← Chapters

တောင်ကိုရွှေ့၍ မြစ်ကိုလှန်ခြင်း

Vol. 5 Ch. 64

တောင်ကိုရွှေ့၍ မြစ်ကိုလှန်ခြင်း

Vol. 5 Ch. 64

နွေဦးပေါက်စ၏ မြစ်ရေက တဖြည်းဖြည်း နွေးထွေးစ ပြုလာသည်။ ချင်မူ မိန်းမကြီးဝူနှင့်အတူ ပိတ်ဆို့နေသော ရေခဲစီးကြောင်းကို ဖြိုခွင်းခဲ့သည်မှာ ဆယ်ရက်ကျော်ပြီ ဖြစ်၏။ ရေခဲစီးကြောင်းများ ပျောက်ကွယ်သွားပြီးနောက်တွင် ကျေးငှက်သံ စီစီညံ၍ မွှေးပျံ့ပျံ့ပန်းရနံ့များနှင့်အတူ မြစ်ကမ်းစပ်မှ မိုးမခပင်များက အရိပ်ပြန်ရလာသည်။

မြစ်လယ်ခေါင်တွင်တော့ ချင်မူ ပြေးလွှားနေရာမှ ရုတ်တရက် ရပ်တန့်လိုက်၏။ သို့သော်လည်း သူ့ခန္ဓာကိုယ်က ရေထဲသို့ နစ်မြုပ်သွားခြင်း မရှိဘဲ ရေပေါ်တွင် ရပ်လျက် အနေအထားနှင့်သာ ရှိနေသည်။ သူ့ခြေထောက်အောက်မှ ရေလှိုင်းများက လှပစွာ ဝဲဖြာသွား၏။

သူက လိပ်နက်ချီစွမ်းအင် အသုံးပြု၍ ရေပြင်ကို ထိန်းချုပ်ထားသဖြင့် ရေမျက်နှာပြင်ပေါ်၌ မြေပြင်ညီကဲ့သို့ ရပ်တည်နေနိုင်ခြင်း ဖြစ်သည်။

လိပ်နက်ချီစွမ်းအင်၏ ရေဓာတ်ထိန်းချုပ်နည်း ပညာရပ်များကို သူ ကျွမ်းကျင်စွာ အသုံးပြုနိုင်နေချေပြီ။

ရွှစ်...။

လေဟုန်ခွင်းလာသည့် ဓားသံက ကောင်းကင်ယံသို့တိုင် ထိုးဖောက်သွား၏။ ချင်မူက သူ၏ လက်ချောင်းများဖြင့် အိမ်ရှေ့စံကိုယ်ရံတော်ဓားကို ထိန်းချုပ်ပြီး အထက်သို့ ပင့်ကော်၍ အလျားလိုက် ဝိုက်ဆွဲကာ အောက်ဘက်သို့ ခုတ်ချလိုက်သည်။ ဓားပျံက သူ၏ လှုပ်ရှားမှုနှင့် ထပ်တူ လှုပ်ရှားပြီး အခြေခံဓားချက်များကို ထုတ်ဖော်တိုက်ခိုက်နေ၏။

ဤရက်များ၌ ရွာလူကြီးထံမှ ဓားသိုင်း၏ အခြေခံအကျဆုံး ဓားချက်များကို သူ သင်ယူခဲ့ရသည်။ ဓားဖြင့် ထိုးခြင်းအပြင် ခုတ်ခြင်း၊ ရစ်လှီးခြင်း၊ ပယ်ခြင်း၊ လှုပ်ခါခြင်း၊ ထိုးသွင်းခြင်း၊ ဆတ်ခနဲထိုးခြင်း၊ ပိုင်းဖြတ်ခြင်း၊ ဝိုက်ဆွဲခြင်း စသည့် ဓားချက်နည်းစနစ်များကို သင်ယူခဲ့ရ၏။

သို့သော်လည်း ရွာလူကြီးက သူ့ကို မည်သည့် ဓားသိုင်းကွက်မျှ သင်မပေးသေးချေ။ အခြေခံဓားချက်များကိုသာ တစ်ရက်ပြီးတစ်ရက် လေ့ကျင့်စေ၏။

ထိုအခိုက်၌ မြစ်ကမ်းဘေးတွင် မျက်ကန်းက သူ၏ တောင်ဝှေးကို ထောက်၍ ရုပ်တုတစ်ခုကဲ့သို့ မလှုပ်မယှက် ရပ်နေသည်။

ချင်မူမှာ မိန်းမကြီးဝူကို နှုတ်ဆက်၍ ပြန်လာပြီးနောက် ရွာသူရွာသားများကို ဖြစ်ပျက်ပုံအလုံးစုံ ပြောပြခဲ့၏။ မိုးခြိမ်းသံကျောင်းတော်ငယ် အကြောင်းသို့ ရောက်သည့်အခါ အဘိုးကြီးမာနှင့် ကျန်သူများက သူ့ကို ရွာမှ အပြင်မထွက်ရန် တားမြစ်တော့၏။ အပြင်ထွက်ရလျှင်ပင် တစ်ယောက်မဟုတ်တစ်ယောက် အဖော်လိုက်လာကြသည်။

