← Chapters

သားကိုသတ်၍ ငွေချေခြင်း

Vol. 6 Ch. 72

သားကိုသတ်၍ ငွေချေခြင်း

Vol. 6 Ch. 72

သားသတ်သမားသမား၏ အရိုင်းဆန်သော ရူးသွပ်မှုက ဝက်ခုတ်ဓားသိုင်းမှတစ်ဆင့် သူ့ထံသို့ စီးမျော ဝင်ရောက်ခဲ့သည် ထင်၏။ သားသတ်သမား၏ ဓားမက စိတ္တဇ ဓားမ...၊ စိတ်ခံစားချက်ဖြင့် မောင်းနှင်ရသော ဓားမမျိုး ဖြစ်၏။

"မင်းက ဓားမ သုံးတာလား..."

ဖုထင်ယွဲ့က စဉ်းတီတုံးအရွယ်ခန့် ရှိသော ဓားမကြီးကို ကြည့်၍ ခွက်ထိုးခွက်လန် ရယ်မောလိုက်သည်။ "ဒါက ဘယ်လို ဓားမမျိုးကြီးလဲ..."

ချင်မူ၏ ခန္ဓာကိုယ်က လှုပ်ရှားသွားပြီး ဓားရောင်များက ရုတ်တရက် ပြိုးပြိုးပြက်ပြက် လက်သွားသည်။ လှိုင်းလုံး ကြပ်ညပ်အောင် ထ၍ တဝုန်းဝုန်း လှုပ်ခတ်နေသော ပင်လယ်ကြီးပမာ ဖုထင်ယွဲ့ထံ တိုးဝင်သွား၏။

ဖုထင်ယွဲ့၏ လက်များက နောက်ပစ်လျက်ပင် ရှိနေသေးပြီး သရော်တော်တော် ပြုံးလိုက်သည်။

လက်နက်ချင်းထိသံ တချွင်ချွင် ထွက်ပေါ်လာပြီး ငွေရောင် အလင်းတန်း တစ်ခုက ဝက်ခုတ်ဓားမကို အဆက်မပြတ် တိုက်ခိုက်လိုက်၏။ ထိုငွေရောင် အလင်းတန်းက အတော်လေး သေးငယ်သော ဓားတစ်ချောင်း ဖြစ်သည်။

ထိုဓားက သုံးလက်မခန့်သာ ရှည်၏။

ဤဓားငယ်လေးက လျှပ်ပြက်သကဲ့သို့ ပျံဝဲနေသည်။ ချီစွမ်းအင် ကြိုးမျှင် တစ်ချောင်းက ထိုဓားကို ချိတ်ဆက်နေပြီး သခင်လေးထင်ယွဲ့က ဓားပျံကို ထိန်းချုပ်၍ သူ့ကိုယ်တစ်ဝိုက်တွင် ပျံဝဲစေကာ ခန့်မှန်းမရအောင် ပေါ်လိုက်၊ ပျောက်လိုက် ဖြစ်နေသည်။

ထို့နောက်တွင်တော့ နောက်ထပ် ဓားငယ်လေး ခုနစ်ချောင်းက ပျံဝဲ ထွက်ပေါ်လာပြီး ချင်မူ၏ မြန်ဆန်သော တိုက်ခိုက်မှုများကို ပိတ်ဆို့ တားဆီးလိုက်သည်။

ထင်ယွဲ့၏ ဓားများက လိုသလို ပုံသဏ္ဌာန် ပြောင်းလဲနိုင်သော ဝိညာဉ် လက်နက်များ ဖြစ်သည်။ ယခု သူ့ဓားများက သုံးလက်မသာ ရှိ၍ ခုခံကာကွယ်ရန် ခက်လှပြီး ထိန်းချုပ်ရ ပိုလွယ်၏။ ထို့ပြင် များစွာ ပို၍ ပေါ့ပါးသွက်လက်၏။

