ထိုးဓား
Vol. 4 Ch. 56
လူငယ်ဂိုဏ်းချုပ်မှာ ထူးဆန်းသော အမူအရာ ဖြစ်သွားသည်။ ချင်မူ၏ လက်မောင်းလုံးခန့် တုတ်ခိုင်သော ချီစွမ်းအင်ကို ချီစွမ်းအင်ကြိုးမျှင်ဟု ခေါ်ဆိုနိုင်သေးသည်လား။
ထိုမျှ တုတ်ခိုင်သော ချီစွမ်းအင်ကြိုးမျှင် ရှိပါသေး၏လား။
ထိုမျှ အားကောင်းသော ချီစွမ်းအင် ကြိုးမျှင် ရှိပါသေး၏လား။
သို့ပါလျက်နှင့် 'ကျွန်တော်ရဲ့ ချီစွမ်းအင်က အားနည်းနေသေးတယ်လို့ ခံစားရတယ်' ဟူသော စကားက အဘယ်သို့နည်း။ ဝိညာဉ်သန္ဓေသားအဆင့်တွင် ထိုမျှ သိပ်သည်းသော ချီစွမ်းအင်ကို သူ တစ်ခါမျှ မမြင်ဖူးချေ။
ဒုက္ခိတဘိုးဘွားကျေးရွာမှ လူငယ်လေးက ရေစည်ပိုင်းတစ်လုံးခန့် တုတ်ခိုင်သော သစ်သားတိုင်လုံးကို တစ်ချက်တည်းနှင့် ထုတ်ချင်းခတ် ထိုးသွင်းနိုင်ခဲ့၏။ ခြောက်ကိုက်ခန့် ထူသော ကျောက်တုံးကြီးကိုလည်း တစ်ချက်တည်းနှင့် ထိုးသွင်းနိုင်ခဲ့၏။ သူ၏ ချီစွမ်းအင်ကြိုးမျှင်တွင် ပါဝင်သော အားအင်က မရေမတွက်နိုင်သော ဝိညာဉ်သန္ဓေသားအဆင့် ဓားသမားများထက် များစွာ သာလွန်နေသည်။
ရွာလူကြီးက ပြုံး၍ ချင်မူ့ကို သင်ကြားပြသပေးလိုက်၏။ “မှန်တယ်... မင်းက ဓားသိုင်းရဲ့ အခြေခံအကျဆုံး လှုပ်ရှားမှုဖြစ်တဲ့ ထိုးသွင်းတာကို မကျွမ်းကျင်သေးလို့ပဲ... မင်းရဲ့ ခွန်အားအကုန်လုံးကို မင်းထိုးလိုက်တဲ့ ဓားချက်ထဲမှာ စုစည်းနိုင်ရင် ဘယ်လိုနေမလဲ... မင်းမှာ ရှိတဲ့ ခွန်အားအကုန်လုံးကို ထုတ်သုံးနိုင်ရင် ဘယ်လိုနေမလဲ...”
ချင်မူက စဉ်းစားကြည့်ပြီး လက်ခံနိုင်ရန် ခက်ခဲလှသဖြင့် ခေါင်းခါယမ်းလိုက်သည်။ “ဓားပျံထိန်းချုပ်တာက ချီစွမ်းအင်ကြိုးမျှင်နဲ့ ထိန်းချုပ်ရတာ မဟုတ်လား... ချီစွမ်းအင်ကြိုးမျှင်က ပျော့ပျောင်းလွန်းတယ်... ဘယ်လိုလုပ် ကျွန်တော့်ရဲ့ အားအကုန်လုံးကို ထုတ်သုံးနိုင်မှာလဲ...”
“သုံးနိုင်တာပေါ့...”