မြစ်ထဲတွင် လေခွင်းသံများက ကျယ်လောင်သည်ထက် ကျယ်လောင်လာ၏။ ချင်မူ ဓားချက်တစ်ချက် ခုတ်ချလိုက်တိုင်း ရေပြင်နှင့် လေအလျဉ်မှာ လှုပ်ခတ်လှိုင်းထသွားသည်။ ရွာလူကြီး သူ့ကို သင်ပေးခဲ့သည်မှာ အခြေခံဓားချက်များသာ ဖြစ်သော်လည်း သူ့လက်ထဲ၌ အံ့အားသင့်ဖွယ် ကောင်းလောက်အောင် အားအင်များ ပေါက်ကွဲထွက်ပေါ်နေ၏။

သူ့ဓားချက် တစ်ချက်စီတိုင်းတွင် မြစ်ရေလှိုင်းများ ပို၍ပို၍ ကြီးမားအားကောင်းလာသည်။ ထိုးဓားတစ်ချက်နှင့်အတူ မြစ်ရေမျက်နှာပြင်က ကိုက်သုံးဆယ်အရှည်၊ သုံးကိုက်အနက်ထိ နှစ်ခြမ်းကွဲသွားပြီး ရေအောက်မှ ငါးကြီးများ၊ ရေနေသတ္တဝါများအားလုံး လန့်ဖြန့်ထွက်ပြေးသွားကြ၏။

သူ့ဓားကို ပင့်ကော်လိုက်သောအခါ မြစ်ရေမျက်နှာပြင်က ကောင်းကင်ယံထိ ထိုးတက်သွားပြီး ရေစက်ရေမှုန်များ တဖွားဖွား ကျလာသည်။ ထို့နောက် အလျားလိုက် ရစ်လှီးလိုက်ရာ မြစ်ရေက ရေနဂါးတစ်ကောင်အသွင် ပြောင်းလဲ၍ ရှေ့သို့ တစ်ဟုန်ထိုး ပြေးထွက်သွား၏။

ထိုဓားချက်များက ချီစွမ်းအင်နှင့် ဓားပျံထိန်းချုပ်ရာတွင် အရိုးရှင်းဆုံး ဓားချက်များ ဖြစ်သော်လည်း ချင်မူ၏ လက်ထဲတွင်တော့ အားအဟုန်က ကြောက်မက်ဖွယ်ရာ ပြင်းထန်လှသည်။

သူ့အနေဖြင့် ထိုအခြေခံဓားချက်များကို နှစ်နှစ်ကျော် လေ့ကျင့်ခဲ့ရသည့်အတွက် ကိုယ်ရောစိတ်ပါ အသားကျနေပြီ ဖြစ်၏။ သို့သော်လည်း ရွာလူကြီးက သူ့ကို ဓားကွက်တစ်ကွက်ပင် အပြည့်အစုံ သင်ပေးခြင်း မရှိသေးပေ။

ထိုအခိုက်၌ မျက်ကန်း၏ နားရွက်များ ရုတ်တရက် လှုပ်ခတ်သွားပြီး အော်ဟစ်လိုက်သည်။ "မူအာ၊ ရပ်ဦး... သင်္ဘောတစ်စီး လာနေတယ်..."

ချင်မူ အိမ်ရှေ့စံကိုယ်ရံတော်ဓားကို နောက်ကျောရှိ ဓားအိမ်ထဲသို့ ပြန်ထည့်ပြီး လည်ဆန့်၍ ကြည့်ရှုလိုက်၏။ ရွက်လွှင့်လာသော သင်္ဘောကို မြင်သောအခါ သူ တစ်ခဏမျှ မှင်တက်မိသွားသည်။ ထိုသင်္ဘောက မာန်ဟုန်မြစ်မြေပုံကို ရေးဆွဲနေသော သင်္ဘော ဖြစ်၏။

ယခု ဤသင်္ဘော မြစ်ညာမှ ပြန်ရွက်လွှင့်လာသည်ကို ထောက်ရှုလျှင် မာန်ဟုန်မြစ်ကြောင်းမြေပုံကို ရေးဆွဲပြီးစီးခဲ့ပြီ ဖြစ်ချေလိမ့်မည်။

ချင်မူ ခြေလှမ်းကြဲများနှင့် သင်္ဘောလာမည့် လမ်းမှ ရှောင်ခွာလိုက်၏။

မြစ်ကြောင်းအတိုင်း စုန်ဆင်းလာသည့် သင်္ဘော၏ အမြန်နှုန်းက လွန်စွာ မြန်ဆန်လှပြီး တစ်ခဏအတွင်း သူတို့ရှေ့မှောက်သို့ ရောက်ရှိလာသည်။ သင်္ဘောပေါ်မှ လွှတ်ခနဲ ချီးကျူးလိုက်သံ လွင့်ပျံ့လာ၏။ "မြစ်ရေပြင်ပေါ်မှာ တစ်ချက်မယိမ်းဘဲ မားမားမတ်မတ် ရပ်နေနိုင်တာ... အတော်လေး သိပ်သည်းတဲ့ ချီစွမ်းအင်နဲ့ ထိပ်တန်း သိုင်းစွမ်းရည်ပဲ..."

