← Chapters

ပွဲခင်းအလယ်မှ လူသတ်ပွဲ

Vol. 6 Ch. 73

ပွဲခင်းအလယ်မှ လူသတ်ပွဲ

Vol. 6 Ch. 73

နယ်စပ်နဂါးမြို့၏ ညက စည်ကား သိုက်မြိုက်နေသည်။

"ငါ့နောက်ကို လူတွေ လိုက်လာနေတယ်..."

ချင်မူ မြို့စားနန်းဆောင်မှ ထွက်လာကတည်းက သူ့နောက်သို့ တစ်စုံတစ်ယောက် လိုက်လာသည်ဟု ခံစားခဲ့ရသည်။ မြို့စားနန်းဆောင်မှ ကောင်းကင်နတ်သိုင်း ပညာရှင်များက သူတို့ အရှိန်အဝါ အငွေ့အသက်ကို ဖုံးကွယ်ထားခြင်း မရှိကြချေ။ ဤသိုင်းသမား ပေါက်စလေး၏ ရှေ့မှောက်၌ သူတို့၏ အရှိန်အဝါ အငွေ့အသက်ကို ဖုံးကွယ်ထားရန် မလိုဟု ယူဆ၍ ချင်မူနောက်မှ ဗြောင်ကျကျ လိုက်လာကြခြင်း ဖြစ်မည်။

ထိုအခိုက်၌ နယ်စပ်နဂါးမြို့ထဲရှိ လမ်းမပေါ်တွင် အလှပြယာဉ်များ တန်းစီ လှည့်လည်နေသည်။ မြို့ထဲရှိ ကုန်သည်များက ထိုအလှပြယာဉ်များကို ကိုက်ပေါင်း ဒါဇင်ချီ မြင့်သည်အထိ အလှဆင်ထားကြ၏။ ထိုအလှပြယာဉ်များမှာ ဆန်းကြယ်သားရဲကြီးများ အဖြစ် အလှဆင်ထားသကဲ့သို့ နတ်ဘုရားများ၊ မိစ္ဆာနတ်ဆိုးများ အဖြစ်လည်း အလှဆင် ပြင်ဆင်ထားသည်။ ၎င်းယာဉ်များပေါ်၌ အမျိုးသမီး ကချေသည်များက ရင်သပ်ရှုမောဖွယ်ရာ ကခုန်နေကြသည်။ ထိုကချေသည်များက ကျေးရွာ အသီးသီးရှိ ကျောက်ရုပ်တုများအသွင် လှပစွာ ဝတ်စားဆင်ယင်ထားကြသည်။ ချင်မူက ထိုပွဲလမ်းသဘင် ကျင်းပနေသည့် လမ်းထဲသို့ လျှောက်လှမ်းသွားသောအခါ သူ့ကိုယ်သူ နတ်ဘုရားများနှင့် မိစ္ဆာနတ်ဆိုးတို့ ကခုန်နေသော လောကကြီးထဲသို့ ရောက်ရှိသွားသလို ခံစားလိုက်ရ၏။

ပွဲလမ်းသဘင် ကျင်းပနေသော လမ်းက နားကွဲလောက်အောင် ဆူညံနေပြီး လူများကလည်း ပြွတ်သိပ် တိုးဝှေ့နေကြသည်။ လမ်းမ ဘေးနှစ်ဖက်တွင် မီးအိမ်များ၊ ကျောက်တိုင်လုံးကြီးများနှင့် အလှဆင်ထား၏။ ထိုကျောက်တိုင်လုံးကြီးများ၏ ထိပ်တွင် ရေနံဆီ အပြည့် ထည့်ထားသော ကျောက်ဇလားကြီးများ ရှိပြီး မီးတောက်မီးလျှံများ လင်းလက်တောက်ပစွာ လောင်ကျွမ်းနေကြသည်။

ထိုနေရာတွင် ကိုက်သုံးဆယ်ခန့် မြင့်သော ကုလားမ ခြေထောက်ကြီးများနှင့် လမ်းလျှောက်နေသော လူများလည်း ရှိ၏။ သူတို့က ကိုက်နှစ်ဆယ်ခန့် အကွာအဝေးကို ခြေတစ်လှမ်းတည်းနှင့် အရောက်လှမ်းနိုင်ပြီး ကုလားမ ခြေထောက်ပေါ်မှ လူများက လက်တစ်ဘက်တွင် မီးတုတ်၊ အခြားလက်တစ်ဖက်တွင် လောင်စာဆီ ပုလင်းကို ကိုင်ထားသည်။ လောင်စာဆီများကို ပါးစပ်ထဲ ငုံ၍ မီးတုတ်ဆီသို့ မှုတ်ထုတ်လိုက်သောအခါ ကိုက်ပေါင်းများစွာ ရှည်လျားသော မီးလျှံ မြွေကြီးများ ထွက်ပေါ်လာ၏။

ညက စည်ကားသိုက်မြိုက်၍ သောသောညံနေသော်လည်း မဟာမြို့ပျက်၏ အရိုင်းဆန်မှုက ပျောက်ပျက်မသွားချေ။

