လူသတ်ခွင့်ပေး
Vol. 6 Ch. 71
ချင်ဖေးယွဲ့က သူ့စိတ်သူ တည်ငြိမ်အောင် ထိန်း၍ အရှင်ဟေးကို ပြောလိုက်သည်။ "ဧကရာဇ် အတိုင်ပင်ခံက မဟာ ဉာဏ်အလင်းဖွင့် ကောင်းကင်နတ်ဆိုး ကျမ်းစာကို စိတ်မဝင်စားပါဘူး..."
မှေးကျနေသော မျက်ဝန်းများနှင့် အရှင်ဟေးက ဟက်ခနဲ ရယ်လိုက်သည်။ "ဧကရာဇ် အတိုင်ပင်ခံက စိတ်မဝင်စားဘူးဆိုတော့ တပ်မှူးချင်ကများ စိတ်ဝင်စားသေးလား မသိဘူး..."
ချင်ဖေးယွဲ့၏ ရင်ထဲတွင် တုန်လှုပ်သွား၏။ သူ မည်သို့ ဆိုသည် ဖြစ်စေ ဤမကောင်းဆိုးဝါးကြီး၏ ရင်ထဲမှ စိုးရိမ် သံသယစိတ်ကို ပယ်ရှားနိုင်လိမ့်မည် မဟုတ်ကြောင်း သိလိုက်သည်။
ချင်ဖေးယွဲ့၏ အောက်နားမှ အဘိုးကြီး တစ်ဦးက သူ၏ မျက်ခုံးမွေးဖြူဖြူများကို ပင့်၍ ပြောလိုက်သည်။ "ကျုပ်ကတော့ အိုပါပြီ... နေရမယ့် ရက်လည်း သိပ်မကျန်တော့ဘူး... အဲဒါကြောင့် မသေခင် လူတစ်ယောက်ကို နတ်ဘုရား တစ်ပါးအဖြစ် ပြောင်းနိုင်သလို နတ်ဆိုး တစ်ကောင်အဖြစ်လည်း ပြောင်းနိုင်တယ်ဆိုတဲ့ မဟာ ဉာဏ်အလင်းဖွင့် ကောင်းကင်နတ်ဆိုး ကျမ်းစာကို ကြည့်သွားချင်ပါသေးတယ်... ဂိုဏ်းသခင်မနဲ့ အရှင်ဟေးအနေနဲ့ ကြည့်ခွင့်ပေးနိုင်မလား မသိဘူး..."
"ကိစ္စမရှိပါဘူး..."
ဂိုဏ်းသခင်မက သူမ၏ လှပသော မျက်ဝန်းများဖြင့် လှည့်ပတ် ကြည့်ရှု၍ ပြုံးလိုက်သည်။ "နောက်ထပ် ဘယ်သူတွေရော မဟာ ဉာဏ်အလင်းဖွင့် ကောင်းကင်နတ်ဆိုး ကျမ်းစာကို ကြည့်ချင်သေးလဲ..."
ဖုယွင်တိ၏ အောက်ဘက်နားတွင် ထိုင်နေသော မျက်နှာဝါဝါနှင့် အဘွားကြီးက ပြုံးလိုက်သည်။ "သခင်မ စိတ်မရှိဘူး ဆိုရင်တော့ ကျုပ်လည်း ဒီကောင်းကင်နတ်ဆိုး ကျမ်းစာကို ကြည့်ချင်ပါတယ်..."
ဂိုဏ်းသခင်မက ဖုယွင်တိကို ကြည့်လိုက်၏။ "မြို့စားမင်းကရော ဘယ်လို စိတ်ကူး ရှိပါသလဲ..."
