← Chapters

ကြော့ရှင်းကျက်သရေ

Vol. 5 Ch. 69

ကြော့ရှင်းကျက်သရေ

Vol. 5 Ch. 69

ကောင်းကင်နတ်ပန်းပွင့်များက မိုးမြင့်ထက်မှ တဖွားဖွား လွင့်ဝဲ ကျဆင်းလာ၏။ ထိုကောင်းကင်နတ်ပန်းပွင့်များ အကြားမှ မိန်းမလှ တစ်ဦးက ပွင့်ချပ်များကို နင်း၍ ဆင်းသက်လာသည်။ ထိုပွင့်ချပ်များက မြေပေါ်သို့ ကျသည်နှင့် ခြောက်သွေ့ ညှိုးရော်သွား၏။ ပွင့်ချပ် တစ်ခုက ချင်မူ၏ ရှေ့တွင် ကျလာသည်။

သူ့လက်ကို ဆန့်၍ ကောက်ယူလိုက်သော်လည်း ထိုပွင့်ချပ်က နှင်းပွင့်မှုန် တစ်ခုကဲ့သို့ အရည်ပျော်သွား၏။

“ချီစွမ်းအင်နဲ့ အသွင်ပြောင်းထားတာလား…”

ချင်မူ ထိုအမျိုးသမီး၏ ရုပ်သွင်ကို မြင်သောအခါ အတန်ကြာ ကျောက်ရုပ်သဖွယ် ဖြစ်သွားသည်။ သူ့ရင်ခုန်သံများက တဒိုင်းဒိုင်း မြန်လာ၏။

နားကန်းထံမှ ပန်းချီနှင့် လက်ရေးလှ ပညာကို သင်ထားသည် ဖြစ်၍ မျက်ကန်းက တစ်လောကလုံးရှိ အလှတရားများ အားလုံးကို ရေးဆွဲနိုင်စွမ်း ရှိကြောင်း သူ သိသည်။ သို့သော်လည်း မျက်ကန်း၏ ပန်းချီစွမ်းရည်နှင့်ပင် ဤမိန်းမလှ၏ ရုပ်သွင်နှင့် ထူးကဲသော ဟန်ပန် အမူအရာကို လိုက်မီအောင် ရေးဆွဲနိုင်ပါ့မည်လားဟု သူ တွေးလိုက်မိ၏။

သူမကို ကြည့်၍ ချင်မှု တုနှိုင်းမဲ့ အလှ ဟူသော စကားလုံးကို နားလည်သွား၏။ မျက်ကန်း သူ့ကို သင်ပေးဖူးသည့် ရှေးဟောင်း ကဗျာ တစ်ပုဒ်က သူ့ခေါင်းထဲတွင် အလိုအလျောက် ပေါ်လာသည်။

“သူမရဲ့ လှုပ်ရှားမှုတွေက တိမ်မည်း ခြုံလွှာ နောက်ကွယ်က ငွေလမင်းလို မပီဝိုးတဝါးနဲ့… ဝဲလည်လှည့်နေတဲ့ လေပွေနောက် ပါသွားရတဲ့ နှင်းပွင့်လေးလို တလွင့်လွင့် လှုပ်ခတ်တယ်…”

“မပိန်လွန်း မဝလွန်း… မပုလွန်း မရှည်လွန်း… အနေတော် ကိုယ်လုံးလေးနဲ့…၊ ပုခုံးသားလေးတွေက အချိုးကျ ထွင်းထုထားသလို… သေးကျင်တဲ့ ခါးသိမ်လေးက ကြိုးဖြူဖြူလေးနဲ့ စည်းနှောင်ထားသလို…၊ လည်တိုင်ကျော့ကျော့ရဲ့ အသားဝင်းဝင်းလေးတွေက ကြည့်လှည့်ပါလို့ ဖိတ်ခေါ်နေတယ်…၊ အမွှေးနံ့သာတွေ စီခြယ်မထားသလို… ပြင်ဆင်ချယ်သလည်း မလုပ်ပါဘဲ…၊ တိမ်တိုက် ကမ်းပါးက ဆံနွယ်စတွေက တလူလူလွင့်လို့… မျက်ခုံးရှည်ရှည်တွေက ကော့ညွတ်သွယ်လို့… နှုတ်ခမ်း နီထွေးထွေးက အလင်းစတွေ မြွက်ခြွေလို့… ဖြူဖွေးတဲ့ သွားစွယ်တန်းလေးတွေက တလက်လက် တောက်ပလို့… မျက်ဝန်းကြည်ကြည်လေးတွေက ညှို့ရီလို့…၊ ပါးချိုင့်ခွက်လေးတွေက ပါးပြင်ကို အနားသတ်ထားတယ်…၊ တည်ငြိမ်အေးဆေးတဲ့ အပြုအမူ… ရှက်သွေးဖြန်းတဲ့ သွင်ပြင်နဲ့… အစစ အရာရာဟာ စွဲမက်ဖွယ် ညှို့ငင် ဆွဲဆောင်တယ်…၊ ညင်သာနူးညံ့တဲ့ နှလုံးသား… သဘောထားကြီးတဲ့ စိတ်ထားနဲ့… နှုတ်ဖျားက ထွက်တဲ့ စကားလုံးတိုင်းဟာ… ကျက်သရေ အဖြာဖြာ ခညောင်းတယ်…”

