← Chapters

စံအိမ်နီသခင်မ

Vol. 5 Ch. 57

စံအိမ်နီသခင်မ

Vol. 5 Ch. 57

ချင်မူ ခေါင်းပြန်ရုပ်၍ နောက်တစ်ခန်းသို့ ဆက်ဝင်လိုက်သည်။ ထိုအခန်းထဲတွင်တော့ အောက်ထပ်မှ ဓားစံအိမ်သခင်ကို လှမ်းကြည့်နေသည့် ညှို့အားပြင်းပြင်း အမျိုးသမီးတစ်ဦး ရှိနေ၏။ ထိုအမျိုးသမီးက ချင်မူ့ခြေသံ ကြားသောအခါ ချာခနဲ လှည့်လာပြီး ညှို့ရီစွာ ပြောလိုက်သည်။ “သခင်လေးရဲ့ ဓားသိုင်းက တကယ့်ကို ထက်မြက်တာပဲ၊ ဓားစံအိမ်ရဲ့ စိတ္တဇဓားကိုတောင် ဒဏ်ရာရအောင် လုပ်နိုင်တယ်... ကျွန်မတော့ သိပ်အထင်ကြီးမိသွားပြီရှင်... ဒါနဲ့လေ ကျွန်မခန္ဓာကိုယ်က စိတ္တဇဓားလောက် မသန်မာဘဲ နူးနူးညံ့ညံ့ ပျော့ပျော့နွဲ့နွဲ့လေးဆိုတော့... သခင်လေး ကျွန်မကို ညင်ညင်သာလေး သက်ညှာနိုင်မလား မသိဘူးနော်...”

ချင်မူက သူ၏ မျက်ဝန်းများကို အပြစ်ကင်းစင်စွာ ပုတ်ခတ်ပုတ်ခတ် လုပ်လိုက်၏။ “ကျွန်တော်က အခုမှ အသက်ဆယ့်တစ်နှစ်ပဲ ရှိသေးတယ်၊ လာမဲ့ဆောင်းဦးပေါက်မှ ဆယ့်နှစ်နှစ် ပြည့်မှာပါ... မမပြောတာကို ကျွန်တော် နားမလည်ပါဘူး...”

ထိုအမျိုးသမီး၏ အမူအရာ တောင့်တင်းသွားပြီး တဟားဟား ရယ်မောလိုက်သည်။ “ကျွန်မက သခင်လေးကို အဲဒီလူညစ်ပတ်ကြီးတွေလို ထင်ပြီး ညှို့ယူဖမ်းစားဖို့ လုပ်နေတာ... သခင်လေးက သိပ်ငယ်လွန်းပြီး ယောက်ျား၊ မိန်းမကိစ္စတွေ မသိသေးဘူးဆိုတာ မေ့သွားတယ်... ကျွန်မက စံအိမ်နီရဲ့ စံအိမ်သခင်ပဲ၊ ပုံမှန်ရက်တွေဆိုရင် ကျွန်မတို့က ဖျော်ဖြေရေးဂေဟာမှာ နေပြီး စကားလေးဘာလေး ပြောပေးရတာပေါ့... အစက သခင်လေးကို ညှို့ငင်မာယာသိုင်း သုံးမလို့ လုပ်နေတာ၊ အခုမှ ကိုယ်ပဲ အရူးဖြစ်မှန်း သိသွားတယ်... သခင်လေးက ဒီလောက် ငယ်ငယ်ရွယ်ရွယ်နဲ့ စံအိမ်သခင်တွေ အများကြီးကို အနိုင်ယူနိုင်တာ အထင်ကြီးစရာပဲ... ဒါပေမဲ့ ကျွန်မက သခင်လေးနဲ့ ဓားသိုင်းလည်း မယှဉ်ဘူး၊ လက်သီးသိုင်းလည်း မယှဉ်ဘူး၊ ခန္ဓာကိုယ်ကျင့်စဉ်ချင်း ယှဉ်ချင်တာ...” (စံအိမ်နီ - ပြည့်တန်ဆာအိမ်)