ချီစွမ်းအင်ကို ထိုဓားငယ်လေးထဲသို့ ပို့လွှတ်လိုက်သောအခါ ပို၍ မာကြောသွားပြီး စွမ်းအားတိုးမြင့်လာသည်။

သူက လက်ရှစ်ဖက် ကောင်းကင်နတ်ဘုရား ကျင့်စဉ်ကို အသုံးပြု၍ သုံးလက်မအရွယ် ဓားပျံငယ် ရှစ်ချောင်းကို ထိန်းချုပ်နေသည်။ ထိုဓားပျံများက ခန့်မှန်း၍ မရအောင် ပေါ်လိုက် ပျောက်လိုက် ဖြစ်နေသဖြင့် ခုခံကာကွယ်ရန် မလွယ်ကူလှချေ။ ဖုထင်ယွဲ့က နယ်စပ်နဂါးမြို့၏ နံပါတ်တစ် သိုင်းပညာရှင်ဟု အလကား နာမည်တွင်ခဲ့ခြင်း မဟုတ်ပေ။

သူက မရေမတွက်နိုင်သော တိုက်ပွဲများ ဆင်နွှဲ၍ မရေမတွက်နိုင်သော လူများကို သတ်ခဲ့သည်။ သူ့လို မကောင်းဆိုးဝါး မိစ္ဆာ အရှိန်အဝါ အငွေ့အသက်မျိုးနှင့်၊ သူ့အနားသို့ နတ်ဘုရားများနှင့် မိစ္တာနတ်ဆိုးများပင် ကပ်နိုင်ရန် လွယ်ကူလိမ့်မည် မဟုတ်ချေ။

သို့သော်လည်း ချင်မူ၏ ဓားမက ပို၍ ပို၍ လေးလံလာပြီး ဓားချက် တစ်ချက်ချင်းစီက တစ်စထက် တစ်စ ပိုမို အားကောင်း ပြင်းထန်လာသည်။ ဓားမခုတ်ချက်များက မုန်တိုင်းကျသကဲ့သို့ တဖွဲဖွဲ ကျရောက်လာသောအခါ ဓားငယ်လေးများ အနေဖြင့် ခုခံကာကွယ်ရန် ခက်သည်ထက် ခက်လာ၏။

ထင်ယွဲ့၏ ဓားပျံ ထိန်းချုပ်ပညာက နယ်စပ်နဂါး မြို့စားမင်း ကိုယ်တိုင် သင်ကြားပေးထားပြီး အလွန်တရာ အသေးစိတ်ကျ၍ ရှုပ်ထွေးသည့် ဓားကွက်များကြောင့် မဟာမြို့ပျက်မှ သိုင်းပညာရှင် များစွာကို အနိုင်ယူနိုင်ခဲ့ခြင်း ဖြစ်သည်။

သူဓားသိုင်းက ချင်မူ၏ ဓားမကို ခုခံကာကွယ်နိုင်သော်လည်း ထိုဓားမမှ အားအဟုန်က တဖြည်းဖြည်းနှင့် သူ ခုခံကာကွယ်နိုင်သည်ထက် ကျော်လွန်လာသည်။

ဤသည်ကို ကြည့်လျှင် ချင်မူ၏ ချီစွမ်းအင် သိပ်သည်းဆမှာ သူ့ထက် သာလွန်နေကြောင်း ထင်ရှား၏။ အစောပိုင်းက တိုက်ခိုက်မှုများကို ခုခံကာကွယ်နိုင်ခဲ့သည်မှာ ချင်မူ၏ ချီစွမ်းအင်က အပြည့်အဝ ထွက်ပေါ်လာခြင်း မရှိသေးသောကြောင့် ဖြစ်သည်။ ချင်မူ၏ ဓားချက်များ တစ်ချက်ပြီး တစ်ချက် ထွက်ပေါ်လာလေလေ၊ သူ၏ ချီစွမ်းအင်က ပိုမို လှုပ်ရှား ထွက်ပေါ်လာလေလေ ဖြစ်ပြီး သူ့ဓားချက်များက ပို၍ ပို၍ ပြင်းထန်လာလေလေ ဖြစ်သည်။

