← Chapters

ညမအိပ်သောမြို့

Vol. 5 Ch. 67

ညမအိပ်သောမြို့

Vol. 5 Ch. 67

မျက်ကန်းမှာ ချင်မူ့ကို မည်သို့ ရှင်းပြရမည်မှန်း မသိတော့ဘဲ ဗလုံးဗထွေး ရယ်ချလိုက်၏။ "ဒီမြို့က ညမအိပ်တဲ့ နဂါးမြို့လို့လည်း ခေါ်တယ်... ညကျရင် လမ်းမတွေ အကုန်လုံး မီးအိမ်တွေ ထွန်းထားတယ်... ဒီနား မိုင်တစ်ထောင် ပတ်လည်မှာ ရှိတဲ့ ရွာတွေ အကုန်လုံး ဒီနေရာကို လာပြီး ရောင်းဝယ်ဖောက်ကားကြတာ... မူအာ၊ အဘွားကြီး... ငါ နင်တို့နှစ်ယောက်နဲ့ မနေတော့ဘူး... သွားတော့မယ်... အဘွားကြီး၊ နင့်မှာ မုန့်ဖိုးလေး ဘာလေးများ အပို မရှိဘူးလား..."

မျက်ကန်းက သူ၏ ဝါးတောင်ဝှေးကို အားပြု၍ မတ်မတ်ရပ်ပြီး အပြုံးပန်းဝေသော မျက်နှာဖြင့် လက်ဖြန့်လိုက်သည်။

အဘွားစစ်က သူ့ကို မမြင်ချင်ယောင် ဆောင်လိုက်၏။

မျက်ကန်းက နွားလှည်းပေါ်မှ သားရဲအရေခွံများထံ လက်လှမ်း၍ ပြုံးပြလိုက်သည်။ "မူအာ၊ ဘိုးဘိုးကို သားရဲအရေခွံ နှစ်ချပ် ခဏချေး... ဘိုးဘိုး သွားကစားပြီး နိုင်လာရင် အတိုးရော အရင်းပါ ပြန်ပေးမယ်..."

ချင်မူက ပြုံးလိုက်၏။ "စိတ်ကြိုက်ယူသွား၊ ဘိုးဘိုးမျက်ကန်း... ပြန်ပေးစရာ မလိုပါဘူး..."

"သူ့ကို မပေးလိုက်နဲ့..."

အဘွားစစ်က ဒေါသတကြီး ဆူငေါက်လိုက်သည်။ "ဒီသောက်အဘိုးကြီးက ဒီနေရာကို လာတိုင်း လောင်းကစားရုံကို သွားနေတာ... သွားတိုင်းလည်း တစ်ပြားမကျန်အောင် ရှုံးလာတာချည်းပဲ... သားရဲအရေခွံ နှစ်ချပ်ဆိုတာ ဟင်းခတ်အမွှေးအကြိုင်တွေ အများကြီး ဝယ်လို့ရတယ်... သူ့ပေးလိုက်မဲ့အစား ရေထဲ ပစ်ချတာကမှ ပလုံဆိုတဲ့ အသံ ကြားရဦးမယ်..."

မျက်ကန်းက သားရဲ အရေခွံနှစ်ချပ်ကို သူ့ကိုယ်တွင် ပတ်၍ လူအုပ်ကြားထဲ ဝင်ရောက် ပျောက်ကွယ်သွားချေပြီ။

အဘွားစစ်က ဒေါသတကြီး ခြေဆောင့်လိုက်၏။ ချင်မူက ဇဝေဇဝါဖြင့် မေးလိုက်သည်။ "ဘွားဘွား၊ လောင်းကစားရုံဆိုတာ ဘယ်လိုဟာမျိုးလဲ..."

အဘွားစစ်မှာ ဒေါသအိုး ပေါက်ကွဲသွား၏။ "မင်းက အစောတုန်းကလည်း ခြေလှမ်းမှားတဲ့ မိန်းကလေးတွေနဲ့ သွားကစားချင်ပြီးပြီ... အခုလည်း လောင်းကစားရုံကို သွားချင်ပြန်ပြီလား... မူအာ၊ မင်းကတော့ မကောင်းတာတွေချည်းပဲ သင်နေတယ်..."

ချင်မူမှာ နားမလည်နိုင် ဖြစ်သွားသည်။ "စိတ်မဆိုးပါနဲ့ ဘွားဘွား၊ ကျွန်တော် သူတို့နဲ့ သွားမကစားတော့ပါဘူး... ဒါနဲ့ ဘွားဘွား၊ ဒီနေရာမှာ စံအိမ်နီ ရှိလားဟင်... ကြောင်စံအိမ်သခင်၊ ဖူချင်းယွင်က သူ့ကို ကြောင်စံအိမ်ရှိတဲ့ နေရာမှာ လာရှာလို့ ရတယ် ပြောလို့..."

