← Chapters

တပ်မှူးချင်နှင့် သတ္တမသခင်လေး

Vol. 5 Ch. 60

တပ်မှူးချင်နှင့် သတ္တမသခင်လေး

Vol. 5 Ch. 60

ချင်မူက ထိုသို့ ဖြစ်လာမည်ကို မျှော်လင့်ထားသည့်အလား ခက္ခရာတောင်ဝှေးကို လက်တစ်ဖက်နှင့် ဆုပ်ကိုင်၍ မိစ္ဆာမျောက်ဝံကိုပါ တောင်ဝှေးနှင့်အတူ လေထဲမြောက်အောင် ဆွဲမြှောက်ပြီး မြေကြီးပေါ်သို့ အညှာအတာကင်းမဲ့စွာ ရိုက်ချလိုက်သည်။ ထို့နောက် အခြားလက်တစ်ဖက်မှ လက်ငါးချောင်းကို တောက်ထုတ်လိုက်ရာ တဖောက်ဖောက် ပေါက်ကွဲသံနှင့်အတူ ဟူလင်းအာ၏ ချီစွမ်းအင်ဖြင့် ဖွဲ့စည်းထားသော ဓားကွေးများ တစ်စစီ ပြိုကွဲပျက်စီးသွား၏။

“အွမ်း...”

ဆင်နဂါးက ရုတ်တရက် ခြေဆောင့်နင်း၍ မိစ္ဆာမျောက်ဝံ၏ တိုက်ကွက်ကြောင့် လစ်ဟာသွားသော ချင်မူ့ကို ခေါင်းဖြင့် ပြေးဆောင့်လိုက်သည်။

ဝင်ဆောင့်မိသည်နှင့် သူ့ခန္ဓာကိုယ်က ရုတ်ခြည်း ကြီးထွားလာပြီး လေထဲမှ ချင်မူ့ကို ရစ်ပတ်၍ မြေပြင်ပေါ်သို့ ကိုင်ပေါက်ချလိုက်၏။

ဆင်နဂါးက ချင်မူ့ကို မြေကြီးထဲမှ ပြန်ဆွဲထုတ်၍ နောက်တစ်ကြိမ် ကိုင်ပေါက်ရန် ပြင်လိုက်သည်။ သို့သော်လည်း ချင်မူက ရုတ်တရက် ခြေကွက်ပြောင်း၍ ဆင်နဂါး၏ ကိုယ်လုံးကို ကန်ထုတ်ပြီး မျက်နှာကို အချက်တစ်ရာခန့် ထပ်ကန်လိုက်၏။

“ကောင်လေး၊ လဲစမ်း...”

မိစ္ဆာမျောက်ဝံ၏ ထည်ဝါခမ်းနားသော ခန္ဓာကိုယ်တွင် နဂါးစိမ်းကြီးတစ်ကောင် ရစ်ပတ်လျက်ရှိပြီး ဆင်နဂါးကို ကန်ထုတ်လိုက်သည့် ချင်မူ့ကို မြေပေါ်သို့ မှောက်ကျအောင် ရိုက်ချလိုက်သည်။ ထို့နောက် မာန်သွင်းအော်ဟစ်၍ ထူထဲတုတ်ခိုင်သော ခြေထောက်ကြီးဖြင့် ချင်မူ့ကို အညှာအတာကင်းမဲ့စွာ နင်းချလိုက်၏။

ထော့ကျိုး၏ ကောင်းကင်ခိုးယူ ခြေလှမ်းသိုင်း၊ မြင်းမိုရ်တောင်ကို နင်းခြေခြင်း...။

မြေကြီးပေါ်တွင် မှောက်လျက်ကျသွားသော ချင်မူက ချက်ချင်း ပက်လက်လှန်၍ သူ့ခြေထောက်တစ်ဖက်ဖြင့် ပင့်မြှောက်တားဆီးလိုက်သည်။ ထို့နောက် အခြားခြေထောက်တစ်ဖက်ဖြင့် မိစ္ဆာမျောက်ဝံ၏ ခြေထောက်ကို ဆောင့်နင်းလိုက်၏။