ရွာလူကြီးက ခပ်အေးအေး ပြောလိုက်၏။ “မင့်ဓားကို မင်းရဲ့ လက်လို၊ ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုလို သဘောထား... အခု မင့်လက်ကို မြှောက်ပြီး လက်ထဲမှာ ဓားတစ်လက် ကိုင်ထားတယ်လို့ မြင်ယောင်ကြည့်... ပြီးတော့ လက်ညှိုးနဲ့ လက်ခလယ်ကို ဓားသွားပေါ်မှာ တင်ပြီး မင်းလက်နဲ့ ရှေ့ကို ဆတ်ခနဲ ထိုးတည့်လိုက်... ဓားသွားကလည်း နောက်က လိုက်လာလိမ့်မယ်...”
“ကျွန်တော့်ရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုလို သဘောထားရမှာ ဟုတ်လား...”
ချင်မူ စိတ်ရှုပ်ထွေးသွားသည်။ သူ၏ လက်မောင်းလုံးခန့် တုတ်ခိုင်သော ချီစွမ်းအင်က ဓားရှည်ကို ထပ်မံ၍ ရစ်ပတ်သွား၏။ ထို့နောက် ညာဘက်လက်ဖြင့် ဗလာနယ်ကို ဆုပ်ကိုင်၍ လက်မက လက်သူကြွယ်နှင့် လက်သန်းကို ဖိကာ လက်ညှိုးနှင့် လက်ခလယ်ကို ဓားတစ်ချောင်း၏ အသွားပေါ်တွင် တင်ထားသကဲ့သို့ ဆန့်ထုတ်လိုက်သည်။
ထိုသို့ ရှေ့ထိုးအချတွင် ရွှီခနဲ အသံကြားလိုက်ရ၏။ သူ၏ ချီစွမ်းအင်က ဓားရှည်ကို ရစ်ပတ်၍ ရှေ့သို့ ထိုးချပြီး လေထုကို နှစ်ခြမ်းခွဲကာ ရွှီခနဲအသံ စူးစူးရှရှ ထွက်ပေါ်လာခြင်း ဖြစ်သည်။
ချင်မူ အံ့ဩဝမ်းသာသွား၏။ ယခုတစ်ကြိမ် ချီစွမ်းအင်ဖြင့် ဓားပျံထိန်းချုပ်ရာတွင် သူ့ခွန်အား၏ ဆယ်ပုံတစ်ပုံခန့် ပါဝင်လာပြီး သူ့ဓား၏ အားအဟုန်က အဆများစွာ ထိုးတက်သွားကြောင်း ခံစားလိုက်ရသည် မဟုတ်လား။
လူငယ်ဂိုဏ်းချုပ်က ပြုံးလိုက်၏။ “ဒါကို ဓားကိုင်နည်း လျှို့ဝှက်ချက်လို့ ခေါ်တယ်... ဓားပညာကို စလေ့ကျင့်မဲ့သူတွေအတွက် မိတ်ဆက်ပဲ... အစောက မင့်ဓားနဲ့ ကျောက်တုံးကို ထိုးခဲ့တာ ဘာဓားပညာမှ မပါဘူး... ကြည့်ရတာ မင်းရဲ့ ချီစွမ်းအင်သိပ်သည်းဆက ငါငယ်ငယ်တုန်းကထက် ပိုများတဲ့ပုံပဲ...”
ရွာလူကြီးက လက်ခါပြလိုက်သည်။ “ဒီလောက်နဲ့ မရသေးဘူး... ဓားကိုင်နည်း လျှို့ဝှက်ချက် တတ်ရုံနဲ့ ဆယ်စုနှစ်ပေါင်းစွာ ဓားသိုင်းကျင့်လာတဲ့ ပညာရှင်ကို အနိုင်ယူနိုင်မှာ မဟုတ်ဘူး... မူအာ၊ မင့်ရဲ့ ချီစွမ်းအင်ကို လက်ဖဝါးကနေ စီးဆင်းသွားအောင် လုပ်ပြီး နောက်တစ်ခါ ထပ်ထိုးလိုက်...”
