← Chapters

မြစ်နတ်ဘုရားတို့အား ပူဇော်ပသခြင်း

Vol. 5 Ch. 66

မြစ်နတ်ဘုရားတို့အား ပူဇော်ပသခြင်း

Vol. 5 Ch. 66

ချင်မူမှာ ဝေခွဲမရ ဖြစ်သွားသည်။ ချွေးသုတ်တဘက် တစ်ထည်ကို ထိမိရုံမျှနှင့် အဘယ်ကြောင့် သုံးနှစ်အထိ ကံဆိုးရမည်နည်း။

ဤချွေးသုတ်တဘက်၏ အသားက နူးညံ့ချောမွေ့လှသည်။ မွှေးရနံ့ တစ်မျိုးလည်း ရှိပြီး အမှန်တကယ်ပင် ချွေးသုတ်ဖို့ရန် ကောင်းလှ၏။ အတော်လေး ဈေးကြီးသည့် ထူးကဲသော ပိုးချည်တစ်မျိုးမှ ရက်လုပ်ထားခြင်း ဖြစ်မည်။ ဤသို့သော အထည်သားမျိုးကို မဟာမြို့ပျက်တွင် တွေ့ရခဲလှ၏။

ချင်မူ ချွေးသုတ်တဘက်ကို ရင်ဘတ်ထဲ ထိုးထည့်သိမ်းဆည်းပြီး အိမ်ရှေ့စံကိုယ်ရံတော်ဓားနှင့် ဓားအိမ်ကို ဆော့ကစားလိုက်သည်။ သူ အတော်လေး ကျေနပ် ပျော်ရွှင်နေမိ၏။

အိမ်ရှေ့စံကိုယ်ရံတော်ဓား၏ ဓားအိမ်ထိပ်ဖျားပိုင်းမှာ ရွှေရောင် ဖြစ်ပြီး ကျောက်မျက်ရတနာများ၊ ပုလဲများ စီခြယ်ထားသည်။ ဓားအိမ်အဝတွင်တော့ ငါးနဂါးတစ်ကောင် အစာမျိုနေသည့်ပုံ ထွင်းထုထား၏။ ထိုငါးနဂါး၏ ပါးစပ်က ရတနာဓား ထုတ်သည့် နေရာတည့်တည့်တွင် ဖြစ်သည်။

ဓားအိမ်၏ အောက်ပိုင်းကတော့ ငွေရောင်ပုပ်ပုပ် ဖြစ်ပြီး မည်သည့် ရတနာမျှ စီခြယ်မထားသကဲ့သို့ အလှဆင် ထွင်းထုထားခြင်းလည်း မရှိပေ။ ဓားအိမ် အပိတ်ဘက်တွင်တော့ ငါးနဂါး၏ အမြီးပုံ ထွင်းထုထားပြီး ရွှေရောင်လက်နေ၏။

ဒင်...။

ချင်မူ ဓားကို ဓားအိမ်ထဲသို့ သွင်းလိုက်သည်။ သူ့ချီစွမ်းအင်က ဓားအိမ်ထဲသို့ တိုးဝင်သွားပြီး အိမ်ရှေ့စံကိုယ်ရံတော်ဓားကို ဆွဲထုတ်လိုက်၏။ ငါးနဂါးကြီးတစ်ကောင်က ဓားအိမ်မှ လေထဲသို့ ခုန်ပျံထွက်ပေါ်လာပြီး ဓားကို အန်ထုတ်လိုက်သည်။

ချင်မူ လက်ဆန့်၍ ငါးနဂါး၏ ပါးစပ်မှ ဓားကို ဆွဲထုတ်ယူပြီး ကျေနပ်အားရမိသွား၏။

"ဒီဓားအိမ်က တကယ့်ကို ပစ္စည်းကောင်းပဲ... ငါးနဂါးရဲ့ ပုံရိပ်ယောင်တောင် ရှိသေးတယ်..."