ချင်မူက လူအုပ်ထဲသို့ တိုးဝင်လိုက်၏။ ထိုအခိုက်၌ ရုတ်တရက် ကောင်းကင်ယံက လင်းထိန်သွားသည်။ မြောက်မြားစွာသော အလင်းမျှင်များမှာ မည်သည့် အချိန်က ရောက်နေသည်မသိ၊ ကောင်းကင် တစ်ခွင်လုံး ပြည့်နှက်နေပြီး တစ်ခုနှင့် တစ်ခု ရစ်ပတ် ရောယှက်သွားသည်။ ထိုအလင်းမျှင်များက ရုတ်တရက် ကြီးထွားပြန့်ကားလာပြီး ကြီးမားသော ငွေနဂါးကြီးများအဖြစ် ပြောင်းလဲ၍ ပွဲလမ်းသဘင် ကျင်းပရာ လမ်းမ၏ ကောင်းကင်ယံ တစ်ခွင်လုံးတွင် လူးလာ ကူးခတ်နေသည်။

ထိုငွေနဂါးများက အဆက်မပြတ် လူးလာကူးခတ်နေကြပြီး ၎င်းတို့ကို မရေမတွက်နိုင်သော စာလုံးများမှ ဖွဲ့စည်းထားခြင်း ဖြစ်ကြောင်း တွေ့လိုက်ရသည်။ ထိုသို့ ကူးခတ်နေရင်းနှင့် လျှို့ဝှက် ဆန်းကြယ်၍ နားလည်ရ ခက်သော ကြည်လင် ရှင်းလင်းသည့် မိစ္ဆာသံ တစ်သံကိုလည်း ထုတ်လွှတ်နေသည်။

ဘုန်း...၊ ဘုန်း...။

တောက်ပသော အလင်းတန်းများ ကောင်းကင်ယံသို့ ထိုးတက်သွားပြီး အားပြင်းသည့် ပေါက်ကွဲသံများ လွင့်ပျံလာ၏။ ထိုအလင်းတန်းများက နယ်စပ်နဂါးမြို့၏ အထက်ရှိ အမှောင်ထုဆီသို့ ပြေးဝင်သွားပြီး အသံတစ်စက်မျှ မထွက်ဘဲ တစ်မုဟုတ်ချင်း ပျောက်ကွယ်သွားသည်။ ပြင်းထန်လွန်းသော ပေါက်ကွဲမှုများပင် အမှောင်ထုထဲ တိုးဝင်သွားသောအခါ ရွှံ့ဖြင့် လုပ်ထားသော နွားတစ်ကောင် ပင်လယ်ထဲ တိုးဝင်သွားသကဲ့သို့ အစအန ရှာမရအောင် ပျောက်ကွယ်သွားသည်။

မြေပြင်ပေါ်မှ လူအုပ်က ပို၍ သက်ဝင်လှုပ်ရှားလာပြီး ပျော်ရွှင်မြူးထူးစွာ အော်ဟစ်လိုက်သည်။ ထိုအရာများက မီးရှူးမီးပန်းများ ဖောက်လွှတ်ခြင်း မဟုတ်ဘဲ သူတို့၏ ခေါင်းပေါ်တွင် အဆင့်မြင့် သိုင်းပညာရှင်များ တိုက်ခိုက်နေကြခြင်းသာ ဖြစ်ကြောင်း သူတို့ မတွေးမိကြချေ။ ကံကောင်း၍သာ တိုက်ပွဲ အားလှိုင်းပေါက်ကွဲမှုများက ကောင်းကင်ယံမှ အမှောင်ထုဆီသို့ တိုးဝင်သွားခြင်း ဖြစ်သည်။ မဟုတ်လျှင် လူပေါင်းများစွာ၏ အသက်များ ဆုံးရှုံးရပေလိမ့်မည်။

ငွေနဂါးများက ရှေ့နောက် လွန်းထိုး သွားလာနေပြီး ထိုအလင်းရောင်များ ကြားတွင် ကြောက်မက်ဖွယ်ရာ ပုံရိပ်အချို့က နတ်ဘုရားများ၊ မိစ္ဆာနတ်ဆိုးများသဖွယ် ပေါ်ထွက်လာသည်။ ၎င်းတို့က နယ်စပ်နဂါး မြို့စားမင်း ဖုယွင်တိ၊ အရှင်ဟေး၊ မျက်နှာဝါ အမျိုးသမီးနှင့် ကျန်သူများ ကောင်းကင်ယံတွင် တစ်ယောက်နှင့် တစ်ယောက် တိုက်ခိုက်နေကြခြင်း ဖြစ်သည်။