ချင်မူက ရွာလူကြီးပြောသည့်အတိုင်း သူ့လက်ဖဝါးမှ ချီစွမ်းအင်ဖြင့် ဓားရှည်ကို ရစ်ပတ်လိုက်၏။ ထို့နောက် သူ၏ ချီစွမ်းအင်ကို လှုပ်ရှားစီးဆင်းစေပြီး နောက်တစ်ချက် ထပ်ထိုးလိုက်သည်။
ရွှစ်...။
သူ့ဓားက ရှေ့သို့ တိုးဝင်သွားပြီး ဓားသံ တရွှီရွှီနှင့် လေပွေတစ်ခု ဖြစ်ပေါ်လာ၏။
လူငယ်ဂိုဏ်းချုပ်၏ မျက်လုံးများ တွန့်ခနဲ ဖြစ်သွားပြီး ချင်မူ၏ ထိုးချက်မှ အားအင်က နောက်ထပ် ဆယ်ပုံတစ်ပုံခန့် တိုးမြင့်လာကြောင်း အာရုံခံလိုက်မိသည်။ ဤဒုက္ခိတအဘိုးကြီးထံမှ စကားတစ်ခွန်း၊ နှစ်ခွန်းမျှနှင့် ထိုမျှ အကြီးအကျယ် တိုးတက်လာသည်မှာ အတော်ပင် ချီးကျူးစရာ ကောင်းလှ၏။
ရွာလူကြီးက အော်ဟစ်လိုက်သည်။ “ချီစွမ်းအင်ကြိုးမျှင်က ဓားကို ရစ်ပတ်ထားရမှာ မဟုတ်ဘူး... ဓားထဲမှာ နစ်ဝင်စီးမျောနေရမယ်... ဓားက မင်းရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်း၊ ချီစွမ်းအင်ကလည်း မင်းရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းပဲ... ပြန်ထိုး...”
ချင်မူ၏ ချီစွမ်းအင်က ဓားရှည်ထဲသို့ နစ်ဝင်စီးမျောသွားပြီး ဓားနှင့်လူ တစ်သားတည်း ဖြစ်ကာ သူ့ကိုယ်သူ နောက်ထပ် လက်တစ်ချောင်း ပေါက်လာသကဲ့သို့ ခံစားလိုက်ရ၏။
ဤထိုးချက်နှင့်အတူ သူ၏ ခွန်အားများက အပေါက်ရှိရာသို့ တစ်ဟုန်ထိုး စီးဆင်းသွားသည့် ရေလုံးကြီးပမာ ဖြစ်လာသည်။ သူ့ခွန်အား၏ ဆယ်ပုံပုံ ခုနစ်ပုံ၊ ရှစ်ပုံခန့် ဓားထဲတွင် စုမိပြီး ရှေ့သို့ ဆန့်ထုတ် ထိုးတည့်လိုက်၏။
ရွာလယ်ခေါင်၌ လေခွင်းသံတရွှီရွှီ ထွက်ပေါ်လာပြီး သားသတ်သမား တက်တက်ရပ်သည့် သစ်သားတုံးကြီးမှာ ထက်ခြမ်းကွဲသွားသည်။
ချင်မူ ကြောင်အမ်းအမ်းဖြင့် စိုက်ကြည့်နေမိ၏။ သူ့ဓားက ထိုသစ်သားတုံးကို မထိရသေးချေ။ ဓားအားလှိုင်းဖြင့်ပင် ထိုသစ်တုံးက နှစ်ခြမ်းကွဲသွားခြင်း ဖြစ်၏။
လူငယ်ဂိုဏ်းချုပ်မှာ တအံ့တဩ စုတ်သပ်လိုက်မိသည်။ ဤဒုက္ခိတကြီးက စကားအနည်းငယ်မျှဖြင့် ချင်မူ၏ အစွမ်းအစကို ဆွဲထုတ်နိုင်ခဲ့၏။ ဓားသိုင်းပညာတွင် အလွန်တရာ မြင့်မားသည့် အဆင့်တစ်ခု ရထားသူ ပီသလှပါပေသည်။
“လိုသေးတယ်...”
