ရေခဲစီးကြောင်း
Vol. 5 Ch. 61
"သခင်လေးပြောတာ မှန်လည်း မှန်တယ်၊ မှားလည်း မှားတယ်..."
တပ်မှူးချင်က ပြုံးလိုက်၏။ "မဟာမြို့ပျက်ရဲ့ မူလအစကို အခုထိ လေ့လာလို့ မရသေးဘူး... ဒါပေမဲ့ ကျွန်တော်တို့ ထာဝရငြိမ်းချမ်းရေးအင်ပါယာကို စတင် တည်ထောင်တုန်းက ကောင်းကင်ဗျာဒိတ် အမိန့်မှာတမ်းတစ်ခု ရခဲ့တယ်... အဲဒီကောင်းကင်ဗျာဒိတ် အမိန့်မှာတမ်းထဲမှာ မဟာမြို့ပျက်ဆိုတာ နတ်ဘုရားတွေ စွန့်ပစ်ထားတဲ့ နယ်မြေ၊ နတ်ဘုရားတွေရဲ့ စွန့်ပစ်ခြင်းခံရတဲ့ အစွန့်ပစ်ခံလူတွေကို မဟာမြို့ပျက်ကနေ ခြေတစ်လှမ်းမှ မထွက်စေရဘူး၊ အပြင်ထွက်လာနဲ့ တန်းသတ်ပစ်ရမယ်တဲ့... ကျွန်တော်ကြားသလောက်တော့ ထာဝရငြိမ်းချမ်းရေးအင်ပါယာအပြင် တခြားတိုင်းပြည်တွေ အတော်များများလည်း အဲဒီကောင်းကင်ဗျာဒိတ် အမိန့်မှာတမ်းမျိုး လက်ခံရရှိထားကြတယ်... ဒါပေမဲ့ ဒီနေရာမှာက မဟာမြို့ပျက်ရဲ့ ဒေသခံတွေတင် မကဘူး၊ တခြားမှာ နေစရာမရှိတော့လို့ မဟာမြို့ပျက်ထဲ ဝင်ပုန်းနေရတဲ့ ဒုစရိုက်သမားတွေလည်း ရှိတယ်... ကျွန်တော့်အမြင်အရတော့ အဲဒီလိုလူမျိုးတွေက အစွန့်ပစ်ခံလူတွေထက်တောင် ပိုအန္တရာယ်များသေးတယ်..."
သတ္တမသခင်လေးက သိချင်စိတ်ဖြင့် မေးလိုက်သည်။ "ငါတို့ မဟာမြို့ပျက်ထဲကို စဝင်လာတုန်းက နယ်စပ်မြို့မှာ ကုန်သည်တွေ တွေ့ခဲ့တယ်... ထာဝရငြိမ်းချမ်းရေးအင်ပါယာက ဘာလို့ အစွန့်ပစ်ခံလူတွေနဲ့ ရောင်းဝယ်ဖောက်ကား လုပ်နေရတာလဲ..."
"သခင်လေး မသိလို့ပါ... မဟာမြို့ပျက်က အစွန့်ပစ်ခံနယ်မြေဆိုပေမဲ့ သဘာဝသယံဇာတ အတော်ပေါကြွယ်ဝပြီး မရေမတွက်နိုင်တဲ့ ရှားပါးသတ္ထုတွေ၊ အဖိုးတန်ရတနာတွေ၊ တန်ဖိုးကြီး သားရဲအရေခွံတွေ ရှိတယ်... ပြီးတော့ အဲဒါတွေကို တန်ကြေးသိပ်မရှိတဲ့ ဟင်းခတ်အမွှေးအကြိုင်တွေနဲ့တင် လဲလှယ်လို့ ရတယ်လေ... ဒီလို အကျိုးအမြတ်ကြီးကြီးရတဲ့ စီးပွားရေးမျိုးကို ကျွန်တော်တို့က ဘာလို့ ငြင်းပယ်ရမှာလဲ..."
