← Chapters

ပျိုနီပန်းနံ့

Vol. 5 Ch. 65

ပျိုနီပန်းနံ့

Vol. 5 Ch. 65

"သေစမ်း... ငါ့ရဲ့ စတုတ္ထအဆင့် အရာရှိတံဆိပ်..." ချင်ဖေးယွဲ့မှာ သူ့ခါးကို ကမန်းကတန်း စမ်းရင်း အကြီးအကျယ် အမူအရာပျက်ယွင်းသွားသည်။ စတုတ္ထအဆင့် အရာရှိတံဆိပ်က ပျောက်ဆုံးသွားချေပြီ။ သူ့နဖူး၌ ချွေးများ စို့လာ၏။

အရာရှိတံဆိပ် ပျောက်ဆုံးခြင်းက ပြဿနာကြီးတစ်ခု ဖြစ်သည်။ သို့သော်လည်း သူက ဧကရာဇ်အတိုင်ပင်ခံ၏ တပည့်ဖြစ်သည့်အတွက် ထိုကိစ္စကို ဖုံးဖိထား၍ ရနိုင်သေး၏။ ပို၍ ထိတ်လန့်မိသည်မှာ သူ၏ အရာရှိတံဆိပ်ကို ထိုထော့ကျိုးအဘိုးကြီး မည်သည့်အချိန်က ခိုးယူသွားမှန်း မသိလိုက်ခြင်း ဖြစ်သည်။ ၎င်းသာ အရာရှိတံဆိပ်ကို မခိုးယူဘဲ ​သူ့နောက်ကျောမှ နှလုံးသားနေရာတည့်တည့်သို့ ဓားဖြင့် ထိုးစိုက်သွားလျှင်...။

ထိုအတွေးနှင့် သူ့တစ်ကိုယ်လုံး တုန်တက်သွား၏။

သတ္တမသခင်လေးမှာ ရှက်ရွံ့မှုကြောင့် မျက်နှာတစ်ပြင်လုံး နီရဲနေပြီး သူ့ရင်ဘတ်သူ လက်ဖြင့် ကာ၍ ဘေးနားမှ မည်သူမျှ ဖြတ်မသွားနိုင်အောင် ဝိုင်းရံထားရန် နန်းတွင်းသူများကို အမိန့်ပေးလိုက်သည်။

ထော့ကျိုးမှာ သတ္တမသခင်လေးထံမှ ရတနာပစ္စည်းများ ခါးပိုက်နှိုက်စဉ် အမျိုးသမီးအတွင်းဝတ်ကို ခိုးယူမိသဖြင့် ဤသခင်လေးမှာ မိန်းကလေးတစ်ယောက် ဖြစ်ကြောင်း သိသွား၏။

သူ့အနေဖြင့် ပစ္စည်းခိုးယူရာတွင် မိန်းမများနှင့် ထိတွေ့ခြင်းကို ရှောင်ကြဉ်အပ်သော အရာအဖြစ် သတ်မှတ်ထားသည့်အတွက် ဟာကွက်ပေါ်သွားပြီး ချင်ဖေးယွဲ့ တိုက်ခိုက်ခွင့် ရခဲ့ခြင်း ဖြစ်သည်။

"ဒီထော့ကျိုးကြီးက နန်းတွင်းထဲဝင်ပြီး ဧကရာဇ်တံဆိပ်ပြားကို ခိုးယူခဲ့တဲ့ စောရနတ်ဘုရား၊ ကောင်းကင်သူခိုးပဲ..."

ချင်ဖေးယွဲ့မှာ ရင်ထဲမှ အံ့ဩတုန်လှုပ်မှုများကို ချိုးနှိမ်လိုက်၏။ သတ္တမသခင်လေး မည်သည့် အန္တရာယ်မျှ မရှိကြောင်း မြင်တွေ့မှ သက်ပြင်းမှုတ်ထုတ်မိသည်။ "သ... သခင်လေး ထိတ်လန့်သွားရပြီ... ကျွန်တော်မျိုးရဲ့ ညံ့ဖျင်းမှုကြောင့်ပါ..."

