နဂါးမြို့တော် ပိုင်ရှင်ပြောင်းခြင်း
Vol. 6 Ch. 74
ချင်မူမှာ ဝေခွဲမရ ဖြစ်သွား၏။ "ဘွားဘွားရဲ့ ခါးက မကုန်းတော့ဘူးလား... သူက အပျော်လွန်ပြီး အိပ်ရာပေါ်မှာ လူးလွန့်နေတဲ့ပုံပဲ..."
နောက်တစ်နေ့ မနက် အိပ်ရာ နိုးသောအခါ အဘွားစစ်က သူ့အခန်းထဲတွင် မရှိတော့ကြောင်း တွေ့လိုက်ရသည်။ သို့သော်လည်း မနက်စာကတော့ အသင့်ပြင်ထား၏။
လူငယ်လေးက မျက်နှာသစ်၊ မနက်စာစား၍ အဘွားစစ်နှင့် မျက်ကန်းကို ရှာရန် အောက်ထပ်သို့ ဆင်းလာခဲ့လိုက်သည်။ သူတို့ နှစ်ယောက်စလုံးက ဝယ်ထားသည့် ဟင်းခတ်အမွှေးအကြိုင်များ၊ အထည်လိပ်များကို လှည်းပေါ် တင်၍ အသင့်ဖြစ်နေပြီ ဖြစ်သည်။
ချင်မူ စိတ်ရှုပ်ထွေးသွား၏။ မျက်ကန်းက လှည်းရှေ့တွင် ထွားကျိုင်းသော နွားကြီး သုံးကောင်ကို ဆင်နေသည်။ လှည်းနောက်တွင်လည်း နောက်ထပ် နွားသုံးကောင် ဆွဲထား၏။
ထိုနွားခြောက်ကောင်လုံးက ချင်မူကို ကြည့်လိုက်သည်။ သူတို့၏ မျက်ဝန်းထဲတွင် ကြောက်ရွံ့မှုဖြင့် တဆတ်ဆတ် တုန်နေ၏။
"ဘွားဘွား... ကျွန်တော်တို့က နွားခြောက်ကောင်လုံး ရောင်းပြီးသွားပြီ မဟုတ်ဘူးလား..." ချင်မူက မေးခွန်းထုတ်လိုက်၏။
အဘွားစစ်က ဝှားခနဲ သန်း၍ ခပ်ဖြည်းဖြည်း ပြောလိုက်သည်။ "ဘွားဘွား မနေ့ညက အိပ်မပျော်တာနဲ့ နောက်ထပ် နွားခြောက်ကောင် သွားဆွဲလာတာ..."
ချင်မူက အဘွားစစ်၏ စကားကို မယုံချေ။ နွားခြောက်ကောင်က သူတို့၏ ခေါင်းများကို ခါယမ်းလိုက်၏။ သူတို့က တဘူးဘူးသာ အော်ဟစ်နိုင်၍ ဘာပြောချင်သည်မှန်း သူ မသိချေ။
မြို့ထဲမှ နွားလှည်းကို မောင်းထွက်လာသည့် အချိန်တွင် မနက်အစောသာ ရှိသေး၏။ လမ်းပေါ်တွင်တော့ မြင်းလှည်း၊ နွားလှည်းအချို့ ရှိနေပြီ ဖြစ်သည်။ မြို့ထဲသို့ ရောင်းဝယ်ဖောက်ကားရန် ရောက်လာကြသော ရွာသူရွာသားများက သူတို့ရွာသို့ ညမမှောင်မီ ပြန်ရောက်နိုင်ရန် မနက်အစော ထလာကြခြင်း ဖြစ်သည်။
ချင်မူ လှေဆိပ်သို့ နွားလှည်းကို မောင်းတက်လိုက်သောအခါ မြစ်ရေက တဝုန်းဝုန်း လှုပ်ခတ်နေပြီ ဖြစ်သည်။ ရွာသူရွာသား များစွာက မြစ်နတ်ဘုရားများကို ပူဇော်၍ မြစ်ကြောင်းချောပို့များကို ဆင့်ခေါ်နေကြသည်။ မြစ်ကမ်းဘေးတွင်တော့ မြစ်ကြောင်းချောပို့များက အမွှေးတိုင်နံ့ကို အရသာခံ ရှူရှိုက်၍ မီးခိုးငွေ့များ အကွင်းလိုက် အကွင်းလိုက် မှုတ်ထုတ်နေကြသည်။ တချို့ မြစ်ကြောင်းချောပို့များကတော့ ရောင်းဝယ်ဖောက်ကားပြီး၍ ပြန်ကြတော့မည် ဖြစ်သော ရွာသူရွာသားများကို တင်ဆောင်ထားပြီး ဖြစ်သည်။