တပ်မှူးချင်က ဆက်ပြောလိုက်၏။ "အဲလို မဟာမြို့ပျက်ရဲ့ နယ်စပ်ဒေသမှာ အလဲအလှယ်လုပ်ရာကနေ တစ်နှစ်တစ်နှစ် ဝင်ငွေဘယ်လောက် ရသလဲဆိုတာ ရေတွက်လို့တောင် မရဘူး... အဲကရတဲ့ ငွေကြေးတွေနဲ့ စစ်ဘက်ရေးရာအတွက် ထောက်ပံ့နိုင်ခဲ့လို့သာ ကျွန်တော်တို့ ထာဝရငြိမ်းချမ်းရေးအင်ပါယာမှာ တခြားတိုင်းပြည်တွေထက် သာလွန်တဲ့ အင်အားကြီးတပ်တော်ကို ပိုင်ဆိုင်ထားနိုင်တာပါ..."
သတ္တမသခင်လေးက ထပ်မေးလိုက်သည်။ "နယ်စပ်ဒေသကနေ ခိုးထွက်တဲ့ အစွန့်ပစ်ခံလူတွေ ရှိလာရင်ရော ဘယ်လိုလုပ်မလဲ... ဒုက္ခများ မသွားနိုင်ဘူးလား..."
"ကောင်းကင်ဗျာဒိတ် အမိန့်မှာတမ်းနဲ့အတူ စုံစမ်းရေးကြေးမုံလို့ခေါ်တဲ့ ရတနာပစ္စည်းတချို့လည်း ပါလာတယ်လေ... အဲဒီရတနာတွေကို ထာဝရငြိမ်းချမ်းရေးအင်ပါယာထဲ ဝင်တဲ့ တောင်ကြားလမ်းထိပ်ဝမှာ ချိတ်ဆွဲထားတယ်၊ မဟာမြို့ပျက်က အစွန့်ပစ်ခံလူတွေ ဖြတ်သွားတာနဲ့ သူတို့ကိုယ်ပေါ်ကို စုံစမ်းရေးကြေးမုံဆီက အလင်းတန်းတွေ ကျလာမှာ... အတိုင်ပင်ခံက စွန်ပစ်ခံလူတွေမှာ ကွဲပြားခြားနားတဲ့ မျိုးဆက်သွေး ရှိမယ်လို့ ယူဆခဲ့ပေမဲ့ သူတို့ခန္ဓာကိုယ်ကို စစ်ဆေးကြည့်တော့ ဘာမှ ထူးထူးခြားခြား မတွေ့ရဘူး...
တပ်မှူးချင်က ပြုံးလိုက်၏။ "တောင်ကြားလမ်းမှာ ကျွန်တော်တို့ ထာဝရငြိမ်းချမ်းရေးအင်ပါယာဘက် ထွက်ပြေးဖို့ ကြိုးစားတဲ့ မိစ္ဆာလူတွေ အများကြီး ဖမ်းမိတာ နှစ်တိုင်းလိုလိုပါပဲ... တချို့ကို နေရာတင် တန်းသတ်ပစ်ပေမဲ့ တချို့ကျတော့ သတ္ထုတွင်းတွေဆီ ခေါ်သွားတတ်တယ်... သူတို့အတွက်တော့ တစ်နှစ်၊ နှစ်နှစ် ပိုအသက်ရှင်ရတာတင် ကံကောင်းလှပါပြီလေ..."
သင်္ဘောက တဖြည်းဖြည်း ဝေး၍ ဝေး၍ သွားသည်။ တောင်စောင်းထိပ်တွင်တော့ ချင်မူက ချီးကျူးစကား ဆိုလိုက်မိ၏။ "ဒီတစ်ယောက်က အတော်စွမ်းအားကြီးတာပဲ၊ အဲဒါကြောင့်မလို့လည်း ငယ်ငယ်ရွယ်ရွယ်နဲ့ တပ်မှူးဖြစ်နေတာ.... သူက မာန်ဟုန်မြစ်ရဲ့ မြေပုံကို လာဆွဲတာဆိုတော့ ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ တပ်တွေ မဟာမြို့ပျက်ထဲ ရောက်လာတော့မှာလား မသိဘူး..."
