မိစ္ဆာမကောင်းဆိုးဝါးများ
Vol. 5 Ch. 70
မိန်းကလေး တစ်ယောက်၏ လက်ကို ဆုပ်ကိုင်ထားပြီး သူမ၏ လက်ဖဝါးဆီမှ နူးညံ့ချောမွေ့မှုကို ခံစားရသဖြင့် ချင်မူ၏ ရင်ထဲတွင် တစ်ခဏမျှ လှုပ်ခတ်သွားသည်။ သို့သော်လည်း ဖုထင်ယွဲ့၏ ရက်စက်ကြမ်းကြုတ်မှုက သူ့ရင်ထဲတွင် ဆက်၍ မအီမသာ ဖြစ်နေစေသေးသည်။
ရေကန်ထဲမှ စင်မြင့်ပေါ်သို့ ပြန်လှည့်ကြည့်မိသောအခါ ဖုထင်ယွဲ့က တစ်ဘက်လူ၏ လက်ချောင်း ဆယ်ချောင်းလုံးကို ဖြတ်ပြီးသည့်တိုင်အောင် မရပ်သေးဘဲ လက်ကောက်ဝတ်ကိုပါ ဆက်ဖြတ်၍ သားရိုင်းတစ်ကောင်ကဲ့သို့ ပို၍ မြူးထူးလာသည်။
"ဒါက တကယ့် စိတ္တဇပဲ... ဒါပေမဲ့ သေချာတွေးကြည့်ရင် ဒီသခင်လေးဖုထင်ယွဲ့က ငါနဲ့ ဆက်စပ်မှုတွေ ရှိနေတယ်..."
ချင်မူက စိတ်ထဲမှ စဉ်းစားကြည့်လိုက်မိသည်။ အဘွားစစ် သူ့ကို မြစ်ကမ်းဘေးမှ ကောက်ယူခဲ့စဉ်က သူ ငယ်ငယ်ရွယ်ရွယ်နှင့် နို့ပြတ် သေဆုံးမည်ကို ကြောက်ရွံ့ခဲ့သည်။ သို့ဖြစ်၍ သူမက နယ်စပ်နဂါးမြို့စား နန်းဆောင်အတွင်း ထိုးဖောက်ဝင်ရောက်၍ ကလေးမွေးထားခါစ ဖြစ်သော မြို့စားမင်း၏ ဇနီးသည်ကို ပြန်ပေးဆွဲခဲ့၏။ သူမကို နို့စားနွားမအဖြစ် ပြောင်းပစ်ပြီး ချင်မူ့ကို နို့တိုက်ခိုင်းခဲ့သောကြောင့်သာ ချင်မူမှာ ငယ်ငယ်ရွယ်ရွယ်နှင့် သေဆုံးရမည့် ဘေးမှ လွတ်မြောက်ခဲ့ရသည်။
မြို့စားမင်း၏ ဇနီးသည် ဖွားမြင်ခဲ့သော ကလေးမှာ ဖုထင်ယွဲ့ ဖြစ်ဖို့ရန် များ၏။
ချင်မူက သူ့အမေ၏ နို့ကို သောက်၍ ကြီးပြင်းခဲ့ရသည်။ ဤသည်က သူတို့နှစ်ယောက်၏ ဆက်သွယ်မှု ဖြစ်၏။
ချင်မူ သူ့ခေါင်းကို ပြန်လှည့်လိုက်သည်။ စင်မြင့်ပေါ်မှ လူငယ်က အသက်ရှင်ဖို့ရန် လမ်းမမြင်တော့ချေ။ နဂါးကြေးပြား တစ်ရာအတွက် သူက မြို့စားနန်းဆောင်အတွင်း ဝင်၍ သိုင်းစင်မြင့်ပေါ်သို့ တက်ခဲ့၏။ သူက အစွမ်းအစ ရှိသူ ဖြစ်၍ ထိုသို့ တက်ရဲခြင်း ဖြစ်သည်။ သို့သော်လည်း သူ့အသက်ကို ဤနေရာတွင် ဆုံးရှုံးရလိမ့်မည်ဟု မျှော်လင့်ထားခဲ့ပုံ မရချေ။
မိုးတားရင်ပြင်က အတီးအမှုတ်၊ အကအခုန်များနှင့် စည်ကားလျက်ရှိပြီး ချင်မူက လင်ယွိရှို့နောက်မှ လိုက်၍ အဆောက်အဦအတွင်းသို့ ဝင်ခဲ့လိုက်၏။ အဆောက်အဦထဲမှ ကချေသည်များ ကခုန်လျက် ရှိကြပြီး သူတို့၏ လက်ချောင်းလေးများ လေထုကို ပွတ်တိုက်သွားသည့် အခါတိုင်း တချွင်ချွင် မြည်နေကြောင်း ချင်မူ တွေ့လိုက်ရသည်။ ဤသည်က သူတို့၏ ချီစွမ်းအင်မှ ထွက်ပေါ်လာသော အသံ ဖြစ်သည်။ ခေါင်းအမော့နှင့် ခြေအနင်းတိုင်းက ဂီတသံ၏ စည်းချက်နှင့် တွဲဖက် ထွက်ပေါ်လာသည်။
