လမ်းကြားတစ်လျှောက် တိုက်ခိုက်ခြင်း
Vol. 5 Ch. 68
နဂါးကြေးပြားက တစ်ပြားချင်း အရွယ်အစား မကြီးမားလှသော်လည်း သုံးထောင့် ခြောက်ရာဆိုသော အရေအတွက်က အတော်လေး များလှပြီး ဆယ်ပေါင်ကျော် လေး၏။ ချင်မူက ထိုကြေးပြားအိတ်ကို ဝက်ခုတ်ဓား၏ ဓားရိုးတွင် တွဲချည်လိုက်ပြီး တီးတိုး ရေရွတ်လိုက်သည်။ “ဒီခပ်ဝဝ သတ္တမ သခင်လေးက တကယ် ရက်ရောတာပဲ…”
သတ္တမ သခင်လေး၏ အကြည့်က ချင်မူ၏ နောက်ကျောမှ ဝက်ခုတ်ဓားထံ ရောက်သွားပြီး မျက်လုံးများ အရောင်တောက်သွားသည်။ “မင်း အဲ့ဒီဓား ရောင်းမယ်ဆိုရင် ဒီထက်ပိုပြီး ဈေးကောင်းပေးမယ်…”
ချင်မူက ခေါင်းခါယမ်းလိုက်၏။ “ငါ့ဓားမက အဲဒီ မြေအိုးတွေထက် အများကြီး သာတယ်… မရောင်းဘူး…”
“ဟုတ်တယ်… မင့်ဓားကို သွန်းလုပ်ထားတဲ့ သတ္ထုကိုက ဒီမြေအိုးတွေထက် သာတယ်…”
သတ္တမ သခင်လေးက မြေအိုးများကို သူ့နောက်မှ နောက်လိုက် တစ်ယောက်ထံ လှမ်းပေး၍ ပြုံးလိုက်သည်။ “ဒီမြေအိုးတွေက အရပ်ခြောက်မျက်နှာ အဆင့် ကောင်းကင်နတ်သိုင်း ပညာရှင် တစ်ယောက် ဖန်တီးထားတာ… စုစုပေါင်း ဝိညာဉ်လက်နက် သုံးဆယ့်ခြောက်ခု၊ သုံးဆယ့်ခြောက်သွယ် ကောင်းကင်ကြယ် မြေအိုးလို့ ခေါ်ပြီးတော့… ခုနစ်စဉ်ကြယ် မိစ္ဆာရှင်း ဝင်္ကပါကို ဖော်ထုတ်နိုင်တယ်… အနည်းအကျဉ်း ကျိုးပဲ့နေပေမဲ့ သူ့စွမ်းအားက ထုတ်သုံးလို့ ရသေးတယ်… ဒါပေမဲ့ ဒီမြေအိုးတွေက ငါ့အတွက်တော့ အသုံး မဝင်ပါဘူး… ဒီကနေ ယူသွားပြီး တော်ဝင်မင်းသား၊ မင်းသမီးတွေကို အမြတ်တင် ပြန်ရောင်းဖို့ စိတ်ကူးထားတာ… အရင်က သုံးဆယ့်ခြောက်သွယ် ကောင်းကင်ကြယ် မြေအိုးကို မြင်ဖူးလို့ ငါ မှတ်မိလိုက်တာ… မင်းအမြင်က သူများတွေထက် စူးရှတာပဲ… မင်းရော အရင်က ဒီအိုးတွေကို မြင်ဖူးထားတာလား…”
သူ့နောက်မှ နောက်လိုက် တစ်ယောက်က ချောင်းဟန့်လိုက်၏။ “သတ္တမ သခင်လေး… သခင်လေးက ရုပ်ဖျက် သွားလာနေတာဆိုတော့ ဒီမှာ ကြာကြာနေလို့ စိတ်မချရပါဘူး…”
သတ္တမ သခင်လေးက စိတ်တိုသွားသည်။ “မင်းတို့ အကုန်လုံးက မချုပ်ချယ်လွန်းဘူးလား… အပြင်ထွက် ကစားရတာ ပျော်ဖို့ မကောင်းတော့ဘူး…” သူက တတွတ်တွတ် ရွတ်၍ ခေါင်းခါယမ်းပြီး ထွက်သွားတော့၏။