ဤမြင်းမိုရ်တောင်ကို နင်းခြေခြင်း သိုင်းကွက်မှာ သူထုတ်သုံးနေကျ ဖြစ်သော်လည်း အလောတကြီး သိုင်းကွက် ပြောင်းလိုက်ရသည် ဖြစ်၍ အားအင်အပြည့် မပါချေ။ သို့သော်လည်း ထိုမျှကပင် အံ့အားသင့်စရာ အားအဟုန် ရှိနေပြီ ဖြစ်၏။

မိစ္ဆာမျောက်ဝံမှာ အော်ဟစ်ညည်းတွား၍ ယိုင်ထိုးယိုင်ထိုးနှင့် နောက်ဆုတ်သွားရသည်။ ထို့နောက် ဆင်နဂါးကို အမြီးမှ ဆုပ်ကိုင်၍ ချင်မူ့ကို ရိုက်ချလိုက်၏။ တစ်ချိန်တည်းတွင် ဟူလင်းအာ၏ အမြီးကလည်း လှုပ်ရှားသွားပြီး ချင်မူထံသို့ လေပြင်းဓားကွေးများ တဝီဝီလည်ပတ် ပြေးဝင်လာသည်။

ရုတ်တရက် ကောင်းကင်ယံမှ လေခွင်းသံများ ထွက်ပေါ်လာ၏။ ချင်မူ့ရင်ထဲတွင် ထိတ်ခနဲ ဖြစ်သွားပြီး ဟူလင်းအာနှင့် မိစ္ဆာမျောက်ဝံ၏ တိုက်ခိုက်မှုများကို ကမန်းကတန်း ရှောင်ရှား၍ အသံလာရာသို့ ကြည့်လိုက်သောအခါ ချပ်ဝတ်တန်ဆာ ဝတ်ဆင်ထားသော ယောက်ျား၊ မိန်းမ တစ်ရာခန့်ကို မြင်တွေ့ရသည်။ ထိုသူများက သူတို့ရှိရာ တောအုပ်ပေါ်မှ ခုန်ပျံကျော်လွှား၍ မြစ်ညာဘက်သို့ ဆန်တက်သွားလာနေကြ၏။

ထိုထဲမှ တချို့က သူတို့ကို သတိပြုမိသွားပြီး တစ်မုဟုတ်ချင်း ရပ်တန့်၍ လှမ်းကြည့်ကြသည်။ တစ်ယောက်က ချင်မူ၊ မိစ္ဆာမျောက်ဝံနှင့် မြေခွေးဖြူလေးကို မြင်သောအခါ တအံ့တဩ မှတ်ချက်ချလိုက်၏။ “မုဆိုးလား မသိဘူး...”

“အာရုံများမနေနဲ့... ငါတို့ ဆက်သွားရမယ်...”

နောက်တစ်ယောက်က ခပ်တိုးတိုး အော်ဟစ်လိုက်သည်။ “သင်္ဘော ရောက်လာတော့မယ်... သင်္ဘော မရောက်ခင် ငါတို့ မြစ်ထဲမှာ ဝင်္ကပါ ဆင်ရဦးမယ်...”

“ဒီတိုင်းထားခဲ့လို့ ဖြစ်ပါ့မလား... ငါတို့ကို တွေ့တဲ့ သတင်း ပျံ့သွားရင် ကောင်းမှာ မဟုတ်ဘူး...”

“မဟာမြို့ပျက်မှာ ဇာတ်မြှုပ်နေတဲ့ ပညာရှင်တွေ အများကြီး ရှိတယ်... မလိုအပ်ဘဲ ဒုက္ခမရှာနဲ့... သွားစို့၊ အဲသင်္ဘောက သိပ်မြန်တာ... လွတ်သွားမှ နောင်တရရင် နောက်ကျသွားလိမ့်မယ်...”

ထိုသူများ၏ ခြေထောက်အောက်၌ လေလှိုင်းများ ထွက်ပေါ်လာပြီး တောထဲသို့ လျင်မြန်စွာ ပျောက်ကွယ်သွား၏။

ချင်မူက ဇဝေဇဝါ ဖြစ်နေပြီး ခပ်တိုးတိုး ပြောလိုက်သည်။ “ဒီလူတွေက မဟာမြို့ပျက်ကလူတွေ ဟုတ်ပုံမရဘူး... သူတို့ကို ကြည့်ရတာ မြစ်ညာဘက် ဆန်တက်ပြီး တစ်ယောက်ယောက်ကို ချောင်းမြောင်း လုပ်ကြံမဲ့ပုံပဲ... အဲလူက ငါတို့ကိုတောင် နှုတ်ပိတ်ချင်သေးတာ၊ လူကောင်းတွေနဲ့ မတူဘူး... လင်းအာ၊ ငါ့ကောင်ကြီး... မြင်တယ် မဟုတ်လား... ငါတို့လို ရိုးသား ဖြူစင်တဲ့သူတွေက အမြဲတမ်း တစ်ပန်းရှုံးတယ်... သူများတွေက တစ်ချိန်လုံး နှုတ်ပိတ်ချင်နေကြတာ...”