ရွာလူကြီးက ဆက်ပြောလိုက်၏။ “မင့်မှာ ရှိသမျှ ခွန်အားကို အပြည့်အဝ မထုတ်နိုင်သေးဘူး... မင့်ခွန်အားကိုတော့ ဓားထဲမှာ ထည့်သုံးပြီးပြီ၊ မင်းရဲ့ ဝိညာဉ်သန္ဓေသားကရော... မင့်ဝိညာဉ်သန္ဓေသားရဲ့ ခွန်အားက ဘယ်ရောက်နေလဲ... မင့်ဝိညာဉ်သန္ဓေသားကလည်း ဓားကို ကိုင်ထားရမယ်... ထပ်ထိုး...”
ချင်မူ သူ့ကိုယ်သူ တည်ငြိမ်အောင် လုပ်လိုက်သည်။ သူ့ဝိညာဉ်သန္ဓေသား ကောင်းကင်ရတနာထဲရှိ ဝိညာဉ်သန္ဓေသားကလည်း သူ၏ လှုပ်ရှားမှုအတိုင်း လက်ချောင်းလေးများကို ရှေ့သို့ ထိုးစိုက်လိုက်၏။
“မရသေးဘူး... အမြုတေနှလုံးသားရဲ့ လျှို့ဝှက်ချက်က ဘယ်ရောက်နေလဲ... အမြုတေနှလုံးသားရဲ့ လျှို့ဝှက်ချက်က မင်းရဲ့ အမြုတေနှလုံးသားကို လေ့ကျင့်ဖို့တင် မဟုတ်ဘူး... ဓားထဲမှာလည်း အမြုတေနှလုံးသားကို ထည့်ရမှာ... အခု ချက်ချင်း မင့်ဓားထဲကို ထည့်...”
“မရသေးဘူး... နောက်တစ်ခေါက် ပြန်ထိုး... အမြုတေနှလုံးသားကို မင့်ဓားထဲကို ထည့်... အဲဒါက အမြုတေနှလုံးသား လျှို့ဝှက်ချက်ကျင့်စဉ်ရဲ့ အရေးအကြီးဆုံး အချက်ပဲ...”
”မြေကြီးပေါ် ခြေကုပ်ယူထားတဲ့ ခြေထောက်တွေက ခွန်အားရဲ့ ရင်းမြစ်ပဲ... ကမ္ဘာမြေကြီးရဲ့ ခွန်အားကို အရယူဖို့ ထော့ကျိုး မင်းကို သင်ပေးထားတဲ့ ခြေသိုင်းကို သုံး...”
“မင့်မျက်လုံးတွေ ဘယ်မလဲ... မျက်ကန်း မင်းကို သင်ပေးထားတဲ့ ကောင်းကင်မျက်လုံးတွေ ဘယ်မလဲ... မင့်ဓားမှာ မျက်လုံးတွေ ပေါက်ပစေ...”
“အဘိုးကြီးမာဆီက မင်းသင်လာတဲ့ လက်သီးချက်တွေက မင့်ကြွက်သားတွေကို နဂါးတစ်ကောင်လို လေ့ကျင့်ရတာ... တကယ့်နဂါးတစ်ကောင်ကိုလည်း မင်း မြင်ဖူးပြီးသား... အဲဒါကို ဘာလို့ မင့်ဓားမှာ အဘိုးကြီးမာရဲ့ လက်သီးချက်တွေက အဖျက်စွမ်းအားနဲ့ နဂါးတစ်ကောင်ရဲ့ ခမ်းနားထည်ဝါတဲ့ အရှိန်အဝါအငွေ့အသက်မျိုး ရှိမနေရတာလဲ...”
