အားလှိုင်းများ ဆင့်ကဲဆင့်ကဲ ထွက်ပေါ်လာသည်။
အဘိုးကြီးမာ၏ လက်သီးချက်မှ ပေါ်ထွက်လာသော နဂါးအသွင် လက်သီးအားလှိုင်းများက တကယ့်နဂါးများကဲ့သို့ အသက်ဝင် ပီပြင်လှ၏။
သူက ထိုလက်သီးချက်ကို ကောင်းကင်ယံသို့ ဦးတည်ထိုးချလိုက်ခြင်း ဖြစ်ပြီး ဒုက္ခိတဘိုးဘွားကျေးရွာ၏ အထက်ကောင်းကင်ယံတွင် နဂါးစိမ်းလေးဆယ့်ငါးကောင် ပေါ်ထွက်လာသည်။ ထိုနဂါးစိမ်းလေးဆယ့်ငါးကောင်က လျှပ်စီးတန်းများ၊ မိုးခြိမ်းသံများနှင့်အတူ ကောင်းကင်ယံ၌ ပျံဝဲသွား၏။
ချင်မူ ခေါင်းမော့ကြည့်လိုက်သောအခါ ကောင်းကင်ယံမှ တိမ်တိုက်တစ်ခု ပြယ်လွင့် ပျောက်ကွယ်သွားကြောင်း တွေ့လိုက်ရသည်။
ထိုတိမ်တိုက် ပျောက်ကွယ်သွားသည်တွင် လူခေါင်းပြတ်တစ်လုံး ရုတ်တရက် ပြုတ်ကျ၍ လိမ့်ဆင်းလာပြီး ချင်မူ၏ ခြေထောက်ဘေးတွင် ရပ်တန့်သွား၏။ ချင်မူ အလန့်တကြား ထခုန်လိုက်မိသည်။ ထိုခေါင်းပြတ်က ဘုန်းကြီးတစ်ပါး၏ ခေါင်းပြတ် ဖြစ်ပြီး အဘယ်ကြောင့် တိမ်တိုက်ထဲတွင် ပုန်းအောင်းနေမှန်း သူ မသိချေ။
“မိစ္ဆာတွေကများ ဒီဘုန်းကြီးကို သတ်ပြီး ခေါင်းပြတ်ကို တိမ်တိုက်ထဲ ယူလာတာများလား...”
ချင်မူ လျှောက်စဉ်းစားနေစဉ်မှာပင် တဘုတ်ဘုတ် အသံများနှင့်အတူ လက်နှစ်ဖက်နှင့် ခြေထောက်နှစ်ဖက် ပြုတ်ကျလာပြီး ကိုယ်လုံးပိုင်းပြတ်တစ်ခုက ရွာပြင်ဘက်သို့ လွင့်ကျသွားကြောင်း တွေ့လိုက်ရ၏။
“ဒါ မိစ္ဆာတွေရဲ့ လက်ချက် မဟုတ်ဘူးပဲ...”
ချင်မူ၏ ရင်ထဲတွင် လှုပ်ခါသွားသည်။ “ဒီဘုန်းကြီးက တိမ်ထဲမှာ ပုန်းနေတာလား...”