ချင်မူ အနည်းငယ် နားမလည်နိုင် ဖြစ်သွားသည်။ မဟာမြို့ပျက်က နေရာတိုင်းတွင် အန္တရာယ်ပြည့်နေသည့် စွန့်ပစ်မြေတစ်ခု မဟုတ်လား။ နေဝင်သွားလျှင်ပင် အမှောင်ထုကြီး ထိုးဖောက်ဝင်ရောက်လာမည့် အန္တရာယ် ရှိသေး၏။ မဟာမြို့ပျက်သို့ တပ်များ စေလွှတ်ခြင်းမှာ ထာဝရငြိမ်းချမ်းရေးအင်ပါယာအတွက် အကြံကောင်းတစ်ခု ဖြစ်မည် မထင်ချေ။
မဟာမြို့ပျက်သို့ ဝင်ရောက်လာမည့် ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ တပ်ဖွဲ့များက သေးငယ်လွန်းလျှင် ဆန်းကြယ်သားရဲများအတွက် သွားကြားပင်ညပ်လိမ့်မည် မဟုတ်။ ကြီးမားလွန်းလျှင်လည်း ညအချိန်ရောက်သောအခါ မည်သည့်နေရာသို့ သွားရောက် ပုန်းခိုကြလေမည်နည်း။
ဤမျှ အန္တရာယ်များလွန်းလှသဖြင့်သာ မဟာမြို့ပျက်ကို ယခုအချိန်ထိ မည်သူမျှ သိမ်းပိုက်အုပ်ချုပ်နိုင်စွမ်း မရှိကြသေးခြင်း ဖြစ်သည်။
ထာဝရငြိမ်းချမ်းရေးအင်ပါယာပင် သိမ်းပိုက်နိုင်လိမ့်မည် မဟုတ်။
ဇွတ်အတင်း ထိုးဖောက်ဝင်ရောက်လာလျှင် အရှုံးနှင့်သာ ရင်ဆိုင်ရမည် ဖြစ်၏။
ရုတ်တရက် ချင်မူ တစ်စုံတစ်ခုကို အမှတ်ရသွားပြီး ချက်ချင်း စေခိုင်းလိုက်သည်။ "ဟေ့ကောင်ကြီး၊ ကြမ္မာဆိုးနှိမ်နန်းတော်ကို အခုချက်ချင်း ပြန်ပြီး မဟာမြို့ပျက်ရဲ့ မြေပုံကို ဖျက်ဆီးပစ်လိုက်..."
မိစ္ဆာမျောက်ဝံက တစ်မုဟုတ်ချင်း ထရပ်၍ ဆင်နဂါးအပေါ် တက်ခွလိုက်၏။ ဆင်နဂါးကလည်း တစ်ချက်ဟိန်းဟောက်၍ ခြေကုန်သုတ် ပြေးသွားတော့သည်။
"ထာဝရငြိမ်းချမ်းရေးအင်ပါယာက မာန်ဟုန်မြစ်မြေပုံကိုတောင် လာဆွဲနေတာ၊ ကြမ္မာဆိုးနှိမ်နန်းတော်ထဲက မြေပုံကိုသာ တွေ့သွားရင် ပိုဒုက္ခများသွားမှာပဲ.." ချင်မူက စိတ်ထဲမှတွေးရင်း မတည်မငြိမ် ဖြစ်လာ၏။
မဟာမြို့ပျက်၏ မြေပုံကို ဖျက်ဆီးပစ်ရန်မှာ နှမြောစရာ ဖြစ်သော်လည်း သူ့ခေါင်းထဲတွင် စွဲနေအောင် မှတ်ထားပြီးပြီ ဖြစ်သည်။
ထိုအခိုက်၌ မြစ်ရေက ရုတ်တရက် အနီရောင်ခပ်ဖျော့ဖျော့ သန်းလာ၏။ မြစ်ညာဘက်သို့ လှမ်းမျှော်ကြည့်လိုက်သောအခါ ရေပြင်က ပို၍ပင် နီရဲလာနေကြောင်း တွေ့ရသဖြင့် ချင်မူ မှင်တက်မိသွားသည်။
"သခင်လေး... မြစ်ထဲမှာ အလောင်းကောင်တွေ..." ဟူလင်းအာက အံ့ဩတုန်လှုပ်စွာ အော်ဟစ်လိုက်၏။