သူက ချင်ဖေးယွဲ့ ဘက်တော်သား ဖြစ်ကြောင်း ချင်မူ သိ၏။ ချင်ဖေးယွဲ့က သူ့ကို လွန်စွာ အလေးအမြတ် ပြုသည်ကို ကြည့်လျှင် သူ၏ အဆင့်အတန်းက သာမန် ဟုတ်လိမ့်မည် မဟုတ်ချေ။ ဤနောက်လိုက်များက သူ့ကို အန္တရာယ် မဖြစ်စေလိုသည်မှာ သဘာဝကျ၏။
သူလည်း ထွက်သွားတော့မည် ပြင်လိုက်စဉ်မှာပင် သူ့ကို မြေအိုးများ ရောင်းခဲ့သည့် ဆိုင်ရှင်က ရုတ်တရက် သူ့အင်္ကျီစကို ဆုပ်ကိုင်၍ အော်ဟစ်လိုက်သည်။ “မင်း မသွားနဲ့… ငါ့မြေအိုးတွေက နဂါးကြေးပြား သုံးထောင်ကျော် တန်တာကို ကြေးပြား တစ်ပြားတည်းနဲ့ ဝယ်ချင်တာ… မင်း ငါ့ကို ပြန်လျော်ပေးရမယ်…” သူက ချင်မူ၏ ငွေအိတ်ကို ဆွဲယူရန် ကြိုးစားလိုက်၏။
ချင်မူ မျက်မှောင်ကြုတ်လိုက်သည်။ ရုတ်တရက် ခေါင်းမွေးများ ထောင်ထသွားပြီး အန္တရာယ်၏ အငွေ့အသက်ကို ရလိုက်၏။ လမ်းကြားထဲမှ လူတစ်ယောက်က သူ့နောက်သို့ ချဉ်းကပ်လာသည်။ ထိုသူက သူ့ဝတ်ရုံကို ဆွဲလှန်လိုက်ပြီး ထူးဆန်းသည့် ပုံသဏ္ဌာန် ရှိသည့် လက်နက် တစ်ခုကို ဆွဲထုတ်လိုက်၏။ ထိုလက်နက်က ဓားကွေး နှစ်ချောင်း ပူးထားသကဲ့သို့ ရှိပြီး အလွန်တရာ ထက်မြိလှသည်။
ထိုသူက လက်ဖဝါးကို မှောက်လိုက်သော်လည်း ထူးဆန်းသည့် လက်နက်က အောက်ပြုတ်ကျမသွားချေ။ ထိုအစား တဝီဝီ လည်ပတ်၍ ချင်မူ၏ လည်ပင်းဆီသို့ တိုးဝင်လာသည်။
ချင်မူ၏ ချီစွမ်းအင်များက ခြေထောက်ဆီသို့ တိုးဝင်သွားပြီး နောက်ဘက်သို့ ရုတ်တရက် ခုန်ဆုတ်လိုက်၏။ ဆိုင်ရှင် ဖြစ်သူက ငွေအိတ်ကို ဆုပ်ကိုင်မိတော့မည့်ဆဲဆဲမှာပင် ချင်မူက ကိုက်ပေါင်းများစွာသို့ ဆုတ်ခွာသွားပြီ ဖြစ်သည်။
ဓားရောင် တစ်ချက် လက်ခနဲ ဖြစ်သွားပြီး ထူးဆန်းသော လက်နက်နှင့် လူက ချင်မူ့နောက်သို့ အရိပ်ပမာ လိုက်သွားသည်။ သူ့လက်ထဲမှ ထူးဆန်းသော ဓားမက အပေါ်တက်လိုက်၊ အောက်ဆင်းလိုက် တဝီဝီ လည်ပတ် ပျံသန်းနေသည်။ ချင်မူ အလျင်အမြန် လှမ်းကြည့်လိုက်သောအခါ ထိုထူးဆန်းသော ဓားမကို ကြိုးမျှင် တစ်ချောင်းက ချိတ်ဆက်ထားသည်ကို တွေ့လိုက်ရ၏။ ထိုဓားမ၏ ဘေးနှစ်ဘက်က ဓားသွားအကွေး နှစ်ခု ဖြစ်သည်။ လက်ကိုင်က ထိုဓားကွေး နှစ်ခု၏ အလယ်တွင် ဖြစ်ပြီး ကြိုးမျှင်က ထိုလက်ကိုင်နှင့် ချိတ်ဆက်နေသည်။
“ချီစွမ်းအင်ကို ကြိုးမျှင်ဖွဲ့ပြီး ဓားမကို ထိန်းချုပ်တာ… သူက သိုင်းပညာရှင် တစ်ယောက်ပဲ…”