စံအိမ်နီသခင်က သူ၏ နှုတ်ခမ်းနီ၊ ပါးနီမှုန့်ဘူးကို ထုတ်ယူ၍ အသာအယာ ဖွင့်လိုက်ရာ တိမ်းမူးဖွယ် ချိုသင်းသင်းရနံ့တစ်ခု ထွက်ပေါ်လာ၏။ “ဒါက ကျွန်မအကြိုက်ဆုံး ဖာလာစေ့နံ့ နှုတ်ခမ်းနီ၊ ပါးနီပဲ... သခင်လေးနဲ့ ကျွန်မရဲ့ လက်ချောင်းတွေကို ဒီအမှုန့်တွေ နီအောင်လူးပြီး အခန်းထဲမှာ ခန္ဓာကိုယ်ကျင့်စဉ်ချင်း ယှဉ်ပြိုင်ကြမယ်... မျက်နှာကိုပဲ အမှုန့်နဲ့ သုတ်ရမယ်၊ လက်ချောင်းရာ ပိုများတဲ့သူ အရှုံး... ဘယ်လိုလဲ...”

ချင်မူက ခေါင်းညိတ်၍ ချိုမြစွာ ပြုံးလိုက်သည်။ “ကောင်းပါပြီ၊ ကျွန်တော့်ကို သက်ညှာပေးပါ မမကြီး...”

“အပြောကောင်းလိုက်တဲ့ ကောင်လေး...”

စံအိမ်နီသခင်က ရွှင်မြူးစွာ တခစ်ခစ်ရယ်မော၍ ချင်မူ့ကို အပေါ်စီးက ကြည့်လိုက်၏။ ထို့နောက် သူ့လက်ချောင်း ဆယ်ချောင်းလုံးကို အမှုန့်များ နီရဲအောင် လူးပြီး အမှုန့်ဘူးကို ချင်မူ့ထံ ကမ်းပေးလိုက်သည်။ ချင်မူကလည်း သူ့လက်ချောင်းများအားလုံး နီရဲအောင် သုတ်လူးလိုက်၏။

စံအိမ်နီသခင်က ရုတ်တရက် စတင်လှုပ်ရှားလိုက်သည်။ သူ့ခန္ဓာကိုယ်က လျှောတိုက်ရွေ့လျားလာသော မြွေတစ်ကောင်နှင့်ပင် ဆင်တူလှ၏။ သူ၏ ချီစွမ်းအင်က မြွေမြီးတစ်ခုအသွင် ပြောင်းပြီး ချင်မူ၏ ခြေထောက်များကို ရစ်ပတ်လိုက်သည်။

ချင်မူ အကြောင်သား ငေးစိုက်ကြည့်နေမိ၏။ ဤသို့သော လှုပ်ရှားမှုမျိုးကို သူ ယခင်က မြင်ခဲ့ဖူးသည် မဟုတ်လား။ ဘွားဘွားကြီးဘုရားကျောင်း၌ ဤသို့သော ခန္ဓာကိုယ်လှုပ်ရှားမှုမျိုး အသုံးပြုသည့် ကောင်မလေးနှင့် တိုက်ခိုက်ခဲ့ဖူး၏။ ထိုကောင်မလေး၏ ချီစွမ်းအင်က မြွေကြီးတစ်ကောင်အဖြစ် ပြောင်းလဲ၍ သူ့ခန္ဓာကိုယ်ကို ရစ်ပတ်ပြီး တစ်ကိုယ်လုံးအနှံ့ ဆင်းတက်လျှောထိုး တိုက်ခိုက်ခဲ့သော်လည်း လက်တစ်ထောင်ဗုဒ္ဓသိုင်းကြောင့် တစ်ကိုယ်လုံး အညိုအမည်းစွဲအောင် ရိုက်နှက်ခံသွားရသည်။

“ကြည့်ရတာ အဲကောင်မလေးက ဒီစံအိမ်သခင်ရဲ့ တပည့်များလား...”