ချင်မူလည်း ထိုအလောင်းကောင်များကို မြင်သည်။ သို့သော်လည်း မည်သည်ကိုမျှ မပြောချေ။ မြစ်ညာ၌ အလောင်းကောင်များ ပို၍ ပို၍ များလာ၏။ ရေအောက်မှ ငါးကြီးများနှင့် မြစ်နေသတ္တဝါကြီးများမှာ ထိုအလောင်းကောင်များကို လုယက်စားသောက်ရင်း ဆူညံပွက်လောရိုက်နေသည်။
ချင်မူ ကောင်းကင်မျက်လုံးကို ဖွင့်၍ စူးစမ်းကြည့်ရှုရင်း ရေထဲတွင် ပေါ်လိုက်မြုပ်လိုက် မျောပါလာသော မျက်နှာတစ်ခုကို မြင်မိသောအခါ သူ့တစ်ကိုယ်လုံး တုန်တက်သွား၏။ ထိုအလောင်းကောင်များမှာ မကြာသေးမီက ကျောက်စိမ်းတိမ်တိုက်ချိုင့်ဝှမ်းမှ အလျင်စလို ဖြတ်သန်းသွားကြသူများ ဖြစ်နေသည်။
တဝုန်းဝုန်း စီးဆင်းနေသော ရေစီးကြောင်းနှင့်အတူ သွေးရောင်က ပို၍ ပို၍ ရဲတောက်လာ၏။ ရေခဲမျောတုံးများပင် နီရဲနေသည်။
ဤသို့သော အဖြစ်မျိုးမှာ အလောင်းကောင်တစ်ရာ၊ နှစ်ရာမျှကြောင့် မဟုတ်။
မာန်ဟုန်မြစ်က လွန်စွာ ကြီးမားပြီး အကျယ်အားဖြင့် သုံးမိုင်ခန့် ရှိ၏။ အရှိန်အဟုန်ပြင်းပြင်း စီးဆင်းနေသော ရေစီးကြောင်းနှင့်ဆိုလျှင် တစ်ရာ၊ နှစ်ရာမျှသော အလောင်းကောင်တို့၏ သွေးက မြစ်ပြင်တစ်ခုလုံး နီရဲနေအောင် စွမ်းဆောင်နိုင်လိမ့်မည် မဟုတ်ချေ။
မြစ်ညာမှ မျောပါလာသော အလောင်းကောင် စီးကြောင်းကြီးကို မြင်သောအခါ ချင်မူ၏ တစ်ကိုယ်လုံး အေးခဲသွားသည်။
အလောင်းကောင်များမှာ သူတို့ချည်းသက်သက် စီးမျောလာခြင်း မဟုတ်၊ ရေခဲတုံးများနှင့် ရောယှက်၍ အလောင်းကောင် ရေခဲစီးကြောင်းကြီးအဖြစ် ဖွဲ့တည်လာ၏။
ဤလူများမှာ တပ်မှူးချင်ကို မြစ်ညာမှ ကြိုစောင့်၍ ဝင်္ကပါစီရင်ပြီး ချောင်းမြောင်းလုပ်ကြံရန် ကြံစည်ခဲ့ကြသူများ ဖြစ်သည်။ သို့သော်လည်း သူတို့အားလုံးသာ တပ်မှူးချင်၏ သုတ်သင်ခြင်း ခံလိုက်ရ၏။
အလောင်းကောင် ရေခဲစီးကြောင်းကြီး ဖွဲ့တည်လာခြင်းမှာ ထိုသူများအားလုံး တစ်ချိန်တည်း သေဆုံးခဲ့သည်ဟူသော အဓိပ္ပာယ်ပင် ဖြစ်၏။
သူတို့အားလုံးက တပ်မှူးချင်နှင့် သင်္ဘောပေါ်မှ အဆင့်မြင့်ပညာရှင်များ၏ လက်အောက်၌ တစ်ချိန်တည်း သေဆုံးခဲ့ကြခြင်း ဖြစ်သည်။
ချင်မူက သူ့စိတ်သူ တည်ငြိမ်အောင် ပြန်ထိန်းလိုက်၏။ ဤမျှ ကြောက်မက်ဖွယ်၊ စိတ်ညစ်ညူးဖွယ် မြင်ကွင်းကို ယခုမှ ပထမဦးဆုံး မြင်ဖူးခြင်း ဖြစ်သည်။ သူငယ်စဉ်က အဘွားစစ်နှင့်အတူ ကလေးမွေးပေးရန် လိုက်သွားချိန်၌ မြင်တွေ့ခဲ့သော ရွာလုံးကျွတ် အသတ်ခံထားရသည့် မြင်ကွင်းထက်ပင် များစွာ ပို၍ ကြောက်မက်ဖွယ်ကောင်းလှ၏။