ဖုယွင်တိက တဟားဟား ရယ်မောလိုက်၏။ "ဗွေမယူပါနဲ့ သခင်မ... ကျုပ်က မဟာ ဉာဏ်အလင်းဖွင့် ကောင်းကင်နတ်ဆိုး ကျမ်းစာနဲ့ ပတ်သက်ပြီး ဘာမှ မကောင်းတဲ့ အကြံအစည် မရှိပါဘူး... လူတစ်ယောက်ကို နတ်ဘုရား တစ်ပါးအဖြစ် ပြောင်းနိုင်သလို နတ်ဆိုး တစ်ကောင်အဖြစ်လည်း ပြောင်းစေနိုင်တယ် ဆိုတဲ့ လျှို့ဝှက်ဆန်းကြယ် ကျင့်စဉ်ကို မြင်ဖူးချင်ရုံ သက်သက်ပါပဲ... ကျုပ်အနေနဲ့ ကျုပ်တို့ရဲ့ ကျင့်စဉ် နည်းစနစ်တွေကို ဖလှယ်ချင်ပါတယ်... ကျုပ်မှာ သခင်မအပေါ် မကောင်းတဲ့ အကြံအစည် မရှိပါဘူး... နူးညံ့ပြီး ကာကွယ်ပေးချင်တဲ့ ခံစားချက်တွေတောင် ရှိပါသေးတယ်... ရက်စက်ကြမ်းကြုတ်တဲ့ ကောင်းကင်နတ်ဆိုးဂိုဏ်းက သခင်မကို ဒီလောက်အကြာကြီး လိုက်ရှာနေခဲ့တာ ဆိုတော့ သခင်မအနေနဲ့ တစ်ယောက်တည်း ကူကယ်ရာမဲ့ ဖြစ်ခဲ့ရမှာပဲ... ကျုပ်အနေနဲ့ သခင်မရဲ့ ဒုက္ခတွေကို မျှဝေခံစားချင်ပါတယ်..."
ချင်မူက မျက်တောင် တဖျတ်ဖျတ် ခတ်၍ အားလုံးသော အဆင့်မြင့် ပညာရှင်များကို ဝေ့ဝဲ ကြည့်ရှုလိုက်သည်။ မိုးတားရင်ပြင် အတွင်းရှိ အားလုံးသောသူများမှာ မဟာ ဉာဏ်အလင်းဖွင့် ကောင်းကင်နတ်ဆိုး ကျမ်းစာကို စိတ်ဝင်စားသည့် အမူအရာများ ပြနေကြပြီး ဂိုဏ်းသခင်မကို မထိရဲ ဖြစ်နေကြသည်။
သူတို့အနေဖြင့် ဂိုဏ်းသခင်မထံမှ မဟာ ဉာဏ်အလင်းဖွင့် ကောင်းကင်နတ်ဆိုး ကျမ်းစာကို လုယူနိုင်ခဲ့လျှင်တောင်မှ အားလုံး၏ ပစ်မှတ်မှာ သူတို့ ဖြစ်သွားပေလိမ့်မည်။
ဂိုဏ်းသခင်မက အားလုံး၏ အမူအရာများကို စေ့စေ့ကြည့်၍ ရုတ်တရက် တဟားဟား ရယ်မောလိုက်သည်။ သူမ၏ ဖြူသွယ်သော လက်ချောင်းလေးများကို ဆန့်ဖြေ ဖွင့်ဟလိုက်သောအခါ ကျောက်စိမ်းဘူးလေး တစ်ခု ပေါ်ထွက်လာ၏။ "ဒီထဲမှာ မဟာ ဉာဏ်အလင်းဖွင့် ကောင်းကင်နတ်ဆိုး ကျမ်းစာ ရှိတယ်... အပြင်ဘက်က မှော်အဆောင် သင်္ကေတတွေက ကောင်းကင်နတ်ဆိုး ဂိုဏ်းသခင် အဆက်ဆက် ချန်ထားရစ်ခဲ့တဲ့ ချိပ်ပိတ် အစီအရင်တွေပဲ..."