ရေခဲတုံးထဲမှ ကူလင်းနွမ်မှာ ပို၍ ထိတ်လန့်အံ့ဩမိ၏။ ထိုထော့ကျိုးကြီးက သူ့ကိုယ်ပေါ်မှ အိမ်ရှေ့စံကိုယ်ရံတော်ဓားအိမ်ကို ရအောင် ခိုးယူသွားခဲ့သည် မဟုတ်လား။

ထိုမျှသာမက တခြားလက်ထဲမှ အနက်ရောင်အလံကိုလည်း ခိုးယူသွား၏။

ဤရေခဲတုံးက မည်မျှ အေးစက်မာကြောကြောင်း သူအသိဆုံး ဖြစ်သည်။ သူကဲ့သို့ အဆင့်မြင့်ပညာရှင်မျိုးပင် အခဲခံရပြီးနောက် လွတ်မြောက်နိုင်စွမ်း မရှိခဲ့ချေ။ ချင်မူ သူ့ဓားကို လှည့်စားယူသွားစဉ်အခါက အိမ်ရှေ့စံကိုယ်ရံတော်ဓားကို ရေခဲတုံးအပြင်ဘက် တွန်းပို့ရန်အတွက် သူ၏ ချီစွမ်းအင်အကုန်လုံး ထုတ်သုံးခဲ့ရ၏။

သို့သော်လည်း ဤထော့ကျိုးကြီးကတော့ ရေခဲတုံးကို ရှိသည်ဟုပင် မထင်ချေ။ သူ၏ အနက်ရောင်အလံနှင့် ဓားအိမ်ကို တစ္ဆေတစ်ကောင်ကဲ့သို့ အလွယ်တကူ ကောက်ယူသွားသည်။

"သခင်ကြီးကူ... ဒီထော့ကျိုးကြီးက အဆင့်မြင့်ပညာရှင်တွေ မရေမတွက်နိုင်အောင် စောင့်ကြပ်နေတဲ့ နန်းတွင်းရတနာတိုက်ထဲကိုတောင် နေ့ခင်းကြောင်တောင် ဝင်ခိုးနိုင်ခဲ့တဲ့သူ... နန်းတွင်းရတနာတိုက်ထဲမှာ မရေမတွက်နိုင်တဲ့ ထောင်ချောက်တွေ ရှိပေမဲ့ တစ်ခုမှ အသုံး မဝင်ခဲ့ဘူး၊ သူ ဧကရာဇ်တံဆိပ်ပြား ခိုးယူသွားတာကို ဘယ်သူမှ မတားဆီးနိုင်ခဲ့ဘူး..."

ချင်ဖေးယွဲ့က ဆက်ပြောလိုက်၏။ "ကံကောင်းထောက်မလို့ ဧကရာဇ်အတိုင်ပင်ခံက ကြားဖြတ်တိုက်ခိုက်ပြီး သူ့ရဲ့ နတ်ခြေထောက်တစ်ဖက်ကို ဖြတ်ခုတ်နိုင်ခဲ့တယ်... ဒါတောင်မှ ဧကရာဇ်တံဆိပ်ပြား ယူသွားတာကို မတားနိုင်လိုက်ဘူး... အစအနရှာမရအောင် တန်းပျောက်သွားတာ"

ကူလင်းနွမ်မှာ ပါးစပ်အဟောင်းသား ဖြစ်နေသည်။ အတန်ကြာသောအခါမှ သူ မေးလိုက်၏။ "ခြေတစ်ဖက် ပြတ်သွားတာတောင် အစအနရှာမရအောင် ပျောက်သွားတယ် ဟုတ်လား... အဲလို ပျောက်သွားရအောင် သူက နတ်ခြေထောက်နဲ့ ပြေးတာလား၊ နတ်လက်နဲ့ ပြေးတာလား..."