ချင်မူ သူ့ဓားကို ဓားအိမ်ထဲ ပြန်ထည့်လိုက်သည်။ ငါးနဂါးက အိမ်ရှေ့စံကိုယ်ရံတော်ဓားကို ဝါးမျိုပြီး ဓါးအိမ်ထဲသို့ ဝင်ရောက် ပျောက်ကွယ်သွား၏။

ချင်မူမှာ ဝမ်းသာပီတိ ဖြစ်နေမိပြီး သူ၏ ချီစွမ်းအင်ကို ဓားအိမ်ထဲသို့ ထပ်၍ ပို့လွှတ်လိုက်သည်။ ငါးနဂါးက တဖန် ပေါ်ထွက်လာပြီး အိမ်ရှေ့စံကိုယ်ရံတော်ဓားကို အန်ထုတ်လိုက်၏။ ချင်မူက ဓားကို ဆွဲထုတ်ပြီး ပြန်ထိုးထည့်လိုက်သည်။ ငါးနဂါးက ဓားအိမ်နှင့် ပြန်ပေါင်းစည်းသွားပြန်၏။

သူ ထိုသို့ ဓားနှင့် ထပ်ခါ ထပ်ခါ ကစားနေဖြင့် မျက်ကန်းမှာ မနေနိုင်တော့ဘဲ ထပြောရသည်။ "မူအာ... တော်တော့၊ မဆော့တော့နဲ့... မင့်ဘွားဘွားက နောက်ထပ် အိမ်မွေးတိရစ္ဆာန်တွေ ဆွဲလာတယ်... မင်း နွားသွားကျောင်းရဦးမယ်... အဲနွားတွေကို မနက်ဖြန်ကျရင် နယ်စပ်နဂါးမြို့ကို သွားရောင်းမှာ..."

ချင်မူ ခေါင်းညိတ်၍ ရွာဘက်သို့ အလျင်အမြန် ပြန်ပြေးသွား၏။ ထို့နောက် နွားခြောက်ကောင်ကို ဆွဲခေါ်လာရင်း သူ့ရင်ထဲတွင် မေးခွန်းများ ပလုံစီလာသည်။ "ဘွားဘွားက ရွာထဲက အကောင်တွေကို ဟိုတစ်လောကမှ ရောင်းလိုက်တာ... ဘယ်လိုလုပ် နောက်ထပ် နွားခြောက်ကောင် ထပ်ရောက်လာရတာလဲ... ဒီနွားတွေက ဘယ်က ရောက်လာတာလဲ..."

သူ ရွာပြင်သို့ ထွက်လာရင်း ရွာလူကြီး၊ ဆေးဆရာနှင့် မျက်ကန်းတို့ စုဝေး၍ တစ်စုံတစ်ခုကို တိုင်ပင်ဆွေးနွေးနေကြောင်း မြင်ခဲ့၏။ ထော့ကျိုးက ဘေးနားတွင် ထိုင်၍ အနက်ရောင်အလံကို ဖြုတ်နေသည်။ ထို့နောက် အလံရွက်ကို အဘိုးကြီးမာ၏ ပရိဘောဂဆိုင်ခန်းအတွက် လိုက်ကာလုပ်ရန် ပစ်ပေးပြီး အလံတိုင်ကို အဘွားစစ် ကြက်ခြောက်ရန်အတွက် ပစ်ပေးလိုက်၏။

နောက်တစ်နေ့ ချင်မူ နွားလှည်းပြင်နေစဉ် အဘွားစစ်က ပြုံးပြလာသည်။ "မူအာ၊ ဒီတစ်ခေါက် မင်းလည်း ငါတို့နဲ့အတူ မြို့ထဲ လိုက်ခဲ့..."

ချင်မူမှာ အံ့ဩဝမ်းသာသွား၏။ တစ်မုဟုတ်ချင်းပင် သူ၏ အိမ်ရှေ့စံကိုယ်ရံတော်ဓား၊ ဝက်ခုတ်ဓားမ၊ ဝါးတောင်ဝှေး၊ သံတူတို့ကို ယူဆောင်၍ နွားလှည်းပေါ်သို့ ခုန်တက်လိုက်သည်။ မျက်ကန်းက ခပ်အေးအေး လမ်းလျှောက်လာပြီး အဘွားစစ်၏ ဘေးတွင် ဝင်ထိုင်လိုက်၏။

လှည်းပေါ်တွင်တော့ ရွှေအ သွန်းလုပ်ထားသည့် သံထည်ပစ္စည်းများနှင့် ပြည့်နေသည်။ ထို့ပြင် အဘိုးကြီးမာ၊ ထော့ကျိုး၊ ချင်မူတို့ အမဲလိုက်ရာမှ ရထားသော သားရဲအရေခွံများလည်း ပါ၏။ ထိုပစ္စည်းများကြားတွင်တော့ တောင်ဆိတ်နှစ်ကောင် ခြေထောက်များ ကြိုးချည်လျက်သား ပါလာသည်။