သခင်လေး ထင်ယွဲ့၏ မျက်နှာမှာ သွေးများ ယိုစီးလာတော့မည်ကဲ့သို့ပင် နီရဲသည်ထက် နီရဲလာသည်။ ချင်မူ၏ ဓားမမှ အားအဟုန်က လွန်စွာ ကြီးမားလှပြီး သူ့ ဓားပျံငယ် ရှစ်လက် လှုပ်ရှား တိုက်ခိုက်နိုင်သော အကွာအဝေးက ကျဉ်းသည်ထက် ကျဉ်းလာ၏။

နှစ်ယောက်စလုံး၏ ဓားပျံများနှင့် ဓားမက တစ်စထက် တစ်စ ပိုမြန်လာသည်။ ခြေကွက်များကလည်း ပို၍ ပို၍ မြန်ဆန်စွာ ရွေ့လျားလာ၏။ သူတို့က တစ်ယောက်ကိုယ် တစ်ယောက် လှည့်ပတ်၍ တိုက်ကွက်များက မျက်စိကျိန်းလောက်အောင် ထွက်ပေါ်နေသည်။

ရုတ်တရက် ချင်မူ၏ ခန္ဓာကိုယ်က ဖုထင်ယွဲ့နှင့် ပူးကပ်သွား၏။

ဖုထင်ယွဲ့ အံ့ဩထိတ်လန့်သွားပြီး သူ့ခေါင်း တစ်ခုလုံး ကျိန်းတက်သွားသည်။ "အသေသတ် တိုက်ကွက်..."

သိုင်းကွက် အသားပေး ပညာရပ်၏ အသေသတ် တိုက်ကွက် အကြောင်းကို သူ သိသည်။ သိုင်းကွက် အသားပေး ပညာရပ်များ လေ့ကျင့်သော သိုင်းပညာရှင် တစ်ယောက်က သူ့အနားသို့ ပူးကပ်လာသည် ဆိုခြင်းမှာ အသေသတ် တိုက်ကွက်ကို ထုတ်သုံးတော့မည်ဟု ဆိုလိုခြင်း ဖြစ်သည်။

"သေစမ်း..."

မိုးတားရင်ပြင်တွင် ဖုယွင်တိ၏ အမူအရာ အကြီးအကျယ် ပျက်ယွင်းသွားပြီး တစ်မုဟုတ်ချင်း ထရပ်၍ ရေကန်ထဲမှ စင်မြင့်ထံသို့ ခုန်တက်လိုက်၏။

တစ်ချိန်တည်းမှာပင် ချင်မူ၏ ကိုယ်ပေါ်မှ ကြွက်သားများ အားလုံးက အဆိပ်နဂါးနှင့် မြွေတစ်ကောင်၊ တစ်ကောင်နှင့် တစ်ကောင် ရစ်ပတ်ဖျစ်ညှစ်နေသကဲ့သို့ တဆတ်ဆတ် တုန်ခါလာပြီး တစ်ကိုယ်လုံးသို့ အနှိုင်းမဲ့ ခွန်အားများ ထောက်ပံ့ပေးနေသည်။ တဆတ်ဆတ် တုန်ခါနေသော ကြွက်သားများနှင့် အရွတ်အကြောများက တစ်ဘက် လူ၏ လှုပ်ရှားမှု မှန်သမျှနှင့် အားလမ်းကြောင်းကို အာရုံခံမိနေစေသည်။

တစ်ဘက်လူ၏ လှုပ်ရှားမှု၊ တုံ့ပြန်မှု အားလုံးက သူ့စိတ်အာရုံတွင် ထင်ဟပ်လာ၏။

ချင်မူ၏ မျက်လုံးထဲတွင် အေးစက်စက် အရောင် တစ်ခု လက်သွားသည်။ ဝက်ခုတ်ဓားသိုင်း၏ အသေသတ် တိုက်ကွက်...။