ရုတ်တရက် သင်္ဘောဦးထိပ်မှ သတ္တဝါကြီးတစ်ကောင်၏ အော်ဟစ်သံ ထွက်ပေါ်လာသည်။ ချင်ဖေးယွဲ့ အံ့အားသင့်သွားပြီး သင်္ဘောဦးထိပ်သို့ ကမန်းကတန်း ပြေးသွားလိုက်၏။ သူ့သူငယ်အိမ်များ ထိန်းမရအောင် ကျုံ့ဝင်သွားသည်။ သင်္ဘောရှေ့တွင် ပင့်ကူအိမ်ကြီးတစ်ခု ရှိနေပြီး မိုင်ပေါင်းများစွာ ကျယ်သော မြစ်ကြောင်းကို ထွက်ပေါက်မရှိအောင် ပိတ်ဆို့ထား၏။

သင်္ဘောကို ဆွဲယူလာသော ရေသတ္တဝါကြီးမှာ ပင့်ကူအိမ်နှင့် ငြိနေပြီး မည်သို့ရုန်းရုန်း ရုန်း၍ မလွတ်ဘဲ ရှိနေသည်။ ထို့နောက်တွင် မြစ်ပြင်က နှစ်ခြမ်းကွဲ၍ ကြီးမားသော ပင့်ကူကြီးတစ်ကောင် ရေအောက်ထဲမှ တရွေ့ရွေ့တက်လာပြီး ရေသတ္တဝါကြီးကို ပင့်ကူအိမ်ပေါ်သို့ ဆွဲခေါ်သွား၏။ ထို့နောက် ပင့်ကူမျှင်များ အဆက်မပြတ် ထွေးထုတ်၍ ရေသတ္တဝါကြီး၏ ကိုယ်ထဲသို့ သွားစွယ်များ မြုပ်အောင် ကိုက်ချလိုက်သည်။

မြောက်မြားစွာသော စစ်သည်များက ချီစွမ်းအင်ဖြင့် ဓားပျံများ ထိန်းချုပ်၍ သိုင်းကွက်မျိုးစုံ ထုတ်ဖော်တိုက်ခိုက်သော်လည်း ထိုသတ္တဝါကြီးကို နောက်ဆုတ်သွားအောင် မလုပ်နိုင်ချေ။ ပင့်ကူမျှင်များကိုပင် ပြတ်တောက်အောင် ခုတ်ဖြတ်နိုင်ခြင်း မရှိကြ။

များစွာ မကြာလိုက်ဘဲ ရေသတ္တဝါကြီးမှာ ရှုံ့တွ ခန်းခြောက်သွားပြီး အရေခွံသာ ကျန်တော့သည်။

ချင်ဖေးယွဲ့၏ တစ်ကိုယ်လုံး တုန်ခါသွား၏။ ရတနာဓားကို ဆုပ်ကိုင်ထားသော သူ့လက်ပင် တဆတ်ဆတ် တုန်ရီနေသည်။ သူ့အနေဖြင့် ထိုပင့်ကူကြီးကို ပြေး၍ ခုတ်သတ်ချင်မိသော်လည်း တုပ်တုပ်မျှ မလှုပ်ရဲပေ။

မြစ်ကမ်းပေါ်၌ ဆေးပင်ခြင်းတောင်းတစ်တောင်း ကိုင်ဆောင်ထားသော ဆေးဆရာတစ်ယောက် ရှိနေသည်ကို သူ မြင်တွေ့ရ၏။ ထိုဆေးဆရာက သာမန်လူတစ်ယောက်နှင့်သာ တူသော်လည်း မျက်နှာက လူရုပ်မပေါ်အောင် ပျက်စီးနေပြီး လွန်စွာ ကြောက်မက်ဖွယ် ကောင်းလှသည်။

ဆေးဆရာက လက်ကို ဝှေ့ယမ်းလိုက်ရာ မြစ်ပြင်ပေါ်မှ ပင့်ကူကြီးမှာ သူ၏ ပင့်ကူအိမ် ကြိုးမျှင်များကို စတင်၍ ပြန်ဝါးစားတော့၏။ ထို့နောက် ကြိုးမျှင်တစ်လျှောက် လိုက်၍ ဆေးဆရာထံ တရွေ့ရွေ့ ရောက်ရှိလာပြီး တဖြည်းဖြည်း ကျုံ့ဝင်သွားသည်။ နောက်ဆုံးတွင်တော့ အနက်ပြောက်လေးတစ်ခု ဖြစ်သွားပြီး ဆေးဆရာ၏ ဆေးပင်ခြင်းတောင်းထဲသို့ ဝင်ရောက်သွား၏။