ချင်မူက စံအိမ်နီသခင် သူ့ကို ရစ်ပတ်မသွားမီ ခြေဆောင့်နင်း၍ ခုန်ရှောင်လိုက်၏။ ထိုအမျိုးသမီးက ခပ်ဟဟ ရယ်မော၍ နံရံထက်သို့ လျှောထိုးတက်သွားပြီး အခန်းထဲမှ တိုင်လုံးကြီိးကို သူ၏ မြွေမြီးဖြင့် ရစ်ခွေတွဲခိုကာ ရှုပ်ထွေးဆန်းကြယ်သော လက်ချောင်းသိုင်းဖြင့် ချင်မူ့ကို တိုက်ခိုက်လိုက်သည်။

စံအိမ်နီသခင်၏ လက်များက ဝိညာဉ်မြွေများသဖွယ် စိတ်ရှိသလို လွတ်လပ်စွာ ရစ်ပတ်လှုပ်ရှားနိုင်၏။ သူ့လက်ချောင်းဆယ်ချောင်းကလည်း ဝိညာဉ်မြွေဆယ်ကောင်နှင့် အလားသဏ္ဌာန် တူလှသည်။ ထူးဆန်းသည်မှာ ကျောက်စိမ်းသဖွယ် ရှည်သွယ်သော လက်ချောင်းလေးများက အတို၊ အရှည် စိတ်ကြိုက် လိုသလို ဆန့်ထုတ်နိုင်ခြင်း ဖြစ်၏။ သူ့လက်မောင်းများကတော့ ဆိုဖွယ်ရာပင် မရှိချေ။

ထို့နောက်တွင်တော့ ပို၍ ထူးဆန်းသော အရာတစ်ခုကို ချင်မူမြင်တွေ့လိုက်ရသည်။ စံအိမ်နီသခင်၏ ခန္ဓာကိုယ်က ပါးလျရှည်လျား၍ အရိုးမရှိသကဲ့သို့ ကွေးညွှတ် တွန့်ခေါက်လာနိုင်ပြီး မျက်နှာကြက်၌ စပါးအုံးမြွေတစ်ကောင်ကဲ့သို့ တွဲလောင်းခိုနေတော့၏။

ချင်မူ၏ ခြေကွက်များကလည်း ဆက်တိုက် ပြောင်းလဲနေသည်။ သူက မြေပြင်ပေါ်တွင် နဂါးတစ်ကောင်ကဲ့သို့ ဟိုမှသည် လျှောထိုးပြေးလွှားနေပြီး စံအိမ်နီသခင်က မျက်နှာကြက်၌ လွတ်လွတ်လပ်လပ် လျှောတိုက်ရွေ့လျားနေ၏။ စံအိမ်နီသခင်က ခြေထောက်များကို အပေါ်၊ ဦးခေါင်းကို အောက်စိုက်၍ ချင်မူ့ကို အဆက်မပြတ် တိုက်ခိုက်လိုက်သည်။

ရုတ်တရက် ချင်မူ၏ ချီစွမ်းအင်များ တစ်ဟုန်ထိုး ထွက်ပေါ်လာပြီး သူ့ခန္ဓာကိုယ်၌ နဂါးစိမ်းတစ်ကောင် ရစ်ပတ်သွား၏။ ထိုနဂါးစိမ်းက ခြေသည်း၊ လက်သည်းများ ဆန့်ထုတ်၍ သစ်သားနံရံများကို ကုပ်တွယ်လိုက်သဖြင့် သူသည်လည်း နံရံနှင့် မျက်နှာကြက်ပေါ်၌ စိတ်လွတ်ကိုယ်လွတ် လှုပ်ရှားသွားလာနိုင်သွားသည်။ ချင်မူ ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်ခြင်း မပြုတော့ဘဲ စံအိမ်နီသခင်ကို လက်တစ်ထောင်ဗုဒ္ဓသိုင်းဖြင့် တရစပ် တိုက်ခိုက်လိုက်၏။

များစွာကျယ်ဝန်းခြင်း မရှိလှသော အခန်းလေးထဲတွင် လူနှစ်ယောက်က လျှပ်ပြက်သကဲ့သို့ လျင်မြန်သွက်လက်စွာ ရွေ့လျားနေကြသည်။ နံရံပေါ်ဖြစ်စေ၊ မျက်နှာကြက်ပေါ်ဖြစ်စေ မြေပြင်ညီတွင် သွားလာလှုပ်ရှားသကဲ့သို့ ပေါ့ပေါ့ပါးပါး လှုပ်ရှားတိုက်ခိုက်နေကြ၏။ သူတို့နှစ်ယောက်၏ တိုက်ပွဲက နဂါးတစ်ကောင်နှင့် မြွေတစ်ကောင် ပြင်းထန်စွာ ရစ်ပတ်တိုက်ခိုက်သည့်နှယ် တစ်မျိုးတစ်မည် ဆန်းကြယ်နေသည်။