လှည်းဆွဲနေသော နွားဝါဝါကြီးသုံးကောင်က လွန်စွာ သန်မာလှ၏။ လှည်းနောက်တွင်လည်း နောက်ထပ် နွားသုံးကောင်ကို ဆွဲခေါ်လာသည်။

ချင်မူ နှင်တံကို လေထဲတွင် ရွှမ်းခနဲ ရိုက်လိုက်သောအခါ နွားဝါဝါကြီးများက ရွာထဲမှ လှမ်းထွက်ရင်း သူတို့၏ မျက်လုံးများကို အပြစ်ကင်းစင်စွာ ပုတ်ခတ်ပုတ်ခတ် လုပ်လိုက်ကြ၏။

ချင်မူမှာ ယခုမှ မြို့ပေါ်သို့ ပထမဦးဆုံးအကြိမ် ရောက်ဖူးမည် ဖြစ်၍ စိတ်လှုပ်ရှားနေသည်။ ခြေထောက်နှင့် မြေကြီး မထိတော့အောင်ပင် ပျော်ရွှင်ပြီး နွားဝါကြီးများနှင့် တောင်ဆိတ်များ၏ မျက်လုံးများကို လုံးဝ သတိမပြုမိတော့ချေ။

နယ်စပ်နဂါးမြို့က ဒုက္ခိတဘိုးဘွားကျေးရွာမှ အတော်လေး လှမ်းပြီး မိုင်သုံးရာခန့် ဝေး၏။ မဟာမြို့ပျက်က ခေါင်သီလှသဖြင့် ခရီးသွားလာရန် မလွယ်ကူချေ။ ပထမဆုံး ရေလမ်းအတိုင်း သွား၍ ကုန်းကြောင်းခရီး မိုင်ပေါင်းများစွာ နှင်ပြီးမှ နယ်စပ်နဂါးမြို့သို့ ရောက်နိုင်ပေသည်။

ချင်မူ နွားလှည်းကို မြစ်ကမ်းဘက်သို့ မောင်းသွားသောအခါ ထော့ကျိုးက ကြီးမားသော ဝါးဖောင်ကြီးတစ်ခု ဖွဲ့ထားကြောင်း တွေ့ရ၏။ နွားများကို ဝါးဖောင်ပေါ်သို့ ဂရုတစိုက် မောင်းနှင်လိုက်သည်။ ဝါးဖောင်ပေါ်သို့ နွားလှည်း ရောက်သွားသောအခါ ထော့ကျိုးက ကမ်းစပ်တွင် ချည်နှောင်ထားသော ကြိုးကို ဖြေလွှတ်လိုက်၏။ ဝါးဖောင်က မြစ်ကြောင်းတစ်လျှောက် မျောပါရင်း တဖြည်းဖြည်း အရှိန်ရလာသည်။

သို့သော်လည်း ဤနှုန်းနှင့်ပင် နယ်စပ်နဂါးမြို့သို့ ရောက်ရန် လေးငါးရက် ကြာမည် ဖြစ်၏။

မြစ်ကြောင်းအတိုင်း မိုင်ပေါင်းတစ်ဒါဇင်ခန့် စုန်ဆင်းပြီးသောအခါ မျက်ကန်းက သူ၏ ဝါးတောင်ဝှေးဖြင့် ရေမျက်နှာပြင်ကို ထိခတ်လိုက်သည်။ ဝါးဖောင်က တစ်မုဟုတ်ချင်း မြစ်ကမ်းဆီသို့ ဆိုက်ကပ်သွား၏။

ချင်မူမှာ နားမလည်နိုင်စွာဖြင့် မြစ်ကမ်းပေါ်သို့ လှမ်းကြည့်လိုက်သည်။ ထိုနေရာက ဘွားဘွားကြီးဘုရားကျောင်း ဖြစ်ပြီး အခြားရွာများမှ လူများစွာလည်း စုဝေး ရောက်ရှိနေကြကြောင်း တွေ့ရ၏။ အတော်များများက မြင်းလှည်း၊ နွားလှည်းများ စီး၍ မြစ်ကမ်းဘေးတွင် စောင့်ဆိုင်းနေကြသည်။

မာန်ဟုန်မြစ်က ရေစီးသန်လှသဖြင့် အန္တရာယ်များ၏။ ထို့ပြင် ရေထဲတွင်လည်း မြစ်နေသတ္တဝါကြီးများနှင့် ရန်လိုတတ်သော ငါးကြီးများ ရှိနေသည်။ သို့အတွက်ကြောင့် ကျေးရွာအသီးသီးမှ လူများမှာ နယ်စပ်နဂါးမြို့သို့ တစ်ရက်တည်း အတူတူသွားရန် ရွေးချယ်ကြခြင်း ဖြစ်၏။ လူများလေလေ တစ်ယောက်နှင့်တစ်ယောက် ကြည့်ရှု စောင့်ရှောက်နိုင်လေလေ မဟုတ်ပါလား။