မြေခွေးဖြူလေးက ချက်ချင်း ခေါင်းညိတ် သဘောတူလိုက်သော်လည်း မိစ္ဆာမျောက်ဝံကတော့ ပါးစပ်ကို မဲ့ရွဲ့လိုက်၏။ “ယုံ၊ အရူး...”

ချင်မူ တစ်စုံတစ်ခု ပြန်ပြောမည် ပြင်စဉ်မှာပင် ဆင်နဂါးက ရုတ်တရက် ပြန်ပြေးဝင်လာပြီး သူ့ကို လွင့်ထွက်သွားအောင် ဆောင့်လိုက်သည်။ မိစ္ဆာမျောက်ဝံမှာ ဒေါသအိုး ပေါက်ကွဲသွားပြီး ဆင်နဂါးကို ပြင်းထန်စွာ ရိုက်ချလိုက်၏။ “နား၊ နားလည်လား...”

ဆင်နဂါးမှာ အဆက်မပြတ် အရိုက်ခံရသဖြင့် သနားစဖွယ် အော်ဟစ်နေ၏။ ချင်မူလည်း သူ့ကို ပြေးရိုက်ချင်မိသည်သာ။ သို့သော်လည်း မိစ္ဆာမျောက်ဝံ ရိုက်နှက်နေပုံကို မြင်ပြီး စိတ်လျှော့လိုက်ရ၏။

ဤဆင်နဂါးက ကြမ္မာဆိုးနှိမ်နန်းတော်ချိုင့်ဝှမ်း၏ ဘေးကပ်လျက်တွင် နေထိုင်သော ဆန်းကြယ်သားရဲ ဖြစ်သည်။ သူသည်လည်း ကိုယ်ပိုင်နယ်မြေတစ်ခု ပိုင်ဆိုင်၍ ခွန်အားကြီးမားသူ ဖြစ်၏။ ဆင်နဂါးနှင့် မိစ္ဆာမျောက်ဝံက တစ်ခါမျှ တည့်ရှုခြင်း မရှိဘဲ မကြာခဏ တိုက်ခိုက်လေ့ ရှိကြသည်။ ဆင်နဂါးမှာ ယခင်က မိစ္ဆာမျောက်ဝံ၏ နယ်မြေထဲ မကြာခဏ ခိုးဝင်၍ သားရဲများ ဖမ်းယူ စားသောက်လေ့ရှိသော်လည်း ချင်မူ ကြမ္မာဆိုးနှိမ်နန်းတော်ချိုင့်ဝှမ်း၏ အရှင်သခင် ဖြစ်လာပြီး မိစ္ဆာမျောက်ဝံကို စွမ်းအင်ကျင့်စဉ် သင်ပေးလိုက်ကတည်းက မိစ္ဆာမျောက်ဝံကို သူ ယှဉ်ပြိုင်နိုင်စွမ်း မရှိတော့ချေ။

မိစ္ဆာမျောက်ဝံက မကြာခဏ လက်စားလာချေပြီး အကြိမ်ပေါင်း မရေမတွက်နိုင်အောင် ရိုက်ပုတ်သဖြင့် ဆင်နဂါးမှာ မခံနိုင်တော့ဘဲ ဒူးထောက်အရှုံးပေး၍ မိစ္ဆာမျောက်ဝံ၏ စီးတော်ယာဉ် လုပ်ရန် ဆုံးဖြတ်လိုက်ရ၏။

သို့သော်လည်း ဆင်နဂါးက အနည်းငယ် ဉာဏ်တုံး၍ မိစ္ဆာမျောက်ဝံနှင့် မြေခွေးမလေးကဲ့သို့ လိမ္မာပါးနပ်ခြင်း မရှိပေ။