မျက်ကန်းကလည်း မြစ်ကမ်းဘေးတွင် အမွှေးတိုင်များ ထွန်းညှိ၍ မြစ်ကြောင်းချောပို့ တစ်ကောင်ကို ဆင့်ခေါ်လိုက်၏။ သူက အမဲသားအချို့ ပစ်ကျွေး၍ ချင်မူက မြစ်ကြောင်းချောပို့ ရေသတ္တဝါကြီး၏ နောက်ကျောပေါ်သို့ နွားလှည်းကို မောင်းတက်လိုက်သည်။ ရေသတ္တဝါကြီးက စတင်၍ မြစ်ကြောင်းကို ဆန်တက် ကူးခတ်သွားတော့သည်။
မာန်ဟုန်မြစ်က အနောက်မှ အရှေ့သို့ အရှိန်အဟုန်နှင့် စီးဆင်းနေသည်။ သူတို့ လာခဲ့စဉ်က မြစ်ညာမှ စုန်ဆင်းလာခဲ့ခြင်း ဖြစ်သည်။ ယခု မြစ်အောက်ဘက်မှ မြစ်ညာသို့ ပြန်ဆန်တက်ရသောအခါ ရေစီး၏ တွန်းကန်အားက ပြင်းထန်လှ၏။
သို့သော်လည်း မြစ်ကြောင်းချောပို့၏ ကူးခတ်နှုန်းမှာ မြစ်ကြောင်းအတိုင်း စုန်ဆင်းခဲ့စဉ်က အမြန်နှုန်းအောက် မကျချေ။ ဤနှုန်းနှင့်ဆိုလျှင် သူတို့အနေဖြင့် ဘွားဘွားကြီး ဘုရားကျောင်းတွင်သာ ညအိပ် အနားယူရန် လိုပြီး နောက်တစ်နေ့ မနက်တွင် ဒုက္ခိတဘိုးဘွား ကျေးရွာသို့ ပြန်ရောက်ပေလိမ့်မည်။
မသိလိုက် မသိဖာသာဖြင့် သူတို့က မြစ်ကြောင်းအတိုင်း ဆယ့်ခုနစ်မိုင်ခန့် ခရီးနှင်ခဲ့ပြီး ဖြစ်သည်။ အဘွားစစ်၏ အမူအရာက အနည်းငယ် ပြောင်းလဲသွား၏။ သူမက သူမ၏ ခြင်းတောင်းကို ယူ၍ ပြုံးကာ ပြောလိုက်သည်။ "ငါ့အလုပ်က ဒီမှာပဲ... မျက်ကန်း... နင်တို့ နှစ်ယောက် ရှေ့ဆက်သွားနှင့်..."
မျက်ကန်းက ခေါင်းညိတ်၍ သတိပေးလိုက်သည်။ "ဂရုစိုက်..."
အဘွားစစ်က ခုန်ထွက်သွားပြီး ရုတ်ခြည်းပင် အစအန ရှာမရအောင် ပျောက်ကွယ်သွားသည်။
ချင်မူ အပေါ်သို့ မော့ကြည့်လိုက်သောအခါ အဘွားစစ်က လေထဲတွင် ရှိနေပြီး အတော်ကြာသည့်တိုင်အောင် ပြန်ပြုတ်မကျလာသည်ကို တွေ့လိုက်ရသည်။
အခြားတစ်ဘက်တွင်တော့ မျက်ကန်းက ထိုအဖြစ်အပျက်မျိုးကို အသားကျနေပြီ ဖြစ်သည်။ သူ့ဝါးတောင်ဝှေးကိုသာ ထောက်၍ လေကိုဆန်ပြီး မားမားမတ်မတ် ရပ်နေ၏။
တစ်ခဏ အကြာတွင် သူတို့နောက် ကောင်းကင်ထက်၌ တိမ်တိုက် တစ်ခုက ရုတ်တရက် သွေးနီရောင် လွှမ်းသွားသည်ကို ချင်မူ မြင်လိုက်ရသည်။ သွေးမိုးများ စတင် ရွာချလာပြီး မာန်ဟုန်မြစ်ပြင်မှာ သွေးနီရောင် ရဲရဲတောက်သွားသည်။
"ဘာတွေ ဖြစ်နေတာလဲ..."