“သူမရဲ့ ဝတ်ရုံက မြင်ရခဲတဲ့ သွင်ပြင်… သူမရဲ့ မျက်နှာနဲ့ ကိုယ်လုံးက ပန်းချီဆန်ဆန်… ဖြူလွလွ ပိုးပျော့ ဝတ်စုံကို ဝတ်ဆင်လို့… ပန်းပွင့်ပုံ နဂါးသွဲ့၊ ကျောက်စိမ်းနားဆွဲကို နားမှာ ဆင်မြန်းလို့… ကျောက်စိမ်းဆံထိုး၊ ရွှေဆံထိုးတွေက သူမရဲ့ ဦးခေါင်းထက်မှာ နေရာယူလို့… ဇာပဝါလို မြူခိုးငွေ့တွေ တသီတတန်း လိုက်ပါလာတဲ့ ခြေနင်းက ခရီးနှင်ဖို့ အကောင်းဆုံး အဖော်မွန်လို လိုက်ပါလာတယ်…”

ဤရှေးကဗျာ စာသားများကသာ သူမ၏ သွင်ပြင်ဟန်မူရာကို ဖော်ကျူးနိုင်မည် ထင်၏။

ဤအမျိုးသမီးက လူသားတို့ ကမ္ဘာနှင့် မထိုက်တန်အောင် လှပလွန်းလှသည်။ ထိုသို့သော အလှမျိုးကို မည်သူမျှ စုတ်တစ်ချက်နှင့် ဖမ်းဆုပ်နိုင်လိမ့်မည် မဟုတ်ပေ။ သူမ၏ ခမ်းနားထည်ဝါသည့် အရှိန်အဝါကို ဖမ်းဆုပ်မိရန်မှာ ပို၍ ဝေးကွာချေလိမ့်မည်။

သူမက တကယ်ပဲ အဘွားစစ်လား…။

“ဘွားဘွားက မိန်းမလှ တစ်ယောက်ကို သတ်ပြီး သူ့အရေခွံကို ဝတ်လာတာများလား…” ချင်မူ မကောင်းသည့် အတွေးများ တွေးမိပြီး ထိန်းမရ သိမ်းမရအောင် တုန်လှုပ်သွား၏။

“ဟေး… နွားကျောင်းတဲ့ ကောင်လေး…”

ရုတ်တရက် သူ့နောက်ကျောဆီမှ မိန်းကလေးသံ တစ်သံကို ကြားလိုက်ရ၏။ ချင်မူ နောက်လှည့် ကြည့်လိုက်သောအခါ မည်သူ့ကိုမျှ မမြင်ရချေ။ အပေါ်သို့ ခေါင်းမော့ ကြည့်လိုက်သောအခါမှ ကျောင်းဆောင် အမိုးစွန်းတွင် ထိုင်နေသော မိန်းကလေး တစ်ယောက်ကို မြင်လိုက်ရသည်။ သူမ၏ ဝတ်ရုံက ခြေကျင်းဝတ်အထိ တွဲလျား ကျနေပြီး အလွန်တရာ နူးညံ့လှပသော၊ အစက်အပြောက် ကင်းစင်သည့် အသားဝင်းဝင်းလေးများ ပေါ်လွင်နေသည်။

သူမ၏ ခြေထောက်များက ချင်မူ၏ ခေါင်းပေါ်တွင် လှုပ်ယမ်းနေပြီး ခြေချောင်းလေးများကို ကွေးလိုက်၊ ကော့လိုက်နှင့် လွှဲယမ်း ဆော့ကစားနေ၏။

ထိုမိန်းကလေး၏ မျက်ဝန်းများက လခြမ်းကွေးကလေးကဲ့သို့ ပိတ်ကျသွားအောင် ပြုံး၍ ပြောလိုက်သည်။ “နွားကျောင်းတဲ့ ကောင်လေး… အပေါ် တက်ခဲ့… ဒီနေရာမှာ မြင်ကွင်း ပိုကောင်းတယ်…”

