ကုသိုလ်ဖျက်ဆီးခြင်း
Vol. 5 Ch. 62
"ခင်ဗျားရဲ့ ကောင်းမှုကုသိုလ်ကို ဖျက်ဆီးပစ်တယ် ဟုတ်လား..."
ချင်မူက သရော်တော်တော် မှတ်ချက်ချရင်း ကျန်သည့် သံကြိုးများကို ခုတ်ဖြတ်လိုက်သည်။ "ခင်ဗျားက ကြေးဆင်းတုတစ်ခု သက်သက်ပဲ၊ ခင်ဗျားရဲ့ ကောင်းမှုကုသိုလ်က ဘယ်ကရနိုင်မှာလဲ... မိန်းမကြီးဝူကို ဒီနေရာမှာ ချုပ်ထားတာကနေ ကောင်းမှုကုသိုလ် ရမှာလား၊ ခင်ဗျားရှေ့တင် မိန်းမကြီးဝူ လူတွေဖမ်းပြီး စားသောက်နေတာကို မျက်ကွယ်ပြုခဲ့တာ၊ ခင်ဗျားမှာ ကောင်းမှုကုသိုလ်ဆိုတာ ရှိခဲ့ရင်တောင် အကုန် အလကား ဖြစ်သွားပြီ..."
ဗုဒ္ဓဆင်းတု၏ ခန္ဓာကိုယ်မှာ တဆတ်ဆတ် တုန်ခါပြီး သွေးနီရောင် အမှတ်အသားများ လင်းလက်လာ၏။ တစ်ကိုယ်လုံး၌ ရွှေဆိုင်းများ ဖုံးလွှမ်းနေသဖြင့် ရွှေရောင်အလင်းဖြာထွက်သည့် မဟာဗုဒ္ဓရှင်တော်မြတ်သဖွယ် ဖြစ်လာပြီး မပီဝိုးတဝါးအသံဖြင့် ပြောလိုက်သည်။ "ဒီမကောင်းဆိုးဝါးသတ္တဝါကို လွှတ်လိုက်ရင် လူတွေ ဘယ်လောက်စားပြီး ဘယ်လောက်များ ဖျက်ဆီးရန်ပြုပစ်မယ်ဆိုတာ မင်းသိရဲ့လား..."
"ကျုပ်သိတာတော့ ဒီမကောင်းဆိုးဝါးသတ္တဝါက ခင်ဗျားရဲ့ နောက်ကျောမှာ အရိုးတွေ သိုဝှက်ပြီး ခင်ဗျားကို အသုံးချ၊ မကောင်းမှု ကျူးလွန်ခဲ့တာပဲ... အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ခင်ဗျား ဘာမှ အရေးတယူ လုပ်တာလည်း မတွေ့ခဲ့ဘူး..."
ချင်မူက ဒုတိယသံကြိုးကို ဖြတ်တောက်ရင်း သရော်တော်တော် ပြောလိုက်၏။ "ဒီဘုရားကျောင်း အပြင်ဘက်က ရေခဲစီးကြောင်းက တစ်နှစ်တစ်နှစ် အကြိမ်ပေါင်း မရေမတွက်နိုင်အောင် လူတွေကို ဒုက္ခပေးနေတာ... အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ခင်ဗျား ဘာလုပ်ပေးခဲ့လဲ ဟမ်... ရေခဲစီးကြောင်း ပြဿနာကို ဖြေရှင်းပေးတာ ကောင်းမှုကုသိုလ်ပဲ... မကောင်းဆိုးဝါးသတ္တဝါ တစ်ကောင်ကို ချုပ်နှောင်ထားဖို့ ဘုရားကျောင်းထဲမှာ ထိုင်နေတာ ကောင်းမှုကုသိုလ် မဟုတ်ဘူး... အဲဒီမကောင်းဆိုးဝါးသတ္တဝါကို လူသားစားခွင့်ပေးထားတာက ပိုမဟုတ်သေးတယ်... ခင်ဗျားသာ အပြင်ဘက်က ရေခဲစီးကြောင်းကို ဖြိုခွဲပြီး မြစ်အောက်ဘက်က လူတွေကို ကယ်တင်ခဲ့ရင် တကယ့် ကောင်းမှုကုသိုလ်ကြီးပဲ..."