သူ ထိုသို့ တွေးနေစဉ်မှာပင် လူခေါင်းပြတ် တစ်လုံးက ထိုသွေးစွန်း တိမ်တိုက်မှ မြစ်ထဲသို့ ပြုတ်ကျလာသည်။
ချင်မူ၏ ခေါင်းမွေးများ ထောင်ထသွား၏။ ထိုခေါင်းပြတ် မြစ်ထဲသို့ ပြုတ်ကျသွားသည့် အချိန်တွင် ၎င်း၏ မျက်နှာကို သူ ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။ ၎င်းက မြို့စားမင်းနန်းဆောင်တွင် တွေ့ခဲ့သော မျက်နှာဝါနှင့် အမျိုးသမီး ဖြစ်သည်။
ချင်မူ ခေါင်းမော့ကြည့်လိုက်၏။ ထိုတိမ်တိုက်ထဲတွင် ဘာများ ဖြစ်ပွားနေသနည်း...။
မိုးရေစက်များက ဆိုင်းမဆင့် ဗုံမဆင့် ရွာချလာသကဲ့သို့ ဆိုင်းမဆင့် ဗုံမဆင့် ပြန်တိတ်သွားသည်။ မြစ်ပြင် တစ်ခုလုံး ရဲရဲနီအောင် ရွာသွန်းခဲ့သော သွေးမိုးက ထင်ယောင်ထင်မှား ဖြစ်ခဲ့သလိုသာ ထင်ရ၏။ မြစ်ရေက စီးဆင်းနေသည် ဖြစ်၍ တစ်ခဏအကြာ၌ ပြန်လည် ကြည်လင်လာသည်။
ချင်မူက သူ့ကိုယ်ပေါ်မှ သွေးစက်များကို ဆေးကြောလိုက်သည်။ အတန်ကြာအောင် စောင့်ဆိုင်းနေသော်လည်း အဘွားစစ်က ပြန်ပေါ်မလာသေးချေ။ မျက်ကန်းကတော့ ခပ်အေးအေးသာ ရှိ၍ တစ်စက်ကလေးမျှ စိတ်ပူသည့်ဟန် မရှိပေ။
ထိုအခိုက်၌ ချင်မူ အားလှိုင်း တစ်ခုကို ရုတ်တရက် ခံစားလိုက်မိပြီး ရင်ထဲတွင် တဆတ်ဆတ် တုန်ခါသွားသည်။ ထိုအားလှိုင်းက မာန်ဟုန်မြစ်ကြောင်း အောက်ဘက်မှ ဆန်တက်လာခြင်း ဖြစ်ပြီး လောကတစ်ခွင်လုံး လှုပ်ခါသွားလောက်သည်အထိ အလွန်တရာ ကြောက်မက်ဖွယ် ကောင်းလှ၏။ သူတို့၏ ခြေထောက်အောက်မှ ရေသတ္တဝါကြီးပင် မငြိမ်မသက် ဖြစ်လာပြီး ၎င်း၏ အရှိန်ကို မြှင့်တင်၍ ဆန်တက် ကူးခတ်လာသည်။
မျက်ကန်း၏ နားရွက်များ တစ်ချက် တွန့်ခနဲ ဖြစ်သွားပြီး အော်ပြောလိုက်၏။ "မူအာ... ခြေကုပ် မြဲမြဲယူထား... မြစ်ထဲ ပြုတ်ကျမသွားစေနဲ့..."
