ချင်မူ၏ ပိုင်ဆိုင်မှု
Vol. 6 Ch. 75
အဘွားစစ်၏ ချီစွမ်းအင်က တစ်ဟုန်ထိုး ထွက်ပေါ်လာပြီး သူမ၏ နောက်၌ ခေါင်းရှစ်လုံး၊ လက်ရှစ်ဘက် ရှိသော ကောင်းကင်နတ်ဘုရား တစ်ပါးအဖြစ် ဖွဲ့တည်သွားသည်။ ဤသည်က ဖုယွင်တိ၏ လက်ရှစ်ဖက် ကောင်းကင်နတ်ဘုရား ကျင့်စဉ်နှင့် တစ်ထေရာတည်း ဖြစ်၏။ ချင်မူ သေသေချာချာ စစ်ဆေး ကြည့်ရှုလိုက်သော်လည်း ခြားနားချက်ကို မတွေ့ချေ။
"မဟာ ဉာဏ်အလင်းဖွင့် ကောင်းကင်နတ်ဆိုးကျမ်းစာရဲ့ ဖန်ဆင်းစာသားတွေက တကယ့်ကို ထူးကဲတာပဲ... နတ်ဘုရား တစ်ပါး၊ မိစ္ဆာနတ်ဆိုး တစ်ကောင် ဖြစ်လာစေနိုင်တဲ့ ကျင့်စဉ်လို့ ခေါ်ကြတာ အံ့ဩစရာ မရှိဘူး..."
မျက်ကန်းက တအံ့တဩ ချီးကျူးလိုက်သည်။ "ဒါက ဖန်ဆင်းစာသားရဲ့ ကောင်းကင်နတ်ဘုရား ဖန်ဆင်းပညာလား..."
အဘွားစစ်က သူမ၏ ခေါင်းကို ညိတ်လိုက်ပြီး ဖုယွင်တိ၏ အသံက သူမ၏ ပါးစပ်မှ ထွက်ပေါ်လာသည်။ "မဟာ ဉာဏ်အလင်းဖွင့် ကောင်းကင်နတ်ဆိုး ကျမ်းစာရဲ့ ဖန်ဆင်းစာသားကို ကောင်းကင်ဘုံ၊ ကမ္ဘာမြေကြီး၊ လူသား၊ နတ်ဘုရား၊ တစ္ဆေ၊ မိစ္ဆာနတ်ဆိုးနဲ့ ဝိညာဉ် စာသားတွေ ဆိုပြီး အခန်းခွဲထားတယ်... ဒါက ကောင်းကင်နတ်ဘုရား ဖန်ဆင်းပညာ ဟုတ်တယ်... ဒီပညာရပ်က တခြားကျင့်စဉ်တွေကို အတုခိုးတဲ့နေရာမှာ အကောင်းဆုံးပဲ..."
မျက်ကန်းက တစ်ခဏမျှ တိတ်ကျသွားပြီးနောက် ပြောလိုက်သည်။ "ငါ မပြောသင့်တဲ့ အရာတွေ ရှိတာ မှန်ပေမဲ့ မူအာက အသက်ဆယ့်လေးနှစ် ပြည့်ပြီ... ထပ်ပြောဖို့ လိုလာပြီလို့ ငါ ထင်တယ်... မူအာက အခု ကောင်းကင်နတ်ဆိုးဂိုဏ်းရဲ့ ဂိုဏ်းသခင်လေး ဖြစ်လာပြီ ဆိုတော့ တစ်နေ့ မဟာမြို့ပျက်ကနေ ထွက်သွားရလိမ့်မယ်... နင်က သူ့ကို ဘယ်တော့ မဟာ ဉာဏ်အလင်းဖွင့် ကောင်းကင်နတ်ဆိုး ကျမ်းစာ သင်ပေးမှာလဲ..."