ဗုဒ္ဓဆင်းတုက ရွှေရောင်အလင်းတန်းများ လင်းလက်လာပြီး ၎င်း၏ လက်များကလည်း အသက်ဝင်သကဲ့သို့ လှုပ်ရှားလာသည်။ မိန်းမကြီးဝူက အထိတ်တလန့် အော်ဟစ်လိုက်၏။ "ဒီခေါင်းတုံးမြည်းအိုကြီးက မကောင်းဆိုးဝါးဗုဒ္ဓပဲ... ငါ့ကို အသေသတ်တော့မယ်... မြန်မြန်လုပ်..."
ချင်မူက လျင်မြန်စွာ လှုပ်ရှား၍ ဘုရားကျောင်း အပြင်ဘက်သို့ မျက်စိတစ်မှိတ်အတွင်း ပြေးထွက်ကာ အိမ်ရှေ့စံကိုယ်ရံတော်ဓားဖြင့် အပြင်ဘက်မှ သံကြိုးများကို ခုတ်ဖြတ်လိုက်သည်။
"သက်ရှိသတ္တဝါအားလုံးရဲ့ အပြစ်တွေကို မြစ်ရေနဲ့အတူ ဆေးကြောပစ်ရမယ်... သူတို့ရဲ့ မကောင်းမှုဒုစရိုက်တွေကို ဒီလိုနည်းနဲ့ပဲ ပယ်သတ်နိုင်မယ်... သူတို့စိုက်ပျိုးခဲ့သမျှ သူတို့ ပြန်ရိတ်သိမ်းရလိမ့်မယ်..."
ဘုန်း...။
အုန်းခနဲ တုန်ခါသံတစ်ချက်နှင့်အတူ ကြေးဆင်းတုကြီး ထရပ်လာ၏။ ဘုရားကျောင်းဆောင်မှာ ၎င်း၏ ဦးခေါင်းနှင့် မလွတ်သဖြင့် ပြိုကျ ပျက်စီးသွားသည်။ ၎င်း၏ အသံက မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်လှသဖြင့် မိုးအောက်မြေပြင် တစ်ခွင်လုံး တုန်ခါသွား၏။ "မကောင်းဆိုးဝါး မိစ္ဆာကောင်၊ ဗုဒ္ဓရဲ့ တရားတော်တွေကို ဖျက်လိုဖျက်ဆီး လုပ်ရဲလှချည်လား... မင်းလို ခေါင်းမာတဲ့ မကောင်းဆိုးဝါးမျိုးက ချေချွတ်လို့ မရနိုင်ဘူး..."
ကြေးဆင်းတုကြီးနှင့် မိန်းမကြီးဝူကို ရစ်ပတ်ထားသည့် သံကြိုးများမှာ တစ်မုဟုတ်ချင်း အသက်ဝင်လာသည့်အလား လေထုကို တရွှီရွှီ ထိုးခွင်း၍ ချင်မူ့ထံ တိုးဝင်လာသည်။
"ခင်ဗျားရဲ့ ဗုဒ္ဓတရားတော်တွေမှာ သူများကို ကယ်တယ်ဆိုတာ ကိုယ်လွတ်မြောက်ဖို့အတွက် မဟုတ်လား၊ သူတစ်ပါး လွတ်မြောက်ပါစေဆိုတဲ့ စေတနာနဲ့ ကယ်တာမှ မဟုတ်ပဲ... ဟွန်း ကြောင်သူတော် ကြွက်သူခိုးတွေ..."
ချင်မူက လေထဲသို့ ခုန်တက်၍ သံကြိုး၏ ရစ်ပတ်မှုကို ရှောင်လိုက်၏။ ထို့နောက် နောက်ဆုံးကျန်သည့် သံကြိုးကို အိမ်ရှေ့စံကိုယ်ရံတော်ဓားဖြင့် ခုတ်ဖြတ်လိုက်သည်။ "မိန်းမကြီးဝူကို ဖမ်းပြီးပြီးချင်း သတ်လိုက်ရင် ခင်ဗျားရဲ့ ကောင်းမှုကုသိုလ်ပဲ... ဒါပေမဲ့ ခင်ဗျားက သူ့ကို ချုပ်ရုံချုပ်ထားပြီး လူတွေကို အန္တရာယ်ပြုခွင့် ပေးခဲ့တယ်၊ ဘာလို့လဲ... ဘာလို့လဲဆိုတော့ လူတွေကို သတ်စားတာ သူ့အကုသိုလ်ဆိုရင်၊ သူ့အကုသိုလ် ကြီးလေလေ သူ့ကို သန့်စင်ရှင်းလင်းလို့ ရမဲ့ ခင်ဗျားရဲ့ ကုသိုလ်က ကြီးလေလေမလို့ပဲ၊ ဟုတ်တယ် မဟုတ်လား... ဖွီ... လူတွေကို သတ်စားတဲ့ မိန်းမကြီးဝူရဲ့ အကုသိုလ်ကလည်း ခင်ဗျားရဲ့ အကုသိုလ်ပဲ၊ ဘာမှ မထူးဘူး..."