ရွှေအ၊ နားကန်း၊ သားသတ်သမားနှင့် ကျန်သူများက ထူးဆန်းသော အဖြစ်အပျက်များကို မြင်နေကျ ဖြစ်၍ ထိုကိစ္စကို အရေးစိုက်ဟန် မရှိချေ။
အဘိုးကြီးမာက သူ ဘုန်းကြီးတစ်ပါးကို သတ်လိုက်ကြောင်း သတိပြုမိဟန် မရှိဘဲ ခေါင်းမော့၍ မိစ္ဆာနတ်ဆိုးဂိုဏ်းချုပ်၏ မျက်လုံးထဲသို့ စိုက်ကြည့်လိုက်၏။
မိစ္ဆာနတ်ဆိုးဂိုဏ်းချုပ်ကို သူ့စွမ်းအားထုတ်ပြ၍ ကောင်းကင်နတ်ဆိုးဂိုဏ်းမှ အဆင့်မြင့်ပညာရှင် များစွာကို ကြောက်ရွံ့တုန်လှုပ်သွားအောင် ပြုလုပ်လိုက်ခြင်း ဖြစ်သည်။
ဘေးနားရှိ ရွာထဲတွင်တော့ လူငယ်ဂိုဏ်းချုပ်၏ အမူအရာ အနည်းငယ် အပြောင်းအလဲ ဖြစ်သွား၏။ “မဟာမိုးခြိမ်းသံကျောင်းတော်ရဲ့ ကောင်းကင်နတ်သိုင်းက တကယ့်ကို ချီးကျူးလောက်စရာပဲ... ဒါပေမဲ့ တထာဂတနဲ့ ယှဉ်ရင်တော့ အတွေ့အကြုံနည်းနည်း လိုနေသေးတယ်... ဒီလက်တစ်ဖက်ပြတ်က ဘယ်သူလဲ ငါသိပြီ... မဟာမိုးခြိမ်းသံကျောင်းတော်က နုတ်ထွက်သွားတဲ့ မာကိုယ်တော်၊ မာဝမ်ရှန်းပဲ... အဲဒီတုန်းက သူ မဟာမိုးခြိမ်းသံကျောင်းတော်ကနေ တိုက်ခိုက်ဖောက်ထွက်ပြီး နာမည်ကျော်ကြားလာခဲ့တယ်... သူ့ကို ဒီနေရာမှာ ပုန်းခိုနေမယ်လို့ မထင်မိဘူး... ငါတို့ ဒီရွာလေးကို အထင်သေးလို့ မရတော့ဘူး...”
စည်းကမ်းထိန်းအကြီးအကဲက ကောင်းကင်ပေါ်မှ ပြုတ်ကျလာသော ရုပ်အလောင်းကို လှမ်းကြည့်လိုက်သည်။ “ဒါက မဟာမိုးခြိမ်းသံကျောင်းတော်က ဘုန်းကြီးတစ်ပါးပဲ... မာဝမ်ရှန်း သတ်လိုက်တာ... ထူးဆန်းတယ်၊ မဟာမိုးခြိမ်းသံကျောင်းတော်ရဲ့ ကိုယ်တော်က ဒီမှာ ဘာလုပ်နေတာလဲ...”
လူငယ်ဂိုဏ်းချုပ်က ပြုံးလိုက်၏။ “ဒီနေရာမှာ မာဝမ်ရှန်းကို စောင့်ကြည့်ဖို့ ရောက်နေတာ နေမှာပေါ့... ဒါက အသေးအဖွဲ ကိစ္စလေးပါ... တထာဂတက အသက်ကြီးပြီ... တောင်ပေါ်ကနေ ဆင်းလာတော့မှာ မဟုတ်ဘူး... ဒါနဲ့ ဟိုလူငယ်လေးရဲ့ လက်သီးသိုင်းက အတော် အဆင့်မြင့်ပြီး စိတ်ဝင်စားဖို့ ကောင်းတယ်... သူက တထာဂတရဲ့ မဟာယာနသုတ္တန်ကို မသင်ရသေးတာ သိသာပေမဲ့ မိုးကြိုးရှစ်ချက် လက်သီးသိုင်းရဲ့ စွမ်းအားကို အပြည့်အဝ ထုတ်ဖော်နိုင်တယ်...”
ရွာထဲတွင်တော့ အဘိုးကြီးမာက သူ့အကြည့်ကို ပြန်ရုပ်သိမ်း၍ စကားဆက်လိုက်၏။ “မူအာ... ငါ့လက်သီးချက်ထဲက မင်း ဘာကို မြင်ခဲ့လဲ...”
