ဂိုဏ်းသခင်လေး
Vol. 5 Ch. 58
ခြံဝင်းထဲ၌ လူများ တဖြည်းဖြည်း စုဝေးလာ၏။ သူတို့အားလုံးက အသွင်အပြင် အရွယ်အစား အမျိုးမျိုး ကွဲပြားပြီး မတူညီသော အသက်မွေးဝမ်းကြောင်း လုပ်ငန်းများမှ ဖြစ်ကြသည်။ ယခုအချိန်တွင် တစ်ခုတည်းသော တူညီသည့် အချက်မှာ အပေါက်ထောင်ချီနှင့် ပြိုလဲလုလု သစ်သားအိမ်ကြီးဆီသို့ အားလုံး မော့ကြည့်နေကြခြင်း ဖြစ်၏။
နောက်ဆုံးတွင်တော့ သစ်သားစံအိမ်သခင် ပြုတ်ကျလာပြီး ထိုသစ်သားအိမ်ကြီး တစ်လုံးလုံး မြေပေါ်သို့ ပြိုလဲသွားသည်။
ပြိုကျပျက်စီးသွားသော အဆောက်အဦအလယ်မှ နဂါးစိမ်းချီများ ခန္ဓာကိုယ်တွင် ရစ်ခွေနေသည့် လူငယ်တစ်ဦး ထရပ်လာပြီး သူ့ထံသို့ ပျံဝဲလာသော သစ်သားစများကို ထိုးထုတ်၍ ဒုတိယအဆောက်အဦဆီသို့ လျှောက်လှမ်းသွား၏။
ဘုန်း...၊ ဘုန်း...၊ ဘုန်း...။
ထိုသစ်သားအိမ်က ကြီးမားသော သားရဲကြီးတစ်ကောင် ဝင်ရောက် သောင်းကျန်းနေသကဲ့သို့ အဆက်မပြတ် လှုပ်ခါလာသည်။ ဒုတိယအဆောက်အဦမှာလည်း ပထမအဆောက်အဦနှင့် မခြားပေ။ နံရံများ ပွင့်ထွက်၍ တစ်ယောက်ပြီးတစ်ယောက် လွင့်ထွက်လာ၏။
ချင်မူက တဖြည်းဖြည်း ပို၍ပို၍ မြန်လာသည်။ စံအိမ်သခင်များကို တစ်ယောက်ပြီးတစ်ယောက် အနိုင်ယူ၍ တိုက်ပွဲအတွေ့အကြုံ ရင့်သန်ပြီး စွမ်းရည်ထက်မြက်လာကြောင်း ထင်ရှား၏။
ဝုန်း...။
ဒုတိယအဆောက်အဦ ပြိုလဲပြီး ဖုန်မှုန့်များ လွင့်ပျံလာသည်။
ချင်မူက တတိယအဆောက်အဦသို့ ဆက်သွားလိုက်၏။
...... ။
ညအခါကာလ ကျရောက်လာချေပြီ။ ကောင်းကင်နတ်ဆိုးဂိုဏ်း၏ ရွာထဲရှိ ကျောက်ဇလုံများတွင် ဆီမီးရောင်တလက်လက် တောက်လောင်နေ၏။ ရွာထဲ၌ နေ့ခင်းအခါကဲ့သို့ လင်းထိန်နေပြီး ရွာပြင်ဘက်တွင်တော့ ပိန်းပိတ်အောင် မှောင်ကျနေသည်။ ရွာထဲမှ အလင်းရောင်က အမှောင်ထုနှင့် ထိတွေ့သည်နှင့် ဝါးမျိုစားသုံးပစ်ခြင်း ခံရ၏။ ရွာထဲနှင့် ရွာပြင်မှာ ဆန့်ကျင်ခြားနားသော ကမ္ဘာနှစ်ခုသဖွယ် တည်ရှိနေသည်။
တရှိန်ရှိန်တောက်နေသော အလင်းရောင်အောက်တွင် ကောင်းကင်နတ်ဆိုးဂိုဏ်း၏ စံအိမ်သခင်သုံးရာကျော်က နောက်ဆုံးကျန်သည့် သစ်သားအိမ်သို့ ခေါင်းမော့ကြည့်ရှုနေကြ၏။
ဤနေရာတွင် စုစုပေါင်း သစ်သားအိမ်ကိုးလုံး ရှိသည်။ တစ်အိမ်၊ တစ်အိမ်တွင် အခန်းလေးဆယ် ရှိပြီး စံအိမ်သခင် အယောက်လေးဆယ်က စောင့်ကြပ်၏။ ယခု ချင်မူက နဝမမြောက် အဆောက်အဦထိပ်ဖျားထိ ရောက်လာပြီ ဖြစ်သည်။
“သခင်လေးမူက တစ်နေ့လုံး၊ တစ်ညလုံး တစ်ခါမှ မနားသေးဘူး မဟုတ်လား...”