ချွင်...။
အိမ်ရှေ့စံကိုယ်ရံတော်ဓားမှာ သံကြိုးမှ ထွက်ပေါ်လာသည့် အားလှိုင်းကြောင့် နောက်သို့ ပြန်ကန်ထွက်သွား၏။
ချင်မူ အံတစ်ချက်ကြိတ်၍ မာန်သွင်းပြီး မဟူရာမြွေနှစ်ကောင်ကဲ့သို့ တိုးဝင်လာသော သံကြိုးများကို နောက်လှန်ချကာ ရှောင်ရှားလိုက်သည်။ ထို့နောက် သရော်စကားဆိုလိုက်၏။ "ဘုရားကျောင်း ပတ်ဝန်းကျင်တစ်ခုလုံး ဒီလောက် ရေလွှမ်းနေတာ၊ ခင်ဗျားက ဒီနေရာမှာ ထိုင်ပြီး လူတွေကို ကူညီဖို့ ငြင်းဆန်တဲ့အပြင် ကူညီမယ့် ကျုပ်ကိုတောင် တားနေသေးတယ်... ဒါနဲ့များ ကုသိုလ်ကောင်းမှု ရချင်သေးတယ်တဲ့... ကျုပ်ပြောပြမယ်၊ ကျုပ်တို့ရွာမှာ နှစ်တိုင်းနှစ်တိုင်း ရေခဲစီးကြောင်း ရှင်းပြီး အရပ်သားတွေနဲ့ သားရဲတွေရဲ့ အသက်ပေါင်းများစွာကို ကယ်တင်နေတဲ့ ဘိုးဘွားတွေ အများကြီး ရှိတယ်... ကောင်းမှုကုသိုလ်သက်သက်နဲ့ ဗုဒ္ဓဖြစ်နိုင်မယ်ဆိုရင် သူတို့အကုန်လုံးက ခင်ဗျားလို ကြေးဆင်းတုလောက် ဘယ်ဟုတ်နေမလဲ၊ ရွှေရောင်တဝင်းဝင်းနဲ့ မဟာဗုဒ္ဓတွေ ဖြစ်နေလောက်ပြီ..."
"ရယ်စရာ ကောင်းလှချည်လား..."
ကြေးဆင်းတုကြီးက အလွန်တရာ ကြီးမားလှပြီး ခြေထောက်တစ်ဖက် လှမ်းလိုက်သည်နှင့် ဘုရားကျောင်းပျက် အပြင်ဘက်သို့ ရောက်ရှိလာ၏။ ၎င်း၏ လက်ဖဝါးနှစ်ဖက်ကို အတူတူ ပူးကပ်လိုက်သောအခါ သံကြိုးသံတချွင်ချွင်နှင့်အတူ အရောင်အဝါများ တောက်ပလင်းထိန်လာသည်။ ထို့နောက် ချင်မူ့ကို နောက်သို့ လွင့်ထွက်သွားအောင် ရိုက်ချလိုက်၏။
ချင်မူ၏ ခြေလက်များ တဆတ်ဆတ် တုန်ခါသွားသည်။ သံကြိုးများက သူ့ထံ ဆက်လက် တိုးဝင်လာသဖြင့် လေပေါ်သို့ ခုန်ရှောင်လိုက်ရ၏။
ထို့နောက် ထိုသံကြိုးများပေါ် နင်း၍ ကြေးဆင်းတုကြီးထံ ပြေးဝင်သွားပြီး အိမ်ရှေ့စံ ကိုယ်ရံတော်ဓားကို ချီစွမ်းအင်ဖြင့် ထိန်းချုပ်ကာ မိန်းမကြီးဝူကို ချုပ်နှောင်ထားသော နောက်ဆုံးသံကြိုးကို ခုတ်ဖြတ်လိုက်သည်။
သံကြိုးများက အလွန်တရာ ကြီးမားသော မြွေကြီးများသဖွယ် လေထဲတွင် တွန့်လိမ် ကွေ့ကောက်၍ ချင်မူ့ကို တိုက်ခိုက်လာ၏။