ချင်မူက ကျောင်းဆောင် ခေါင်မိုးစွန်းသို့ ခုန်တက်သွားပြီး သူမ၏ ဘေးတွင် ဝင်ထိုင်လိုက်သည်။ ထိုမိန်းကလေး၏ ကိုယ်ပေါ်မှ ရင်းနှီးနေသော မွှေးရနံ့ တစ်ခုကို ရလိုက်သဖြင့် သူ ဇဝေဇဝါ ဖြစ်သွားသည်။

သူမ၏ ဆံနွယ်များကို နှစ်ခြမ်းခွဲ၍ သေသပ်စွာ ဖီးသင်ပြီး ပါးပြင်ပေါ်တွင် ချထား၏။ သူမ၏ မျက်နှာက နေကြာစေ့ကလေး တစ်စေ့ကဲ့သို့ ဖြစ်နေသည်။ သူမ၏ မျက်လုံးတောက်တောက်လေးများနှင့် သွားစွယ်ဖြူဖြူလေးများက ပြုံးလိုက်သည့်အခါတိုင်း လခြမ်းကွေးလေးများကဲ့သို့ ဖြစ်သွားသည်။ သူက တခစ်ခစ် ရယ်လိုက်၏။ “ဟဲ့… ငါ ဝလား…”

ချင်မူက ခေါင်းညိတ်၍ မကွယ်မဝှက်တမ်း ဖြေလိုက်သည်။ “နင့်မျက်နှာ ဘေးနှစ်ဖက်မှာ ချထားတဲ့ ဆံပင်တွေက နင့်မျက်နှာကို သေးသေးသွယ်သွယ် ဖြစ်အောင် လုပ်ထားတာပဲ… နင့်ဆံပင်ကို ဖယ်လိုက်ရင် ခပ်ဝဝ ပုံစံ ပေါက်နေဦးမှာပဲ…”

ထိုမိန်းကလေးက သူ့ကို ခြေထောက်ဖြင့် မကျေမနပ် ကန်လိုက်၏။ သူမ၏ ဖိနပ်များက ဘေးတွင် ချွတ်ထားသည်။ သူမက ခြေဗလာဖြင့် ဒေါပွပွ ရေရွတ်လိုက်သည်။ “ငါ့မျက်နှာ ဖောင်းတာက သူ့အလိုလို ဖြစ်နေတာပဲ… ငါမှ ဘာမှ လုပ်လို့ မရတာကို…”

သူတို့ နှစ်ယောက်များက ကျောင်းဆောင် အမိုးစွန်းတွင် ခြေထောက်များကို လွှဲယမ်းလိုက်ကြ၏။ ချင်မူမှာ သူ့ဘေးမှ မိန်းကလေးမှာ ရင်းနှီးနေသည်ဟု ခံစားနေရသဖြင့် ဝေခွဲမရ ဖြစ်လာသည်။ သူမ၏ ကိုယ်သင်းနံ့က ပို၍ပင် ရင်းနှီးနေသေးသည်။

သူတို့၏ ရှေ့တွင်တော့ မြို့စားနန်းဆောင် ဖြစ်၏။ နန်းဆောင် တံခါးဝက ရုတ်တရက် ပွင့်လာပြီး လူတစ်ရာခန့် ဟိတ်ဟန်အပြည့်နှင့် လျှောက်လှမ်း ထွက်ပေါ်လာသည်။ ထိုအယောက်တစ်ရာ၏ အယောက်စီတိုင်းမှာ အလွန်ရာ စွမ်းအားကြီးမားသည့် အရှိန်အဝါ အငွေ့အသက်များ လွှမ်းခြုံနေ၏။ သူတို့၏ သွင်ပြင် အမူအရာများက ခန့်ညား ထည်ဝါလှသည်။ သူတို့ အားလုံးက နယ်စပ်နဂါးမြို့တော်တွင် နာမည် ဂုဏ်သတင်း ကျော်ကြားလှသော ကောင်းကင်နတ်သိုင်း ပညာရှင်များ ဖြစ်သည်။

သူတို့ကို ဦးဆောင်လာသူက အရပ်မြင့်မြင့်နှင့် ကိုယ်လုံးကိုယ်ပေါက် တောင့်တင်းသူ တစ်ယောက် ဖြစ်သည်။ သူက ကျားရဲ မျက်လုံးမျိုး ရှိ၍ ဝက်ဝံ ကိုယ်ထည်မျိုး ရှိ၏။ နဂါး တစ်ကောင်ကဲ့သို့ ရွေ့လျားလာပြီး ကျား တစ်ကောင်ကဲ့သို့ ခြေလှမ်းလာ၏။ သူ၏ အဟန့်အထည်က စိတ်နှလုံး တုန်လှုပ် ချောက်ချား စေနိုင်ပြီး သူ့နှုတ်ခမ်းမွေးများက တလူလူ လွင့်နေသည်။ သူက ခံ့ညားချောမောသည်ဟု မဆိုနိုင်လှသော်လည်း အလွန်တရာ ယောက်ျားပီသလှ၏။