စံအိမ်နီသခင်မက ခပ်တိုးတိုး ပြောလိုက်၏။ “မနက်မိုးလင်းကတည်းက တိုက်နေတာ... နေ့ခင်းစာနဲ့ ညစာစားတာက လွဲပြီး အခုထိ ရပ်ဦးမဲ့ပုံ မပေါ်ဘူး...”
လေဟုန်စီး စံအိမ်သခင်က ပြောလိုက်သည်။ “မိုးလည်း လင်းတော့မယ်... သူလည်း နဝမမြောက်အိမ် ထိပ်ဆုံးကို ရောက်တော့မယ်... သူ့ချီစွမ်းအင်နဲ့ ခွန်အားက အတော်များတာပဲ၊ ကြည့်ရတာ ကုန်မဲ့ပုံ မပေါ်ဘူး... သက်လုံကလည်း ကြောက်ဖို့ကောင်းတယ်... ဒါပေမဲ့ နဝမအိမ်ရဲ့ ထိပ်ဆုံးထပ်က လူတွေနဲ့တော့ ရင်ဆိုင်ဖို့ လွယ်မှာမဟုတ်ဘူး...”
ထိပ်ဆုံးထပ်တွင် ရှိနေသည့် လူလေးယောက်က သုံးရာ့ခြောက်ဆယ်သော စံအိမ်သခင်အားလုံးအနက် အရေးအပါဆုံးသူများ ဖြစ်၏။ နဂါးစိမ်း၊ မီးငှက်၊ ကျားဖြူနှင့် လိပ်နက်...။ ဤခန်းမလေးခုက ဝိညာဉ်ခန္ဓာလေးခုနှင့် သက်ဆိုင်နေရာ ရွေးချယ်ခံရသော စံအိမ်သခင်များမှာ ထက်မြက်သည့် ပါရမီရှိသူများသာ ဖြစ်ကြသည်။
ယင်းစံအိမ်လေးခုမှာ စံအိမ်ပေါင်း သုံးရာခြောက်ဆယ်အနက် အထက်မြက်ဆုံး သိုင်းစွမ်းအားကိုလည်း ပိုင်ဆိုင်ထား၏။ အခြားသော စံအိမ်သခင်များက သီးခြား ထူးချွန်သည့် အရည်အချင်းများ ရှိပြီး သက်မွေးဝမ်းကြောင်းတစ်ခုကို ဦးဆောင်ကြရသည်။ ဤစံအိမ်လေးခုကတော့ တိုက်ခိုက်ရေးအတွက် ဦးစီးဦးရွက် ပြုရသူများ ဖြစ်ကြ၏။
ကောင်းကင်နတ်ဆိုးဂိုဏ်း၏ သမိုင်းတစ်လျှောက်တွင် ဂိုဏ်းစောင့်အကြီးအကဲ အများစုမှာ ဤစံအိမ်လေးခုမှ ထွက်ပေါ်လာခြင်း ဖြစ်သည်။ တချို့ဂိုဏ်းသခင်များပင် ဤစံအိမ်လေးခုမှ ထွက်ပေါ်လာဖူး၏။
ချင်မူ ဝင်ရောက်သွားသည့် အခန်းက ကျားဖြူ စံအိမ်သခင်၏ အခန်း ဖြစ်သည်။ ကျားဖြူ ချီစွမ်းအင်က ထက်ရှမှုနှင့် မချိုးဖျက်နိုင်အောင် မာကြောမှုကို အထူးပြု၏။