ချင်မူမှာ သူ့မေးခွန်းကြောင့် ချီတုံချတုံ ဖြစ်သွားသည်။ နဂါးစိမ်း လေးဆယ့်ငါးကောင်၏ အရွယ်အစားနှင့် အသွင်အပြင် ကွာခြားသည်သာမက ထိုနဂါးများ၏ မျိုးစိတ်များပင် ကွဲပြားခြားနားနေသည် ဖြစ်ရာ ချင်မူမှာ အတော်လေး အံ့ဩတုန်လှုပ်နေမိ၏။
ရုတ်တရက် အဘိုးကြီးမာက နဂါးကိုးကောင်မုန်တိုင်း တိုက်ကွက်ကို ထပ်မံ ဖော်ထုတ်လိုက်ပြန်သည်။ ကွဲပြားခြားနားသည့် လေးဆယ့်ငါးကောင်သော နဂါးစိမ်းများက ကောင်းကင်ယံသို့ တစ်ဟုန်ထိုး ထိုးတက်လာပြီး လျှပ်စီး၊ မိုးကြိုးများနှင့်အတူ လေပြင်းများ တိမ်တိုက်များ တဟူးဟူးထ ထွက်ပေါ်လာ၏။
အဘိုးကြီးမာက လက်သီးချက်များ တစ်ချက်ပြီးတစ်ချက် ထိုးလိုက်ရာ ကောင်းကင်ယံတွင် နဂါးပုံ လက်သီးအားလှိုင်းများ တိုးပွားလာသည်။ မိုင်သုံးဆယ် ပတ်လည်အတွင်း၌ လေအဟုန်တွင် လူးလွန့်လှုပ်ရှားနေသော နဂါးစိမ်းများ ပြည့်နှက်သွား၏။
ထိုနဂါးစိမ်းများက တစ်ကောင်နှင့်တစ်ကောင် ရစ်ခွေချိတ်ဆက်၍ လှပဆန်းကြယ်သော ဝင်္ကပါတစ်ခု ဖွဲ့တည်ကာ ကြီးမားသော နဂါးကြီးတစ်ကောင် ဖြစ်သွားသည်။ ထိုနဂါးကြီး၏ ဦးခေါင်းက အပြင်ဘက်သို့လှည့်၍ ကျယ်လောင်စွာ တွန်မြည်လိုက်၏။
သောင်းချီသော နဂါးများ၏ တွန်မြည်သံကြောင့် မိုးအောက်မြေပြင် တစ်ခွင်လုံး တုန်ခါသွားသည်။
ဤသည်က ချင်မူ့ကို နဂါးကိုးကောင်မုန်တိုင်း တိုက်ကွက်၏ လျှို့ဝှက်ချက်များ သရုပ်ဖော် ပြသနေခြင်းသက်သက် မဟုတ်တော့ဘဲ သူ၏ စွမ်းအားကို ထုတ်ပြခြင်း ဖြစ်သွား၏။ သူ့စွမ်းအားကို မဟာမြို့ပျက်ထံ ထုတ်ပြ၏။ သူ့စွမ်းအားကို ကောင်းကင်နတ်ဆိုးဂိုဏ်းထံ ထုတ်ပြ၏။ သူ့စွမ်းအားကို ဒုက္ခိတဘိုးဘွားကျေးရွာအပေါ် မကောင်းသည့် ရည်ရွယ်ချက်ရှိသူများ အားလုံးထံ ထုတ်ပြခြင်း ဖြစ်၏။
ချင်မူမှာ မြင်လိုက်ရသည့် မြင်ကွင်းကို ကျောက်ရုပ်သဖွယ် ငေးစိုက်ကြည့်နေမိသည်။ ရွာထဲရှိ ကျန်သူအားလုံးမှာလည်း ချီးကျူးလေးစားစိတ်များ ပြည့်လျှံလာပြီး ခေါင်းတဆတ်ဆတ် ညိတ်လိုက်မိကြ၏။ ဘေးဘက်ရွာမှ ကောင်းကင်နတ်ဆိုးဂိုဏ်းသားများမှာလည်း အမူအရာ ပြောင်းလဲသွားပြီး အတောမသတ်အောင် လေးစားချီးကျူးလိုက်မိကြသည်။ လူငယ်ဂိုဏ်းချုပ်က သူ့ဘေးမှ ဂိုဏ်းသားများကို ညွှန်ကြားလိုက်၏။ “မင်းတို့ နောက်တစ်ခါ မာဝမ်ရှန်းနဲ့ တွေ့ရင် တလေးတစား ဆက်ဆံကြ...”
