← Chapters

ကြက်ခြေခတ်၊ လှည်းခွထောက်၊ လှေကားထစ်

Vol. 5 Ch. 63

ကြက်ခြေခတ်၊ လှည်းခွထောက်၊ လှေကားထစ်

Vol. 5 Ch. 63

လေထုထဲမှ သေးမျှင်သော အလင်းတန်းတစ်ခု ပျံဝဲရောက်ရှိ၍ ရွာလူကြီး၏ ဆံပင်ကြားထဲသို့ တိုးဝင်သွားသည်။ ရွာလူကြီးက မည်သို့မျှ မဖြစ်ခဲ့လေဟန်ဖြင့် ကောင်းကင်ယံမှ ဆင်းသက်၍ ဒုက္ခိတဘိုးဘွားကျေးရွာ အတွင်းသို့ ပြန်ဝင်လာ၏။

မြစ်အောက်ဘက် မိုင်သုံးဆယ်ခန့် အကွာတွင်တော့ မာန်ဟုန်မြစ်က ကွေ့ချိုးသွားပြီး တောင်တစ်လုံးကို ရစ်ခွေ၍  တောင်ကြားချိုင့်ဝှမ်း ခပ်ကျဉ်းကျဉ်းတစ်ခုမှ ဖြတ်သန်း စီးဆင်းသွားသည်။ ရေခဲစီးကြောင်းက ထိုနေရာတွင် တစ်ဆို့၍ ရေခဲတုံးများ ပိုစုလာမိပြီး မြစ်ကြောင်းတစ်ခုလုံး ပိတ်ဆို့သွား၏။

“မိန်းမကြီးဝူ၊ ရပ်ဦး...”

ခြေချောင်းတစ်ရာ အရိုးဖြူကင်းခြေများကြီးက ချင်မူ့ကို သယ်ဆောင်၍ ကောင်းကင်ထက်သို့ ပျံတက်ရင်း နဂါးတစ်ကောင်ကဲ့သို့ အလွန်တရာ လျင်မြန်စွာ ရွေ့လျားနေသည်။ ချင်မူ့စကားကို ကြားသောအခါ ချိုင့်ဝှမ်း၏ တောင်စောင်းနံရံထိပ်ဖျားသို့ ဆင်းသက်၍ အေးစက်စက် ရယ်မောလိုက်၏။ “ငါက ဘာလို့ မင့်စကား နားထောင်ရမှာလဲ၊ ခွေးကောင်လေးရဲ့…”

ချင်မူက နားမလည်နိုင်ဟန်ဖြင့် ၎င်း၏ ကျောပေါ်မှ ခုန်ဆင်းလိုက်သည်။ “ကျုပ်က ခင်ဗျားကို ကယ်ထားတယ်လေ... အဲဒီတော့ ကျေးဇူးဆပ်တဲ့အနေနဲ့ ခင်ဗျားက ကျုပ်ကို ကူညီပြီး မြစ်ထဲက ရေခဲဆည်ကြီးကို ဖြိုခွဲပေးသင့်တာပေါ့...”

မိန်းမကြီးဝူက ခန္ဓာကိုယ်ကို တွန့်လိမ်၍ ရှန်းချင်းအာအသွင်သို့ ပြန်လည် ပြောင်းလဲလိုက်၏။ သူ့ခြေလက်များက သံကြိုးတန်းလန်းနှင့်သာ ရှိနေသေးပြီး ချင်မူ့ဘေးတွင် သံကြိုးသံတချွင်ချွင်နှင့် လှည့်ပတ်ခုန်ပေါက်ရင်း နောက်ကျောဘက်မှ ခေါင်းထိုးကြည့်ရှု၍ ဟက်ခနဲ ရယ်မောလိုက်သည်။ “မင်းက ငါ့ကို ကယ်ခဲ့လို့ ကျေးဇူးပြန်ဆပ်ရမယ်ပေါ့ ဟုတ်လား... မင်းမေ့သွားပြီလား၊ အရင်တစ်ခါတုန်းက ငါ့ကို ဘယ်လို ဆိုးဆိုးဝါးဝါး ဆက်ဆံခဲ့သလဲဆိုတာ... ဟိုခေါင်းတုံး မြည်းအိုကြီးကြောင့် ငါ သေလုမတတ်တောင် ဖြစ်ခဲ့ရတယ်လေ... အဲလောက်တင် မကသေးဘူး၊ ငါစုထားတဲ့ ရတနာတွေ အကုန်လုံးကိုလည်း မင်း ဓားပြတိုက်သွားခဲ့သေးတယ်... ကျေးဇူးဆပ်ဖို့ မပြောနဲ့၊ ကိုက်တောင် စားပစ်သင့်သေးတာ...”