အဘွားစစ်က သူ့ကို စိုက်ကြည့်၍ သရော်တော်တော် ပြောလိုက်သည်။ "အခု မင်းက အဆင့်မရှိတဲ့ ပြည့်တန်ဆာအိမ်ကို သွားချင်ပြန်ပြီပေါ့ ဟုတ်လား... အဲဒီ မြေခွေးမ ဖူချင်းယွင်နဲ့ ဝေးဝေးနေတာ အကောင်းဆုံးပဲ..."

ချင်မူမှာ ဝေခွဲမရ ဖြစ်သွား၏။ သူက ကြောင်စံအိမ်သို့ သွား၍ လူရှာလိုခြင်း ဖြစ်သည်။ အဘယ်ကြောင့် အဆင့် မရှိသည့် ပြည့်တန်ဆာအိမ် ဖြစ်သွားရသနည်း...။ ထို့ပြင် ပြည့်တန်ဆာအိမ် ဆိုသည်မှာရော မည်သို့သော နေရာမျိုးနည်း...။

"မြို့ထဲမှက စည်းကမ်းတွေ များလှချည်လား... ဟိုဟာလည်း မလုပ်ရဘူး... ဒီဟာလည်း မလုပ်ရဘူး ဆိုတာချည်းပဲ..."

သူတို့ နှစ်ယောက်က နွားလှည်းကို ဈေးထဲသို့ မောင်းဝင်လာခဲ့၏။ ဤနေရာတွင် လူအတော်လေး ရှုပ်ပြီး ကုန်ပစ္စည်း မျိုးစုံ ရောင်းချနေကြသည်။ တပြောင်ပြောင် တလက်လက်နှင့် ထူးဆန်းသည့် အဝတ်အစားများ မျက်စိကျိန်းလောက်အောင် ဝတ်ဆင်ထားသော လူမျိုးကွဲ များစွာလည်း ရှိနေ၏။

များစွာ မကြာလိုက်ဘဲ အဘွားစစ်က သံထည်များနှင့် သားရဲအရေခွံများ ရောင်းချပြီး ဟင်းခတ်အမွှေးအကြိုင်များ ဝယ်ယူလိုက်သည်။ ထိုကုန်သည်က အပြင်လောကမှ ဖြစ်ပြီး ထူးခြားသော လေသံ ရှိကာ သူ့ကိုယ်သူ ထာဝရ ငြိမ်းချမ်းရေး အင်ပါယာမှ လာသူဟု ပြော၏။

အဘွားစစ်က မိန်းမ တစ်ယောက် ဖြစ်သော်လည်း လက်ဖွာသူ ဖြစ်ပြီး ဈေးဆစ်ရာတွင် မကျွမ်းကျင်ပေ။ သူမက ရွှေအ သွန်းလုပ်ထားသော သံထည် ပစ္စည်းများကို ဈေးပေါပေါနှင့် ရောင်းချခဲ့၏။ သားရဲ အရေခွံများပင် ဈေးကောင်း မရခဲ့ချေ။ သို့သော်လည်း ကုန်သည်များက စိတ်ရင်းကောင်းသဖြင့် အဘွားစစ်နှင့် ချင်မူ့အပေါ် အမြတ်ထုတ်မိသလို ခံစားမိပြီး နဂါးကြေးပြား တစ်ရာပါသော ငွေထုပ် တစ်ထုပ်ကို ထပ်ပေးလိုက်၏။

နဂါးကြေးပြားက နယ်စပ်နဂါးမြို့တွင် အသုံးပြုသော ငွေကြေး ဖြစ်သည်။ ထိုကြေးပြားများ အပေါ်တွင် နယ်စပ်နဂါးမြို့၏ ထောင့်လေးထောင့်မှ နဂါးတိုင်လုံးကြီးများ၏ ပုံသဏ္ဌာန်အတိုင်း တံဆိပ် ခတ်နှိပ်ထားသည်။ ထိုကြေးပြားများက ထူးကဲသည့် ဖွဲ့စည်းပုံ ရှိကြောင်း ချင်မူ ခံစားလိုက်မိသည်။ ကြည့်ရသည်မှာ တုပနိုင်ခြင်း မရှိစေရန် နည်းပညာ တစ်မျိုးဖြင့် သွန်းလုပ်ထားခြင်း ဖြစ်မည်။

ထို့နောက် သူတို့ နှစ်ယောက်က နွားများနှင့် ဆိတ်များကို ရောင်းချလိုက်သည်။ ထိုနွားများနှင့် ဆိတ်များက သူတို့ ကံကြမ္မာကို သိသည့်နှယ် မျက်ရည်များ တွေတွေကျ၍ ချင်မူ၏ အဝတ်အစားများကို မလွှတ်တမ်း ကိုက်ထား၏။

ချင်မူက ချီတုံချတုံ ဖြစ်သွားသော်လည်း အဘွားစစ်က တီးတိုး ပြောလိုက်သည်။ "သူတို့အားလုံးက လူဆိုးတွေ..."