မိုးတားရင်ပြင် အတွင်းမှ လေထုက အလွန်တရာ တင်းမာလာ၏။ ချင်မူမှာ ရုတ်တရက် ကြောက်မက်ဖွယ်ရာ အရှိန်အဝါ အငွေ့အသက် တစ်ခု သူ့အပေါ် ပိကျလာကြောင်း ခံစားလိုက်မိသည်။ လင်ယွိရှို့မှာလည်း ခပ်တိုးတိုး ညည်းညူလိုက်၏။ ထိုအရှိန်အဝါ အငွေ့အသက်က သူတို့ကို ဦးတည်ခြင်း မဟုတ်၊ သူတို့၏ ဘေးမှ ဂိုဏ်းသခင်မကို ဦးတည်ခြင်း ဖြစ်သည်။ သို့သော်လည်း သူတို့ နှစ်ယောက်က သူမနှင့် လွန်စွာ နီးကပ်နေသဖြင့် တွဲပါသွားခြင်း ဖြစ်၏။
ဂိုဏ်းသခင်မက ထိုအဖြစ်ကို ဂရုမထားဘဲ ကျောက်စိမ်းဘူးကို ဖွင့်လိုက်သည်။ ဘူးထဲမှ ဂီတသံစဉ် တစ်ခု မြည်လာပြီး ကြိုးမျှင် တစ်စက ဝိညာဉ်မြွေ တစ်ကောင်ကဲ့သို့ တဖြည်းဖြည်း ခေါင်းထောင်ထလာ၏။
"ဒါ တကယ် မဟာ ဉာဏ်အလင်းဖွင့် ကောင်းကင်နတ်ဆိုး ကျမ်းစာပဲ..."
အရှင်ဟေးက လမ်းလျှောက်တုတ်ကို ဆောင့်ချ၍ ပြတ်သားစွာ ပြောလိုက်သည်။ "ပြန်သိမ်းထားလိုက်ပါ... သခင်မ..."
ချင်မူမှာ ကျောက်စိမ်းဘူးထဲသို့ လည်ဆန့်၍ လှမ်းကြည့်လိုက်ပြီး ဖော်မပြနိုင်အောင် ထူးဆန်းသည့် ခံစားချက်များ ဖွဲ့တည်လာကာ အမူအရာ တစ်မျိုးတစ်မည် ဖြစ်သွားသည်။ ဤသည်က မဟာ ဉာဏ်အလင်းဖွင့် ကောင်းကင်နတ်ဆိုး ကျမ်းစာ မဟုတ်၊ အဘွားစစ် ကိုယ်နှင့်မကွာ အမြဲ ဆောင်ယူသွားသည့် အပ်ချည်လုံးသာ ဖြစ်သည်။
ဤအပ်ချည်လုံးကို သူ ကောင်းကောင်း မှတ်မိ၏။ အဘွားစစ်က ထိုအပ်ချည်လုံးကို ခြင်းတောင်းထဲတွင် ထည့်ထားပြီး အပ်ချည်ကြိုးမျှင်မှာ ကျောက်စိမ်းဆံထိုး တစ်ခုကို ရစ်ပတ်ထားခြင်း ဖြစ်၏။ ထိုကျောက်စိမ်းဆံထိုးကလည်း ယခု ဘူးထဲတွင် ရှိနေသည်။ သူ ငယ်စဉ်က အဘွားစစ် အဝတ်ချုပ်သည့်အခါ သူ့ကို ထိုခြင်းတောင်းထဲတွင် ထည့်ထားလေ့ ရှိသည်။ တစ်ခါကဆိုလျှင် ချင်မူ မအောင့်နိုင်ဘဲ ကျင်ကြီးစွန့်ခဲ့သဖြင့် ထိုမဟာ ဉာဏ်အလင်းဖွင့် ကောင်းကင်နတ်ဆိုး ကျမ်းစာတစ်ခုလုံး ပေသလူးပွ နံစော်သွားခဲ့ဖူးသည်။
"သူက တကယ် အဘွားစစ်ပဲ..."
လူငယ်လေးမှာ ရယ်ရမလား၊ ငိုရမလား မသိတော့ချေ။ "ဘွားဘွားက ဘာလို့ တည်းခိုဆောင်မှာပဲ နေခဲ့ပါလိမ့်လို့ တွေးနေတာ... လက်စသပ်တော့ သူက ဖီးလိမ်းပြင်ဆင်ပြီး လာပျော်ပါးနေတာကိုး..."