ချင်မူမှာလည်း လူအုပ်ကြားတွင် လျင်မြန်စွာ တိုးဝှေ့သွားလာနေ၏။ ဤသည်က အန္တရာယ်ကင်းသော နေရာ မဟုတ်ချေ။ ထိုအဆင့်မြင့် ပညာရှင်များ၏ အားလှိုင်းပေါက်ကွဲမှုများက ကောင်းကင်ယံသို့သာ ဦးတည်နေကြသော်လည်း မတော်တဆများ အောက်ဘက်သို့ ရောက်လာခဲ့လျှင် မည်သို့ လုပ်ရမည်နည်း။

သေချာပေါက် သွေးချောင်းစီး၍ အလောင်းချင်း ထပ်သွားပေလိမ့်မည်။

မိုးခြိမ်းသံ ဂျိုးဂျိုးဂျိမ့်ဂျိမ့်က နယ်စပ်နဂါးမြို့၏ အထက်ကောင်းကင်တွင် လျင်မြန်စွာ ပြေးလွှား ဆူညံနေသည်။ လျှပ်စီးမိုးကြိုးက တစ်ခါတစ်ရံတွင် မြို့အရှေ့ဘက်တွင် ပေါ်လာလိုက်၊ တစ်ခါတစ်ရံတွင် မြို့အနောက်ဘက်တွင် ပေါ်လာလိုက်နှင့် ဟိုမှသည်သို့ လျှပ်ပြက်သလို ကူးသန်း ရွေ့လျားနေသည်။

သူ့နောက်တွင်တော့ မြို့စားနန်းဆောင်မှ ကောင်းကင်နတ်သိုင်း ပညာရှင်များက ထက်ကြပ်မကွာ လိုက်ပါလာသည်။ ချင်မူ လူအုပ်ထဲသို့ တိုးဝင်လာခဲ့သည့်တိုင်အောင် သူတို့ကို မျက်ခြည် မဖြတ်နိုင်ခဲ့ချေ။

"ဒီနေ့ည အဖြစ်အပျက်တွေက အတော်လေး ထူးဆန်းတာပဲ... ငါ့စိတ်ကို ငါ မထိန်းနိုင်ဘဲ မြို့စားမင်းရဲ့ သားကို သတ်မိသွားတယ်... ပြဿနာတော့ တက်ပြီ... ဘွားဘွားနဲ့ ဘိုးဘိုးမျက်ကန်းတို့ကို ပြေးပြောပြီး ဒီနေရာကနေ အမြန်ဆုံး ထွက်သွားရမယ်..."

ချင်မူက သူ့ခြေလှမ်းများကို အရှိန်မြှင့်မည် ပြင်လိုက်စဉ်မှာပင် သူ့နောက်မှ နဂါးတွန်သံ တစ်သံကို ကြားလိုက်ရ၏။ နဂါးစိမ်း တစ်ကောင် ရစ်ခွေနေသည့် ကောင်းကင်နတ်သိုင်း ပညာရှင် တစ်ယောက်က သူ့ထံသို့ ခုန်ဝင်လာသည်။ သူက ချင်မူနှင့် ကိုက်နှစ်ဆယ်ကျော် ဝေးသေးပြီး သူ၏ နဂါးစိမ်းက လူအုပ်ကြားမှ တွန့်လိမ် တိုးဝှေ့၍ ချင်မူ့နောက်သို့ တိုးဝင်လာသည်။

ချင်မူက ခုန်ရှောင်တော့မည် ပြင်လိုက်စဉ်မှာပင် အဖြူရောင် ပိုးပဝါ တစ်စက လမ်းဘေးရှိ အဆောက်အဦ တစ်ခုပေါ်မှ တွဲလျားကျလာပြီး ထိုကောင်းကင်နတ်သိုင်း ပညာရှင်၏ လည်ပင်းကို ရစ်ပတ်၍ အထက်သို့ ဆွဲမသွားကာ ထိုအဆောက်အဦ၏ အခန်းထဲသို့ တရွတ်တိုက် ဆွဲခေါ်သွားသည်။

အဆောက်အဦထဲတွင်တော့ ပျိုမျစ်နုနယ်သည့် အရွယ်ကောင်း မိန်းမပျို တစ်စုက သူတို့၏ ဝတ်ရုံများထဲမှ ဓားမြှောင်များကို ထုတ်ယူကာ ထိုကောင်းကင်နတ်သိုင်း ပညာရှင်၏ ရင်ဝသို့ ထိုးစိုက်လိုက်၏။

ချင်မူ ခေါင်းမော့ ကြည့်လိုက်သည်။ ထိုမိန်းမပျိုများက သူ မြို့ထဲသို့ ဝင်လာခါစ၌ သူတို့နှင့် လာရောက် ပျော်ပါး ဆော့ကစားရန် ခေါ်ယူနေကြသည့် မမကြီးများ ဖြစ်သည်။