ရုတ်တရက် စံအိမ်နီသခင်၏ မျက်နှာတွင် ချင်မူ၏ ထိတွေ့ခြင်း ခံရပြီး လက်ချောင်းရာလေးခု ပေါ်လာ၏။ သူ့စိတ်များ တစ်ခဏတာ မတည်မငြိမ် ဖြစ်သွားသည်။ ထိုအခိုက်၌ ချင်မူ၏ လက်ချောင်းများ ဆတ်ခနဲ ပွင့်ဟပြီး သူ့လက်ဖဝါးထဲမှ မိုးခြိမ်းသံတစ်သံ အုန်းခနဲ ထွက်ပေါ်လာ၏။ စံအိမ်နီသခင်မှာ စိတ်ရှုပ်ထွေးထိတ်လန့်၍ စိတ်လွတ်သကဲ့သို့ ဖြစ်သွားသည်။

သူ သတိပြန်ဝင်လာသောအခါ သူ့မျက်နှာတစ်ပြင်လုံး လက်ချောင်းရာများ ပြည့်နေပြီ ဖြစ်၏။

“တော်ပြီ... တော်ပြီ...”

စံအိမ်နီသခင်က မျက်နှာကြက်မှ လျှောတိုက်ဆင်းလာပြီး လက်ခါပြလိုက်သည်။ “တော်ပြီ... ကျွန်မ ရှုံးပြီ... ကျွန်မ မျက်နှာတစ်ပြင်လုံးလည်း အသုတ်ခံလိုက်ရပြီ... သခင်လေးရဲ့ ခန္ဓာကိုယ်ကျင့်စဉ်က အတော် ထူးဆန်းတာပဲ... သခင်လေးရဲ့ ခြေလှမ်းကွက်တွေကလည်း ထူးဆန်းတယ်... ကျွန်မမှာ သခင်လေးကို ရစ်ပတ်ဖို့ ထားဦး... လိုက်လို့တောင် မမီဘူး...”

ချင်မူကလည်း လျှောဆင်းလာပြီး ပြုံးပြလိုက်၏။ “အနိုင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် မမကြီး...”

စံအိမ်နီသခင်က ချင်မူ၏ နီစွေးသော နှုတ်ခမ်းနှင့် ဖြူဝင်းသော သွားစွယ်တန်းများကို မြင်သောအခါ မနေနိုင်တော့ဘဲ သူ့ပါးပြင်သို့ ကောက်နမ်း၍ ပြုံးပြလိုက်သည်။ “ဒီက မမကြီးကိုလည်း မရှုမလှ ရှုံးသွားတယ် မဖြစ်ရအောင် နှုတ်ခမ်းနီရာလေးနှစ်ခု ပေးခွင့် ပြုလိုက်ပါဦး...”

ချင်မူမှာ ပါးတစ်ပြင်လုံး ရဲတက်ပြီး ရင်ထဲတွင် တဒိုင်းဒိုင်းခုန်ကာ သတိလွတ်သူတစ်ယောက်ကဲ့သို့ အတောင့်သား လျှောက်၍ အခန်းထဲမှ ထွက်သွားတော့၏။

စံအိမ်နီသခင်က ခိုးခိုးခစ်ခစ် ရယ်မောလိုက်သည်။ “သခင်လေးကို ဒီလိုမျိုး အနိုင်ယူလို့ ရမှန်းသိရင် အစောကတည်းက နမ်းလိုက်ပါတယ်... နောင်တစ်ချိန် အခက်အခဲတစ်ခုခု ရှိရင် စံအိမ်နီတစ်ခု ရှာပြီး အဲဒီက ကောင်မလေးတွေကို ဖူချင်းယွင်နဲ့ တွေ့ချင်တယ်လို့ ပြောလိုက်... ကျွန်မကို သခင်လေး တွေ့ရပါလိမ့်မယ်...”