ဂိုဏ်းသခင်မက အရှင်ဟေးကို ဂရုမစိုက်ချေ။ အပ်ချည်ကြိုးက တစ်စထက် တစ်စ မြင့်တက်လာ၏။ ရုတ်တရက် အပ်ချည်ကြိုးက ကြီးမား ပြန့်ကားလာသည်။ ထိုအပ်ချည်ကြိုးက ရေစည်ပိုင်း တစ်လုံး အရွယ် ရောက်သွားသောအခါ အားလုံး၏ အမူအရာများ ပြောင်းလဲသွား၏။ ထိုအပ်ချည်ကြိုးက ကြိုးမျှင်မဟုတ်၊ မရေမတွက်နိုင်သော စာလုံးများဖြင့် ဖွဲ့စည်းထားသည့် စာကြောင်းများ ဖြစ်ကြောင်း မြင်တွေ့လိုက်ကြရသည်။
မြောက်မြားစွာသော စာလုံးများက စက်ဝိုင်းပတ်ပုံ ဖွဲ့တည်ကာ တစ်လွှာပြီး တစ်လွှာ ထပ်၍ နေသည်။ မရေမတွက်နိုင်သော အလွှာများ စု၍ အဆုံးစွန်ထိ သေးငယ် ကျုံ့ဝင်သွားသောအခါ စာလုံးများနှင့် မတူတော့ဘဲ အပ်ချည်ကြိုးသဖွယ် ဖြစ်သွားသည်။
ဤသည်က ကောင်းကင်နတ်ဆိုးဂိုဏ်း၏ အထွတ်အမြတ် မိစ္ဆာသိုင်းကျမ်း ဖြစ်သည့် မဟာ ဉာဏ်အလင်းဖွင့် ကောင်းကင်နတ်ဆိုး ကျမ်းစာ ဖြစ်သည်။
"အခု ဒီပစ္စည်းက အစစ်အမှန် ဆိုတာ အားလုံး မြင်ခဲ့ပြီ မဟုတ်လား..."
မရေမတွက်နိုင်သော စာလုံးများက ရုတ်တရက် ပြန်ကျုံ့ဝင်သွားပြီး အပ်ချည်ကြိုးမျှင်အဖြစ် ပြောင်းကာ ကျောက်စိမ်းဘူးအတွင်းသို့ ပြန်ဝင်သွားသည်။
ဂိုဏ်းသခင်မက ကျောက်စိမ်းဘူးကို ပိတ်၍ မိစ္ဆာဂိုဏ်းသခင် အဆက်ဆက်၏ မှော်အဆောင် သင်္ကေတများဖြင့် ပြန်လည် စီရင် ချိပ်ပိတ်လိုက်သည်။ ထို့နောက် အသာအယာ ရယ်မောလိုက်၏။ "ဒါပေမဲ့... ဒီမဟာ ဉာဏ်အလင်းဖွင့် ကောင်းကင်နတ်ဆိုး ကျမ်းစာကို ကြည့်ချင်တယ်ဆိုရင် အရင်ဆုံး သေချာ စဉ်းစားသင့်တာ... ကောင်းကင်နတ်ဆိုးဂိုဏ်းရဲ့ အထွတ်အမြတ် ကျမ်းစာကို မြင်သွားတဲ့သူတိုင်းဟာ ကောင်းကင်နတ်ဆိုးဂိုဏ်းရဲ့ ရန်သူ ဖြစ်သွားလိမ့်မယ်... ကောင်းကင်နတ်ဆိုးဂိုဏ်းရဲ့ လိုက်လံ သတ်ဖြတ်ခံရမယ်သူက ကျွန်မ တစ်ယောက်တည်း မဟုတ်တော့ဘူး... ဒီနေ့ ရှင်တို့ အားလုံးလည်း သေရတော့မယ်... ကဲ... အဲဒီတော့ ဘယ်သူက ဒီ ကျောက်စိမ်းဘူးကို လာယူမှာလဲ..."