တားမြစ်နယ်မြေမှ ဓားမကို ပင့်မြှောက်ခြင်း...။

တားမြစ်နယ်မြေမှ ဓားမကို ပင့်မြှောက်၍ မြင်းခွာသံနှင့် လှည်းဘီးသံများက မိုးခြိမ်းသံကဲ့သို့ ဂျိုးဂျိုးဂျိမ့်ဂျိမ့် ညံနေ၏။ နန်းတော်အတွင်းသို့ တစ်ကိုယ်တည်း ဝင်၍ ဘုရင်၏ ခေါင်းပြတ်ကို လက်တစ်ဖက်ဖြင့် ဆွဲ၍ ထွက်လာသည်။

ချင်မူ၏ တစ်ကိုယ်လုံးမှ ကြွက်သားများက တွန့်ခနဲ လှုပ်ခါသွား၏။ သူ၏ ညာဘက်လက်ထဲမှ ဝက်ခုတ်ဓားမက ဘယ်ဘက်လက်ထဲသို့ ကူးပြောင်း၍ နောက်ပြန်ကိုင်လိုက်၏။ ပင့်ဆွဲခုတ်ချက် တစ်ချက်နှင့်အတူ ဓားမက ဓားပျံငယ် နှစ်ကြောင်း၏ ကြားမှ ဖြတ်သန်း၍ သခင်လေး ထင်ယွဲ့၏ ပေါင်ခွကြားမှ အပေါ်ထိ ဝိုက်ဆွဲသွားသည်။

ရိုးစင်းသော ဓားမ ပင့်မြှောက်ချက် တစ်ချက်က ဝက်တစ်ကောင် သတ်သကဲ့သို့ ဝမ်းဗိုက်ကို ဆွဲဖွင့်သွား၏။

ဤသည်က သားသတ်သမား၏ ဝက်ခုတ်ဓားသိုင်း ဖြစ်သည်။

တစ်ချိန်တည်းမှာပင် ဓားပျံငယ် နှစ်ချောင်းက ချင်မူ၏ မျက်လုံးများထံ ထိုးစိုက်လာသည်။ ချင်မူက ညာဘက်လက်မှ လက်ချောင်းများဖြင့် တောက်ထုတ်လိုက်၏။ သူ့လက်ချောင်းထိပ်များက ဓားချက်ဖြင့် ပွင့်ထွက်သွားသော်လည်း ထိုဓားပျံများကတော့ အဝေးသို့ လွင့်ထွက်သွားသည်။

ဘုန်း...။

နားကွဲလောက်သော အသံကြီး တစ်သံက ချင်မူ၏ နောက်ရှိ မိုးတားရင်ပြင်မှ ထွက်ပေါ်လာသည်။ အဆောက်အဦ တစ်ခုလုံးက အားပြင်းသော စွမ်းအင် ပေါက်ကွဲမှုကြောင့် နှစ်ခြမ်း ကွဲထွက်သွား၏။

ထိုအဆောက်အဦမြင့်ကြီးမှာ ရေကန်ထဲသို့ ပြိုလဲကျသွားပြီး ရေလှိုင်းများ တဗွမ်းဗွမ်း ထသွားသည်။ စင်ထွက်လာသော ရေများကြောင့် အစေခံ မိန်းမပျိုများ၏ လက်ထဲမှ မရေမတွက်နိုင်သော မီးအိမ်များ ငြိမ်းသွားပြီး အော်ဟစ်သံများ စီစီညံသွားသည်။

ဖုယွင်တိ၏မျက်နှာ တစ်ပြင်လုံး စိမ်းပုပ်သွားပြီး မိုးတားရင်ပြင် အပျက်အစီးများကြား၌ ရပ်နေ၏။ အံတင်းတင်း ကြိတ်လိုက်ပြီး သူ့နှုတ်ခမ်းထောင့်စွန်းမှ သွေးစီးကြောင်း တစ်ခု စီးကျလာသည်။