ပင့်ကူအိမ်ကြီး၏ ပိတ်ဆို့မှု မရှိတော့သဖြင့် သင်္ဘောက ရေစီးအတိုင်း ဆက်လက် မျောပါသွားသည်။ ချင်ဖေးယွဲ့မှာ သူ့နားနားတွင် လာပြောသကဲ့သို့ ခပ်တိုးတိုး အသံတစ်သံ ကြားလိုက်ရ၏။ "မဟာမြို့ပျက်အပေါ် ဘာအကြံအစည်မှ စိတ်မကူးနဲ့လို့ မင်းတို့ဧကရာဇ်အတိုင်ပင်ခံကို ပြောလိုက်... ငါတို့ ဒုက္ခိတဘိုးဘွားတွေကို မထိပါးမိအောင် သတိထား..."

ရေခဲတုံးထဲမှ ကူလင်းနွမ်၏ အသံ တုန်တုန်ရီရီနှင့် ထွက်ပေါ်လာသည်။ "ဒါ... အဆိပ်ဘုရင်ပဲ..."

ချင်ဖေးယွဲ့မှာ တဒိတ်ဒိတ်ခုန်နေသည့် ရင်ဘတ်ကို ဖိနှိပ်ပြီး သူ့ကိုယ်သူ တည်ငြိမ်အောင် ပြန်ထိန်းလိုက်၏။ "စစ်သည်တွေ အကုန်လုံး ငါ့အမိန့် နာခံ... လှော်တက်တွေ ထုတ်၊ ထာဝရ ငြိမ်းချမ်းရေး အင်ပါယာကို ပြန်ကြမယ်..."

ရှေ့သို့ တစ်မိုင်ခန့် ရွက်လွှင့်ပြီးသောအခါ စစ်သည်တစ်ယောက်က အသံတုန်တုန်နှင့် အော်ဟစ်လိုက်သည်။ "တပ်မှူးချင်... မြစ်ထဲမှာ လူတစ်ယောက် ရှိနေတယ်..."

ချင်ဖေးယွဲ့ အံတင်းတင်း ကြိတ်လိုက်၏။ သူ့မျက်နှာက မီးသွေးတုံးကဲ့သို့ မည်းမှောင်နေသည်။ "ဘယ်မိစ္ဆာကောင်ကများ ငါ့သင်္ဘောကို ပိတ်တားရဲရတာလဲ... ဒီကောင်တွေ ငါတို့ကို အနိုင်ကျင့်လို့ လွယ်တယ်များ ထင်နေကြလား... တိုက်သတ်ပစ်..."

သူ့စကားမဆုံးမီပင် မြစ်ပြင်ပေါ်မှ လူမှာ ခန္ဓာကိုယ် အပေါ်ပိုင်းတစ်ပိုင်းသာ ရှိကြောင်း ရုတ်တရက် သတိပြုမိလိုက်၏။ မည်သူကများ ထိုသူ၏ ခန္ဓာကိုယ်အောက်ပိုင်းကို ခုတ်ဖြတ်ခဲ့သည် မသိချေ။

၎င်းလူထူးဆန်းကြီးက ဆန်းကြယ်သော ဓားမကြီးနှစ်လက်ကို ကိုင်၍ ကျောက်ဆောင်စွန်းတစ်ခုပေါ်တွင် ငြိမ်ငြိမ်သက်သက် ရပ်နေသည်။

ရုတ်တရက် သူ့ဓားရောင်က ကောင်းကင်ယံသို့ ထိုးခွဲပြီး တစ်လောကလုံး လှုပ်ခါသွား၏။ ချင်ဖေးယွဲ့ အပေါ်သို့ မော့ကြည့်လိုက်သောအခါ တိမ်တိုက်များက ဓားအားလှိုင်းကြောင့် နှစ်ခြမ်းကွဲသွားကြောင်း မြင်တွေ့လိုက်ရသည်။

ဓားရောင်က သင်္ဘောဆီသို့ ကျရောက် ခုတ်ပိုင်းလာ၏။

ဝှစ်...။

ထိုဓားချက်ကြောင့် မာန်ဟုန်မြစ်ရေပြင်က နှစ်ခြမ်းကွဲပြီး မြစ်နှစ်စင်းကဲ့သို့ ဖြစ်သွားသည်။

"ခုနစ်စင်ကြယ် ကောင်းကင်ရတနာ... နိုးထ..."