ချင်မူက ပြုံးလိုက်၏။ “ဒါပေမဲ့ ခင်ဗျား အဲလို မလုပ်ရဲဘူးလေ...”

မိန်းမကြီးဝူ၏ လည်ပင်းက ရုတ်တရက် ကိုက်ပေါင်းများစွာ ဆန့်ထွက်လာသည်။ ထို့နောက် ချင်မူ့ကို နှစ်ပတ်၊ သုံးပတ် ရစ်ပတ်၍ သူ့မျက်နှာတည့်တည့်သို့ စိုက်ကြည့်ပြီး လှောင်ပြောင် သရော်လိုက်၏။ “ငါ မလုပ်ရဲဘူး ဟုတ်လား... အခု မင်းမှာ မင်းကိုကူညီမဲ့ ခေါင်းတုံးမြည်းအိုကြီး မရှိတော့ဘူး... ငါ ဘာလို့ မလုပ်ရဲရမှာလဲ...”

“ကျုပ်က ဒုက္ခိတဘိုးဘွားကျေးရွာမှာ နေတာ... အဘိုးအဘွားကိုးယောက် ရှိတယ်... သူတို့တစ်ယောက်ချင်းစီက ခင်ဗျားကို အသာလေး သတ်ပစ်နိုင်တယ်...”

ချင်မူက ပြုံး၍ ဆက်ပြောလိုက်သည်။ “ခင်ဗျားဖာသာ ဘယ်လောက်ပဲ ရုပ်ဖျက်ဖျက်၊ ဘယ်လောက်ပဲ ဝေးဝေးပြေးပြေး... သူတို့က ခင်ဗျားကို အလွယ်တကူ နောက်ယောင်ခံလိုက်ပြီး သတ်ပစ်နိုင်သလို၊ ခင်ဗျားကိုယ်ခင်ဗျား ဒီလောကကြီးမှာ မမွေးဖွားလာခဲ့ရင် သိပ်ကောင်းမှာပဲဆိုတဲ့ စိတ်မျိုး ပေါ်လာအောင်လည်း အသာလေး လုပ်ပစ်နိုင်တယ်...”

မိန်းမကြီးဝူ၏ ကျောရိုးတစ်လျှောက် စိမ့်တက်သွားပြီး သူ့လည်ပင်းကို ကျုံ့သွင်း၍ ချစ်စဖွယ် ကောင်မလေးအသွင်သို့ ပြန်ပြောင်းလိုက်၏။ ထို့နောက် ခြေလက်များမှ ရွှေကွင်းနှင့် သံကြိုးများကို တချွင်ချွင် လှုပ်ခါ၍ ခုန်ပေါက်လိုက်သည်။ “ငါက မင်းရဲ့ အဘိုးအဘွားတွေကို ကြောက်ပေမဲ့ ငါ့မှာ မင်းကို ကူညီဖို့ တာဝန် မရှိဘူး... ခေါင်းတုံးမြည်းအိုကြီးပြောတာ မှန်တယ်၊  အခု မင်း ငါ့ကို ကယ်ခဲ့တော့ ငါက မကောင်းမှုဒုစရိုက် ကျူးလွန်ပြီး လူတွေစားတော့မယ်... ဘာအတွက် မင်းကို ကူညီပြီး လူကယ်နေရမှာလဲ... ငါ သွားပြီ...”