ချင်မူမှာလည်း စဉ်းစားမရ ဖြစ်နေသည်။ ဤနှစ်နှစ်လုံး အဘွားစစ်က သူ့ကို တစ်ခါမျှ မဟာ ဉာဏ်အလင်းဖွင့် ကောင်းကင်နတ်ဆိုး ကျမ်းစာ သင်မပေးခဲ့သကဲ့သို့ ထိုအကြောင်းကိုလည်း တစ်ခါမျှ ထုတ်ဖော် မပြောခဲ့ဖူးချေ။
အဘွားစစ်က သက်ပြင်းချလိုက်၏။ "အခု သူ့ကို မဟာ ဉာဏ်အလင်းဖွင့် ကောင်းကင်နတ်ဆိုး ကျမ်းစာ လေ့ကျင့်ခွင့် ပြုလိုက်ရင် သူ့အတွေးတွေ လမ်းမှား ရောက်သွားလိမ့်မယ်... ဒီကျင့်စဉ်ရဲ့ မိစ္ဆာသဘာဝက သိပ်ကို အားကောင်းလွန်းတယ်..."
မျက်ကန်းက ခေါင်းညိတ်လိုက်၏။ ကောင်းကင်နတ်ဆိုးဂိုဏ်း၏ အထွတ်အမြတ် သိုင်းကျမ်းအဖြစ် အသိအမှတ်ပြု ခံရပြီး လူတစ်ယောက်ကို နတ်ဘုရား တစ်ပါး၊ မိစ္ဆာနတ်ဆိုး တစ်ကောင်အဖြစ် ပြောင်းလဲပေးနိုင်စွမ်း ရှိသော ကျင့်စဉ် တစ်ရပ် အနေဖြင့် မဟာ ဉာဏ်အလင်းဖွင့် ကောင်းကင်နတ်ဆိုး ကျမ်းစာတွင် အားကောင်းသော မိစ္ဆာသဘာဝ ရှိသည်မှာ မထူးဆန်းလှချေ။ အသိဉာဏ် ရင့်ကျက်သည့် အရွယ်ရောက်ပြီးသူ တစ်ယောက်ပင် ဤသိုင်းကျမ်းတွင် မှတ်တမ်းတင်ထားသော အဆန်းတကြယ် မိစ္ဆာကျင့်စဉ် ထောင်ချီ၏ သွေးဆောင် ဖျားယောင်းခြင်းကို ခံရပြီး လမ်းမှား လျှောက်မိသွားနိုင်သည်။
ဥပမာ ဆိုရသော် အကြို ဖြစ်တည်မှု လွတ်မြောက် ကျင့်စဉ်ကို လေ့ကျင့်သော ညစောင့် ဖြစ်သည်။ သူက အကြို ဖြစ်တည်မှု လွတ်မြောက် ကျင့်စဉ်၏ ကျင့်စဉ်နည်းလမ်းကို မှားယွင်းစွာ ဖွင့်ဆို၍ မြွေကြီး တစ်ကောင်ကို မွေးမြူကာ မွေးကင်းစ ကလေးငယ်များ၏ လူလောကထဲသို့ မရောက်သေးသော စိတ်ဝိညာဉ် အသွေးအသား အဆီအနှစ်များကို စုပ်ယူခိုင်းခဲ့သဖြင့် အဘွားစစ်နှင့် မျက်ကန်းတို့၏ လက်ချက်နှင့် သေဆုံးခဲ့ရသည်။
"တကယ်တမ်း သူသာ မဟာ ဉာဏ်အလင်းဖွင့် ကောင်းကင်နတ်ဆိုး ကျမ်းစာကို အပြည့်အဝ နားလည် သဘောပေါက်နိုင်ခဲ့ရင် ဒီသိုင်းကျမ်းကို လေ့ကျင့်တာက တခြား လမ်းမှန် ကျင့်စဉ်တွေ ကျင့်တာနဲ့ မကွာခြားဘဲ ဘာမိစ္ဆာအမှုမှ ပြုမိမှာ မဟုတ်ဘူး... ဒါပေမဲ့ နည်းနည်းလောက်လေး နားလည်မှု လွဲသွားတာနဲ့ လမ်းမှားကို လျှောက်သွားလိမ့်မယ်... ကျင့်လို့ကတော့ ရမှာပဲ..."