ချင်ဖေးယွဲ့က ဒေါသတကြီး အော်ဟစ်မာန်သွင်းလိုက်၏။ သူ့ကိုယ်တွင်းမှ ကောင်းကင်ရတနာများ တစ်ခုပြီးတစ်ခု ပွင့်လာပြီး ကြောက်မက်ဖွယ်ရာ ချီစွမ်းအင်က သင်္ဘော၏ ဘေးဘက်တွင် နဂါးကြီး နှစ်ကောင်အဖြစ် ဖွဲ့တည်ကာ သင်္ဘောကို ဘေးတိုက် ကိုက်သုံးရာခန့် ရွေ့လျားသွားစေသည်။

ဓားရောင်က သင်္ဘောကိုယ်ထည်ဘေးမှ ပွတ်ဆွဲသွား၏။ မြစ်ပြင်က ဆယ်မိုင်ခန့်အထိ နှစ်ခြမ်းဆက်ကွဲပြီးမှ ပြန်စေ့သွားသည်။

"ဟီး... ဟီး... ဧကရာဇ်အတိုင်ပင်ခံရဲ့ တပည့်နဲ့ တိုက်ရတာ ပျင်းစရာပဲ... ဧကရာဇ်အတိုင်ပင်ခံနဲ့ တိုက်မှပဲ ပျော်စရာကောင်းမယ် ထင်ပါရဲ့..."

ကျောက်ဆောင်စွန်းပေါ်မှ ထူးဆန်းသော လူကြီးက ဓားမများကို ဓားအိမ်ထဲ ပြန်သိမ်းပြီး လက်နှစ်ဖက်ဖြင့် ကျောက်စွန်းပေါ် ထောက်၍ အားယူကာ  ကောင်းကင်ယံသို့ ခုန်တက် ပျောက်ကွယ်သွား၏။

ချင်ဖေးယွဲ့က တဆတ်ဆတ် တုန်နေသော ခြေထောက်များကို ထိန်းရင်း အသည်းအသန် အော်ဟစ်လိုက်သည်။ "သင်္ဘောကို ငြိမ်အောင်ထိန်း... ငြိမ်အောင်ထိန်း..."

သူ့အသံက တုန်ရီနေပြီး သူကိုယ်တိုင်ပင် ရှင်းရှင်းလင်းလင်း မကြားရချေ။ အရင်ဆုံး ထိုင်ချ၍ သူ့ကိုယ်သူ တည်ငြိမ်အောင် ပြန်ထိန်းလိုက်၏။ သို့သော်လည်း သူ့ခေါင်းထဲတွင် အတွေးများ ဝဲလည်လှည့်၍ နေသည်။

ကူလင်းနွမ်က သူ့ထက် ပို၍ ကြောက်လန့်တုန်လှုပ်ပြီး အသံများပင် တုန်နေ၏။ "ကောင်းကင်ဓားမ... ဒါ ကောင်းကင်ဆီ ဓားမ ပင့်မြှောက်ပြီး စိန်ခေါ်လို့ နတ်ဘုရားတွေရဲ့ လက်မှာ သေဆုံးခဲ့ရတဲ့ ကောင်းကင်ဓားမပဲ... သူက အသက်ရှင်နေသေးတာလား..."

ချင်ဖေးယွဲ့၏ အမူအရာမှာ ပို၍ မတည်မငြိမ် ဖြစ်သွားသည်။ "ဘာလို့ ဒီလောက်များတဲ့ မိစ္ဆာအိုကြီးတွေ ရွာသေးသေးလေးမှာ လာစုနေရတာလဲ... လှံနတ်ဘုရား၊ ကောင်းကင်ဓားမ၊ စောရနတ်ဘုရား၊ အဆိပ်ဘုရင်... ဒီလူတွေအပြင် အဲရွာမှာ နောက်ထပ် ဘယ်နှယောက် ရှိနေသေးလဲ...."