၎င်းက သံကြိုးသံ တချွင်ချွင်နှင့် လှည့်ထွက်သွား၏။

ချင်မူက ရုတ်တရက် ပြောလိုက်သည်။ "မိန်းမကြီးဝူ၊ ဗုဒ္ဓဘာသာမှာ စကားတစ်ခွန်း ရှိတယ်... သားသတ်ဓားကို ချပြီး ဗုဒ္ဓဖြစ်လော့တဲ့... ဒီစကားက အပေါ်ယံဆန်ပြီး လူကောင်းနဲ့လူဆိုး ခွဲခြားမထားတဲ့အတွက် ယုံကြည်ဖို့ ခက်လိမ့်မယ်... ဒါပေမဲ့ ခင်ဗျားသာ ပိတ်ဆို့သွားတဲ့ မြစ်ကြောင်းကို ဖြိုခွဲဖို့ ကျုပ်ကို ကူညီပြီး မြစ်အောက်ဘက်က မရေမတွက်နိုင်တဲ့ အသက်ပေါင်းများစွာကို ကယ်တင်ခဲ့မယ်ဆိုရင် အဲဒါ ခင်ဗျားရဲ့ ကောင်းမှုကုသိုလ်ပဲ... အဲဒီကုသိုလ်က ဟိုကြေးဆင်းတုကြီး တစ်သက်လုံး စုဆောင်းခဲ့တဲ့ ကုသိုလ်ထက် အများကြီး ပိုသာလိမ့်မယ်..."

မိန်းမကြီးဝူက ခြေလှမ်းများ ရပ်တန့်သွားပြီး ခေါင်းလှည့်၍ စိတ်ဝင်တစား နားထောင်လိုက်၏။

ချင်မူက ဆက်ပြောလိုက်သည်။ "ကျုပ်ကို ကူညီပြီး လူတွေကို ကယ်ပေးရင် ခင်ဗျားရဲ့ ကောင်းမှုကုသိုလ်က ခင်ဗျားကို ချုပ်နှောင်ထားတဲ့ ကြေးဆင်းတုကြီးထက် အဆပေါင်း ရာချီအောင် ပိုသာသွားလိမ့်မယ်... အဲဒါဆို နောက်တစ်ခါ ပြန်တွေ့တဲ့အခါ သူ ခင်ဗျားကို ချုပ်နှောင်နိုင်ပါဦးမလား..."

မိန်းမကြီးဝူက ခေါင်းကို တစ်ဘက်စောင်း၍ တွေးနေရာမှ တဟားဟား ရယ်မောလိုက်၏။ "မင်းပြောတာ မှန်တယ်၊ မင်းကို ငါ ကူညီမယ်၊ ဟီး... ဟီး... အဲဒီ ခေါင်းတုံး မြည်းအိုကြီးက ငါ လူတွေ အများကြီး စားခဲ့တယ်ဆိုတဲ့ အချက်ကို အသုံးချပြီး ဖြောင့်မှန်ချင်ယောင်ဆောင်နေတာ... တရားမျှတဖို့ဆိုတဲ့ နာမည်ခံပြီး ငါ့ကို ချုပ်ထားတာ... သူပြောတာက ဒီမြစ်ရေနဲ့ ငါ့အပြစ်တွေကို ဆေးကြောပစ်မယ်တဲ့... ငါ သူ့ကို ပြောခဲ့ပါတယ်၊ ငါ လူတွေကို စားတယ်ဆိုတာ ဗိုက်ဆာလို့ စားတာ၊ လူကောင်းမို့လို့၊ လူဆိုးမို့လို့ စားတာ မဟုတ်ဘူး... မင်းတို့လူတွေ ဗိုက်ဆာရင် ထမင်းတွေ၊ အသားငါး၊ အသီးအရွက်တွေ စားသလို၊ စားဖို့လိုလို့ စားရုံသက်သက်ပဲ..."

၎င်းက အောက်နားဆီမှ ရေများစုဝေးအိုင်ဖွဲ့လာသော မြစ်ပြင်သို့ လှမ်းကြည့်ရင်း ဆက်ပြောလိုက်သည်။ "ငါစားခဲ့တဲ့ လူတွေအပေါ် ငါ ဘာခံစားချက်မှ မရှိဘူး၊ ငါ့အတွက် အစားအစာလို့ပဲ သဘောထားခဲ့တာ... မင်းတို့လူတွေ ထမင်းဟင်း၊ အသားငါး၊ အသီးအရွက် စားတဲ့အခါလည်း သူတို့အတွက် ဘာခံစားချက်မှ ရှိမနေဘူးလေ၊ ဟုတ်တယ်မဟုတ်လား... အဲခေါင်းတုံးကြီးက မိစ္ဆာအယူနဲ့ ဆင်ခြေပေးတယ်ဆိုပြီး ငါ့ကို ဖိနှိပ်ချုပ်နှောင်ထားတာ... သူက အဲလိုလုပ်မှတော့ သူ့ကိုလည်း ဘာကောင်းမှုမှ မရစေရဘူးဆိုပြီး သူ့ကျောင်းဆောင်ထဲ ဝင်လာသမျှလူကို ငါ စားပစ်တာပဲ... အခု ငါ့ကောင်းမှုကုသိုလ်က သူ့ထက်မြင့်နေရင် သူ ငါ့ကို ဖိနှိမ်နိုင်ဦးမလား ကြည့်ကြသေးတာပေါ့... ဟင်း... မြစ်ထဲက ရေခဲတွေက အတော်များတာပဲ... ငါ့ဝိညာဉ်လက်နက်တွေသာ ရှိသေးရင် ဒီရေခဲကို ခွဲနိုင်တယ်... ဒါပေမဲ့ ငါ့ဝိညာဉ်လက်နက်တွေက အဲခေါင်းတုံးအိုကြီး သိမ်းယူသွားတဲ့ထဲ ပါသွားတာ..."