အဘွားစစ်က ခေါင်းကိုက်စွာဖြင့် ပြောလိုက်သည်။ "ပြီးတော့... ရလာမယ့် စွမ်းအားကလည်း ပိုကြီးပြီး ပိုထူးဆန်းလိမ့်မယ်... ဒါပေမဲ့ ဟာကွက်ကြီး တစ်ခု ကျန်ခဲ့မယ်... တစ်ခုတည်းသော အားသာချက်ကတော့ ကျင့်စဉ်တိုးတက်နှုန်း မြန်တာပဲ... အဲဒါကြောင့် ကောင်းကင်နတ်ဆိုးဂိုဏ်းကို ကောင်းကင်နတ်ဆိုးဂိုဏ်းလို့ ခေါ်ကြတာ... ကောင်းကင်နတ်ဆိုးဂိုဏ်းကို စတည်ထောင်တုန်းက ကောင်းကင်တန်ခိုးရှင်ဂိုဏ်းလို့ ခေါ်တယ်... ကောလာဟလတွေကတော့ ကောင်းကင်ဘုံကလာတဲ့ တန်ခိုးရှင်တွေက သက်ရှိသတ္တဝါတွေ အားလုံးကို ဉာဏ်အလင်းဖွင့်ပေးဖို့ ကောင်းကင်တန်ခိုးရှင်ဂိုဏ်းကို တည်ထောင်ခဲ့တာလို့ ပြောကြတယ်... ဒါပေမဲ့ ဂိုဏ်းသား အတော်များများက လမ်းမှားအတိုင်း လေ့ကျင့်ပြီး ကျင့်စဉ်တွေက ပိုပိုပြီး မိစ္ဆာဆန်လာတဲ့အတွက် နောက်ပိုင်းမှာ ကောင်းကင်နတ်ဆိုးဂိုဏ်းလို့ နာမည်တွင်သွားတာ... မူအာက သူ့ကိုယ်ပိုင် အတွေးအမြင် ရှိပေမဲ့ အခုနေ သူ့ကို မဟာ ဉာဏ်အလင်းဖွင့် ကောင်းကင်နတ်ဆိုး ကျမ်းစာ လက်လွှဲပေးလိုက်ရင် အဓိပ္ပာယ်ကောက် လွဲသွားမှာကို ကျုပ် စိုးရိမ်တယ်..."
သူမက ရုတ်တရက် ကောင်းကင်ပေါ်သို့ ခုန်တက်၍ နယ်စပ်နဂါးမြို့ဘက်သို့ ပြန်လှည့်လိုက်သည်။ "ငါ မြို့ထဲ ပြန်ပြီး ထာဝရငြိမ်းချမ်းရေး အင်ပါယာရဲ့ ရှေ့ပြေး တပ်ဖွဲ့တွေကို ဆီးကြို့ဖို့ ပြင်ဆင်လိုက်ဦးမယ်... နင်တို့ နှစ်ယောက်က မြို့ထဲ ဝင်နားနေလိုက်..."