ချင်မူမှာ နောက်တစ်ခန်းသို့ မဝင်နိုင်သေးဘဲ သူ့စိတ်သူ ပုံမှန်အနေအထား ပြန်ရောက်အောင် လုပ်လိုက်ရ၏။ ထိုလူငယ်လေးက သူ့ပါးပြင်မှ နှုတ်ခမ်းနီရာများကို သုတ်၍ အခန်းထဲသို့ လှမ်းဝင်ရင်း စိတ်ထဲမှ တွေးလိုက်သည်။ “မိန်းမတွေက မိစ္ဆာကဝေမတွေကနေ အသွင်ပြောင်းလာတာလို့ ဘိုးဘိုးမျက်ကန်း ပြောတာ မမှားဘူးပဲ... အနမ်းလေး တစ်ခုတည်းနဲ့ ငါ့နှလုံးသားတစ်ခုလုံး ဆွဲထုတ်ခံလိုက်ရတော့မလို ဖြစ်သွားတယ်...”

နောက်တစ်ခန်းထဲတွင်တော့ အမျိုးသမီး သားသတ်သမားတစ်ဦး ရှိပြီး သူ့မျက်နှာက ယောက်ျားသား သားသတ်သမားတစ်ဦးထက်ပင် တင်းမာလှ၏။ ထိုအမျိုးသမီး သားသတ်သမားက ဝက်ခုတ်ဓားမများ သွေးနေပြီး ပါးစပ်ထဲတွင် အရိုးတစ်ချောင်း ကိုက်ထားသည်။

ချင်မူ အခန်းထဲ ဝင်လာသည်နှင့် ထိုအမျိုးသမီးက စကားတစ်ခွန်းမျှ မဆိုဘဲ သူ၏ ဓားမများဖြင့် လွှဲယမ်းခုတ်ပိုင်းချလိုက်၏။ အခန်းငယ်လေးထဲတွင် လေတိုးသံတဟူးဟူး ထသွားပြီး ခုတ်ချက်တိုင်းက ချင်မူ့ဗိုက်ကို အညှာအတာကင်းမဲ့စွာ ထိုးခွဲသွားတော့မလို ဖြစ်လာသည်။

ချင်မူက သူ့ဓားမကို ကမန်းကတန်း ဆွဲထုတ်၍ ခုခံကာကွယ်လိုက်၏။ “ဒင်... ဒင်... ဒင်... ဒင်...” ကျောက်စိမ်းပန်းကန်တစ်ချပ်ပေါ်သို့ ပုတီးစေ့များ ပြုတ်ကျသည့်နှယ် တဒင်ဒင်အသံများ စည်းချက်ညီညီ ထွက်ပေါ်လာသည်။

ထို့နောက် သူတို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် ဖြတ်ကျော်ပြီး ကျောပေးလျက် အနေအထား ကျရောက်သွား၏။ အမျိုးသမီး သားသတ်သမား၏ လက်ထဲမှ ဓားမနှစ်ချောင်းက တစ်ပတ်လည်ပြီး နောက်ပြန်ကိုင်လျက်သား ဖြစ်သွားသည်။ သူ့မျက်ဝန်းများထဲတွင် ဝမ်းသာသည့် အရိပ်အယောင်များ ထွက်ပေါ်လာပြီး လွှတ်ခနဲ ချီးကျူးလိုက်၏။ “သိပ်ကောင်းတဲ့ ဓားမသိုင်းပဲ...”

ချင်မူကလည်း ဝက်ခုတ်ဓားမကို နောက်ပြန်ကိုင်၍ သတိနှင့် ပြောလိုက်သည်။ “မမကြီး၊ မမနဲ့ ကျွန်တော်က ဓားမတွေကို နောက်ပြန်ကိုင်ထားမိပြီ... နောက်တစ်ကွက်က သေချာပေါက် အသေသတ်ကွက် ဖြစ်မှာပဲ... ဓားမတွေမှာ နှလုံးသား မပါဘူး... ဒီလို လုပ်ကြမလား...  ဓားမအစား လက်ဝါးစောင်းတွေ သုံးပြီး အလွန်အကျွံ မဖြစ်ရအောင် ထိန်းကြမယ်လေ...”

