← Chapters

စံအိမ်သုံးရာ့ခြောက်ဆယ်

Vol. 4 Ch. 54

စံအိမ်သုံးရာ့ခြောက်ဆယ်

Vol. 4 Ch. 54

ရွာထဲတွင်တော့ အဘိုးကြီးမာက လက်သီးချက်ကို ပြန်ရုပ်သိမ်းရင်း မေးလိုက်၏။ “မင်းမြင်တာကို နားလည်လိုက်ရဲ့လား...”

“နားလည်ပါတယ်...”

ချင်မူက တစ်ခဏမျှ တွေးလိုက်သည်။ “နဂါးတစ်ကောင်စီက မတူညီတဲ့ အားလှိုင်းတစ်ခုစီကို ကိုယ်စားပြုတယ်... နဂါးအားလှိုင်းတွေကို အစီအစဉ်အမျိုးမျိုးနဲ့ စဉ်လိုက်ရင် လက်သီးအားကလည်း အမျိုးမျိုး ထွက်လာလိမ့်မယ်... လက်သီးအားလှိုင်းထဲက မတူတဲ့ နဂါးစိမ်းအကောင်တစ်ရာကို ရှေ့နောက်အစီအစဉ် ပြောင်းလိုက်ရင် နဂါးကိုးကောင်မုန်တိုင်း တိုက်ကွက်က အကွက်အပြောင်း မရေမတွက်နိုင်အောင် ဖြစ်သွားလိမ့်မယ်... ကျွန်တော့်ရဲ့ ပထမလက်သီးချက်ကို ခုခံနိုင်တဲ့သူက ဒုတိယလက်သီးချက်ကို တစ်ပုံစံတည်း ထပ်ခုခံလို့ မရတော့ဘူး... လက်သီးချက် အချက်တစ်ရာ၊ အချက်တစ်ထောင် ထုတ်သုံးရင်တောင်မှ အဲဒီလက်သီးချက် တစ်ချက်စီတိုင်းရဲ့ ခွန်အားက တစ်ခါမှ ထပ်တူကျမှာ မဟုတ်ဘူး...”

အဘိုးကြီးမာက ရှားရှားပါးပါး အပြုံးတစ်ခု ပြုံးလိုက်၏။ “အရင်တုန်းက မင်းရဲ့ လောကသခင်ခန္ဓာမှာ ဘာဓာတ်သတ္တိမှ မရှိလို့ တထာဂတရဲ့ မဟာယာနသုတ္တန်ကို လေ့ကျင့်လို့ မရခဲ့သလို ငါကလည်း တထာဂတရဲ့ မဟာယာနသုတ္တန်ကို ဘယ်သူ့မှ ပြန်သင်မပေးဖို့ မဟာမိုးခြိမ်းသံကျောင်းတော်ကို ကတိပေးထားရတယ်... အခု မင်းရဲ့ လောကသခင်ခန္ဓာက နဂါးစိမ်းချီ ရှိလာ​ပြီ၊ ငါ့အနေနဲ့တော့ မင်းကို အဲဒီကျင့်စဉ် သင်ပေးနိုင်ဦးမှာ မဟုတ်ဘူး... ဒါပေမဲ့ မင်းသာ ဒီလက်သီးသိုင်းရဲ့ အနှစ်သာရကို အပြည့်အဝ သဘောပေါက် နားလည်သွားရင် တထာဂတရဲ့ မဟာယာနသုတ္တန်ကို သင်ရတာ၊ မသင်ရတာက အရေးမပါတော့ဘူး... မင်းအနေနဲ့ တကယ့်နဂါးရဲ့ အဟန့်အထည်၊ အသွင်အပြင်၊ အားအင်၊ အရှိန်အဝါအငွေ့အသက်၊ ဝိညာဉ်တွေကို ဖမ်းဆုပ်နိုင်ခဲ့ပြီးသားပဲ... နဂါးတစ်ရာပုံတူကို မမြင်ဖူးရင်တောင်မှ အဲဒီနဂါးတွေရဲ့ လျှို့ဝှက်ချက်ကို မင်း တွက်ဆနိုင်လိမ့်မယ်... လောကသခင်ခန္ဓာ အမြုတေသုံးသွယ်ကျင့်စဉ်နဲ့ဆိုရင် မင်းရဲ့ မိုးကြိုးရှစ်ချက် လက်သီးသိုင်းက တထာဂတရဲ့ မဟာယာနသုတ္တန်သုံးထားတဲ့ လက်သီးသိုင်းအောက် ကျစရာ အကြောင်းတော့မရှိဘူး...”