ထိုစဉ်က သူ့ဝိညာဉ် လိပ်ပြာလွင့်သွားသဖြင့် အဘွားစစ်က ပြန်လည်ဖမ်းယူ ထည့်သွင်းပေးခဲ့ရသည်။ ယခုအချိန်တွင် သိုင်းပညာရှင်တစ်ယောက် ဖြစ်နေသည့်တိုင် ဤသို့သော မြင်ကွင်းမျိုးကို မြင်ရသည့်အခါ သူ တုန်လှုပ်ချောက်ချားမိဆဲ ရှိ၏။
ရက်စက်ကြမ်းကြုတ်လွန်းလှသည်။
ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ တပ်မှူးပေါက်စလေး တစ်ယောက်ပင် ဤမျှ စွမ်းအားမြင့်၍ အညှာတာကင်းမဲ့လှသည်ဆိုလျှင် ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ တပ်ဖွဲ့ကြီးတစ်ခုလုံး မဟာမြို့ပျက်ထဲ ဝင်ရောက်လာပါက မည်သို့ ရှိလိမ့်မည်နည်း။
ချင်မူ ခေါင်းကို ယမ်းခါ၍ သူ့ရင်ထဲမှ မသက်မသာဖြစ်မှုများကို မောင်းထုတ်လိုက်၏။ ထို့နောက် ဟူလင်းအာဘက် လှည့်၍ သတိပေးလိုက်သည်။ "ဒီရက်ပိုင်း အပြင်ထွက်ပြီး အရက်မသောက်နဲ့ဦး... နင့်ညီအစ်မတွေကိုရော အိမ်မှာပဲနေဖို့ ပြောထား..."
ဟူလင်းအာက ကမန်းကတန်း ခေါင်းညိတ်လိုက်၏။
သူက မှော်မိစ္ဆာတစ်ယောက် ဖြစ်သော်လည်း မြင်တွေ့ရသော မြင်ကွင်းကြောင့် ကြောက်ရွံ့ထိတ်လန့်မိသွားသည်။
"လင်းအာ၊ နင့်ညီအစ်မတွေကို အရင်ပြန်ပြောနှင့်... ငါ မြစ်အောက်ဘက် သွားကြည့်လိုက်ဦးမယ်... ဒီအလောင်းကောင်တွေက ထောင်ချီနေတာဆိုတော့ စုပုံပိတ်ဆို့ပြီး ရေကာတာလို ဖြစ်သွားမှာ စိုးရတယ်..."
ချင်မူက စကားဆုံးသည်နှင့် တောင်စောင်းမှ ခုန်ချ၍ တောင်နံရံတစ်လျှောက် ပြေးလွှားပြီး မြစ်ရေပြင်ပေါ်သို့ သက်ဆင်းလိုက်၏။ ထို့နောက် မြစ်ကြောင်းတစ်လျှောက် ပြေးလွှား ထွက်ခွာသွားတော့သည်။
ဤအလောင်းကောင်များက ရေခဲမျောတုံးများနှင့်အတူ စုပုံစီးမျောနေပြီး ဖြတ်သန်းသွားသည့် နေရာမှန်သမျှမှ ရေခဲတုံးများကိုပါ ထပ်၍ တွန်းတိုက်ခေါ်ဆောင်လာ၏။ ချင်မူမှာ အလောင်းကောင် ရေခဲစီးကြောင်းကြီးကို တစ်ခဏအတွင်း မီလာသည်။ ဤရေခဲစီးကြောင်းကြီးက ပို၍ ပို၍ ကြီးလာ၏။ ရေခဲမျောတုံးကြီးများက တစ်တုံးနှင့်တစ်တုံး တကျွီကျွီ ပွတ်တိုက်နေကြပြီး အလောင်းကောင်များမှာ အပိုင်းပိုင်းအစစ ပြတ်တောက်ကုန်သည်။
မြစ်အောက်ဘက် သုံးမိုင်ခန့်အထိ ပြေးလိုက်ပြီးသောအခါ ရေခဲစီးကြောင်းကြီးက အလောင်းများ တိုးလို့တွဲလောင်း ချိတ်ပါလာသည့် ကြောက်မက်ဖွယ်ရာ ရေခဲတောင်ကြီးတစ်ခု ဖြစ်သွား၏။