ချင်မူ ထခုန်မိမတတ် ထိတ်လန့်အံ့ဩသွားသည်။ ဤနွားများ၊ ဆိတ်များက တကယ်ပင် အဘွားစစ် အသွင်ပြောင်းခဲ့သော လူများ ဖြစ်နေ၏။

"သူတို့က ဓားပြတွေပဲ..."

အဘွားစစ်၏ အသံက ပိုးမျှင်ကဲ့သို့ တိုးညင်နေ၏။ "မင်းကို ခေါ်ပြီး တခြားရွာကို ကလေးသွားမွေးတဲ့ တစ်ခေါက်ကို မှတ်မိလား... ငါတို့ အဲဒီကို ရောက်သွားတော့ တစ်ရွာလုံး အသတ်ခံထားရတာလေ... ဒီနှစ်တွေထဲမှာ အဲဒီ ဓားပြတွေကို ခြေရာခံ လိုက်ခဲ့ပေမဲ့ မအောင်မြင်ခဲ့ဘူး... ဒီတစ်ရက်၊ နှစ်ရက်တုန်းကမှ သူတို့ကို ငါ တွေ့ခဲ့တာ..."

ချင်မူ၏ ရင်ထဲတွင် တုန်ခါသွား၏။ သူ၏ အင်္ကျီစကို ပြန်ဆွဲယူလိုက်ပြီး ကုန်သည်များအား ထိုနွားနှင့် ဆိတ်များကို ဆွဲခေါ်သွားခွင့် ပြုလိုက်သည်။ ဤသတ္တဝါများ ရင်ဆိုင်ကြုံတွေ့ရမည်က သတ်စားခြင်း ခံရသော် ခံရ၊ သတ်စား မခံရလျှင် လယ်ယာ ထွန်ယက်ရမည်သာ ဖြစ်သည်။ ဤသည်က လုပ်သင့်သော အလုပ်တစ်ခု မဟုတ်သည့်တိုင် အဘွားစစ် မှားသည်ဟုလည်း ပြောမရချေ။

မဟာမြို့ပျက်က ထိုသို့သော နေရာမျိုး ဖြစ်၏။ အားကြီးသူသာ အနိုင် ဖြစ်သည်။ အဘွားစစ် လုပ်သည်က လွန်ချင် လွန်မည် ဖြစ်သော်လည်း ဘာမျှ မလုပ်သည်ထက် စာလျှင် တော်ပေသေးသည်။

သူ့ရင်ထဲတွင် လှုပ်ခတ်သွားမိ၏။ ထိုအဖြစ်အပျက်က ချင်မူ၏ ရင်ထဲတွင် အတော်လေး ထိခိုက် ခံစားခဲ့ရသည်။ ဆယ်နှစ်ကျော် ကြာပြီးသည့်တိုင်အောင် ရက်ရက်စက်စက် အသတ်ခံခဲ့ရသော ရွာသူရွာသားများအတွက် လက်စားချေပေးရန် အဘွားစစ်က စဉ်းစားနေဦးမည်ဟု သူ မထင်ခဲ့မိပေ။

သူတို့ နှစ်ယောက်က အထည်လိပ် အချို့နှင့် အရက်အိုးများကို ဝယ်ပြီးနောက် တည်းခိုဆောင်သို့ ပြန်လာခဲ့ကြသည်။ အဘွားစစ်က နှုတ်ခမ်းနီ၊ ပါးနီမှုန့်နှင့် မျက်နှာချေများ ရောင်းသည့် ဆိုင်တစ်ဆိုင်ကို မြင်သောအခါ သူမ၏ ခြေလှမ်းများကို ရပ်လိုက်သည်။

“ပစ္စည်းကောင်းပဲ… ဒီလို အရည်အသွေးကောင်းတဲ့ မျက်နှာချေမှုန့်မျိုးမှ ဘွားဘွားရဲ့ အနှိုင်းမဲ့ အလှနဲ့ လိုက်ဖက်မှာ…” အဘွားကြီးအိုလေးမှာ အလွန်တရာ ပျော်ရွှင်မြူးထူးသွားဟန်ဖြင့် မျက်လုံးများ အရောင်တောက်သွားသည်။ သူမ၏ သွားကျိုးများက ပါးစပ်ကို လုံအောင်ပင် စေ့ပိတ်မထားနိုင်သဖြင့် အနီးအနားမှ မိန်းမပျိုလေးများမှာ အတောမသတ်အောင် ရယ်မောလိုက်မိကြ၏။