သူက မဟာမြို့ပျက်၏ မြေပုံကို လှမ်းကြည့်လိုက်၏။ သူ အပတ်တကုပ် ကြိုးစား ရေးဆွဲခဲ့ရသော မြေပုံက သင်္ဘောပေါ်တွင်သာ ရှိနေသေးကြောင်း မြင်မှ သက်ပြင်းမှုတ်ထုတ်လိုက်မိသည်။ ဤမကောင်းဆိုးဝါး အဘိုးကြီးများက မာန်ဟုန်မြစ်၏ ရေကြောင်းပြမြေပုံကို မဖျက်ဆီးသွားခဲ့ပေ။

"မဟုတ်သေးဘူး..."

သူ ရုတ်တရက် သဘောပေါက်သွားသည်။ ဤမကောင်းဆိုးဝါး အဘိုးကြီးများက မာန်ဟုန်မြစ်၏ ရေကြောင်းပြမြေပုံကို မဖျက်ဆီးခဲ့သည်မှာ မဖျက်ဆီးနိုင်၍ မဟုတ်၊ ဖျက်ဆီးဖို့ လိုသည်ဟု မထင်သောကြောင့်သာ ဖြစ်၏။

ဤမြေပုံကို ရလျှင်ပင် မဟာမြို့ပျက်သို့ ဧကရာဇ်အတိုင်ပင်ခံ ဝင်လာရဲမည်မဟုတ်ဟု စိတ်ချထားကြခြင်း ဖြစ်သည်။

"သူတို့က ငါတို့ကို ဘာလို့ မသတ်တာလဲ..." ယောက်ျားအသွင် ဝတ်ဆင်ထားသော သတ္တမသခင်လေးက မေးလိုက်၏။

"ကျွန်တော်တို့ကို သတ်ဖို့ လိုတယ် မထင်လို့ပါ..."

ချင်ဖေးယွဲ့က ဆက်ပြောလိုက်သည်။ "ကျွန်တော်တို့ရဲ့ အစွမ်းအစက သိပ်နိမ့်ကျလွန်းနေလို့... သတ်ဖို့ လိုတယ် မထင်တာပါ..."

သူ့ရင်ထဲတွင် ခါးသီးသွား၏။ ဧကရာဇ်အတိုင်ပင်ခံ၏ တပည့်တစ်ယောက်အနေဖြင့် သူ့ကိုယ်သူ အမြဲလိုလို အထင်ကြီးခဲ့သည်။ သူ၏ အမည်ဂုဏ်သတင်းကလည်း အလွှာအသီးသီးကြားတွင် အလွန်တရာ ထင်ရှားကျော်ကြားလှသည် မဟုတ်လား။ ယခု မဟာမြို့ပျက်သို့ တစ်ခေါက်သာ လာရသေး၏။ ဤမျှ များပြားသော စွမ်းအားကြီး ပညာရှင်များနှင့် ဆုံတွေ့ရသည်။ ယခင်က သူ့ရင်ထဲတွင် ရှိနေသည့် ဘဝင်လေဟပ်စိတ်လေးမှာ အစအန ရှာမရအောင် ပျောက်ကွယ်သွားတော့၏။

ပထမ မျက်ကန်းနှင့် ဆုံတွေ့စဉ်က သူ့တွင် အနည်းငယ် မာန်တက်စိတ်လေး ကျန်နေသေးသည်။ မျက်ကန်းကြောင့် အံ့ဩတုန်လှုပ်မိသော်လည်း သူက ခေါင်းမာ၍ လွယ်လွယ်နှင့် အလျှော့မပေးတတ်သူ ဖြစ်၏။ သို့သော်လည်း ဖမ်းမမိနိုင်သော ထော့ကျိုး၊ အန္တရာယ်ကြီးမားသည့် ဆေးဆရာ၊ ကြမ်းတမ်းသည့် သားသတ်သမားတို့နှင့် ထပ်မံ ဆုံတွေ့ပြီးနောက်တွင်တော့ သူ၏ အလျှော့မပေးချင်သည့် ခေါင်းမာစိတ်မှာ မြူတစ်မှုန်မျှ မကျန်အောင် လွင့်ပါး ပျောက်ကွယ်သွားသည်။ သူ့ရင်ထဲတွင် ကြောက်ရွံ့စိတ် တစ်ခုသာ ကျန်ခဲ့တော့၏။