....... ။
ချင်မူက သူ၏ ထိုးချက်များကို ထပ်ခါ ထပ်ခါ လေ့ကျင့်နေရပြီး ရွာလူကြီး၏ စေခိုင်းမှုများကလည်း မြင့်သည်ထက် မြင့်လာသည်။ ပထမတွင် ရွာလူကြီးက သူ့ခွန်အားကို ထိန်းညှိခိုင်း၏။ ထို့နောက် ချီစွမ်းအင်၏ ခွန်အားကို ထိန်းညှိခိုင်း၏။ ထို့နောက် ဝိညာဉ်သန္ဓေသား၏ ခွန်အား၊ အဘိုးကြီးမာ၏ လက်သီးချက်၊ ထော့ကျိုး၏ ခြေထောက်များကိုပါ ဓားချက်ထဲတွင် ထပ်ပေါင်းထည့်ခိုင်းပြီး တဖြည်းဖြည်း ပိုခက်ခဲလာသည်။
တစ်ခဏမျှသော အချိန်အတွင်းတွင် သူ အကြိမ်ပေါင်း မရေမတွက်နိုင်အောင် ဓားဖြင့် ထိုးခဲ့ပြီးပြီ ဖြစ်၏။ သို့သော်လည်း ရွာလူကြီးက မကျေနပ်နိုင်သေးဘဲ ဆက်၍ လေ့ကျင့်ခိုင်းသည်။
အဘွားစစ်၊ ထော့ကျိုးနှင့် ကျန်သူများမှာ ချင်မူ ဓားသိုင်း လေ့ကျင့်နေသည်ကို ကြည့်၍ အံ့ဩတုန်လှုပ်သော အမူအရာများ ပေါ်ထွက်လာကြ၏။ ဓားချက်တစ်ချက် ထိုးသွင်းလိုက်တိုင်း လေတိုးသံ တစ်ရွှစ်ရွှစ် ထွက်ပေါ်လာပြီး လေပြင်းတစ်ခု နောက်မှ တွဲပါ တိုက်ခတ်လာသည်။ ပန်းပဲရုံ၊ ဆေးဆရာနှင့် သားသတ်သမား၏ ဆိုင်ခန်းများရှိ အလံများမှာ တဖျပ်ဖျပ် လွင့်သွား၏။
ချင်မူ ဓားချက်တစ်ချက် ထိုးလိုက်တိုင်း မြေပြင်ပေါ်တွင် ဓားရာတစ်ချက် ဖြစ်ပေါ်လာသည်။ ထိုဓားရာများက မြေပြင်သို့ ဓားလှိုင်းရိုက်ခတ်မှုကြောင့် ဖြစ်ပေါ်လာသော ဓားရာများ ဖြစ်၏။
အဘွားစစ်က မယုံနိုင်စွာ တတွတ်တွတ် ရေရွတ်လိုက်သည်။ “ဒီလောက်အချိန်တိုလေးနဲ့ ရွာလူကြီးက ချင်မူ့ကို ဓားသိုင်းပညာရှင်တစ်ယောက် ဖြစ်အောင် လေ့ကျင့်ပေးနိုင်တယ်... ဒါက... သိပ်ကို...”
ရွာလူကြီးက ခေါင်းခါယမ်းလိုက်၏။ “ငါက သူ့ကို ဘာဓားသိုင်းမှ မသင်ပေးရသေးဘူး... သူ့ခွန်အားကို စုစည်းနိုင်အောင်နဲ့ နင်တို့သင်ထားသမျှကို တစ်ပေါင်းတည်း သုံးနိုင်အောင် ကူညီပေးတာလောက်ပဲ ရှိတယ်... အခု သူက ဓားနဲ့ထိုးတာရဲ့ အခြေခံပဲ ရသေးတာ... တကယ့်ထိုးချက်ကို ကျွမ်းကျင်ဖို့ အဝေးကြီး လိုသေးတယ်... ပြီးရင် ခွဲခုတ်တာ၊ ရစ်လှီးတာ၊ ပယ်တာ၊ လှုပ်ခါတာ၊ ထိုးသွင်းတာ၊ ဆတ်ခနဲ ထိုးတာ၊ ဖြတ်တားတာ၊ ပင့်တင်တာ စတဲ့ ဓားသိုင်းရဲ့ အခြေခံလှုပ်ရှားမှုတွေ အများကြီး ကျန်သေးတယ်... အဲဒီအခြေခံဓားချက်တွေ အကုန်လုံး ကျွမ်းကျင်ပြီဆိုမှ ဓားသိုင်းစသင်ဖို့ အရည်အချင်း ပြည့်မီတယ်လို့ သတ်မှတ်နိုင်မယ်... မူအာ၊ မင်းရဲ့ ဝက်ခုတ်ဓားမကို သွားထိုးကြည့်...”