မြစ်ကမ်းဘေးတွင် ဝါးဖောင်များစွာ ဆိုက်ကပ်ထားသည်။ ထပ်၍လည်း ဝါးဖောင်များ တစ်စီးပြီးတစ်စီး ဆိုက်ကပ်လာ၏။ များစွာမကြာလိုက်ဘဲ ဝါးဖောင် အစီးရာချီ စုမိသွားသည်။

မျက်ကန်းက အမွှေးတိုင်အနည်းငယ် ထုတ်ယူ၍ မီးညှိပြီး မြစ်ကမ်းဘေးတွင် လေကိုဆန်ကာ ထိုးစိုက်လိုက်၏။ အခြားရွာမှ လူများလည်း သူတို့၏ အမွှေးတိုင်များကို သောင်ပြင်၌ ထိုးစိုက်လိုက်ကြသည်။ ပတ်ဝန်းကျင်တစ်ခွင်လုံး အမွှေးတိုင်အခိုးအငွေ့များ ပြည့်နှက်ပြီး ခပ်သာသာ တိုက်ခတ်လာသော လေပြည်ညှင်းနှင့်အတူ မြစ်ရေပြင်ပေါ်၌ ဝေ့ဝဲမျောလွင့်သွား၏။

ရုတ်တရက် တစ်စုံတစ်ယောက်က ကျယ်လောင်ပီသသော အသံဖြင့် သီချင်းတစ်ပုဒ် သီဆိုလိုက်သည်။ မြစ်ကမ်းဘေးမှ လူများလည်း တစ်ယောက်ပြီးတစ်ယောက် လိုက်ဆိုကြ၏။ ဤသည်က မြစ်သီချင်း ဖြစ်သည်။ မြစ်စောင့်နတ်ဘုရားများကို ဖျော်ဖြေပူဇော်သော သီချင်း ဖြစ်၏။

"မင်းနဲ့အတူ မြစ်ပြင်တစ်ခွင် လှည့်လည်တော့... ဝဲကတော့ငယ်က ရေလှိုင်းတွေနဲ့ တားဆီးတယ်..."

"ကြာရွက်မိုးတဲ့ ရေလှည်းယာဉ်ကို နဂါးနှစ်ကောင် ဆွဲလို့ရယ်..."

"ခွန်းလွန်းတောင်ပေါ် တက်ပြီး အရပ်ရှစ်မျက်နှာကို ကြည့်တဲ့အခါ ရင်ထဲမှာ ဆူဝေလာတယ်..."

"ဆည်းဆာက လာပြီ၊ အိမ်ပြန်ဖို့ကို တွေးမိတော့ ဝမ်းနည်းရတယ်... ဟိုးအဝေး ကမ်းခြေက... မြေပြင်ကို ကျောခင်းလို့ တမ်းတခြင်းရဲ့ အတွေးတစ်စပါပဲကွယ်..."

"......."

ရှေးဟောင်းသံစဉ်တစ်ခုက မြောက်မြားစွာသော ရွာသူရွာသားတို့၏ လည်ချောင်းဝမှ တဆတ်ဆတ်တုန်ခါ ထွက်ပေါ်နေသည်။ ရဲဝင့်မာန်ပါပြီး သာယာနာပျော်ဖွယ် ကောင်းလှသော သီချင်းသံက ရင်သပ်ရှုမောမဆုံး ဖြစ်ပြီး ချင်မူ့ရင်ထဲတွင် ဖော်မပြတတ်အောင် လှုပ်ရှားသွား၏။

ရုတ်တရက် သူတို့၏ ရှေ့မှ ရေပြင်က နှစ်ခြမ်းကွဲ၍ ကြီးမားသော ရေသတ္တကြီးများ၏ ဦးခေါင်းများ ပေါ်ထွက်လာသည်။

ထိုရေသတ္တဝါကြီးများက မြစ်အောက်ကြမ်းပြင်မှ တက်လာကြခြင်း ဖြစ်၏။ ၎င်းတို့၏ ကျောပြင်များက အစိမ်းပုပ်ရောင် ထနေပြီး ပါးဟက်ကဲ့သို့ ကြီးမားသော ရေယက်ကြီးလေးခု ပါရှိသည်။ ဦးခေါင်းများက ငါးခေါင်းနှင့် တူသော်လည်း လှံတစ်ချောင်းကဲ့သို့ ချွန်ထက်သော နှာခေါင်းရှည်ကြီးနှင့် ဖြစ်၏။