သူ ရှေ့သို့ ဆက်လျှောက်သွားရင်း လမ်းကြားလေး တစ်ခုကို ဖြတ်သန်းသွားမိ၏။ ထိုလမ်းကြားထဲတွင် ဝါးခမောက် ဆောင်းထားသည့် ကောင်းကင်နတ်သိုင်း ပညာရှင် တစ်ယောက် ရှိနေသည်။ ချင်မူ ဖြတ်သွားသည်ကို မြင်လိုက်ရသည်တွင် သူခန္ဓာကိုယ်က တစ်ချက် လှုပ်ခါသွား၏။ လမ်းကြားလေးထဲတွင် မိုးထိုးအောင် မြင့်မားသော ရေလှိုင်းကြီးများ ရုတ်တရက် ပေါ်ထွက်လာသည်။ ထိုရေလှိုင်းလုံးကြီးများက ကြီးမားသော မြွေကြီးများကဲ့သို့ ပါးစပ်များကို ဖြဲဟ၍ ချင်မူ့ကို ပြေးကိုက်လိုက်သည်။ ရေလှိုင်းလုံးများထဲတွင်တော့ ငွေရောင် ငါးလေးများ လူးလာကူးခတ်နေ၏။ ထိုငါးများက ဝိညာဉ်လက်နက်များ ဖြစ်ချေလိမ့်မည်။

ထိုအခိုက်၌ ထိုလမ်းကြားနှင့် ကပ်လျက်တွင် ပန်းပဲဖို တစ်ခု ရှိပြီး ပန်းပဲဆရာက ကိုက်နှစ်ဆယ်ခန့် အရပ်အမောင်း ရှိသည့် လူ့ဘီလူးကြီး တစ်ဦး ဖြစ်၏။ သူက ဓားရှည်ကြီး တစ်ချောင်းကို သွန်းလုပ်နေသည်။ ထိုဓား၏ အရိုးက ငါးကိုက်ရှည်ပြီး အသွားက ခြောက်ကိုက် ရှည်၏။ လူ့ဘီလူးကြီးက ထိုဓားရှည်ကို ကောက်ကိုင်၍ ထိုးထည့်လိုက်ရာ လမ်းကြား နံရံကို ထွင်းဖောက်၍ ဝါးခမောက်နှင့် ကောင်းကင်နတ်သိုင်း ပညာရှင်၏ ရင်ဝကို စိုက်ဝင်ကာ တခြားဘက်မှ နံရံတွင် ထိုးချိတ်သွားသည်။

ထို့နောက် ပန်းပဲဆရာ လူ့ဘီလူးကြီးက သူ့ဓားကို ပြန်ဆွဲယူ၍ စွန်းပေနေသော သွေးစက်များကို သုတ်လိုက်၏။ ပြီးသည်နှင့် ထိုဓားရှည်ကြီးကို မီးဖိုထဲမှ တရှိန်ရှိန် တောက်လောင်နေသော မီးလျှံများတွင် ဆက်လက် ထုနှက် သွန်းလုပ်နေလိုက်သည်။

ချင်မူမှာ မှင်တက်အံ့ဩမိနေပြီး ရှေ့ဆက် လျှောက်သွားလိုက်၏။ ပွဲလမ်းသဘင် ကျင်းပနေရာ လမ်းမဆီမှ စည်သံ၊ မောင်းသံ တညံညံနှင့်အတူ လူရိပ်များက လမ်းဘေး တစ်ဘက်တစ်ချက်ရှိ အိမ်ခေါင်မိုးများပေါ်သို့ ငှက်များသဖွယ် လျင်မြန်စွာ ပျံဝဲ ခုန်တက်လိုက်ကြသည်။ သူတို့က မြို့စားနန်းဆောင်မှ ကောင်းကင်နတ်သိုင်း ပညာရှင်များ ဖြစ်ပြီး ချင်မူ့ထံသို့ လျင်မြန်စွာ ချဉ်းကပ်သွားကြ၏။

ကောင်းကင်နတ်သိုင်း ပညာရှင် တစ်ယောက်က အောက်သို့ ခုန်ချလိုက်သည်။ သို့သော်လည်း သူ မြေပြင်ပေါ်သို့ မကျမီမှာပင် မြွေအလမ္ပာယ်ဆရာ၏ ပခြုပ်ထဲမှ မြွေတစ်ကောင် ရုတ်တရက် ခေါင်းထောင်ထလာ၏။ မြွေခေါင်းက ရုတ်တရက် ကြီးမားလာပြီး အပေါ်မှ ခုန်ချလာသော ကောင်းကင်နတ်သိုင်း ပညာရှင်ကို ဆွဲဟပ် မျိုချလိုက်သည်။ ထို့နောက် ပုံမှန် အရွယ်အစားသို့ ပြန်လည် ကျုံ့ဝင်သွားပြီး ပခြုပ်ထဲ ပြန်ဝင်သွား၏။