ရေခဲစီးကြောင်းနှင့် ရေခဲတောင်က ရေစီးနှင့်အတူ တရွေ့ရွေ့ စီးမျောပါလာရင်း ပို၍ ကြီးမား မြင့်တက်လာသည်။ ရေခဲတောင်၏ ပိတ်ဆို့မှုကြောင့် နောက်မှ မြစ်ရေစီးကြောင်းမှာလည်း ကောင်းကောင်း မစီးဆင်းနိုင်တော့ဘဲ မြစ်ရေမျက်နှာပြင်တစ်ခုလုံး မြင့်တက်လာ၏။
ချင်မူ မျက်မှောင်ကြုတ်လိုက်သည်။ ယခုအချိန်တွင် မြစ်ကြောင်းက တစ်ဖြောင့်တည်း စီးဆင်းဆဲ ရှိသော်လည်း မိန်းမကြီးဝူ နေထိုင်သည့် မြေနုကျွန်းနားတွင် မြစ်ကွေ့တစ်ခု ရှိ၏။ ဤရေခဲမျောတုံးကြီးက ထိုမြစ်ကွေ့ကို မဖြတ်ကျော်နိုင်ဘဲ ပိတ်ဆို့သွားလျှင် ရေကာတာတစ်ခုအသွင် ပြောင်းသွားပေလိမ့်မည်။ ထိုအခါ မြစ်ရေနှင့် ရေခဲမျောတုံးများ တဖြည်းဖြည်း စုမိလာပြီး ရေပြင်က ကိုက်သုံးရာခန့်ထိပင် မြင့်တက်သွားနိုင်၏။
ရေခဲစီးကြောင်းနှင့် ရေခဲတောင်တို့ ဖိအားဒဏ် မခံနိုင်တော့သည့် အချိန်တွင် ရေကာတာတစ်ခုလုံး အစိတ်စိတ်အမြွှာမြွှာ ပြိုကွဲပျက်စီးပြီး ရေလုံးကြီးက လမ်းတစ်လျှောက် အရာအားလုံးကို တစ်ရှိန်ထိုး လွှမ်းခြုံတိုက်စားသွားပေလိမ့်မည်။ ထိုအခါ မြစ်ကမ်းဘေးတစ်လျှောက်ရှိ လူများ၊ သားရဲတိစ္ဆာန်များ၊ သက်ရှိသတ္တဝါများအားလုံး သေကြေပျက်စီးကြရမည် ဖြစ်၏။
မဟာမြို့ပျက်ရှိ ရွာအတော်များများမှာ ခရီးသွားလာရ လွယ်ကူစေရန် မြစ်ကမ်းဘေးတွင် တည်ဆောက်ထားကြသည်။ ရေလုံးကြီးသာ တစ်ရှိန်ထိုး ဖုံးလွှမ်းဝါးမျိုသွားလျှင် အိမ်ခြေ၊ ရွာခြေ မည်မျှ ပျက်စီးသွားမည် မသိချေ။
"ဘွားဘွားစစ်နဲ့ ကျန်တဲ့သူတွေက မြစ်အောက်ဘက်မှာ သွားရှင်းနေကြတော့ ဒီနေရာမှာ ဆည်ဖြစ်ပြီး ရေအိုင်သွားတာ သိမှာ မဟုတ်ဘူး... ရွာထဲမှာလည်း ရွာလူကြီးပဲ ကျန်တော့တာ၊ သူကလည်း သွားရ၊ လာရ အဆင်မပြေဘူး... ဒီရေခဲစီးကြောင်းကို ဖြိုဖို့ ဘယ်သူများ ငါ့ကို ကူညီနိုင်မလဲ...."
ချင်မူ အပြင်းအထန် စဉ်းစားလိုက်၏။ ရေခဲစီးကြောင်းက ရေခဲတုံးအချင်းချင်း ပွတ်တိုက်သံ တကျွီကျွီနှင့်အတူ ဒုက္ခိတဘိုးဘွားကျေးရွာဘေးမှ ဖြတ်သန်း စီးဆင်းသွားသည်။ သူ့စွမ်းအားမျှနှင့် ဤရေခဲစီးကြောင်းကို ဖြေရှင်းနိုင်စရာ အကြောင်းမရှိပေ။
ရွာလူကြီးမှာ ရွာအဝင်ဝတွင် အေးအေးလူလူ ထိုင်နေရင်း ရွာရှေ့မှ ဖြတ်သွားသည့် ချင်မူနှင့် ရေခဲစီးကြောင်းကြီးကို မြင်သောအခါ သူ့မျက်လုံးအစုံ ပြူးကျယ်သွား၏။ ထို့နောက် ခေါင်းခါယမ်း၍ ပြုံးလိုက်သည်။ "ဒီခွေးကောင်လေးတော့ ပြဿနာ ထပ်ရှာပြန်ပြီ..."