ဂိုဏ်းသခင်လီထျန်ရှင်း မင်္ဂလာဦးည၌ အသတ်ခံရပြီး ဂိုဏ်းအမွေအနှစ် သိုင်းကျမ်းနှင့်အတူ ဂိုဏ်းသခင်မ ပျောက်ကွယ်သွားကတည်းက မိစ္ဆာနတ်ဆိုးဂိုဏ်းချုပ်က ဤစံအိမ်သခင်လေးယောက်ကို ဂိုဏ်းသခင်နေရာအတွက် ပြုစုပျိုးထောင်ပေးခဲ့ခြင်း ဖြစ်သည်။ သူ့အနေဖြင့် ကောင်းကင်နတ်ဆိုးဂိုဏ်းကို အင်အားချဲ့ထွင်ရန် မမျှော်လင့်သော်လည်း ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ ဝါးမျိုသိမ်းသွင်းခြင်းကို မခံလိုသည် မဟုတ်လား။
စံအိမ်သခင်လေးယောက်က မိစ္ဆာနတ်ဆိုးဂိုဏ်းချုပ် မျှော်လင့်သလောက် ဖြစ်မလာသော်လည်း သူတို့၏ ခွန်အားက အံ့အားသင့်စရာကောင်းအောင် မြင့်တက်လာခဲ့၏။
ကျားဖြူစံအိမ်သခင်က ကျန်သည့် ကောင်းကင်ရတနာများကို ပိတ်ဆို့၍ ဝိညာဉ်သန္ဓေသား ကောင်းကင်ရတနာ တစ်ခုသာ ဖွင့်ထားသော်လည်း ချင်မူကြုံဖူးသမျှတွင် အင်အားအကြီးဆုံး ရန်သူတစ်ယောက် ဖြစ်သည်။
ဤအမျိုးသမီးက သူ၏ ချီစွမ်းအင်ကို အလွန်တရာ မာကြောသည့် ချီစွမ်းအင်ကြိုးမျှင်များအဖြစ် ဖွဲ့စည်းထား၏။ သို့သော်လည်း သူက ချီစွမ်းအင်ဖြင့် ဓားပျံထိန်းချုပ်သည် မဟုတ်။ သူ၏ ချီကြိုးမျှင်ကိုယ်တိုင်က သူ့ဓား ဖြစ်သည်။
ကျားဖြူစံအိမ်သခင်၏ ချီစွမ်းအင်ကြိုးမျှင်က သာမန်မျက်စိဖြင့် သဲသဲကွဲကွဲ မမြင်ရချေ။ ချင်မူ အခန်းအတွင်းသို့ ဝင်လာသည်နှင့် သူ့လက်ဆယ်ချောင်းမှ ချီစွမ်းအင်ကြိုးမျှင်များ ထုတ်လွှတ်ပြီး အခန်းထောင့်အားလုံးသို့ ဖုံးလွှမ်းထားသဖြင့် လမ်းလျှောက်ရန်ပင် ခက်ခဲသွား၏။
သူ့ခန္ဓာကိုယ်က မဟာမြို့ပျက်မှ မိစ္ဆာကဝေပျိုမကဲ့သို့ အလွန်တရာ ပျော့ပျောင်းပြီး အခန်းထဲတွင် လွတ်လပ်စွာ လှုပ်ရှားသွားလာနိုင်သည်။ လက်ချောင်းထိပ်မှ ချီစွမ်းအင်ဓားများ တစ်သုတ်ပြီးတစ်သုတ် ထုတ်လွှတ်၍ ချင်မူ့ကို အရပ်မျက်နှာအနှံ့မှ တိုက်ခိုက်၏။ ထိုချီစွမ်းအင်ဓားများက သူ၏ လက်သည်းခွံများသဖွယ် ထင်ရပြီး အရှည်အတို လိုသလို ပြောင်းလဲနိုင်သော ဓားပျော့များနှင့်လည်း ဆင်တူလှသည်။
ကျားဖြူစံအိမ်သခင်က ဤအခန်းကျဉ်းလေးထဲတွင် ကြောင်တစ်ကောင်ကဲ့သို့ ပေါ့ပါးညင်သာစွာ ရွေ့လျားနေ၏။ နံရံ၊ မျက်နှာကြက် အရာအားလုံးက သူ့အတွက် မြေပြင်ညီသဖွယ် ဖြစ်နေသည်။