အဘွားစစ်က သူတို့၏ ရယ်သံများကို မကြားသယောင် ပြု၍ လက်ကျန် ပိုက်ဆံများကို အကုန်သုံး၍ အလှကုန် ပစ္စည်းများ ဝယ်လိုက်သည်။ ထို့နောက် ဘူးကြီး၊ ဘူးငယ် အသွယ်သွယ်ကို သယ်ပိုး၍ ဘေးနားတွင် ရပ်နေသော ချင်မူ့ကို မြင်မှ စိတ်မကောင်း ဖြစ်သွား၏။ ပိုက်ဆံအိတ်ထဲသို့ နှိုက်လိုက်ပြီး နောက်ဆုံး ကျန်တော့သည့် နဂါးကြေးပြားကို ချင်မူ၏ အိပ်ကပ်ထဲ ထည့်ပေးလိုက်သည်။ ထို့နောက် ခပ်တိုးတိုး ပြောလိုက်၏။ “မူအာ… ကောင်းတာလေး တစ်ခုခု သွားဝယ်စားချေ… ကြိုက်တဲ့ ပစ္စည်း သွားဝယ်… အခုတော့ မသွားသေးနဲ့ဦး… ဘွားဘွားရဲ့ အလှကုန် ပစ္စည်းတွေ တည်းခိုဆောင်ကို အရင် လိုက်ပို့ဦး…”

ချင်မူက အလှကုန် ပစ္စည်းများကို တည်းခိုဆောင်သို့ လိုက်ပို့လိုက်သည်။ တည်းခိုဆောင် ပိုင်ရှင်က သူတို့ နှစ်ယောက်ကို ရိုသေစွာ နှုတ်ဆက်၍ သူတို့အတွက် အခန်း ပြင်ထားကြောင်း ပြောလိုက်၏။

ချင်မူက တည်းခိုဆောင် ပိုင်ရှင်ကို သံသယမကင်းစွာ ခြေဆုံးခေါင်းဆုံး ကြည့်လိုက်မိပြီး သူ့ရင်ထဲတွင် လှုပ်ခါသွားသည်။ တည်းခိုဆောင် ပိုင်ရှင်က သူ့ကို မျက်စိမှိတ်ပြ၍ ခပ်တိုးတိုး ပြောလိုက်၏။ “ဂိုဏ်းသခင်လေးကို ဂါရဝပြုပါတယ်…”

“ကောင်းကင်နတ်ဆိုးဂိုဏ်းရဲ့ စံအိမ်သခင် သုံးရာ့ခြောက်ဆယ်က အသက်မွေးဝမ်းကြောင်း လုပ်ငန်းတွေ အကုန်လုံးမှာ စိမ့်ဝင်ရောယှက်နေတာပဲ… နယ်စပ်နဂါးမြို့မှာတောင် တည်းခိုဆောင် ဖွင့်ထားလိုက်သေးတယ်…”

ချင်မူက သူ့အမူအရာကို ပြန်ထိန်း၍ အိပ်ခန်းထဲသို့ လှမ်းဝင်လိုက်သည်။ ဝယ်လာသော ပစ္စည်းများကို ချပြီးသောအခါ အဘွားစစ်က သူ့ကို နှင်ထုတ်လိုက်၏။ “မင့်အတွက် ဒီလို မြို့ထဲ လာရတာ ရှားရှားပါးပါး အခွင့်အရေးပဲ… လျှောက်လည်ချေ သွား… အိုး… မင်းရဲ့ နဂါးကြေးပြားကို အကျိုးရှိရှိ သုံးနော်…”

ချင်မူက သူ၏ နဂါးကြေးပြားကို ယူ၍ ထွက်လာခဲ့လိုက်၏။ နယ်စပ်နဂါးမြို့က ညအခါတွင် ပို၍ သာယာကြည်နူးဖွယ် ကောင်းပြီး မီးအိမ်များ ထွန်းညှိထားသည်။ ဈေးသည်များနှင့် ရွာအသီးသီးမှ လူများက ဆန်းကြယ်သည့် ပစ္စည်း အမျိုးမျိုးကို ရောင်းဝယ်ဖောက်ကားနေကြသည်။ လမ်းမများက လူအုပ်ကြီးဖြင့် ပြည့်၍ လူဦးခေါင်း ပင်လယ်ကြီး တစ်ခုပမာ ဖြစ်နေသည်။