အမျိုးသမီး သားသတ်သမားက သူ၏ ဝက်ခုတ်ဓားမများကို နံရံတွင် စိုက်ဝင်သွားအောင် ပစ်ပေါက်ပြီး ပြုံးလိုက်၏။ “မင်းပြောတာ မှန်တယ်... ဓားမကို နောက်ပြန်ကိုင်ထားတာက ငါတို့ တစ်ယောက်ကိုတစ်ယောက် အသေသတ်ကြတော့မယ် ဆိုတဲ့ အဓိပ္ပာယ်ပဲ... ငါ မင်းကို သတ်မိရင် ဂိုဏ်းသခင်မက သေချာပေါက် စိတ်ဆိုးပြီး ငါ့ကို သတ်လိမ့်မယ်... လက်ဗလာနဲ့ တိုက်ကြစို့...”

ချင်မူကလည်း သူ့ဝက်ခုတ်ဓားမများကို ချီစွမ်းအင်ဖြင့် ရစ်ပတ်ဆွဲယူ၍ ဓားအိမ်ထဲသို့ ပြန်ထည့်လိုက်သည်။ ထို့နောက် သူ့လက်ကို လှုပ်ခါလိုက်သောအခါ မီးတောက်မီးလျှံများ စွဲလောင်လာပြီး ဓားမနှစ်လက်သဖွယ် ဖြစ်သွား၏။

အမျိုးသမီး သားသတ်သမားကလည်း သူ့လက်များကို လှုပ်ခါလိုက်ပြီး သူ၏ လက်ဝါးစောင်းပတ်ပတ်လည်တွင် ဓားသွားများ ဖွဲ့တည်လာသည်။ ဤသည်က ကျားဖြူချီစွမ်းအင်ဖြစ်ပြီး ၎င်း၏ ထက်ရှမှုက အနှိုင်းမဲ့လှ၏။ အမျိုးသမီး သားသတ်သမားက လက်နှစ်ဖက်ကို လွှဲယမ်း၍ လေထဲသို့ ခုတ်ထစ်ပြီး ချင်မူ့ထံ ပြေးဝင်လာသည်။ “သခင်လေး၊ သခင်လေးရဲ့ မီးလျှံဓားမတွေက တစ်ပန်းရှုံးလိမ့်မယ်... ကျားဖြူချီလောက် မထက်ဘူး...”

ချင်မူ၏ အကြည့်များ လှုပ်လှုပ်ရှားရှား ဖြစ်သွား၏။ ယိမ်းနွဲ့လှုပ်ခါနေသော မီးတောက်မီးလျှံများက သူ့လက်မောင်းရင်းနားထိ စွဲလောင်လာပြီး ဓားမတစ်ချောင်းကို နောက်ပြန်ကိုင်ထားသကဲ့သို့ ဖြစ်လာသည်။

ဝက်ခုတ်ဓားမသိုင်း၏ တတိယသိုင်းကွက်၊ တားမြစ်နယ်မြေမှ ဓားမကို ပင့်မြှောက်ခြင်း...။

သူတို့နှစ်ယောက်၏ ခန္ဓာကိုယ်များက ပူးကပ်လုမတတ် ဖြစ်ပြီး ခြေကွက်များ အဆက်မပြတ် ရွေ့လျားနေကြ၏။ နှစ်ဖက်ဓားမများက တစ်ခုနှင့်တစ်ခု လွန်စွာ နီးကပ်နေသဖြင့် မျက်လုံးဖြင့် ကြည့်စရာ မလိုချေ။ တစ်ဘက်လူ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော အားအဟုန်ကို အာရုံခံရုံမျှနှင့် မည်သို့ လှုပ်ရှားတော့မည် တွက်ဆမိပြီး အလျဉ်းသင့်သလို ခုခံနိုင်၊ တိုက်ခိုက်နိုင်ကြ၏။

ဓားမနောက်ပြန်ကိုင်ခြင်း၏ အဓိကရည်ရွယ်ချက်မှာ ကပ်နိုင်သမျှ နီးနီးကပ်ကပ် ပူးသတ်နိုင်အောင်၊ လွှဲယမ်းရသည့် ထောင့်ချိုး နည်းနိုင်သမျှနည်းအောင်၊ ဓားမ၏ လှုပ်ရှားမှု မြန်နိုင်သမျှ မြန်အောင်၊ မထင်မှတ်သည့် ထောင့်ချိုးမှ  ကပ်သီးကပ်သပ် ထိုးနိုင်အောင် ဖြစ်သည်။

