← Chapters

နံပါတ်တစ်ဓားသိုင်း

Vol. 4 Ch. 55

နံပါတ်တစ်ဓားသိုင်း

Vol. 4 Ch. 55

“ငါက ငါတို့နတ်ဂိုဏ်းရဲ့ မိုးစံအိမ်သခင်ပဲ... လူတွေက ငါ့ကို မိုးနတ်မယ်လေးလို့ ခေါ်ကြတယ်... မင်းက မှော်ဂါထာတွေ ကောင်းကောင်း တတ်တာလား...”

ချင်မူ နောက်တစ်ခန်းသို့ ဝင်သွားသောအခါ အမျိုးသမီးတစ်ယောက်ကို တွေ့လိုက်ရသည်။ ထိုအမျိုးသမီးက မျက်နှာတွင် ထူးဆန်းသော ဆေးမင်ကြောင်များ ရေးထိုးထားပြီး ခေါင်းတွင်လည်း ငှက်မွေးသရဖူတစ်ခု ဆောင်းထား၏။ လက်တစ်ဖက်တွင်တော့ အမျိုးအမည် မသိသည့် သားရဲတစ်ကောင်၏ အမြီးဖြင့် ပြုလုပ်ထားပြီး ရာသီခွင်နှစ်ဆယ့်လေးပါးကို ကိုယ်စားပြုသည့် အဆစ်နှစ်ဆယ့်လေးဆစ်ပါ တောင်ဝှေးတစ်ချောင်းကို ကိုင်ဆောင်ထားသည်။ ထိုအမျိုးသမီးက ပြုံးလိုက်၏။ “ငါတို့ ဒီအခန်းထဲမှာ မှော်ဂါထာသုံးပြီး ပြိုင်ကြမယ်...”

ချင်မူက ခေါင်းခါယမ်းလိုက်သည်။ “ကျွန်တော်က မှော်ဂါထာတစ်ခုမှ မသိပါဘူး... ဝိညာသန္ဓေသားအဆင့် သိုင်းပညာရှင်တွေလည်း မှော်ဂါထာသုံးလို့ ရတာလား...”

ထိုအမျိုးသမီးက ပြုံးလိုက်၏။ “ဘာလို့ သုံးမရရမှာလဲ... ချီစွမ်းအင်က မှော်စွမ်းအားပဲ... မင်းသာ မှော်ဂါထာတွေသိရင် မှော်စွမ်းအားကို ထုတ်သုံးလို့ ရတယ်... ဂိုဏ်းသခင်မက ငါတို့ဂိုဏ်းရဲ့ အတော်ဆုံး မှော်အစီအရင်ပညာရှင်ပဲ... သူက မင်းကို မသင်ပေးဘူးလား... ငါ ဝိညာဉ်သန္ဓေသား အဆင့်တုန်းကဆိုရင် သိုင်းလောကအနှံ့ လျှောက်သွားပြီး အရပ်သားတွေအတွက် မှော်ဂါထာနဲ့ မိုးရွာအောင် လုပ်ပေးခဲ့တာ... မိုးခေါင်တဲ့အခါတိုင်း အရပ်သားတွေက ငါ့ကို လာလာခေါ်ပြီး အကူအညီတောင်းကြတယ်လေ... အဲဒါကြောင့် သူတို့က ငါ့ကို စုန်းမလို့ ခေါ်ကြတာပဲ... ငါ့ကျင့်စဉ်စွမ်းအင် မြင့်ပြီး နာမည်ကျော်ကြားလာမှ မိုးနတ်မယ်လေးလို့ ပြောင်းခေါ်ကြတာ... ဂိုဏ်းသခင်က ငါ့ကို အလေးထားပြီး မိုးစံအိမ်ရဲ့ စံအိမ်သခင်အဖြစ် ခန့်အပ်ခဲ့တဲ့အတွက် ကျေးဇူးကြွေး ရှိတယ်... ဒါပေမဲ့ ငါက ဂိုဏ်းသခင်မထက် နိမ့်ကျပါတယ်၊ အဲဒီတုန်းက သူပဲ ကောင်းကင်နတ်မယ် ဖြစ်လာပြီး ငါ မဖြစ်ခဲ့ဘူးလေ...”

ချင်မူက စိတ်ရှုပ်ထွေးသွားသည်။ “ကျွန်တော်က မှော်ဂါထာ သုံးပြီး ဘယ်လို တိုက်ခိုက်ရမှာလဲ...”