ဝှမ်...။

ချင်မူက အိမ်ရှေ့စံကိုယ်ရံတော်ဓားကို ချီစွမ်းအင်ဖြင့် ထိန်းချုပ်၍ တောင်ကြားချိုင့်ဝှမ်းတွင် ပိတ်ဆို့နေသော ရေခဲစီးကြောင်းကြီးကို ခုတ်ဖြတ်ချလိုက်၏။ "မိန်းမကြီးဝူ၊ ကျုပ်ကို ကူဦး..."

"သံကြိုးတွေကို ဖြတ်ခဲ့တဲ့ ဓားလား..."

မိန်းမကြီးဝူ၏ မျက်လုံးများ အရောင်တောက်သွားပြီး သူ့ပုံသဏ္ဌာန်အမှန်သို့ ပြောင်းလဲလိုက်သည်။ ထို့နောက် ရာချီသော ခြေချောင်းများကို တစ်ပြိုက်နက် လှုပ်ရှား၍ တောင်စောင်းပေါ်မှ ခုန်ချလိုက်၏။ ချင်မူကလည်း ၎င်း၏ နောက်ကျောပေါ်သို့ ခုန်တက်လိုက်သည်။ ခြေချောင်းတစ်ရာ အရိုးဖြူကင်းခြေများကြီးက လေထဲတွင် ပျံဝဲပြေးလွှား၍ ချင်မူ့ကို ပိတ်ဆို့နေသော ရေခဲစီးကြောင်းကြီးဆီသို့ သယ်ဆောင်သွားသည်။

"ခွဲ..."

ချင်မူက အသံကုန်အော်ဟစ်၍ ရေခဲစီးကြောင်းကြီးကို အိမ်ရှေ့စံကိုယ်ရံတော်ဓားဖြင့် ခုတ်ပိုင်းချလိုက်၏။ တစ်ချိန်တည်းတွင် မိန်းမကြီးဝူက လေလှိုင်းတစ်ခု မှုတ်ထုတ်လိုက်ရာ မှော်မိစ္ဆာချီစွမ်းအင်က အိမ်ရှေ့စံကိုယ်ရံတော်ဓားထံသို့ တစ်ဟုန်ထိုး ပြေးဝင်သွားသည်။

အိမ်ရှေ့စံကိုယ်ရံတော်ဓားက ရုတ်တရက် ကိုက်သုံးရာခန့် အရှည်အထိ ကြီးထွားပြန့်ကားလာပြီး ရေခဲစီးကြောင်းကြီးကို ခုတ်ချလိုက်၏။

ရေခဲစီးကြောင်းက ပိတ်ဆို့နေသော ရေခဲတောင်ကြီးပေါ်သို့ ရေခဲမျောတုံးများ ဆင့်ကဲဆင့်ကဲ ပို့ဆောင်ပြီး မြင့်သည်ထက် မြင့်မားလာနေချေပြီ။ ဤအတိုင်းသာ ဆက်လက် စုဝေးသွားလျှင် မာန်ဟုန်မြစ်ကမ်း နှစ်ဖက်ရှိ သက်ရှိသတ္တဝါများအားလုံးထံသို့ သေချာပေါက် ကပ်ဆိုးကြီး ကျရောက်ပေတော့မည်။

အိမ်ရှေ့စံကိုယ်ရံတော်ဓားက လေထုကို ထိုးခွဲသွားသည်။ ဓားသွား ဖြတ်သန်းရာတစ်လျှောက် နှစ်ခြမ်းကွဲသွားသည့် လေထုနံရံကိုပင် သာမန်မျက်စိဖြင့် မြင်နေရ၏။ ကိုက်သုံးရာရှိသော ဓားရှည်ကြီးက ပိတ်ဆို့နေသော ရေခဲတုံးကြီးအပေါ် ကျရောက်လာပြီး တို့ဖူးတုံးကို လှီးဖြတ်သကဲ့သို့ အထက်မှ အောက်ထိ တိတိရိရိ လှီးဖြတ်ပစ်တော့သည်။

"သွားပြီ..."