ချင်မူ၏ အကြည့်များ လက်ခနဲ ဖြစ်သွားပြီး ရုတ်တရက် ရေတံခွန်မြစ်ဖျားခံရာ တောင်စောင်းပေါ်သို့ ခုန်တက်လိုက်သည်။ မာန်ဟုန်မြစ်က ဤနေရာတွင် တောင်စောင်းနံရံမှ အောက်သို့ စီးကျ၍ ရေတံခွန် ဖြစ်ပေါ်နေ၏။

မြစ်ရေက ပေါလောမျောနေသော ရေခဲတုံးများစွာကို ရေစီးနှင့်အတူ သယ်ဆောင်လာသည်။ ဤသို့သော အချိန်တွင် ပုံမှန်အားဖြင့် မြစ်ထဲ၌ ရွက်လွှင့်သော လှေ၊ သင်္ဘော တစ်စီးမျှ မရှိကြချေ။

ထိုအခိုက်၌ မြစ်အောက်ခြေမှ သင်္ဘောတစ်စီး ရွက်လွှင့်လာသည်ကို ချင်မူ မြင်တွေ့လိုက်ရ၏။ ထိုသင်္ဘောက လွန်စွာ မြန်ဆန်လှပြီး ရေခဲများကို ထိုးခွဲလာသည်။ ပေါလောမျောနေသော ရေခဲတုံးများကြားမှ ရေစီးကို ဆန်တက်၍ ရွက်လွှင့်လာရသည့်တိုင် ဤမျှ မြန်မြန် ရွေ့လျားနိုင်သည်မှာ ရင်သပ်ရှုမောဖွယ် ကောင်းလှ၏။

မိစ္ဆာမျောက်ဝံ၊ ဟူလင်းအာနှင့် ဆင်နဂါးတို့ကလည်း အပေါ်သို့ တက်လာပြီး သူ့ဘေးတွင် ဝင်ထိုင်လိုက်သည်။ မိစ္ဆာမျောက်ဝံက ထင်ရှူးပင်တစ်ပင် နုတ်ယူပြီး ထင်းရှူးရွက် တချို့ကို မြေခွေးမလေးအား ပေးလိုက်သည်။

ဟူလင်းအာက ချက်ချင်း ခေါင်းခါလိုက်၏။ မိစ္ဆာမျောက်ဝံက ထပ်မံ တိုက်တွန်းလိုက်သည်။ “စား၊ သန်မာတယ်...”

ဟူလင်းအာက ပြုံး၍ ပြန်ပြောလိုက်၏။ “ငါက ဒါမျိုး မစားဘူးလေ...”

မိစ္ဆာမျောက်ဝံက ဆင်နဂါးဘက်လှည့်ပြီး ၎င်း၏ မျက်နှာရှေ့သို့ ထင်းရှူးရွက်များ ထိုးပေးလိုက်သည်။ “စား၊ သန်မာတယ်...”

ဆင်နဂါးက ခေါင်းခါလိုက်သော်လည်း မိစ္ဆာမျောက်ဝံက သူ့ခေါင်းကို ဖိ၍ ဒေါသတကြီး ထိုးချလိုက်၏။ “စား...”

ဆင်နဂါး၏ မျက်လုံးထဲတွင် မျက်ရည်များ ဝဲတက်လာပြီး ထင်းရှူးရွက်များကို အသံမထွက်ဘဲ ဝါးစားလိုက်သည်။ ထိုအခါမှ မိစ္ဆာမျောက်ဝံက ဖင်ထိုင်ချပြီး သူ့ဝေစုသူ ဖြည်းညင်းစွာ ဝါးစားတော့၏။ ဟူလင်းအာက မနေနိုင်ဘဲ ဝင်ပြောလိုက်သည်။ “ဟေ့ကောင်ကြီး၊ နင် သိရဲ့လား... ဆင်နဂါးက အသီးအရွက်စားတဲ့သူ မဟုတ်ဘူးလေ... သူက ဆင်သဘာဝ မရှိဘူး၊ နဂါးသဘာဝပဲ ရှိတာမလို့ အသားပဲ စားတာ...”