ချင်မူက တစ်မုဟုတ်ချင်းပင် ခြေကုပ်မြဲအောင် နေရာယူလိုက်၏။ သူ့ခြေထောက်များက မြစ်ကြောင်းချောပို့ ရေသတ္တဝါကြီး၏ ကျောပြင်ထဲသို့ အမြစ်တွယ်သွားသကဲ့သို့ ဖြစ်လာသည်။ ထိုအခိုက်၌ သူ့နောက်ဘက်မှ ထူးဆန်းသော မြည်ဟည်းသံ တစ်ခုကို ကြားသဖြင့် ခေါင်းလှည့်ကြည့်လိုက်ရာ ကြက်သေသေသွားမိသည်။
သူတို့၏ နောက်ဘက်မှ မြစ်ရေ မျက်နှာပြင်က တစ်စထက် တစ်စ လျင်မြန်စွာ မြင့်တက်လာသည်။ မြစ်ရေက အောက်ဘက်မှ အပေါ်ဘက်သို့ ပြောင်းပြန် စီးဆင်းနေ၏။
ထိုအခိုက်၌ မြစ်အောက်ဘက်မှ ရေမျက်နှာပြင်မှာ ကိုက်သုံးဆယ် အမြင့်သို့ ရောက်နေပြီ ဖြစ်သည်။ မြင့်မားသော လှိုင်းခေါင်းဖြူများက တစ်ဟုန်ထိုး စီးဆင်းလာပြီး သူတို့ကို ဖုံးလွှမ်းဝါးမျိုရန် ပြေးဝင်လာနေသည်။
ရေလှိုင်းလုံးကြီးများက တစ်စထက် တစ်စ ပိုမို နီးကပ်လာ၏။ မြစ်ရေများက ဘေးဘက်သို့ အရှိန်အဟုန်ဖြင့် စင်ထွက်ပြီး မြစ်ကမ်း တစ်ဘက် တစ်ချက်ရှိ သစ်တောများမှာ ရေလွှမ်းသွားသည်။ ရေလှိုင်းလုံးများ၏ ရိုက်ခတ်သံများက တောင်ကြားချိုင့်ဝှမ်းထဲတွင် မိုးကြိုးများ အချက်ပေါင်း ရာချီအောင် ပစ်ချနေသကဲ့သို့ တဝုန်းဝုန်း ထွက်ပေါ်နေသည်။
ချင်မူ၏ ကျောရိုးတစ်လျှောက် စိမ့်တက်သွား၏။ ထိုလှိုင်းလုံးကြီးများက ကြီးမားသော လက်ကြီးတစ်ဖက်အဖြစ် ဖွဲ့တည်လာသည်။ ထိုလက်ကြီးက မြစ်ပြင်၏ အကျယ်အတိုင်း ရှိပြီး မြစ်အောက်ဘက်မှ နေ၍ တစ်ဟုန်ထိုး တိုးဝင်လာသည်။
မျက်ကန်းက သူတို့၏ နောက်ဘက်မှ အခြေအနေများကို ရိပ်စားမိဟန် မရှိသကဲ့သို့ ခပ်အေးအေးပင် ရှိနေသည်။
မြစ်ရေဖြင့် ဖွဲ့စည်းထားသော လက်ကြီးက တခဏအကြာတွင် သူတို့၏နောက် ကိုက်သုံးရာ အကွာထိ ရောက်လာသည်။ ထိုအခိုက်တွင် ထိုလက်ကြီးက ရုတ်တရက် ပြိုကွဲ ပျက်စီးသွား၏။ ရေလှိုင်းလုံးကြီးက အရပ်မျက်နှာအနှံ့ ပျံ့နှံ့ ရိုက်ခတ်သွားသည်။ မြစ်ကြောင်းချောပို့ ရေသတ္တဝါကြီးမှာ ရေလှိုင်း ရိုက်ခတ်သည့် ဒဏ်ကြောင့် ကိုက်သုံးဆယ်ခန့်အထိ မြောက်တက်သွားပြီးမှ ရေထဲသို့ ပြန်ကျလာ၏။
ချင်မူက အံ့ဩထိတ်လန့်နေရာမှ အသိပြန်ဝင်လာပြီး နွားလှည်း ရေထဲ ချော်ကျမသွားစေရန် ကမန်းကတန်း ဖမ်းထိန်းလိုက်သည်။
မျက်ကန်းက သူ၏ ဝါးတောင်ဝှေးဖြင့် မြစ်ကြောင်းချောပို့ ရေသတ္တဝါကြီး၏ ခေါင်းကို တို့ထိလိုက်သည်။ မြစ်ကြောင်းချောပို့ ရေသတ္တဝါကြီးက တစ်မုဟုတ်ချင်း ဦးတည်ဘက် ပြောင်း၍ မြစ်ကြောင်းအတိုင်း ပြန်စုန်ဆင်းသွား၏။ "မူအာ... ငါတို့ နယ်စပ်နဂါးမြို့ကို ပြန်ကြစို့..."