“ကျုပ်သမီးနဲ့ ကျုပ်က နွားမိသားစုရွာက လာတာပါ… ကျုပ်တို့က နာမည်ဂုဏ်ဒြပ်တွေ၊ ရွှေငွေတွေ မလိုပါဘူး… ကျုပ်သမီးက  လက်ထပ်ထိန်းမြားဖို့ အရွယ်ရောက်နေပြီး စိတ်ကူးထားတဲ့သူ မရှိသေးတာမလို့ သိုင်းပြိုင်ပွဲ ကျင်းပပြီး သားမက်ရှာချင်တာပါ… သိုင်းပညာ ထူးချွန်တဲ့ လူတော်လူကောင်း တစ်ယောက် ရှာနေတာပါ…”

ချင်မူက ထိုအသံကို ကြားပြီး ခြေလှမ်းများ ရပ်တန့်လိုက်သည်။ သိုင်းပြိုင်ကွင်းဆီသို့ လှမ်းကြည့်ပြီး ရယ်ရမလို၊ ငိုရမလို ဖြစ်သွားသည်။ ထိုနေရာတွင် လူများ ကျိတ်ကျိတ်တိုးနေပြီး ဖြတ်သွားရန်ပင် လွယ်မည့်ပုံ မပေါ်ချေ။

“နွားမိသားစုက သားအဖက ဒီမှာ လာပြီး သိုင်းပြိုင်ပွဲနဲ့ သားမက်ရှာပြန်ပြီလား… လွန်ခဲ့တဲ့ သုံးနှစ်တုန်းကလည်း ဘွားဘွားကြီး ဘုရားကျောင်းမှာ သားမက် ရှာနေတာ… အခုထိ မတွေ့သေးတာလား…”

“နဂါးကြေးပြား တစ်ပြားနဲ့ ငါ ဘာဝယ်လို့ ရမလဲ…”

ချင်မူ စဉ်းစားနေစဉ်မှာပင် အော်သံတစ်ခု ကြားလိုက်သည်။ “အဖိုးမဖြတ်နိုင်တဲ့ ရတနာတွေ ကြေးပြားသုံးပြားတည်းနဲ့ ရောင်းနေတယ်နော်…”

အသံ လာရာဆီသို့ လှမ်းကြည့်လိုက်သောအခါ လမ်းကြား တစ်ခုတွင် လူပေါင်းများစွာက ထူးဆန်းသည့်ပုံ ပေါက်သည့် ပစ္စည်းများ ခင်းကျင်း ရောင်းချနေကြောင်း တွေ့လိုက်ရသည်။ ထိုပစ္စည်းများက အုတ်ကျိုးပုံများသာ ဖြစ်သည်။

“ဒီအုတ်ခဲကျိုးတွေက အဖိုးမဖြတ်နိုင်တဲ့ ရတနာတွေတဲ့လား… အဖိုးမဖြတ်နိုင်တဲ့ ရတနာတွေဆိုရင် ဘာလို့ ဒီလောက် ဈေးချိုချိုနဲ့ ရောင်းနေရတာလဲ…”

ချင်မူက အံ့အားသင့်သွားပြီး သူ၏ ကောင်ကင်မျက်လုံးကို တိတ်တခိုး ဖွင့်၍ ကြည့်လိုက်သည်။ သူ့ခေါင်းကို စိတ်ပျက်လက်ပျက် ယမ်းလိုက်မိ၏။ ဤပစ္စည်းများက သာမန် အုတ်ခဲကျိုးများသာ ဖြစ်သည်။ အများစုက မဟာမြို့ပျက်၏ အဆောက်အဦပျက်များထံမှ ကောက်ယူလာခြင်း ဖြစ်မည်။ မည်သည့် စွမ်းအင်မျှ မရှိဘဲ ဝိညာဉ်လက်နက်ကဲ့သို့သော ရတနာများနှင့် များစွာ ကွာခြားလှသည်။ ကြေးပြား သုံးပြားနှင့် ရောင်းရန် မဆိုထားနှင့်၊ အလကား ပေးလျှင်ပင် လိုချင်သူ ရှိလိမ့်မည် မဟုတ်ပေ။

သို့သော်လည်း ထိုဆိုင်ခန်းများရှေ့တွင် ရတနာများ ရှာတွေ့နိုင်မည်လား မျှော်လင့်ချက်နှင့် ရပ်၍ ကြည့်ရှုနေကြသော သိုင်းသမားပုံ ပေါက်သည့်  လူပေါင်းများစွာ ရှိနေသည်။

ချင်မူက ထိုဆိုင်ခန်းများကို တစ်ခုပြီး တစ်ခု လိုက်ကြည့်ရင်း ရင်ထဲတွင် လှုပ်ရှားသွားသည်။ ပစ္စည်းကောင်း အချို့ သူ တွေ့လိုက်၏။ အချို့ ဆိုင်ခန်းများမှ လက်နက် အပိုင်းအစများကို သူ မျက်စိကျသွားသည်။ ထိုလက်နက် အပိုင်းအစများက ခပ်ဖျော့ဖျော့ အလင်းရောင်သန်းနေပြီး တန်ဖိုးရှိသည့် ဝိညာဉ်လက်နက် တစ်ခုခု ဖြစ်ပေလိမ့်မည်။