အတန်ကြာပြီးနောက် ချင်မူနှင့် မျက်ကန်းတို့က နယ်စပ်နဂါးမြို့သို့ နောက်တစ်ခေါက် ပြန်ရောက်လာခဲ့၏။ နယ်စပ်နဂါးမြို့က နေ့ခင်းဘက်တွင် ညဘက်လောက် မစည်ကားချေ။ သို့သော်လည်း ယခုထိ မပြန်ရသေးသော ရွာသူရွာသားများလည်း ရှိနေသေးသည်။
ချင်မူနှင့် မျက်ကန်းတို့က တည်းခိုဆောင်သို့ ပြန်ရောက်လာပြီး တည်းခိုဆောင် ပိုင်ရှင်က ကောင်းကင်နတ်ဆိုးဂိုဏ်းမှ ဖြစ်သဖြင့် သူတို့အတွက် အခန်းများ အသင့်ပြင်ထားသည်။
မျက်ကန်းက မြူးထူးစွာ ပြောလိုက်၏။ "မူအာ... လောကကြီးအကြောင်း သိရအောင် မင်းကို ဘိုးဘိုး လောင်းကစားရုံ ခေါ်သွားမယ်... ငါတို့ မြေးအဘိုးတတွေ ကြေးကြီးကြီး နိုင်မှာ သေချာတယ်..."
ချင်မူမှာ သူ့ဘိုးဘိုး မျက်ကန်း လောင်းကစားရုံထဲမှ လမ်းမပေါ်သို့ လွှင့်ပစ်ခံခဲ့ရသည့် မြင်ကွင်းကို အမှတ်ရလိုက်မိပြီး ခေါင်းခါယမ်းလိုက်သည်။ "ကျွန်တော် မလိုက်တော့ဘူး ဘိုးဘိုး..."
မျက်ကန်းက ခပ်တိုးတိုး ပြောလိုက်၏။ "အဲဒါဆို ဘိုးဘိုးကို နဂါးကြေးပြား နည်းနည်းလောက် ပေးပါလား..."
ချင်မူက ငွေအိတ်ကို ထုတ်ပေးလိုက်သည်။ မျက်ကန်းက နဂါး ကြေးပြား လက်တစ်ဆုပ်ခန့် နှိုက်ယူ၍ ဝါးတောင်ဝှေးဖြင့် စမ်းစမ်း စမ်းစမ်း ထောက်ကာ ပျော်မြူးစွာ ထွက်ခွာသွားတော့၏။ ချင်မူမှာ ရယ်ရမလား ငိုရမလား မသိတော့ချေ။ မျက်ကန်းက လောင်းကစားလုပ်ရသည်ကို သဘောကျ၍ သူ့အစွမ်းအစကို ထုတ်မသုံးဘဲ ကံသက်သက်ဖြင့်သာ ကစားခဲ့သည်။
ချင်မူ့အနေဖြင့် ငယ်စဉ်ကတည်းက အသံနားထောင်၍ တည်နေရာ မှန်းဆခြင်း အတတ်ကို သင်ယူခဲ့ရပြီး အံစာတုံးများ၊ ဖဲချပ်များ၏ အနေအထားကို အသံနားထောင်ရုံဖြင့် သိနိုင်၏။ ချင်မူပင် ထိုသို့ လုပ်နိုင်လျှင် အဘယ်ကြောင့် မျက်ကန်းက မလုပ်နိုင်ဘဲ နေလိမ့်မည်နည်း...။
ထို့ပြင် မျက်ကန်း၏ နတ်ဘုရား စိတ်အာရုံ မျက်လုံးနှင့် ဆိုလျှင် သူ လောင်းတိုင်း နိုင်ပေလိမ့်မည်။ သို့သော်လည်း သူက ထိုအစွမ်းအစများကို အားမကိုးဘဲ ကံသက်သက်ဖြင့် လောင်းကစားလိုသဖြင့် လောင်းသမျှ ရှုံးခဲ့ခြင်း ဖြစ်သည်။
ချင်မူ အောက်ထပ်သို့ ဆင်းသွားသောအါ တည်းခိုဆောင် ပိုင်ရှင်က အပြုံးဖြင့် ဆီးကြိုနှုတ်ဆက်လိုက်၏။ "ဂိုဏ်းချုပ်သခင်လေး သွားတော့မလို့လား... ဘာများ လိုအပ်ပါသေးသလဲ..."
