တတိယအကြိမ် နိုးထခြင်း
Vol. 5 Ch. 59
ရွာအဝင်ဝ၌ ရွာလူကြီး၊ အဘိုးကြီးမာ၊ နားကန်း၊ မျက်ကန်းနှင့် ကျန်သူများက တစ်ဘက်ရွာမှ အခမ်းအနားကို ရင်ထဲတွင် တလှိုက်လှိုက်တက်၍ ငေးမောကြည့်ရှုနေကြသည်။ မိစ္ဆာလမ်းစဉ်၏ အကြီးမားဆုံးဂိုဏ်း၊ နာမည်ဂုဏ်သတင်းနှင့် ကျော်စောသည့် ကောင်းကင်နတ်ဆိုးဂိုဏ်းက သူတို့၏ အနာဂတ် ဂိုဏ်းသခင်လျောင်းလျာကို ဤမျှ သီခေါင်သည့် နေရာတွင် ကြိုဆိုကြလိမ့်မည်ဟု မည်သူများ တွေးမိပါမည်နည်း။ အသက်ဆယ့်နှစ်နှစ်ပင် မရှိသေးသည့် ဂိုဏ်းသခင်လေး ဆိုပါ၏လား။
ဤမြင်ကွင်းကို ကြည့်ရသည်က ဒဏ္ဍာရီထဲမှ ဇာတ်လမ်းတစ်ပုဒ်ကို ကြည့်နေရသကဲ့သို့ပင် ဖြစ်၏။ ဖြာကျနေသည့် နေရောင်ကပင် အရောင်အသွေးစုံလင် လှပနေသည်။
အဘွားစစ်က ရုတ်တရက် မျက်ရည်များ အိုင်ဖွဲ့လာပြီး တစ်ဆို့သွား၏။ “သူက ကျုပ်တို့ကို ခွဲသွားတော့မယ်...”
“ဒါ ကောင်းတဲ့ ကိစ္စပဲလေ... အဘွားကြီး...”
ဆေးဆရာက နွေးထွေးစွာ ပြုံးလိုက်သည်။ “ငှက်ပေါက်လေးတွေဆိုတာ တစ်နေ့ အရွယ်ရောက်လာကြမှာပဲ... အပြောကျယ်လှတဲ့ လောကကြီးကို တွေ့မြင်ရဖို့၊ အပြင်လောကကြီးရဲ့ အန္တရာယ်တွေကို တွေ့မြင်ရဖို့အတွက် အသိုက်ထဲကနေ ထွက်ပြီး လေအဟုန်ကို ဆန်တက် ပျံသန်းရလိမ့်မယ်... ငါတို့လို ဒုက္ခိတတွေရဲ့ ဘေးမှာ သူ့ကို တစ်ချိန်လုံး ခေါ်ထားဖို့ မဖြစ်နိုင်ဘူး...”
မျက်ကန်းက ငြိမ်းအေးသော အမူအရာဖြင့် တည်ကြည်လေးနက်စွာ ပြောလိုက်၏။ “သူ ရွာကစထွက်တဲ့ ခြေလှမ်းက ဒဏ္ဍာရီတစ်ပုဒ်ရဲ့ အစပဲ...”
ရွှေအက ပြုံး၍ လက်ဟန်ခြေဟန်ဖြင့် ပြောလာသဖြင့် နားကန်းက ရယ်မောလိုက်သည်။ “မင်းပြောတာ မှန်တယ်... မူအာရဲ့ အနာဂတ်က သေချာပေါက် ငါတို့ထက် ပိုစိတ်ဝင်စားစရာ ကောင်းလိမ့်မယ်...”