သူ့စကားဆုံးသည်နှင့် ချင်မူက ဝက်ခုတ်ဓားမကို လေထဲသို့ မြှောက်တင်ပြီး သူ့ဓားကို ချီစွမ်းအင်ဖြင့် ထိန်းချုပ်၍ လျှပ်ပြက်သကဲ့သို့ ထိုးချလိုက်၏။
ချွမ်...။
ဓားဦးချွန်က ဝက်ခုတ်ဓားမနှင့် ထိတွေ့သွားပြီး ဆောင်းသလင်းသံမဏိနှင့် ပြုလုပ်ထားသော ရတနာဓားမကို ထွင်းဖောက်သွားသည်။
ဝက်ခုတ်ဓားမက ဓားဦးချွန် ထိုးစိုက်လျက်သား မြေပြင်ပေါ်သို့ ပြုတ်ကျသွား၏။ ချင်မူမှာ ရှေ့သို့ တိုးကပ်ကြည့်ရှုပြီး ကြက်သေသေသွားသည်။ သူ့အနေဖြင့် အချိန်တိုအတွင်း၌ ဤမျှ တိုးတက်လာနိုင်မည်ဟု မထင်မိခဲ့ပေ။
ဓားဖြင့်ထိုးခြင်း...။ ဓားသိုင်း၏ အခြေခံအကျဆုံး လှုပ်ရှားမှု၌ ဤမျှ စွမ်းအား ရှိနေ၏။
ရွာလူကြီး၏ ရင်ထဲတွင်လည်း လှုပ်ခါသွားသည်။ ချင်မူက ဓားဖြင့်ထိုးခြင်းကို ဤမျှ မြန်မြန်ဆန်ဆန် ကျွမ်းကျင်သွားမည်ဟု မမျှော်လင့်မိခဲ့ချေ။ “မူအာ၊ မင်း အခု ဓားစံအိမ်သခင်နဲ့ သွားတွေ့လို့ ရပြီ...”
“ခဏလေး...”
လူငယ်ဂိုဏ်းချုပ်က အလျင်အမြန် လက်ဆန့်မြှောက်၍ တောထဲမှ သစ်သားချောင်းတစ်ချောင်းကို ဆွဲယူကာ တစ်ကိုက်ခန့်ရှည်သော သစ်သားဓားအဖြစ် ခုတ်ထွင်ပြီး ချင်မူ့ကို ကမ်းပေးလိုက်၏။ “ဒီဓားနဲ့ သူ့ကို သွားတွေ့... တကယ့် ဓားအစစ် မသုံးနဲ့...”
ချင်မူက သစ်သားဓားကို ယူ၍ အဘွားစစ်ကို လှမ်းကြည့်လိုက်သည်။ အဘွားစစ်က ရှင်းပြလိုက်၏။ “ဓားစံအိမ်သခင်က ကျန်တဲ့ကောင်းကင်ရတနာတွေကို ပိတ်ပြီး ဝိညာဉ်သန္ဓေသား ကောင်းကင်ရတနာပဲ ချန်ထားတာ... မင်းသာ တကယ့်ဓားအစစ် သုံးရင် သူ့ကို သေအောင် ထိုးသတ်မိလိမ့်မယ်... သွားတော့...”