ချင်မူ၏ စိတ်အားများ တရှိန်ရှိန် ထိုးတက်လာသည်။ အဘိုးကြီးမာက အမြဲလိုလို အေးစက်စက် နေတတ်ပြီး သူတစ်ပါးကို ချီးကျူးခဲ၏။ သူ၏ ချီးကျူးစကားကို ကြားရခြင်းမှာ အလွန်တရာ ဝမ်းမြောက်ဖွယ် ဖြစ်သည်။ ထို့ပြင် အဘိုးကြီးမာ၏ စကားများကြောင့် သူ တွေးစရာ ရသွား၏။ နဂါးကိုးကောင်မုန်တိုင်း သိုင်းကွက်တွင် နဂါးအားလှိုင်းက အဓိကဆိုပါက မိုးကြိုးရှစ်ချက် လက်သီးသိုင်း၏ ပထမသိုင်းကွက်ဖြစ်သည့် အထီးကျန်အရှေ့ပင်လယ်ပေါ်မှ နွေဦးမိုးကြိုးသိုင်းကွက် ဆိုလျှင် အဘယ်သို့ ရှိလိမ့်မည်နည်း။

ပင်လယ်ထဲသို့ တစ်ဟုန်ထိုး စီးဝင်နေသည့် မြစ်တစ်စင်း၏ ရေလှိုင်းအတက်အကျများကို ကြည့်၍၊ နွေဦးမိုးကြိုး၏ တဂျိုးဂျိုးတဂျိမ့်ဂျိမ့် အသံများကို နားထောင်၍ ထိုသိုင်းကွက်၏ အနှစ်သာရကို ဖမ်းဆုပ်နိုင်လေမည်လား။

ထို့ပြင် ဖီဖာတီးခတ်သူ၏ မိုးကြိုးလက်ချောင်းသိုင်းကွက်ကရော ဂီတသက်ဝင်ခံစားမှုနှင့် ဆက်စပ်နေသည်လား။

ခွားဖူ နေမင်းလိုက်သိုင်းကွက်နှင့် ယန်ဝိညာဉ်ဖမ်း နေမင်းရောင်ခြည်သိုင်းကွက်လည်း ရှိသေး၏။ ထိုသိုင်းကွက်များသည်လည်း သီးခြား သဘောပေါက်နားလည်စရာ နည်းလမ်းများ ရှိချေလိမ့်မည်။

သူတွေးလေလေ ပိုစိတ်လှုပ်ရှားလေလေ ဖြစ်လာပြီး ယခုချက်ချင်းပင် ရွာမှထွက်၍ တစ်လောကလုံးအနှံ့ လှည့်လည်သွားလာကာ လောကကြီး၏ အံ့ထူးထွေရာများ၊ သဘာဝတရား၏ လျှို့ဝှက်ဆန်းကြယ်မှုများကို ရှုမြင်လိုစိတ်တို့ ထိန်းမရသိမ်းမရ ထွက်ပေါ်လာသည်။

“မနက်ဖြန်ကျရင် မနက်စောစောထပြီး ဟိုဘက်ရွာကို သွားဂါရဝပြုရမယ်... မမေ့နဲ့ ကြားလား...” အဘွားစစ်က လက်ခနဲ ပြုံး၍ ပြောလိုက်၏။

ချင်မူမှာ ဝေခွဲမရ ဖြစ်သွားသည်။ “ဘွားဘွား၊ ဟိုဘက်ရွာကလူတွေက ကောင်းကင်နတ်ဆိုးဂိုဏ်းက မဟုတ်လား... သူတို့က ဘွားဘွားကို ဘာလို့ သခင်မလို့ ခေါ်ကြတာလဲ... ပြီးတော့ ဘွားဘွားကို ဘာလို့ ဂိုဏ်းသခင် လုပ်စေချင်နေကြတာလဲ... ဘွားဘွားက သူတို့စကား နားမထောင်ဘူးဆိုရင် ကျွန်တော်တို့ကို သတ်မယ်လို့ရော ဘာလို့ ပြောကြတာလဲ...”

အဘွားစစ်က သူ့ခေါင်းကို ပွတ်၍ ပြုံးလိုက်၏။ “နောက်ကျ မင်း သိလာပါလိမ့်မယ်...”