မိစ္ဆာနတ်ဘုရား တစ်ပါး၏ ပုံရိပ်က သူ့နောက်ကျောတွင် ထင်ဟပ်နေသည်။ ထိုပုံရိပ်က လက်နက် ရှစ်မျိုးကို ကိုင်ဆောင်ထားသည့် လက်ရှစ်ဖက် နတ်ဘုရား ဖြစ်သည်။ ဤသည်က ထူးကဲသော အဟန့်အထည် ရှိသည့် ချီစွမ်းအင် ပုံသဏ္ဌာန် ဖွဲ့ခြင်းသာ ဖြစ်ပေလိမ့်မည်။

“ဂိုဏ်းသခင်မက ကောင်းကင်နတ်ဆိုးဂိုဏ်းရဲ့ မဟာ ဉာဏ်အလင်းဖွင့် ကောင်းကင်နတ်ဆိုး ကျမ်းစာကို ခိုးယူပြီး ကောင်းကင်နတ်ဆိုးဂိုဏ်း အကြီးအကဲတွေနဲ့ ဂိုဏ်းချုပ်ရဲ့ လက်ထဲက လွတ်မြောက်လာပြီးကတည်းက မဟာမြို့ပျက်ထဲဝင်ပြီး အစအန ရှာမရအောင် ပျောက်ကွယ်သွားခဲ့တယ်…”

နယ်စပ်နဂါး မြို့စားမင်းက အားရပါးရ ရယ်မောလိုက်သည်။ “ကျုပ်က သခင်မရဲ့ လုံခြုံရေးကို နေ့ရော ညပါ စိတ်ပူနေခဲ့တာ… သခင်မက အန္တရာယ်ကင်းကင်း ကျန်းကျန်းမာမာ ရှိနေလိမ့်မယ်လို့ မမျှော်လင့်ခဲ့မိဘူး… အခုမှပဲ စိတ်အေးသွားရတယ်… ဂိုဏ်းသခင်မက ပျောက်ကွယ်သွားတဲ့ နှစ်ပေါင်း လေးဆယ်အတွင်းမှာ မဟာ ဉာဏ်အလင်းဖွင့် ကောင်းကင်နတ်ဆိုး ကျမ်းစာကို နှံ့နှံ့စပ်စပ် လေ့လာပြီးပြီလို့ ထင်ပါတယ်… အခု သခင်မက ပုန်းကွယ်နေရာက ထွက်လာတယ် ဆိုတော့ ကောင်းကင်နတ်ဆိုး ဂိုဏ်းချုပ်နဲ့ အကြီးအကဲတွေကို ကြောက်စရာ မလိုတော့ဘူးနဲ့ တူတယ်… ဟုတ်သလား မသိဘူး…”

ကောင်းကင်နတ်ဆိုး ဂိုဏ်းသခင်မက နယ်စပ်နဂါး မြို့စားမင်းနှင့် မိတ်ဆွေဟောင်းများပမာ စကားလက်ဆုံကျနေ၏။

နယ်စပ်နဂါး မြို့စားမင်းက သူမအနားသို့ ကပ်မသွားရဲဘဲ ဖိတ်ခေါ်လိုက်သည်။ “သခင်မ… တိုက်ဆိုင်ချင်တော့ ကျုပ်ရဲ့ နိမ့်ကျတဲ့ အိမ်တော်မှာ ဧည့်သည်တော်တွေကို တည်ခင်းဧည့်ခံတဲ့ ညစာစားပွဲ ကျင်းပနေပါတယ်… သခင်မ ရောက်လာတယ် ကြားလို့ ဂုဏ်ယူဝမ်းမြောက်စွာ ထွက်ကြိုဆိုတာပါ… ကျုပ်ရဲ့ ဧည့်သည်တွေကို အကြာကြီး စောင့်ခိုင်းလို့ မကောင်းတာ ဆိုတော့… သခ်မအနေနဲ့ ညစာစားပွဲကို တက်ပြီး အားလုံးနဲ့ စကားစမြည် ပြောဆိုသွားပါဦးလား…”

မိန်းမလှက ခပ်ဖွဖွ ရယ်မောလိုက်သည်။ “ကောင်းတာပေါ့… မြို့စားမင်းရဲ့ အလေးပေးခံရတဲ့ ဧည့်သည်တော်တွေက ဘယ်လိုလူတွေလဲ ဆိုတာ ကျွန်မလည်း စိတ်ဝင်စားပါတယ်… အနှောင့်အယှက် ပေးမိတဲ့အတွက်တော့ ခွင့်လွှတ်စေချင်ပါတယ်….”