ချင်မူက တစ်ခဏမျှ စဉ်းစားပြီးနောက် သူ၏ ဓားအိတ်နှင့် အိမ်ရှေ့စံကိုယ်ရံတော်ဓားကို ရွာအဝင်တွင် ချထားခဲ့လိုက်သည်။ ထို့နောက် သစ်သားဓားကို နောက်ကျောတွင် ချိတ်ဆွဲ၍ ဓားစံအိမ်သခင်နှင့် တွေ့ဆုံရန် တစ်ဘက်ရွာရှိ သစ်သားအိမ်လေးသို့ ပြန်သွားလိုက်၏။
ဓားစံအိမ်သခင်က ဓားအိမ်ပေါ်တွင် လက်တင်၍ ဒူးတုပ်လျက် အနေအထားနှင့်ပင် ထိုင်နေဆဲ ရှိသည်။ သူက စူးစူးရဲရဲ ကြည့်၍ မေးလိုက်၏။ “မင်းရဲ့ တစ်လောကလုံးမှာ နံပါတ်တစ် ဓားသိုင်းပညာရှင်ဆီက မေးမြန်းသင်ယူပြီးသွားပြီလား... မင်းသင်ခဲ့တဲ့ ဓားသိုင်းနဲ့ ငါ့ကို တိုက်စမ်း... ဘယ်လိုလူကများ ကိုယ့်ကိုယ်ကိုယ် နံပါတ်တစ်လို့ ပြောရဲတဲ့အထိ မာန်တက်နေတာလဲ ကြည့်ကြသေးတာပေါ့...”
ချင်မူက ခေါင်းခါယမ်းလိုက်သည်။ “ကျွန်တော် ဘာဓားသိုင်းမှ မသင်ခဲ့ရပါဘူး... ရွာလူကြီးက ကျွန်တော့်ကို အခြေခံ ဓားချက်တစ်ချက်ပဲ သင်ပေးလိုက်ပါတယ်...”
ဓားစံအိမ်သခင်က မျက်မှောင်ကြုတ်၍ အေးစက်စက် ပြောလိုက်၏။ “ငါ မင်းကို အချိန်ပေးမယ်... ထပ်သွားသင်ချေ... ဓားတစ်ကွက် တတ်မှ ငါနဲ့ ပြန်လာတိုက်...”
ချင်မူက ခပ်အမ်းအမ်းအမူအရာနှင့် ပြန်ပြောလိုက်သည်။ “ခင်ဗျားတို့ ကောင်းကင်နတ်ဆိုးဂိုဏ်းချုပ်က တကယ့်ဓားအစစ်နဲ့ဆိုရင် ခင်ဗျားကို သေအောင် ထိုးသတ်မိမှာစိုးလို့ သစ်သားဓားနဲ့ပဲ တိုက်ဖို့တောင် တောင်းဆိုထားတာ...”
“ရယ်စရာ ကောင်းလိုက်တာ...”
ဓားစံအိမ်သခင်၏ အရှိန်အဝါအငွေ့အသက်က ဟုန်းခနဲ ပေါက်ကွဲထွက်ပေါ်လာပြီး ပတ်ဝန်းကျင်တစ်ခွင်လုံး အနံ့အသက်စူးစူးတစ်ခု ဖုံးလွှမ်းသွား၏။ မရေမတွက်နိုင်သော ဓားများ တစ်ခုနှင့်တစ်ခု တိုးတိုက်သွားသကဲ့သို့ သတ္ထုချင်းထိသံ တချွင်ချွင်လည်း ထွက်ပေါ်လာသည်။
ဤသည်က သွေးနှင့်သံ ရောယှက်ထွက်ပေါ်လာသည့် အနံ့ ဖြစ်၏။ လေထုထဲတွင် သံချေးနံ့နှင့် သွေးညှီနံ့များ လှိုင်လှိုင်ထလာသည်။ ဤသို့သော အနံ့အသက်မျိုး ထွက်ပေါ်လာစေရန် မည်မျှသော သက်ရှိသတ္တဝါများကို သတ်ဖြတ်ခဲ့ရမည် မသိချေ။