အားလုံး၏ အမူအရာများ အကြီးအကျယ် ပြောင်းလဲသွားသည်။ သူတို့အားလုံး၏ ရင်ထဲတွင် တွန့်ဆုတ်နေမိ၏။ ထိုကျောက်စိမ်းဘူးက သူတို့၏ ရှေ့တွင် ဖြစ်သော်လည်း မည်သူမျှ သွားမယူရဲကြချေ။
ချင်ဖေးယွဲ့၏ အမူအရာမှာလည်း လှုပ်ခတ်သွား၏။ အခြားသူများက ကောင်းကင်နတ်ဆိုးဂိုဏ်းကို ကြောက်ချင် ကြောက်လိမ့်မည် ဖြစ်သော်လည်း သူက မကြောက်...။ ကောင်းကင်နတ်ဆိုးဂိုဏ်းက မည်မျှ အင်အားကြီးသည် ဖြစ်စေ ထာဝရ ငြိမ်းချမ်းရေး အင်ပါယာကို အံတုနိုင်လိမ့်မည် မဟုတ်ချေ။ သို့သော်လည်း သူသာ ကျောက်စိမ်းဘူးကို သွားယူလိုက်လျှင် အားလုံး၏ ပစ်မှတ် ဖြစ်သွားပြီး မြို့စားနန်းဆောင်အတွင်းမှ အသက်ရှင်လျက် ထွက်သွားနိုင်ရန်ပင် ခက်ချေလိမ့်မည်။
အခြားသူများမှာလည်း ထိုသို့ တွေးမိသည်သာ ဖြစ်၏။ ဖုယွင်တိပင် စတင် လှုပ်ရှားရန် တွန့်ဆုတ်နေလျှင် သူတို့အနေဖြင့် ဆုံးဖြတ်ချက် ချရန် ပိုခဲယဉ်းသည် မဟုတ်လား...။
ဂိုဏ်းသခင်မက အားလုံး၏ အမူအရာကို အရသာခံ၍ ကြည့်ရှုနေသည်။ အလွန်အကျွံ မာန်တက်နေခဲ့ကြသော အဆင့်မြင့် သိုင်းသမား အားလုံး ခေါင်းကိုက်နေကြရသည့် အခြေအနေကို ကြည့်၍ ပျော်ရွှင်နေ၏။ ဤသည်က သူမအတွက် အပျော် တစ်မျိုးပင် ဖြစ်သည်။
အဆောက်အဦ တစ်ခုလုံးက အပ်ကျသံ ကြားရလောက်အောင် ငြိမ်သက်နေသည်။ ထိုအခိုက်၌ ချင်မူက အညောင်းဆန့်၍ ထရပ်လိုက်၏။ "ငါတော့ ဗိုက်ပြည့်သွားပြီ... မိန်းကလေး ယွိရှို့... စားပွဲကို ဖိတ်ခေါ်ခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်... မြို့စားမင်းခင်ဗျား... ဒီမှာ စားတဲ့ အစားအသောက်တွေအတွက် အခကြေးငွေ ပေးချေစရာ လိုပါသလား..."
သူက တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်ပြီး ခန်းမအတွင်း၌ ပြန်၍ အသက်ဝင်လှုပ်ရှားလာသည်။ အားလုံးသော သူများက ပြုံးတုံ့တုံ့ အမူအရာဖြင့် သူ့ကို ကြည့်လိုက်ကြသည်။ ဤလူငယ်လေးက ရွာမှ တက်လာသူ ဖြစ်ပြီး လောကကြီးအကြောင်း သိသေးဟန် မတူချေ။ ဤနေရာတွင် အလကားသက်သက် လာစားပြီး ဖုယွင်တိကိုပင် ငွေပေးချေရမည်လား မေးနေသေး၏။
ဖုယွင်တိက ကိသကအောက် ဖြစ်သွားမှုကို ချောင်းဟန့်၍ ဖုံးကွယ်လိုက်သည်။ "မင်းက ဒီနေရာကို ရောက်လာတယ် ဆိုမှတော့ ငါ့ရဲ့ ဧည့်သည်ပါပဲ... အားလုံးကို ညစာစားဖို့ ဖိတ်ထားတာ ဖြစ်တဲ့အတွက် ငါ့တူအနေနဲ့ ဧည်သည် စာရင်းမှာ မပါပေမဲ့လည်း အခကြေးငွေ တစ်စုံတစ်ရာ တောင်းခံမှာ မဟုတ်ပါဘူး..."