“သခင်မက ရယ်စရာ ပြောနေပြန်ပါပြီ… ကြွပါ…”

“အဲဒါ နယ်စပ်နဂါး မြို့စားမင်းရဲ့ လက်ရှစ်ဖက် ကောင်းကင်နတ်ဘုရား ကျင့်စဉ်ပဲ…”

မိန်းကလေးက ချင်မူ့ကို တီးတိုး လှမ်းပြောလိုက်၏။ “နယ်စပ်နဂါး မြို့စားမင်း ဖုယွင်တိက သေခြင်း ရှင်ခြင်း အဆင့် အထိ ကျင့်ကြံပြီးသွားပြီလို့ ပြောကြတယ်… သူက မဟာမြို့ပျက်မှာ သေခြင်း ရှင်ခြင်း ကောင်းကင် ရတနာရဲ့ အတားအဆီးနံရံကို ချိုးဖျက်သွားနိုင်တဲ့ ရှားရှားပါးပါး သိုင်းပညာရှင် တစ်ယောက်ပဲ…”

ချင်မူက နယ်စပ်နဂါး မြို့စားမင်း၊ ဖုယွင်တိကို ကြည့်လိုက်သည်။ ဖုယွင်တိ၏ လက်ရှစ်ဖက် ကောင်းကင်နတ်ဘုရား ကျင့်စဉ်က အမှန်တကယ်ပင် ထူးကဲလှသည်။ သူ၏ ချီစွမ်းအင် ကောင်းကင်နတ်ဘုရားက မျက်နှာ ရှစ်ခု ရှိပြီး သူ့ပတ်ဝန်းကျင် တစ်ခုလုံးကို လှည့်ပတ် ကြည့်ရှုနိုင်၏။ သူ့ဘေးပတ်လည်မှ ရန်သူများကို တိုက်ခိုက်နိုင်စွမ်း ရှိပေလိမ့်မည်။ ချင်မူက ချီးကျူးလိုက်မိသည်။ “တကယ့်ကို စွမ်းအားကြီးတဲ့ ကျင့်စဉ်ပဲ…”

မိန်းကလေးကလည်း စိတ်ဝင်တစား မေးလိုက်၏။ “နွားကျောင်းသားလေး… နင်ကလည်း စွမ်းအားကြီးတာပဲ… နင်က ဘာကျင့်စဉ်ကို ကျင့်တာလဲ…”

“လောကသခင် ခန္ဓာ အမြုတေ သုံးသွယ် ကျင့်စဉ်…”

ချင်မူက ပြောလိုက်၏။ “ငါ့နာမည်က ချင်မူ… နင့်နာမည်ကရော…”

မိန်းကလေးက သူမ၏ ဆံနွယ်စများကို နားတွင် သပ်တင်၍ ပြုံးလိုက်၏။ “ငါ့နာမည်က  ယွိရှို့…”

ချင်မူက မေးလိုက်၏။ “ကျက်သရေရှိပြီး လှပကျော့ရှင်းတယ် ဆိုတဲ့ ယွိရှို့လား…”

မိန်းကလေးက အံ့အားသင့်သွား၏။ “ငါ့မျိုးရိုးနာမည်က လင်ဆိုတာ နင် ဘယ်လိုလုပ် သိလဲ…” (ကျက်သရေရှိပြီး လှပကျော့ရှင်းတယ် ဆိုတာ တရုတ်လို ကျုံးလင်ယွိရှို့ပါ)

“လင်ယွိရှို့လား… သိပ်ကောင်းတဲ့ နာမည်ပဲ…”

ချင်မူက ချီးကျူးလိုက်ပြီး ဆက်ပြောလိုက်သည်။ “နင့်မျက်နှာသာ ဒီထက် နည်နည်း ပိုသွယ်သွားရင် နာမည်နဲ့ ပိုလိုက်သွားမှာ…”

လင်ယွိရှို့က သူ့ကို မကျေမနပ် ထပ်ကန်လိုက်ပြီး ဖိနပ်များကို စီး၍ အောက်ခုန်ချသွားသည်။ “တော်ပြီ… နင့်ကို မခေါ်တော့ဘူး…”

သူမက မြေပေါ်သို့ ခုန်ဆင်း၍ ခြေနှစ်လှမ်းမျှ လျှောက်ပြီးသောအခါ ဇဝေဇဝါဖြင့် နောက်လှည့်ကြည့်လိုက်သည်။ “ဘာလို့ ငါ့နောက် လိုက်မလာတာလဲ…”