ဤကချေသည်များက ချီစွမ်းအင်ကို အသုံးပြု၍ သာယာနာပျော်ဖွယ် ဂီတသံများ ဖန်တီးပြီး လှပဆန်းကြယ်စွာ ကခုန်နိုင်သည်ကို မြင်ရသောအခါ ချင်မူ တအံ့တဩ စုပ်သပ်လိုက်မိသည်။
အဆောက်အဦ၏ ဘေးတစ်ဘက်တစ်ချက်တွင်တော့ စားပွဲဝိုင်းငယ်လေးများ တည်ခင်းထားပြီး စားပွဲသောက်ပွဲ ကျင်းပနေကြသည်။ တချို့က အကအလှနှင့် ဂီတသံစဉ်ကို ခံစားနေကြပြီး အချို့က စင်မြင့်ပေါ်မှ တိုက်ပွဲကို ရှုစားနေကြ၏။
စင်မြင့်ပေါ်မှ တိုက်ပွဲမှာ အတော်လေး အခြေအနေဆိုးနေသည်။ ကြေးနီကြွက်သားနှင့် သံမဏအရိုးရှိသော လူငယ်မှာ လူရုပ်ပင် မပေါ်တော့အောင် ညှဉ်းဆဲခံထားရ၏။ သို့သော်လည်း မည်သူကမျှ တားဆီးခြင်း မရှိပေ။
လင်ယွိရှို့က ချင်မူ့ကို စားပွဲတစ်လုံးဆီသို့ ဆွဲခေါ်သွားပြီး မည်သူ့ကိုမျှ ဂရုမစိုက်ဘဲ ဝင်ထိုင်ချလိုက်သည်။
မိုးတားရင်ပြင်အတွင်း ထိုင်နေကြသူများက တစ်လောကလုံးမှ အဆင့်မြင့် သိုင်းသမားများ ဖြစ်ကြသည်။ ဤလူငယ်နှစ်ယောက်ကို မြင်လိုက်ရခြင်းကြောင့် အံ့အားသင့်သွားကြသော်လည်း မည်သူမျှ ထမမေးကြချေ။
သူတို့၏ စိတ်ထဲတွင် ဤဖူးသစ်စ မောင်နှံက အဆင့်မြင့် ပညာရှင် တစ်ယောက်ယောက်၏ တပည့်များဖြစ်ပြီး မိုးတားရင်ပြင်သို့ အတွေ့အကြုံ အသိအမြင် တိုးပွားစေရန် ခေါ်လာခြင်း ဖြစ်မည်ဟုသာ မှတ်ယူလိုက်ကြ၏။
စားပွဲဝိုင်းပေါ်တွင်တော့ တန်းဖိုးကြီးမားသည့် အဆန်းတကြယ် သစ်သီးများ၊ ဟင်းလျာများ ရှိနေသည်။ အဖိုးမဖြတ်နိုင်သော ရှားပါး ဆန်းကြယ်သားရဲများကို အထူးတထွေ ချက်ပြုတ်ထားပြီး နူးညံ့လတ်ဆတ်လှသဖြင့် ချင်မူ၏ လက်များ ဇယ်ဆက်သကဲ့သို့ လှုပ်ရှားသွားသည်။
အဘွားစစ်က သူ့ကို အိမ်မွေးတိရစ္ဆာန်များနှင့် ကုန်များ ရောင်းရန် မနက်ကတည်းက ဆွဲခေါ်သွားခဲ့သည်။ သို့ဖြစ်၍ သူ မည်သည်ကိုမျှ မစားရသေးဘဲ ဗိုက်ဆာနေသည်မှာ ကြာပြီ ဖြစ်၏။
ချင်မူက သူ့ရှေ့မှ အစားအစာများကို မြည်းစမ်းကြည့်ပြီး မျက်လုံးများ အရောင်တောက်သွားသည်။ အရသာ ရှိလွန်းလှသဖြင့် သူ့လျှာများပင် အရည်ပျော်သွားမတတ် ခံစားလိုက်ရပြီး ထိုအစားအသောက်များမှ သူ့အာရုံကို မလွှဲဖယ်နိုင်တော့ချေ။ အခြားတစ်ဘက်တွင် ဗိုက်ဆာသည်ဟု ပြောခဲ့သော လင်ယွိရှို့မှာ နှစ်လုတ်ခန့်သာ စား၍ သူမ၏ တူကို ချကာ ချင်မူ အားရပါးရ စားနေသည်ကို ထိုင်ကြည့်နေလေသည်။