ထိုရေသတ္တဝါကြီးများ၏ ဦးခေါင်းများ ရေပေါ်ပေါ်လာသည်မှာ တောင်ပူစာငယ်လေးများ ပေါ်ထွက်လာသည်နှင့်ပင် တူလှ၏။ သူတို့၏ နှာခေါင်းပေါက်များကို ကမ်းခြေဘက် လှည့်၍ အမွှေးတိုင်နံ့များကို အားရပါးရ ရှူရှိုက်နေကြသည်။ မြစ်ကမ်းသောင်ပြင်မှ အမွှေးတိုင်များမှာ လျင်မြန်စွာ လောင်ကျွမ်းပြီး ရေသတ္တဝါကြီးများ၏ နှာခေါင်းထဲသို့ အခိုးအငွေ့များ ဝင်ရောက်သွား၏။

ထိုရေသတ္တဝါကြီးများက မျက်လုံးမှိတ်၍ အရသာခံ ရှုရှိုက်နေပြီး အတန်ကြာသောအခါ မီးခိုးငွေ့များ အကွင်းလိုက် အကွင်းလိုက် ပြန်မှုတ်ထုတ်လိုက်ကြသည်။

မြစ်ကမ်းသောင်ပြင်မှ ရွာသူရွာသားများမှာ ထိုအခွင့်အရေးကို အရယူ၍ ရေသတ္တဝါကြီးများ၏ ကျောပြင်စိမ်းစိမ်းပေါ်သို့ သူတို့၏ နွားလှည်းများ မောင်းတက်လိုက်ကြ၏။ ထိုမြင်ကွင်းကို ကြည့်၍ ချင်မူလည်း သူ၏ နွားလှည်းကို ရေသတ္တဝါကြီးတစ်ကောင်၏ ကျောပေါ်သို့ မောင်းတက်လိုက်သည်။ အဘွားစစ်က သူပြင်ဆင်လာသော အသားတွဲတစ်တွဲကို ထုတ်ယူ၍ ရေထဲသို့ ပစ်ချလိုက်၏။ ရေသတ္တဝါကြီးက ထိုအသားတွဲကို လှမ်းဟပ်စားပြီး ပျော်ရွှင်မြူးထူးစွာ အော်ဟစ်၍ သူ့ရေယက်လေးခုကို အရှိန်အဟုန်ပြင်းပြင်း ခတ်ကာ မြစ်ကြောင်းအတိုင်း နွားလှည်းကို သယ်ဆောင်သွားတော့သည်။

သူတို့၏ နောက်တွင်လည်း ကျောပြင်စိမ်းရေသတ္တဝါကြီးများက ရွာသူရွာသားတို့၏ သီချင်းသံနှင့် စည်းချက်ညီစွာ မြူးထူးအော်ဟစ်၍ လိုက်ပါလာ၏။

"ဒီကောင်တွေက မာန်ဟုန်မြစ်ထဲမှာပဲ တွေ့ရတဲ့ ဆန်းကြယ်သားရဲတွေ... သူတို့ကို မြစ်ကြောင်းချောပို့တွေလို့ ခေါ်ကြတယ်..."

အဘွားစစ်က ဆက်ပြောလိုက်သည်။ "မြစ်ကြောင်းချောပို့တွေက ဒီရွာသူရွာသားတွေ ရင်ထဲက မြစ်စောင့်နတ်ဘုရားတွေပဲ... သူတို့က အမွှေးတိုင်နံ့နဲ့ အမဲသား ကြိုက်တယ်... သူတို့ အကြိုက်ဆုံးကတော့ သူတို့ကို ချီးမြှောက် သီဖွဲ့ထားတဲ့ သီချင်းတွေကို နားထောင်ရတာပဲ... မြစ်ကမ်းဘေးမှာ နေတဲ့လူတွေက အမွှေးတိုင်လေး နည်းနည်း ထွန်းလိုက်တာနဲ့ သူတို့ကို ခေါ်လို့ ရတယ်... အမဲသားကျွေးရင် မြစ်ကြောင်းအတိုင်း ခေါ်သွားရော... လမ်းမှာ သူတို့ ဗိုက်ဆာရင်တော့ အမဲသားတွေ ထပ်ကျွေးရတယ်... မဟုတ်ရင် ငါတို့ကို ရေထဲ ခါချခဲ့မှာ..."