"ဧကရာဇ်အတိုင်ပင်ခံကို တားဆီးနိုင်တဲ့အရာ ဘာတစ်ခုမှ မရှိဘူး... ဧကရာဇ်အတိုင်ပင်ခံကို ကြောက်ရွံ့ နောက်တွန့်စေတဲ့အရာ ဘာတစ်ခုမှ မရှိဘူး..."

သူ့ဆရာဖြစ်သည့် ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံအကြောင်း တွေးမိသောအခါ ချင်ဖေးယွဲ့၏ ရင်ထဲမှ စိတ်မသက်မသာ ဖြစ်မှုများ လျော့ပါးသွားသည်။ သူ့အကြည့်များ ပြန်လည် စူးရဲလာပြီး တီးတိုး ရေရွတ်လိုက်၏။

သင်္ဘောက ဆက်လက် စုန်ဆင်းသွားသည်။ ရှေ့တူရူမှ မြင်ကွင်းကြောင့် ချင်ဖေးယွဲ့ ကျောက်ရုပ်သဖွယ် ဖြစ်သွား၏။ ဤနေရာတွင် အစက မြေနုကျွန်းတစ်ကျွန်း ရှိပြီး ထိုကျွန်းပေါ်တွင် ရှေးဘုရားကျောင်းတစ်ခု ရှိသည်။ သို့သော်လည်း ယခု ထိုကျွန်းကြီးတစ်ခုလုံး အစအန ရှာမရအောင် ပျောက်ကွယ်သွားပြီ ဖြစ်၏။

ရှေးဘုရားကျောင်းမှာ တစ်ခုခု ထူးဆန်းနေသည်ဟု ထင်မိသော်လည်း သွား၍ မစူးစမ်းခဲ့ရချေ။ မြေပုံပေါ်တွင်တော့ မှတ်သားခဲ့၏။ ယခု သူ ပြန်လာသော အချိန်တွင် ထိုဘုရားကျောင်း မရှိတော့ဘဲ ဖြစ်နေလိမ့်မည်ဟု ထင်မထားမိခဲ့ချေ။

"မျက်လုံး... နိုးထ..."

ချင်ဖေးယွဲ့က ခပ်အုပ်အုပ် မာန်သွင်းအော်ဟစ်လိုက်ရာ သူ့မျက်လုံးများမှ အလင်းရောင်များ တောက်ပလာသည်။ မြစ်ရေထဲသို့ လှမ်းကြည့်ပြီးနောက် သူ မှင်တက်သွား၏။ မြေနုကျွန်းက ဤနေရာတွင် ရှိနေဆဲ ဖြစ်သော်လည်း ကြီးမားသော အားအင်တစ်ခုခုကြောင့် ရေထဲသို့ ပိပြားနစ်မြုပ်သွားပုံ ရသည်။ ရှေးဘုရားကျောင်းမှာလည်း ရေအောက်သို့ ရောက်ရှိသွားပြီ ဖြစ်၏။

"မဟာမြို့ပျက်..."

သူ့ကိုယ်သူ တည်ငြိမ်အောင် ပြန်ထိန်းလိုက်ပြီး ဤနေရာမှ မြန်နိုင်သမျှ မြန်မြန် ထွက်သွားနိုင်အောင် စစ်သည်များကို ချီစွမ်းအင် ထုတ်သုံး၍ လှော်ခတ်ခိုင်းလိုက်သည်။