ရေခဲစီးကြောင်း၏ ပိတ်ဆို့မှုကြောင့် မြစ်ရေက သူထိုင်နေရာထိ တက်လာချေပြီ။ ထိုအခိုက်၌ ရွာလူကြီး၏ ခြေထောက်ပြတ်မှ ချီစွမ်းအင်များ စီးမျောထွက်ပေါ်လာပြီး ခြေထောက်နှစ်ချောင်းအသွင် ဖွဲ့တည်သွားသည်။ ထို့နောက် ကောင်းကင်ယံသို့ လှမ်းတက်၍ လေထဲ၌ ထိုင်ချပြီး ချင်မူ့ကို ကြည့်လိုက်၏။
သူ့ခြေထောက်များမှာ ချီစွမ်းအင်ဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်ပြီး တကယ့်ခြေထောက်များနှင့် မခြားချေ။ သူ၏ ချီစွမ်းအင် ပြယ်လွင့်သွားလျှင် သူ့ခြေထောက်များလည်း ပျောက်ကွယ်သွားမည်သာ ဖြစ်၏။
"ဟုတ်ပြီ... ငါ မိန်းမကြီးဝူကို ရှာလို့ ရတာပဲ..."
မြစ်ရေပြင်ပေါ်၌ ချင်မူ၏ မျက်လုံးများ အရောင်တောက်သွားပြီး ချက်ချင်း ခြေလှမ်းများ အရှိန်မြှင့်လိုက်သည်။ မူလက ရေပေါ်တွင် ခြေလှမ်းကြဲနှင့် ပြေးလွှားနေရာမှ ရေခဲတောင်ကြီးပေါ် ခုန်တက်၍ အားအဟုန် ဖောက်ခွဲပြီး ရှေ့သို့ တစ်ဟုန်ထိုး ပြေးထွက်သွားတော့၏။
ချင်မူမှာ လေပေါ်တွင် ပျံသန်းသည့်အလား သုတ်ခြေတင် ပြေးလွှားရင်း တစ်ခဏအတွင်း မြစ်လယ်မှ မြေနုကျွန်းပေါ်သို့ ရောက်ရှိသွားသည်။ ထိုမြေနုကျွန်းက အထီးကျန် ကျွန်းတစ်ကျွန်းကဲ့သို့ ဖြစ်နေပြီး ကျွန်းပေါ်တွင် မိန်းမကြီးဝူဟုခေါ်သော မကောင်းဆိုးဝါးသတ္တဝါကြီးကို ချုပ်နှောင်ထားသည့် ဘုရားကျောင်းပျက်တစ်ခု ရှိ၏။
ချင်မူ ထိုမြေနုကျွန်းပေါ်သို့ ခြေလှမ်းအနည်းငယ်အတွင်း ရောက်ရှိလာပြီး ဘုရားကျောင်းပျက်ထဲသို့ တန်း၍ ပြေးဝင်သွားလိုက်သည်။
ဘုရားကျောင်းထဲတွင်တော့ ကျစ်ဆံမြီးသုံးချောင်းနှင့် ကောင်မလေးက ခြေထောက်များကို ပျင်းရိငြီးငွေ့စွာ လွှဲယမ်း၍ သားကောင်စောင့်မျှော်နေပြီး ချင်မူ ပြေးဝင်လာသည်ကို မြင်သောအခါ မျက်ဝန်းများ ဒေါသဖြင့် ရဲရဲနီသွား၏။ တစ်မုဟုတ်ချင်းပင် ဗုဒ္ဓဆင်းတု လက်ဖဝါးထက်မှ ခုန်ဆင်း၍ နောက်ကွယ်သို့ ဝင်ပုန်းပြီး သူ့ကို မုန်းတီးမှု အပြည့်ဖြင့် စိမ်းစိမ်းဝါးဝါး စိုက်ကြည့်လိုက်သည်။
"မိန်းမကြီးဝူ... ငါ အန္တရာယ်ပြုဖို့ လာတာ မဟုတ်ပါဘူး..."