အခြား ကောင်းကင်နတ်သိုင်း ပညာရှင်များမှာလည်း မြေပေါ်သို့ ခုန်ချ၍ လူအုပ်ထဲသို့ တိုးလိုက်သွားကြသည်။ ထိုထဲမှ တစ်ယောက်က အရက်ဆိုင် တစ်ဆိုင် ရှေ့မှ ဖြတ်သွားပြီး ထိုဆိုင်ထဲမှ စားပွဲထိုး တစ်ယောက်က အလှပြယာဉ်များကို ရွှင်မြူးစွာ ကြည့်ရှုနေ၏။ ရုတ်တရက် ထိုအရက်ဆိုင် စားပွဲထိုးက ကြီးမားသည့် အရက်အိုးကြီး တစ်လုံးကို  ထုတ်၍ မြို့စားနန်းဆောင်မှ ကောင်းကင်နတ်သိုင်း ပညာရှင်၏ ခေါင်းကို စွပ်ချလိုက်သည်။ ထိုကောင်းကင်နတ်သိုင်း ပညာရှင်က အရက်အိုးထဲသို့ ရောက်သွားသည်နှင့် သူ၏ အရိုးများ၊ အသားများ အားလုံး တစ်မုဟုတ်ချင်း အရည်ပျော်ကျသွားပြီး  အရက်များ အပြည့်ပါသော အိုးတစ်လုံးအဖြစ် ပြောင်းလဲသွားသည်။

အရက်ဆိုင် စားပွဲထိုးက ထိုအရက်အိုးကို ဆိုင်ထောင့်တွင် ချ၍ အိုးနှုတ်ခမ်းကို ပြန်ပိတ်လိုက်၏။

မြို့စားနန်းဆောင်မှ အခြား ကောင်းကင်နတ်သိုင်း ပညာရှင်များကတော့ လူအုပ်ထဲတွင် အရက်မူးသမား တစ်ယောက်နှင့် ဆုံတွေ့လိုက်ကြသည်။ ထိုအရက်မူးသမားက သူတို့ကို မီးဖြင့် မှုတ်၍ ပြာကျအောင် လုပ်ပစ်လိုက်၏။ တချို့မှာတော့ တိတ်တဆိတ် လည်ပင်းကို ဓားဖြင့် လှီး၍ လုပ်ကြံ သတ်ဖြတ်ခံလိုက်ကြရ၏။ တချို့က အလှပြယာဉ်များပေါ်မှ ကချေသည်များ၏ ဆွဲခေါ်ခြင်းကို ခံသွားရပြီး အစအန ရှာမရအောင် ပျောက်ဆုံးသွားသည်။

ချင်မူမှာ လမ်းမတစ်လျှောက် လျှောက်လှမ်းလာရင်း ထိုမြင်ကွင်းများကို ကြည့်၍ သူ့ရင်ထဲတွင် ဝေခွဲမရ ဖြစ်လာသည်။ မြို့စားနန်းဆောင်မှ သူ့နောက်သို့ လိုက်လာသည့် ကောင်းကင်နတ်သိုင်း ပညာရှင်များက အတော်လေး များသည်။ သို့သော်လည်း သူတို့အားလုံးက လူအုပ်ကြားထဲတွင် အသံတစ်ချက်မျှ မပြုနိုင်ဘဲ သေဆုံးသွားကြရ၏။

"ငါ့ကို ဘယ်သူတွေက ကူညီနေတာလဲ... ကောင်းကင်နတ်ဆိုးဂိုဏ်းကလား... ကောင်းကင်နတ်ဆိုးဂိုဏ်းက နယ်စပ်နဂါးမြို့မှာ ဒီလို စွမ်းအားမျိုး ရှိတာလား..."

သူက တည်းခိုဆောင်သို့ ရောက်လာပြီး အထဲသို့ ဝင်မည် ပြင်လိုက်စဉ် ရုတ်တရက် မျက်ကန်းကို မြင်လိုက်၏။

တည်းခိုဆောင်ဘေးတွင် လောင်းကစားရုံ တစ်ရုံ ရှိသည်။ ယခု ထိုလောင်းကစားရုံထဲမှ ဝတ်စုံနက် နှစ်ယောက်က မျက်ကန်းကို ချီမ သယ်ဆောင်လာပြီး လမ်းမပေါ်သို့ ပစ်ချလိုက်၏။

ချင်မူက ကမန်းကတန်း ပြေးသွားလိုက်သည်။ မျက်ကန်းက သူ့ဖာသာ ထရပ်လိုက်၏။ သူက တင်ပါးမှ ဖုန်များကို ခါ၍ လောင်းကစားရုံသို့ လှမ်းအော်လိုက်သည်။ "ငါ့ ဝါးတောင်ဝှေး..."