မိုးစံအိမ်သခင်မှာ သူ့နဖူးသူ ရိုက်၍ သက်ပြင်းချလိုက်၏။ “မင်းက ဘာလို့ ဘာမှ မသိရတာလဲကွာ... မှော်အစီအရင်အဖွဲ့နဲ့ သိုင်းကွက်အသားပေးအဖွဲ့ ဆိုပြီး နှစ်ဖွဲ့ရှိခဲ့တာ မသိဘူးလား... အဲဒီလမ်းစဉ်နှစ်ခု ပဋိပက္ခတွေ ဖြစ်တာတောင် နှစ်ပေါင်းအတော်ကြာပြီ... အရင်တုန်းကဆို မှော်အစီအရင်ကျင့်တဲ့ လူတွေနဲ့ သိုင်းကွက်အသားပေးပညာကျင့်တဲ့ လူတွေ တစ်ချိန်လုံး သတ်နေကြတာ... နှစ်ဘက်စလုံးက တစ်ဘက်ကိုတစ်ဘက် လမ်းမှားလိုက်တဲ့သူတွေလို့ သတ်မှတ်ပြီး သတ်ချင်နေကြတာ... အခုအချိန်မှာ အကုန်လုံးက သင့်သင့်မြတ်မြတ် နေကြပေမဲ့ အရင်တုန်းကဆိုရင် မှော်အစီအရင်ပညာရှင်တစ်ယောက်ရှေ့ သွားပြီး သိုင်းကွက်အသားပေးပညာ လေ့ကျင့်တာပါလို့ ပြောရင် တစ်ကိုယ်လုံး အစိတ်စိတ်အမြွှာမြွှာ ဖြစ်သွားမှာ... မှော်အစီအရင်ပညာရှင်တွေရဲ့ သိုင်းစွမ်းအားက မင်းမမှန်းဆနိုင်လောက်အောင် အင်အားကြီးတယ်...”

ချင်မူက သိချင်စိတ်ဖြင့် မေးလိုက်သည်။ “ဓားပျံထိန်းချုပ်ပညာကိုရော မှော်အစီအရင်လို့ သတ်မှတ်တာလား...”

“မရဘူး... သူတို့က မှော်အစီအရင် မဟုတ်ဘူး...”

မိုးစံအိမ်သခင်က ခေါင်းခါယမ်းလိုက်၏။ “ဓားပျံထိန်းချုပ်ပညာကို အရင်တုန်းက သိုင်းကွက်အသားပေးပညာလို့ သတ်မှတ်တယ်... ဒါပေမဲ့ နောက်ကျတော့ သူတို့က သူတို့သာ လမ်းမှန်၊ မှော်အစီအရင်နဲ့ သိုင်းကွက်အသားပေးပညာ လေ့ကျင့်တဲ့သူတွေက လမ်းမှား၊ သေသင့်တဲ့သူတွေလို့ ပြောလာကြတယ်လေ... အဲဒါကြောင့်ပဲ ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ ဧကရာဇ်အတိုင်ပင်ခံက ဖိတ်ခေါ်ပွဲတစ်ခုလုပ်၊ သိုင်းကွက်အသားပေး ထိပ်သီးပညာရှင်တွေကို စိန်ခေါ်တိုက်ခိုက်ပြီး ဒုက္ခိတဖြစ်အောင် လုပ်ပစ်ခဲ့တာ... ဂိုဏ်းသခင်မက မင်းကို ဒါတွေ မပြောပြဘူးလား...”

ချင်မူ မျက်မှောင်ကြုတ်လိုက်သည်။ “သူတို့တွေက ဘာလို့ တစ်ချိန်လုံး တိုက်ခိုက်နေကြတာလဲ... သိုင်းကွက်အသားပေးပညာတွေ၊ ဓားသိုင်းတွေ၊ မှော်အစီအရင်တွေ အားလုံးက ကောင်းကင်နတ်သိုင်းတွေပဲ မဟုတ်ဘူးလား... အကုန်လုံးရဲ့ အားသာချက်တွေကို ယူပြီး တစ်စုတစ်စည်းတည်း လေ့ကျင့်ရင် ပိုမကောင်းဘူးလား...”