ချင်မူက နေမင်းကြီးကဲ့သို့ တောက်ပသည့် အပြုံး တစ်ခုကို ပြုံးလိုက်သည်။ "မြို့စားမင်းက မတောင်းပေမဲ့လည်း ကျွန်တော်က မပေးဘဲ မနေနိုင်ပါဘူး... ကျွန်တော့်မှာက ငွေအများကြီး မပါခဲ့ဘူး... နဂါးကြေးပြား တစ်ရာဆိုရင် လောက်လား မသိဘူး... ခဏ စောင့်ပေးပါ မြို့စားမင်း... ကျွန်တော် လူတစ်ယောက်ကို သတ်ပြီး ဆုကြေးရရင် မြို့စားမင်းကို လာပေးပါ့မယ်..."
ဖုယွင်တိ မျက်မှေင်ကြုတ်လိုက်၏။ ချင်မူက သူ့ထံမှ စကားပြန် မစောင့်ဘဲ မိုးတားရင်ပြင်မှ ဆင်းသွားသည်။ သူက ခြေတစ်လှမ်း ခုန်၍ ရေကန်ထဲမှ စင်မြင့်ပေါ်သို့ တက်လိုက်ပြီး အော်ပြောလိုက်၏။ "သခင်လေး ထင်ယွဲ့... အစွန့်ပစ်ခံလူတွေက ဒီသိုင်းပြိုင်ကွင်းမှာ ဝင်တိုက်ရင် နဂါးကြေးပြား တစ်ရာ ရနိုင်တယ်လို့ ကြားပါတယ်... ကျွန်တော်လည်း အစွန့်ပစ်ခံ လူတစ်ယောက်ပါပဲ... အဲဒါကြောင့် ဝင်ကြိုးစားခွင့်ပေးပါ..."
သူ၏ ခြေလှမ်းများက အလျင်လိုခြင်း မရှိသကဲ့သို့ နှေးကွေးခြင်းလည်း မရှိဘဲ စင်မြင့်ပေါ်သို့ လျှောက်လှမ်းသွားပြီး ရှေ့တူရူမှ လူငယ်ကို ကြည့်လိုက်သည်။
စင်မြင့်ပေါ်တွင်တော့ ဖုထင်ယွဲ့၏ ရှေ့မှ အစွန့်ပစ်ခံလူငယ်က သွေးအလူးလူး ဖြစ်နေချေပြီ။ အစေခံ တစ်ယောက်က ထိုလူငယ်၏ ခန္ဓာကိုယ်ကို ရေကန်ထဲသို့ ပစ်ချ၍ စင်မြင့်ကို ရေဖြင့် ဆေးကြောလိုက်သည်။
ရေကန်ထဲမှ ငါးကြီးများ တဝုန်းဝုန်းထ လှုပ်ရှား၍ ထိုလူငယ်၏ ခန္ဓာကိုယ်ကို တစ်စစီ ကိုက်ဖဲ့ စားသောက်နေကြ၏။
ချင်မူက စင်မြင့်ပေါ်တွင် ရပ်၍ သူ့ရှေ့မှ လူငယ်ကို ကြည့်လိုက်သည်။ ဖုထင်ယွဲ့က သူနှင့် သက်တူ ရွယ်တူ ဖြစ်သော်လည်း သူ့သွင်ပြင်က ရက်စက်ကြမ်းကြုတ်သည့်ဟန် ပေါက်နေ၏။ သူက မရေမတွက်နိုင်သော လူများကို သတ်လာခဲ့သူ ဖြစ်ကြောင်း ထင်ရှားပေသည်။
ထိုလူငယ်က ရက်စက်ကြမ်းကြုတ်သော သားရဲ တစ်ကောင်၏ အကြည့်မျိုးဖြင့် သူ့ကို ခြေဆုံးခေါင်းဆုံး အကဲခတ်လိုက်သည်။
မိုးတားရင်ပြင် အတွင်း၌ ရုတ်တရက် ပြန်၍ ငြိမ်ကျသွားသည်။ သူတို့က အတွေ့အကြုံ ရင့်ကျက်၍ ဗဟုသုတ များမြောင်သည့် အဆင့်မြင့် ကောင်းကင်နတ်သိုင်း ပညာရှင်များ ဖြစ်သော်လည်း ချင်မူက ဖုယွင်တိကို အခကြေးငွေ ပေးချေနိုင်ရန်အတွက် နဂါးကြေးပြား တစ်ရာ ရအောင် ဝိညာဉ် သန္ဓေသား အဆင့်တွင် နံပါတ်တစ် ဖြစ်သော သိုင်းသမားနှင့် တိုက်ခိုက်လိမ့်မည်ဟု ထင်မထားမိကြချေ။
"သတ္တိကောင်းလှချည်လား..."