မာန်ဟုန်မြစ်ကမ်းတွင်...။
ခမ်းနားထည်ဝါ၍ တန်ဖိုးကြီးဟန်ပေါ်သော သင်္ဘောများ ရွက်တိုက်ကမ်းကပ်လာပြီး မြစ်ကမ်းဘေးတွင် ကျောက်ချထားကြ၏။ ကောင်းကင်နတ်ဆိုးဂိုဏ်းမှ ရွာသူရွာသားများ တစ်ယောက်ပြီးတစ်ယောက် ထွက်ခွာသွားကြသည်။ တချို့က ကောင်းကင်ယံ၌ ခရီးနှင်သွားကြပြီး တချို့က သင်္ဘောပေါ်တက်၍ ထွက်ခွာသွားကြ၏။ တချို့က ဆန်းကြယ်သားရဲများအဖြစ် အသွင်ပြောင်း၍ တောထဲသို့ ဝင်သွားကြပြီး တချို့က မီးလျှံများ၊ ရေစက်ရေပေါက်များအဖြစ် အသွင်ပြောင်းသွားကြသည်။
သူတို့အားလုံးက တစ်ယောက်တစ်မျိုး ထူးခြားသော စွမ်းရည်များ ရှိကြ၏။ ချင်မူ မှင်တက် ငေးမောနေမိသည်။ ဝိညာဉ်သန္ဓေသားအဆင့်တွင် ဤသူများကို နိုင်ကောင်းနိုင်လိမ့်မည် ဖြစ်သော်လည်း သူ့တွင် ဤသို့ ထူးခြားဆန်းပြားသည့် စွမ်းရည်များ မရှိချေ။
“နှုတ်ဆက်ပါတယ်၊ ဂိုဏ်းသခင်လေး...” အမျိုးသမီးတစ်ယောက်က သူ့ကို လက်ဝှေ့ယမ်း နှုတ်ဆက်၍ မြစ်ထဲသို့ နောက်လှန်ချပြီး ရေပွက်လေးတစ်ခုအဖြစ်သို့ ပြောင်းလဲသွား၏။
ချင်မူ ပြန်၍ လက်ဝှေ့ယမ်းပြလိုက်သည်။ ဤသူများက လူကောင်းလား၊ လူဆိုးလား သူ မသိချေ။ သူသိသည်မှာ သူက ထိုသူတို့၏ ဂိုဏ်းသခင်လေး ရုတ်တရက်ကြီး ဖြစ်သွားခြင်းပင် ဖြစ်၏။ သူ မဟာမြို့ပျက်မှ ထွက်သည့်အချိန်တွင် သူတို့နှင့် ပြန်လည် ဆုံတွေ့ရဦးမည်လော။
“ကျုပ်တို့နတ်ဂိုဏ်းက ဂိုဏ်းသခင်မကို ရှာဖို့အတွက် မဟာမြို့ပျက်ထဲ ဝင်လာတာ နှစ်ပေါင်းလေးဆယ်တောင် ကြာသွားပြီ... အခုတော့ ကျုပ်တို့ရဲ့ ကြိုးစားအားထုတ်မှုတွေ ဆုံးခန်းတိုင်ခဲ့ပြီပေါ့လေ... အဆွေတော်၊ ဂိုဏ်းသခင်မ... ကျုပ်တို့ဂိုဏ်းက ပြီးခဲ့တဲ့ နှစ်လေးဆယ်လုံး ဘာတစ်ခုမှ မလုပ်နိုင်ခဲ့သလို အခြေအနေကို ထိန်းချုပ်မဲ့ ဂိုဏ်းသခင်လည်း မရှိခဲ့ဘူးဆိုတာ သိထားပေးပါ... ကျုပ်တို့သာ တောင့်ခံမထားခဲ့ရင် ဒီကနေ့ ကျုပ်တို့ရဲ့နတ်ဂိုဏ်းက အန္တရာယ်တောထဲ ကျနေလောက်ပြီ...”
လူငယ်ဂိုဏ်းချုပ်ကလည်း ထွက်ခွာရန် ထရပ်ပြီး ရွာလူကြီးနှင့် အဘွားစစ်ကို နှုတ်ဆက်လိုက်သည်။ “အခု ဂိုဏ်းသခင်လေးကို ရွေးချယ်ပြီးသွားပြီဆိုတော့ ဂိုဏ်းသားတွေရဲ့ စိတ်ကို ယာယီ ဖြေသိမ့်ပေးနိုင်ပါလိမ့်မယ်၊ အကြာကြီးတော့ ရမှာ မဟုတ်ဘူး... ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ ဧကရာဇ်အတိုင်ပင်ခံက ကျုပ်တို့ဂိုဏ်းကို မျက်စိကျပြီး သူ့လက်အောက် သိမ်းသွင်းချင်နေတာ... ကျုပ်အသက်ရှင်နေသေးရင်တော့ ဒီကိစ္စကို နှစ်အနည်းငယ်လောက် အချိန်ဆွဲထားနိုင်တယ်... ဒါပေမဲ့ ဂိုဏ်းသခင်လေး အရွယ်ရောက်လာတဲ့အခါ မဟာမြို့ပျက်ကနေ ထွက်ခွာပြီး ကျုပ်တို့ နတ်ဂိုဏ်းရဲ့ ဂိုဏ်းသခင် တရားဝင် ဖြစ်လာမှ ရလိမ့်မယ်...”
ရွာလူကြီးက အဘွားစစ်ကို ကြည့်လိုက်၏။ အဘွားစစ်က ခေါင်းညိတ်၍ တုံ့ပြန်လိုက်သည်။ “မပူပါနဲ့ ဂိုဏ်းချုပ်... ကျွန်မက ဂိုဏ်းသခင်ကို သတ်ခဲ့တာဆိုတော့ အစားထိုး ပြန်ပေးရမှာပေါ့... သူ အရွယ်ရောက်လာတဲ့အခါ ကောင်းကင်နတ်ဂိုဏ်းကို လာပြီး ဂိုဏ်းချုပ် ဖြစ်စေချင်တဲ့အတိုင်း အာဏာလက်လွှဲယူပါလိမ့်မယ်...”