ဤတိုက်ပွဲက လွန်စွာ ပင်ပန်းလှ၏။ ချင်မူ သူ၏ ဝက်ခုတ်ဓားကို အသုံးပြု၍ အခန်းထဲမှ ချီစွမ်းအင်ကြိုးမျှင်များကို ခုတ်ဖြတ်သော်လည်း ထိုကြိုးမျှင်များက အလွန်တရာ ခိုင်ခန့်ပြီး ဖြတ်ရခက်လှသည်။ ထို့ပြင် ကျားဖြူစံအိမ်သခင်ကလည်း သူ့လက်ချောင်းများမှ ချီစွမ်းအင်ကြိုးမျှင်များ အဆက်မပြတ် ထပ်မံ ပစ်လွှတ်နေသဖြင့် မည်သို့မျှ မတတ်နိုင် ဖြစ်ရ၏။
အခြားတစ်ဘက်တွင်တော့ ကျားဖြူစံအိမ်သခင်က အခန်းထဲတွင် လွတ်လပ်စွာ လှုပ်ရှားသွားလာပြီး ချီစွမ်းအင်ကြိုးမျှင်များပေါ်တွင် တက်ရပ်ကာ လေထဲ၌ ပျံသန်းနေသကဲ့သို့ တိုက်ခိုက်နိုင်သည်။
ချီစွမ်းအင်ကို ကြိုးမျှင်သဖွယ် အသုံးပြုသည်သာမက သူ၏ ချီစွမ်းအင်ဓားများကလည်း လွန်စွာ ဆန်းကြယ်လှ၏။ ပုံသဏ္ဌာန်အမျိုးမျိုး ကွေ့ဝိုက်၍ ဆယ့်ရှစ်ကြိမ်ခန့်အထိ ဆစ်ချိုးနိုင်သည်။ သူ့ဓားသိုင်းကလည်း နိမ့်ကျလှခြင်း မရှိ။
ချင်မူမှာ ထပ်ခါထပ်ခါ ဒဏ်ရာရနေ၏။ ကျားဖြူစံအိမ်သခင်၏ ချီစွမ်းအင်ဓားကို ရှောင်ရှားရသကဲ့သို့ ချီစွမ်းအင်ကြိုးမျှင်များကိုလည်း သတိထားရသဖြင့် လွန်စွာ ပင်ပန်းလှသည်။ အဘိုးကြီးမာ၏ လက်သီးသိုင်းရော၊ ထော့ကျိုး၏ ခြေသိုင်းကိုပါ ထုတ်မသုံးနိုင်ချေ။ ထို့ပြင် သားသတ်သမား၏ ဓားမသိုင်းမှာလည်း အပိတ်အဆို့ အတားအဆီးများကြောင့် စိတ်ထင်တိုင်း ထုတ်သုံး၍ မရသဖြင့် သူ့အခြေအနေက အောက်စည်းသို့ ရောက်နေရ၏။
နောက်ဆုံးတွင်တော့ သူ၏ ဓားချက်ဖြင့် ထိုးစိုက်နိုင်ခဲ့သည်။ သစ်သားဓားက ကျားဖြူစံအိမ်သခင်၏ ချီစွမ်းအင်ကြိုးမျှင်ကြောင့် နှစ်ခြမ်းကွဲသွားသော်လည်း သူ့ရင်ဝသို့ မိအောင် ထိုးစိုက်နိုင်ခဲ့၏။ ကျားဖြူစံအိမ်သခင်မှာ ပွင့်ထွက်သွားသော နံရံမှတစ်ဆင့် အိမ်အပြင်ဘက်ထိ လွင့်စင်သွားသည်။
ချင်မူ သူ၏ ဓားမဖြင့် အခန်းထဲမှ ချီစွမ်းအင်ကြိုးမျှင်များကို ခုတ်ဖြတ်ပစ်ပြီး ဒဏ်ရာများကို ဆေးလိမ်း၍ ပတ်တီးစည်းလိုက်၏။