မြစ်အောက်ဘက် ဆယ်မိုင်တွင် နယ်စပ်နဂါး မြို့စားမင်း ဖုယွင်တိက ကောင်းကင်ယံမှ ဆင်းသက်လာပြီး မြစ်ရေမျက်နှာပြင်ပေါ်သို့ ခြေချလိုက်သည်။ သူက ရှေ့သို့ ခြေနှစ်လှမ်း လှမ်းသွားပြီးမှ ရပ်၍ ပတ်ဝန်းကျင်တစ်ခွင်သို့ မည်းမှောင်နေသော မျက်နှာဖြင့် လှည့်ပတ် ကြည့်ရှုလိုက်သည်။ "ဘယ်က နောင်တော်ကများ ကျုပ်သိုင်းကွက်ကို ဖျက်ဆီးလိုက်တာလဲ..."
"နောင်တော် မဟုတ်ဘူး... အစ်မတော်..."
အဘွားစစ်က သူမ၏ ခြင်းတောင်းငယ်လေးကို လက်တွင် ချိတ်၍ မြစ်ရေမျက်နှာပြင်ပေါ်မှ လျှောက်လှမ်းလာသည်။ သူမ၏မျက်နှာပေါ်မှ အရေးအကြောင်းများ တွန့်ခေါက်သွားအောင် အားရပါးရ ပြုံးလိုက်၏။ "မြို့စားမင်း... မြစ်ကြောင်း တစ်ခုလုံး ဝရုန်းသုန်းကား ဖြစ်အောင် လုပ်လိုက်ရင်... မဟာမြို့ပျက်က ရွာသူရွာသားတွေ ဒုက္ခရောက်သွားမှာ မစိုးရိမ်ဘူးလား... မြို့စားမင်းရဲ့ တိုက်ခိုက်မှုသာ တစ်ခုနဲ့တစ်ခု ချိတ်ဆက်သွားရင် ရှင့်လက်ချက်နဲ့ မိုင်သုံးဆယ် ပတ်လည်က ရွာသူရွာသားတွေ အကုန်လုံး သေကုန်ကြလိမ့်မယ်... တကယ့် အပြစ်ကြီး ဖြစ်သွားမှာပဲ..."
"မင်းက အဲဒီ အစွန့်ပစ်ခံ ကောင်လေးနဲ့ ပါလာတဲ့ စုန်းမလား..."
ဖုယွင်တိက အေးစက်စက် တုံ့ပြန်လိုက်သည်။ "အဲဒီလိုဆိုရင် သူ ငါ့သားကို သတ်နိုင်အောင် သိုင်းကွက် အသားပေး ပညာရပ်တွေ သင်ပေးခဲ့တဲ့သူက မင်းပဲပေါ့ ဟုတ်လား... ငါ့သားရဲ့ အသက်အတွက် လက်စားပြန်ချေရမယ်... ငါ့လမ်းမှာ မင်း လာပိတ်ရင် မင်းလည်း သေရမယ်..."
အဘွားစစ်က သက်ပြင်းချ၍ သူမ၏ ခြင်းတောင်းထဲမှ အပ်ချည်လုံး တစ်လုံးကို ထုတ်ယူကာ ခပ်တိုးတိုး ပြောလိုက်သည်။ "မြို့စားမင်း... ဒါက ရှင် အချိန်အကြာကြီး လိုချင် တပ်မက်ခဲ့ရတဲ့ မဟာ ဉာဏ်အလင်းဖွင့် ကောင်းကင်နတ်ဆိုး ကျမ်းစာပဲ... နှမြောစရာ ကောင်းတာက ဒါကို ရှင် နောက်ဆုံး မြင်ရတာပဲ ဖြစ်လိမ့်မယ်... ရှင်က အသက်တော့ ရှိနေဦးမှာပါ... ဒါပေမဲ့ ရှင့် အရေခွံထဲမှာ အချုပ်နှောင် ခံထားရလိမ့်မယ်... ကျွန်မက ရှင့်အရေခွံကို ဝတ်ပြီး နယ်စပ်နဂါးမြို့ကို သိမ်းယူမယ်... ပြီးရင် ထာဝရ ငြိမ်းချမ်းရေး အင်ပါယာရဲ့ ဧကရာဇ် အတိုင်ပင်ခံကို လက်ခံကြိုဆိုမယ်..."