လောင်းကစားရုံ၏ တံခါးက ကျွီခနဲ ပွင့်၍ ဝါးတောင်ဝှေး တစ်ချောင်း လွင့်ပျံလာပြီး မျက်ကန်း၏ ခေါင်းကို ထိမှန်သွားသည်။

မျက်ကန်းက သူ့ဝါးတောင်ဝှေးကို ကောက်ယူ၍ ပြုံးလိုက်သည်။ "ဒီတစ်ခေါက် ငါ ကံဆိုးသွားတယ်... နောက်တစ်ခါကျရင် မင်းတို့အားလုံး ငါ ခိုးတာကို မမြင်စေရဘူးလို့ ကတိပေးတယ်... သေချာပေါက် ငါ့ငွေတွေ ပြန်ယူပြမယ်...၊ မူအာ... မင်းလား... လာစမ်းပါဦး... ဘိုးဘိုး ဒီနေ့ စိတ်ဝင်စားစရာ ကောင်းတာ တွေ့ခဲ့တဲ့အကြောင်း ပြောပြမလို့... ကြက်မကြီး တစ်ကောင်က လှလှပပ ဝတ်စားဆင်ယင်ပြီး ပျော်ပါးနေတာ ဘိုးဘိုးတွေ့ခဲ့တယ်... ကြက်ပေါက်လေး တစ်ကောင်ကလည်း သူ့နောက်က ပိကျိပိကျိနဲ့ လိုက်ဆော့နေတာ..."

ချင်မူက ဇဝေဇဝါ ဖြစ်သွား၏။ "ကြက်နှစ်ကောင်ပဲဟာ... ဘာထူးဆန်းလို့လဲ... ဘိုးဘိုးမျက်ကန်း... ကျွန်တော်တို့ တည်းခိုဆောင်ကို ပြန်ရအောင်..."

သူတို့ နှစ်ယောက် တည်းခိုဆောင်သို့ ပြန်ရောက်သောအခါ အဘွားစစ်၏ အလန့်တကြား အော်ဟစ်သံကို ကြားလိုက်ရသည်။ ချင်မူ တစ်မုဟုတ်ချင်း ပြေးဝင်သွားသောအခါ အဘွားစစ်က ငွေထုပ်ကို တအံ့တဩ ကိုင်ထားကြောင်း တွေ့လိုက်ရ၏။

ချင်မူက ကြောင်အမ်းအမ်း ငေးစိုက်ကြည့်နေမိပြီး ကမန်းကတန်း ပြေးသွား၍ ပြတင်းပေါက်ကို တွန်းဖွင့်လိုက်သည်။ အပြင်ဘက်သို့ လှမ်းကြည့်လိုက်သောအခါ အပြင်ဘက်တွင် မဟာ ဉာဏ်အလင်းဖွင့် ကောင်းကင်နတ်ဆိုး ကျမ်းစာမှ အသွင်ပြောင်းထားသော ငွေနဂါးများက ထိပ်သီး သိုင်းပညာရှင်များနှင့် တိုက်ခိုက်နေဆဲ ရှိကြောင်း တွေ့လိုက်ရသည်။ သူ့ခေါင်းကို ပြန့်လှည့်ကြည့်လိုက်သောအခါတွင်လည်း အဘွားစစ်ကို မြင်တွေ့ရသဖြင့် သူ အတော်လေး စိတ်ရှုပ်ထွေးသွားသည်။

"ကြည့်ရတာ မြို့စားနန်းဆောင်ထဲမှာ တွေ့ခဲ့တဲ့ ဂိုဏ်းသခင်မက ဘွားဘွားစစ် မဟုတ်ဘူးလား မသိဘူး..."

ချင်မူ၏ ရင်ထဲတွင် ပို၍ ပို၍ ဝေခွဲမရ ဖြစ်လာပြီး ပြုံးလိုက်သည်။ "ဘွားဘွားက အခုမှ ပြန်ရောက်လာတာလား... ဘွားဘွားနဲ့ ဘိုးဘိုးမျက်ကန်းအတွက် ကျွန်တော် စားစရာတွေ ယူလာတယ်..." သူက ဆီစိမ်စက္ကူနှင့် ထုပ်ယူလာသော စားစရာများကို စားပွဲပေါ် ချ၍ ဖြေလိုက်သည်။

အဘွားစစ်၏ မှုန်သီနေသော မျက်ဝန်းများတွင် လှုပ်ခတ်သွားသည့် အမူအရာ  ပေါ်လာပြီး တုန်တုန်ရီရီနှင့် ထိုင်ချလိုက်သည်။ သူမက ပြုံး၍ ပြောလိုက်၏။ "မူအာက တကယ့်ကို သိတတ်တာပဲ... နဂါး ကြေးပြားအိတ်ကရော ဘယ်လို ဖြစ်တာလဲ..."

ချင်မူက သူမ၏ မျက်ဝန်းများထဲသို့ ကြည့်၍ ဇဝေဇဝါ ဖြစ်သွားသည်။ အဘွားစစ်၏ အကြည့်များက ဂိုဏ်းသခင်မ၏ အကြည့်နှင့် တူလှသည်။ နှုတ်ခမ်းနီ၊ ပါးနီနံ့ပင် အတူတူ ဖြစ်၏။

သို့သော်လည်း အဘယ်ကြောင့် မဟာ ဉာဏ်အလင်းဖွင့် ကောင်းကင်နတ်ဆိုး ကျမ်းစာမှ အသွင်ပြောင်းထားသော ငွေနဂါးများက ဆက်ရှိနေသေးသနည်း...။