လူငယ်ဂိုဏ်းချုပ်က စည်းကမ်းထိန်းအကြီးအကဲကို ခေါ်၍ အားလုံးကို ဦးညွှတ်အရိုအသေပြုကာ လှည့်ထွက်သွား၏။ အဝတ်သင်တိုင်း ဝတ်၍ ကောက်ရိုးဖိနပ် စီးထားသော လူကြီးတစ်ယောက်နှင့် လူငယ်တစ်ယောက် မာန်ဟုန်မြစ်ဆီသို့ လျှောက်သွား၍ မြစ်ရေပြင်ကို နင်းဖြတ်ကာ ခရီးနှင်သွားတော့သည်။
မျက်ကန်းက သူ၏ ဝါးတောင်ဝှေးကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်၍ သီချင်းတစ်ပုဒ် ကျယ်လောင်စွာ သီဆိုလိုက်ရာ မာန်ဟုန်မြစ်ကမ်းတစ်လျှောက် ပဲ့တင်ထပ်သွား၏။
“ကောက်ရိုးအင်္ကျီတစ်ထည်၊ ဝါးခမောက်တစ်လုံး၊ လှေငယ်တစ်စီးနဲ့ ငါးမျှားကြိုး၊ ငါးမျှားချိတ်ရယ်... ပျော်စရာသီချင်းတစ်ပုဒ်၊ အရက်တစ်အိုးနဲ့ လူတစ်ယောက်ဟာ နွေဦးရဲ့ စမ်းချောင်းလေးမှာ ငါးကိုမျှားတယ်... မိစ္ဆာနတ်ဆိုးဂိုဏ်းချုပ်ရေ၊ ခင်ဗျားနဲ့ ကျုပ်က အသက်တွေ ကြီးကုန်ကြပြီ... နောက်တစ်ခါ ပြန်တွေ့ဖို့ ဘယ်တော့ အခွင့်ရှိမယ် မသိဘူး... နှုတ်ဆက်ပါတယ်ဗျား...”
မြစ်ထဲမှ လူငယ်ဂိုဏ်းချုပ်က ခြေလှမ်းများ ရပ်၍ နောက်လှည့်ကာ လက်ဝှေ့ယမ်း ပြလိုက်သည်။ “အားလုံးပဲ နှုတ်ဆက်ပါတယ်... ဟား... ဟား...”
သူကလည်း စတင်၍ သီဆိုလိုက်၏။ “အသက်ရှစ်ရာ အဘိုးကြီးတွေက အိမ်ထဲမှာ ငြိမ်သက်လို့... ဘယ်တော့မှ မဆုံးမဲ့ စိတ်ဆန္ဒတွေက အညွန့်တလူလူနဲ့... တမလွန်ကနေ ကောင်းကင်ယံထိ ထိုးတက်လာမယ်... တိမ်တွေက လွင့်ဆဲ မျောဆဲ... ရေတွေက စီးဆဲ ဆင်းဆဲ...”
မျက်ကန်းက ချီးကျူးလိုက်သည်။ “မိစ္ဆာနတ်ဆိုးဂိုဏ်းချုပ် ပီသပါပေတယ်... သေခြင်းနဲ့ ရှင်ခြင်းကို မတုန်လှုပ်ဘဲ သူ့ဘဝ ပြီးပြည့်စုံပြီလို့ တွေးပြီး၊ သေပြီးတဲ့နောက် ကောင်းကင်ဘုံကနေ လူ့လောကရဲ့ ဖြစ်ပျက်ပြောင်းလဲမှုတွေကို ပြုံးရင်း ကြည့်နေလိမ့်မယ်...”
ရွာလူကြီးက ခပ်အေးအေး ပြောလိုက်၏။ “ဒါက ထိပ်သီးပညာရှင်... မင်းက ဒီစိတ်အခြေအနေကို ရဖို့ မဝေးတော့ဘူး... မျက်ကန်း...”
“သူက ပေါ့ပြက်ပြက် နေတုန်းပဲလေ...”
နားကန်းက ရယ်မောလိုက်သည်။ “မျက်ကန်းဆိုတဲ့ကောင်က ကဗျာတွေ လျှောက်ရွတ်ဖို့ပဲ သိတာ... ဘာမှ ကောင်းကောင်းသိတာ မဟုတ်ဘူး... သူ့စာသားတွေက အခြေအနေနဲ့လည်း မလိုက်ဘူး၊ ရှုမျှော်ခင်းနဲ့လည်း မလိုက်ဘူး... မိစ္ဆာနတ်ဆိုးဂိုဏ်းချုပ်ရဲ့ ကဗျာကိုပဲ ကြည့်... အခြေအနေ၊ အချိန်အခါနဲ့လည်း လိုက်တယ်... ရဲဝံ့တဲ့ စိတ်အလျဉ်ကနေလည်း သွေဖည်မသွားဘူး...”