မိန်းမကြီးဝူ အမူအရာ အကြီးအကျယ် ပျက်ယွင်းသွားပြီး အပေါ်သို့ ပြန်ခုန်တက်ရန် ကြိုးစားလိုက်သော်လည်း နောက်ကျသွားပြီ ဖြစ်၏။ ပိတ်ဆို့နေသော ရေခဲတုံးကြီးက တဝုန်းဝုန်းထနေသော မြစ်ရေလှိုင်းများ၏ ဖိအားဒဏ်ကို မခံနိုင်တော့ဘဲ တစ်မုဟုတ်ချင်း ပြိုလဲပျက်စီးသွားသည်။ မြောက်မြားစွာသော ရေခဲချွန်များက ရေလှိုင်းလုံးကြီး၏ တွန်းကန်အားကြောင့် သူတို့ထံသို့ တရွှီရွှီ ပြေးဝင်လာ၏။

မြင်ကွင်းက တကယ့်ကို ချောက်ချားဖွယ်ရာအတိ ဖြစ်သည်။

ရေခဲတုံးများ ဝင်မဆောင့်နိုင်မီမှာပင် ကောင်းကင်ယံမှ ပြိုဆင်းလာသော လေဝဲကတော့ကြီးက သူတို့ကို အောက်သို့ ဆွဲချသွား၏။

ရွှစ်... ရွှစ်... ရွှစ်...။

မရေမတွက်နိုင်သော ရေခဲချွန်များက အရပ်မျက်နှာအနှံ့မှ ပြေးဝင်လာသည်။ ချင်မူ၏ မျက်နှာတွင် ရုတ်တရက် ပူခနဲ ခံစားလိုက်ရ၏။ ရေခဲချွန်တစ်ခုက သူ့မျက်နှာကို ရှပ်ထိသွားခြင်း ဖြစ်သည်။

သူ၏ ချီစွမ်းအင်က အလွန်တရာ သိပ်သည်းပြီး ခံနိုင်ရည်အား မြင့်မားလှ၏။ မိစ္ဆာမျောက်ဝံ၏ ထိုးချက်များကိုပင် တော်ရုံနှင့် နာကျင်ခြင်း မရှိခဲ့ချေ။ သို့သော်လည်း ဤရေခဲချွန်များကတော့ သူ့ကို ဒဏ်ရာရစေသည်အထိ အရှိန်အဟုန်ပြင်းလှ၏။ ရေခဲတုံးကြီးတစ်ခုလုံးသာ သူတို့အပေါ် ပိကျလာလျှင် မည်မျှ အန္တရာယ်များမည်ဆိုခြင်းကို တွေးကြည့်နိုင်ပေသည်။

မိန်းမကြီးဝူက သူ့ကို သယ်ဆောင်၍ ရေခဲချွန်ကြီးငယ်များ၊ အရှိန်ပြင်းသည့် ရေလှိုင်းများအကြားမှ အသည်းအသန် ပျံသန်းပြေးလွှားနေရ၏။ ထို့နောက်တွင်တော့ ရေခဲချွန်များ၊ ရေလှိုင်းများနှင့် လေဝဲကတော့ကြီးက သူတို့၏ ခန္ဓာကိုယ်ကို ဝင်ဆောင့်ပြီး လူသားတစ်ယောက်နှင့် မိစ္ဆာတစ်ကောင် အရုပ်ကြိုးပြတ် လွင့်ထွက်သွားတော့သည်။

ဘုန်း... ဘုန်း...။

မျက်နှာချင်းဆိုင် တောင်စွန်းဆီမှ တဘုန်းဘုန်း အသံနှစ်သံ ထွက်ပေါ်လာပြီး ချင်မူနှင့် မိန်းမကြီးဝူတို့ တောင်ကမ်းပါးယံနှင့် ဝင်ဆောင့်၍ တောင်နံရံထဲသို့ နစ်မြုပ်သွား၏။ တစ်ယောက်က ကြက်ခြေခတ်ပုံ ဆန့်ဆန့်ကြီး ဖြစ်၍ နောက်တစ်ယောက်က ကြိုးလှေခါးတစ်ခု အတွဲလိုက်ချထားသလို ဖြစ်နေသည်။