ဤကြေးဆင်းတုကြီးမှာ ကြေးဝါဖြင့် သွန်းလုပ်ထားခြင်း ဖြစ်သော်လည်း အလွန်တရာ ပေါ့ပါးသွက်လက်လှသည်။
ယခင်ကဆိုလျှင် ဤကြေးဆင်းတုက ချင်မူနှင့် မိန်းမကြီးဝူကို ခွဲခြားသိမြင်ခြင်း မရှိချေ။ ချင်မူ မိစ္ဆာသံ ရွတ်ဆိုသောအခါမှ အလိုအလျောက် အသက်ဝင်လာပြီး ဗုဒ္ဓတရားစာများ ရွတ်ဆို၍ မိန်းမကြီးဝူကို နှိမ်နင်းရန် လုပ်သည်။ ယခု မိန်းမကြီးဝူကို လွှတ်ရန် လုပ်သောအခါတွင်တော့ ထိုကဲ့သို့ မဟုတ်တော့ဘဲ ချင်မူ့ကို အလိုလို တိုက်ခိုက်လာ၏။
ကြီးမားတုတ်ခိုင်သော သံကြိုးများက ချင်မူ့ထံ နေရာအနှံ့မှ ပြေးဝင်လာသည်။ ချင်မူက သံကြိုးတစ်ချောင်းပေါ်သို့ ခုန်တက်၍ တိုက်ခိုက်မှုများကို ရှောင်ရှားလိုက်၏။
ထိုသံကြိုးများထဲမှ ကြေးဆင်းတုကြီး၏ စွမ်းအားက တစ်စထက်တစ်စ ကြီးမားလာသည်။ သံကြိုးများ တစ်ကြိုးနှင့်တစ်ကြိုး ပွတ်တိုက်၍ ထွက်ပေါ်လာသော တုန်ခါမှုကြောင့် ချင်မူ ယိမ်းထိုးလာ၏။ သူ့ခြေထောက်များက ထိုတုန်ခါမှုကြောင့် နာကျင်ကိုက်ခဲလာပြီး အိမ်ရှေ့စံကိုယ်ရံတော်ဓားကို ထိန်းချုပ်ရသည်မှာလည်း ယခင်ကကဲ့သို့ မတိကျတော့ပေ။
ကြေးဆင်းတုကြီးမှာ ၎င်း၏ ကိုယ်ထဲတွင် အဆုံးအစမဲ့ အားအင်များ ရှိနေသည့်အလား ပို၍ ပို၍ ခွန်အားကြီးမားလာသည်။ ဤအခိုက်အတန့်၌ ထိုအားအင်များက ဖြည်းဖြည်းချင်း နိုးထလာနေသကဲ့သို့ ရှိ၏။
ဤကြေးဆင်းတုကြီးအကြောင်းကို ယခင်က အဘွားစစ်နှင့် ထော့ကျိုး ပြောခဲ့ဖူးသည်။ ဤကြေးဆင်းတုကြီးက တစ်စုံတစ်ခု ထူးခြားနေသည်ဟု ဆိုကြ၏။ တစ်ခါတွင် မိန်းမကြီးဝူကို ရှင်းပစ်ရန် အဘွားစစ် ကြံစည်သေးသော်လည်း ဤကြေးဆင်းတုကြီးက တားဆီးသဖြင့် မအောင်မြင်ခဲ့ဟု ဆိုသည်။
အဘွားစစ်က အလွန်တရာ စွမ်းအားကြီးမားသော်လည်း မိန်းမကြီးဝူကို အပြတ်ရှင်း မပစ်နိုင်ခဲ့ချေ။ ဤသည်ကိုကြည့်လျှင် ကြေးဆင်းတုကြီး၏ စွမ်းအား အပြည့်အဝ နိုးထလာပါက အလွန်တရာ ကြောက်မက်ဖွယ်ရာကောင်းမည် ဖြစ်ကြောင်း ထင်ရှားလှ၏။
ယခု ဤကြေးဆင်းတုကြီး၏ ခွန်အားက တဖြည်းဖြည်းချင်း နိုးထလာနေသည်။