မျက်ကန်းက အထစ်ထစ်အငေါ့ငေါ့နှင့် ပြောလိုက်၏။ “မင်း.. မင်းက ကဗျာအကြောင်း မသိဘဲနဲ့... ဝေဖန်ဖို့ပဲ တတ်တယ်...”
အားလုံးက တဟားဟား ရယ်မောလိုက်ကြသည်။
ချင်မူမှာလည်း ပြုံးလိုက်မိပြီး ဤပျော်ပျော်နေတတ်သော လူကြီးများအားလုံးကို ကြည့်လိုက်၏။ သူတို့အားလုံးက တစ်နည်းတစ်ဖုံ ဒုက္ခိတဖြစ်နေကြသည် မှန်သော်လည်း သူတို့၏ စိတ်ဓာတ်၊ ဝိညာဉ်များကတော့ အလွန်တရာ သန်စွမ်းကြံ့ခိုင်လှသည်။
“ငါ့ရဲ့ ဆွေမျိုးသားချင်းတွေ...”
ရုတ်တရက် သူ့မျက်ခုံးနှစ်ခုအလယ်မှ အားလှိုင်းတစ်ခု တရှိန်ရှိန် ထိုးတက်လာကြောင်း ခံစားလိုက်မိ၏။ ချင်မူ ရင်ထဲတွင် လှုပ်ခါသွားပြီး ဝိညာဉ်သန္ဓေသား ကောင်းကင်ရတနာထဲသို့ ကြည့်လိုက်သောအခါ တစ်ခဏမျှ မှင်တက်မိသွားသည်။ “ငါ့ဝိညာဉ်သန္ဓေသားက ပြန်နိုးလာပြီပဲ...”
ဤသည်က သူ၏ ဝိညာဉ်သန္ဓေသား တတိယအကြိမ်မြောက် နိုးထလာခြင်း ဖြစ်၏။ ပထမအကြိမ်မှာ သူ၏ အသိစိတ်အလျဉ်နှင့် ပေါင်းစည်းစဉ်က ဖြစ်ပြီး ဒုတိယအကြိမ်မှာ ပန်းပဲဖိုထဲတွင် မီးကသိုဏ်း၊ ရေကသိုဏ်း ရှုစဉ်က ဖြစ်သည်။
ဤတစ်ကြိမ်တွင်တော့ စံအိမ်သခင် သုံးရာ့ခြောက်ဆယ်နှင့် တိုက်ခိုက်ပြီးချိန်၌ ဝိညာဉ်သန္ဓေသားက ကောင်းကင်ရတနာထဲမှ ရွှေရောင်အလင်းတန်းများ အားလုံးကို စုပ်ယူ၍ အိပ်မောကျသွားခြင်း ဖြစ်၏။
သို့သော်လည်း ဤတစ်ခေါက် အိပ်သွားခြင်းက အနည်းငယ် ပိုကြာပြီး ယခုမှ နိုးထလာသည်။
ဤနိုးထခြင်းက မည်သည့် အပြောင်းအလဲကို ဖြစ်စေခဲ့သနည်း။
“ထပ်နိုးထလာပြီ ဟုတ်လား...”
ဝိညာဉ်သန္ဓေသား တတိယအကြိမ် နိုးထလာပြီဟု ချင်မူ ပြောလိုက်သည်တွင် ရွာသူရွာသားအားလုံး ထူးဆန်းသော အမူအရာ ဖြစ်သွား၏။ ရွာလူကြီးနှင့် ဆေးဆရာ၏ အမူအရာက ပို၍ ထူးဆန်းသွားသည်။ အခြားသူတို့၏ ဝိညာဉ်သန္ဓေသားက တစ်ခါသာ နိုးထရန် လိုပြီး အဘယ်ကြောင့် ချင်မူ၏ ဝိညာဉ်သန္ဓေသားက နိုးလိုက်၊ အိပ်လိုက် ရှိနေရသနည်း။
“ဝိညာဉ်ခန္ဓာလေးခုကလည်း သုံးကြိမ် နိုးထလား...” ချင်မူက မေးလိုက်သည်။
အားလုံး တစ်ယောက်မျက်နှာတစ်ယောက် ကြည့်၍ ခေါင်းခါယမ်းပြီး ရွာလူကြီးကို တညီတညာတည်း ကြည့်လိုက်ကြ၏။
ရွာလူကြီးမှာ ခေါင်းကိုက်သွားပြီး သူ့ကိုယ်သူ ကျိန်ဆဲလိုက်သည်။ ချင်မူ တစ်ခါ နိုးထလာသည်က လက်ခံ၍ ရသေး၏။ သို့သော်လည်း တစ်ခါပြီးတစ်ခါ နိုးထလာနေခြင်းက သူ့အတွက် လက်လှမ်းမမီသည့် ပုစ္ဆာတစ်ပုဒ်ပမာ ဖြစ်လာသည်။
“ဒါ... လောကသခင်ခန္ဓာကိုယ်ပဲ...”