ချင်မူ၏ ဘေးမှ စားပွဲဝိုင်းလေးတွင် ထိုင်နေသည်က တစ်မြို့လုံးကို သူမ၏ အလှဖြင့် ရုတ်ရုတ်သဲသဲ ဖြစ်စေခဲ့သူ၊ ဂိုဏ်းသခင်မ ဖြစ်သည်။ သူမက ချင်မူနှင့် သူ၏ ဘေးမှ ကောင်မလေးကို စိတ်ဝင်တစား ကြည့်နေသည်။
"သူက အဘွားစစ် ဟုတ်လား၊ မဟုတ်ဘူးလား..." ချင်မူ ကျိတ်တွေးလိုက်သည်။
သူမအပြင် ချင်မူ့ကို လှမ်းလှမ်း ကြည့်နေသောသူ တစ်ယောက်လည်း ရှိသေး၏။ ချင်မူက သူ့အကြည့်ကို ရိပ်စားမိပြီး ခေါင်းမော့ကြည့်လိုက်သောအခါ အနည်းငယ် မှင်တက်မိသွားသည်။ ထိုသူက ချပ်ဝတ်တန်ဆာများ ဝတ်ဆင်ထားပြီး ညစာစားပွဲ တက်သော အခါတွင်ပင် ထိုချပ်ဝတ်တန်ဆာများကို ချွတ်မထားချေ။ သူက မာန်ဟုန်မြစ်တွင် နှစ်ခါတိတိ ရေစက်ပါ၍ ဆုံတွေ့ခဲ့ရသော တပ်မှူးလေး ချင်ဖေးယွဲ့ ဖြစ်သည်။
"ချင်ဖေးယွဲ့ကလည်း ဒီရောက်နေတာလား... သူက ထာဝရ ငြိမ်းချမ်းရေး အင်ပါယာကို မပြန်ဘူးလား..."
ချင်မူက အံ့အားသင့်သွားပြီး သူ့ရှေ့မှ အစားအစာများကို ဆက်စားလိုက်သည်။ လင်ယွိရှို့က ရယ်ချင်စိတ်ကို ဖုံးဖိထားဟန်ဖြင့် ပြောလိုက်၏။ "ဟိုတပ်မှူးလေးက နင့်ကို တစ်ချိန်လုံး ကြည့်နေတယ်... နင်နဲ့ သိလို့လား..."
ချင်မူက ပါးစပ်ထဲမှ အစာများကို မျိုချ၍ တစ်ချက် စဉ်းစားပြီး ပြန်ပြောလိုက်သည်။ "ငါတို့က ရေစက်ဆုံပြီး နှစ်ခါတိတိ တွေ့ခဲ့ဖူးတယ်... အဲဒီတုန်းက သူ့ဘေးမှာ ခပ်ဝဝ သတ္တမ သခင်လေး ဆိုတာလည်း ပါတယ်... အခုတော့ ဘယ်ရောက်နေလဲ မသိဘူး..."
လက်ယွိရှို့က ဒေါသထွက်သွားပြီး သူ့လက်မောင်းကို ဆွဲဆိတ်လိုက်၏။
အဘယ်ကြောင့် ဤကောင်မလေး ဒေါသထွက်သွားသည်မှန်း ချင်မူ စဉ်းစားမရချေ။ "ဒီကောင်မလေးက တကယ် ထူးဆန်းတာပဲ... ချင်ဖေးယွဲ့ကလည်း အတော် ထူးဆန်းနေတယ်... ဒီကောင်မလေး ငါ့ကို ဆွဲဆိတ်တော့ သူ့တစ်ကိုယ်လုံး တောင့်တင်းပြီး ထခုန်တော့မလိုပဲ... ဆွဲဆိတ်ခံရတာက ငါပါ... ဘာလို့ သူက နာနေရတာလဲ မသိဘူး..."
ရုတ်တရက် အဘိုးကြီး တစ်ယောက်က ထပြောလိုက်၏။ "မြို့စားမင်း... စင်မြင့်ပေါ်က မြို့စားမင်းရဲ့ သားလား... အတော်လေး အစွမ်းအစ ကောင်းတာပဲ... သခင်လေး ထင်ယွဲ့က နယ်စပ်နဂါးမြို့ရဲ့ လူငယ်မျိုးဆက်တွေထဲမှာ နံပါတ်တစ် သိုင်းပညာရှင်လို့ ကြားခဲ့ဖူးပါတယ်... ဒီနေ့တော့ မျက်မြင်ကိုယ်တွေ့ တွေ့လိုက်ရတာပဲ... တကယ့်ကို ထူးချွန်ပါပေတယ်..."
ဖုယွင်တိက ပြုံးလိုက်၏။ "မြှောက်ပင့်လွန်းနေပါပြီ အကြီးအကဲ ပိုင်ရှန်း... ကျုပ်သားက အခုမှ အပေါ်ယံ သိုင်းကွက်တွေပဲ တတ်သေးတာကို လူရယ်စရာ ဖြစ်အောင် လုပ်နေတာပါ..."