မိုးစံအိမ်သခင်မှာ ရယ်ရမည်လား၊ ငိုရမည်လားမသိ ဖြစ်သွား၏။ “လူတစ်ယောက်ရဲ့ စွမ်းအင်က အကန့်အသတ် ရှိတယ်ကွဲ့... အဲဒီသုံးမျိုးလုံးကို ထိပ်သီးအဆင့်ရောက်အောင် လေ့ကျင့်ဖို့ အချိန်ဘယ်ရမလဲ... တစ်မျိုးတည်းမှာပဲ ကိုယ်စွမ်း၊ ဉာဏ်စွမ်း နှစ်မြှုပ်ပြီး ကြိုးကြိုးစားစား လေ့ကျင့်မှ အထွတ်အထိပ်ကို ရောက်နိုင်မှာ... လူတွေက မတူတဲ့ သိုင်းပညာတွေကို လေ့ကျင့်နေမှတော့ ဘယ်သူက ပိုတော်လဲဆိုတဲ့ ယှဉ်ပြိုင်မှုတွေက ရှိနေဦးမှာပဲ... အဲဒါကြောင့် တစ်ဖွဲ့နဲ့တစ်ဖွဲ့ အတူယှဉ်တွဲပြီး နေလို့ မရတာပေါ့...”

ချင်မူ စိတ်အားတက်ကြွလာပြီး တောင်းဆိုလိုက်သည်။ “မမကြီး၊ ကျွန်တော့်ကို မှော်အစီအရင် နည်းနည်းလောက် ထုတ်ပြပါလား... တစ်ခါမျှ မမြင်ဖူးလို့ပါ...”

မိုးစံအိမ်သခင်က သူ၏ ဖြူသွယ်သော လက်ကလေးကို လေထဲသို့ မြှောက်၍ လက်ငါးချောင်းကို အောက်စိုက်လိုက်၏။ သူ့လက်ချောင်းများက တုန်ခါလာပြီး အခန်းထဲ၌ ရေငွေ့များ စတင် ဖွဲ့သီကာ မိုးရွာချတော့သည်။

ချင်မူ သေချာကြည့်ကြည့်လိုက်သောအခါ မိုးရေစက်များက ကြမ်းပြင်ပေါ်သို့ ကျပြီးသည်နှင့် ဘေးနံရံများဆီသို့ ပျံတက်သွားပြီး အဆုံးမရှိအောင် သံသရာလည်နေကြောင်း တွေ့ရ၏။

မိုးစံအိမ်သခင်က သူ့လက်ကို ဝှေ့ယမ်းလိုက်သောအခါ မိုးရေစက်များက ကြိုးတပ်တူရိယာတစ်ခု၏ ပိုးကြိုးများသဖွယ် အတန်းလိုက် ဖြစ်သွားသည်။ ထို့နောက် သူ၏ လက်ဆယ်ချောင်းကို ဆန့်ထုတ်၍ မိုးရေစက်ကြိုးမျှင်များကို တီးခတ်လိုက်သောအခါ အခန်းထဲ၌ သာယာနာပျော်ဖွယ် ဂီတသံများ ပဲ့တင်ထပ်သွား၏။ ထိုဂီတသံကြား၌ မိုးရေစက်များက ရေနဂါးတစ်ကောင်အဖြစ် အသွင်ပြောင်းပြီး ချင်မူ့ထံသို့ တစ်ဟုန်ထိုး တိုးဝင်လာသည်။

ချင်မူက သူ့လက်ကို ဆန့်ထုတ်၍ ရေနဂါး၏ ပျော့ကွက်ကို ဆုပ်ကိုင်ကာ ချေမွပစ်လိုက်၏။

မိုးစံအိမ်သခင်က အံ့အားသင့်သွားပြီး မိုးရေစက်သံစဉ်ကြိုးများကို ပို၍ လျင်မြန်စွာ တီးခတ်လိုက်သည်။ မိုးရေစက်များက ဓားသွားချွန်များအဖြစ် အသွင်ပြောင်း၍ ချင်မူ့ထံ အရှိန်အဟုန်ပြင်းပြင်း တိုးဝင်သွား၏။ လေထု၏ အပူချိန်ကလည်း လျင်မြန်စွာ ကျဆင်းပြီး မိုးရေစက်များက ရေခဲအဖြစ် ခဲသွားသဖြင့် မိုးရေစက် ဓားသွားချွန်များက ပိုမို ကြောက်မက်ဖွယ် ကောင်းလာသည်။

ချင်မူက သူ့လက်ချောင်းလေးများဖြင့် ထိုမိုးရေစက် ဓားသွားချွန်များကို တောက်ထုတ် ဖျက်ဆီးလိုက်၏။ “မှော်အစီအရင်ဆိုတာက ဒီလိုမျိုးလား... မမကြီး၊ ဒီသိုင်းကွက်ကိုရော မှော်အစီအရင်လို့ သတ်မှတ်နိုင်လား...”