ရွာလူကြီးက ချောင်းတစ်ချက် ဟန့်ပြီး သူနားမလည်သည့် ကိစ္စကို လောကသခင်ခန္ဓာကိုယ်အပေါ် ပုံချလိုက်၏။ “မင်းတို့အားလုံး အဲလောက် ပညာမဲ့သွားကြပြီလား ဟမ်... လောကသခင်ခန္ဓာအတွက် ကျင့်စဉ်ကို ဘယ်လိုခေါ်လဲ သိလား... လောကသခင်ခန္ဓာ အမြုတေသုံးသွယ်ကျင့်စဉ်လို့ ခေါ်တယ်ကွ... အမြုတေသုံးသွယ်ဆိုတာ ဘာလဲ... ပထမနိုးထလာတာ ပထမအမြုတေ၊ ဒုတိယနိုးထလာတာ ဒုတိယအမြုတေ၊ တတိယနိုးထလာတာ တတိယအမြုတေပဲ... အခု မူအာ တတိယအကြိမ် နိုးထလာတယ်ဆိုတာ သူ့ရဲ့ လောကသခင်ခန္ဓာ အမြုတေသုံးသွယ်ကျင့်စဉ်မှာ အသေးစားအောင်မြင်မှု ရလာတာကို ပြတာပဲ... မူအာ၊ မင်း ဘဝင်မြင့်ပြီး မာန်တက်နေလို့ မရဘူးနော်...”
ချင်မူက တစ်မုဟုတ်ချင်း ခေါင်းညိတ်လိုက်သည်။ “ကျွန်တော် လုံးဝ မာန်မတက်ပါဘူး...”
ဆေးဆရာက ပြုံးယောင်ယောင် လုပ်လိုက်၏။ “မူအာ စတုတ္ထအကြိမ် နိုးထလာရင်ရော... အမြုတေလေးသွယ်လား...”
ရွာလူကြီးမှာ ဒေါသအိုး ပေါက်ကွဲသွားပြီး ယခုချက်ချင်းပင် ဆေးဆရာကို ခုန်အုပ်၍ နံရိုးနှစ်ချောင်းကြား ဓားဖြင့် တစွပ်စွပ် ထိုးပစ်ချင်စိတ် ပေါက်လာသည်။
သို့သော်လည်း ဆေးဆရာ ပြောသည်မှာ မမှား။ ဤကောင်လေး၏ ဝိညာဉ်သန္ဓေသားက တကယ်ပင် စတုတ္ထအကြိမ် နိုးထလာလျှင် မည်သို့ လုပ်ရမည်နည်း။
ထိုအခါ သူ မည်သို့ လိမ်ရဦးမည်နည်း။
“အဟွတ်... အဟွတ်... မူအာ၊ တတိယအကြိမ် နိုးထလာတော့ ဘာတွေ ထူးခြားတာ ခံစားရသလဲ...” ရွာလူကြီးက စကားလမ်းကြောင်းပြောင်း၍ မေးလိုက်၏။
ချင်မူက သူ၏ ဝိညာဉ်သန္ဓေသားကို စစ်ဆေးကြည့်လိုက်သော်လည်း မည်သည့် ထူးခြားမှုကိုမျှ မခံစားရချေ။ ရွှေရောင် အလင်းပင်လယ်ကြီး လျော့ပါးသွားခြင်းတစ်ခုသာ ထူးခြားသည်။
ရွှေရောင် အလင်းပင်လယ်က ယခုအခါ လွန်စွာ နည်းပါးလျက် ရှိပြီး အလိုအလျောက် ပြန်လည် ထုတ်လုပ်နိုင်စွမ်း ရှိသည့်ပုံ မပေါ်ချေ။ ဝိညာဉ်သန္ဓေသား စုပ်ယူလိုက်သမျှ ပို၍ ပို၍ လျော့နည်းလာရုံသာ ရှိ၏။
ချင်မူ ချီစွမ်းအင်ကို ထုတ်သုံးကြည့်လိုက်သောအခါ သူ၏ ဝိညာဉ်သန္ဓေသားကလည်း ချီစွမ်းအင်ကို လှည့်ပတ်လာသည်။ တစ်ခါတစ်ခါတွင် ၎င်း၏ ခန္ဓာကိုယ်၌ နဂါးစိမ်းတစ်ကောင် ရစ်ပတ်နေပြီး တစ်ခါတစ်ခါတွင် လိပ်နက်တစ်ကောင် ဖုံးအုပ်သွား၏။ တစ်ခါတစ်ရံတွင်တော့ နောက်ကျော၌ အတောင်များ ပေါက်လာသည်။ သူ၏ ချီစွမ်းအင်က စိတ်ကြိုက် အသွင်ပြောင်းလဲ၍ ရလာပြီး မီးကသိုဏ်း၊ ရေကသိုဏ်း ရှုရန် မလိုတော့ချေ။
ချင်မူ ထိုအကြောင်း ပြောပြသောအခါ ရွာသူရွာသားအားလုံး တစ်ယောက်ကိုတစ်ယောက် နားမလည်နိုင်စွာ ကြည့်လိုက်ကြသည်။
“ဒါ... ကောင်းတဲ့ ကိစ္စပဲ...”