အကြီးအကဲ ပိုင်ရှန်း တောက်ပစွာ ပြုံး၍ တုံ့ပြန်လိုက်သည်။ "အဲလိုလည်း ဘယ်ဟုတ်ပါ့မလဲ မြို့စားမင်းရယ်... သခင်လေး ထင်ယွဲ့က မိုင်သုံးရာ ပတ်လည်အတွင်းမှာ အတော်ဆုံးလို့ ကြားပါတယ်... ပြီးခဲ့တဲ့ နှစ်မှာကို သခင်လေး ထင်ယွဲ့က တိုက်ပွဲပေါင်း သုံးရာ ငါးဆယ့်နှစ်ပွဲ တိုက်ပြီး တိုက်ခဲ့သမျှ သိုင်းသမား သုံးရာ ငါးဆယ့်နှစ်ယောက် စလုံးကို သတ်ပစ်ခဲ့တယ်... တစ်ယောက်မှ သူ့လက်အောက်က မလွတ်ခဲ့ဘူး... ငယ်ငယ်ရွယ်ရွယ်နဲ့ ဒီလို သိုင်းစွမ်းအားမျိုး ရှိတာ သိပ်ကို ချီးကျူးစရာ ကောင်းနေပါပြီ..."
ချင်မူက မျက်ခုံးပင့်လိုက်ပြီး အစားအသောက်တွင်သာ ဆက်၍ အာရုံစိုက်လိုက်သည်။
ဖုယွင်တိက ကမန်းကတန်း ပြုံးလိုက်၏။ "ကျုပ်သားက မဟာမြို့ပျက်က အစွန့်ပစ်ခံလူတွေကိုပဲ သတ်တာပါ... အပြင်လောကက လူတွေဆိုရင် ထောက်ထားငဲ့ညှာမှာပါ..."
အကြီးအကဲ ပိုင်ရှန်းက ပြုံးလိုက်သည်။ "အစွန့်ပစ်ခံလူတွေမှာလည်း အဆင့်မြင့် ပညာရှင်တွေ မရှားပါဘူး... သခင်လေး ထင်ယွဲ့ရဲ့ အစွမ်းအစက တကယ်ကို ချီးကျူးစရာပါပဲ..."
ဖုယွင်တိက ဟက်ခနဲ ရယ်မောလိုက်သည်။ "ကျုပ်သားက ရိုးဖြောင့်တဲ့ လူတစ်ယောက်ပါ... သူနဲ့ တိုက်ဖို့ သူများကို ဘယ်တုန်းကမှ ဖိအား မပေးခဲ့ဘူး... မဟာမြို့ပျက်က အစွန့်ပစ်ခံလူတွေကို သိုင်းပြိုင်ကွင်းထဲဝင်ပြီး တိုက်ရင် အခကြေးငွေရမယ် ဆိုပြီးပဲ ဖိတ်ခေါ်ခဲ့တာပါ... အစွန့်ပစ်ခံလူတွေက ကျုပ်သားကို အတောမသတ်အောင် စိန်ခေါ် တိုက်ခိုက်ခဲ့ကြပေမဲ့ သူတို့အားလုံးရဲ့ အသက်တွေပဲ ဆုံးရှုံးခဲ့ရတယ်... ကျုပ်သားရဲ့ အဲဒီနဂါးကြေးပြား တစ်ရာက အခုထိ မသုံးရသေးဘူး... ကျုပ်သားက သူ့ဖာသာ ဘယ်လို ရှင်သန်နေထိုင်ရမလဲ သိတယ်လို့ပဲ ပြောရမှာပေါ့... ဟား... ဟား... ဟား..." ဖုယွင်တိက သူ့စကားအဆုံးတွင် တဟားဟား ရယ်မောလိုက်သည်။
အားလုံးကလည်း သူ့နောက်မှ လိုက်၍ ရယ်မောလိုက်ကြ၏။
ထိုအခိုက်၌ မျက်နှာမည်းမည်းနှင့် အဘိုးကြီး တစ်ယောက်က ရုတ်တရက် ပြုံးရယ်နေခြင်းကို ရပ်တန့်လိုက်ပြီး ရယ်သံများကို လွှမ်းမိုး၍ အားလုံး၏ နားထဲတွင် အုန်းခနဲ မြည်ဟည်းသွားအောင် ပြောလိုက်သည်။ "ဂိုဏ်းသခင်မ... မဟာ ဉာဏ်အလင်းဖွင့် ကောင်းကင်နတ်ဆိုး ကျမ်းစာကို နှစ်ပေါင်းများစွာ လေ့လာပြီးပြီဆိုတော့ ဒီနေ့ည ကျုပ်တို့ကို မျက်စိပွင့်၊ နားပွင့် ဖြစ်အောင် လုပ်ပေးလိမ့်မယ်လို့ ကျုပ် ထင်ပါတယ်..."