ထိုသိုင်းပညာရှင်၏ ဓားမသိုင်းက အလွန်တရာ ထူးခြားလှ၏။ သူ၏ ခြေကွက်များကလည်း ငါးရှဉ့် တစ်ကောင်ကဲ့သို့ ဖမ်းရခက်လှ၏။ ဓားမသိုင်းက ဤလမ်းကျဉ်းကျဉ်းလေးထဲတွင် လွန်စွာ အန္တရယ်ပေးနိုင်သည်။ နှင်းပွင့်ကဲ့သို့ ဆွတ်ဆွတ်ဖြူသော ဓားရောင် ကောင်းကင်ယံမှ ဝေ့ဝဲကျရောက်လာပြီး ပြင်းထန်သော အားအင် ပါဝင်လာ၏။
တစ်ချိန်တည်းမှာပင် အခြားသူများကလည်း ဝင်စမ်းကြည့်လိုဟန်ဖြင့် တစ်ယောက်ပြီး တစ်ယောက် ထရပ်လာကြသည်ကို ချင်မူ တွေ့လိုက်ရသည်။
ဤငွေအိတ်က ထိုသူများ၏ ရင်ထဲမှ လောဘကို လှိုင်းထ လှုပ်ခတ်စေခဲ့ကြောင်း ထင်ရှား၏။
နဂါးကြေးပြား သုံးထောင်ကျော်က ထိုသူများ၏ လောဘကို လူသတ်ချင်စိတ် ပေါက်သည်အထိ လှုပ်နှိုးနိုင်သော ပမာဏ ဖြစ်သည်။
“ငါ မြန်မြန် ပွဲသိမ်းမှ ရမယ်…”
ချင်မူက သူ့ခြေလှမ်းများကို ရုတ်ခြည်း ရပ်တန့်လိုက်သည်။ ချီစွမ်းအင်များက သူ့လက်သီး နှစ်ဖက်သို့ တစ်ဟုန်ထိုး တိုးဝင်သွား၏။
သူ့ခြေထောက်များက လက်မောင်းများမှတစ်ဆင့် လက်ချောင်းများဆီသို့ စီးဆင်းတိုးဝင်သွားသော ချီစွမ်းအင်အတိုင်း လိုက်လံ ရွေ့လျားလိုက်သည်။ သူ့လက်ချောင်းများကို လက်သီး ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပြီး ထူးဆန်းသော ဓားမနှင့် ထိတွေ့သွားသည်နှင့် သူ့လက်ချောင်းများကို လေးညှို့မှ လွှတ်လိုက်သည့် မြားတံများသဖွယ် တောက်ထုတ်လိုက်သည်။
မိုးကြိုးရှစ်ချက် လက်သီးသိုင်း၊ ဖီဖာတီးခတ်သူ၏ မိုးကြိုးလက်ချောင်း…။
ချွမ်…။
ပထမ လက်ချောင်းက ဆတ်ခနဲ ဆန့်ထွက်လာပြီး လေထုကို ရွှီခနဲ ထိုးခွင်းကာ လျင်မြန်စွာ လည်ပတ်နေသော ဓားသွားကို တောက်ထုတ်ပစ်လိုက်၏။ ဒုတိယလက်ချောင်းက ဆန့်ထွက်လာပြီး ချီစွမ်းအင် ကြိုးမျှင်ကို တောက်ထုတ် ဖျက်ဆီးပစ်သည်။
ထို့နောက် ချင်မူ၏ တတိယ လက်ချောင်း ဆန့်ထွက်လာပြီး တစ်ဘက်လူ၏ လက်ဖဝါးကို တောက်ထုတ်လိုက်၏။ ထိုသူ၏ လက်ဖဝါး၌ အပေါက်ကြီး တစ်ခု ပွင့်ထွက်သွားပြီး နာကျင်စွာ အော်ဟစ်လိုက်၏။
ချင်မူ၏ လက်ချောင်းတိုင်းတွင် အလွန်တရာ သိပ်သည်းသော ချီစွမ်းအင် ပါဝင်သည်။ သူ့ချီစွမ်းအင်က ကျားဖြူချီကဲ့သို့ စွမ်းအားမျိုး ထုတ်ဖော်နိုင်ခြင်း မရှိသော်လည်း အလွန်တရာ သိပ်သည်းသည့်အပြင် သူ့ခန္ဓာကိုယ်၏ ခွန်အားနှင့် ပေါင်းစည်းလိုက်သောအခါ လက်သုံးချောင်းနှင့်ပင် ထိုသူ၏ တိုက်ခိုက်မှုကို ချေဖျက်နိုင်စွမ်း ရှိ၏။ ထို့နောက် သူ့လက်ချောင်းများကို တဖန် ပြန်၍ လက်သီးဆုပ်လိုက်ပြီး ထိုသူ၏ ရင်ဝကို ထိုးချလိုက်သည်။