ချင်မူ တအံ့တဩ စုတ်သပ်လိုက်မိသည်။

မြစ်ကြောင်းချောပို့များ၏ ကူးခတ်နှုန်းက လွန်စွာ လျင်မြန်လှ၏။ ထို့ပြင် ၎င်းတို့က ရေစီးအတိုင်း စုန်ဆင်းနေခြင်း ဖြစ်သဖြင့် ချင်မူတို့၏ မျက်နှာများပင် လေတဟူးဟူး ရိုက်ခတ်ခြင်း ခံရသည်။ မြေပြင်ပေါ်တွင် မြင်းရိုင်းများ တခွပ်ခွပ် ပြေးသည်ထက်ပင် မြန်နေသေး၏။

ချင်မူ တွက်ချက်ကြည့်လိုက်သည်။ မြစ်ကြောင်းချောပို့များ၏ အမြန်နှုန်းက ဤအတိုင်း ဆက်သွားလျှင် နယ်စပ်နဂါးမြို့သို့ ညမတိုင်မီ ရောက်ရှိပေလိမ့်မည်။

မာန်ဟုန်မြစ်ထဲတွင် မြစ်ကြောင်းချောပို့များ၏ အော်ဟစ်သံများက မြစ်ကမ်းဘေးနှစ်ဖက်မှ တောင်နံရံများကို ရိုက်ခတ်၍ နိမ့်လိုက်မြင့်လိုက် ထွက်ပေါ်နေသည်။ နေရောင်က သူတို့၏ မျက်နှာပေါ်သို့ ဖြာကျ၍ မြစ်ပြင်က ရွှေရောင် လှိုင်းကြက်ခွပ်လေးများနှင့် တလက်လက်ထနေ၏။

ချင်မူ အဝေးသို့ ငေးကြည့်ရင်း ရုတ်တရက် သူ့စိတ်နှင့် ခန္ဓာကိုယ်က အဆုံးအစမဲ့ ကျယ်ပြန့်လာပြီး သူ့ရင်ခွင် တစ်ထောင့်တစ်နေရာတွင် ရွှေရောင်မြစ်ပြင်များ၊ တောင်တန်းညို့ညို့များ၊ ကောင်းကင်ပြာပြာများ၊ မြစ်ကြောင်းစိမ်းစိမ်းများ ပုန်းခိုနေသကဲ့သို့ ခံစားလိုက်ရသည်။

ဤသည်က ဆန်းကြယ်သော လူသားများနှင့် မြစ်နေသတ္တဝါတို့၏ ဆန်းကြယ်သော နေရာဒေသ ဖြစ်၏။ မဟာမြို့ပျက်၏ အပြင်ဘက်မှ လူများအတွက်တော့ ဤသည်က ခေါင်သီသည့် နေရာ၊ အရောက်အပေါက်နည်းသည့် မြစ်ပြင်နှင့် မကောင်းဆိုးဝါး လူဆိုးများသာ ဖြစ်သော်လည်း ချင်မူ့အတွက်တော့ သူ့မွေးရပ်မြေ ဖြစ်သည်။

ညနေပိုင်း ရောက်သောအခါ နေလုံးကြီးက အနောက်ဘက်ကမ်းတွင် မေးတင်၍ မြစ်ကမ်းဘေးတွင် ဆိပ်ကမ်းငယ်လေးများ ရှိနေသည်ကို ချင်မူ မြင်လာရ၏။ မြစ်ကြောင်းချောပို့များက သူတို့၏ အရှိန်ကို တဖြည်းဖြည်း လျှော့၍ ထိုဆိပ်ကမ်းဆီသို့ ကူးခတ်သွားကြသည်။

အဘွားစစ်က ထရပ်၍ ပြုံးလိုက်၏။ "ငါတို့ နယ်စပ်နဂါးမြို့ကို ရောက်တော့မယ်... မူအာ၊ နွားလှည်းကို မောင်းချလိုက်... မြို့ထဲကို မြန်မြန် သွားရအောင်..."