သူ ဈေးမေးရန် ရှေ့တိုးသွားလိုက်သော်လည်း ပါးစပ်အဟောင်းသား ဖြစ်သွားသည်။ ထိုဝိညာဉ်လက်နက် အပိုင်းအစ တစ်ခုက နဂါးကြေးပြား ဒါဇင်ချီ ဈေးခေါ်ထား၏။

“ဒါ… သက်သက် ကလိန်ကျတာပဲ… မဟုတ်ဘူးလား…”

ချင်မူက ရှေ့ဆက် လျှောက်လှမ်းရင်း ဆိတ်သားရေ တစ်ချပ်ပေါ်တွင် ဖြန့်ခင်းထားသည့် မြေအိုးများကို လှမ်းမြင်လိုက်သည်။ ထိုမြေအိုးများက အဖုံးမရှိတော့သည့် မြေအိုးများက မရှိ၊ နှုတ်ခမ်းပဲ့နေသည့် မြေအိုးများက ပဲ့နှင့် ဖြစ်၏။

သို့သော်လည်း ထိုမြေအိုးများကို ကောင်းကင်မျက်လုံးနှင့် ကြည့်လိုက်သောအခါ အစောက တွေ့ခဲ့သည့် ဝိညာဉ်လက်နက် အပိုင်းအစများထက် ပိုမိုတောက်ပစွာ လင်းလက်နေကြောင်း တွေ့လိုက်ရသည်။ သူ ရောင်းချခဲ့သည့် ဝိညာဉ်လက်နက်များထက်ပင် လင်းလက်သေး၏။

“ဒီမြေအိုးတွေက ဘယ်လောက်လဲ…” ချင်မူက ရှေ့တိုးသွား၍ မေးလိုက်သည်။

“တစ်ခုကို ကြေးပြား သုံးပြား…” ဆိုင်ရှင်က ပြန်ဖြေလိုက်၏။

ချင်မူက သူ့အိပ်ကပ်ထဲမှ နဂါးကြေးပြားကို ထုတ်ယူ၍ ရှက်ကိုးရှက်ကန်းနှင့် ပြောလိုက်သည်။ “ကျွန်တော့်မှာ နဂါးကြေးပြား တစ်ပြားပဲ ရှိတယ်… ဒီအိုးတွေ အကုန်လုံး ရနိုင်မလား…”

ဆိုင်ရှင် အံ့အားသင့်သွား၏။ ထို့နောက် ဝမ်းသာအားရ ဖြစ်သွားပြီး နဂါးကြေးပြားကို ဖျတ်ခနဲ လှမ်းယူ၍ မြေအိုးများကို ထုပ်ပိုးကာ ချင်မူကို အပြုံးတစ်ခုနှင့် လှမ်းပေးလိုက်သည်။ “ဒါတွေ အကုန်လုံး မင့်ဟာ ဖြစ်သွားပြီ…”

“မိုက်လိုက်တဲ့ ကောင်လေး…”

ဘေးနားမှ ဆိုင်ရှင်များက ခပ်တိုးတိုး ရယ်မောလိုက်ကြသည်။ “သူက နဂါးကြေးပြား တစ်ပြားကို ရိုးရိုးကြေးပြား အပြားတစ်ထောင်တန်တယ် ဆိုတာတောင် မသိဘူး…”

ရောင်းချလိုက်သည့် ဆိုင်ရှင်က နဂါးကြေးပြားကို ခပ်တင်းတင်း ဆုပ်ကိုင်၍ ကမန်းကတန်း ပြောလိုက်သည်။ “ငါ့ညီ… မင့်စကား မင်း ပြန်ရုပ်သိမ်းလို့ မရဘူးနော်…”

ချင်မူမှာ ထိုအခါမှ နဂါးကြေးပြား၏ တန်ကြေးကို သိလိုက်ပြီး ပေါ့ပေါ့ပါးပါး ပြုံးလိုက်သည်။ “ခင်ဗျားနဲ့ ကျုပ်က အရောင်းအဝယ် လုပ်ပြီးပြီဆိုတော့ ကျုပ်စကားကျုပ် ပြန်မရုပ်သိမ်းပါဘူး… ဒီမြေအိုးတွေကို နဂါးကြေးပြား တစ်ပြား ပေးရတာ တန်တယ်လို့ ထင်ပါတယ်…”

ဆိုင်ရှင်က သက်ပြင်းမှုတ်ထုတ်၍ လှည့်ထွက်သွားတော့မည် ပြင်လိုက်စဉ်မှာပင် စူးစူးရှရှ အသံ တစ်သံ ထွက်ပေါ်လာ၏။ “နေပါဦး… ဒီမြေအိုးတွေကို ဘယ်လောက်နဲ့ ရောင်းမလဲ…”