ထိုသူ၏ တစ်ကိုယ်လုံးမှာ ချင်မူ့ လက်သီးချက်၏ အားအဟုန်ကြောင့် ကွေးညွှတ်သွားပြီး နောက်သို့ လွင့်ထွက်သွား၏။
အထီးကျန် အရှေ့ပင်လယ်ပေါ်မှ နွေဦးမိုးကြိုး…။
ချင်မူက သူ့ခြေထောက်များဆီသို့ အားအဟုန်ကို ပို့လွှတ်၍ ထိုသူ မြေပေါ်သို့ ပြန်မကျမီ သူ့မျက်နှာသို့ ပြေးကန်လိုက်၏။ ထိုသူ၏ မျက်လုံးထဲတွင် ကြောက်ရွံ့ ထိတ်လန့်သည့် အမူအရာများ ပေါ်ထွက်လာသည်။ သို့သော်လည်း သူက လေထဲတွင် ဖြစ်၍ မည်သို့မျှ ခုခံကာကွယ်နိုင်စွမ်း မရှိချေ။
ထိုအခိုက်၌ လမ်းကြားဘေးတွင် ရပ်နေသော သိုင်းသမား နှစ်ယောက်က ချင်မူ ထိုသူ၏ နောက် တိုးလိုက်သွားသည်ကို မြင်ပြီး မျက်လုံးများ အရောင်လက်သွားကြသည်။ ထိုသူများက မည်သည့် စကား တစ်ခွန်းမျှ မဆိုဘဲ ချင်မူ့ကို တိုက်ခိုက်လိုက်ကြ၏။
ဘုန်း…။
ဘုန်း…၊ ဘုန်း…။
ထိုသိုင်းသမား နှစ်ယောက် သူတို့၏ တိုက်ကွက်များကို မထုတ်နိုင်မီမှာပင် ချင်မူ၏ လက်သီးက ကြီးသည်ထက် ကြီးလာသည်ကို သူတို့ မြင်တွေ့လိုက်ကြရ၏။ ကြမ်းတမ်း အားကောင်းသည့် မြေနဂါး တစ်ကောင်က သူတို့၏ မျက်နှာတည့်တည့်ကို ဝင်ဆောင့်သည့်အလား ခံစားလိုက်ကြရသည်။ သူတို့၏ ဦးခေါင်းများက နောက်သို့ လွင့်ထွက်သွားပြီး နံရံထဲသို့ ကျွံဝင်သွားကြ၏။ လည်ပင်းအောက်ပိုင်း ကိုယ်လုံးများကတော့ နံရံမှ တွဲလောင်းကျနေကြသည်။
နံရံကတော့ ဝင်ဆောင့်သည့် ဒဏ်ကြောင့် ပင့်ကူအိမ်ပုံ အက်ကွဲကြောင်းများ ဖြစ်သွား၏။
ရင်ဝသို့ အထိုးခံလိုက်ရသော သိုင်းသမားမှာလည်း ချင်မူ၏ နောက်ထပ် လက်သီးတစ်ချက်ကို ခပ်ပြင်းပြင်း ခံစားလိုက်ရသည်။ ဤလက်သီးချက်က ပထမ လက်သီးချက်ထက် ပိုမို ပြင်းထန်လှပြီး နောက်ဆီသို့ တစ်ဟုန်ထိုး လွင့်ထွက်သွား၏။
လမ်းကြားလေးထဲတွင်တော့ လူရိပ် တစ်ခုက ဟိုမှသည် လျှပ်ပြက်သကဲ့သို့ လှုပ်ရှားနေပြီး တဘုန်းဘုန်း အသံများ ထွက်ပေါ်လာသည်။ ထိုအသံများ ထွက်ပေါ်လာချိန်၌ သတ္တမ သခင်လေးနှင့် ကောင်းကင်နတ်သိုင်း ပညာရှင်များက လမ်းကြားထဲမှ လှမ်းထွက်ခါစသာ ရှိသေးသည်။ သူတို့က တအံ့တဩ နောက်လှည့်ကြည့်လိုက်မိကြ၏။