နောက်တစ်နေ့ မနက်စောစောတွင် ချင်မူ မနက်စာစား၊ ပန်းကန်ဆေးပြီး လုပ်ရိုးလုပ်စဉ်အတိုင်း ကြက်ဥသွားကောက်သည်။ သို့သော်လည်း သူနှင့် လက်ရည်တူ တိုက်ခိုက်နိုင်သည့် ကြက်နဂါး၏ ဒေါသနှင့်သာ တွေ့သွားရ၏။ ၎င်းက အတောင်ပံ တဖျပ်ဖျပ်ခတ်၍ ဓားသွားကဲ့သို့ အမွေးအတောင်များဖြင့် ဥသူခိုးကို ခုတ်ချပြီး မီးဖြင့် မှုတ်ထုတ်သည်။ ချင်မူက နဂါးစိမ်းချီကို သူ့ကိုယ်တွင် ရစ်ခွေ၍ ဖီဖာတီးခတ်သူ၏ မိုးကြိုးလက်ချောင်း သိုင်းကွက်ဖြင့် ကြက်မွေးဓားသွားများကို ခုခံကာကွယ်၏။

“မူအာ၊ အဲကြက်နဲ့ ဆော့မနေနဲ့... ဟိုဘက်ရွာကို ဂါရဝပြု သွားကြမယ်...” အဘွားစစ်က စကားသံနှင့်အတူ လျှောက်လှမ်းလာပြီး ကြက်နဂါးကို မောင်းထုတ်လိုက်သည်။

ချင်မူက အဘွားစစ်နောက်မှ တစ်မုဟုတ်ချင်း လိုက်လာခဲ့၏။ နောက်တွင် ကျန်ခဲ့သော ကြက်နဂါးက ချင်မူ့နောက် ထပ်လိုက်လာသေးသော်လည်း အဘွားစစ်၏ စူးရဲသော အကြည့်ကြောင့် ကြောက်လန့်တကြား ထွက်ပြေးသွားသည်။

အဘွားစစ်က ချင်မူ့ကို တစ်ဘက်ရွာသို့ ခေါ်လာပြီး စည်းကမ်းထိန်းအကြီးအကဲက သူတို့ကို ထွက်ကြို၏။ သူက ချင်မူ့ကို ခြေဆုံးခေါင်းဆုံး ကြည့်၍ အဘွားစစ်ကို ပြောလိုက်သည်။ “ဂိုဏ်းသခင်မ၊ အကုန်လုံး ပြင်ဆင်ပြီးပါပြီ... သခင်လေးအနေနဲ့ အခန်းသုံးရာ့ခြောက်ဆယ်လုံးကို တစ်ခါတည်း ဖြတ်လျှောက်သွားရုံပါပဲ...”

အဘွားစစ်က မယုံနိုင်သလို မျက်တောင် ပုတ်ခတ်ပုတ်ခတ် လုပ်လိုက်၏။ “အခန်းသုံးရာ့ခြောက်ဆယ်လုံးကို တစ်ခါတည်း ဖြတ်ကျော်ရမယ် ဟုတ်လား... ဒါက မများလွန်းဘူးလား...”

စည်းကမ်းထိန်းအကြီးအကဲက ပြုံးလိုက်သည်။ “သူ မဖြတ်ကျော်နိုင်ရင် သခင်မ ကျွန်တော်တို့နဲ့ ပြန်လိုက်ခဲ့ဖို့ တောင်းဆိုရပါလိမ့်မယ်...”

အဘွားစစ်က အံတင်းတင်းကြိတ်၍ မေးလိုက်၏။ “သူ နားလို့ ရလား...”

“စိတ်ကြိုက် နားလို့ရပါတယ်... အခန်းတိုင်းမှာ အိပ်ရာ၊ ဆေးဝါး၊ စွမ်းအင်ဆေးလုံး၊ လိုအပ်မဲ့ အရာတွေအကုန်လုံး ထည့်ပေးထားပါတယ်...”

အဘွားစစ်က ချင်မူ့ကို တစ်ချက်ကြည့်၍ အံထပ်ကြိတ်လိုက်သည်။ “မူအာ၊ အခန်းသုံးရာ့ခြောက်ဆယ်လုံးကို ဝင်ပြီး သူတို့နဲ့ သွားတွေ့လိုက်... မြဲမြဲမှတ်ထား... သူတို့ကို အစ်ကိုကြီး၊ အစ်မကြီးပဲ ခေါ်... အကြီးအကဲလို့ ခေါ်စရာ မလိုဘူး ကြားလား...”

ချင်မူက ခေါင်းညိတ်၍ ပထမအိမ်ဆီသို့ လျှောက်လှမ်းသွားရင်း ပြုံးလိုက်၏။ “အခန်းပေါင်း သုံးရာ့ခြောက်ဆယ်... ဒီအခန်းတွေ အကုန်လုံးကို ဝင်တွေ့ဖို့ ဘယ်လောက်တောင် ကြာမလဲမသိဘူး... ဘွားဘွား၊ ကျွန်တော် သွားတော့မယ်...”

အဘွားစစ်က သူ့ကျောပြင်ကို ကြည့်နေရင်းမှ ရုတ်တရက် မေးလိုက်သည်။ “မူအာ၊ မင်း အထဲဝင်သွားရင် ဘာတွေနဲ့ ကြုံရမယ်ဆိုတာ သိရဲ့လား...”