ချင်မူ ခေါင်းမော့ကြည့်လိုက်သောအခါ ဝတ်ကောင်းစားလှများ ဝတ်ဆင်ထားသော လူများကို မြင်တွေ့လိုက်ရသည်။ သူတို့ကြားတွင်တော့ ပို၍တောက်ပြောင်သော ဝတ်ကောင်းစားလှများကို ဝတ်ဆင်ထားသည့် လူငယ် တစ်ယောက် ရှိနေသည်။ ထိုလူငယ်က နူးညံ့ချောမောသည့် သွင်ပြင် ရှိပြီး ကလေးရုပ် မပျောက်သေးသည့် မျက်နှာပြည့်ပြည့်နှင့် ဖြစ်သည်။ ချင်မူနှင့် စာလျှင် သူက ပို၍ ခံ့ညားထည်ဝါသည့် အရှိန်အဝါ ရှိပြီး ဆိတ်သားရေ အခင်းပေါ်သို့ စိတ်ဝင်တစား စိုက်ကြည့်နေသည်။

“ကောင်းကင်နတ်သိုင်း ပညာရှင်တွေပါလား…” ဆိုင်ရှင်ဖြစ်သူက အလန့်တကြား အော်ဟစ်လိုက်မိသည်။

ချင်မူမှာလည်း လွှတ်ခနဲ အော်ဟစ်လိုက်မိသည်။ “မင်းက ထာဝရ ငြိမ်းချမ်းရေး အင်ပါယာ သင်္ဘောပေါ်က ခပ်ဝဝ သတ္တမ သခင်လေး မဟုတ်လား…”

“ခပ်ဝဝ သတ္တမ သခင်လေး ဟုတ်လား…”

ထိုလူငယ်မှာ တစ်ခဏမျှ မှင်တက်မိသွားပြီးမှ ချင်မူ့ကို တစ်မုဟုတ်ချင်း မှတ်မိသွားသည်။ သူက ရှက်ရှက်နှင့် အံကြိတ်လိုက်၏။ “ဘယ်သူက ခပ်ဝဝ သတ္တမ သခင်လေးလဲ…”

ချင်မူက ထိုခပ်ဝဝ သတ္တမ သခင်လေးကို စိတ်မဝင်စားတော့ဘဲ သူ့နောက်မှ လူများကို ကြည့်လိုက်သည်။ ထိုသူများက ထူးကဲလှပြီး သူတို့၏ ခန္ဓာကိုယ်မှ ချီစွမ်းအင်များ စိမ့်ဖြာထွက်နေသည်။ ထိုထဲမှ တစ်ယောက်က သူ၏ ကိုယ်တွင် နဂါးစိမ်း တစ်ကောင် ရစ်ခွေနေ၏။ နဂါးစိမ်း၏ ခေါင်းက ထိုသူ၏ ဦးခေါင်းထက် ပိုမြင့်ပြီး ပတ်ဝန်းကျင်ကို တောက်ပသော မျက်လုံးများဖြင့် ဝေ့ဝဲကြည့်ရှုနေသည်။

ထိုသူက အရပ်ခြောက်မျက်နှာ ကောင်းကင်ရတနာ နိုးထပြီးသော နဂါးစိမ်း ဝိညာဉ် ခန္ဓာကိုယ် ပိုင်ဆိုင်ထားမှန်း သိသာထင်ရှား၏။ သူက ကောင်းကင်နတ်သိုင်း ပညာရှင် တစ်ယောက် ဖြစ်ပြီး သူ၏ ချီစွမ်းအင်က တစ်ချိန်လုံး ပုံသဏ္ဌာန်ဖွဲ့၍ နေသည်။

ချင်မူမှာလည်း သိပ်သည်းသော ချီစွမ်းအင် ရှိ၍ သူ့ချီစွမ်းအင်နှင့် ထိုသို့ ပုံသဏ္ဌာန်ဖွဲ့နိုင်သော်လည်း တိုက်ပွဲအတွင်းတွင်သာ ဖြစ်သည်။ သူ၏ ချီစွမ်းအင်က အလွန်တရာ အားကောင်း၍ ချီစွမ်းနှင့် အသွေးအသားတို့ ရောယှက်သွားသောအခါမှသာ အခြားသူများမြင်အောင် ချီစွမ်းအင် ပုံသဏ္ဌာန် ဖွဲ့ပြနိုင်သည်။