တတိယအကြိမ်မြောက် လွင့်ထွက်လာသော သိုင်းသမားမှာ သတ္တမ သခင်လေးထံ တိုးဝင်လာသည်။ ကောင်းကင်နတ်သိုင်း ပညာရှင်များက မျက်မှောင်ကြုတ်၍ တစ်စုံတစ်ခု ပြုတော့မည် ပြင်လိုက်စဉ်မှာပင် သတ္တမ သခင်လေးက ပြုံးလိုက်သည်။ “မလိုဘူး… ငါတို့ ရှောင်သွားကြတာပေါ့…”
သူတို့က ဘေးသို့ ရှောင်လိုက်သော်လည်း ချင်မူက ထိုသူ၏ နောက်မှ ကပ်ပါလာကြောင်း တွေ့လိုက်ကြရသည်။ သူ့လက်သီးချက်များက လျှပ်ပြက်သကဲ့သို့ လျင်မြန်လှပြီး အားပြင်းခြင်းနှင့် နူးညံ့သိမ်မွေ့ခြင်း၊ အပျော့နှင့် အမာ ယှဉ်တွဲ ပါဝင်နေသည်။ နောက်ဆုံး လက်သီးချက် ထိုးချလိုက်သောအခါ ထိုသူမှာ လမ်းကြားထဲမှ လွင့်ထွက်သွားပြီး မျက်နှာချင်းဆိုင် နံရံနှင့် ဝင်ဆောင့်သွား၏။
နံရံက ကျိုးပဲ့သွားပြီး ထိုသူ၏ ကိုယ်တစ်ဝက်မှာ နံရံထဲ နစ်ဝင်သွားသည်။ သူ့ခြေလက်များက ပျော့တိပျော့ဖတ် တွဲလောင်းကျနေပြီး မလှုပ်မယှက် ဖြစ်သွားသည်။
ချင်မူ၏ နောက်တွင်တော့ သိုင်းသမား ဆယ်ယောက်ကျော်မှာ နံရံထဲတွင် ခေါင်းစိုက်နေကြ၏။ သူတို့၏ ပျော့ခွေနေသော ခြေလက်များဖြင့် သူတို့ကိုယ် သူတို့ နံရံထဲမှ ဆွဲမထုတ်နိုင် ဖြစ်နေကြသည်။
“သိပ်ကောင်းတဲ့ သိုင်းကွက်ပဲ…”
ကောင်းကင်နတ်သိုင်း ပညာရှင်များက လွှတ်ခနဲ ချီးကျုးလိုက်မိကြသည်။ တစ်ယောက်က တီးတိုး ပြောလိုက်၏။ “သခင်လေး… အဲဒီ တစ်ယောက်က ကောင်းကင်ကို ထိုးခွဲနိုင်တဲ့ လှိုင်းလုံးကြီးတွေလို တိုက်ခိုက်လိုက်တာ… ဒါက သိုင်းကွက် အသားပေး ပညာရပ် တစ်မျိုးပဲ… သူ့လက်သီးချက်နဲ့ ခြေကန်ချက်တွေသာ အကန့်အသတ်ကို ကျော်လွန်နိုင်ခဲ့ရင် ကောင်းကင်နတ်သိုင်း ဖြစ်လာလိမ့်မယ်…”
သတ္တမ သခင်လေးမှာ အံ့အားသင့်သွား၏။ “သူ သုံးတာ သိုင်းကွက် အသားပေး ပညာလား…”
“ထိပ်တန်း သိုင်းကွက် အသားပေး ပညာပဲ…”
သတ္တမ သခင်လေးက အသာအယာ ခေါင်းညိတ်လိုက်သည်။ “အဲဒီတုန်းက ဇာတ်လမ်းတွေကို ငါ ကြားဖူးတယ်… ဧကရာဇ် အတိုင်ပင်ခံက သိုင်းကွက် အသားပေး ပညာရှင်တွေနဲ့ ဆွေးနွေးညှိနှိုင်းပြီး ထိပ်သီး သိုင်းကွက် အသားပေး ပညာရှင်တွေကို သတ်ပစ်ခဲ့တယ်… အဲဒီ အချိန်က စပြီး သိုင်းကွက် အသားပေးပညာရပ်တွေကို ကောင်းကင်နတ်သိုင်းတွေနဲ့ တစ်တန်းတည်း မမြင်တော့ဘဲ လမ်းလွဲ ကျင့်စဉ်တွေလို့ သတ်မှတ်ခဲ့ကြတယ်… လမ်းလွဲ သိုင်းပညာရှင်တွေ အတော်များများက မဟာမြို့ပျက်ထဲ ဝင်ပြေးသွားကြတာ… သူက လမ်းလွဲ သိုင်းပညာရှင် တစ်ယောက်ယောက်ရဲ့ တပည့်များလား…”