ရွာလူကြီးက လေပူတစ်ချက် မှုတ်ထုတ်၍ ပြောလိုက်၏။ “လောကသခင်ခန္ဓာ တတိယအကြိမ် နိုးထလာတာက သူ့ချီစွမ်းအင်ဓာတ်ကို လိုသလို စိတ်ကြိုက်ပြောင်းလဲလို့ ရသွားစေတာပဲ... တိုက်ပွဲထဲမှာ သိုင်းကွက်အမျိုးမျိုးကို အလွယ်တကူ ထုတ်သုံးလာနိုင်လိမ့်မယ်... ဒါက လောကသခင်ခန္ဓာ အမြုတေသုံးသွယ် ကျင့်စဉ်ရဲ့ အားသာချက်ပဲ...”
အားလုံးက ခေါင်းညိတ်လိုက်ကြသည်။ ဆေးဆရာက တစ်စုံတစ်ခုပြောမည် ပြင်လိုက်သော်လည်း ရွာလူကြီး၏ စိုက်ကြည့်ခြင်း ခံလိုက်ရ၏။ သူပြောမည့် စကားများကို ပြန်မျိုချပြီး ရွာလူကြီးကို ကျိတ်၍ ကျိန်ဆဲလိုက်သည်။ “ချင်မူ စတုတ္ထအကြိမ် နိုးထလာရင် ခင်ဗျား ဘယ်လိုလိမ်မလဲ ကြည့်ဦးမယ်...”
...... ။
“အခိုးအငွေ့တွေကို နင့်ရဲ့ နှာခေါင်းထဲက မီးခိုးလို ထုတ်လိုက်၊ ခန္ဓာကိုယ်နဲ့ စိတ်အလျဉ်ကို ကြည်လင်အောင်ထား၊ ဖန်လုံးတစ်လုံးလို အထဲမှာ ဗလာကျင်းနေအောင် လုပ်...”
ကျောက်စိမ်းတိမ်တိုက်ချိုင့်ဝှမ်း၏ ရေတံခွန်အောက်ရှိ ကောက်ရိုးတဲလေး တစ်လုံးအတွင်းမှ နုနယ်ပျိုမျစ်သည့် စာရှင်းပြသံတစ်သံ ထွက်ပေါ်နေ၏။ ပြတင်းပေါက်မှ လှမ်းကြည့်လိုက်လျှင် ဆယ့်လေးနှစ်၊ ဆယ့်ငါးနှစ်အရွယ် လူငယ်လေးတစ်ယောက် စာအုပ်ကိုင်၍ တဲထဲတွင် လှည့်ပတ်လမ်းလျှောက်ရင်း စာဖတ်ပြနေသည်ကို မြင်တွေ့ရပေလိမ့်မည်။ နှင်းခဲကဲ့သို့ ဆွတ်ဆွတ်ဖြူသော မြေခွေးလေးတစ်ကောင်ကလည်း သူ့ကို စူးစိုက်ကြည့်ရှုနေ၏။
ထိုလူငယ်က ချင်မူ ဖြစ်ပြီး မြေခွေးဖြူလေးက ကျောက်စိမ်းတိမ်တိုက်ချိုင့်ဝှမ်း၏ အဆင့်မြင့်မှော်မိစ္ဆာ၊ ဟူလင်းအာ ဖြစ်သည်။
များစွာမကြာလိုက်ဘဲ ဟူလင်းအာ၏ အသက်ရှူချိန် ပိုကြာလာပြီး မီးခိုးငွေ့ကဲ့သို့ အဖြူရောင် အငွေ့တန်းနှစ်ခုက သူ ရှူသွင်း၊ ရှူထုတ်လုပ်တိုင်း ဝင်လိုက် ထွက်လိုက် ဖြစ်နေ၏။
ဟူလင်းအာ၏ ချီစွမ်းအင်က သိပ်သည်းနက်ရှိုင်းလာသည်။ ချီစွမ်းအင် အရည်အသွေးကလည်း အလွန်တရာ မြင့်မားသည့် အဆင့်သို့ ရောက်ရှိပြီး ရှူသွင်းရှူထုတ်လုပ်တိုင်း မီးခိုးငွေ့ကဲ့သို့ ယှက်သန်းလာ၏။