ဆင်နဂါးက လှုပ်လှုပ်ရှားရှား ဖြစ်သွားပြီး တစ်မုဟုတ်ချင်း ခေါင်းတဆတ်ဆတ် ညိတ်လိုက်၏။

မိစ္ဆာမျောက်ဝံက သရော်လိုက်သည်။ “အသီးအရွက်စား၊ သန်မာတယ်... ငါ၊ အသီးအရွက်စား၊ သန်မာတယ်...”

ဆင်နဂါးမှာ မျက်ရည်များ တရဟော ထွက်ကျလာပြီး သူ့ထင်းရှူးရွက်များကိုသာ ဆက်စားနေလိုက်ရ၏။

သင်္ဘောက တဖြည်းဖြည်း နီးကပ်လာသည်။ ထိုသင်္ဘောပေါ်တွင် နန်းတွင်းအရာရှိများ၊ ချပ်ဝတ်တန်ဆာ ဝတ်ဆင်ထားသော စစ်သည်များ ရှိနေကြောင်း ချင်မူ တွေ့လိုက်၏။ သင်္ဘောပေါင်းမိုးအောက်တွင်တော့ ထည်ဝါခမ်းနားသည့် သွင်ပြင်ရှိသော တပ်မှူးငယ်တစ်ယောက် ထိုင်နေသည်။

အပြန့်ကျယ်လှသော သင်္ဘောကုန်းပတ်ပေါ်၌ ပန်းချီကားအချို့ ရှိ၏။ ထိုပန်းချီကားများကို ရေးဆွဲနေသည့် ပန်းချီဆရာ အယောက်စီတိုင်း၏ ရှေ့တွင် ကြေးမုံမှန်တစ်ချပ်စီ ရှိပြီး ထိုကြေးမုံမှန်များက သုံးကိုက်ခန့် မြင့်သည်။

သင်္ဘော၏ ဘေးဘက်တွင်တော့ တိရစ္ဆာန်ထိန်းကျောင်းသူကဲ့သို့ ဝတ်စားဆင်ယင်ထားသော စစ်သည်များ ရှိပြီး ၎င်းတို့က သံလှောင်ချိုင့်များကို ဖွင့်၍ ရွှေရောင်သိမ်းငှက်များ လွှတ်လိုက်၏။

ချင်မူ ကောင်းကင်မျက်လုံးကို တိတ်တဆိတ် ဖွင့်ကြည့်လိုက်သောအခါ ကြေးမုံမှန်များပေါ်တွင် တောင်စိမ်းစိမ်း၊ ရေကြည်ကြည်များ ထင်ဟပ်၍ မြင်ကွင်းက ဆက်တိုက် ပြောင်းလဲနေကြောင်း မြင်တွေ့ရသည်။

ရုတ်တရက် သိမ်းငှက်အော်သံများ ထွက်လာသဖြင့် ချင်မူ ခေါင်းမော့ကြည့်လိုက်သောအခါ သူတို့အပေါ်၌ ရွှေရောင်သိမ်းငှက်တစ်ကောင် ပျံဝဲနေကြောင်း တွေ့ရ၏။

အဖြစ်အပျက် အလုံးစုံကို သူ သဘောပေါက်သွားသည်။ “ကြေးမုံမှန်ထဲကပုံတွေက ရွှေရောင်သိမ်းငှက်တွေ မြင်တာကို ပြပေးနေတာပဲ၊ ဘယ်လို မှော်ပညာမျိုးပါလိမ့်၊ ဒီရွှေရောင်သိမ်းငှက်တွေ မျက်စိနဲ့ မြင်တာမှန်သမျှ ကြေးမုံမှန်ပေါ် ထင်ဟပ်အောင် လုပ်နိုင်တာ၊ ဒါ... ဒီပန်းချီဆရာတွေက မဟာမြို့ပျက်ရဲ့ မြေပုံကို ဆွဲနေတာပဲ...”