ချင်မူမှာ စိတ်ရှုပ်ထွေးသွား၏။ “နင်က ငါ့ကို ငါ့ကို မခေါ်တော့ဘူးလို့ ပြောသွားတာလေ… ငါက ဘယ်လိုလုပ် နင့်နောက် လိုက်ခဲ့ရမှာလဲ…”

“ငတုံး…”

လင်ယွိရှို့က သူ့ကို လက်ယပ်၍ လှမ်းခေါ်ပြီး တခစ်ခစ် ရယ်မောလိုက်သည်။ “ငါ့မှာ မြို့စားနန်းဆောင်ထဲ ဝင်လို့ရတဲ့ နည်းလမ်း ရှိတယ်… အခု မြို့စားနန်းဆောင်က အတော်လေး စည်ကားနေတာ… ငါတို့ သွားကစားရအောင်… မဟာမြို့ပျက်က ထိပ်သီးတွေ ဘာတွေ ပြောပြီး ဘာတွေ လုပ်နေကြတယ်ဆိုတာ နင် မကြည့်ချင်ဘူးလား…”

ချင်မူ၏ ရင်ထဲတွင် လှုပ်ရှားသွားပြီး ကျောင်းဆောင် အမိုးစွန်းမှ ခုန်ချကာ သူမနောက်သို့ ပြေးလိုက်၍ မေးလိုက်၏။ “မြို့စားနန်းဆောင်ထဲ နင် ဘယ်လိုလုပ် ဝင်မှာလဲ…”

“ဒီအတိုင်း ခေါင်းမော့ ရင်ကော့ပြီး ဝင်သွားမှာပေါ့…”

လင်ယွိရှို့က မြို့စားနန်းဆောင် တံခါးဝဆီသို့ ဦးဆောင် ခေါ်သွားသည်။ တံခါးဝတွင် ကောင်းကင်နတ်သိုင်း ပညာရှင် လေးယောက် စောင့်ကြပ်နေပြီး သူတို့ ဝင်လာသည်ကို မည်သည်မျှ မဆိုဘဲ ဝင်ခွင့်ပြုလိုက်၏။

ချင်မူက အံ့အားသင့်သွားပြီး တီးတိုး မေးလိုက်သည်။ “ယွိရှို့… နင်က နယ်စပ်နဂါး မြို့စားမင်းရဲ့ သမီးများလား…”

“ဆုတောင်းလေ…”

လင်ယွိရှို့က ထွီခနဲ တံတွေးထွေးလိုက်၏။ “ငါ့အဖေက သူ့ထက် မြင့်တယ်… နယ်စပ်နဂါး မြို့စားနန်းဆောင်ကို ငါ့စိတ်ကြိုက် ဝင်နိုင် ထွက်နိုင်တယ်… ဟိုးရှေ့မှာ မိုးတားရင်ပြင်… အဲဒီမှာ ဖုယွင်တိက ဧည့်ခံပွဲ လုပ်နေတာ…”

ချင်မူ ရှေ့သို့ လှမ်းကြည့်လိုက်သောအခါ ပြာလဲ့လဲ့ လှိုင်းကြက်ခွပ်များ ထနေသည့် ရေကန်ကျယ်ကြီးကို တွေ့လိုက်ရသည်။ ခြင်းတောင်း တစ်လုံး အရွယ်ခန့် ရှိသော ပုလဲလုံးကြီးများကို ရေကန်ဘေးတွင် ချထားပြီး ထိုပုလဲများမှ အလင်းဖျော့ဖျော့က ကန်ရေ မျက်နှာပြင်ပေါ်တွင် ထင်ဟပ်နေသည်။ အမျိုးသမီး အစေခံ များစွာက မီးအိမ်များကို ကိုင်ဆောင်၍ ရေကန်စပ်တွင် မလှုပ်မယှက် ရပ်နေကြသဖြင့် ရေကန် တစ်ခုလုံး လင်းထိန် တောက်ပနေ၏။

မိုးတားရင်ပြင်က ရေကန်ဘေးရှိ တောင်စောင်းတွင် ဆောက်လုပ်ထားပြီး ငန်းပုံသဏ္ဌာန် ရှိသည်။ အဝေးမှ လှမ်းကြည့်လျှင် အဆောက်အဦ၏ အတွင်းပိုင်းက အရောင်တဖျတ်ဖျတ် လက်နေပြီး ရုတ်ခြည်းပင် နတ်ဘုံနတ်နန်း  ရောက်နေသကဲ့သို့ ခံစားလိုက်ရသည်။ နယ်စပ်နဂါး မြို့စားမင်းက မိုးတားရင်ပြင် တစ်ခုလုံးကို ရွှေချထားပြီး စည်းစိမ်ချမ်းသာကို အပြည့်အဝ စံစားနေသူ ဖြစ်၏။