ကောင်းကင်နတ်ဆိုးဂိုဏ်း လာရောက် လည်ပတ်သွားခဲ့သည်မှာ နှစ်နှစ်နှင့်ရှစ်လ ရှိပြီ ဖြစ်သည်။ ဆောင်းရာသီ ကုန်ဆုံးသွားပြီး သက်ရှိသတ္တဝါများအားလုံး ပြန်လည် ထွက်ပေါ်လာ၏။ ဤအချိန်က လေထုထဲတွင် နွေဦးပေါက်စ၏ အေးစိမ့်မှုရှိနေဆဲ အခါကာလ ဖြစ်သည်။ မာန်ဟုန်မြစ်၏ ရေခဲမျက်နှာပြင်ကလည်း အလုံးစုံ အရည်မပျော်သေးဘဲ မြစ်ကြောင်းတစ်လျှောက် ရေခဲတုံးများ စီးဆင်းနေ၏။
မြစ်ကြောင်း အကွေ့အကောက် နေရာများတွင် မကြာခဏ ရေခဲတုံးများ ပိတ်ဆို့သွားလေ့ ရှိသည်။ ရေခဲတုံးများ ပိုစုလာလေ အပုံလိုက်ဖြစ်လာလေနှင့် တဖြည်းဖြည်း ဆည်တစ်ခုသဖွယ် ဖြစ်သွားတတ်၏။ ဤအဖြစ်ကြောင့် မြစ်ရေများ တဖြည်းဖြည်း စုဝေးလာပြီး ရေခဲနံရံက ဆက်လက် တောင့်ခံနိုင်စွမ်း မရှိဘဲ ကျိုးပေါက်သည့်အခါ မြစ်ကြောင်းတစ်လျှောက် ရေလွှမ်းခံရ၍ မရေမတွက်နိုင်သော လူများနှင့် ဆန်းကြယ်သားရဲများ ရေစီးနှင့်အတူ မျောပါပျက်စီးကြရသည်။
ဤရက်များအတွင်း၌ မျက်ကန်း၊ အဘွားစစ်၊ ထော့ကျိုးနှင့် ကျန်သူများက မြစ်ကြောင်းတစ်လျှောက် စုန်ဆင်း၍ ထိုသို့သော ရေကာတာဆည်များကို လိုက်ရှာရန် ထွက်သွားသဖြင့် ရွာတွင် ရှိမနေကြချေ။ သို့ဖြစ်၍ ချင်မူလည်း ဟူလင်းအာကို လာရှာပြီး သိုင်းကျမ်းစာအုပ်များ ဖတ်ရှုရှင်းပြနေခြင်း ဖြစ်၏။
ဤနှစ်နှစ်အတွင်း၌ သူ၏ ခန္ဓာကိုယ်က မိုးထိုးအောင် အရပ်အမောင်း ရှိသော ဆေးဆရာကို မမီသေးသည့်တိုင် မျက်ကန်းနှင့်တော့ အလုံးအထည် အရပ်အမောင်း တူလာပြီ ဖြစ်သည်။
ရုတ်တရက် ပြတင်းပေါက်အပြင်ဘက်မှ တောအုပ်တစ်ခုလုံး လှုပ်ခါသွားစေနိုင်သော အော်ဟစ်သံကြီး ထွက်ပေါ်လာ၏။ ချင်မူ စာအုပ်ကို ပိတ်၍ စာအုပ်စင်ပေါ်သို့ ပြန်တင်လိုက်သည်။ မြေခွေးဖြူလေးမှာလည်း ဈာန်ဝင်စားနေရာမှ ပြန်နိုးလာ၏။ အပြင်ဘက်သို့ လှမ်းကြည့်လိုက်သောအခါ ကိုက်သုံးဆယ်ခန့် မြင့်သည့် သားရဲကြီးတစ်ကောင် သူတို့၏ ကောက်ရိုးတဲလေးထံ ပြေးလာနေကြောင်း မြင်တွေ့ရသည်။