သူ၏ လက်များတွင် တရှိန်ရှိန်တောင်လောင်နေသော မီးလျှံများ ရုတ်တရက် စွဲဟပ်လာပြီး ထိုလက်များကို ဓားမအဖြစ် အသုံးပြု၍ မိုးစံအိမ်သခင် လွင့်ထွက်သွားအောင် အဆက်မပြတ် ခုတ်ထစ်တိုက်ခိုက်လိုက်သည်။

မိုးစံအိမ်သခင်က ခြံဝင်းထဲသို့ ပြုတ်ကျသွားပြီး အံ့ဩမှုတစ်ဝက်၊ ဒေါသသံတစ်ဝက် စွက်နေသည့် လေသံဖြင့် အော်ဟစ်လိုက်၏။ “မင်းက သိုင်းကွက်အသားပေးအဖွဲ့က လမ်းလွဲသိုင်းသမားပဲ... သိုင်းကွက်အသားပေးပညာတွေကိုတောင် မှော်အစီအရင်လို သုံးသွားလိုက်သေးတယ်...”

နောက်တစ်ခန်းသို့ ဝင်သွားသောအခါ မုတ်ဆိတ်မွေးဗရပျစ်နှင့် ထွားထွားကြိုင်းကြိုင်း လူတစ်ယောက် ဒူးတုပ်ထိုင်နေသည်ကို တွေ့လိုက်ရ၏။ သူ့ဘေးတွင်တော့ ကြေးဝါကွင်းများ ချည်နှောင်ထားသည့် လေးထောင့်စပ်စပ် ဓားအိမ်တစ်ခု ချထားသည်။

“ငါက ဓားစံအိမ်ရဲ့ စံအိမ်သခင်ပဲ...”

ထိုထွားထွားကြိုင်းကြိုင်းလူက ထရပ်ခြင်း မရှိဘဲ ဒူးတုပ်လျက် အနေအထားနှင့် ဆက်ထိုင်နေပြီး ပြောလိုက်၏။ “မင်းက ဓားအိတ်တစ်ခု သယ်လာတာဆိုတော့ ဓားသိုင်းတတ်မယ် ထင်တယ်... ဒီနေ့ ငါတို့ ဓားသိုင်းချင်း ယှဉ်ကြမယ်...”

ချင်မူက ခေါင်းခါယမ်းလိုက်သည်။ “ကျွန်တော်က ဓားသိုင်း တစ်ခါမှ မသင်ဖူးပါဘူး...”

ဓားစံအိမ်သခင်က တအံ့တဩ ခေါင်းမော့ ကြည့်လိုက်၏။ “မင်းက ဓားသိုင်း တစ်ခါမှ မသင်ဖူးရင် ဘာလို့ ဓားအိတ်ကြီး သယ်ထားရတာလဲ... ဂိုဏ်းသခင်မက မင်းကို ဓားသိုင်းနဲ့ ပတ်သက်ပြီး ဘာမှ မသင်ပေးဘူးလား...”

ချင်မူက ခေါင်းခါယမ်း၍ ပြန်ဖြေလိုက်သည်။ “ဘွားဘွားပြောတာ ရွာထဲမှာ တစ်လောကလုံးရဲ့ နံပါတ်တစ် ဓားသိုင်းပညာရှင်တစ်ယောက် ရှိတယ်တဲ့... အဲဒီလူက မသင်ပေးဘဲ နေမှာစိုးလို့ ကျွန်တော့်ကို ကောင်းကင်နတ်ဆိုးဂိုဏ်းရဲ့ ဓားသိုင်း မသင်ပေးနိုင်ဘူးလို့ ပြောတယ်...”

“တစ်လောကလုံးရဲ့ နံပါတ်တစ်ဓားသိုင်း ဟုတ်လား...”