အခြား နောက်လိုက် တစ်ယောက်က တီးတိုး ပြောလိုက်၏။ “နယ်စပ်နဂါးမြို့က ထာဝရ ငြိမ်းချမ်းရေး အင်ပါယာ မဟုတ်ဘူး… သာမန် အရပ်သားတွေနဲ့ ရောထွေးနေတဲ့ လူဆိုးတွေ ရှိတယ်… သူတို့က လမ်းဆုံးရောက်နေတဲ့ ရက်စက်ကြမ်းကြုတ်သူတွေ… အဲဒါကြောင့် ကျွန်တော်တို့ ဂရုတစိုက် သွားလာမှ ရပါမယ်… ဒီလူငယ်လေးရဲ့ နောက်မှာ အဲဒီတုန်းက လွတ်မြောက်သွားတဲ့ သိုင်းပညာရှင် တစ်ဦးဦး ရှိနေနိုင်ပါတယ်… သခင်လေး… ကျွန်တော်တို့ တပ်မှူးလေးနဲ့ မြန်မြန် သွားတွေ့ကြပါစို့…”
ချင်မူ ထိုသူများကို လက်လွတ်စပယ် မသတ်ဘဲ အားတစ်ဝက်သာ သုံးခဲ့သည်။ သို့သော်လည်း သိုင်းသမား ဆယ်ယောက်ကျော် နံရံထဲ ခေါင်းစိုက်နေသည့် မြင်ကွင်းက အတော်လေး ကြောက်ဖို့ကောင်းလှ၏။ သူ့အတွက်တော့ ဤသည်က ထူးဆန်းသော အရာ မဟုတ်ပေ။ ရွာမှ အဘိုးကြီးမာနှင့် ကျန်သူများကို တိုက်ခိုက်သောအခါတွင် လည်းကောင်း၊ မိစ္ဆာမျောက်ဝံနှင့် ဟူလင်းအာတို့ကို တိုက်ခိုက်သောအခါတွင် လည်းကောင်း သူ့ခွန်အားကို အကုန်ထုတ်သုံးခဲ့သည်ချည်းသာ ဖြစ်သည်။
“ငါ့ကိုယ်ပေါ်မှာ နဂါးကြေးပြားတွေ အများကြီး သယ်ထားတာ စိတ်မချရဘူး… ပစ္စည်း နည်းနည်းပါးပါး ဝယ်ပြီး ပိုတဲ့ နဂါးကြေးပြားတွေကို ဘွားဘွားဆီ ပြန်ပေးရမယ်…”
ထိုလူငယ်လေးက မည်သို့မျှ မဖြစ်ခဲ့လေဟန်ဖြင့် ပိုးထည်အချို့ ဝယ်၍ တည်းခိုဆောင်သို့ ပို့ခိုင်းလိုက်သည်။ အဘိုးကြီးမာ၊ ရွာလူကြီးနှင့် ကျန်သူများအတွက် အဝတ်အစား အချို့ ချုပ်ရန် စိတ်ကူးလိုက်သည်။
ချင်မူက အဘိုးကြီးမာ၊ ထော့ကျိုးနှင့် ကျန်သူများကို လက်ဆောင်ပေးရန် ပစ္စည်းအချို့ ထပ်ဝယ်ပြီးနောက် တည်းခိုဆောင်သို့ ပြန်လာခဲ့လိုက်သည်။ မမျှော်လင့်စွာပင် အဘွားစစ်က သူ့အခန်းတွင် ရှိမနေဘဲ အပြင်ထွက်သွား၏။
မျက်ကန်းကလည်း အစအနပင် ရှာမရချေ။
"ဒီကို လာဖို့ ရှားရှားပါးပါး အခွင့်အရေး ရထားတာဆိုတော့ အသိအမြင် ကျယ်အောင် လျှောက်သွားကြည့်တာ ပိုကောင်းမယ်..."