စည်းကမ်းထိန်းအကြီးအကဲက တီးတိုး ပြောလိုက်သည်။ “ကျွန်တော်တို့ ကောင်းကင်နတ်ဆိုးဂိုဏ်းက ဒီလိုရွာသေးသေးလေးကို ကြောက်ဖို့ လိုလို့လား...”
“ကြောက်တယ်ဆိုရင် အလွန်အကျူး တင်စားသလို ဖြစ်သွားမှာပေါ့...”
လူငယ်ဂိုဏ်းချုပ်က ခပ်ဖွဖွ ပြုံးလိုက်၏။ “သူတို့က ဒုက္ခိတတွေ ဖြစ်နေကြပြီ... သူတို့ရဲ့ သိုင်းစွမ်းရည်တွေက အရင်လို မဟုတ်နိုင်တော့ဘူး... ဒါပေမဲ့ ဒီရွာမှာ ငါနဲ့ အဆင့်တူနှစ်ယောက် ရှိနေသေးတယ်... တစ်ယောက်က ခြေလက် လုံးဝမရှိတဲ့သူ၊ နောက်တစ်ယောက်က ပန်းပဲဆရာပဲ... ကျန်တဲ့သူတွေက ဂိုဏ်းစောင့်အကြီးအကဲ ဆယ့်နှစ်ယောက်နဲ့ ကောင်းကင်နတ်မင်း လေးပါးထက် နည်းနည်း ပိုသာတယ်... ကောင်းကင်နတ်မယ်က သူတို့ထဲမှာ အနိမ့်ဆုံး ဖြစ်လိမ့်မယ်... ကိုယ်တစ်ပိုင်းပဲ ရှိတော့တဲ့ သားသတ်သမားကို မင်းမြင်လား... အရင်က သူ့ကို မြင်ဖူးရင်တော့ စွဲနေအောင် မှတ်မိမှာပါ... သူက ကောင်းကင်ဓားမဆိုပြီး နာမည်ရထားတယ်...”
စည်းကမ်းထိန်းအကြီးအကဲ၏ ရင်ထဲတွင် ပြင်းထန်စွာ လှုပ်ခါသွားပြီး သားသတ်သမားကို မယုံနိုင်သလို ကြည့်၍ တတွတ်တွတ် ရေရွတ်လိုက်မိသည်။ “ဒါ ကောင်းကင်ဓားမလား... သူက သေသွားပြီ မဟုတ်ဘူးလား...”
“ကျွန်တော်လည်း သူ သေပြီလို့ ကြားထားခဲ့တာ...”
ဂိုဏ်းစောင့်အကြီးအကဲ တစ်ယောက်က ဝင်ပြောလိုက်၏။ “ကျွန်တော်ကြားတာတော့ သူက စိတ်ဖောက်ပြန်သွားပြီး ကောင်းကင်ကို ဓားမနဲ့ ထိုးချိန်ခုတ်သတ် တက်သွားတာတဲ့... ကောင်းကင်မှာ နတ်ဘုရားတွေရဲ့ ပုံရိပ်ကို မြင်လိုက်တဲ့သူ ရှိတယ်၊ ဒီအရူးက သူတို့ဆီကို ခုတ်သတ် တက်သွားတာလို့ ပြောကြတာပဲ... ကျွန်တော်ကြားမိသလောက်တော့ အဲဒီတုန်းက ကောင်းကင်တစ်ခွင်လုံး တိမ်းမည်းတိမ်လိပ်တွေ ပြည့်နေပြီး အဲဒီမိုးတိမ်မည်းတွေကြားထဲမှာ ဓားရောင်တလက်လက် တောက်နေခဲ့တယ်တဲ့... ဒါပေမဲ့ သိပ်မကြာလိုက်ဘူး ကောင်းကင်ဓားမရဲ့ အလောင်းက မိုးပေါ်ကနေ ပြုတ်ကျလာတယ်လို့ ပြောကြတယ်... ဒီသားသတ်သမားက ကောင်းကင်ဓားမဆိုရင် သူ ဘယ်လို အသက်ရှင်ခဲ့တာလဲ မသိဘူး...”