သူ့စိတ်သူ တည်ငြိမ်အောင် ထိန်း၍ အဘွားစစ်နှင့် ဘိုးဘိုးမျက်ကန်းတို့ကို လမ်းကြားလေးထဲတွင် ကြုံတွေ့ခဲ့ရသည်များကို ပြန်ပြောပြလိုက်သည်။

အဘွားစစ်က ထူးဆန်းသည့် အမူအရာ ပေါ်လာပြီး အထစ်ထစ် အငေါ့ငေါ့နှင့် ပြောလိုက်သည်။ "မင်း... မင်းက နဂါးကြေးပြား တစ်ပြားနဲ့ နဂါးကြေးပြား သုံးထောင်ကျော် ရအောင် ရှာခဲ့တာပေါ့ ဟုတ်လား... စောစောကသာ မင်းမှာ အဲလောက် ငွေအများကြီး ရှိမှန်း သိရင် ဘွားဘွားက အလကား စားသောက်လို့ ရမယ့် နေရာ ဘယ်လိုက်ရှာနေမှာလဲ... လည်ပတ် စားသောက်နေပြီပေါ့..."

ချင်မူက သူတို့ကို မြို့စားနန်းဆောင်၌ တွေ့ခဲ့ရသော မိန်းမလှအကြောင်း ပြောပြလိုက်၏။ "ဘွားဘွား... ကျွန်တော် မြို့စားမင်းရဲ့ သားကို သတ်ခဲ့မိတယ်... ကျွန်တော်တို့ ဒီမှာ ကြာကြာနေလို့ မကောင်းတော့ဘူး... မြန်မြန် ပြန်မှ ဖြစ်မယ်..."

အဘွားစစ်က သူမ၏ ခေါင်းမှ ကျောက်စိမ်း ဆံထိုးကို ဆွဲဖြုတ်၍ လက်တစ်ဖက်ကို လှုပ်ရှားလိုက်ရာ ရုတ်တရက် အပ်ချည်ကြိုးမျှင် တစ်ချောင်းက အပြင်ဘက်မှ ပျံသန်း ဝင်ရောက်လာ၏။ ထိုအပ်ချည်ကြိုးက ကျောက်စိမ်းဆံထိုးတွင် အလိုအလျောက် ရစ်ခွေသွားပြီး တစ်ခဏအတွင်း အပ်ချည်လုံး တစ်လုံး အဖြစ်သို့ ပြောင်းလဲသွားသည်။ သူမက ထိုအပ်ချည်လုံးကို ခြင်းတောင်းထဲသို့ ပစ်ထည့်၍ ပြုံးလိုက်၏။ "ဘွားဘွားက နယ်စပ်နဂါး မြို့စားမင်းရဲ့ မိန်းမကို နွားတစ်ကောင် ဖြစ်အောင် ပြောင်းခဲ့တယ်... မင်းကလည်း သူ့သားကို သတ်ခဲ့တယ်... သူကတော့ တကယ့်ကို ကံဆိုးတာပဲ... ဒါပေမဲ့ သူ့အတွက် ပိုကံဆိုးမယ့်ဟာတွေ စောင့်ကြိုနေသေးတယ်... သူက မကောင်းမှု ဒုစရိုက်တွေ အများကြီး ကျူးလွန်ခဲ့တာ... သူ့အကုသိုလ်ကံက ပြန်ပေးဆပ်ဖို့ စောင့်ကြိုနေပြီ... ဒီနဂါးကြေးပြားတွေကို မင်းကိုယ်တိုင် ရှာခဲ့တာဆိုတော့ သိမ်းထား... နောက်ကျ အသုံးလိုချင် လိုလာမှာ..."

မိုးအောက်မြေပြင် တစ်ခွင်လုံး တုန်ခါသွားစေနိုင်သည့် အော်ဟစ်သံများက အပြင်ဘက်မှ ထွက်ပေါ်လာ၏။ ထိုထဲမှ အသံတစ်သံမှာ အရှင်ဟေး၏ အသံ ဖြစ်သည်။ "ဂိုဏ်းသခင်မ ထွက်ပြေးသွားပြီ..."

"မြန်မြန်ရှာကြ... မတွေ့တွေ့အောင်ရှာ..."

"အပြင်ဘက်က အမှောင်ထု ရှိနေတာ... အဲဒီ မိစ္ဆာမ မြို့ထဲမှာပဲ ရှိဦးမယ်..."