ချင်မူက နဂါးကြေးပြား တစ်ရာကို ထုတ်ယူ၍ ကျန်သည့်ငွေများကို သေချာ ဝှက်ကာ တည်းခိုဆောင်ထဲမှ ထွက်လာခဲ့လိုက်သည်။ နယ်စပ်နဂါးမြို့က ညတွင် ပိုစည်ကားပြီး သူ့အသိအမြင်များ ပိုကျယ်ရ၏။ သိုင်းပြိုင်ပွဲများ၊ စိန်ခေါ်ပွဲများ၊ ကပွဲသဘင်များ၊ မျက်လှည့်ပွဲများနှင့် လက်စားချေဖို့ လာရောက်ကြသူများပင် ရှိ၏။
ချင်မူ သူ့ကိုယ်သူ သတိမထားမိလိုက်ဘဲ နယ်စပ်နဂါး မြို့လယ်သို့ ရောက်လာသည်။ ဤနေရာမှ အဆောက်အဦများက ပို၍ ခမ်းနားထည်ဝါ၏။ အမှောင် မဝင်ရောက်လာမီက မဟာမြို့ပျက်တွင် နေထိုင်ခဲ့ကြသောသူများ ကြွင်းကျန်ရစ်သည့် ရှေးဟောင်း အဆောက်အဦ များစွာပင် ရှိနေသည်။ ဘုရားကျောင်းများ၊ နန်းတော်ရာများကလည်း လက်ရာ ထူးကဲလှ၏။
ချင်မူက သူ၏ ကောင်းကင်မျက်လုံးကို ဖွင့်၍ ရှေးဟောင်း အဆောက်အဦများကို ကြည့်လိုက်ပြီး တအံ့တဩ စုပ်သပ်လိုက်မိသည်။ ဤနေရာမှ နတ်ဘုရား ရုပ်တုများက သာမန် နတ်ဘုရား ရုပ်တုများဟုသာ ထင်ရသော်လည်း သူ့မျက်လုံးထဲတွင်တော့ ခန့်ညား ထည်ဝါသည့် အလင်းရောင်များ ဖြာထွက်နေသည်။
သူက ထိုနတ်ဘုရား ရုပ်တုများကို တစ်ခုပြီး တစ်ခု လေ့လာလိုက်သော်လည်း ကြောက်စိတ် မဖြစ်မိချေ။ ထိုနတ်ဘုရားရုပ်တုများကို အရိုအသေမဲ့ခြင်းလည်း မရှိဘဲ ၎င်းတို့ကို ထွင်းထုခဲ့သည့် သူ၏ လက်ရာကိုသာ လေးစားချီးကျူးမိ၏။
နယ်စပ်နဂါးမြို့က ကြီးမားသော မြို့ပျက်နေရာ တစ်ခုတွင် တည်ဆောက်ထားခြင်း ဖြစ်သည်။ ဤကျောက်ရုပ်တုများက ဟိုးယခင် ခေတ်ကာလမှ နတ်ဘုရားများနှင့် မိစ္ဆာနတ်ဆိုးများက ထွင်းထုခဲ့ခြင်း ဖြစ်သည်။ ထွင်းထုထားသော နည်းစနစ်များအရ နတ်ဘုရားတို့၏ သဘာဝတရားနှင့် လိုက်လျောညီထွေသည့် လက်ရာများကို မြင်တွေ့ရပြီး ခမ်းနား ထည်ဝါသည့် ကောင်းကင်နတ်သိုင်း တစ်ရပ်ကို မြင်ယောင်မိသလို ရှိလာသည်။
"ကြည့်ရတာ ဒီကျောက်ရုပ်တုတွေကနေ သိုင်းကျင့်စဉ်တွေ အများကြီး နားလည် သဘောပေါက်နိုင်တယ်နဲ့ တူတယ်..."