ချင်မူ အသံလာရာသို့ လှမ်းကြည့်မိသောအခါ သင်္ဘောဦးထိပ်တွင် ရပ်၍ သူ့ကို စိုက်ကြည့်နေသည့် တပ်မှူးချင်နှင့် ခေါက်ယပ်တောင်တစ်ချောင်း ကိုင်ထားသည့် ကလေးရုပ် မပျောက်သေးသော ခပ်ပြည့်ပြည့် လူငယ်တစ်ယောက်ကို မြင်တွေ့လိုက်ရသည်။

"နဂါးနန်းတော်က ရေခဲတုံးပါလား..."

ကြီးမားသော ရေခဲတုံးကြီးကို မြင်မိပြီး ချင်မူ့ရင်ထဲတွင် အေးခဲသွား၏။ ထိုရေခဲတုံးထဲ၌ နဂါးပုတီးစေ့ ရှိနေပြီး လက်တစ်ဖက်က ၎င်းနဂါးပုတီးစေ့ကို ဆုပ်ကိုင်ထားသည်။

သူ့အနေဖြင့် ဤမျှသာ မြင်တွေ့နိုင်ပြီး ကျန်အရာများအားလုံးက သင်္ဘောနံရံနှင့် ကွယ်နေသည့်တိုင် ထိုရေခဲတုံးနှင့် လက်မှာ မည်သည့်နေရာမှ လာခြင်းဖြစ်ကြောင်း သိလိုက်၏။

တပ်မှူးချင်နှင့် သူ့လူများက မာန်ဟုန်မြစ်ကြောင်း၏ မြေပုံကို ရေးဆွဲရင်း မြစ်အောက်ဘက်မှ နဂါးနန်းတော်ကို ရှာဖွေတွေ့ရှိပြီး ကူလင်းနွမ်နှင့် နဂါးပုတီးမှ ကာကွယ်ထားသော နဂါးပေါက်လေးကို ခေါ်ဆောင်လာခြင်း ဖြစ်ပေလိမ့်မည်။

ယခုအချိန်တွင် နဂါးပေါက်လေးက ရေခဲတုံးထဲတွင်သာ ရှိနေသေး၏။ ဤတပ်မှူးက အမေနဂါး၏ ဝိညာဉ်ကို ဖျက်ဆီးမပစ်သေးချေ။ ကြည့်ရသည်မှာ ရေခဲတုံး အရည်မပျော်သွားအောင် အမေနဂါး၏ ဝိညာဉ်ကိုပါ  တစ်ခါတည်း ခေါ်ဆောင်လာခဲ့ဟန် တူ၏။

သူတို့၏ ဦးတည်ရာက ရေခဲတုံးအတွင်းမှ နဂါးပေါက်လေး ဖြစ်သည်။ ရေခဲတုံးသာ အရည်ပျော်သွားလျှင် နဂါးပေါက်လေး သေဆုံးသွားမည် ဖြစ်၏။ သူတို့အနေဖြင့် ဤရေခဲတုံးကို ထာဝရငြိမ်းချမ်းရေးအင်ပါယာအရောက် သယ်ဆောင်သွားပြီး ပညာရှင်များ ဖိတ်ခေါ်၍ နဂါးပေါက်လေးကို ကုသပေးရန် ရည်ရွယ်ထားသည့်အတွက် ယခုအချိန်ထိ ကူလင်းနွမ်ကို ရေခဲတုံးထဲမှ ထုတ်မပေးသေးခြင်း ဖြစ်ပေလိမ့်မည်။

"ဒါ တောင်စောင်းပေါ်မှာ မျောက်ဝံကြီးနဲ့အတူ တွေ့ခဲ့တဲ့ ကောင်လေး မဟုတ်လား..."

ကလေးရုပ် မပျောက်သေးသော ခပ်ပြည့်ပြည့်လူငယ်က တအံ့တဩ ပြောလိုက်၏။ "သူ့ချီစွမ်းအင်က ဒီလောက် သိပ်သည်းမယ်လို့ မထင်မိဘူး... ငါ့ထက်တောင် သာသေးတယ်..."

ရုတ်တရက် ရေခဲတုံးထဲမှ ကူလင်းနွမ်၏ အသံ ထွက်ပေါ်လာသည်။ "ငါ့ရဲ့ အိမ်ရှေ့စံကိုယ်ရံတော်ဓား ဒီနားမှာ ရှိနေတယ်လို့ ခံစားရတယ်... တပ်မှူးချင်ဖေးယွဲ့၊ သင်္ဘောကို ရပ်လိုက်... ငါ့အိမ်ရှေ့စံကိုယ်ရံတော်ဓားက ဒီနားမှာ... ငါ့ကို လှည့်စားသွားတဲ့ ခွေးကောင်လေးက ဒီနားမှာ..."