ထိုအခိုက်တွင် ဓားတစ်စင်း လေဟုန်ခွင်းလာသံ ရွှီခနဲ ကြားလိုက်ရ၏။ ချင်မူမှာ ထိုအသံကို ကြားသောအခါ တစ်ခုခု မှားနေပြီ ဖြစ်မှန်း သိလိုက်သည်။ ထိုလေခွင်းသံ တရွှီရွှီက သူ့ထံသို့ ဦးတည်ပြေးဝင်လာနေခြင်း ဖြစ်၏။

သူ့ခြေထောက်များကို တစ်မုဟုတ်ချင်း ကားထုတ်လိုက်သည်။ စက္ကန့်မဆိုင်းပင် ချွင်ခနဲ အသံတစ်သံ ကြားလိုက်ရ၏။ အိမ်ရှေ့စံကိုယ်ရံတော်ဓားက သူ့ပေါင်သို့ စိုက်ဝင်ရန် သီသီလေးသာ လိုတော့သည်။

ဖူး...။

ချင်မူ သက်ပြင်းချလိုက်မိ၏။ အိမ်ရှေ့စံကိုယ်ရံတော်ဓားက သူနှင့် ငါးလက်မအကွာတွင် စိုက်ဝင်နေပြီး ယခု သူ့ခြေထောက်များက လှည်းခွထောက်ပုံ ဖြစ်သွားသည်။

သူ့ဘေးမှ မကောင်းဆိုးဝါးသတ္တဝါကြီးက တဟားဟား အော်ရယ်လိုက်၏။ ချင်မူမှာလည်း အော်ဟစ်ရယ်မောလိုက်မိသည်။ မှော်မိစ္ဆာသတ္တဝါတစ်ကောင်နှင့် လူသားတစ်ယောက်တို့၏ ရယ်မောသံများက ကျယ်လောင်သည်ထက် ကျယ်လောင်လာပြီး တောင်ကြားချိုင့်ဝှမ်းတစ်ခုလုံး ပဲ့တင်ထပ်သွားတော့၏။

သူတို့၏ အောက်ဘက်တွင်တော့ မြစ်ရေက အရှိန်အဟုန်ပြင်းပြင်း ဆက်လက် စီးဆင်းသွားပြီး ကပ်ဆိုးကြီး ကျရောက်မည့် ဘေးအန္တရာယ်မှာ ဤလူထူးလူဆန်း နှစ်ယောက်ကြောင့် ပပျောက်သွားခဲ့ချေပြီ။

တစ်ခဏအကြာတွင် ချင်မူနှင့် ရှန်းချင်းအာအသွင် ပြောင်းသွားသည့် မိန်းမကြီးဝူတို့ တောင်စောင်းထိပ်တွင် လက်နောက်ပစ် ထိုင်၍ ကောင်းကင်ပြာပြာကြီးနှင့် တိမ်ဖြူဖြူများကို ငေးမောကြည့်ရှုနေကြသည်။ သူတို့၏ ရင်ထဲမှ ငြိမ်းအေးမှုကို တိတ်တဆိတ် ခံစားကြည်နူးနေကြ၏။

"ကြေးဆင်းတုကြီးက ဘယ်ကလဲ သိလား..." ချင်မူက မေးလိုက်သည်။

"သူက မိုးခြိမ်းသံကျောင်းတော်ငယ်က၊ ငါ့လို ဉာဏ်အလင်းပွင့်ထားတဲ့ မှော်မိစ္ဆာတစ်ကောင်ပဲ... မျိုးနွယ်တော့ မတူဘူးပေါ့..."