ချင်မူ တအံ့တဩ ရေရွတ်လိုက်မိစဉ်မှာပင် သက်လတ်ပိုင်းအရွယ် လူတစ်ယောက်က အနားသို့ လျှောက်လှမ်းလာပြီး ပြုံးပြလိုက်သည်။ "ရွာက တက်လာတဲ့ ကောင်လေး... မင်း ပိုက်ဆံ မလိုချင်ဘူးလား... ငါ့မှာ မင့်အတွက် အလုပ် ရှိတယ်... မြို့စားနန်းဆောင်က သိုင်းပြိုင်ပွဲအတွက် လူရှာနေတယ်... မင်းနိုင်ရင် နဂါးကြေးပြား တစ်ရာ ရမှာ..."
ချင်မူက ခေါင်းခါယမ်းလိုက်၏။
ထိုသက်လတ်ပိုင်းအရွယ် လူက အခြားသူများဆီသို့ ထွက်သွားပြီး နောက်ဆုံးတွင် လူငယ် တစ်ယောက် ရကာ မြို့စားနန်းဆောင်ဆီသို့ ထွက်သွားကြသည်။
"မြို့စားနန်းဆောင်က သိုင်းပြိုင်ပွဲ... နယ်စပ်နဂါး မြို့စားမင်းက ဘာလုပ်ဖို့ ကြံနေတာလဲ..." ချင်မူ ဇဝေဇဝါ ဖြစ်သွားသည်။
ထိုအခိုက်၌ ကျယ်လောင်စွာ ရယ်မောသံ တစ်ခု ထွက်ပေါ်လာ၏။ "ကောင်းကင်နတ်ဆိုးဂိုဏ်းသခင်၊ လီထျန်းရှင် သေဆုံးသွားပြီးကတည်းက ဂိုဏ်းသခင်မက အစရှာမရအောင် ပျောက်ဆုံးသွားခဲ့တာ... သခင်မအနေနဲ့ ကျုပ်ရဲ့ နယ်စပ်နဂါးမြို့ကို အလည်လာလိမ့်မယ်လို့ မျှော်လင့်မထားခဲ့မိဘူး... သခင်မက အဝေးကနေတောင် လာလည်တာဆိုတော့ ကျုပ်ရဲ့ နိမ့်ကျတဲ့ အသိုက်အမြုံလေးတောင် ထွန်းလင်းသွားတယ်..."
သူ့အသံက အလွန်တရာ ကျယ်လောင်လှပြီး သူ၏ ကျင့်စဉ်စွမ်းအင်က လွန်စွာ သိပ်သည်းလှကြောင်း သက်သေခံနေ၏။ ချင်မူ၏ နားထဲတွင် အူထွက်သွားပြီး လမ်းသွားလမ်းလာ အတော်များများမှာ ထိုအသံကြောင့် သတိလစ်မေ့မျောသွားကြသည်။
ချင်မူ အံ့အားသင့်သွား၏။ "ဂိုဏ်းသခင်မ ဆိုပါလား... ကြည့်ရတာ ဘွားဘွားလား..."
"မြို့စားမင်းက နှိမ့်ချလွန်းနေပါပြီ..." အလွန်တရာ ချိုသာ၍ စွဲမက် နှစ်သက်ဖွယ် ကောင်းသော အသံတစ်သံ ထွက်ပေါ်လာသည်။
ချင်မး ထိုအသံကို ကြားသောအခါ သူ့ရင်ထဲမှ မရေမတွက်နိုင်သော မိစ္ဆာနတ်ဆိုးများ ခုန်ထွက်၍ လှည့်ပတ် ကခုန်နေသကဲ့သို့ အာခေါင်များ ခြောက်လာ၏။
လမ်းပေါ်မှ လူများစွာမှာလည်း အရက်မူးနေသူများကဲ့သို့ ကခုန်နေကြသည်။ သူတို့ အားလုံးက တဟားဟား ရယ်မောနေကြပြီး မျက်နှာများ ရှုံ့မဲ့ကာ စိတ်ဖောက်ပြန်သွားသည့်နှယ် ရှိနေကြ၏။
အတန်ကြာပြီးသောအခါမှ အသိပြန်ဝင်လာကြကာ ဘာဖြစ်သွားမှန်း မသိဘဲ တစ်ယောက်ကိုယ် တစ်ယောက် ကြည့်လိုက်မိကြသည်။