ဖုယွင်တိ၏ သူငယ်အိမ်များ ကျဉ်းမြောင်းသွား၏။ ထိုအခိုက်မှာပင် အဘွားစစ်၏ လက်ထဲမှ အပ်ချည်လုံးက စတင် လည်ပတ်လာသည်။ အပ်ချည်က စတင်၍ ပြန့်ထွက်လာပြီး မြစ်ပြင် တစ်ခုလုံးတွင် ရစ်ပတ်ဖုံးလွှမ်းသွားသည်။ ထိုအပ်ချည်ကြိုးများက ပိုက်ကွန်ကြီး တစ်ခုအဖြစ် ပြောင်းလဲ၍ ဖုယွင်တိကို အုပ်မိုးချုပ်နှောင်လိုက်၏။
"မနေ့ညက ရှင့်သား သေသွားတဲ့ အချိန်မှာ ရှင့်ကို တိုက်ခိုက်ဖို့ ကျွန်မကို အခွင့်အရေး ပေးခဲ့တယ်... ရှင်သာ ကိုယ့်အခြေအနေကိုယ် သိပြီး မနေ့ကတည်းက ကိုယ့်ဒဏ်ရာကိုယ် ကုဖို့ အာရုံစိုက်ခဲ့ရင် ဒီနေ့ လွတ်မြောက်ဖို့ အခွင့်အရေး ရှိချင် ရှိဦးမှာ..."
အဘွားစစ်က တောက်ပစွာ ပြုံးလိုက်၏။ "ဒါပေမဲ့ ရှင်က သိပ်လောဘကြီးပြီး မဟာ ဉာဏ်အလင်းဖွင့် ကောင်းကင်နတ်ဆိုး ကျမ်းစာကို လိုချင်တဲ့အတွက် ကျွန်မနောက်က လိုက်လာခဲ့တယ်... အဲဒါကြောင့် ဒီနေ့ ရှင့်ဘဝ အဆုံးသတ်ရတာပဲ..."
"မင်းလောက် အဆင့်နဲ့ ငါ့ကို သတ်ချင်တာ ဟုတ်လား... အိပ်မက်မက်မနေနဲ့... မင်း သိုင်းကျင့်ခဲ့တာ ဘယ်နှနှစ် ရှိသေးလို့လဲ..."
ဖုယွင်တိ၏ ခန္ဓာကိုယ်က လှုပ်ခါသွားပြီး ချီစွမ်းအင်များ တစ်ဟုန်ထိုး ပေါက်ကွဲ ထွက်ပေါ်လာသည်။ သိပ်သည်းသော ချီစွမ်းအင်က သူ့နောက်ကျော၌ ခေါင်းရှစ်လုံး၊ လက်ရှစ်ဖက် ပါသော ကောင်းကင်နတ်ဘုရား တစ်ပါးအဖြစ် ဖွဲ့တည်သွား၏။ သူ၏ ချီစွမ်းအင်ဖြင့် ဖွဲ့စည်းထားသော ခေါင်းရှစ်လုံး၊ လက်ရှစ်ဘက် နတ်ဘုရားက တကယ့် အသွေးအသားဖြင့် ဖွဲ့စည်းထားသော နတ်ဘုရား အဆင့်သို့ ရောက်လုဆဲဆဲ ဖြစ်သည်။
ထိုနတ်ဘုရား၏ လက်ထဲတွင် ကိုင်ထားသော လက်နက် ရှစ်မျိုးမှာလည်း တကယ့် ရုပ်ဝတ္ထု ပစ္စည်းအသွင် ရောက်လုဆဲဆဲ ဖြစ်၏။
နယ်စပ်နဂါးမြို့၏ မြို့စားမင်း တစ်ယောက် ဖြစ်သည်နှင့် အားလျော်စွာ ထူးကဲသော ကျင့်စဉ် တစ်ရပ်ကို ပိုင်ဆိုင်ထားပေသည်။
"လက်ရှစ်ဖက် ကောင်းကင်နတ်ဘုရား ကျင့်စဉ်က တကယ့်ကို ချီးကျူးစရာ ကောင်းတဲ့ ကျင့်စဉ်ပဲ... ဒါပေမဲ့ ချီးကျူးစရာ ကောင်းတယ် ဆိုရုံ သက်သက်ပဲ... နတ်ဘုရားအဆင့်ကို ရောက်ဖို့ အဝေးကြီး လိုသေးတယ်..."