ဤသည်က သိုင်းကွက်အသားပေး ပညာရပ်များ၏ အဆင့်အမြင့်ဆုံး တိုက်ခိုက်နည်းပင် ဖြစ်၏။ မှော်အစီအရင်ပညာရှင်များဖြစ်စေ၊ ဓားပျံပညာရှင်များဖြစ်စေ သိုင်းကွက်အသားပေး ပညာရှင်တစ်ယောက်ကို နီးနီးကပ်ကပ် အကပ်ခံလိုက်မိလျှင် သေဖို့ရန်သာ ရှိတော့သည်။

ချင်မူ၏ ခန္ဓာကိုယ်မှ ခြောက်ရာ့လေးဆယ်သော ကြွက်သားမြှောင်းများက အရေပြားအောက်ထဲတွင် အဆက်မပြတ် တဆတ်ဆတ် တုန်ခါနေပြီး အနီးဆုံး အကွာအဝေး၌ အမြင့်ဆုံး ခွန်အားကို ဖောက်ခွဲထုတ်ဖော်နိုင်အောင် ထောက်ပံ့ပေးနေ၏။

အချိန်တိုအတွင်း၌ သူနှင့် အမျိုးသမီးသားသတ်သမား နှစ်ယောက်စလုံး ချွေးများ ဖြိုင်ဖြိုင်ကျလာသည်။ ဤမျှများပြားသော ကြွက်သားမျှင်များကို လှုပ်ရှား၍ တစ်ဘက်လူ၏ လှုပ်ရှားမှုလမ်းကြောင်းကို တွက်ဆပြီး မည်သို့ခုခံမည်၊ မည်သို့တိုက်ခိုက်မည် ဆုံးဖြတ်ရခြင်းမှာ စွမ်းအင်အကြီးအကျယ် ကုန်ခန်းလှ၏။

ရုတ်တရက် ချင်မူက သူ၏ လက်များကို ဓားမသဖွယ် လှုပ်ရှား၍ အမျိုးသမီး သားသတ်သမား၏ လစ်ဟာသွားသော ဟာကွက်အတွင်းသို့ ထိုးသွင်းလိုက်သည်။ သူ့လက်က အထက်သို့ မြောက်တက်ပြီး အမျိုးသမီး သားသတ်သမား၏ ရင်ဝရှေ့မှ ဆီများပေလူးနေသော လည်စည်းရင်ဖုံးစကို ထိုးခွဲသွား၏။

အမျိုးသမီး သားသတ်သမားက နောက်သို့ ခြေတစ်လှမ်းဆုတ်၍ သူ့လက်မှ ကျားဖြူချီကို ရုပ်သိမ်းကာ နှစ်ခြမ်းကွဲသွားသည့် လည်စည်းရင်ဖုံးစကို ဆွဲဖြုတ်လွှင့်ပစ်ပြီး တဟားဟား ရယ်မောလိုက်သည်။ “ငါ ရှုံးသွားပြီ... မင်း နိုင်တယ်... မင့်ဓားမသိုင်းက မဆိုးဘူးပဲ... အခန်းသုံးရာ့ခြောက်ဆယ်လုံး ဖြတ်လျှောက်မသွားနိုင်ရင် ငါနဲ့အတူ လာပြီး ဝက်ခုတ် အသက်မွေးပါလား...”

ချင်မူက ဤမမဝဝလေးကို နှစ်လိုမိပြီး ပြုံးလိုက်၏။ “ကျွန်တော်က ဆေးလည်း ဖော်တတ်ပါတယ်၊ ဝက်ခုတ်စရာ မလိုပါဘူး... သမားတော်လုပ်ပြီး လူတွေကို ကူညီမှာပေါ့...”