ဓားစံအိမ်သခင်က မျက်လုံးများ ပြူး၍ ကြည့်လိုက်၏။ သူ၏ ထက်ရှသော မျက်ဝန်းများက ဓားရိပ်နှစ်ခုပမာ ချင်မူ၏ ရင်ထဲအထိ ထွင်းဖောက် ဝင်လာပြီး အေးစက်စက် ရယ်မောလိုက်သည်။ “ဘယ်သူကများ ဒီလောက် မာန်တက်ဝင့်ကြွားရဲရတာလဲ... သူ့ဆီက ဓားကွက်တစ်ကွက် သွားသင်လာခဲ့... တစ်လောကလုံးရဲ့ နံပါတ်တစ်ဓားသိုင်း ဆိုတာ ငါတို့နတ်ဂိုဏ်းရဲ့ ဓားသိုင်းနဲ့ ယှဉ်ရင် ဘယ်လိုနေမလဲ ငါ ကြည့်ချင်တယ်...”

ချင်မူက ဖြူစင်ရိုးသားသည့် မျက်ဝန်းများဖြင့် မျက်တောင် ပုတ်ခတ်ပုတ်ခတ် လုပ်၍ ပြောလိုက်၏။ “ကျွန်တော်က တခြားသိုင်းတွေလည်း တတ်ပါတယ်... မိုးကြိုးရှစ်ချက် လက်သီးသိုင်း၊ ကောင်းကင်ခိုးယူ ခြေလှမ်းသိုင်း၊ ဝက်ခုတ်ဓားမသိုင်း၊ လှံသိုင်း၊ ပန်းချီပညာ၊ တူသိုင်း...”

ဓားစံအိမ်သခင်က သူ၏ ဓားကို ညင်သာယုယစွာ ပွတ်သပ်၍ အေးစက်စက် ပြောလိုက်သည်။ “တစ်လောကလုံးမှာ နံပါတ်တစ်ဓားသိုင်းဆိုတာပဲ ငါ ကြည့်ချင်တယ်... သောက်သုံးမကျတာတွေ လာမပြောနဲ့....”

ချင်မူမှာ မည်သို့မျှ မတတ်နိုင်တော့ဘဲ ထိုသစ်သားခန်းထဲမှ စိတ်ပျက်လက်ပျက် ထွက်၍ ဒုက္ခိတဘိုးဘွားကျေးရွာသို့ ပြန်လာပြီး အဘွားစစ်ကို ဖြစ်ပျက်ပုံ အလုံးစုံကို ရှင်းပြလိုက်၏။

အဘွားစစ်က ဒေါသတကြီး မြည်တွန်တောက်တီးလိုက်သည်။ “ဓားစံအိမ်သခင်က သိပ်ကို ခေါင်းမာတဲ့ ဘုဂလန့်ကောင်... မင်းလည်း အတူတူပဲ မူအာ... မင့်ဓားမနဲ့ သူ့ခေါင်းကို အစိတ်စိတ်အမြွှာမြွှာ ခွဲပစ်ပါ့လား...”

ချင်မူက ခပ်တိုးတိုး ပြောလိုက်၏။ “အဲဒီလိုဆို ဘယ်မျှတပါ့မလဲ...”

အဘွားစစ်က သူ့လက်ကို ဆွဲ၍ ရွာအဝင်ဝဆီသို့ ခေါ်သွားသည်။ ရွာအဝင်ဝ၌ ရွာလူကြီးနှင့် ဆေးဆရာက လ္ဘက်ရည်ကြမ်း ကျိုနေပြီး လူငယ်ဂိုဏ်းချုပ်က သူတို့ရှေ့တွင် ထိုင်နေ၏။ သူတို့သုံးယောက်က လ္ဘက်ရည်ကြမ်း အတူတူ သောက်နေကြခြင်း ဖြစ်သည်။

“ရွာလူကြီး၊ ဓားစံအိမ်သခင်က မူအာနဲ့ ဓားသိုင်းပြိုင်ဖို့ပဲ တောင်းဆိုနေတယ်...”

အဘွားစစ်က လက်ခနဲ ပြုံးလိုက်၏။ “တော် သူ့ကို တစ်ကွက်၊ နှစ်ကွက်လောက် သင်ပေးလိုက်ပါ့လား...”