ရွှေရောင်သိမ်းငှက်များကို ကောင်းကင်ယံသို့ လွှတ်တင်၍ မာန်ဟုန်မြစ် ပတ်ဝန်းကျင်မှ ရေမြေအနေအထားကို ကြည့်ရှုခိုင်းပြီး ထိုမြင်ကွင်းများကို ကြေးမုံမှန်ပေါ်တွင် ထင်ဟပ်စေကာ ပန်းချီဆရာများက ပုံတူကူးဆွဲခြင်း ဖြစ်၏။ ဤနည်းအားဖြင့် သူတို့ မြစ်အောက်ဘက်မှ မြစ်ညာထိ ဆန်တက်ပြီးသွားသောအခါ မာန်ဟုန်မြစ်ကြောင်းတစ်လျှောက် မြေပုံကို ရေးဆွဲနိုင်ပေလိမ့်မည်။

“ဒီလူတွေက ဘယ်ကလူတွေလဲ... သူတို့က ဘာလို့ မာန်ဟုန်မြစ်ရဲ့ မြေပုံကို ဆွဲနေရတာလဲ... အဲမြေပုံက ဘာလုပ်ဖို့လဲ...”

ချင်မူ ဝေခွဲမရစွာဖြင့် မျက်တောင် ပုတ်ခတ်ပုတ်ခတ် လုပ်လိုက်မိသည်။

ထိုအခိုက်၌ စစ်သည်တစ်ယောက်က ပေါင်းမိုးအောက်သို့ လျင်မြန်စွာ ဝင်၍ ဒူးထောက်ပြီး လက်သီးဆုပ် အရိုအသေပြုလိုက်၏။ “တပ်မှူးချင်၊ မြစ်ကမ်းပေါ်မှာ ကျွန်တော်တို့ကို ချောင်းကြည့်နေတဲ့သူ ရှိပါတယ်...”

ပေါင်းမိုးအောက်မှ တပ်မှူးလေးက မျက်ခုံးပင့်၍ ချင်မူရှိရာဘက်သို့ လှည့်ကြည့်လိုက်သည်။ ထိုတပ်မှူးနှင့် အကြည့်ချင်း ဆုံမိသောအခါ ချင်မူ၏ ရင်ထဲတွင် ဒိုင်းခနဲ ခုန်သွား၏။ အလွန်တရာ တောက်ပသော အလင်းတန်းနှစ်ခုဖြင့် ထိုးခံလိုက်ရသကဲ့သို့ သူ့မျက်လုံးများ ပြာထွက်ပြီး မည်သည်ကိုမျှ မမြင်ရ ဖြစ်သွားသည်။

ဟူလင်းအာနှင့် မိစ္ဆာမျောက်ဝံမှာလည်း လွှတ်ခနဲ အော်ဟစ်မိပြီး သူတို့၏ မျက်လုံးများကို လက်ဖြင့် ကာလိုက်၏။ ဆင်နဂါးသာလျှင် ထင်းရှူးရွက်များ စားခြင်းအမှု၌ အာရုံစူးစိုက်နေသဖြင့် မည်သည်ကိုမျှ သတိမပြုမိလိုက်ချေ။

“သူတို့က မြစ်ကမ်းဘေးက ရိုးရိုးရွာသားတွေပါ...”

တပ်မှူးချင်က သူ့မျက်လုံးများကို မှိတ်၍ အနားယူရင်း ပြောလိုက်သည်။ “ငါ့အကြည့်ကိုတောင် မခံနိုင်ရင် ဂရုစိုက်စရာ မလိုပါဘူး... စိတ်ပူမနေနဲ့...”

“ဟုတ်ကဲ့ပါ... တပ်မှူးလေး...”

ထိုစစ်သည်က တစ်ခဏမျှ တုံ့ဆိုင်းနေပြီးနောက် ဆက်ပြောလိုက်၏။ “တပ်မှူးလေး၊ လွန်ခဲ့တဲ့ ခုနစ်လလောက်က အခမ်းအနားရေးရာဝန်မင်းဌာနရဲ့ ညွှန်ကြားရေးမှူး၊ ယန်ကျန့်ရဲ့ နေအိမ်ကို ကျွန်တော်မျိုးတို့ ဧကရာဇ်အမိန့်နဲ့ ဝင်ရောက် ရှာဖွေဖမ်းဆီးခဲ့ပါတယ်... ယန်ကျန့်က ရိုးသားဖြောင့်မတ်တယ်လို့ နယ်ပယ်အသီးသီးမှာ ဂုဏ်သတင်း ကျော်စောတဲ့အပြင် ဂိုဏ်းငယ်လေးတွေကိုလည်း မကြာခဏ စောင်မကြည့်ရှုလေ့ ရှိတယ်၊ ဒါ့အပြင် သူက ဟွာချင်းဓားဂိုဏ်းကလူ ဖြစ်ပြီး လူမှုအလွှာအသီးသီးကြားမှာ အဆင့်အတန်းမြင့်တဲ့ နေရာတစ်ခု ရထားပါတယ်... တပ်မှူးလေးက သူ့အိမ်ကို ဝင်စီးပြီး သူ့ကို ထောင်ထဲ ထည့်ခဲ့တဲ့အပြင် ဧကရာဇ်အမိန့်နဲ့ တပ်မှူးကိုယ်တိုင် ကွပ်မျက်ခဲ့တာဆိုတော့ ကျွန်တော်တို့ရဲ့ ခရီးလမ်းက ဖြောင့်ဖြူးမှာ မဟုတ်ပါဘူး... ယန်ကျန့်ရဲ့ နောက်လိုက်လက်ကျန်တွေက ကျွန်တော်တို့ကို ချောင်းမြောင်းလုပ်ကြံပါလိမ့်မယ်...”