လူငယ်ဂိုဏ်းချုပ်က ပြန်ပြောလိုက်သည်။ “သူ့လို လူတစ်ယောက်က သေချင်ရင်တောင် သေဖို့ ခက်လိမ့်မယ်...”
စည်းကမ်းထိန်းအကြီးအကဲက ဝေခွဲမရစွာ မေးလိုက်၏။ “ဂိုဏ်းချုပ်၊ ဂိုဏ်းသခင်မက ဒီကောင်လေးကို ကျွန်တော်တို့ရဲ့ ဂိုဏ်းသခင် လုပ်ခိုင်းဖို့ ပြောတာကို ဘာလို့ သဘောတူလိုက်တာလဲ... ကျွန်တော်တော့ ဒီကောင်လေးမှာ ထူးထူးခြားခြား စွမ်းအားရှိတာ မမြင်မိပါဘူး...”
“ဒီကောင်လေးရဲ့ သိုင်းစွမ်းအားက သိပ်ပြီး ထူးထူးခြားခြား မရှိတာ မှန်တယ်... ပြီးတော့ အတွေ့အကြုံလည်း နုနယ်သေးတယ်... ဒါပေမဲ့ သူ့ဘေးက လူတွေက ဘယ်လိုလူတွေလဲ...”
လူငယ်ဂိုဏ်းချုပ်က လက်ခနဲ ပြုံးလိုက်သည်။ “သူ့ဘေးက ထိပ်သီးသိုင်းပညာရှင်တွေ အကုန်လုံးက သိပ်ကြောက်ဖို့ကောင်းတဲ့ လူတွေ... ပါရမီ တစ်ယောက်တစ်မျိုးစီနဲ့ အဆင့်မြင့်သိုင်းပညာရှင်တွေ... ဒီကောင်လေးက သူတို့ရဲ့ကလေး... ဒီကောင်လေးကို သူတို့တစ်သက်လုံး သင်ယူ တတ်မြောက်လာတာတွေ သင်ပေးလိမ့်မယ်... အဲဒါအပြင် ငါတို့ဂိုဏ်းရဲ့ မဟာဉာဏ်အလင်းဖွင့် ကောင်းကင်နတ်ဆိုးကျမ်းစာကိုပါ သင်ပေးလိုက်ရင်တော့.... ဟီး... ဟီး... ဒီကောင်လေး ငါတို့ ဂိုဏ်းရဲ့ နတ်ဂိုဏ်းသခင်ဖြစ်လာတာ ငါတို့ ဂိုဏ်းအတွက် အမြတ်ပဲ...”
စည်းကမ်းထိန်းအကြီးအကဲက ပါးစပ်အဟောင်းသားဖြင့် ရင်သပ်ရှုမောနေမိပြီး မေးလိုက်၏။ “သိပ်ကောင်းတာပဲ... ဒါပေမဲ့ ဂိုဏ်းချုပ်က ဘာလို့ သူ့ကို စမ်းသပ်ချင်သေးတာလဲ...”
ဂိုဏ်းချုပ်က ပြန်ပြောလိုက်သည်။ “သူက ငတုံးကောင် ဖြစ်နေရင် ဘယ်လိုလုပ်မလဲ... အဲလိုမဖြစ်အောင် စမ်းသပ်ဖို့ လိုသေးတယ်... စံအိမ်သခင် သုံးရာ့ခြောက်ဆယ်လုံးကို အကြောင်းကြားလိုက်၊ သူတို့ရဲ့ သိုင်းစွမ်းရည်ကို ဝိညာဉ်သန္ဓေသားအဆင့်ပဲ အသုံးပြုရမယ်လို့... ငါတို့ မနက်ဖြန် သူ ရွာထဲ ဝင်တာ စောင့်ကြည့်ကြတာပေါ့...”