ဓားစံအိမ်သခင်၏ ဓားအိမ်က အလိုလို ပွင့်ဟပြီး အထဲမှ ရတနာဓားများ ပျံဝဲ ထွက်ပေါ်လာ၏။ ထိုဓားများက တဝှမ်ဝှမ် အော်မြည်၍ မြူးထူးစွာ ပျံဝဲလာသည်။
သူ့ဓားနှင့် သူ့စိတ်ခံစားချက် ထပ်တူကျ၏။ သူ ပျော်သည့်အခါ သူ့ဓားများလည်း ပျော်၏။ သူ ဒေါသထွက်သည့်အခါ သူ့ဓားများလည်း ဒေါသထွက်၏။ သူ ပျံသန်းချင်သောအခါ သူ့ဓားများက ကောင်းကင်ယံသို့ ခေါ်ဆောင်သွားပြီး သူ သတ်ဖြတ်ချင်သောအခါ သူ့ဓားများက လိုက်လံ သတ်ဖြတ်သည်။
သူဆိုသည်က ဓားစံအိမ်သခင်၊ စိတ္တဇဓားပင် ဖြစ်၏။
ယခု သူ သတ်ဖြတ်လိုစိတ်များ ဖြစ်လာသောအခါ သူ့ဓားများက ဓားအိမ်ထဲမှ ပျံဝဲ ထွက်ပေါ်လာပြီး မျက်စိတစ်မှိတ်အတွင်း တစ်ခန်းလုံး ဓားရောင်များ ပြည့်နှက်သွားသည်။
ချင်မူက တွေဝေတုံ့ဆိုင်းနေခြင်း မရှိဘဲ သူ၏ ချီစွမ်းအင်ဖြင့် သစ်သားဓားကို ထိန်းချုပ်၍ ဓားကိုင်နည်း လျှို့ဝှက်ချက်ဖြင့် ရှေ့သို့ ထိုးချလိုက်၏။
ဓားစံအိမ်သခင်၏ ဓားအိမ်ထဲမှ ဓားရောင်များ ဟုန်းခနဲ ထွက်ပေါ်လာပြီးနောက် ဒုတ်ခနဲ ခပ်တိုးတိုး အသံတစ်ချက်နှင့်အတူ ဓားရောင်များအားလုံး အစိတ်စိတ်အမြွှာမြွှာ လွင့်ပြယ်သွားသည်။
ဘုန်း...။
ဓားစံအိမ်သခင်မှာ နောက်ကျောမှ နံရံပွင့်အောင် လွင့်ထွက်ပြီး ရင်ဘတ်တွင် သစ်သားဓားတစ်လက် ထိုးစိုက်လျက်သားနှင့် တစ်ဘက်မှ သစ်သားအိမ်သို့ ဝင်ဆောင့်သွား၏။
ချင်မူမှာ အလန့်တကြား ထခုန်မိပြီး သူ့ဓားကို အလျင်အမြန် ဆွဲနုတ်ကြည့်လိုက်သည်။ ဓားဦးထိပ်၌ သွေးစအနည်းငယ်မျှသာ မြင်မှ သက်ပြင်းချနိုင်၏။ သူ့ဓားက ဓားစံအိမ်သခင်၏ ခန္ဓာကိုယ်ကို ထွင်းဖောက်မသွားခဲ့ချေ။
တစ်ဘက်မှ သစ်သားအိမ်နံရံတွင်တော့ ဓားစံအိမ်သခင်၏ ခန္ဓာကိုယ်က တအိအိ လျှောကျသွားသည်။ ထို့နောက် လေထဲမှ အရှိန်ဖြင့် ပြုတ်ကျ၍ မြေပေါ်သို့ ဖင်ထိုင်ကျသွား၏။ သူ၏ မျက်လုံးများကတော့ အသက်ကင်းမဲ့ပြီး ငူငူကြီး ဖြစ်နေသည်။
“အဆင်ပြေရဲ့လား... ဘာဖြစ်သွားသေးလဲ...” ချင်မူ လက်ဝှေ့ယမ်း၍ မေးလိုက်၏။
ဓားစံအိမ်သခင်က ငေးငေးငိုင်ငိုင်ဖြင့် ခေါင်းခါယမ်းလိုက်သည်။ သူ့ခန္ဓာကိုယ်က ဆိုးဆိုးဝါးဝါး ဒဏ်ရာရခဲ့သည်မဟုတ်၊ သူ့စိတ်ဝိညာဉ်က ပြိုလဲသွားခြင်းသာ ဖြစ်၏။