တပ်မှူးချင်က အေးစက်စက် ပြုံးလိုက်သည်။ “အဲဒါက ဧကရာဇ်အမိန့်နဲ့ သူ့အိမ်ကို ဝင်စီးတာ၊ ဧကရာဇ်ရဲ့ အမိန့်ကြောင့် သူ့ကို ကွပ်မျက်တာပဲ... ငါနဲ့ ဘာဆိုင်လို့လဲ... ယန်ကျန့်က နာမည်ကျော်ကြားမှုနောက် လိုက်ပြီး ဧကရာဇ်အတိုင်ပင်ခံမှာ ပုန်ကန်ဖို့ အကြံအစည် ရှိတယ်လို့ စွပ်စွဲခဲ့တာ၊ အတိုင်ပင်ခံကို ချက်ချင်း ကွပ်မျက်ဖို့လည်း ဧကရာဇ်ဆီ တောင်းဆိုခဲ့သေးတယ်... ဘယ်လောက်တောင် အတင့်ရဲလိုက်သလဲ... တစ်ခဏလောက် နာမည်ကျော်စောဖို့အတွက် ဧကရာဇ်နဲ့ အတိုင်ပင်ခံကြားကို သပ်လျှိုသွေးထိုးရဲတယ်၊ သူရဲ့ ညစ်ထေးတဲ့ ရည်ရွယ်ချက်တွေကြောင့် သေသင့်နေပြီ၊ သူ့လိုလူကိုမှ မသတ်ရင် ဘယ်သူ့ကို သတ်ရတော့မှာလဲ...”

သူက နားထင်ကို ပွတ်၍ သက်ပြင်းချလိုက်၏။ “ငါက အတိုင်ပင်ခံရဲ့ တပည့်ရင်း၊ အတိုင်ပင်ခံကိုယ်တိုင် မြှောက်စားခဲ့တာမို့လို့ ယန်ကျန့်ကို ဖမ်းဆီးကွပ်မျက်ဖို့ ဧကရာဇ်က ငါ့ကို စေခိုင်းခဲ့တာပဲ...... အတိုင်ပင်ခံကို အကြွင်းမဲ့ ယုံကြည်တဲ့အကြောင်း အားလုံးသိအောင်နဲ့ မကောင်းကြံချင်တဲ့ မှူးမတ်အရာရှိတွေ ရှိရင် အဲဒီအတွေးအကြံတွေ ချက်ချင်း စွန့်လွှတ်ဖို့ သတင်းစကား ပါးလိုက်တာလည်း ပါမှာပေါ့လေ... နှမြောစရာ ကောင်းတာက တချို့လူတွေပဲ၊ လက်ရှိ နန်းတွင်းရေးရာကိစ္စတွေကို ရှင်းရှင်းလင်းလင်း မမြင်နိုင်သလို နောက်ကွယ်က အဓိပ္ပာယ်ကိုလည်း နားမလည်ဘဲ ကိုယ်သေတွင်းကိုယ် တူးနေကြတယ်...”

ငယ်သားစစ်သည်က ထပ်၍ လျှောက်တင်လိုက်သည်။ “ဒါပေမဲ့... ကျွန်တော်တို့ကို လုပ်ကြံပြီး နာမည်ကျော်ကြားချင်တဲ့သူတွေ ရှိနေနိုင်ပါသေးတယ်...”