မိုးတားရင်ပြင်၏ ခန်းမ အလယ်တွင် အမျိုးသမီး ကချေသည်များက ဝတ်ရုံများ တလွင့်လွင့်နှင့် လှပစွာ ကခုန်နေကြသည်။ သူတို့၏ အကနှင့်အတူ ငြိမ့်ညောင်းသော ဂီတသံက စည်းချက်ညီညီ ထွက်ပေါ်နေပြီး အလွန်တရာ သာယာ လှပသော မြင်ကွင်း တစ်ခု ဖြစ်၏။

ရေကန် အလယ်တွင်တော့ ကိုက်သုံးရာခန့် ကျယ်ဝန်းသော စတုရန်းပုံ စင်မြင့် တစ်ခု ရှိနေသည်။ ထိုစင်မြင့်၏ အောက်ခြေတွင် အလွန်တရာ တုတ်ခိုင်သော တိုင်လုံးကြီး တစ်ခုက ထောက်ကန်ပေးထား၏။ ကောင်းကင်ယံတွင်တော့ မီးအိမ်များ လွင့်မျောနေပြီး စင်မြင့် တစ်ခုလုံး နေ့လည်နေ့ခင်းသဖွယ် ထွန်းလင်းနေသည်။

စင်မြင့်ထက်မှ တဘုန်းဘုန်း အသံများ ထွက်ပေါ်နေပြီး လူငယ် နှစ်ဦး တိုက်ခိုက်နေကြ၏။ ချင်မူ ခြေလှမ်းများ တုံ့ခနဲ ဖြစ်သွားပြီး အံ့အားသင့်သည့် အမူအရာ ပေါ်ထွက်လာသည်။ ထိုလူငယ် နှစ်ယောက်စလုံးက လွန်စွာ သန်မာလှပြီး ထူးကဲသော စွမ်းရည်များ ရှိကြသည်။

တစ်ယောက်သော လူငယ်က နဂါးကြေးပြား တစ်ရာနှင့် သိုင်းပြိုင်ပွဲတွင် ဝင်ရောက်တိုက်ခိုက်ရန် လိုက်သွားသော လူငယ် ဖြစ်သည်။ သူက ကျားဖြူ ဝိညာဉ်ခန္ဓာကိုယ် ရှိပြီး သူ၏ ကျားဖြူချီက ကြေးနီရွှေအဆင့် ရောက်နေပြီ ဖြစ်၏။ သူ့တစ်ကိုယ်လုံးမှာ ရွှေရောင်တောက်တောက်နှင့် ကြေးညိုရောင် ခပ်မှောင်မှောင် အရောင် နှစ်မျိုး ရောစပ်နေသည်။

တစ်ဘက် လူငယ်က သူ့ခန္ဓာကိုယ်ကို ထိုးနှက်လိုက်သောအခါ ကြေးဆင်းတုကြီး ရွေ့လျားသွားသကဲ့သို့ တဒေါင်ဒေါင် အသံများ ထွက်ပေါ်လာသည်။ မီးပွင့်များပင် တဖွားဖွား ထလာ၏။

ကျားဖြူချီကို အသုံးပြု၍ သူ့ခန္ဓာကိုယ်ကို ဤမျှအဆင့်ထိ လေ့ကျင့်ထားနိုင်သည်မှာ အတော်လေး ချီးကျူးဖွယ် ကောင်းလှသည်။ သူက မြို့စားနန်းဆောင်ထဲ ဝင်၍ သိုင်းပြိုင်ပွဲတွင် ဝင်ရောက် တိုက်ခိုက်ရဲသည်မှာ အံ့ဩစရာ မဟုတ်တော့ပေ။

သူ့ပြိုင်ဘက်၏ အသက်အရွယ်မှာလည်း ကြီးရင့်လှသေးခြင်း မရှိဘဲ ချင်မူနှင့် ရွယ်တူ ဖြစ်၏။ အသက် ဆယ့်လေးနှစ်၊ ဆယ့်ငါးနှစ် အရွယ်မျှနှင့် သူ၏ တိုက်ခိုက်မှုများက အလွန်တရာ ရက်စက်ကြမ်းကြုတ်လှသည်။ သူက လက်တစ်ဖက်စီတွင် ဓားတစ်ချောင်းစီ ကိုင်၍ ဓားရှစ်လက်ဖြင့် တိုက်ခိုက်နေ၏။

ထိုလက်များက တကယ့်လက်များ မဟုတ်၊ ချီစွမ်းအင်သာ ဖြစ်သည်။ သူက ချီစွမ်းအင်ကို အသုံးပြု၍ ဓားရှစ်ချောင်းကို တစ်ပြိုက်နက် ထိန်းချုပ် နေခြင်း ဖြစ်၏။