အဘွားစစ်က ဟက်ခနဲ ရယ်လိုက်၏။ သူမ၏ အရေပြားက ရုတ်တရက် ကွာကျလာသည်။ အရွယ်ကောင်း မိန်းမပျို တစ်ဦးက အဘွားစစ်၏ အရေခွံထဲမှ လျှောက်လှမ်း ထွက်လာ၏။ သူမက မြို့စားနန်းဆောင်တွင် တွေ့ခဲ့ရသော ပြိုင်ဘက်ကင်း အလှပိုင်ရှင် ဂိုဏ်းသခင်မ ဖြစ်သည်။
သူမက ရှေ့သို့ တစ်ဟုန်ထိုး ပြေးထွက်လာပြီး မဟာ ဉာဏ်အလင်းဖွင့် ကောင်းကင်နတ်ဆိုး ကျမ်းစာမှ အသွင်ပြောင်းထားသော အပ်ချည်ကြိုးများက ရှေ့နောက် လူးလာ ကူးခတ်၍ လျင်မြန်စွာ လှုပ်ရှားသွားသည်။ ဖုယွင်တိက မာန်သွင်းအော်ဟစ်၍ ဂိုဏ်းသခင်မ၏ လက်ဖဝါးကို ထိပ်တိုက် ရင်ဆိုင်လိုက်၏။ ထို့နောက် သရော်တော်တော် ပြောလိုက်၏။ "စစ်ယိုယို... မင်းက အခုမှ အသက် တစ်ရာလောက်ပဲ ရှိသေးတယ်... မင်းရဲ့ ကျင့်စဉ် စွမ်းအင်က ငါ့ထက် သာနိုင်မှာလား..."
ဘုန်း...။
သူတို့၏ လက်ဖဝါးများ ထိပ်တိုက်တွေ့သွားသည်တွင် အဘွားစစ်က လေထဲသို့ မြောက်တက်သွား၏။
"ပြေးချင်တာလား..."
ဖုယွင်တိကလည်း လေထဲသို့ ခုန်တက်လိုက်ပြီး ရုတ်တရက် ထူးဆန်းနေသလို ခံစားလိုက်ရသည်။ "ငါ ဘာလို့ ဒီလောက် ပေါ့ပါးသွားတာလဲ..."
သူ ခေါင်းငုံ့ကြည့်လိုက်သောအခါ အရေခွံမရှိတော့ဘဲ အသားတုံးသက်သက်သာ ကျန်တော့သော လူတစ်ယောက် မြစ်ပြင်ပေါ်တွင် ရပ်လျက် ရှိနေကြောင်း တွေ့လိုက်သည်။
သူ့ကိုယ်သူ ပြန်ကြည့်လိုက်မိပြီး လွှတ်ခနဲ အော်ဟစ်လိုက်မိ၏။ သူက လူအရေခွံ တစ်ခု ဖြစ်နေပြီး အောက်ဘက်ဆီမှ အရေခွံ မရှိတော့သော အသားတုံးလူမှာ သူပင် ဖြစ်ကြောင်း သိလိုက်ရသည်။
အဘွားစစ် သူနှင့် လက်ဝါးချင်း ယှဉ်ရိုက်လိုက်သည့် တစ်ခဏတွင် မဟာ ဉာဏ်အလင်းဖွင့် ကောင်းကင်နတ်ဆိုး ကျမ်းစာမှ အသွင်ပြောင်းထားသော အပ်ချည်ကြိုးက သူ့ကိုယ်ထဲသို့ ဝင်ရောက်သွားပြီး သူ၏ ယန်ဝိညာဉ် သုံးခုနှင့် ယင်ဝိညာဉ် ခုနစ်ခုကို တစ်ခဏအတွင်း ချုပ်နှောင်ကာ အရေခွံ ခွာလိုက်ခြင်း ဖြစ်သည်။
အဘွားစစ် လေထဲသို့ မြောက်တက်သွားခြင်းမှာ သူမဖာသာ ခုန်တက်သွားခြင်း ဖြစ်၏။ သူမ၏ အပ်ချည်ကြိုးများကို ဆောင့်ဆွဲလိုက်သည်တွင် ဖုယွင်တိ၏ အရေခွံက သူ့ခန္ဓာကိုယ်မှ တစ်မုဟုတ်ချင်း ကွာထွက်သွားခဲ့သည်။
"ဖုယွင်တိ... ရှင်က ဘာမှလည်း မဟုတ်လှပါလား..."