တပ်မှူးချင်က လက်ဝှေ့ယမ်းပြပြီး အနိမ့်အမြင့်မရှိသော လေသံဖြင့် ပြောလိုက်၏။ “ငါ့ရည်ရွယ်ချက်က ယန်ကျန့်ရဲ့ နောက်လိုက်တွေ အဲလို ထွက်လာဖို့ပဲ၊ အဲဒါမှ ပုန်ကန်သူတွေ အကုန်လုံးကို တစ်ခါတည်း အပြတ်ရှင်းပစ်နိုင်မှာ...”

သူက မတ်တတ်ထရပ်လိုက်ပြီး သင်္ဘောဦးထိပ်သို့ လျှောက်သွားကာ တဝုန်းဝုန်းလှိုင်းထလှုပ်ခတ်အောင် ရေခဲတုံးများ သယ်ဆောင်လာသည့် မြစ်ရေကို ငုံ့ကြည့်လိုက်သည်။ ထို့နောက် တောင်ကြောတစ်လျှောက်နှင့် တောင်နံရံများကို ငေးမေားကြည့်ရှုရင်း လေသံမှန်မှန်ဖြင့် ပြောလိုက်၏။ “ဧကရာဇ်အတိုင်ပင်ခံက မဟာမြို့ပျက်ကို အင်ပါယာရဲ့ နယ်နိမိတ်ထဲ ထည့်သွင်းနိုင်ဖို့အတွက် ငါ့ကို မာန်ဟုန်မြစ်ကြောင်းပြမြေပုံ ဆွဲခိုင်းလိုက်တာပဲ... ဒီသူပုန်တွေက အတိုင်ပင်ခံရဲ့ ကြိုးစားအားထုတ်မှုကို သဘောမပေါက်ဘဲ ငါ့ကိုတောင် သတ်ချင်ကြသေးတယ်... ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ နယ်မြေမှာ ဆူပူမှုတွေ ဖန်တီးဖို့ ကြိုးစားတာ မသေသင့်ဘူးလား...”

ထိုအခိုက်၌ သင်္ဘောဝမ်းဗိုက်ထဲမှ သခင်လေးတစ်ယောက် ထွက်လာသည်။ ထိုသခင်လေးက ဝဖိုင့်သည်ဟု မဆိုသာသော်လည်း မျက်နှာကတော့ ခပ်အစ်အစ်လေး ဖြစ်နေ၏။ သူ့မျက်ခုံးနှစ်ခုကြား၌ အနီစက်တစ်ခု ရှိပြီး ခေါက်ယပ်တောင် တစ်ချောင်းကိုလည်း လက်တွင် ကိုင်ထားသည်။ သူက ရယ်မောလိုက်၏။ “အဲဒီလိုလူမျိုးတွေက ရိုးသားပြီး သစ္စာရှိတဲ့ အမှုထမ်းတွေလို့ ဘွဲ့ထူးခံနေတာဆိုတော့ ရယ်ရမလား၊ ငိုရမလားတောင် မသိဘူး... ဒီလို သစ္စာရှိအမှုထမ်းနဲ့ ရိုးသားမှုမျိုးကတော့ အပြတ်သာ ရှင်းပစ်...”

တပ်မှူးချင်က တစ်မုဟုတ်ချင်း နောက်လှည့်၍ နှုတ်ခွန်းဆက်လိုက်၏။ “သတ္တမသခင်လေး...”

သတ္တမသခင်လေးက ခေါင်းမော့၍ တောင်ကြောဆီသို့ လှမ်းမျှော်ကြည့်လိုက်သည်။ ထိုတောင်ကြောဆီမှ ချင်မူနှင့် မိစ္ဆာမျောက်ဝံ၏ အရိပ်က အောက်ဘက်သို့ ထိုးကျနေပြီး သင်္ဘောပေါ်တွင် လွှမ်းခြုံနေ၏။

“တပ်မှူးချင်၊ ကျုပ်ကြားတာတော့ မဟာမြို့ပျက်ရဲ့ ဒေသခံတွေက နတ်ဘုရားတွေစွန့်ပစ်တာ ခံရတဲ့သူတွေဆို၊ ဟုတ်သလား...” သတ္တမ သခင်လေးက မေးလိုက်သည်။

All Chapters