အကြီးအကဲ ပိုင်ရှန်းက သက်ပြင်းချလိုက်၏။ "ဒီလို သတ္တိကောင်းတဲ့ လူငယ်လေးတွေက အရွယ်ရောက်တဲ့အထိ ရှင်သန်နိုင်ဖို့ ခဲယဉ်းတယ်... သူတို့က ဒီလို အရွယ်မှာပဲ သေဆုံးကြတာ..."
ဖုယွင်တိက ပြုံးလိုက်၏။ "ဘယ်သူက မဟာ ဉာဏ်အလင်းဖွင့် ကောင်းကင်နတ်ဆိုး ကျမ်းစာကို ယူမလဲ မဆုံးဖြတ်နိုင်သေးမှတော့ ထင်မှတ်မထားတဲ့ ပွဲလေး အရင် ကြည့်ကြရင် မကောင်းဘူးလား... ဒါလေး ပြီးတော့မှပဲ မဟာ ဉာဏ်အလင်းဖွင့် ကောင်းကင်နတ်ဆိုး ကျမ်းစာရဲ့ ပိုင်ရှင် အသစ်က ဘယ်သူ ဖြစ်မလဲ ဆုံးဖြတ်ကြတာပေါ့... ဘယ်လို ထင်လဲ... ဂိုဏ်းသခင်မ..."
ဂိုဏ်းသခင်မက ပြုံးလိုက်၏။ "ကျွန်မလို ပျော့ညံ့တဲ့ မိန်းမသား တစ်ယောက်အနေနဲ့ ဘာထင်မြင်ချက်များ ပေးနိုင်ဦးမှာလဲ..."
လင်ယွိရှို့က တိတ်တဆိတ် အံကြိတ်လိုက်သည်။ သူမက ထရပ်၍ ချင်မူ့ကို ပြန်ခေါ်ရန် ပြင်လိုက်သော်လည်း ချင်ဖေးယွဲ့က ချောင်းဟန့်၍ တားဆီးလိုက်သဖြင့် ပြန်ထိုင်ချလိုက်ရသည်။
ရေကန်ထဲမှ စင်မြင့်ပေါ်တွင်...။
သက်လတ်ပိုင်းအရွယ် လူတစ်ယောက်က လင်ပန်းတစ်ခုကို သယ်ဆောင်၍ လျှောက်လှမ်းလာ၏။ လင်ပန်းပေါ်တွင်တော့ ငွေထုပ် တစ်ထုပ် တင်ထားသည်။ ဖုထင်ယွဲ့က မျက်ခုံးပင့်၍ ပြောလိုက်၏။ "ဒီငွေအိတ်ထဲမှာ နဂါး ကြေးပြား တစ်ရာ ရှိတယ်... မင်း ငါ့ကို နိုင်ရင် ယူသွား... ဒါပေမဲ့ လွန်ခဲ့တဲ့ သုံးနှစ်လုံး လူတစ်ထောင်လောက် လာခဲ့ပေမဲ့ ဘယ်သူမှ အဲဒီ ငွေအိတ်ကို ယူမသွားနိုင်ခဲ့ကြဘူး..."