ချင်မူက နောက်ပြန်လှည့်၍ ပြုံးပြလိုက်၏။ “ကျွန်တော် သိပါတယ်... ဘွားဘွားကို သူတို့ ခေါ်မသွားစေရဘူး...”

အဘွားစစ်၏ ရင်ထဲတွင် နွေးခနဲ ဖြစ်သွားသည်။ ဤကလေးလေးကို မြစ်ထဲမှ ဆယ်ယူစဉ်က တစ်နေ့ သူ့ဒုက္ခများကို မျှဝေထမ်းရွက်ပေးလိမ့်မည်ဟု ထင်မှတ်မထားမိခဲ့ချေ။

ချင်မူ ထိပ်ဆုံးအိမ်၏ ပထမထပ်သို့ လှမ်းဝင်သွားသောအခါ အတော်လေး ကျယ်ဝန်းသည့် အခန်းတစ်ခုကို မြင်တွေ့လိုက်၏။ အထဲတွင်တော့ မျက်နှာဝါဝါနှင့် လူတစ်ယောက် ရှိနေသည်။ သူ့မျက်နှာက ဝါလွန်းလှသဖြင့် သည်းခြေအိတ်ကို ကိုက်ဖောက်စားထားသကဲ့သို့ပင် ထင်ရပြီး မုတ်ဆိတ်မွေးများက တောင်ဆိတ်တစ်ကောင်၏ မုတ်ဆိတ်မွေးကဲ့သို့ ရှည်လျား၏။ သူ့လက်ထဲတွင်တော့ ပေသီးခုံတစ်ခု ကိုင်ထားပြီး စာရင်းတွက်နေသည့် စာရင်းကိုင်တစ်ယောက်နှင့် တူလှသည်။

“အစ်ကိုကြီး...”

ချင်မူက လက်သီးဆုပ်အရိုအသေပြု နှုတ်ဆက်ပြီး နောက်ကျောမှ လက်နက်များကို ဖြုတ်ကာ တံခါးဝတွင် ချလိုက်၏။ “အစ်ကိုကြီး... စပါ...”

စာရင်းကိုင်က ဆယ့်တစ်နှစ်၊ ဆယ့်နှစ်နှစ်အရွယ် ကောင်လေးကို တအံ့တဩ ကြည့်၍ စိတ်ဝင်တစား မေးလိုက်သည်။ “မင်း ဘာလို့ ဒီနေရာကို ရောက်လာတာလဲ သိရဲ့လား... ဂိုဏ်းသခင်မက မင်းကို ပြောပြထားရဲ့လား...”

ချင်မူက ပြုံးပြရင်း သူ့ခန္ဓာကိုယ်ကို ဆန့်ထုတ်လိုက်ရာ ချီစွမ်းအင်များ တစ်ဟုန်ထိုး ထွက်ပေါ်လာ၏။ “ဘွားဘွား ပြောစရာ မလိုပါဘူး... ကျွန်တော် ရိပ်မိပြီးသားပါ...”

ရုတ်တရက် သူ့ခြေထောက်အောက်မှ အားလှိုင်းတစ်ခု ပေါက်ကွဲထွက်ပေါ်လာပြီး ခြေတစ်လှမ်းဖြင့် စာရင်းကိုင်နှင့် မျက်နှာချင်းဆိုင် အနေအထားသို့ ရောက်ရှိသွားသည်။ သူ့လက်ဖဝါးမှ မိုးခြိမ်းသံ အုန်းခနဲ ထွက်ပေါ်လာ၏။ ချင်မူ၏ ချီစွမ်းအင်က မီးလျှံများကဲ့သို့ ပြင်းထန်လှသည်။

“ပထမဆုံးအခန်းကနေ အခန်းသုံးရာ့ခြောက်ဆယ်ထိ တိုက်ခိုက် အနိုင်ယူသွားရုံပဲ မဟုတ်ဘူးလား...”