သို့သော်လည်း ကောင်းကင်နတ်သိုင်း ပညာရှင်များကတော့ ထိုသို့ မဟုတ်ပေ။ ကောင်းကင်နတ်သိုင်း ပညာရှင်များက သူတို့၏ ချီစွမ်းအင်ကို ကြိုက်သည့် အချိန်တွင် ပုံသဏ္ဌာန် ဖွဲ့ပြနိုင်၏။ သူတို့၏ ကောင်းကင်နတ်သိုင်းကို ထိုချီစွမ်းအင်ထဲတွင် သိုဝှက်၍ ရန်သူ၏ တိုက်ခိုက်မှုနှင့် ကြုံသည်နှင့် တစ်မုဟုတ်ချင်း ထိုကောင်းကင်နတ်သိုင်းဖြင့် ပြန်တိုက်နိုင်ကြသည်။

ချင်မူ့ကို အဘွားစစ် တစ်ခါက ပြောပြခဲ့ဖူး၏။ ဝိညာဉ် သန္ဓေသား အဆင့်က သိုင်းပညာရှင် စဖြစ်ခါစသာ ရှိသေးသည်။ ဓာတ်ကြီး ငါးပါးအဆင့်သို့ ရောက်သောအခါမှသာ အဆင့်မြင့် သိုင်းပညာရှင်အဖြစ် သတ်မှတ်နိုင်ပြီး ဓာတ်ကြီးငါးပါး၏ ပြောင်းလဲမှုကို ကျွမ်းကျင်လာကာ သိုင်းကွက် အသားပေး ပညာရပ်များ၊ မှော်သိုင်းကွက်များနှင့် အခြား အလားတူ သိုင်းပညာရပ်များကို ကောင်းကင်နတ်သိုင်းအဖြစ် ပြောင်းလဲလာနိုင်စွမ်း ရှိပေလိမ့်မည်။

အရပ်ခြောက်မျက်နှာ ကောင်းကင်ရတနာ၏ အတားအဆီး နံရံကို ချိုးဖျက်ပြီးသည်နှင့် ကောင်းကင်နတ်သိုင်းပညာရှင် တစ်ယောက် ဖြစ်လာပြီး ကောင်းကင်နတ်သိုင်းများကို အသုံးပြုနိုင်စွမ်း ရှိလာပေလိမ့်မည်။

နယ်စပ်နဂါးမြို့က သေးငယ်လှခြင်း မရှိဘဲ ကောင်းကင်နတ်သိုင်း ပညာရှင် များစွာ ရှိသော်လည်း၊ ကောင်းကင်နတ်သိုင်း ပညာရှင် များစွာကို နောက်လိုက်အဖြစ် ခေါ်လာနိုင်သည်မှာတော့ အတော်လေး အထင်ကြီးစရာ ဖြစ်၏။

“ဟုတ်ပါတယ်… ဒီမြေအိုးတွေကို ကျွန်တော် ရောင်းမှာပါ…”

ချင်မူက တစ်ချက်တွေး၍ ဈေးခေါ်လိုက်သည်။ “တစ်ခုကို နဂါးကြေးပြား တစ်ရာပါ…”

အစက သူ ဈေးခေါ်သည်မှာ များသွားပြီဟု တွေးလိုက်မိသော်လည်း ထိုခပ်ဝဝ သတ္တမ သခင်လေးက မျှော်လင့်မထားမိအောင် နွေးထွေးစွာ ပြုံး၍ ခေါင်းညိတ်လိုက်သည်။ “ဈေးသက်သာသားပဲ… မဆိုးဘူး… မင်းရဲ့ ဆိတ်သားရေပေါ်မှာ မြေအိုး သုံးဆယ့်ခြောက်အိုး ရှိတာ ဆိုတော့ စုစုပေါင်း နဂါးကြေးပြား သုံးထောင့်ခြောက်ရာပေါ့… အရာရှိတင်း… သူ့ကို ငွေချေလိုက်…”

သူ့နောက်မှ လူတစ်ဦးက ဦးညွှတ် အရိုအသေပြုလိုက်သည်။ “အမိန့်အတိုင်းပါ…” ထို့နောက် သူက ရှေ့သို့ တက်လာပြီး ချင်မူကို ငွေထုပ် တစ်ထုပ် ပေးလိုက်၏။

လမ်းကြားထဲမှ ဆိုင်ရှင်များနှင့် ဝယ်သူများ အားလုံး မှင်တက်မိသွားကြပြီး အသက်ရှူများ မှားသွားကြသည်။ အစောက ချင်မူ့ကို ထိုမြေအိုးများ ရောင်းချခဲ့သည့် လူမှာ မျက်လုံးများ တဆတ်ဆတ် လှုပ်ခတ်၍ လဲကျသတိလစ်လုမတတ် ဖြစ်သွားသည်။ သူက ထိုမြေအိုးများကို စူးရဲစွာ စိုက်ကြည့်လိုက်သော်လည်း ဝင်မလုရဲချေ။

All Chapters