တစ်ပိုင်းတစ်စ နိုးထလာလျှင်ပင် ချင်မူ ခံနိုင်လိမ့်မည် မဟုတ်ချေ။
ထိုအခိုက်၌ ကမ္ဘာမြေကြီးတစ်ခုလုံး ပွင့်ထွက်သွားသကဲ့သို့ ဘုန်းခနဲ အသံကြီး ထွက်ပေါ်လာ၏။ နောက်ဆုံးတွင်တော့ မြစ်ညာမှ ရေခဲစီးကြောင်းက မြေနုကျွန်းသို့ ရောက်ရှိလာချေပြီ။ မိုးထိုးလုမတတ် ရေခဲတောင်ကြီးက ကိုက်ပေါင်းဒါဇင်ချီ မြင့်မားနေပြီ ဖြစ်ပြီး တဝုန်းဝုန်းထနေသော ရေလှိုင်းများနှင့်အတူ ချင်မူ ကျောပေးထားသည့် မြေနုကျွန်း၏ ရှေ့ဘက်မှ ပေါ်ထွက်လာသည်။
အရိမ်မည်းကြီး ရုတ်ခြည်း ဖုံးလွှမ်းသွားသဖြင့် ချင်မူ အလျင်အမြန် လှည့်ကြည့်လိုက်ရာ မြောက်မြားစွာသော ရေခဲမျောတုံးများ ရေစီးနှင့်အတူ ရေခဲတောင်ကြီးထိပ်ထိ တလိမ့်လိမ့် မျောပါလာပြီး မြစ်ပြင်ထဲသို့ ပြန်ပြုတ်ကျသွားကြောင်း မြင်တွေ့လိုက်ရ၏။ ရေခဲမျောတုံးများက ရေခဲတောင်၏ ထိပ်ဖျားထိ မျောပါသွားလိုက်၊ တလိမ့်လိမ့် ပြန်ဆင်းသွားလိုက်နှင့် ပို၍ ပို၍ စုပုံလာသည်။
ရေခဲစီးကြောင်းက အရာအားလုံးကို ကြိတ်ချေ ဝါးမျိုသွားသဖြင့် ရေခဲပြင်ပေါ်မှ အလောင်းကောင်များမှာ အစအနပင် ရှာမရတော့ချေ။ တလိမ့်လိမ့် မျောပါလာသော ရေခဲတောင်ကြီးသာ ကျန်ရစ်တော့ပြီး လမ်းကြောင်းတစ်လျှောက်ရှိ အရာအားလုံးကို အရှိန်အဟုန်ပြင်းစွာ ကြိတ်ချေတိုက်စားသွား၏။
ကြေးဆင်းတုကြီးမှာလည်း ကျရောက်လာမည့် အန္တရာယ်ကို ရိပ်စားမိဟန်ဖြင့် ချင်မူ့ကို ဂရုမစိုက်နိုင်တော့ဘဲ သူ့လက်နှစ်ဖက်ကို ဆန့်၍ တလိမ့်လိမ့် တိုးဝင်လာသော ရေခဲစီးကြောင်းကြီးကို ပြန်တွန်းထုတ်ရန် ကြိုးစားလိုက်သည်။
ဘုန်း...။
မြေနုကျွန်းကလေး၏ ပတ်ဝန်းကျင်တွင် အလင်းတန်းများ လွှမ်းခြုံသွားပြီး ကြီးမားသော ရွှေခေါင်းလောင်းကြီးတစ်ခု ဖွဲ့တည်လာ၏။
မြောက်မြားစွာသော ရေခဲတုံးများက ထိုရွှေခေါင်းလောင်းကြီးကို ဝင်တိုက်မိပြီး ဘုန်းခနဲ အသံကျယ်ကြီးနှင့်အတူ အစိတ်စိတ်အမြွှာမြွှာ ကွဲကြေသွားသည်။ ထိုရေခဲမျောတုံးများ ရွှေခေါင်းလောင်းကြီးကို ဝင်တိုက်မိတိုင်း ရွှေရောင်အလင်းတန်းများ လှိုင်းထဖြာထွက်လာ၏။ ချင်မူ့နေရာမှ ကြည့်လျှင် အလွန်တရာ ခမ်းနားထည်ဝါ၍ ရင်သပ်ရှုမောဖွယ် ကောင်းလှသော မြင်ကွင်းတစ်ခု ဖြစ်သည်။