သင်္ဘောက ရပ်တန့်သွားပြီး တပ်မှူးချင်၏ အကြည့်က ချင်မူ့အပေါ် ကျရောက်လာ၏။ "မင်းက အိမ်ရှေ့စံရဲ့ ကိုယ်ရံတော်ဆီကနေ အိမ်ရှေ့စံကိုယ်ရံတော်ဓားကို လှည့်စားရယူသွားတဲ့သူလား..."

ချင်မူက တုံ့ပြန်ပြောဆိုလိုက်သည်။ "သူက ကျုပ်ကို စားချင်တာကို၊ အဲတော့ သူ့ဓားကို လှည့်စားပြီး ယူလာခဲ့တာပေါ့... ခင်ဗျားက သူ့ကို နဂါးနန်းတော်ထဲက ခေါ်ထုတ်လာနိုင်တာဆိုတော့ သူ့ဓားအိမ်ကို ရေခဲတုံးထဲက ထုတ်ပြီး ကျုပ်ကို ပေးပါလား... အဲဒါမှ ဓားအိမ်နဲ့ဓား အစုံလိုက် ဖြစ်သွားမှာ..."

ချင်ဖေးယွဲ့၏ အကြည့်များ လှုပ်လှုပ်ခတ်ခတ် ဖြစ်သွား၏။ "မင်းကို ပေးရမယ် ဟုတ်လား... ဒါက နန်းတွင်းမိသားစုရဲ့ နန်းစဉ်ဓားပဲ၊ မင်းကို ဘယ်လိုလုပ် ပေးလို့ ဖြစ်မှာလဲ... အိမ်ရှေ့စံကိုယ်ရံတော်ဓားကို နန်းတွင်းမိသားစုဆီ ပြန်အပ်နှံပါ..."

ချင်မူက နားမလည်နိုင်ဟန်ဖြင့် ခေါင်းခါယမ်းလိုက်သည်။ "ကျုပ်ရဲ့ ကိုယ်ပိုင်အရည်အချင်းနဲ့ လှည့်စားရယူလာတာကို ဘာလို့ ပြန်ပေးရမှာလဲ..."

သတ္တမသခင်လေးဟု ခေါ်သည့် ကလေးရုပ် မပျောက်သေးသော လူငယ်က တဟားဟား အော်ဟစ်ရယ်မောလိုက်၏။ "ဒီကောင်လေးပြောတဲ့ စကားတွေက အတော်စိတ်ဝင်စားဖို့ ကောင်းတာပဲ..."

ချင်ဖေးယွဲ့က အေးစက်စက် နှာခေါင်းရှုံ့၍ ခပ်ပြတ်ပြတ် ပြောလိုက်သည်။ "နန်းတွင်းအရာရှိ တစ်ယောက်ကို လိမ်လည်တယ်၊ နန်းတွင်းအရာရှိ တစ်ယောက်ရဲ့ ရတနာဓားကို လှည့်စားရယူတယ်... မင့်အပြစ်က ဘယ်လောက် ကြီးလေးသလဲ မင်းသိလား..."

"မဟာမြို့ပျက်မှာ နန်းတွင်းဆိုတာ မရှိဘူး..."

ချင်မူက ဝေခွဲမရစွာ မေးလိုက်၏။ "ဒီလို ဥပဒေမရှိတဲ့ နေရာမျိုးမှာ ဘယ်သူက ကျုပ်ကို အပြစ်ဒဏ်ချမှာလဲ..."

"ဒီလောက် အကြောက်အလန့် ကင်းမဲ့နေပုံ ထောက်ရင် မင်းမှာ အားကိုးစရာ ရှိလို့နဲ့ တူတယ်..."

ချင်ဖေးယွဲ့ မြစ်ကမ်းစပ်သို့ လှမ်းကြည့်မိသည့်အခါ သူ၏ သူငယ်အိမ်များ ရုတ်တရက် ကျဉ်းမြောင်းသွားသည်။ ထို့နောက် လေးနက်တည်ကြည်စွာ မေးမြန်းလိုက်၏။ "ကျွန်တော်က ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံရဲ့ တပည့်၊ ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ သစ္စာတော်ခံ၊ အမြင့်စံ စတုတ္ထအဆင့်တပ်မှူး၊ ချင်ဖေးယွဲ့ပါ... မြစ်ကမ်းစပ်က အကြီးအကဲကို ဘယ်လိုများ ခေါ်ဆိုနိုင်မလဲ မသိဘူး..."

မျက်ကန်းက ဝါးတောင်ဝှေးကို အားပြု၍ မတ်မတ်ရပ်ရင်း ဟက်ခနဲ ရယ်မောလိုက်သည်။ "ငါက မျက်ကန်းတစ်ယောက်ပါပဲ... ဘာများ ဘွဲ့ထူးတွေ တပ်ပြီး ခေါ်ချင်နေသေးလို့လဲ... ဒုက္ခိတအဘိုးကြီးတစ်ယောက် သက်သက်ပဲလေ..."