ထိုပိန်ပိန်ပါးပါး၊မျက်နှာမည်းမည်းနှင့် အဘိုးကြီးက ချင်မူ၏ ရှေ့တွင် ထိုင်နေပြီး လူမမာရုပ် ပေါက်နေသည်။ သူ့မျက်လုံးများက အသက်ကင်းမဲ့နေပြီး တစ်ကိုယ်လုံးက မီးသွေးတုံး တစ်တုံးကဲ့သို့ ဖြစ်သည်။ သို့သော်လည်း သူ့အသံကတော့ အလွန်တရာ ကျယ်လောင်လှ၏။
သူ့စကား အဆုံးတွင် အားလုံး၏ အကြည့်က ညှို့ငင်ဆွဲဆောင်မှု အပြည့် ရှိနေသည့် ဂိုဏ်းသခင်မထံ ကျရောက်သွားကြသည်။
ချင်မူက သူ၏ ဆင်စွယ်တူတစ်စုံကို ကမန်းကတန်း ချ၍ သူ့ပါးစပ်ကို ပိတ်လိုက်၏။ သို့တိုင်အောင် မနေနိုင်ဘဲ သူ့ပါးစပ်ထဲမှ အစာများကို ကျိတ်ဝါးလိုက်သည်။
ထိုအစာများကို မျိုချပြီးနောက် ဤလူငယ်လေးမှာ တစ်ခဏမျှ ချီတုံချတုံ ဖြစ်နေပြီး၊ မနေနိုင်တော့ဘဲ ဆင်စွယ်တူကို ပြန်ကောက်ကိုင်၍ ငါးအသား တစ်ဖတ်ကို ဖဲ့ကာ ပါးစပ်ထဲသို့ အလျင်အမြန် ထိုးထည့်လိုက်သည်။
မီးသွေးတုံးနှင့် တူသည့် အဘိုးကြီးမှာ ရှူးရှူးရှဲရှဲ ဖြစ်သွားပြီး ချင်မူ့ကို ဒေါသတကြီး စိုက်ကြည့်လိုက်သည်။ "စားနေတာ ရပ်စမ်း..."
ချင်မူ၏ ဘေးမှ ဂိုဏ်းသခင်မက တဟားဟား ရယ်မောလိုက်၏။ "အရှင်ဟေး ထင်ပါရဲ့... ဘာတွေ ဒေါသထွက်စရာ လိုလို့လဲ အရှင်ဟေးရဲ့... မြို့စားမင်းက ကျွန်မတို့ကို စားဖို့၊ သောက်ဖို့ ဖိတ်ထားတာလေ... ဘာလို့ မစားဘဲ နေရမှာလဲ... ကျွန်မ ပြောတာ မှန်တယ် မဟုတ်လား... မြို့စားမင်း..."
ဖုယွင်တိက ချောင်းတစ်ချက်ဟန့်၍ ပြုံးလိုက်သည်။ "ဒီတွေ့ဆုံပွဲက တက်ရောက်လာကြတဲ့သူတွေ အားလုံးကို ကျုပ်ရဲ့ နယ်စပ်နဂါးမြို့က အရသာရှိတဲ့ စာကောင်းသောက်ဖွယ်တွေ မြည်းစမ်းစေချင်လို့ တည်ခင်းဧည့်ခံတဲ့ စားသောက်ပွဲလည်း ဖြစ်ပါတယ်... အဲဒါကြောင့် ဧည့်သည်တော်တွေအနေနဲ့ စိတ်ကြိုက်သုံးနိုင်ပါတယ်..."
ဂိုဏ်းသခင်မက ခပ်လွင်လွင် ရယ်မောလိုက်ပြီး နီနီရဲရဲ သစ်သီး တစ်လုံးကို တစ်ကိုက်ကိုက်လိုက်၏။ ထို့နောက် သူမ၏ လီလီပန်းကဲ့သို့ ဖြူဖွေး သွယ်လျသော လက်ချောင်းလေးများများကို စိတ်အေးလက်အေး သန့်စင်ရှင်းလင်းရင်း အားရပါးရ စားသောက်နေသော ချင်မူ့ကို ကြည့်လိုက်သည်။
လင်ယွိရှို့မှာလည်း လွန်စွာ အံ့အားသင့်သွားသည်။ ဤသို့သော အခြေအနေမျိုးတွင် ချင်မူက ဆက်၍ စားသောက်နေနိုင်ဦးမည်ဟု သူမ လုံးဝ မမျှော်လင့်ခဲ့မိပေ။
များစွာ မကြာလိုက်ဘဲ ချင်မူ ဗိုက်မပြည့်တပြည့် ဖြစ်သွားသည်။ သူ တစ်ချက် တွေးလိုက်ပြီးနောက် ဆီစိမ်စက္ကူ တစ်ရွက်ကို ထုတ်၍ နူးညံ့၍ အရသာ ရှိသော ဟင်းလျာအချို့ကို ကောက်ထည့်ကာ ဂရုတစိုက် ထုပ်ပိုးလိုက်သည်။
မီးသွေးတုံးကဲ့သို့သော အရှင်ဟေးက မအောင့်နိုင်ဘဲ ဝင်ပြောလိုက်မိသည်။ "ဟေ့ကောင်လေး... မင်းက စားလို့သောက်လို့လည်း မပြီးဘူး... အဲဒါနဲ့တောင် အိမ်ကို သယ်သွားချင်သေးတာလား..."