ချင်မူက တစ်ခဏမျှ စဉ်းစား၍ မေးလိုက်သည်။ "မင်းက နယ်စပ်နဂါးမြို့ရဲ့ နံပါတ်တစ် သိုင်းသမားလား..."
ဖုထင်ယွဲ့က ဝင့်ကြွားစွာ ပြုံး၍ ခေါင်းညိတ်လိုက်သည်။ "အားလုံးက အဲဒီလို လက်ခံထားကြတယ်... ဒီမိုင်သုံးရာ ပတ်လည်အတွင်းမှာ ငါက နံပါတ်တစ် သိုင်းပညာရှင်ပဲ... ငါ သတ်ပစ်ခဲ့တဲ့ သိုင်းသမားတွေ ဘယ်လောက်များလဲတောင် မမှတ်မိတော့ဘူး... သူတို့အားလုံးက တိုက်ပွဲထဲမှာ သေဆုံးခဲ့ရတယ်... ငါ့အဖေရဲ့ ဖိအားကို မသုံးခဲ့ဘဲ ငါ့လက်နဲ့ သတ်ပစ်ခဲ့တာ... ဘယ်သူမှ အသက်ရှင်လျက် မထွက်သွားခဲ့ဖူးဘူး..."
ချင်မူက အသာအယာ ခေါင်းညိတ်လိုက်သည်။ "မင့်လက်နက်က..."
သူက လက်နောက်ပစ်၍ ပြုံးလိုက်၏။ "မင်း ကြိုက်တဲ့ လက်နက် ရွေးပါ... ငါ့လက်နက်ကိုလည်း စိတ်ကြိုက်သုံးမယ်... ငါ လက်နက် သုံးဖို့ အချိန်ကျရင် သူ့အလိုလို ထွက်လာပါလိမ့်မယ်..."
ရွှမ်း...။ ကြည်လင်သော ဓားရွက် တုန်ခါသံ တစ်သံ ထွက်ပေါ်လာပြီး ဝက်ခုတ်ဓားမက ချင်မူ၏ လက်ထဲသို့ ရောက်လာသည်။
သူ့သိုင်းကွက်က ချီစွမ်းအင်ကို ကြိုးမျှင်အသွင် ဖွဲ့သည် မဟုတ်၊ အပြန်အလှန် အာရုံခံစား၍ အသုံးပြုခြင်း ဖြစ်သည်။ သူ့ချီစွမ်းအင်နှင့် ဝက်ခုတ်ဓားမက သံလိုက်နှစ်ခု တစ်ခုနှင့် တစ်ခု ဆွဲငင်သကဲ့သို့ အပြန်အလှန် အာရုံခံနိုင်စွမ်း ရှိ၏။
သူ့ချီစွမ်းအင်က ပို၍ ပို၍ လျင်မြန်စွာ လည်ပတ်လာပြီး တစ်စထက် တစ်စ ဆူပွက်လာသည်။ တစ်ခါက မိစ္ဆာမြွေကြီးကို သတ်ခဲ့သော မြင်ကွင်းမျိုးက သူခန္ဓာကိုယ်တွင် ပြန်လည် ပေါ်ထွက်လာသည်။
သူ အမျက်ဒေါသ ထွက်လာလေလေ၊ သူ၏ ချီစွမ်းအင် ပို၍ ဆူပွက်လာလေလေ ဖြစ်သည်။ အပြန်အလှန် အာရုံခံနိုင်စွမ်းကလည်း ပို၍ နိုးကြားလာပြီး ဝက်ခုတ်ဓားမကလည်း ပို၍ ထက်ရှလာသည်။
သို့သော်လည်း ချင်မူ၏ မျက်နှာကတော့ အလွန်တရာ တည်ငြိမ်နေ၏။ တည်ငြိမ်အေးဆေးသော သွင်ပြင်မူရာနှင့်၊ ဒေါသမီးလျှံများက သူ့ရင်ထဲတွင် တပွက်ပွက် ဆူဝေလာသည်။