ချင်ဖေးယွဲ့မှာ ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုပြီး ဒုက္ခိတဘိုးဘွားကျေးရွာကို မြင်သောအခါ အမူအရာ ပျက်ယွင်းသွား၏။ ထို့နောက် သူ ပြုံးလိုက်သည်။ "လွန်ခဲ့တဲ့ သုံးနှစ်တုန်းက ကျွန်တော်တို့ ထာဝရငြိမ်းချမ်းရေးအင်ပါယာ၊ ပင်ပျိုငါးသွယ်ပြည်နယ်ရဲ့ ပြည်နယ်စား၊ မူပေဖုန်းဟာ လီမြစ်ဂိုဏ်းရဲ့ ဓားသိုင်းပညာရှင် အမြောက်အမြားကို ဦးဆောင်ပြီး မဟာမြို့ပျက်ထဲ သွေးကြွေးဆပ်ဖို့ ဝင်သွားခဲ့ပေမဲ့ သူတို့ရဲ့ ရုပ်အလောင်းတွေကိုပဲ မြစ်အောက်ဘက်မှာ တွေ့ခဲ့ရတယ်... စစ်ဆေးကြည့်တော့ သူတို့တစ်အုပ်စုလုံး လှံချက်ကြောင့် သေဆုံးခဲ့ရတယ်ဆိုတာ သိရတယ်... ဒါပေမဲ့ တစ်ဘက်လူက လှံကို အသုံးပြုတာ မဟုတ်ဘဲ ဝါးတောင်ဝှေး တစ်ချောင်းကို လှံလို အသုံးပြုသွားခဲ့တာ... အကြီးအကဲကလည်း ဝါးတောင်ဝှေးကို အသုံးပြုတာပါလား..."

မျက်ကန်းက လက်ထဲမှ ဝါးတောင်ဝှေးကို အားပြုရပ်ရင်း ပြုံးလိုက်၏။ "မျက်ကန်းတစ်ယောက်အဖို့ ဝါးတောင်ဝှေးမှ မသုံးရင် ဘာကို သုံးရမှာလဲကွဲ့… ဒီတောင်ဝှေးက ကျောက်တုံးကျောက်ခဲတွေ တိုက်မိပြီး မှောက်မလဲရအောင် အထောက်အကူအနေနဲ့ အသုံးပြုတာပါကွယ်..."

ချင်ဖေးယွဲ့မှာ မျက်ကန်း၏ စကားကို ကြားသောအခါ သူ့ယူဆချက်များ ခိုင်မာသွားသည်။ "အကြီးအကဲ၊ မူပေဖုန်းက ဒီနားမှာပဲ သေသွားတာ မဟုတ်လား... အကြီးအကဲအနေနဲ့ အဲဒီအချိန်က တခြားဘာများ မြင်ခဲ့မိပါသေးလဲ..."

မျက်ကန်းက အေးစက်စက် တုံ့ပြန်လိုက်၏။ "မျက်ကန်းတစ်ယောက်က ဘာများ မြင်နိုင်မှာလဲကွဲ့... တပ်မှူးလေး၊ မင်းက လာကျီစားနေတာလား... မူပေဖုန်းရဲ့ နာမည်ကိုတော့ အရင်က ကြားဖူးပါတယ်၊ သူ တကယ်ပဲ လူဆိုးတွေ လက်ထဲမှာ သေသွားပြီလား၊ ရင်တွေတောင် နာရပါတယ်ကွယ်... မျောက်တွေ မြစ်တစ်ဘက်ကမ်းကနေ တခြားတစ်ဘက်ကမ်းကို မရပ်မနား အော်ဟစ်ဆူညံနေချိန်... နောင်လာနောက်သားတွေမှာ သူတို့အတွက် ဝမ်းနည်းကြေကွဲရတယ်၊ ဘယ်လောက်တောင် ရင်ကွဲပက်လက် ဖြစ်ရလဲ... ဘယ်လောက်တောင် ဝမ်းနည်းစရာ ကောင်းလိုက်လဲ..."

သူက ဝါးတောင်ဝှေးကို မြှောက်၍ မြစ်ရေမျက်နှာပြင်ကို အသာအယာ တို့ထိလိုက်သည်။

မြစ်ရေမျက်နှာပြင်ပေါ်၌ လှိုင်းများ တဝုန်းဝုန်း ထလာပြီး မြစ်ကြောတစ်လျှောက်လုံး ရုတ်တရက် ပြင်းထန်စွာ လှုပ်ခါသွား၏။ မြစ်ကမ်းနှစ်ဖက်မှ လှိုင်းလုံးများက ကိုက်သုံးဆယ်ခန့်ထိ မြင့်တက်၍ ကောင်းကင်ယံကို ထိုးခွင်းသွားတော့မည်ကဲ့သို့ပင် ရှိနေသည်။ ရပ်နားထားသည့် သင်္ဘောကြီးပင် ယိမ်းထိုး လှုပ်ခါလာပြီး ကုန်းပတ်ပေါ်မှ စစ်သည်များမှာ ခြေကုပ် မမြဲကြတော့ချေ။