ထို့နောက်တွင်တော့ ရေခဲစီးကြောင်းက ရွှေခေါင်းလောင်းကြီးကို ဝင်တိုက်မိပြီး မိုးခြိမ်းသံကဲ့သို့ နားကွဲလောက်အောင် ဆူညံသော အသံများ တအုန်းအုန်း ထွက်ပေါ်လာ၏။ ထိုဆူညံသံများကြား၌ ရွှေခေါင်းလောင်းကြီးထံမှ ခေါင်းလောင်းသံများကိုလည်း ကြားနိုင်သည်။
သဘာဝတရား၏ စွမ်းအားနှင့် ကြေးဆင်းတုကြီး၏ ဗုဒ္ဓကောင်းကင်နတ်သိုင်းတို့ ထိပ်တိုက်တွေ့ခြင်း၌ တစ်လောကလုံး တုန်ခါသွား၏။ မြေနုကျွန်းကလေးပင် ထိုတုန်ခါမှုကြောင့် ယိမ်းထိုးသွားပြီး အချိန်မရွေး ရေထဲ နစ်မြုပ်သွားတော့မည်ကဲ့သို့ ထင်လာရသည်။
ရေခဲစီးကြောင်းကို မြေနုကျွန်းနှင့် ရွှေခေါင်းလောင်းကြီးက ပိတ်ဆို့ထား၏။ ထိုအဖြစ်ကြောင့် ရေခဲစီးကြောင်းက တဖြည်းဖြည်း ပို၍ ပို၍ မြင့်တက်လာသည်။ မြေနုကျွန်း၏ ဘေးဘက်မှ ရေခဲစီးကြောင်းများကတော့ မြစ်အောက်ဘက်သို့ ဆက်လက် စီးဆင်းသွားပြီ ဖြစ်၏။ မြေနုကျွန်းဖြင့် ပိတ်နေသော နေရာတွင်သာ ရေခဲမျောတုံးများ တစ်စထက်တစ်စ ပိုမို စုမိလာသည်။ တဖြည်းဖြည်းနှင့် ရေခဲစီးကြောင်းက မြေနုကျွန်းပေါ်မှ ဖုံးလွှမ်း စီးဆင်းသွားတော့မလို ဖြစ်လာ၏။
ဝုန်း...။
သံကြိုးများက လှုပ်ခါ၍ ချင်မူ့ထံ တိုးဝင်လာပြန်သည်။ ဤကြေးဆင်းတုကြီးက သံကြိုးများကို ဝိညာဉ်မြွေများသဖွယ် ထိန်းချုပ်ပြီး သူ့နောက်သို့ အဆက်မပြတ် လိုက်လံတိုက်ခိုက်ရန် စွမ်းအား ကျန်ရှိနေသေး၏။
တစ်ချိန်တည်းမှာပင် ကြေးဆင်းတုကြီးက ရွှေခေါင်းလောင်းကြီး၏ နံရံသို့ လက်ဝါးဖြင့် အဆက်မပြတ် ရိုက်၍ အားဖြည့်လိုက်သဖြင့် သတ္ထုချင်းရိုက်သံ တဒေါင်ဒေါင် ထွက်ပေါ်လာသည်။
သံကြိုးများကလည်း ၎င်း၏ ခန္ဓာကိုယ်တွင် ရစ်ခွေလျက် ရှိပြီး ချင်မူ့ကို အဆက်မပြတ် ပျံဝဲ တိုက်ခိုက်နေ၏။ ထိုအခိုက်၌ မိန်းမငယ်လေး ရှန်းချင်းအာအသွင် ရှိနေသော မိန်းမကြီးဝူမှာ သံကြိုးများ၏ ဆောင့်ဆွဲခြင်း ခံလိုက်ရသဖြင့် ယိုင်ထိုးယိုင်ထိုး ပါသွားပြီး မှောက်လျက်လဲကာ မျက်နှာတစ်ပြင်လုံး မြေကြီးနှင့် ပွတ်တိုက်၍ စုတ်ပြတ်သတ်သွားသည်။