ချင်မူက ရှက်အမ်းအမ်းဖြင့် ပြန်ဖြေလိုက်၏။ "ကျွန်တော့် ဘွားဘွား၊ ဘိုးဘိုးမျက်ကန်းနဲ့ ကျွန်တော်က ဒီနေ့မှ မြို့ထဲကို ရောက်တာပါ... တလမ်းလုံး ရိက္ခာခြောက်ပဲ စားခဲ့ရတယ်... တခြား ဘာမှလည်း မစားရသေးဘူး... ဒီကအစားအသောက်တွေက သိပ်ကို အရသာရှိပြီး နူးညံ့လွန်းတော့ သွားမကောင်းတော့တဲ့ ဘွားဘွားနဲ့ ဘိုးဘိုးမျက်ကန်းအတွက် နည်းနည်းလောက် ယူသွားချင်လို့ပါ..." ထိုစကား အဆုံးတွင် ဂိုဏ်းသခင်မကို ထပ်၍ လှမ်းကြည့်လိုက်ပြီး သူ့ရင်ထဲတွင် သံသယ တစ်ခု ပေါက်ဖွားလာသည်။ "သူက ဘွားဘွားစစ် ဟုတ်ရဲ့လား... နေဦး... ဒီနှုတ်ခမ်းနီ၊ ပါးနီနံ့က ဘွားဘွားစစ် ဝယ်ခဲ့တဲ့ နှုတ်ခမ်းနီ၊ ပါးနီနံ့နဲ့ အတူတူပဲ မဟုတ်လား..."
ဂိုဏ်းသခင်မ၏ မျက်ဝန်းထဲတွင် ညင်သာ နူးညံ့သည့် အမူအရာတစ်ချက် ဖြတ်ပြေးသွားပြီး ပြုံးလိုက်သည်။ "မင်းက သိတတ်တဲ့ ကောင်လေးပဲ... ငါတော့ မင်းကို ပိုပိုပြီး သဘောကျလာပြီ..."
ခန်းမအတွင်းရှိလူ အားလုံးမှာ ရယ်စရာကောင်းသည့် အရာတစ်ခုကို ကြည့်နေကြသည်နှင့် တူပြီး ချင်မူ့ကို သနားသွားမိကြ၏။ "ဂိုဏ်းသခင်မက အဲလို သိတတ်၊ ဖားတတ်တဲ့သူတွေကို သိပ်မုန်းတဲ့ မိစ္ဆာမလို့ နာမည်ကျော်ခဲ့တာ... ဒီကောင်လေးတော့ အသေဆိုးနဲ့ သေရတော့မှာပဲ..."
အရှင်ဟေးက ချင်မူ အစားအစာများ ထုပ်ပိုးပြီးသည်အထိ စောင့်၍ အေးစက်စက် ပြောလိုက်သည်။ "မင်း စားလို့ ဝပြီလား..."
ချင်မူက ရိုးသားစွာပင် ပြန်ဖြေလိုက်၏။ "မဝတဝပဲ ရှိပါသေးတယ်..."
အရှင်ဟေးမှာ ဒေါသတကြီး နှာမှုတ်လိုက်၏။ သူ နှာမှုတ်လိုက်သည့် လေအရှိန်ကြောင့် မိုးတားရင်ပြင်ရှိ ပြတင်းပေါက် ရာချီမှာ သွက်သွက်ခါအောင် လှုပ်ယမ်းသွားသည်။
ချင်မူက လေးစားမိသွားပြီး နှုတ်မှ ထုတ်ဖော်ချီးကျူးလိုက်၏။ "အကြီးအကဲရဲ့ ကျင့်စဉ်စွမ်းအင်က တကယ့်ကို အားကောင်းတာပဲ... ကျွန်တော်တော့ အဲဒီလိုမျိုး မလုပ်နိုင်ဘူး..."
အရှင်ဟေး၏ နဖူးပေါ်မှ သွေးကြောများ တဆတ်ဆတ် တုန်ခါနေပြီး ဒေါသကို မျိုသိပ်ကာ ချင်မူ စားပြီးသည်အထိ စောင့်လိုက်သည်။ တစ်ချိန်လုံး ပြုံးနေခဲ့သော ဂိုဏ်းသခင်မမှာလည်း သူမ၏ ဆင်စွယ်တူကို ချ၍ စားသောက်ခြင်းအမှုကို ရပ်တန့်လိုက်သည်။
အရှင်ဟေးက တစ်ချိန်လုံး အောင့်အီး မျိုသိပ်ခဲ့ရသမျှကို လေပူတစ်ချက် မှုတ်ထုတ်၍ အေးစက်စက် ပြောလိုက်သည်။ "အခု အားလုံး ဗိုက်ပြည့်သွားပြီလား... စကားပြောလို့ ရပြီလား..."