မြစ်အောက်ထဲတွင်တော့ ရေပြင်က နှစ်ခြမ်းကွဲသွားပြီး အစိမ်းပုပ်ရောင် ရေနေသတ္တဝါကြီးတစ်ကောင်၏ ကြီးမားသော ဆူးတောင်က ကျွန်းငယ်လေးတစ်ခုကဲ့သို့ ပေါ်ထွက်လာသည်။

မာန်ဟုန်မြစ်က တဆတ်ဆတ် လှုပ်ခါနေပြီး ထိုရေနေသတ္တဝါကြီးကို လွင့်ထွက်သွားအောင် ခါထုတ်လိုက်၏။ ရေနေသတ္တဝါကြီးမှာ လေထဲသို့ မြောက်တက်သွားပြီးမှ ရေထဲသို့ တစ်ရှိန်ထိုး ပြန်ပြုတ်ကျလာသည်။

ချင်မူ ဖျတ်ခနဲ လှမ်းအကြည့်တွင် ထိုသတ္တဝါကြီးကို သံကြိုးများဖြင့် ချည်နှောင်ထားကြောင်း မြင်တွေ့လိုက်ရ၏။ သံကြိုး၏ အခြားအစွန်းတစ်ဘက်ကတော့ သင်္ဘောတွင် ချည်နှောင်ထားသည်။ ဤမြင်ကွင်းက အဘယ်ကြောင့် သင်္ဘော မြန်မြန် ရွေ့လျားနိုင်သည် ဆိုခြင်းကို ရှင်းပြပြီးသား ဖြစ်သွား၏။ ဤသည်မှာ ထိုသတ္တဝါကြီး၏ အားထုတ်မှုသာ ဖြစ်သည်။

ထူးဆန်းသည်မှာ မြစ်ပြင်၏ အခြားနေရာများတွင် ပြင်းထန်စွာ လှုပ်ခါလှိုင်းထနေပြီး ချင်မူ၏ ခြေထောက်အောက်မှ ရေပြင်ကွက်ကွက်လေးသာ မလှုပ်မယှက် ငြိမ်သက်နေခြင်း ဖြစ်၏။

သတ္တမသခင်လေးမှာ မြစ်ထဲသို့ ပြုတ်ကျသွားမည် စိုး၍ သင်္ဘောနံရံကို ကမန်းကတန်း ကိုင်ထားရသည်။ သို့တိုင်အောင် မနေနိုင်ဘဲ အော်ဟစ်ပြောဆိုလိုက်သေး၏။ "အကြီးအကဲ၊ အဲဒါက ဒီလိုဖြစ်ရမှာ မဟုတ်ဘူးလား... 'အောင်ပွဲမရခင် သူသေသွားတာ ဘယ်လောက် ဝမ်းနည်းဖို့ ကောင်းလိုက်လဲ၊ နောက်မျိုးဆက်တွေမှာ သူ့အတွက် ဝမ်းနည်းကြေကွဲနေရတယ်' ဆိုပြီးတော့လေ... အကြီးအကဲ မှားနေပြီ..."

ချင်မူမှာ ပြန်ပြောလိုက်မိသည်။ "ဒီက သခင်လေး... သူပြောချင်တာက မင်းတို့အကုန်လုံး ဒီနေရာမှာ သေသွားရင် ဝမ်းနည်းစရာ ကောင်းလိမ့်မယ်တဲ့... ဒါပေမဲ့ မင်းတို့က သက်ရှိထင်ရှား ရှိနေသေးပြီး ဆူညံဆူညံလုပ်ဖို့ပဲ သိတာဆိုတော့ မြစ်တစ်ဘက်ကမ်းကနေ တခြားတစ်ဘက်ကမ်းထိ မရပ်မနား ဆူညံနေတဲ့ မျောက်တွေ ဖြစ်သွားရောပေါ့... ဆက်ပြီးတော့သာ မေးနေဦးမယ်ဆိုရင် မင်းတို့အကုန်လုံး ဒီနေရာမှာတင် သေရလိမ့်မယ်တဲ့... ဘိုးဘိုးမျက်ကန်းက တကယ့်ကို ဉာဏ်ပညာနဲ့ ပြည့်စုံတယ်..."

မျက်ကန်း၏ မျက်နှာတွင် ပီတိဖုံးလွှမ်းသွားပြီး ဟက်ခနဲ ရယ်မောလိုက်၏။ "မူအာက ငါ့ကို နားအလည်ဆုံးပဲ... ထော့ကျိုးတို့၊ နားကန်းတို့ ခွေးကောင်တွေသာဆိုရင် ငါ့ကို ပေါက်ကရတွေ ပြောနေတယ်ဆိုပြီး လှောင်ကြဦးမှာ..."