ရွာလူကြီးက မျက်မှောင်ကြုတ်၍ ခေါင်းခါယမ်းလိုက်သည်။ “ဒီလောက်အချိန်တိုနဲ့ ငါ သင်ပေးရင်တောင် တစ်ဘက်လူကို အနိုင်တိုက်နိုင်မှာ မဟုတ်ဘူး... ဓားစံအိမ်သခင်ဆိုတာကလည်း ဘယ်နှနှစ်လောက် ဓားသိုင်းလေ့လာခဲ့မှန်းမှ မသိတာ... အတော်လေး ပေါက်ပေါက်မြောက်မြောက် ရှိလောက်ပြီ... နင်က မူအာ့ကို ငါ့ဆီက တစ်ကွက်၊ နှစ်ကွက် သင်ခိုင်းပြီး ဓားစံအိမ်သခင်ကို တန်းအနိုင်ရစေချင်တယ်ပေါ့... ကြယ်တွေဆီ အရောက်သွားမယ်လို့ စိတ်ကူးယဉ်နေတာနဲ့ အတူတူပဲ...”

“ဒါပေမဲ့ မူအာက လောကသခင်ခန္ဓာလေ... ဟုတ်တယ်မလား...” အဘွားစစ်က သူ၏ မျက်လုံးများကို အပြစ်ကင်းစင်စွာ ပုတ်ခတ်ပုတ်ခတ် လုပ်လိုက်၏။

“လောကသခင် ခန္ဓာ...”

ရွာလူကြီး၏ မျက်ဝန်းထောင်စွန်းများ တွန့်ခနဲ ဖြစ်သွားပြီး သူလုပ်ခဲ့သည့် ကိစ္စကို စတင် နောင်တရလာမိသည်။

မူအာ့ကို လောကသခင်ခန္ဓာဟု သူပဲ တစ်ချိန်လုံး ပြောဆိုခဲ့သည်မဟုတ်လား။ ချင်မူ ဝိညာဉ်သန္ဓေသား နိုးထလာခြင်းသည်ပင် သူမျှော်လင့်ထားခဲ့သောအရာ မဟုတ်ပေ။ သို့သော်လည်း အရာရာတိုင်းတွင် အကန့်အသတ်ရှိကြောင်း သူ သိ၏။ ချင်မူ့အနေဖြင့် မိစ္ဆာနတ်ဂိုဏ်းမှ ထူးချွန်ထက်မြက်သော ဓားသိုင်းပညာရှင် တစ်ယောက်ကို အချိန်တိုအတွင်း အနိုင်ယူနိုင်ရန်မှာ အတော်ကြီး ခက်ခဲသော ကိစ္စ ဖြစ်သည်။

အဘွားစစ်က ထိုကိစ္စကို သူ့ပခုံးပေါ် ပစ်တင်လာပြီး သူ့အနေဖြင့်လည်း ငြင်းဆိုနိုင်စွမ်း မရှိချေ။

ရွာလူကြီးက တစ်ခဏမျှ သူ့ဖာသာ တတွတ်တွတ် ရွတ်နေပြီးမှ ပြောလိုက်၏။ “မူအာ၊ မင်း ကူလင်းနွမ်ဆီက သင်လာတဲ့ အမြုတေနှလုံးသားရဲ့ လျှို့ဝှက်ချက်ကျင့်စဉ်ကို ပြန်ရွတ်ပြစမ်း...”

ချင်မူက အမြုတေနှလုံးသား၏ လျှို့ဝှက်ချက်ကျင့်စဉ်ကို ချက်ချင်း ရွတ်ဆိုပြလိုက်ပြီး ရွာလူကြီးက ခေါင်းညိတ်၍ ချီးကျူးလိုက်သည်။ “ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ ဧကရာဇ်အတိုင်ပင်ခံကိုယ်တိုင် တစ်လောကလုံးက ဓားသိုင်းပညာရှင်တွေကို စုစည်းပြီး ဖန်တီးထားတဲ့ ဓားသိုင်းက အတော်လေး ဟုတ်တာပဲ... ဒီအမြုတေနှလုံးသားရဲ့ လျှို့ဝှက်ချက် ဓားပျံထိန်းချုပ်နည်းက ကိုယ်ပိုင်ဟန် ရှိတယ်...”

သူ့ရှေ့မှ လူငယ်ဂိုဏ်းချုပ်ကလည်း သက်ပြင်းချ၍ ချီးကျူးစကား ဆိုလိုက်၏။ “ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ ဧကရာဇ်အတိုင်ပင်ခံက ပါရမီရှင်တစ်ယောက်ပဲ...”

ရွာလူကြီးက ဆက်ပြောလိုက်သည်။ “ဒီအမြုတေနှလုံးသားရဲ့ လျှို့ဝှက်ချက်ကျင့်စဉ်ကို ကူလင်းနွမ်က မင်းကို ဘယ်လို ရှင်းပြခဲ့လဲ...”