ထို့နောက် ထိုင်ချ၍ ဒဏ်ရာသက်သာအောင် အနားယူရင်း အခန်းထဲရှိ အစားအသောက်များကို စားသောက်လိုက်သည်။ သူ့ကိုယ်မှ နာကျင်မှုများ သက်သာသွားသောအခါ ခွန်အားလည်း အတော် ပြန်ပြည့်လာ၏။ ထိုအခါမှ နံရံရှိ သစ်သားပိုင်းအချို့ ချိုး၍ ဝက်ခုတ်ဓားမဖြင့် သစ်သားဓားများဖြစ်အောင် ထွင်းပြီး နောက်ကျောတွင် ချိတ်ဆွဲကာ နောက်တစ်ခန်းသို့ ကူးလိုက်သည်။
အခန်းပေါင်း သုံးရာ့ခြောက်ဆယ်မှ သုံးရာငါးဆယ့်ခုနစ်ခန်းကို အနိုင်ယူပြီးပြီ ဖြစ်၏။ ယခု နောက်ဆုံးသုံးခန်းသာ ကျန်တော့သည်။
သူ၏ သက်လုံနှင့် စိတ်ခွန်အားက အဆုံးစွန်သို့ ရောက်နေပြီ ဖြစ်၏။ နားထဲတွင် လူတစ်ထောင်ခန့် ဝိုင်းအော်နေသကဲ့သို့ တစီစီ မြည်နေသည်။
သူ တစ်ခါမှ ဤမျှ မပင်ပန်းဖူးချေ။ ယခုအချိန်တွင် အခြားအရာများ အားလုံးထက် ကြမ်းပြင်ပေါ်တွင်သာ ထိုးလှဲ၍ အိပ်ပစ်ချင်နေ၏။ သူ၏ ဝိညာဉ်သန္ဓေသားပင် ယခင်ကကဲ့သို့ တက်ကြွမှု မရှိတော့ဘဲ အသက်ကင်းမဲ့နေသည်။
ရှေ့ဆက်၍ စိတ်ဓာတ်ခွန်အား စုစည်းနိုင်ခြင်း မရှိတော့ဘဲ ဗီဇစိတ်ကိုသာ အားကိုး၍ စက်ရုပ်သဖွယ် အလိုအလျောက် တုံ့ပြန်တိုက်ခိုက်မှုသာ ပြုလုပ်နိုင်တော့၏။
သူ့ခေါင်းထဲတွင် တစ်ခုတည်းသာ ရှိသည်။ ဤလူများက သူ့ကို ကျွေးမွေးပြုစု စောင့်ရှောက်ခဲ့သည့် အဘွားစစ်ကို ခေါ်မသွားစေရ။ သူ့မိဘများက သူ့အသက်ကို မွေးဖွားပေးလိုက်ခြင်း ဖြစ်ချင်ဖြစ်မည်။ သို့သော်လည်း သူ့အသက်ကို ကယ်၍ သွေးနှင့်ချွေးနှင့် ရင်းကာ ပြုစုစောင့်ရှောက်ခဲ့သူမှာ အဘွားစစ်သာ ဖြစ်၏။ အဘွားစစ်က သူ၏ အမေ၊ သူ၏ အရင်းနှီးဆုံးဆွေမျိုး ဖြစ်သည်။
တစ်ဘက်အခန်းတွင်တော့ နဂါးစိမ်းစံအိမ်သခင် ရှိ၏။ သူက ချင်မူ လှမ်းဝင်လာပုံကို မြင်သောအခါ မျက်မှောင်ကြုတ်လိုက်သည်။ “သခင်လေးမူ၊ သခင်လေးကို ကြည့်ရတာ အခြေအနေ ကောင်းတဲ့ပုံ မရဘူး... လောစရာ မလိုပါဘူး၊ အရင်ဆုံး နားလိုက်ဦး...”