ချင်ဖေးယွဲ့၏ မျက်ဝန်းထောင့်စွန်းများ တွန့်ခနဲ ဖြစ်သွားသည်။ ဤမျက်ကန်းကြီး၏ စွမ်းအားက သူမျှော်လင့်ထားသည်ထက် သာလွန်နေ၏။ ၎င်းက မာန်ဟုန်မြစ်ပြင်ကို အသာအယာသာ ထိခတ်လိုက်၍သာ ကံကောင်းလှသည်။ ပင့်လှန်၍များပစ်လိုက်လျှင် မာန်ဟုန်မြစ်တစ်ခုလုံး ဇောက်ထိုးဂျွမ်းပြန် ဖြစ်သွားနိုင်၏။

ရေခဲတုံးထဲတွင်တော့ ကူလင်းနွမ်မှာ ပါးစပ်ပိတ်၍ နေသည်။ မျက်ကန်း၏ စွမ်းအားကို  မြစ်ရေပြင်ပေါ် တောင်ဝှေးနှင့် ထိခတ်လိုက်ကတည်းက သူ တွက်ဆမိပြီး ဖြစ်၏။ ပေါ့သေးသေး သဘောထား၍ ရသောသူ မဟုတ်ကြောင်း သိလိုက်သည်။ သူသာ သူ့ဓားကို ဆက်တောင်းနေလျှင် ဤနေရာတွင် ခေါင်းချခဲ့ရပေလိမ့်မည်။

"အိမ်ရှေ့စံကိုယ်ရံတော်ဓားကို ဒီနေရာမှာ အရင် ထားခဲ့ဦးမယ်... သွားစို့၊ ရွက်လွှင့်ကြ...""

ချင်ဖေးယွဲ့ အမိန့်ပေးလိုက်သည်နှင့် စစ်သည်တစ်ယောက်က ကြေးခရာကြီးတစ်ခုကို ကမန်းကတန်း ထုတ်ယူ၍ မှုတ်လိုက်၏။ ထိုကြေးခရာမှ ထွက်ပေါ်လာသော အသံက အလွန်တရာ စူးရှလှပြီး ရေအောက်မှ သတ္တဝါကြီးမှာ ထိုခရာသံကို ကြားသောအခါ ချက်ချင်း လှုပ်လှုပ်ခတ်ခတ် ဖြစ်သွားသည်။ မာန်ဟုန်မြစ် ရေမျက်နှာပြင်မှာ ရုတ်ခြည်း တောင်ကြီးတစ်လုံးကဲ့သို့ မြင့်တက်လာပြီး သင်္ဘောကို ဆွဲယူ၍ မြစ်ကြောင်းအတိုင်း စုန်ဆင်းသွားတော့၏။

"တပ်မှူးချင်၊ မူပေဖုန်းကို သတ်ခဲ့တဲ့ မျက်ကန်းကို မေးနေတုန်း မဟုတ်ဘူးလား... ဘာလို့ အဖြေမရသေးဘဲ ထွက်လာတာလဲ..." သတ္တမသခင်လေးမှာ နန်းတွင်းသူများ ဝိုင်းရံနေသည့်ကြားမှ ခေါင်းထောင်ထကာ မေးမြန်းလိုက်သည်။

"သခင်လေး၊ ကျွန်တော် အဖြေရခဲ့ပြီးပါပြီ..."

တပ်မှူးချင်က သရော်တော်တော် မှတ်ချက်ချလိုက်၏။ "မူပေဖုန်းက အခုတွေ့ခဲ့တဲ့ မျက်ကန်းရဲ့ လက်ချက်နဲ့ သေဆုံးခဲ့တာပဲ၊ တစ်ချိန်က ခမ်းနားထည်ဝါခဲ့တဲ့ လှံနတ်ဘုရားဟာ အခုတော့ မျက်ကန်းဘဝရောက်ပြီး မထင်မရှား ရွာလေးမှာ လာပုန်းနေရရှာပြီပေါ့လေ... သူနဲ့အတူ တခြား ကြောက်စရာကောင်းတဲ့ လူတွေလည်း ရှိနေနိုင်သေးတယ်၊ ဒီရွာလေးကို ကျွန်တော်မျိုးတို့ စွမ်းအားနဲ့တင် ကိုင်တွယ်နိုင်မှာ မဟုတ်ဘူး... စစ်ကူတောင်းမှ ဖြစ်လိမ့်မယ်..."

သူ့ကိုယ်ပေါ်မှ ချပ်ဝတ်တန်ဆာများ တချွင်ချွင် လှုပ်ရှားသွားပြီး မျက်လုံးများက ဓားရောင်၊ လှံရောင်ကဲ့သို့ ဝင်းဝင်းလက်လာသည်။ "တစ်မိုးအောက်မှာ နေရာတိုင်းဟာ အရှင်မင်းမြတ်ရဲ့ နယ်မြေ၊ ရေမြေအဆုံးထိ အယောက်စီတိုင်းဟာ အရှင်မင်းမြတ်ရဲ့ မှူးကြီးမတ်ရာ... ဒီမဟာမြို့ပျက်ဟာလည်း နန်းတွင်းရဲ့ ပိုက်နက်နယ်မြေပဲ၊ ဥပဒေမဲ့နယ်မြေ မဟုတ်ဘူး... မူပေဖုန်းဟာ နန်းတွင်းအရာရှိ တစ်ယောက်၊ ဘယ်လိုလုပ် လက်လွတ်စပယ် သေဆုံးခွင့်ပြုရမှာလဲ... ဒီရွာက အမြစ်ပြတ် ပျက်သုဉ်းပြီး လောကကြီးကနေ ပျောက်ကွယ်သွားရမယ်... ကျွန်တော်တို့အင်ပါယာရဲ့ အင်အားနဲ့ ဧကရာဇ်အတိုင်ပင်ခံရဲ့ အင်အားကို ပြသရမယ်... ဧကရာဇ်ရဲ့ အရှိန်အဝါဩဇာဟာ ဒီမဟာမြို့ပျက်ကို လွှမ်းခြုံ ဖြန့်ကျက်စေရမယ်..."