မိန်းမကြီးဝူက သူ့ခြေထောက်မှ ရွှေကွင်းများကို ငုံ့ကြည့်လိုက်၏။ "ပြောကြတာတော့ မိုးခြိမ်းသံကျောင်းတော်ငယ်ရဲ့ ပထမဂိုဏ်းချုပ်က ဗုဒ္ဓဘာသာကို ကိုးကွယ်ပြီး မဟာမိုးခြိမ်းသံကျောင်းတော်ရဲ့ ဂိုဏ်းသားတစ်ယောက် ဖြစ်ခဲ့ဖူးတယ်တဲ့... နောက်ပိုင်းမှာ မဟာမိုးခြိမ်းသံကျောင်းတော်ကို ပုန်ကန်၊ မိုးခြိမ်းသံကျော်တော်ငယ်ကို ထူထောင်ပြီး သူ့ဖာသာ တထာဂတငယ်လို့ ဘွဲ့တပ်ခဲ့တာဆိုပဲ... ငါကြားသလောက်တော့ မဟာမိုးခြိမ်းသံကျောင်းတော်ရဲ့ တထာဂတကိုယ်တိုင် လိုက်ပြီး နှိမ်နင်းလို့ မဟာမြို့ပျက်ထဲကို ဝင်ပုန်းခဲ့ရတယ်တဲ့... အဲဒါကြောင့် မိုးခြိမ်းသံကျောင်းတော်ငယ်လည်း မဟာမြို့ပျက်ထဲကို ရောက်လာတော့တာပေါ့... မိုးခြိမ်းသံကျောင်းတော်ငယ်ရဲ့ ဂိုဏ်းချုပ်အဆက်ဆက်က ငါ့လို မှော်မိစ္ဆာတွေချည်းပဲ... သူတို့ကတော့ သူတို့ကိုယ်သူတို့ တထာဂတငယ်လို့ ကင်ပွန်းတပ်ကြတယ်... အစောက ရှေးဟောင်းဘုရားကျောင်းမှာ ငါ့ကို ချုပ်ထားတဲ့ ကြေးဆင်းတုက လက်ရှိတထာဂတငယ်ပဲ... အခု မင်းက သူ့သံကြိုးတွေကို ခုတ်ဖြတ်ပြီး ငါ့ကို လွှတ်ပေးခဲ့တာဆိုတော့၊ ဟီး... ဟီး... မင်းတော့ ကိုယ့်ဒုက္ခကိုယ် ရှာတာပဲ..."

"မိုးခြိမ်းသံကျောင်းတော်ငယ်၊ တထာဂတငယ် ဟုတ်လား..."

ချင်မူမှာ ပြောစရာစကား ရှာမရ ဖြစ်သွားသည်။ "မိုးခြိမ်းသံကျောင်းတော်ငယ်က မဟာမြို့ပျက်ထဲမှာ ဟုတ်လား..."

"ဟုတ်တယ်၊ မိစ္ဆာကိုယ်တော်တွေက မရှားဘူး... မိုးခြိမ်းသံကျောင်းတော်ငယ်က ကိုယ်တော်တွေက သိပ်ကို စိတ်သဘောထား ကျဉ်းမြောင်းတယ်... သေချာပေါက် မင်းကို လက်စားပြန်ချေမှာပဲ... သူတို့ရဲ့ တထာဂတငယ် ဆိုတာတော့ ပြောမနေတော့နဲ့ပေါ့..."

မိန်းမကြီးဝူက ဟွန့်ခနဲ ရယ်မောလိုက်၏။ အဲဒီခေါင်းတုံးအိုကြီးရဲ့ စိတ်နဲ့ဆိုရင် သေချာပေါက် မင်းကို လာရှာမှာပဲ..."

ရုတ်တရက် ဒေါသတကြီး အော်ငေါက်သံတစ်သံ ကြမ်းတမ်းစွာ ထွက်ပေါ်လာသည်။ "လူသားတစ်ယောက် ဖြစ်ရက်နဲ့ မိစ္ဆာကောင်နဲ့ မိတ်ဆွေဖွဲ့နေတယ်... ဒီနေ့ ငါတို့ဆရာတပည့်တွေက မင်းတို့ မိစ္ဆာတွေကို နှိမ်နင်းရလိမ့်မယ်..."

ချင်မူ လှမ်းကြည့်လိုက်သောအခါ တာအိုရသေ့အချို့ လှမ်းလာနေသည်ကို တွေ့လိုက်ရ၏။ အသက်ကြီးကြီး ရသေ့တစ်ပါးက ဦးဆောင်၍ လူငယ် ယောက်ျားလေး၊ မိန်းကလေးများ နောက်မှ လိုက်ပါလာသည်။ ခေါင်းဆောင်တာအိုရသေ့ကြီးက ဖြောင့်မတ်တည်ကြည်သည့် သွင်ပြင်မူရာ ရှိပြီး လူငယ်များကတော့ စိတ်လှုပ်ရှား ပျော်ရွှင်သည့် အမူအရာများ ရှိနေကြ၏။ သူတို့က အပြင်လောကမှ မဟာမြို့ပျက်သို့ အတွေ့အကြုံ ရှာရန် ရောက်လာကြသည့် သိုင်းပညာရှင်များ ဖြစ်ကြောင်း ထင်ရှားပေသည်။