အစောက သူ့သား၏ အသက်ကို အလောတကြီး ကယ်ဆယ်ရန် ကြိုးစားလိုက်စဉ် ကောင်းကင်နတ်ဆိုး ဂိုဏ်းသခင်မ၏ ဖြတ်တားခြင်းကို ခံလိုက်ရ၏။ သူ့စိတ်က လောနေသဖြင့် ထိုတိုက်ခိုက်မှုကို ထိပ်တိုက် ခံယူလိုက်ပြီး ဒဏ်ရာ ပြင်းထန်စွာ ရသွားခဲ့ခြင်း ဖြစ်သည်။

ဒဏ်ရာရသွားသည်က မပြောပလောက်သော ကိစ္စ ဖြစ်သော်လည်း သူ့သား၏ အသက်ကို မကယ်တင်နိုင်ခဲ့ချေ။

သူ့ရှေ့တွင်တော့ ဂိုဏ်းသခင်မက တည်ငြိမ်အေးဆေးသော အမူအရာဖြင့် သူမ၏ ဆံပင်ကို ဖြီးသင်ရန် လက်ကို မြှောက်၍ ပြုံးလိုက်သည်။ "မြို့စားမင်း... ဒါက လူငယ်တွေကြားက တိုက်ပွဲလေ... ရှင် ဝင်ပါလိုက်ရင် စည်းမျဉ်း စည်းကမ်းတွေကို ချိုးဖောက်သလို ဖြစ်သွားမှာပေါ့... ကံကောင်းလို့ မြို့စားမင်း အမှား မကျူးလွန်မိအောင် ကျွန်မ အချိန်မီ တားနိုင်ခဲ့တာ..."

ဖုယွင်တိ၏ နှုတ်ခမ်း ထောင့်စွန်းများ တွန့်ခနဲ ဖြစ်သွားပြီး ပျို့တက်လာသော သွေးများကို ကျိတ်မှိတ် မျိုချကာ အားယူ၍ ပြုံးပြလိုက်သည်။ "ဂိုဏ်းသခင်မ ပြောတာ မှန်ပါတယ်... ကျုပ်သားရဲ့ အစွမ်းအစက သူ့အောက် နိမ့်ကျပါတယ်..."

သူ့မျက်ဝန်း ထောင့်စွန်းများက အန္တရာယ် ပြုတော့မည့် လူတစ်ယောက်လို့ တွန့်ကွေးသွားသည်။ "သူ သေသင့်ပါတယ်... အစောက ကျုပ် စိုးရိမ်ကြီးသွားပြီး လူရယ်စရာ ဖြစ်အောင် လုပ်မိတော့မလို့..."

ရေကန်ထဲမှ စင်မြင့်ပေါ်တွင်တော့ ချင်မူက သူ့ဓားမကို ဓားအိမ်ထဲသို့ ပြန်ထည့်၍ ထရပ်လိုက်သည်။

"ငါ့ရဲ့ ဓားမကို ဝက်ခုတ်ဓားမလို့ ခေါ်တယ်..."

သူ၏ တဆတ်ဆတ် တုန်ခါနေသော ကြွက်သားများက တဖြည်းဖြည်း ငြိမ်သက်လာပြီး ခပ်အေးအေး ပြောလိုက်သည်။ "သခင်လေး ထင်ယွဲ့... မင်းက ငါ့ရဲ့ လက်ချောင်း နှစ်ချောင်းကို ဒဏ်ရာရအောင် လုပ်နိုင်ခဲ့တယ် ဆိုတော့ မဆိုးပါဘူး..."