“လက်ရှစ်ဖက် ကောင်းကင်နတ်ဘုရား ကျင့်စဉ်…” ချင်မူ တီးတိုး ရေရွတ်လိုက်မိသည်။

ထိုလူငယ် ထုတ်ဖော် အသုံးပြုသော လက်ရှစ်ဖက် ကောင်းကင်နတ်ဘုရား ကျင့်စဉ်က နယ်စပ်နဂါး မြို့စားမင်း၊ ဖုယွင်တိ ထုတ်ဖော် အသုံးပြုသော လက်ရှစ်ဖက် ကောင်းကင်နတ်ဘုရား ကျင့်စဉ်နှင့် ကွာခြားနေ၏။

ဖုယွင်တိက သူ့နောက်တွင် လက်ရှစ်ဖက် ကောင်းကင်နတ်ဘုရားအသွင် ဖွဲ့နိုင်သည်အထိ လေ့ကျင့်ပြီး ဖြစ်သည်။

ထိုလူငယ်၏ လက်ရှစ်ဖက် ကောင်းကင်နတ်ဘုရား ကျင့်စဉ်ကတော့ ထိုအဆင့်ထိ မရောက်သေးပေ။ သို့သော်လည်း ချီစွမ်းအင် လှည့်ပတ်မှု လမ်းကြောင်းကတော့ ဖုယွင်တိ လေ့ကျင့်သည့် ကျင့်စဉ် နည်းလမ်းအတိုင်းသာ ဖြစ်၏။

လင်ယွိရှို့က ရှင်းပြလိုက်သည်။ “သူက ဖုယွင်တိရဲ့ သားပဲ… ထင်ယွဲ့လို့ ခေါ်တယ်… ပြောရရင် သူက သနားစရာ ကောင်းတဲ့သူ တစ်ယောက်ပဲ… သူ ငယ်ငယ်ကတည်းက အမေ မရှိရှာတော့ဘူး… ဖုယွင်တိ တစ်ယောက်တည်း အဖေလည်းသူ၊ အမေလည်း သူ လုပ်ပြီး ကြီးပြင်းလာခဲ့ရတာ…”

ရွှပ်…။

ဖုထင်ယွဲ့၏ ဓားနှစ်လက်က တစ်ဘက်လူ၏ မျက်လုံး နှစ်လုံးကို ထိုးစိုက်သွား၏။ ထို့နောက် ထိုဓားနှစ်လက်က အားကုန် လည်ပတ်၍ ပြိုင်ဘက်၏ မျက်လုံးများကို အပိုင်းပိုင်း အစစ ဖြစ်အောင် ထိုးမွှေပစ်လိုက်သည်။

သူ့ပြိုင်ဘက်၏ ကျားဖြူချီက အလွန်တရာ အားကောင်းသန်မာပြီး ခန္ဓာကိုယ်ကို သံမဏိကဲ့သို့ မာကျောအောင် လေ့ကျင့်ထားသည်။ သို့သော်လည်း သူ့မျက်လုံးများကိုတော့ ထိုသို့ မလေ့ကျင့်ခဲ့ရသဖြင့် နာနာကျင်ကျင် အော်ဟစ်၍ မျက်ကန်းဘဝ ရောက်သွားရ၏။ ဖုထင်ယွဲ့က ချက်ချင်း သတ်မပစ်သေးသကဲ့သို့ ရပ်တန့်ခြင်းလည်း မရှိပေ။ သူက မျက်စိမမြင်တော့သော လူငယ်ကို လက်ချောင်းများ တစ်ချောင်းချင်း ဖြတ်ပစ်ပြီး ဝမ်းသာရွှင်မြူးသော အမူအရာဖြင့် တတိတိ ညှဉ်းဆဲနေသည်။

ချင်မူက မျက်မှောင်ကြုတ်၍ လင်ယွိရှို့ဘက် လှည့်ကာ မေးလိုက်သည်။ “သူက အမေမရှိတော့တဲ့ သနားစရာ ကောင်လေး ဟုတ်လား…”

လင်ယွိရှို့မှာလည်း အလန့်တကြား ထခုန်လိုက်မိပြီး ချင်မူ၏ လက်ကို ကမန်းကတန်း ဆွဲခေါ်၍ မိုးတားရင်ပြင်ဆီသို့ သွားလိုက်သည်။ “ငါ ဗိုက်ဆာနေပြီ… တစ်ခုခု သွားစားကြစို့… ငါလည်း ဒီမှာ ဧည့်သည်ပဲ ဆိုတော့ အကုန်လုံးကို လိုက်ကြည့် မနေနိုင်ဘူးလေ…”

All Chapters