အမျိုးသမီး သားသတ်သမားက ပါးစပ်ထဲမှ အရိုးစကို ဖွီခနဲ ထွေးထုတ်ပြီး သရော်တော်တော် ပြောလိုက်သည်။ “သမားတော် ဟုတ်လား... မင်းဆေးကုနေတုန်း လူနာသေသွားရင် သူ့မိသားစုက မင့်မှာ ရှိသမျှ ပြုတ်ပြုတ်ပြုန်းတဲ့အထိ လျော်ကြေးတောင်းလိမ့်မယ်... ဝက်ခုတ်တာက ပိုကောင်းပါတယ်ကွာ... ဒါက အခြေခိုင်တဲ့ အလုပ်တစ်ခုပဲ... မင်းသာ ငါနဲ့ ဝက်လာခုတ်ရင် ကောင်းကောင်းနေ၊ ကောင်းကောင်းစားရဖို့ အာမခံတယ်...”

ချင်မူ ခေါင်းကြီးသွားပြီး တရွေ့ရွေ့ ဆုတ်ခွာသွား၏။ “နောက်ကျ တွေ့ကြတာပေါ့၊ နောက်ကျ တွေ့ကြတာပေါ့... အခု ကျွန်တော်က ငယ်ပါသေးတယ်...”

“သခင်လေး...”

အမျိုးသမီး သားသတ်သမားက သူ့လက်များကို မြှောက်၍ နံရံထက်မှ ဝက်ခုတ်ဓားနှစ်ချောင်းကို ဆွဲနှုတ်ပြီး ချင်မူ၏ ရှေ့မှ ပိတ်တားကာ အလေးအနက် လေသံဖြင့် ပြောလိုက်သည်။ “သခင်လေး ပြန်သွားလို့ ဂိုဏ်းသခင်မနဲ့ တွေ့ရင် ကျွန်မပိယောင်က သူ့ကို လွမ်းနေပါတယ်၊ ကျွန်မအပေါ် သူကောင်းခဲ့ဖူးတာတွေကိုလည်း အမှတ်ရနေပါတယ်လို့ ပြောပေးပါ...”

ချင်မူ ခေါင်းညိတ်လိုက်၏။

အမျိုးသမီး သားသတ်သမား၊ ပိယောင် လှေကားမှ အောက်ဆင်း၍ ရွာထဲသို့ ထွက်လာစဉ်မှာပင် ဝုန်းခနဲ အသံတစ်သံ ကြားလိုက်ရသည်။ ခေါင်းမော့ကြည့်လိုက်သောအခါ သစ်သားအိမ်၏ နံရံမှ မြွေဖမ်းစံအိမ်သခင် လွင့်ထွက်လာပြီး ကျောက်လမ်းမပေါ်သို့ ခေါင်းစိုက်ကျသွားကြောင်း တွေ့ရ၏။

ပိယောင် မြွေဖမ်းစံအိမ်သခင်ကို သွားဆွဲထူရန် ပြင်လိုက်စဉ် နောက်ထပ်လူတစ်ယောက် နံရံကို ထွင်းဖောက်၍ ခြေလက်များ ယက်ကန်ယက်ကန်နှင့် လွင့်စင်ပြီး တစ်ဘက်အဆောက်အဦနှင့် မျက်နှာ မိတ်ဆက်သွားကြောင်း တွေ့လိုက်ရသည်။

ဘုန်း...။

နောက်ထပ် အသံကျယ်ကြီး ထွက်ပေါ်လာပြီး ပွင့်ထွက်သွားသော နံရံမှ နိမိတ်ဖတ် စံအိမ်သခင် ပြုတ်ကျလာ၏။ သူ မြေပေါ်သို့ မကျမီမှာပင် အဆောက်အဦထက်မှ မိစ္ဆာသံ ထွက်ပေါ်လာသည်။ “ပေါ် ရယ် ပေါ် ရယ်... စာ မို ယဲ့...”

အုန်းခနဲ တုန်ခါသွားပြီး ခရီးသွားကုန်သည် စံအိမ်သခင် ပျံဝဲလွင့်ကျလာ၏။

မြွေဖမ်းစံအိမ်သခင်ကို မြေကြီးထဲမှ ဆွဲထူရင်းနှင့် ပိယောင် အပေါ်သို့ မော့ကြည့်ကာ တီးတိုး ရေရွတ်လိုက်သည်။ “သခင်လေးမူရဲ့ သွေးပူလေ့ကျင့်ခန်းက ပြီးသွားပြီနဲ့ တူတယ်... အမှန်အကန် စတိုက်နေပြီ...”

All Chapters