ထိုသားရဲကြီး၏ တစ်ကိုယ်လုံး၌ အရိုးပြားကြီးများ ဖုံးအုပ်နေပြီး လျှပ်စီးလက်သကဲ့သို့ ပြေးလာနေ၏။ ၎င်းက နဂါးခေါင်းနှင့် ဆင်ခြေထောက်များ ရှိပြီး နဂါးနှင့် ဆင်မှ ဗီဇပြောင်း မွေးဖွားလာသော ဆင်နဂါး ဖြစ်သည်။ သို့သော်လည်း ထိုဆင်နဂါး၏ ကျောပေါ်တွင်တော့ နက်မှောင်သည့် အမွေးအမှင်များနှင့် မိစ္ဆာမျောက်ဝံတစ်ကောင် ထိုင်လျက်သား လိုက်ပါလာ၏။ ၎င်းက တုတ်ခိုင်မြင့်မားသည့် ခန္ဓာကိုယ် ရှိပြီး ရွှေကွင်းဆယ့်နှစ်ကွင်းပါသော ဘုန်းကြီးတောင်ဝှေးကို ကိုင်ဆောင်၍ ဆင်နဂါးကို စီးကာ ကောက်ရိုးတဲလေးထံသို့ အားနှင့်မာန်နှင့် ပြေးဝင်လာသည်။
ဟူလင်းအာက တစ်မုဟုတ်ချင်း ချင်မူ၏ ရှေ့သို့ ခုန်ဝင်လိုက်၏။ ထို့နောက် ပါးစပ်ကို ဖွင့်ဟ၍ အသက်ပြင်းပြင်း ရှိုက်ရှူပြီး ရှေ့တူရူသို့ မှုတ်ထုတ်လိုက်သည်။
ဝှစ်...။
အားကောင်းသော လေပွေတစ်ခုက ဆင်နဂါးနှင့် မိစ္ဆာမျောက်ဝံထံ ပြေးဝင်သွား၏။ ဟူလင်းအာက သူ၏ အမြီးကို တစ်ချက်လှုပ်ခါလိုက်သည်။ ထိုလေပွေမှာ ပိုမို အားကောင်းစွာ လည်ပတ်၍ လေဆင်နှာမောင်းတစ်ခုအသွင် ပြောင်းသွားပြီး ဆင်နဂါးနှင့် မိစ္ဆာမျောက်ဝံကို ကောင်းကင်ယံသို့ မြောက်တက်အောင် ပင့်မြှောက်လိုက်၏။
မိစ္ဆာမျောက်ဝံက ဆင်နဂါး၏ ကျောပေါ်မှ ခုန်ချလိုက်သည်။ သူ့လက်ထဲတွင် ကိုင်ထားသော ဘုန်းကြီးတောင်ဝှေးက ကြီးသည်ထက် ကြီးလာ၏။
“ခက္ခရာ...”
မိစ္ဆာမျောက်ဝံက ကျယ်လောင်စွာ အော်ဟစ်၍ တောင်ပူစာတစ်လုံးသဖွယ် အောက်သို့ ပြုတ်ကျလာသည်။ ၎င်း၏ လက်နှစ်ဖက်စလုံးက ဘုန်းကြီးတောင်ဝှေးကို ခပ်တင်းတင်း ဆုပ်ကိုင်ထားပြီး မြေကြီးထဲသို့ ထိုးစိုက်လိုက်၏။ ရုတ်တရက် ပြင်းထန်သော လေလှိုင်းများ အရပ်မျက်နှာအနှံ့သို့ ဟုန်းခနဲ ပျံ့နှံ့သွားပြီး မြေခွေးမလေး၏ လေဆင်နှာမောင်း မှော်ဂါထာကို ဖျက်ဆီးပစ်သည်။
ထို့နောက် မိစ္ဆာမျောက်ဝံက ဘုန်းကြီးတောင်ဝှေးကို ဆွဲနုတ်ပြီး လေထဲသို့ ခုန်တက်၍ ဟူလင်းအာကို တောင်ဝှေးဖြင့် ရိုက်ချလိုက်၏။ သို့သော်လည်း ချင်မူက ဟူလင်းအာရှေ့မှ ဝင်ရပ်၍ ခုခံကာကွယ်လိုက်သဖြင့် အသံကျယ်ကြီးတစ်သံ ပေါ်ထွက်လာသည်။
ထိုအခိုက်၌ ဟူလင်းအာက လေထဲသို့ ခုန်တက်၍ သုံးကိုက်ခန့် ရှည်သော ဓားကွေးသဏ္ဌာန် လေလှိုင်းများကို မှုတ်ထုတ်လိုက်၏။ ဓားကွေးခြောက်ချောင်း၊ ခုနစ်ချောင်းခန့် လေထုထဲတွင် ဝဲပျံသွားသည်။ ထိုဓားကွေးများက မိစ္ဆာမျောက်ဝံကို တိုက်ခိုက်ရမည့်အစား ချင်မူ့ထံ တိုးဝင်လာ၏။