အဘွားစစ်က လက်ကို မြှောက်၍ ဖုယွင်တိ၏ အရေခွံက ဆွဲယူကာ သူမ၏ ကိုယ်ပေါ်တွင် ဝတ်ဆင်လိုက်သည်။ သူမ၏ ရုပ်သွင်နှင့် အမူအရာက ဖုယွင်တိနှင့် တစ်ပုံစံတည်း ဖြစ်သွား၏။
အောက်ဘက်တွင်တော့ ဖုယွင်တိ၏ အရေခွံ မရှိတော့သော အလောင်းကောင်က ရေထဲသို့ နစ်မြုပ်သွားပြီး မြစ်ကြောင်းအတိုင်း မျောပါသွားသည်။
အဘွားစစ်က လေထဲမှ ပြန်ဆင်းသက်လာပြီး မြစ်ပြင်ပေါ်သို့ ခြေချလိုက်၏။ ထိုအခိုက်မှာပင် ချင်မူနှင့် မျက်ကန်းကို သယ်ဆောင်လာသည့် မြစ်ကြောင်းချောပို့ ရေသတ္တဝါကြီးကလည်း ထိုနေရာသို့ ကူးခတ်ရောက်ရှိလာသည်။
"နယ်စပ်နဂါး မြို့စားမင်း..." ချင်မူ ခေါင်းကျိန်းသွားပြီး သူ့ခါးမှ အိမ်ရှေ့စံ ကိုယ်ရံတော်ဓားကို ရွှမ်းခနဲ မြည်အောင် ဆွဲထုတ်ကာ တိုက်ခိုက်ရန် အသင့်ပြင်လိုက်သည်။
"မူအာ... ဘွားဘွားပါ..."
ဖုယွင်တိ၏ ပါးစပ်မှ အဘွားစစ်၏ အသံ ထွက်ပေါ်လာပြီး ဖုယွင်တိ၏ အသံ ပြန်ဖြစ်သွားသည်။ "ထာဝရ ငြိမ်းချမ်းရေး အင်ပါယာရဲ့ တပ်ဖွဲ့က မကြာခင် ရောက်လာတော့မှာ... ဟုတ်တယ် မဟုတ်လား... ရွာလူကြီးနဲ့ ကျန်တဲ့လူတွေက ဘယ်အချိန် လာကြမှာလဲ..."
မျက်ကန်းက လှည့်ကြည့်၍ ပြန်ပြောလိုက်၏။ "သူတို့က မြို့ထဲ ရောက်နေလောက်ပါပြီ... ဒီတစ်ခေါက် ထာဝရ ငြိမ်းချမ်းရေး အင်ပါယာရဲ့ ဧကရာဇ် အတိုင်ပင်ခံ လာတာ အတော်လေး အင်အားများတယ်... အဘွားကြီး... နင်က ဖုယွင်တိနေရာ ဝင်သရုပ်ဆောင်ရမှာ ဆိုတော့ အလိမ်ပေါ်သွားလို့ မဖြစ်ဘူး... ဧကရာဇ် အတိုင်ပင်ခံရဲ့ အစွမ်းအစနဲ့ဆိုရင် နင့်အသက်ကို တစ်ချက်တည်းနဲ့ နုတ်ယူသွားနိုင်တယ်... ဖုယွင်တိရဲ့ လက်ရှစ်ဘက် ကောင်းကင်နတ်ဘုရား ကျင့်စဉ်ကိုရော နင် ပုံတူပွားနိုင်ရဲ့လား...