"အဆွေတော် တာအိုရသေ့တို့၊ ဒီမိစ္ဆာနဲ့ ကျွန်တော်က အခုလေးတင် ကပ်ဘေးကြီးတစ်ခုကို ဖြေရှင်းခဲ့တာပါ... ပိတ်ဆို့နေတဲ့ ရေခဲစီးကြောင်းကို ဖြိုခွင်းပြီး မြစ်အောက်ဘက်က အသက်ပေါင်းများစွာကို ကယ်တင်ခဲ့ပါတယ်..."

ချင်မူက ထရပ်၍ တည်ကြည်လေးနက်စွာ ပြောလိုက်၏။ "ဒီမိစ္ဆာက အသက်ပေါင်းများစွာကို ကယ်တင်ခဲ့တာ ဆိုတော့..."

"ပါးစပ်ပိတ်ထားစမ်း၊ အစွန့်ပစ်ခံလူတွေကများ..."

တာအိုရသေ့ကြီးက ဖြောင့်မတ်တည်ကြည်သည့် အမူအရာဖြင့် တင်းမာစွာ အော်ဟစ်လိုက်သည်။ "မင်းက မိစ္ဆာကောင်နဲ့ ပေါင်းသင်းပြီး ဒုစရိုက်မှုတွေကို ကူညီတဲ့အတွက် သေသင့်နေပြီ... ဒီနေ့ မင်းတို့နှစ်ယောက်စလုံးကို လောကကြီးကနေ ဖယ်ရှားပစ်မယ်... ငါ့တပည့်တွေ ဝင်္ကပါခင်းကြ... မိစ္ဆာကောင်တွေကို နှိမ်နင်းမယ်..."

"ငါ ဗိုက်ဆာနေပြီ..." ချင်မူ့ဘေးမှ မိန်းမငယ်လေးက သူ၏ နှုတ်ခမ်းနီနီများကို လျှာဖြင့် သပ်၍ ပြောလိုက်၏။

"တချို့လူတွေက မိစ္ဆာထက် ဆိုးတယ်..."

ချင်မူက စိတ်ဝင်စားခြင်း မရှိတော့သည့် ဟန်ဖြင့် တောင်စွန်းပေါ်မှ အောက်ဘက်ရှိ မြစ်ထဲသို့ ခုန်ချသွားပြီး သူ့အသံသာ လွင့်ပျံ့လာသည်။ "မိန်းမကြီးဝူ၊ ခင်ဗျားကို ကျုပ်လွှတ်လိုက်ပြီ... ခင်ဗျားက လွတ်လပ်တဲ့သူ ဖြစ်သွားပြီ...”

မြစ်ပြင်ပေါ်သို့ ခြေချမိသည်နှင့် ချင်မူ လှိုင်းလုံးများအပေါ် နင်းတက် ပြေးထွက်သွား၏။

တောင်ကြားချိုင့်ဝှမ်း၏ ထိပ်မှ အော်ဟစ်သံများ ဆူညံစွာ ပေါ်ထွက်လာသည်။ မိန်းမကြီးဝူက သူ၏ ရုပ်သွင်အစစ်အမှန်ကို ဖော်ပြ၍ စတင် သတ်ဖြတ်နေပြီ ထင်၏။ တစ်ခဏအကြာတွင် မကောင်းဆိုးဝါးသတ္တဝါကြီး ဗိုက်ပြည့်တင်းသွားပြီ ဖြစ်၍ ကောင်းကင်ယံသို့ ထိုးတက်ပြီး တိမ်တိုက်များအကြား လျှောထိုးဝင်ရောက် ပျောက်ကွယ်သွားသည်။

"နွားကျောင်းသားလေး၊ ကံမကုန်ရင်တော့ ငါတို့ ပြန်ဆုံကြဦးမှာပါ..." မိစ္ဆာတိမ်တိုက်က ချင်မူ့ကို မီလာပြီး မိန်းမကြီးဝူ၏အသံ လွင့်ပျံ့လာ၏။ ထို့နောက်တွင်တော့ အဝေးဆီသို့ လွင့်ပါးပျောက်ကွယ်သွားသည်။

All Chapters