"ကောင်းလိုက်တဲ့ စကား..."

ရုတ်တရက် အသံတစ်သံ ထွက်ပေါ်လာသဖြင့် တပ်မှူးချင်၏ ကျောရိုးတစ်လျှောက် စိမ့်တက်သွား၏။ ခက်ခက်ခဲခဲ အားယူ လှည့်ကြည့်လိုက်သောအခါ ခြေတစ်ဖက်မရှိတော့သည့် ထော့ကျိုးတစ်ယောက် သူ့နောက်တွင် မည်သည့်အချိန်ကတည်းက ရောက်မှန်းမသိ ရောက်ရှိနေပြီး သင်္ဘောနံရံကို မှီ၍ ခပ်ရိုးရိုး အပြုံးတစ်ခု ပြုံးပြလာသည်။

ချင်ဖေးယွဲ့ မျက်လုံးများ တွန့်ခနဲ ဖြစ်သွားစဉ် ထော့ကျိုး၏ ပုံရိပ်က ရုတ်တရက် ပျောက်ကွယ်ပြီး သူ့နောက်ကပ်လျက်တွင် ပြန်ပေါ်လာ၏။ ထိုထော့ကျိုးက မည်သို့မည်ပုံ ပျောက်ကွယ်၍ မည်သို့မည်ပုံ ပြန်ပေါ်လာမှန်း သူ မသိလိုက်ချေ။

ချင်ဖေးယွဲ့၏ နဖူးတွင် ချွေးစေးများ စိုနစ်သွား၏။ သူ့လက်ဖဝါးက ဓားရိုးကို အုပ်ကိုင်ပြီးသား ဖြစ်သော်လည်း တစ်စက်ကလေးမျှ မလှုပ်ရှားရဲချေ။

"ဧကရာဇ်အတိုင်ပင်ခံက မင်းရဲ့ မြင့်မားတဲ့ ရည်မှန်းချက်ကို သိရဲ့လား..."

ထော့ကျိုးက ငုံ့ကိုင်း၍ ကြည့်ရင်း မာန်ဟုန်မြစ်၏ မြေပုံကို မြင်သောအခါ ရယ်မောလိုက်သည်။ "ဧကရာဇ်အတိုင်ပင်ခံက မာန်ဟုန်မြစ် ရေကြောင်းပြမြေပုံ ဆွဲခိုင်းပြီး သူ့တပ်ကို မဟာမြို့ပျက်ထဲ လွှတ်မလို့တဲ့လား၊ ဟီး... ဟီး... ဒီနဂါးပေါက်လေးက သိပ်သနားစရာ ကောင်းတာပဲ၊ အာ... ကူလင်းနွမ်၊ မင့်မျက်နှာကြီးက ဘာလို့ ရှုံ့တွနေတာလဲ၊ မင့်ဓားအိမ်ကို ငါ ယူသွားမယ်၊ ဒီအလံတိုင်ကလည်း မဆိုးဘူး၊ ဒါလည်း ယူသွားမယ်... ဒီကကောင်လေး၊ မင်းရဲ့ ကျောက်စိမ်းပြားက အတော် အရည်အသွေးကောင်းတာပဲ၊ ပြီးတော့ ဒီယပ်တောင်ရော၊ ဟ... ဟ... မင်းက မိန်းကလေးပဲ၊ ကံဆိုးလိုက်ချက်..."

ချက်ဖေးယွဲ့မှာ ရုတ်တရက် အခွင့်အရေး ပေါ်လာသည်ကို မြင်မိပြီး သူ့ဓားကို လျှပ်တပြက် ထုတ်ယူ၍ လှည့်ခုတ်လိုက်၏။ သို့သော်လည်း သူ့နောက်မှ ထော့ကျိုးမှာ အရိပ်အယောင်ပင် မမြင်ရအောင် ပျောက်ကွယ်သွားပြီ ဖြစ်သည်။

ထော့ကျိုး၏ ရယ်သံက မိုင်ပေါင်းများစွာ အကွာမှ တဟားဟား ထွက်ပေါ်လာ၏။ "မင်းတို့ဧကရာဇ်အတိုင်ပင်ခံကို ပြန်သွားပြီး ပြောလိုက်၊ ငါ့ခြေထောက်ကို သေချာသိမ်းထားလို့... တစ်နေ့ ငါကိုယ်တိုင် ပြန်လာယူမယ်..."

All Chapters