သူ့ရှေ့တွင်တော့ ဖုထင်ယွဲ့၏ ဗိုက်၌ သွေးစီးကြောင်း တစ်ခု ပေါ်လာပြီး အထက်သို့ ဆန့်တက်သွားသည်။ ထိုသွေးစီးကြောင်းက မြင့်သည်ထက် မြင့်လာပြီး လည်ပင်းထိ ရောက်လာ၏။ ထို့နောက် နှာခေါင်း...၊ ထို့နောက် နဖူး...။ သူ့ရင်ဘတ် တစ်ခုလုံး ဟပြဲ ပွင့်သွားပြီး တစ်ကိုယ်လုံး နှစ်ခြမ်း ကွဲသွားသည်။ ကြမ်းပြင် တစ်ခုလုံး သွေးများ ရွှဲရွှဲစိုသွား၏။

ချင်မူက ငေးကြောင်နေဆဲ ရှိသော သက်လတ်ပိုင်းအရွယ် လူကြီးဆီသို့ ခြေလှမ်းကြဲကြီးများဖြင့် လှမ်းသွားပြီး လင်ပန်းပေါ်မှ ငွေအိတ်ကို ကောက်ယူလိုက်သည်။ ထိုသက်လတ်ပိုင်း အရွယ်လူက ဖြူဖျော့နေသည့် မျက်နှာနှင့် ဖြစ်ပြီး ရုတ်တရက် ချင်မူ၏ လက်ကို ဖမ်းဆုပ်၍ အော်ဟစ်လိုက်သည်။ "မင်း... မင်းက... သခင်လေး ထင်ယွဲ့ကို သတ်ခဲ့တယ်..."

ရွှပ်...။

ဓားမ တစ်ချက် ဝှေ့ယမ်း ခုတ်ပိုင်းချက်နှင့်အတူ ချင်မူက ထိုသူ၏ ခေါင်းကို ဖြတ်ပစ်လိုက်၏။ ထို့နောက် နောက်ပြန်လှည့်၍ ဝက်ခုတ်ဓားတွင် စွန်းထင်နေသော သွေးစက်များကို ခါချလိုက်ပြီး ဓားအိမ်ထဲသို့ ပြန်ထည့်လိုက်သည်။ ပြီးသည်နှင့် ပြိုကျ ပျက်စီးနေပြီ ဖြစ်သော မိုးတားရင်ပြင်ဆီသို့ လျှောက်လှမ်းသွားလိုက်၏။

ပလုံခနဲ အသံ တစ်ခုနှင့်အတူ သက်လတ်ပိုင်းအရွယ် လူ၏ အလောင်းက ရေထဲသို့ လဲပြိုကျသွားသည်။ ထို့နောက်တွင်တော့ အစာလုနေကြသည့် ရေသတ္တဝါကြီးများ၏ လှုပ်ခတ်မှုကြောင့် ရေသံ တဝုန်းဝုန်း ထွက်ပေါ်လာတော့သည်။

ချင်မူက ရေပြင်ကို တစ်ချက်နင်း၍ မြေပေါ်တွင် ပုံကျနေပြီ ဖြစ်သော မိုးတားရင်ပြင်ဆီသို့ ရောက်ရှိသွားသည်။ သူက စိမ်းပုပ်နေသည့် ဖုယွင်တိနှင့် အားလုံးသော သူတို့၏ အံ့အားတကြီး မျက်နှာများကို မော့ကြည့်လိုက်သည်။ ဤလူငယ်လေးက ရိုးသား ဖြူစင်သော အပြုံး တစ်ခုကို ဆင်မြန်း၍ သူ့ရှေ့မှ ဖုယွင်တိကို ငွေထုပ် လှမ်းပေးကာ ပြောလိုက်သည်။ "မြို့စားမင်း... ဒီထဲမှာ နဂါးကြေးပြား တစ်ရာတိတိ ပါပါတယ်... ဒါ ကျွန်တော် စားသောက်ခဲ့တာအတွက် ငွေပေးချေတာပါ..."