အဆောက်အဦထဲရှိ အားလုံး၏ အကြည့်များက ဂိုဏ်းသခင်မထံ ကျရောက်သွားသည်။
ဂိုဏ်းသခင်မ၏ အပြုံး တစ်ချက်က လူတစ်ရာကို ဆွဲဆောင်ညှို့ငင်နိုင်၏။ အားလုံးသော သူများ၏ မျက်ဝန်းများက ယခင်ကထက် ပိုမို တောက်ပလာသည်။ "အရှင်ဟေး... ကျွန်မက ရှင့်ကို မဟာ ဉာဏ်အလင်းဖွင့် ကောင်းကင်နတ်ဆိုး ကျမ်းစာ ပေးလိုက်ရင်တောင်... ရှင့်ကိုယ်ရှင် နယ်စပ်နဂါးမြို့ကနေ အသက်ရှင်လျက် ထွက်သွားနိုင်မယ် ထင်လို့လား... မြို့စားမင်းက ရှင့်အသက်ကို အရင်ဆုံး နုတ်ယူမယ့်သူတောင် ဖြစ်ချင် ဖြစ်နေမှာ... ပြီးတော့ ကျန်တဲ့သူတွေကလည်း ရှင့်ကို မဟာမြို့ပျက်ထဲကနေ အသက်ရှင်လျက် ထွက်သွားခွင့်ပြုပါ့မလား..."
အရှင်ဟေးက ထရပ်လိုက်၏။ သူ့ဦးခေါင်းနောက်တွင် အလွန်တရာ မည်းနက်သော ချီစွမ်းအင်များ ထွက်ပေါ်လာပြီး လက်လေးဖက် ရှိသော ကောင်းကင်နတ်ဆိုး တစ်ကောင် အဖြစ် ဖွဲ့တည်သွားသည်။
ချီစွမ်းအင်ကို ထိုမျှ အဆင့်ထိ အသုံးပြု၍ မိစ္ဆာနတ်ဘုရား တစ်ပါး ဖန်ဆင်းနိုင်ခြင်းမှာ သူ၏ ကျင့်စဉ်က ဖုယွင်တိ၏ လက်ရှစ်ဖက် ကောင်းကင်နတ်ဘုရား ကျင့်စဉ်အောက် မနိမ့်ကျကြောင်း ထင်ရှား၏။
အရှင်ဟေးက အားလုံးကို ဝေ့ဝဲကြည့်ရှု၍ အေးစက်စက် ပြောလိုက်သည်။ "ကောင်းကင်နတ်ဆိုးဂိုဏ်းရဲ့ သိုင်းကျမ်း ငါ့လက်ထဲရောက်လာရင် ငါပိုင်တဲ့ ပစ္စည်း ဖြစ်သွားပြီ... ငါ့ပစ္စည်းကို လာလုမယ့်သူတွေက ငါသတ်တာ ခံရမှာကို မကြောက်ကြဘူးလား... ဟမ်..."
အဆောက်အဦးထဲရှိသူ အားလုံးက ပြုံးလိုက်သော်လည်း မည်သည့်စကားမျှတော့ မဆိုကြချေ။
ဂိုဏ်းသခင်မက ခပ်ဟဟ ရယ်မောလိုက်၏။ "ဒီထဲမှာ ထာဝရ ငြိမ်းချမ်းရေး အင်ပါယာက လာတဲ့ တော်ဝင် ဧည့်သည်တွေနဲ့ မဟာမြို့ပျက်မှာ ပုန်းခိုနေတဲ့ အဆင့်မြင့် ပညာရှင်တွေချည်းပဲ... ရှင်က ဘယ်လောက်များများ သတ်နိုင်မှာ မလို့လဲ... ဒီက တပ်မှူးလေးက ထာဝရ ငြိမ်းချမ်းရေး အင်ပါယာက ထင်ပါရဲ့... ဟုတ်တယ် မဟုတ်လား..."
သူမ ပြောလိုက်သူက ချင်ဖေးယွဲ့ ဖြစ်သည်။ သူမက ပြုံးလိုက်၏။ "ဧကရာဇ် အတိုင်ပင်ခံက နတ်ဘုရားတွေရဲ့ အောက်က နံပါတ်တစ် လူသားလို့ ကျွန်မ ကြားဖူးတာ ကြာပါပြီ... သူ့တပည့်ကလည်း သာမန်တော့ မဟုတ်တန်ရာဘူး မဟုတ်လား..."