ချင်မူက ကူလင်းနွမ် ရှင်းလင်းပြောပြခဲ့သည်များကို ရွာလူကြီးအား တစ်လုံးမကျန် ပြန်ပြောပြလိုက်၏။ ရွာလူကြီးက ပြုံး၍ တစ်ခဏမျှ တိတ်ဆိတ်သွားသည်။ “ကူလင်းနွမ်က တချို့ဟာတွေ ဆရာစား ချန်ထားတာပဲ...”

သူက ထိုကျင့်စဉ်မှ အမှားများကို ထောက်ပြလိုက်၏။ ချင်မူက ရွာလူကြီး ပြင်ပေးသည့်အတိုင်း ချီစွမ်းအင်နှင့် ဓားပျံထိန်းချုပ်ကြည့်သောအခါ အလွန်တရာ လွယ်ကူ၍ ပိုမို လျင်မြန်လာကြောင်း တွေ့ရသဖြင့် လွန်စွာ အထင်ကြီးမိသွားသည်။

လူငယ်ဂိုဏ်းချုပ်၏ မျက်လုံးများလည်း အရောင်တောက်လာပြီး ပြုံးလိုက်၏။ “ကူလင်းနွမ်က ဆရာစားချန်တာ မဟုတ်ပါဘူး... သူ့ရဲ့ နားလည် သဘောပေါက်နိုင်စွမ်းက အဆွေတော်လောက် မမြင့်မားဘဲ အကန့်အသတ် ရှိနေလို့ပါ... သူက တစ်သက်လုံး အမှားအယွင်းအတိုင်း လေ့ကျင့်နေခဲ့ပေမဲ့ အဆွေတော်ကတော့ တစ်ခါကြားရုံနဲ့ အမြုတေနှလုံးသားရဲ့ လျှို့ဝှက်ချက်ကျင့်စဉ်ကို အလုံးစုံ ထိုးထွင်းသိမြင်နိုင်လိုက်တာပဲ...”

“ချီးမြှောက်မှုအတွက် ကျေးဇူးတင်ပါတယ် အဆွေတော်...”

ရွာလူကြီး ချင်မူ့ကို ကြည့်၍ လေသံမှန်မှန်ဖြင့် ပြောလိုက်သည်။ “ငါ မင်းကို ဓားကွက် သင်မပေးဘူး... အရိုးရှင်းဆုံး လှုပ်ရှားမှုတစ်ခုပဲ သင်ပေးမယ်... အဲဒါက ဓားနဲ့ထိုးတာပဲ...”

“ဓားနဲ့ထိုးတာ ဟုတ်လား...”

ချင်မူမှာ မည်သို့ ပြောရမှန်းမသိ ဖြစ်သွား၏။ ဓားနှင့်ထိုးခြင်းဆိုသည်မှာ ချီစွမ်းအင်ဖြင့် ဓားကို ထိန်းချုပ်၍ ရှေ့သို့ ထိုးချလိုက်ရုံသာ မဟုတ်လား။ ထိုမျှ လွယ်ကူသည်ကို အဘယ်ကြောင့် သင်ယူနေရဦးမည်နည်း။

“ဓားနဲ့ထိုးတယ်ဆိုတာက မင်းထင်သလောက် မရိုးရှင်းဘူး... မင်းအနေနဲ့ ဓားသိုင်းကွက်တွေ မတတ်ရင်တောင် ဒီဓားနဲ့ထိုးတာကို ဆရာတစ်ဆူလို ကျွမ်းကျင်သွားရင် တစ်လောကလုံးမှာ မင်းကို အနိုင်ယူနိုင်မဲ့ ဝိညဉ်သန္ဓေသားအဆင့် ဓားသိုင်းပညာရှင် များများစားစားရှိမှာ မဟုတ်ဘူး...”

ရွာလူကြီးက ဆက်ပြောလိုက်၏။ “ရိုးရိုးဓားတစ်ချောင်းကို ချီစွမ်းအင်နဲ့ ထိန်းချုပ်ပြီး သားသတ်သမားရဲ့ ဆိုင်က တိုင်လုံးကို သွားထိုးကြည့်...”