စာရင်းကိုင်မှာ သူ့လက်ကို တစ်မုဟုတ်ချင်း ပင့်မြှောက်ကာကွယ်လိုက်သော်လည်း ကြီးမားသည့် အားအင်တစ်ခုက သူ့တစ်ကိုယ်လုံးကို ဝင်ဆောင့်သည့်နှယ် ခံစားလိုက်ရပြီး ခြေကားရားလက်ကားရား လွင့်ထွက်၍ နောက်ဘက်မှ သစ်သားနံရံကို ထွင်းဖောက်ကာ ခြံဝင်းထဲသို့ ပြုတ်ကျသွား၏။ ကိုက်ပေါင်းဒါဇင်ခန့်ထိ လျှောပါသွားပြီးမှ သူ့ကိုယ်သူ ပြန်ထိန်းလိုက်နိုင်သည်။

သူ အံ့အားသင့်သွားသကဲ့သို့ တစ်ချိန်တည်းတွင် ဒေါလည်းပွသွား၏။ နံရံအပေါက်မှ လှမ်းကြည့်လိုက်သောအခါ ချင်မူက သူ၏ လက်နက်များကို ကောက်ယူ၍ တံခါးဝမှ ထွက်ကာ နောက်တစ်ခန်းသို့ ကူးသွားကြောင်း တွေ့လိုက်ရသည်။

“ငါ ဘာလို့ ကလေးတစ်ယောက်ကို စိတ်ဆိုးနေမှာလဲ...”

စာရင်းကိုင်မှာ ဒေါသဖြစ်နေရာမှ တဟားဟား ရယ်မောလိုက်မိပြီး တခြားအခန်းမှလူများ ကြားအောင် ခပ်ကျယ်ကျယ် အော်ပြောလိုက်၏။ “ကျန်တဲ့လူတွေ သတိထားကြနော်... ဒီကောင်လေးက ဉာဏ်သိပ်များတယ်... သူ့ ချီစွမ်းအင်ကလည်း အတော်လေး သိပ်သည်းတယ်... ငါ့ဝိညာဉ်သန္ဓေသားအဆင့် ချီစွမ်းအင်ထက် အနည်းဆုံးနှစ်ဆလောက် ပိုများမယ်... မရှုမလှ မခံရအောင် ဂရုစိုက်ကြဟေ့...”

“နင့်ထက် နှစ်ဆ ပိုများတယ် ဟုတ်လား...”

တအံ့တဩ ရေရွတ်လိုက်သည့် မိန်းမတစ်ယောက်၏ အသံက ကြည်လင်သာယာစွာ ထွက်ပေါ်လာသည်။ “ဂိုဏ်းသခင်လေး လုပ်မဲ့သူက ဒီလိုကျင့်စဉ်စွမ်းအင်မျိုး ရှိတာ ဖြစ်သင့်ပါတယ်လေ... ဒါပေမဲ့ သူ့ရဲ့ မှော်စွမ်းအင်က ဘယ်လိုရှိမလဲ သိချင်သေးတယ်...”

ချင်မူက နောက်တစ်ခန်းသို့ လျှောက်သွားပြီး တံခါးကို တွန်းဖွင့်လိုက်၏။ ထိုအခန်းထဲတွင်တော့ လက်ထဲမှ စာအုပ်၌ ဈာန်ဝင်နစ်မျောနေဟန် ရှိသော ကျောင်းတော်သားတစ်ဦးကို ခေါင်းလေး လှုပ်လှုပ် လှုပ်လှုပ်နှင့် တွေ့လိုက်ရသည်။

“အစ်ကိုကြီး...” ချင်မူက နှုတ်ဆက်လိုက်၏။

ကျောင်းတော်သားက စိုးရိမ်မကင်းသော အမူအရာဖြင့် ပြုံးလိုက်သည်။ “ငါ ပြန်နှုတ်ဆက်ရင် ခိုးကြောင်ခိုးဝှက်နဲ့ တိုက်ဦးမှာမလား... မင်းကို ငါ အဲအခွင့်အရေး ပေးမှာမဟုတ်ဘူး...”

“ချီ ခယ့် သို...”

ဘုန်း...။

မိုးခြိမ်းသံကြီး အုန်းခနဲ ထွက်ပေါ်လာပြီး မြေပြင်တစ်ခုလုံး တဆတ်ဆတ် လှုပ်ခါသွား၏။ ကျောင်းတော်သားမှာ နောက်ဘက်မှနံရံတစ်ခုလုံး အစိတ်စိတ်အမြွှာမြွှာ ကြေမွအောင် လွင့်ထွက်၍ သစ်ပင်ကြီးတစ်ပင်နှင့် ဝင်ဆောင့်မိသဖြင့် သစ်စများ ပလူပျံသွားသည်။

ထိုကျောင်းတော်သားက မြေပြင်ပေါ်သို့ ပြုတ်ကျပြီးနောက် အော်ဟစ်သတိပေးလိုက်၏။ “သတိထားကြဟေ့... ဒီကောင်စုတ်လေးရဲ့ သိုင်းကွက်က အတော်စွမ်းအားကြီးပြီး မိစ္ဆာမန္တန် သုံးတာ... သူ့မိစ္ဆာမန္တန်က ငါတို့ နတ်ဂိုဏ်းရဲ့ မိစ္ဆာမန္တန်ထက် ပိုမှန်းရခက်တယ်...”