ချင်မူက နွားလှည်းကို မြစ်ကမ်းပေါ်သို့ မောင်းတက်လိုက်သည်။ နောက်ပြန် လှည့်ကြည့်လိုက်သောအခါ အခြား မြစ်ကြောင်းချောပို့များလည်း မြစ်ကမ်းခြေသို့ ဆိုက်ကပ်လာပြီး အခြားရွာမှ လူများသည်လည်း သူတို့၏ နွားလှည်း၊ မြင်းလှည်းများကို လျင်မြန်စွာ မောင်းနှင်၍ တစ်နေရာတည်းသို့ ဦးတည်ထွက်သွားကြကြောင်း တွေ့ရ၏။

နွားလှည်းက ရှေ့သို့ တစ်မိုင်ခန့် မောင်းနှင်ပြီးသွားသောအခါ တောင်ကုန်းလေး တစ်ခုပေါ်သို့ ရောက်ရှိလာသည်။ ရှေ့တွင် တောင်စောင်း ကုန်းလျှောတစ်ခု ရှိနေ၍ ချင်မူ လှည်းပေါ်မှ ခုန်ဆင်းပြီး နွားများ လမ်းချော်မသွားအောင် ထိန်းကျောင်းပေးရန် ပြင်လိုက်၏။ သို့သော်လည်း သူ့ရင်ထဲတွင် လှုပ်ခါသွားပြီး ရှေ့တူရူမှ မြင်ကွင်းကို မျက်တောင်မခတ်စတမ်း ငေးစိုက်ကြည့်လိုက်မိသည်။

ဤတောင်စောင်း၏ အောက်တွင် ရိုးရှင်းသော်လည်း ခမ်းနားထည်ဝါသည့် မြို့ကြီးတစ်မြို့ဆီသို့ ဦးတည်သွားရာ လမ်းမကြီးတစ်ခု ရှိနေ၏။ ထိုမြို့၏ မြို့ရိုးနံရံ ထောင့်လေးထောင့်တွင် လုံးပတ်ကိုက်တစ်ရာ၊ အရှည်ကိုက်ငါးရာခန့် ရှိသော ကျောက်တိုင်လုံးကြီးများ စိုက်ထူထားသည်။ ကျောက်တိုင်လုံးတစ်ခုစီတွင် နတ်နဂါးတစ်ကောင် ရစ်ပတ်နေသည့်ပုံ ထွင်းထုပြီး ရွှေရောင်ခြယ်သထားသဖြင့် နေရောင်အောက်တွင် တပြောင်ပြောင် တလက်လက် တောက်ပနေ၏။

မြို့ဝင်တံခါး မျှော်စင်မှာလည်း နဂါးခေါင်းပုံ တည်ဆောက်ထားသည်။ မြို့ဝင်တံခါးဝမှာ နဂါးခံတွင်းနေရာတွင် တည်ရှိပြီး မြို့ဦးမျှော်စင် နဖူးစည်းနေရာ၌ ဦးချိုနှစ်ခု ထွင်းထုထားသဖြင့် လွန်စွာ ခန့်ညားထည်ဝါလှ၏။

နယ်စပ်နဂါးမြို့...။

မဟာမြို့ပျက်၏ ရှားရှားပါးပါး စည်ပင်ဝပြောသည့် နေရာ...။

မဟာမြို့ပျက်က ကုန်ပစ္စည်း ရှားပါးလှသည်။ ဟင်းခတ်အမွှေးအကြိုင်များက ပြင်ပလောကတွင်သာ ဝယ်ယူရရှိနိုင်ပြီး အတော်များများမှာ အပြင်လောကသို့ မသွားနိုင်ကြချေ။ နယ်စပ်နဂါးမြို့ကဲ့သို့ စည်ပင်ဝပြောသော နေရာမျိုးတွင်သာ ပြင်ပလောကမှ ကုန်သည်များ လာရောက် ရောင်းဝယ် ဖောက်ကားကြ၏။ တစ်ချိန်တည်းတွင် မဟာမြို့ပျက်မှ အဖိုးတန်ပစ္စည်းများကိုလည်း ပြင်ပလောကသို့ ရောင်းချရန် ဝယ်ယူသွားကြပေလိမ့်မည်။

"ဒီနေရာရဲ့ နတ်နဂါးတိုင်လုံးတွေက ကျွန်တော်တို့ရွာမှာ ရှိတဲ့ ကျောက်ရုပ်တုတွေထက် အများကြီး ပိုကြီးတာပဲ..."

ချင်မူက အူလှိုက်သည်းလှိုက် သဘောကျနေပြီး တီးတိုးရေရွတ်လိုက်သည်။ "ဒီတိုင်လုံးတွေကိုသာ ခိုးသွားပြီး ကျွန်တော်တို့ ရွာအဝင်ဝမှာ ထားလိုက်ရင် သေချာပေါက် ရင်သပ်ရှုမောစရာ ကောင်းမှာပဲ..."