သူ့စကား အဆုံးမသတ်နိုင်မီမှာပင် ချင်မူက လက်မြှောက်၍ ရှေ့သို့ ထိုးထည့်လိုက်၏။ မျက်စိတစ်မှိတ်အတွင်းတွင် သစ်သားဓားက နဂါးစိမ်းစံအိမ်သခင်ထံ တန်းနေအောင် ပြေးဝင်သွားပြီး သူ့တစ်ကိုယ်လုံး လွင့်ထွက်သွားသည်။
ချင်မူက ငူငူငိုင်ငိုင်ဖြင့် နောက်လှည့်၍ ခြေထောက်များကို စက်ရုပ်သဖွယ် မ,ယူကာ နောက်တစ်ခန်းသို့ တရွေ့ရွေ့ လျှောက်သွား၏။
ဘုန်း...။
နောက်တစ်ခန်းမှ သစ်သားနံရံလည်း ပွင့်ထွက်သွားပြီး လိပ်နက်စံအိမ်သခင်က သူ၏ လိပ်နက်ဒိုင်းကာဖြင့် ချင်မူ၏ ဓားကို ခုခံကာကွယ်ရန် ကြိုးစားလိုက်သည်။ သို့သော်လည်း ထိုဓားချက်တွင် ကိန်းအောင်းပါဝင်လာသော ကြောက်မက်ဖွယ်ရာ အားအဟုန်က သူ့ကိုပါ လွင့်ထွက်သွားစေလိမ့်မည်ဟု မမျှော်လင့်ခဲ့မိချေ။
ချင်မူက ထိုအခန်းထဲမှ တရွေ့ရွေ့ လှမ်းထွက်လာပြီး နောက်တစ်ခန်းသို့ လေးပင်သော ခြေလှမ်းများဖြင့် ဝင်သွား၏။
“သခင်လေးမူ၊ သခင်လေး အရင် နားလိုက်ပါဦး... ကျွန်တော် စောင့်နိုင်...”
“ဘုန်း...”
ချင်မူက ရှေ့သို့ ဓားဖြင့် ဆန့်ထိုးလိုက်ပြီး မီးငှက်စံအိမ်သခင်မှာ လွင့်ထွက်သွားသည်။
“ပြီးသွားပြီလား...”
ချင်မူ ကြောင်ငေးငေး ဖြစ်နေ၏။ ရုတ်တရက် သူ့လက်ကျန်ခွန်အားများ သူ့ကိုယ်ထဲမှ စီးမျောထွက်ခွာသွားပြီး ခြေထောက်များ ပျော့ခွေကာ ကြမ်းပြင်ပေါ်သို့ ပုံကျသွားသည်။ ဟိုး... ဝေးဝေးရှိ ဒုက္ခိတဘိုးဘွားကျေးရွာမှ ကြက်နဂါး၏ ကတော်ကတော် အသံကို ကြားရ၏။ ထိုအသံက ကြက်နဂါး ဥဥပြီးလျှင် အော်သောအသံ ဖြစ်သည်။
သို့သော်လည်း ဤလူငယ်လေးက အားအင်ကုန်ခန်း၍ ပင်ပန်းအားကြီးနေပြီး မကြာမီ အချိန်အတွင်း၌ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားတော့၏။ ထိုအခိုက်၌ သူ၏ ဝိညာဉ်သန္ဓေသားသည်လည်း ဝိညာဉ်သန္ဓေသား ကောင်းကင်ရတနာထဲမှ ရွှေရောင်အလင်းတန်းများကို အငမ်းမရ စုပ်ယူပြီး အိပ်ပျော်သွားသည်။
ချင်မူမှာ မည်မျှ အိပ်ပျော်သွားမှန်း မသိချေ။ သူ အိပ်တစ်ဝက်၊ နိုးတစ်ဝက် ဖြစ်နေစဉ်၌ ရွာလူကြီးနှင့် ဆေးဆရာကို မြင်လိုက်ရသလို ထင်မိပြီး သူတို့၏ အသံများကို လွန်စွာ ဝေးကွာသည့် နေရာမှ ပြောနေသကဲ့သို့ ကြားရ၏။ “ပြဿနာ မရှိပါဘူး... အားကုန်ပြီး ပင်ပန်းသွားရုံပါ...” ထို့နောက် ချင်မူ ပြန်အိပ်ပျော်သွားသည်။