ချင်မူက အလျင်အမြန် ရှင်းပြလိုက်၏။ "ရေခဲစီးကြောင်းက ဒီနေရာကို ရောက်လာတော့မယ်... အဲဒီ ရေခဲစီးကြောင်းကို ဖြိုခွင်းဖို့ ငါ နင့်ရဲ့ အကူအညီ လိုတယ်..."
ကောင်မလေးက ဗုဒ္ဓဆင်းတုနောက်မှ ထွက်လာပြီး ဆင်းတုလက်ဖဝါးပေါ်သို့ စိတ်မဝင်စားဟန်ဖြင့် ပြန်ခုန်တက်လိုက်သည်။ "စိတ်မဝင်စားဘူး... ရေခဲစီးကြောင်းက နှစ်တိုင်း ဖြစ်နေတာပဲ၊ ဗုဒ္ဓဆင်းတုရဲ့ အကာအကွယ်နဲ့ဆို ဒီနေရာထိ ရောက်လာမှာ မဟုတ်ဘူး...."
ချင်မူ၏ မျက်ဝန်းများ လှုပ်ခါသွား၏။ "ငါ နင့်ရဲ့ သံကြိုးတွေကို ဖြတ်ပြီး လွတ်အောင် လုပ်ပေးနိုင်တယ်..."
မိန်းမကြီးဝူ၏ မျက်လုံးများ တစ်ချက် အရောင်တောက်သွားပြီးမှ ပြန်လည် မှိန်ကျကာ ခေါင်းခါယမ်းလိုက်သည်။ "မင့်ရွာက အကြီးအကဲတွေဆိုရင်တော့ ဒီသံကြိုးတွေကို ဖြတ်နိုင်လိမ့်မယ်... မင်းအနေနဲ့တော့ ဖြတ်နိုင်မှာ မဟုတ်ဘူး..."
ချင်မူ၏ ချီစွမ်းအင်က ဟုန်းခနဲ ထွက်ပေါ်လာပြီး နောက်ကျောမှ အိမ်ရှေ့စံကိုယ်ရံတော်ဓားကို ရစ်ပတ်၍ ဆွဲယူ ခုတ်ချလိုက်၏။
"ချွမ်..."
အသံကျယ်ကြီး ပဲ့တင်ထပ်သွားပြီး ဗုဒ္ဓဆင်းတုတွင် ရစ်ပတ်ထားသည့် သံကြိုး၌ အက်ကွဲကြောင်းတစ်ခု ပေါ်ထွက်လာသည်။ ထူးဆန်းသည်မှာ ထိုအက်ကွဲကြောင်းက အလိုလို ပြန်ဆက်သွားခြင်း ဖြစ်၏။
ချင်မူက စကားဆက်မဆိုဘဲ သူ၏ ချီစွမ်းအင်ကို နှိုးဆွ၍ နောက်ထပ် ဓားတစ်ချက် ခုတ်ချလိုက်သည်။
ချွင်... ချွင်... ချွင်...။ တချွင်ချွင်အသံများ ဆင့်ကဲဆင့်ကဲ ထွက်ပေါ်လာပြီး များမကြာမီ ချင်မူ၏ လက်ချက်ဖြင့် သံကြိုးတစ်ကြိုး ပြတ်ထွက်သွား၏။
မိန်းမကြီးဝူမှာ ကျောက်ရုပ်သဖွယ် ဖြစ်သွားသည်။ သူ့ရင်ထဲတွင် အံ့ဩဝမ်းသာစိတ်များ တရိပ်ရိပ် တက်လာ၏။ သို့သော်လည်း ထိုအခိုက်၌ ဗုဒ္ဓဆင်းတုကြီး၏ မျက်လုံးများ ရုတ်တရက် ပွင့်လာပြီး မိုးခြိမ်းသံကဲ့သို့ အသံနက်ကြီးဖြင့် အော်ဟစ်လိုက်သည်။ "မိစ္ဆာကောင်... ငါ့ရဲ့ ကောင်းမှုကုသိုလ်ကို လာဖျက်ဆီးရဲတယ်ပေါ့ ဟုတ်လား..."