ဘုန်း...။

သူ့သတိပေးသံ ဆုံးဆုံးချင်းပင် အသက်ကြီးကြီး ကျောင်းဆရာတစ်ယောက် သစ်သားအိမ်ထဲမှ လွင့်ထွက်လာပြီး ကျောက်တိုင်တွင် တွဲလောင်းချိတ်နေရာမှ ဒေါသတကြီး အော်ဟစ်လိုက်သည်။ “ချီးပဲ... မင်း ပေါက်ကရပြောလို့ သူ့မိစ္ဆာမန္တန်ကို ခုခံဖို့ အာရုံစိုက်နေတာ... မဟာမိုးခြိမ်းသံကျောင်းတော်ရဲ့ သိုင်းကွက်ကြောင့် ငါ့ဝိညာဉ်တောင် ဒဏ်ရာရမလို ဖြစ်သွားတယ်... အလှည့်စား မခံကြနဲ့ဟေ့... ဒီကောင်လေးက မဟာမိုးခြိမ်းသံကျောင်းတော်ရဲ့ မိုးကြိုးရှစ်ချက် လက်သီးသိုင်းကို သုံးတာ...”

“ချီးတဲ့မှပဲ...”

စတုတ္ထမြောက် အခန်းထဲမှ ဒေါသတကြီး ရေရွတ်လိုက်သော မိန်းမသံတစ်သံ ထွက်ပေါ်လာ၏။ “အဘိုးကြီးရှဲ့... ရှင်က ကျုပ်ကို နောက်ကျော ဓားနဲ့ထိုးတာပဲ... သူသုံးတာ ကောင်းကင်နတ်ဆိုး ဖန်ဆင်းပညာ... အခု ကျုပ်ရဲ့ ယန်ဝိညာဉ်သုံးမျိုးနဲ့ ယင်ဝိညာဉ်ခုနစ်သွယ်ကို ချုပ်သွားတယ်... ခွေးကောင်လေး၊ နင် ငါ့တစ်ကိုယ်လုံးကို ထိချင်တိုင်း ထိပြီး ငါ့သိက္ခာကျအောင် လုပ်ပြီးမှ မပြေးနဲ့...”

ချင်မူ၏ မျက်နှာမှာ နီရဲနေပြီး စတုတ္ထအခန်းထဲမှ ထွက်လာသည်။ ကောင်းကင်နတ်ဆိုး ဖန်ဆင်းပညာက တစ်ဘက်လူ၏ စအိုဝ၊ ချက်နှင့် ရင်ဝနေရာများကို ထိတွေ့ရန် လို၏။ ထိုသုံးနေရာက အမျိုးသမီးတစ်ယောက်၏ အတွင်းကျကျနေရာများ ဖြစ်သည်မဟုတ်လား။ သို့ဖြစ်၍ ချင်မူအနေဖြင့် ထိုသိုင်းကွက်ကို သုံးရန် မလွယ်ကူခဲ့ချေ။ အထူးသဖြင့် စအိုဝကဲ့သို့ နေရာမျိုးက လွန်စွာညစ်ညမ်းသွား၏။

“ငါက ဒါမျိုးတွေ နားလည်ဖို့ အတော်လေး ငယ်ပါသေးတယ်...” ဒုက္ခိတဘိုးဘွားကျေးရွာမှ နွားကျောင်းသားလေးက မျက်လုံးများကို အပြစ်ကင်းစင်စွာ ပုတ်ခတ်ပုတ်ခတ် လုပ်၍ သူ့ဖာသာ တီးတိုးပြောဆိုလိုက်သည်။

ပဉ္စမမြောက်အခန်းထဲရှိ အရိုးစုနှင့်တူသော ပိန်ကပ်ကပ်လူက ချင်မူ ဝင်လာသည်ကို ကြည့်၍ လှောင်ပြုံးပြုံးလိုက်၏။ “မင်းဟာမင်း ဘာသိုင်းကွက်ပဲ သုံးသုံး၊ ငါ့ကို ကျော်ဖြတ်နိုင်ဖို့ စိတ်မကူးနဲ့... နှိမ့်ချတဲ့ ရွှေဖားသိုင်း...”