ချင်မူက ထိုသံကြိုးကို ခြေထောက်ဖြင့် နင်းလိုက်၏။ ထိုတစ်ခဏ၌ ကြေးဆင်းတုကြီး၏ ခွန်အားက အတော်လျော့ပါးသွားပြီး ယခင်ကလောက် ကြောက်စရာမကောင်းတော့ကြောင်း သတိပြုလိုက်မိသည်။ ဤအခွင့်ကောင်းကို သူ အရအမိ ဆုပ်ကိုင်၍ နောက်ဆုံး ကျန်နေသည့် သံကြိုးကို အိမ်ရှေ့စံကိုယ်ရံတော်ဓားဖြင့် ချွင်ခနဲ ခုတ်ဖြတ်လိုက်၏။
မိန်းမကြီးဝူမှာ မှင်တက်မိနေပြီး လက်ကောက်ဝတ်မှ သံကြိုးပြတ်တန်းလန်းနှင့် ရွှေကွင်းများကို ပင့်မြှောက်ကြည့်ရှု၍ အံ့ဩဝမ်းသာမဆုံး ဖြစ်သွားသည်။
သူ့ခြေကျင်းဝတ်မှ ရွှေကွင်းများမှာလည်း သံကြိုးပြတ်တန်းလန်းနှင့် ဖြစ်နေ၏။
"နေ့ခင်းကြောင်တောင် အိပ်မက်မက်မနေနဲ့၊ မြန်မြန်ပြေး..." ချင်မူက တစ်ဟုန်ထိုး ပြေးလွှားရှောင်ရှားရင်း အော်ဟစ်သတိပေးလိုက်သည်။
မိန်းမကြီးဝူက တဟားဟား အော်ဟစ်ရယ်မောလိုက်၏။ သူ့ခန္ဓာကိုယ်က ရုတ်တရက် လျင်မြန်စွာ ပြန့်ကားကြီးထွားလာသည်။ ရှန်းချင်းအာ၏ အရေပြားများက ဟိုမှသည် ပေါက်ကွဲစုတ်ပြဲသွားပြီး အရိုးပြားများ ဖုံးလွှမ်းနေသော သူ့ခန္ဓာကိုယ်အစစ်အမှန် ပေါ်ထွက်လာ၏။ ရာချီသော ခြေထောက်များက တရစပ် လှုပ်ရှားသွားပြီး အော်ဟစ်လိုက်သည်။ "ကောင်လေး၊ ငါ့ကိုယ်ပေါ် ခုန်တက်... ဒီကနေ အပြင်ဘက်ကို ခေါ်သွားမယ်..."
ချင်မူက ၎င်း၏ ခန္ဓာကိုယ်ပေါ်သို့ ခုန်တက်လိုက်၏။ ဤမကောင်းဆိုးဝါးသတ္တဝါကြီး၏ တစ်ကိုယ်လုံးက အရိုးအကာများ ဖုံးလွှမ်းနေပြီး သံကြိုးပြတ်တန်းလန်း ရွှေကွင်းများနှင့် မြေနုကျွန်း၏ နောက်ဘက်ဆီသို့ တစ်ဟုန်ထိုး ခုန်ပေါက်ပြေးထွက်သွားသည်။ ၎င်း၏ ရှည်လျားသော ခန္ဓာကိုယ်ကြီးအောက်မှ ရာချီသော ခြေထောက်များက တစ်ညီတစ်ညာတည်း ရွေ့လျားနေပြီး လေအဟုန်ကို ထိုးခွင်း၍ ရွှေခေါင်းလောင်းကြီး၏ နံရံဆီသို့ ပြေးဝင်သွား၏။
"မကောင်းဆိုးဝါးသတ္တဝါကောင်... မင်းက ငါ့ရဲ့ ကောင်းမှုကုသိုလ်ပဲ၊ ထွက်ပြေးဖို့ မစဉ်းစားနဲ့..."