သူတို့ ရွက်လွှင့်ထွက်ခွာ၍ မကြာမီ မြစ်ရေပြင်က နှစ်ခြမ်းကွဲသွားပြီး ရေအောက်ထဲမှ ကြေးဆင်းတုကြီးတစ်ဆူ သံကြိုးများ ရစ်ပတ်လျက်သား ပေါ်ထွက်လာ၏။ ထိုကြေးဆင်းတုကြီးက အလွန်တရာ လေးလံမည်ဟု ထင်ရသော်လည်း အလေးချိန် တစ်စက်မျှ မရှိသည့်ပမာ ရေမျက်နှာပြင်ပေါ်တွင် ထရပ်လာသည်။

"ဒုက္ခိတဘိုးဘွားကျေးရွာရဲ့ မကောင်းဆိုးဝါးအိုကြီးတွေက ဒီလောက်တောင် စွမ်းအားကြီးတာပဲ... သူတို့နဲ့ ရင်ဆိုင်ရ လွယ်မှာ မဟုတ်ဘူး..."

ကြေးဆင်းတုကြီးက ဒုက္ခိတဘိုးဘွားကျေးရွာဘက်သို့ တစ်ချက်လှမ်းကြည့်၍ မြစ်ကမ်းစပ်သို့ ဦးတည် ပြေးလွှားသွား၏။

"ငါ့ကောင်းမှုကုသိုလ်ကို ခိုးသွားတဲ့ကောင်၊ ဒီကိစ္စကို ဒီအတိုင်း မထားနိုင်ဘူး... ဒါပေမဲ့ ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက မဟာမြို့ပျက်ထဲ ဝင်ရောက် မွှေနှောက်ချင်တယ် ဆိုမှတော့ သူတို့အချင်းချင်း အရင် တိုက်ခိုက်ခိုင်းလိုက်ဦးမယ်... သူတို့ သူသေကိုယ်သေ တိုက်ကြပြီ ဆိုတော့မှ ငါတို့ မိုးခြိမ်းသံကျောင်းတော်ငယ်က ဝင်အမြတ်ထုတ်ရမယ်...

ဒုက္ခိတဘိုးဘွားကျေးရွာတွင်...။ ချင်မူမှာ လမ်းလျှောက်လာသော ထော့ကျိုးနှင့် ဆုံမိပြီး တစ်စုံတစ်ခု လှမ်းပစ်ပေးသည်ကို ဖမ်းယူလိုက်ရ၏။ ထိုသည်က အိမ်ရှေ့စံကိုယ်ရံတော်ဓားနှင့် ကိုက်ညီသော ဓားအိမ်တစ်ခု ဖြစ်သည်။

ချင်မူ တစ်ခဏမျှ မှင်တက်သွားပြီး ဤဓားအိမ်ကို မည်သည့်နေရာမှ ရလာကြောင်း မေးရန် ပြင်လိုက်စဉ် ထော့ကျိုးက အခြားပစ္စည်းတစ်ခု သူ့ရင်ဘတ်ထဲသို့ ရုတ်တရက် လာထိုးထည့်သွား၏။

ချင်မူ ထိုပစ္စည်းကို ထုတ်ကြည့်လိုက်သည်။ ၎င်းက ပျိုနီပန်းပွင့်ပုံ ချည်ထိုးထားသော နို့နှစ်ရောင် အထည်စတစ်စ ဖြစ်၏။ အရှည်အားဖြင့် တစ်ပေခန့် ရှိပြီး အစင်းကြောင်းကဲ့သို့ ဖဲကြိုးများ တပ်ဆင်ထားသည်။ ထိုအထည်စမှ မွှေးမြမြ ရနံ့တစ်ခုကိုလည်း ရ၏။

"ဘိုးဘိုးထော့ကျိုး... ဒါက ဘာလဲ..." ချင်မူက ဝေခွဲမရစွာ မေးလိုက်သည်။

ထော့ကျိုး၏ ပြုံးနေသော မျက်နှာ တွန့်ခနဲ ဖြစ်သွားပြီး မကျေမချမ်း ပြောလိုက်၏။ "မင့်အတွက် ချွေးသုတ်ဖို့ ချွေးသုတ်တဘက်လေ... ကံဆိုးလိုက်တာ... ငါ ဘာလို့ ဒီလိုဟာမျိုးကို သွားထိမိတာလဲ... သုံးနှစ်လောက်တော့ ကံဆိုးပါပြီကွာ..."

All Chapters