သူက ချင်မူ့ထံသို့ လျှောက်လှမ်းသွားရင်း အသက်ပြင်းပြင်း ရှိုက်၍ ရှူသွင်းလိုက်ရာ တအွတ်အွတ်အသံများ ထွက်ပေါ်လာသည်။ ထိုအသံများက တဖြည်းဖြည်း ကျယ်လောင်လာပြီး ဖားအော်သံများနှင့် တူလာ၏။

ချင်မူမှာ အံ့အားသင့်သွားသည်။ ကောင်းကင်နတ်ဆိုးဂိုဏ်းမှ စံအိမ်သခင်၏ ပိန်ပိန်ပါးပါး ခန္ဓာကိုယ်က တဖြည်းဖြည်း ဖောင်းကားလာ၏။ မူလက အရိုးများ ထည့်ထားသည့် အိတ်တစ်လုံးကဲ့သို့ ထင်ရသော အရေပြားမှာလည်း ရှူသွင်းလိုက်သော လေများနှင့်အတူ တောင့်တင်းကြံ့ခိုင်သော ကြွက်သားအမြှောင်းမြှောင်းများ ဖြစ်လာသည်။

နှိမ့်ချသည့် ရွှေဖားသိုင်းက နှိမ့်ချသည့် ရွှေဖားကို အတုခိုးထားသော မှော်မိစ္ဆာအသွင်ပြောင်း ကျင့်စဉ်တစ်မျိုး ဖြစ်၏။ နှိမ့်ချသည့် ရွှေဖားက ထူးခြားသော ဆန်းကြယ်သားရဲတစ်မျိုး ဖြစ်ပြီး ပုံမှန်ဆိုလျှင် ပန်းကန်ဆေးဇလုံတစ်လုံး အရွယ်သာ ရှိသော်လည်း လေရှူသွင်းလိုက်သောအခါ အဆတစ်ရာ ပိုကြီးထွား၍ ကျားရဲများ၊ ခြင်္သေ့များကိုပင် တစ်ကိုက်တည်း မျိုချပစ်နိုင်သည်။

နှိမ့်ချသည့် ရွှေဖားသိုင်းကွက်ကို ထုတ်သုံးသည်နှင့် အသုံးပြုသူ၏ ခွန်အား အဆမတန် တိုးပွားပြီး ချီစွမ်းအင်လည်း လွန်စွာ သိပ်သည်းလာ၏။ တိုးပွားနိုင်သောနှုန်းက နှိမ့်ချသည့် ရွှေဖားကဲ့သို့ ကြောက်စရာ မကောင်းသော်လည်း ပေါ့သေးသေးတော့ မဟုတ်ပေ။

ကောင်းကင်နတ်ဆိုးဂိုဏ်း၏ စံအိမ်သခင် အသက်ပြင်းပြင်း ရှိုက်ရှူလိုက်ချိန်တွင်ပင် ချင်မူကလည်း လေများ တစ်ဝကြီး ရှူသွင်းလိုက်သည်။ နှိမ့်ချသည့် ရွှေဖားသိုင်းကွက်နှင့် ကွဲပြားခြားနားသည်မှာ သူ့ရင်အုံက မောက်ကြွလာခြင်း မရှိချေ။ သို့သော်လည်း သူရှူသွင်းလိုက်သည့် လေပမာဏကတော့ ကြောက်ဖို့ကောင်းလှ၏။ သူ့ရှေ့မှ လေများအားလုံးနီးပါး စုပ်ယူရှူသွင်းခံလိုက်ရသဖြင့် လေဟာနယ်တစ်ခု ဖြစ်ပေါ်လာသည်။ ထိုလေဟာနယ်ကို ဘေးဘက်မှ လေများ ဝင်ရောက်ဖြည့်တင်းရသည့်အတွက်  သစ်သားအိမ်လေးထဲတွင် လေလှိုင်းတစ်ခု ရိုက်ခတ်ကာ ပြတင်းပေါက်များပင် တုန်ခါသွား၏။

စံအိမ်သခင်၏ ချီစွမ်းအင်က အသက်ရှူသွင်းခြင်း ပြီးဆုံးသည့်နောက်တွင် လွန်စွာ လှုပ်ရှားရုန်းကြွလာသည်။ သူ့တစ်ကိုယ်လုံးမှ ကြွက်သားမြှောင်းများက ကျောက်တုံးကျောက်ခဲများသဖွယ် ဖောင်းကြွနေပြီး ဝတ်ထားသည့် အင်္ကျီပင် အချိန်မရွေး ပြဲထွက်တော့မည်ကဲ့သို့ ဖြစ်နေ၏။

သူ၏ အရပ်အမောင်းမှာလည်း တဖြည်းဖြည်း ဆန့်ထွက်၍ လေးကိုက်ခန့်အထိ ရောက်ပြီး ဘီလူးပေါက်စတစ်ကောင်ကဲ့သို့ ဖြစ်လာသည်။

သို့သော်လည်း ချင်မူကတော့ အပြောင်းအလဲမရှိ နဂိုအတိုင်းသာ ဖြစ်၏။

“နှိမ့်ချတဲ့ ရွှေဖားသိုင်းက ပြိုင်ဘက်ကင်း ခွန်အားရှိတယ်... မင်းကို တစ်ချက်တည်းနဲ့ အမှုန့်ဖြစ်အောင် လုပ်ပစ်နိုင်တယ်... အုံး.. အွမ်...”