ဖုယွင်တိ၏ မျက်ဝန်းထောင့်စွန်းများ တဆတ်ဆတ် တုန်သွားပြီး သူ့လက်ကို မလှမ်းလိုက်ချေ။

"ကျွန်တော်က သူများအပေါ် ကျေးဇူးကြွေးတင်နေရင် မနေတတ်ပါဘူး... မြို့စားမင်း ကျွေးခဲ့တဲ့ အစားတစ်နပ်ကို ကျွန်တော် စားခဲ့မိတာဆိုတော့ မြို့စားမင်း လက်မခံရင်တောင် ကျွန်တော်က ပေးချေသွားမှာပါ... ကျုပ်တို့ မဟာမြို့ပျက်ရဲ့ အစွန့်ပစ်ခံလူတွေက ဆင်းရဲချင် ဆင်းရဲပါလိမ့်မယ်... ဒါပေမဲ့ စိတ်ဓာတ် မနိမ့်ကျပါဘူး..."

တောက်ပသော အပြုံး တစ်ခုနှင့် ချင်မူက ငွေအိတ်ကို လွှတ်ချလိုက်၏။ ငွေအိတ်က ကြမ်းပြင်ပေါ်သို့ ကျသွားသည်နှင့် နဂါး ကြေးပြားများက တလိမ့်လိမ့် ထွက်လာပြီး နေရာအနှံ့ ပြန့်ကြဲသွားသည်။ အချို့မှာ ကြမ်းပြင် အက်ကွဲကြောင်းများမှတစ်ဆင့် ရေကန်ထဲသို့ပင် လိမ့်ဆင်းသွား၏။

"အခု ကျသင့်ငွေ ပေးချေပြီးပြီ ဆိုတော့ ပြန်ဖို့ အချိန်ကျပြီ... မြို့စားမင်း... အားလုံးပဲ... ကျွန်တော့်ကို ပြန်ခွင့်ပြုပါဦး..."

သူက နောက်သို့ ခြေလှမ်း အနည်းငယ် ဆုတ်၍ လှည့်ထွက်သွားတော့သည်။ လှိုင်းကြက်ခွပ်လေးများအပေါ် နင်းဖြတ်၍ အူလှိုက်သည်းလှိုက် ရယ်မောလိုက်၏။ "သူရဲကောင်းတွေ ဝိုင်းဖွဲ့ထိုင်ပြီး အရက်ခွက် တိုက်နေတဲ့ကြားမှာ... သားကို သတ်ပြီး ငွေကို ချေခဲ့တယ်... ကျေနပ်စရာပဲ... ကျေနပ်စရာပဲ..."

လင်ယွိရှို့က ကြည်လဲ့ ရွှန်းစိုသော မျက်လုံးကြီးများနှင့် ချင်မူ့ကို လှမ်းခေါ်ချင်မိသော်လည်း သူမကိုယ်သူမ ပြန်ထိန်းလိုက်ရသည်။ သူမက မြို့စားနန်းဆောင်၏ ဧည့်သည်တော် တစ်ယောက် ဖြစ်၏။ တော်ဝင်ဧည့်သည် တစ်ယောက် ဖြစ်နေသည့်တိုင် သူမက ချင်မူ့ကို မြို့စားနန်းဆောင်အတွင်း ခေါ်သွင်းလာခဲ့သူ မဟုတ်လား...။ ယခု ချင်မူက မြို့စားမင်း၏ သားကို အားလုံး၏ ရှေ့တွင် သတ်ဖြတ်ခဲ့သည် ဖြစ်၍ သူမအနေဖြင့် ချင်မူနှင့် များစွာ ဆက်ဆံပြ၍ မကောင်းချေ။

ဂိုဏ်းသခင်မက ဖုယွင်တိရှေ့တွင် ရပ်၍ ချင်မူ့ထံမှ လွှဲဖယ်ခြင်း မရှိသော သူ့အကြည့်ကို ပိတ်ဆို့ တားဆီးလိုက်သည်။ ထို့နောက် သူမက ပြုံးလိုက်၏။ "မဟာ ဉာဏ်အလင်းဖွင့် ကောင်းကင်နတ်ဆိုး ကျမ်းစာကို ဘယ်သူမှ ယူမသွားရဲဘူးဆိုတော့ ကျွန်မပဲ ဆက်သိမ်းထားလိုက်ပါမယ်... အားလုံးပဲ နှုတ်ဆက်ခဲ့ပါတယ်..." စကားဆုံးသည်နှင့် သူမ၏ ခန္ဓာကိုယ်က ဖျတ်ခနဲ လှုပ်ခါ၍ ပျောက်ကွယ်သွားသည်။

"ပြေးဖို့ ကြိုးစားချင်တာလား..."