အဘွားစစ်က လက်လန်သည့်ဟန်ဖြင့် မျက်လုံးလှန်ကြည့်လိုက်၏။ "ခိုးလို့သာရရင် ဟိုးအရင်ကတည်းက ဘွားဘွား ခိုးလာခဲ့ပြီးပြီပေါ့ကွဲ့... ရွာထဲက အဘိုးကြီးတွေ အကုန်လုံးမှ ပါမလာရင် ဒါတွေကို ခိုးသွားဖို့ ဖြစ်နိုင်မှာ မဟုတ်ဘူး... မြန်မြန်သွား၊ မှောင်တော့မယ်... မြို့ထဲ မြန်မြန်ဝင်မှ ဖြစ်မယ်..."

လှည်းဝင်ရိုးသံ တကျွီကျွီနှင့်အတူ ချင်မူ မြို့ထဲသို့ နွားလှည်း မောင်းဝင်ခဲ့လိုက်သည်။ မြို့ထဲသို့ ရောက်သည်နှင့် သူ့ခေါင်းပြုတ်ထွက်မတတ် လှည့်ပတ်ကြည့်ရှုတော့၏။ နယ်စပ်နဂါးမြို့မှ အရာအားလုံးက သူ့အာရုံကို ဖမ်းစားထားနိုင်သည် မဟုတ်လား။

မြို့ထဲတွင်တော့ မြင်းလှည်းများ၊ နွားလှည်းများက တသီတတန်းကြီး  ဖြစ်နေ၏။ လူများကလည်း လက်ညှိုးထိုးမလွဲအောင် ပြည့်နှက်နေသည်။ ချင်မူ့အနေဖြင့် မွေးကတည်းက ယခုထိ ဤမျှ များပြားသော လူအုပ်ကို ပထမဦးဆုံး မြင်ဖူးခြင်း ဖြစ်၏။

ထို့ပြင် လှလှပပ ဝတ်စားထားသော မိန်းကလေးများစွာကလည်း အဆောက်အဦ အထက်ထပ်များမှ အားရဝမ်းသာ လက်ပြ၍ သူတို့နှင့် ကစားရန် လှမ်းခေါ်နေကြသေးသည်။

"မြို့ထဲက လူတွေက တကယ့်ကို ဖော်ရွေကြတာပဲ..."

ချင်မူမှာ အတော်လေး ပျော်သွားပြီး ထိုမိန်းကလေးများကို လက်ပြန်ပြ၍ အော်ဟစ်လိုက်၏။ "ကျွန်တော့်ကုန်တွေ ရောင်းပြီးရင် မမကြီးတို့နဲ့ လာကစားမယ်..."

မျက်ကန်းမှာ ရယ်ရမည်လား၊ ငိုရမည်လားမသိ ဖြစ်သွားသည်။ "မူအာ၊ အဲဒီမိန်းကလေးတွေက ခြေလှမ်းမှားနေတဲ့ မိန်းကလေးတွေ... သူတို့က မင်းနဲ့ တကယ် ကစားမလို့ မဟုတ်ဘူး... မင်းသာ အဲပေါ် တက်သွားရင် သူတို့က မင်းရဲ့ အရေခွံကို ဆွဲချွတ်ပြီး ရိုးတွင်းခြင်ဆီတွေ တစ်စက်မှ မကျန်အောင် စုပ်ပစ်လိမ့်မယ်..."

ချင်မူမှာ ကြောက်လန့်တကြား ထခုန်လိုက်မိ၏။ "ခြေလှမ်းမှားတာ ဟုတ်လား၊ ဘိုးဘိုးမျက်ကန်း... သူတို့ အကုန်လုံးက တည်တည်ငြိမ်ငြိမ်ပဲ ရပ်နေကြတာပါ၊ ခြေလှမ်း မှားလှမ်းတဲ့ သူတွေနဲ့လည်း မတူပါဘူး... သူတို့က မိန်းမကြီးဝူလို မိစ္ဆာတွေလား၊ မိန်းမကြီးဝူကလည်း ကျွန်တော့်ကို သူနဲ့ ရှက်စရာကောင်းတဲ့ ကစားနည်းမျိုး ကစားရအောင်လို့ ပြောခဲ့သေးတယ်... ဒါပေမဲ့ ကျွန်တော် သူနဲ့ မကစားခဲ့ပါဘူး..."

All Chapters