ကြေးဆင်းတုကြီးက နောက်ပြန်လှည့်လာပြီး ၎င်း၏ ကြေးဝါလက်ကြီးဖြင့် လေဟာနယ်ထဲသို့ ဖမ်းဆုပ်လိုက်သည်။ မိန်းမကြီးဝူ၏ ကိုယ်ပေါ်မှ ရွှေကွင်းများနှင့် သံကြိုးများက တချွင်ချွင် မြည်လာပြီး နောက်ဘက်ဆီသို့ တလွင့်လွင့် ပျံဝဲသွား၏။ ထိုအခိုက်၌ ကြေးဆင်းတုကြီး၏ ကိုယ်ပေါ်မှ သံကြိုးများကလည်း ထိုသံကြိုးပြတ်များနှင့် ပြန်ဆက်တော့မည့်နှယ် အလိုလို ပျံဝဲရောက်ရှိလာသည်။
မိန်းမကြီးဝူ၏ သွေးများ အေးခဲသွား၏။ သူ့ကိုယ်ပေါ်မှ သံကြိုးများ၏ ဆွဲယူမှုကြောင့် မြေပြင်ပေါ်သို့ ပြန်ပြုတ်ကျသွားသည်။ ခြေထောက်များရှိ သံကြိုးများ၏ အားအင်က တဖြည်းဖြည်း ပိုကြီးမားလာပြီး သူ့ကို နောက်ဘက်သို့ တရစပ် ဆွဲခေါ်နေ၏။
မိန်းမကြီးဝူက သူ၏ ရာချီသော ခြေချောင်းများဖြင့် အားကုန်သုံး၍ ရှေ့သို့ ပြန်ကန်ဆွဲယူသော်လည်း မဟန်နိုင်ဘဲ နောက်သို့သာ လျှောတိုက်ပါသွားသည်။
ချင်မူက သူ့ဓားကို ချီစွမ်းအင်ဖြင့် ထိန်းချုပ်၍ မိန်းမကြီးဝူ၏ ခြေထောက်မှ ရွှေကွင်းများကို ခုတ်ဖြတ်ရန် ပြင်လိုက်၏။ ထိုအခိုက်၌ အလွန်တရာ သေးမျှင်လှသော အလင်းတန်းတစ်ခု ဖျတ်ခနဲ လက်လာပြီး ရွှေခေါင်းလောင်းကြီးကို ထွင်းဖောက်၍ ကြေးဆင်းတုကြီး၏ မျက်ခုံးနှစ်ခုအလယ်သို့ စိုက်ဝင်သွားသည်။
ကြေးဆင်းတုကြီးက နာကျင်စွာ အော်ဟစ်၍ သူ့မျက်ခုံးနှစ်ခုကြားနေရာသို့ လက်ဖဝါးဖြင့် အုပ်ကိုင်လိုက်၏။ မိန်းမကြီးဝူမှာ ရုတ်တရက် သူ့ခန္ဓာကိုယ်တစ်ခုလုံး ပေါ့ပါးသွားသကဲ့သို့ ခံစားလိုက်ရသဖြင့် တစ်မုဟုတ်ချင်းပင် ထိုအခွင့်ကောင်းကို အရယူ၍ တစ်ဟုန်ထိုး ပြေးထွက်လိုက်သည်။ ခြေလှမ်းအနည်းငယ်မျှနှင့် ၎င်း၏ တစ်ကိုယ်လုံး လေထဲသို့ မြောက်တက်ပြီး ရွှေခေါင်းလောင်းကြီး ဖုံးအုပ်ထားသည့် နေရာမှ လွတ်ထွက်ကာ မြစ်ရေပြင်ပေါ်သို့ တိုးဝင်ပျောက်ကွယ်သွားတော့၏။
သူတို့၏ နောက်တွင်တော့ ကြေးဆင်းတုကြီးက အဆက်မပြတ် အော်ဟစ်ညည်းညူနေရသည်။ ရွှေခေါင်းလောင်းကြီးမှာလည်း ရုတ်ခြည်းဆိုသလို အစိတ်စိတ်အမြွှာမြွှာ ပြိုကွဲပျက်စီးသွားပြီး တောင်ကြီးတစ်လုံးကဲ့သို့သော ရေခဲစီးကြောင်းကြီးက ကြေးဆင်းတုကြီးနှင့်အတူ မြေနုကျွန်းတစ်ခုလုံးကို ရေအောက်သို့ တွန်းတိုက် နှစ်မြှုပ်ပစ်တော့၏။ ရှေးဘုရားကျောင်းပျက်မှာလည်း တစ်မုဟုတ်ချင်း ပြိုကျပျက်စီးသွားသည်။ နောက်ဆုံးတွင်တော့ မြေနုကျွန်းတစ်ခုလုံး မြစ်ပြင်အောက်ထဲသို့ ပြားပြားဝပ် နစ်မြုပ်သွား၏။
"မင်းနဲ့ ငါက တစ်ချိန်လုံး ကိုယ့်စည်းနဲ့ကိုယ် နေခဲ့ကြတာ..."
ကြေးဆင်းတုကြီးက ဒေါသအကြီးအကျယ် ထွက်နေသည်။ သို့သော်လည်း ၎င်း၏စကား အဆုံးမသတ်နိုင်မီမှာပင် ရေခဲစီးကြောင်း၏ ဝင်ဆောင့်ခြင်း ခံလိုက်ရပြီး မြေနုကျွန်းနှင့်အတူ မြစ်အောက်ထဲသို့ စုန်းစုန်းမြုပ်သွားတော့၏။