သူက အကြိမ်ပေါင်းများစွာ နိုးလာပြီး သူ့ဘေးတွင် မျက်နှာများစွာ မြင်ရ၏။ တစ်ခါတစ်ရံတွင် အဘွားစစ်၊ တစ်ခါတစ်ရံတွင် ကောင်းကင်နတ်ဆိုးဂိုဏ်း၏ လူငယ်ဂိုဏ်းချုပ်...။ သူ တစ်ခုခုပြောရန် ကြိုးစားသေးသော်လည်း ပြောဖို့ အင်အားမရှိဘဲ ပြန်အိပ်ပျော်သွားသည်။
ချင်မူ နောက်တစ်ကြိမ် ပြန်နိုးလာသောအခါ သူ့တစ်ကိုယ်လုံးမှ နာကျင်ကိုက်ခဲမှုကို ခံစားရ၏။ သို့သော်လည်း အားအင်ကတော့ ပြန်ပြည့်ဝသွားပြီ ဖြစ်သည်။ သူ့ကိုယ်ပေါ်မှ ဒဏ်ရာများမှာလည်း အနာဖေးတက်၍ ကွာကျစပြုနေ၏။ ကြည့်ရသည်မှာ ဆေးဆရာက သူ့ကို ဆေးလိမ်းပေးထားခြင်း ဖြစ်မည်။
သူ ထထိုင်၍ ဘေးဘီသို့ ကြည့်လိုက်သောအခါ မီးငှက်စံအိမ်သခင်၏ အခန်းထဲတွင်သာ ရှိနေသေးပြီး ပတ်ဝန်းကျင်တစ်ခုလုံး အပ်ကျသံပင် ကြားရအောင် တိတ်ဆိတ်နေကြောင်း တွေ့ရသည်။
“ငါ့ဝိညာဉ်သန္ဓေသားက ပြန်အိပ်ပျော်သွားပါလား...”
ချင်မူ သူ့ခန္ဓာကိုယ်ကို စစ်ဆေးကြည့်လိုက်သောအခါ ဝိညာဉ်သန္ဓေသား ငြိမ်သက်နေသည်မှအပ တခြား ကြီးကြီးမားမား ပြဿနာမရှိကြောင်း တွေ့ရ၏။ သို့ဖြစ်၍ တစ်ကိုယ်လုံး နာကျင်နေမှုကို အောင့်ခံ၍ ထရပ်ရန် ကြိုးစားလိုက်သည်။ ထို့နောက် သူ့ကိုယ်သူ ထိန်းမတ်၍ လှေကားအတိုင်း အောက်သို့ တစ်ထစ်ချင်း ဆင်းလာခဲ့၏။ လှုပ်ရှားမှုတစ်ခု လုပ်တိုင်း၊ လှေကားတစ်ထစ် ဆင်းတိုင်း သူ့ကြွက်သားများ စူးအောင့် နာကျင်သွားသည်။
နောက်ဆုံးတွင် ပထမထပ်ဆီသို့ ခက်ခက်ခဲခဲ ရောက်ရှိလာပြီး သစ်သားအိမ် အပြင်ဘက်မှ မြင်လိုက်ရသော မြင်ကွင်းကြောင့် ကြက်သေသေသွား၏။
ကောင်းကင်နတ်ဆိုးဂိုဏ်း၏ ရွာထဲတွင် လူများ ပြည့်နေပြီး အများစုက ရင်းနှီးပြီးသား မျက်နှာများ ဖြစ်သည်။ သူ့အနေဖြင့် သုံးရာ့ခြောက်ဆယ်သော စံအိမ်သခင်များ အားလုံးကို မြင်ဖူးခဲ့ပြီ ဖြစ်ပြီး ထိုသူများ အားလုံးက လူအုပ်ထဲတွင် ရှိနေ၏။
စံအိမ်သခင်များအပြင် အခြားမရင်းနှီးသော မျက်နှာများလည်း ရှိသည်။ ကိုက်သုံးဆယ်ခန့် မြင့်သော လူ့ဘီလူးကြီးများ၊ ဆံပင်ဖြူနှင့် အကြီးအကဲများ၊ မျက်နှာတည်တည် ရှိနေသော လက်ဝဲရံ၊ လက်ယာရံ၊ ကောင်းကင်နတ်မင်းလေးပါး၊ ဂိုဏ်းအုပ် ရှစ်ဦး...။