ချင်ဖေးယွဲ့က အနည်းငယ် ကိုင်းညွှတ်၍ အရိုအသေ ပြုလိုက်သည်။ "ဒီတပ်မှူးလေးက ချင်ဖေးယွဲ့ပါ... ကျုပ်ဆရာက ဧကရာဇ် အတိုင်ပင်ခံဆိုတာ အမှန်ပါပဲ... ဒါပေမဲ့ ကျုပ်က ဒီနေရာကို ဂိုဏ်းသခင်မအတွက် လာတာ မဟုတ်သလို၊ မဟာ ဉာဏ်အလင်းဖွင့် ကောင်းကင်နတ်ဆိုး ကျမ်းစာအတွက် လာတာလည်း မဟုတ်ပါဘူး... ဂိုဏ်းသခင်မက တစ်လောကလုံးမှာ အလှဆုံး အမျိုးသမီး ဖြစ်ချင် ဖြစ်ပါလိမ့်မယ်... မဟာ ဉာဏ်အလင်းဖွင့် ကောင်းကင်နတ်ဆိုး ကျမ်းစာကလည်း နတ်ဘုရား တစ်ပါး ဖြစ်လာနိုင်မယ့် ကျင့်စဉ် ဖြစ်ချင် ဖြစ်ပါလိမ့်မယ်... ဒါပေမဲ့ ဧကရာဇ် အတိုင်ပင်ခံက အဲဒါတွေကို အရေးမစိုက်ပါဘူး..."
သူ့လေသံက ဝင့်ကြွားမာန်တက်မှုများ အလိုလို ပါဝင်နေ၏။ နတ်ဘုရားတို့၏ အောက်မှ နံပါတ်တစ် လူသား ဖြစ်သည်နှင့်အညီ ဧကရာဇ်အတိုင်ပင်ခံက မည်သည့် ကျင့်စဉ် ကျမ်းစာကိုမျှ အရေးမစိုက်ချေ။ နတ်ဘုရား တစ်ပါး ဖြစ်လာစေနိုင်သော မိစ္ဆာဂိုဏ်း၏ အထွတ်အမြတ် သိုင်းကျမ်းဆိုလျှင်တောင်မှ လှည့်ကြည့်လိမ့်မည် မဟုတ်...။
ရုတ်တရက် သရော်သံ တစ်သံ ထွက်ပေါ်လာ၏။ "ဒါက မဟာမြို့ပျက်... ထာဝရ ငြိမ်းချမ်းရေး အင်ပါယာ မဟုတ်ဘူး... ဧကရာဇ် အတိုင်ပင်ခံ ဘယ်လိုတွေးတယ်ဆိုတာ ဘယ်သူက ဂရုစိုက်လို့လဲ..."
ချင်ဖေးယွဲ့က သတ်ဖြတ်လိုသော အငွေ့အသက်များ ထုတ်လွှတ်၍ အသံလာရာဆီသို့ ကြည့်လိုက်သည်။ ထိုစကားကို ပြောလိုက်သူက သူနှင့် မျက်နှာချင်းဆိုင် စားပွဲဝိုင်းတွင် ထိုင်နေသည့် မုတ်ဆိတ်မွေး ဗရပျစ်နှင့် တုတ်ခိုင်ခိုင် လူတစ်ယောက် ဖြစ်သည်။ သူ့အင်္ကျီရင်ဘတ်က ဟပြဲ ပွင့်နေပြီး စိတ်လွတ်ကိုယ်လွတ် ထိုင်နေ၏။ သူ့လက်တစ်ဖက်က အစားကို ကိုင်၍ စားနေပြီး အခြား တစ်ဖက်က သူ့ဗိုက်မှ ချေးများကို ပွတ်နေသည်။ တစ်ချက်၊ နှစ်ချက် ပွတ်ပြီးသောအခါ အနက်ရောင် ချေးလုံးများ ဖြစ်သွားပြီး တွေ့ရာ နေရာသို့ တောက်ထုတ်လိုက်၏။
ချင်ဖေးယွဲ့က မျက်မှောင်ကြုတ်၍ ရွံ့ရှာစက်ဆုပ်သည့် အမူအရာ ပြလိုက်သည်။ "မဟာမြို့ပျက်က တောသားတွေက တကယ့်ကို ရိုင်းစိုင်းတာပဲ... သူ့လိုလူမျိုးကို ဒေါသထွက်နေစရာ မရှိဘူး... အတိုင်ပင်ခံရဲ့ တပ်ဖွဲ့ ရောက်လာရင် ဘယ်မကောင်းဆိုးဝါး ၊ မိစ္ဆာပဲ ဖြစ်ဖြစ် ဦးညွှတ် ဒူးထောက်ကြရလိမ့်မယ်..."
ထို့နောက် သူက ချင်မူ့ဘေးမှ မိန်းကလေးကို ထပ်ကြည့်လိုက်ပြီး ထိုင်မရ ထမရသလို ခံစားလိုက်ရသည်။ "ဘာလို့ သတ္တမ မင်းသမီးက ဒုက္ခိတဘိုးဘွား ကျေးရွာက ကောင်လေးနဲ့ ရောရောထွေးထွေး နေနေရတာလဲ... ဆွဲတောင် ဆိတ်လိုက်သေးတယ်... အတော်လေး ရင်းနှီးနေတဲ့ပုံပဲ... ဒီအကြောင်းတွေသာ သတင်းပြန့်သွားရင် နန်းတွင်းမိသားစုရဲ့ မျက်နှာ ဘယ်နား သွားထားရမလဲတောင် သိမှာ မဟုတ်ဘူး..."