အရှင်ဟေးက အော်ဟစ်ပြီး မျက်နှာဝါနှင့် အဘွားကြီး၊ မျက်ခုံးမွေးဖြူ အဘိုးကြီး၊ ကျန်သူများနှင့်အတူ ဂိုဏ်းသခင်မနောက်သို့ လိုက်ပါသွား၏။ ဖုယွင်တိက တစ်ခဏမျှ ချီတုံချတုံ ဖြစ်နေပြီးနောက် ကောင်းကင်နတ်သိုင်း ပညာရှင် တစ်ယောက်ကို ခေါ်၍ ခပ်သွက်သွက် အမိန့်ပေးလိုက်သည်။ "ဟိုကောင်လေးနောက်ကို လူခေါ်ပြီး လိုက်သွား... ယွဲ့အာအတွက် ဒီကောင့်ကို သတ်ခဲ့... ပြီးတော့ ယွဲ့အာကို မြေမြှုပ်ဖို့ စီစဉ်လိုက်..."

သူ့စကား ဆုံးသည်နှင့် ဖုယွင်တိက ဂိုဏ်းသခင်မ ထွက်သွားသည့်ဘက်သို့ လိုက်သွားလိုက်သည်။ သူ့သားအတွက် လက်စားချေရန် ကိစ္စထက် မဟာ ဉာဏ်အလင်းဖွင့် ကောင်းကင်နတ်ဆိုး ကျမ်းစာက များစွာ ပိုအရေးကြီး၏။

လင်ယွိရှို့က တိတ်တဆိတ် ထရပ်၍ မိုးတားရင်ပြင်မှ ခိုးထွက်ရန် ကြိုးစားလိုက်သော်လည်း ချင်ဖေးယွဲ့၏ မိုးထိုးနေသော ပုံရိပ်က သူမ၏ နောက်မှ ပေါ်ထွက်လာသည်။

"အရှင့်သမီးတော်... လျှောက်သွားနေတာတွေ ရပ်ပါတော့..."

ချင်ဖေးယွဲ့၏ မျက်ဝန်းထဲတွင် ခပ်ဖျော့ဖျော့ အရောင်တစ်ခု လက်သွားပြီး ပြောလိုက်သည်။ "ဧကရာဇ် အတိုင်ပင်ခံရဲ့ တပ်ဖွဲ့က နီးလာပြီ..."

လင်ယွိရှို့က စိတ်ပျက်လက်ပျက် ဖြစ်သွားပြီး ညည်းညူလိုက်သည်။ "ဒီတစ်ခေါက် အပြင်ထွက်တာ ကောင်းကောင်းတောင် မပျော်ရသေးဘူး..."

ချင်ဖေးယွဲ့က သူမကို ညင်သာ နူးညံ့စွာ ကြည့်၍ ခပ်တိုးတိုး ပြောလိုက်သည်။ "သတ္တမ မင်းသမီးက အဲကောင်လေးကို သဘောကျတယ်ဆိုရင် မဟာမြို့ပျက်က ထာဝရ ငြိမ်းချမ်းရေး အင်ပါယာရဲ့ နယ်မြေ ဖြစ်သွားတဲ့အခါ သူ့ကို နန်းတော်ဆီ ဆင့်ခေါ်ပြီး ကုန်းကုန်းရာထူး ပေးလို့ ရပါတယ်... အဲလိုဆိုရင် သူက သတ္တမ မင်းသမီးနဲ့ မကြာခဏ အဖော်ပြုပေးနိုင်ပါလိမ့်မယ်..."

All Chapters