သူတို့အားလုံးမှာ ထိုင်သည့်သူက ထိုင်၊ ရပ်သည့်သူက ရပ်နှင့် အသံတစ်ချက် မပြုဘဲ တိတ်ဆိတ်စွာ စောင့်ဆိုင်းနေကြသည်။
ချင်မူ သစ်သားအိမ်ထဲမှ လျှောက်လှမ်းထွက်လာသည်ကို မြင်သောအခါ တစ်ယောက်ပြီးတစ်ယောက် ထရပ်၍ တလေးတစား အမူအရာဖြင့် ကြည့်လိုက်ကြ၏။
မိစ္ဆာဂိုဏ်း၏ လူငယ်ဂိုဏ်းချုပ်က ရွာအဝင်ဝတွင် ရွာလူကြီး၊ ဆေးဆရာ၊ အဘိုးကြီးမာ၊ ကျန်သူများနှင့်အတူ ရပ်နေသည်။ အဘွားစစ်ကလည်း ထိုနေရာတွင် အမျိုးအမည် ခွဲခြားမရသည့် အမူအရာဖြင့် ချင်မူ့ကို လှမ်းကြည့်နေ၏။
ရုတ်တရက် အကြီးအကဲလေးယောက်က ဦးညွှတ်လိုက်ကြပြီး သူတို့၏ အသံက ကောင်းကင်ပေါ်မှ တိမ်တိုက်များကို ထွင်းဖောက်သွားသည်အထိ ဟိန်းထွက်လာ၏။ “နတ်ဂိုဏ်းရဲ့ ကောင်းကင်နတ်မင်းလေးပါးက ဂိုဏ်းသခင်လေးကို အရိုအသေ ပြုပါတယ်...”
ချင်မူ ကြောင်အမ်းအမ်း ငေးကြည့်နေမိပြီး မည်သို့ တုံ့ပြန်ရမှန်းမသိ ဖြစ်သွားသည်။ ထို့အခိုက်၌ နောက်ထပ်အသံများ တညီတညာတည်း ထွက်ပေါ်လာ၏။ “နတ်ဂိုဏ်းရဲ့ လက်ဝဲရံနဲ့ လက်ယာရံက ဂိုဏ်းသခင်လေးကို အရိုအသေ ပြုပါတယ်...”
“နတ်ဂိုဏ်းရဲ့ ဂိုဏ်းအုပ်ရှစ်ဦးက ဂိုဏ်းသခင်လေးကို အရိုအသေ ပြုပါတယ်...”
“နတ်ဂိုဏ်းရဲ့ ဂိုဏ်းစောင့်အကြီးအကဲ ဆယ့်နှစ်ယောက်က ဂိုဏ်းသခင်လေးကို အရိုအသေ ပြုပါတယ်...”
ပို၍ ကျယ်လောင်သော အသံတစ်သံ ဟိန်းထွက်လာပြန်သည်။ ထိုအသံက သုံးရာ့ခြောက်ဆယ်သော စံအိမ်သခင်များအားလုံး တညီတညာတည်း အော်ဟစ်ရာမှ ထွက်ပေါ်လာသော နားကွဲလောက်သည့် အသံကြီး ဖြစ်၏။
“နတ်ဂိုဏ်းရဲ့ စံအိမ်သခင် သုံးရာ့ခြောက်ဆယ်က ဂိုဏ်းသခင်လေးကို အရိုအသေ ပြုပါတယ်...”
ထိုသို့သော မြင်ကွင်းမျိုးကို ချင်မူ မည်သည့် အချိန်ကများ မြင်ဖူးခဲ့ပါသနည်း။ သူ စိတ်ရှုပ်ထွေးသွားပြီး ရွာလူကြီး၊ အဘွားစစ်နှင့် ကျန်သူများကို အကူအညီတောင်းသည့် အကြည့်ဖြင့် ကြည့်လိုက်၏။ သို့သော်လည်း သူတို့က သူတို့၏ နေရာတွင်သာ နေ၍ အဝေးသို့ လှမ်းကြည့်နေကြသည်။
ဒုက္ခိတဘိုးဘွားကျေးရွာမှ နွားကျောင်းသားလေးမှာ သူ့ကိုယ်သူ တည်ငြိမ်အောင် ပြန်ထိန်းလိုက်ပြီး ရုတ်တရက် တည်ကြည်လေးနက်သွားကာ နှေးခြင်း၊ မြန်ခြင်း အလျဉ်းမရှိသော လေသံဖြင့် ပြောလိုက်၏။ “အားလုံး ထနိုင်ပြီ...”
“ကျေးဇူးတင်ပါတယ်၊ ဂိုဏ်းသခင်လေး...”