ချင်မူက အမြုတေနှလုံးသား၏ လျှို့ဝှက်ချက်ကျင့်စဉ်ကို အသုံးပြုပြီး သူ၏ လက်မောင်းလုံးခန့် တုတ်သော ချီစွမ်းအင်ဖြင့် ဓားအိတ်ထဲမှ ဓားတစ်ချောင်း ဆွဲထုတ်ယူကာ ရွာထဲရှိ သားသတ်သမား၏ ဆိုင်မှ တိုင်လုံးသို့ ထိုးစိုက်လိုက်သည်။

ဒုတ်...။

ဓားဦးက တိုင်လုံးတစ်ဘက်မှ ဖောက်ထွက်လာ၏။ ထို့နောက် နွားကျောင်းသားလေးက ရွာလူကြီးထံ ပြန်လာ၍ ကြည့်လိုက်သည်။

ရွာလူကြီး၏ အမူအရာ တောင့်တင်းသွားပြီး တဟွတ်ဟွတ် ချောင်းဆိုးလိုက်၏။ “ဒီကျောက်တုံးကို ထိုးကြည့်ပါဦး...”

ချင်မူ၏ ချီစွမ်းအင်က တိုင်လုံးတွင် စိုက်နေသော ဓားရှည်ကို ရစ်ပတ်ဆွဲယူ၍ ရွာလူကြီး၏ ရှေ့မှ ကျောက်တုံးထဲသို့ ချွင်ခနဲ ထိုးစိုက်လိုက်သည်။ နွားကျောင်းသားလေးက တစ်ဖန် ပြန်၍ လျှောက်လာပြီး တောင့်တောင့်ကြီး ဖြစ်နေသည့် ရွာလူကြီးကို အပြစ်ကင်းစင်စွာ ကြည့်လိုက်၏။

လူငယ်ဂိုဏ်းချုပ်မှာ အံ့အားသင့်သွားပြီး တစ်ချိန်တည်းတွင် ရယ်ချင်သွားသော်လည်း မယဉ်ကျေးရာ ကျမည် စိုး၍ ရယ်ချင်စိတ်ကို အောင့်ထားရသည်။

“ဒီကောင်လေးရဲ့ ချီစွမ်းအင်က အတော် သိပ်သည်းတယ်ဆိုတာ ငါ မေ့သွားတယ်... သူ့ဓားစွမ်းရည်က စုတ်ပြတ်သတ်နေပေမဲ့ သိပ်သည်းလွန်းတဲ့ ချီစွမ်းအင်နဲ့ဆိုတော့ သူ့ထိုးချက်မှာ အားအများကြီး ပါလာမှာပဲ...”

ရွာလူကြီးက ကိုးရိုးကားရား ဖြစ်သွားသည်ကို ချောင်းတဟွတ်ဟွတ် ဆိုး၍ ဖုံးကွယ်ပြီး စကားဆက်လိုက်၏။ “မင်းရဲ့ ဝက်ခုတ်ဓားကို ထိုးကြည့်ပါဦး...”

ချွမ်ခနဲ အသံထွက်လာသော်လည်း ဤတစ်ခါတွင်တော့ ဝက်ခုတ်ဓားကို ချင်မူ မထိုးဖောက်နိုင်ချေ။

“ကံကောင်းလို့ ဝက်ခုတ်ဓားကို ဒီကောင်လေး မထိုးဖောက်နိုင်တာ... မဟုတ်ရင် ငါ ဘယ်လို သင်ရမလဲတောင် မသိတော့ဘူး...”

ရွာလူကြီးက ကျိတ်၍ သက်ပြင်းချပြီး စိတ်ရှည်လက်ရှည် သင်ပြပေးလိုက်သည်။ “မင့်ဓားနဲ့ ထိုးကြည့်တော့ ဘယ်လို ခံစားရလဲ...”

ချင်မူက သေချာ ပြန်စဉ်စားကြည့်ပြီးနောက် မျက်လုံးများ အရောင်တောက်သွား၏။ “ကျွန်တော်ရဲ့ ချီစွမ်းအင်က အားနည်းနေသေးတယ်လို့ ခံစားရတယ်... ချီစွမ်းအင်က ဓားဖျားမှာ ပိတ်ဆို့နေတယ်၊ ကျွန်တော့်တစ်ကိုယ်လုံးမှာ ခွန်အားအပြည့် ရှိပေမဲ့ ရန်သူကို ဆံပင်မွေးတစ်ချောင်းနဲ့ ရိုက်နေရသလိုပဲ... ချီစွမ်းအင်ကြိုးမျှင်က သိပ်ကို ပါးပျော့ပြီး ကျွန်တော့်ရဲ့ အားအကုန်လုံးကို လက်မခံနိုင်ဘူး...”

All Chapters