...... ။

မျက်ကန်းက အပြင်ဘက်မှ ဆူညံသံများကို နားစွင့်နေရင်းနှင့် ရုတ်တရက် ပြောလိုက်သည်။ "ချင်မျိုးရိုး တပ်မှူးလေးက ဒီမှာပဲ နေပြီး မပြန်သေးဘူး... မာန်ဟုန်မြစ်ရဲ့ မြေပုံနဲ့ သူက ထာဝရ ငြိမ်းချမ်းရေး အင်ပါယာရဲ့ ဧကရာဇ် အတိုင်ပင်ခံကို စောင့်နေတာ ဖြစ်မယ်... ထာဝရ ငြိမ်းချမ်းရေး အင်ပါယာရဲ့ ဧကရာဇ် အတိုင်ပင်ခံက သူ့တပ်ဖွဲ့တွေကို မဟာမြို့ပျက်ထဲ တပ်စွဲဖို့ ကြံစည်နေတာ... နယ်စပ်နဂါးမြို့က တိုက်ပွဲဒဏ်ကို အရင်ဆုံးခံရမယ့် မြို့ပဲ... တပ်မှူးချင်က မြို့စားနန်းဆောင်မှာ နေနေတာဆိုတော့ နယ်စပ်နဂါး မြို့စားမင်း ဖုယွင်တိက သူနဲ့ ပူးပေါင်းနေမှန်း မြင်သာတယ်... အချိန်ကျတဲ့အခါ နယ်စပ်နဂါးမြို့ဟာ သူတို့အတွက် မဟာမြို့ပျက်ကို ထိုးဖောက်ဖို့ ပထမဆုံး ခံတပ် ဖြစ်လိမ့်မယ်... ဒီမြို့က အတော်လေး ကျယ်ပြီး ဆင်မြင်း၊ စစ်သည် တစ်သောင်းလောက်တော့ အသာလေး ဆန့်တယ်..."

အဘွားစစ်က တောက်ပစွာ ပြုံးလိုက်၏။ "အဲဒါကြောင့် ဖုယွင်တိ သေရမယ်..."

မျက်ကန်းက ခေါင်းညိတ်လိုက်၏။ "ဟုတ်တယ်... သူ သေရမယ်... မူအာက သူ့သားကို သတ်ခဲ့တာ... အဲဒါကြောင့် မူအာ မြို့ထဲက ထွက်တာနဲ့ သေချာပေါက် နောက်က လိုက်လာလိမ့်မယ်... အဲနေ့က သူ သေမယ့်နေ့ပဲ... မဟာမြို့ပျက်က ဧကရာဇ် အတိုင်ပင်ခံ ခြေချလို့ ရတဲ့ နေရာမဟုတ်ဘူး... အဲဒါကြောင့် သူ လာရာလမ်းကို အမြန်ဆုံး ပြန်သွားရလိမ့်မယ်..."

ချင်မူက မျက်ကန်းကို တစ်လှည့်၊ အဘွားစစ်ကို တစ်လှည့် ကြည့်လိုက်၏။ သူတို့ ဘာတွေ ကြံစည်နေသည်မှန်း သူ မသိတော့ချေ။

သို့သော်လည်း မူမမှန်မှန်းတော့ သူ သိ၏။ အဘွားစစ်က မျက်ကန်းကို တစ်ခါမျှ မြို့ထဲသို့ မခေါ်ခဲ့ဖူးသော်လည်း ယခုတစ်ကြိမ်တွင်တော့ ခေါ်လာခဲ့သည်။ ဤအကြောင်းကို အစောက မစဉ်းစားမိသော်လည်း ယခု သူ စဉ်းစားမိသောအခါ ထူးဆန်းသည့်အရာ တစ်ခုခု ဖြစ်နေပြီ ဖြစ်ကြောင်း သိလိုက်သည်။

မျက်ကန်းသာ လောင်းကစားရုံထဲတွင် တစ်ချိန်လုံး နေနေပြီး အပြင်သို့ မထွက်ခဲ့လျှင် မြို့စားနန်းဆောင်တွင် ဖြစ်ပျက်ခဲ့သည်များကို သူ မည်သို့ သိလေသနည်း...။

သို့တည်းမဟုတ် မျက်ကန်းကလည်း မြို့စားနန်းဆောင်တွင် ရှိနေခဲ့သည်လား...။

"စောစောအိပ်... မူအာ... မနက်ဖြန်ကျ ဘွားဘွားက နယ်စပ်နဂါး မြို့စားမင်း ဖြစ်ချင် ဖြစ်နေမှာ..."

ချင်မူက အပြင်ဘက်တွင် အိပ်၍ အဘွားစစ်က အတွင်းခန်းတွင် အိပ်၏။ ချင်မူ အိပ်ပျော်တော့မည့်ဆဲဆဲတွင် အဘွားစစ် အိပ်ရာထက်တွင် လူးလိမ့်၍ သူမဖာသာ တီးတိုး ရေရွတ်နေသည်ကို ရုတ်တရက် ကြားမိလိုက်၏။ "စိတ်လှုပ်ရှားနေတာနဲ့ အိပ်လို့ မရတော့ဘူး... နယ်စပ်နဂါးမြို့ရဲ့ နဂါးတိုင်လုံးတွေတင် အိမ်ယူသွားမှာ မဟုတ်တော့ဘူး... မနက်ဖြန်ကျ တစ်မြို့လုံးက စစ်မျိုးရိုး ဖြစ်သွားလိမ့်မယ်.. ဆိုးတယ်... ငါ တကယ့်ကို အိပ်မပျော်တော့ဘူး... ဟီး... ဟီး... ဟီး..."

All Chapters