စံအိမ်သခင်က လက်ဖဝါးကို မြှောက်လိုက်သည်။ သူ၏ လက်ဖဝါးက ထန်းရွက်တစ်ရွက်ကဲ့သို့ ကြီးမားပြီး သွေးကဲ့သို့ ရဲရဲနီနေ၏။ အခန်းအတွင်း၌ သွေးနီရောင် အလင်းတန်းများ တောက်ပလာပြီး လေထုပေါက်ကွဲသံတစ်သံနှင့်အတူ သူ၏ လက်သီးချက်က ချင်မူ့ထံ တိုးဝင်သွားသည်။

ချင်မူကလည်း လက်သီးချက်တစ်ချက် ဆန့်ထုတ်လိုက်၏။ လက်သီးကြီးတစ်ခုနှင့် လက်သီးသေးသေးလေးတစ်ခု လေထဲတွင် ထိပ်တိုက်တွေ့သွားသည်။ ထိုတစ်ခဏ၌ သစ်သားအိမ်တစ်ခုလုံး သွက်သွက်ခါအောင် လှုပ်ယမ်းသွား၏။

စံအိမ်သခင်မှာ အင့်ခနဲ ညည်းတွား၍ နောက်သို့ ခြေတစ်လှမ်းဆုတ်သွားရသည်။ ထိုအခိုက်၌ သူ၏ ကြွက်သားများက နဂါးတစ်ကောင် ထွင်းဖောက်ဝင်ရောက်၍ အရေပြားအောက်မှ နှလုံးဆီသို့ လျင်မြန်စွာ တိုးဝှေ့သွားနေသကဲ့သို့ တဆတ်ဆတ်တွန့်လိမ် လှုပ်ရှားလာ၏။

သူ့အမူအရာ ရုတ်ခြည်း ပျက်ယွင်းသွားပြီး အခြားလက်တစ်ဖက်ဖြင့် သူ့လက်သူ ပြန်ခုတ်ချ၍ ထိုနဂါးကို နှစ်ပိုင်းဖြတ်ပစ်လိုက်သည်။ သို့သော်လည်း ထိုမျှနှင့် မပြီးချေ။ နောက်ထပ် ခြေတစ်လှမ်း ထပ်ဆုတ်လိုက်ရပြီး သူ့လက်ကလည်း ပြန်လည် ဖောင်းကားလာ၏။ အရေပြားအောက်တွင် နဂါးနှစ်ကောင် တစ်ကောင်နှင့်တစ်ကောင် ရစ်ခွေတိုးဝင်လာသကဲ့သို့ ကြွက်သားများ တွန့်လိမ်လာသဖြင့် အလျင်အမြန် ထပ်မံ ဖြတ်ခုတ်လိုက်ရသည်။

စတုတ္ထမြောက်ခြေလှမ်း နောက်ဆုတ် အပြီးတွင်တော့ သူ့နောက်မှနံရံ ပွင့်ထွက်သွားပြီး ပဉ္စမမြောက်ခြေလှမ်းနှင့်အတူ အဆောက်အဦအပြင်ဘက်သို့ ပြုတ်ကျသွား၏။ ထို့နောက် နောက်ထပ် ခြေလှမ်းလေးလှမ်း ထပ်ဆုတ်လိုက်ရပြီး  သစ်ပင်ကြီးတစ်ပင်နှင့် ကျောကပ်သွားသည်။ ထိုသစ်ပင်ကြီးမှာလည်း ရုတ်တရက် ပြင်းထန်စွာ လှုပ်ခါ၍ ပင်စည်တစ်ခုလုံး အမှုန့်ဖြစ်ပြီး အကိုင်းအခက်များ ပြိုလဲကျသွား၏။

သစ်စမှုန်များ လေထဲတွင် လွင့်ပျံသွားပြီး မုန်တိုင်းကို ဖန်တီးသည့် နဂါးကိုးကောင်၏ ပုံရိပ်က မိုးကြိုး၊ လျှပ်စီးများ၊ နဂါးတွန်သံများနှင့်အတူ စံအိမ်သခင်၏ နောက်ကျောမှ ထွင်းဖောက် တိုးထွက်လာသည်။

သူက နဂါးကိုးကောင်မုန်တိုင်း သိုင်းကွက်၏ နဝမမြောက်အားလှိုင်းကို ကြားဖြတ် တားဆီးနိုင်ခြင်း မရှိခဲ့ချေ။

All Chapters