ချင်မူ ခေါင်းခါယမ်းလိုက်သည်။ "တည်းခိုဆောင်ထဲမှာ နားတွေ ရှိတယ်... ငါ့ကို ဂိုဏ်းချုပ်သခင်လေးလို့ ခေါ်နေစရာမလိုဘူး... သခင်လေးဆိုရင် ရပြီ..."
"ဟုတ်ကဲ့ပါ... သခင်လေး..."
ချင်မူက တစ်ချက်တွေးပြီးနောက် မေးလိုက်၏။ "ဟိုဘက်က လောင်းကစားရုံက ဘယ်သူ ပိုင်တာလဲ..."
တည်းခိုဆောင် ပိုင်ရှင်က အပြုံးပန်း ဝေဆာစွာဖြင့် ပြောလိုက်၏။ "အဲဒါ သခင်လေးရဲ့ အပိုင်ပါပဲ... သခင်လေး အဲဒီကို သွားပြီး ကြည့်ချင်တာလား... ကျွန်တော် လောင်းကစားရုံ ပိုင်ရှင်ကို သွားခေါ်ပြီး လိုက်ဧည့်ခံလိုက်မယ်..."
"ငါ့အပိုင်... ဟုတ်လား..."
ချင်မူ ထခုန်မိမတတ် ဖြစ်ပြီး အံ့အားသင့်သွားသည်။ ထို့နောက် ခေါင်းကို ခါယမ်းလိုက်၏။ "ရတယ်... ရတယ်... မခေါ်နေနဲ့... နယ်စပ်နဂါးမြို့မှာ ငါ့အပိုင် လုပ်ငန်းတွေ ဘယ်လောက် ရှိလဲ..."
တည်းခိုဆောင် ပိုင်ရှင်က တတွတ်တွတ် ရွတ်၍ တွက်ချက်ကြည့်လိုက်သည်။ "ဈေး၊ လောင်းကစားရုံ၊ တည်းခိုဆောင်၊ စားသောက်ဆိုင်၊ ပြည့်တန်ဆာအိမ်၊ ရှေးဟောင်းပစ္စည်းဆိုင်၊ အိမ်သုံးပစ္စည်းဆိုင်၊ ဆေးဆိုင်၊ ပန်းပဲရုံ၊ လက်နက်အရောင်းဆိုင်... သခင်လေး... နယ်စပ်နဂါး တစ်မြို့လုံးမှာ တစ်ဝက်ကျော်က သခင်လေး အပိုင်ပါ... မြို့နေလူထုရဲ့ တစ်ဝက်ကျော်ကလည်း သခင်လေးရဲ့ လူတွေပါပဲ... လောင်းကစားရုံတိုင်း၊ ပြည့်တန်ဆာအိမ်တိုင်း၊ ဈေးထဲက ဟင်းသီးဟင်းရွက် ရောင်းတဲ့သူနဲ့ သားသတ်သမားတိုင်း၊ တည်းခိုဆောင်က လ္ဘက်ရည် အဖျော်ဆရာတိုင်း၊ ပန်းပဲဆရာတိုင်း၊ ဆေးဆိုင်က ဆေးဆရာနဲ့ သူ့လက်ထောက်တွေတိုင်း၊ လက်နက် အရောင်းဆိုင် ပိုင်ရှင်တိုင်း အားလုံးက သခင်လေး အမိန့်ပေးလိုက်တာနဲ့ စကားတစ်ခွန်းမှ မဆိုဘဲ သူတို့ရဲ့ အသက်တွေကို စတေးဖို့ အသင့်ပါပဲ..."
"မနေ့ညက ငါ့နောက်ကို လိုက်လာတဲ့သူတွေကို သတ်ပေးတဲ့သူတွေ အများကြီး ရှိခဲ့တာ မထူးဆန်းတော့ဘူးပဲ..."
ချင်မူမှာ မျက်လုံး ပြူးကျယ်၍ ခေါင်းမူးလာ၏။ အတန်ကြာပြီးနောက် သူ ခပ်ဖြည်းဖြည်း ပြောလိုက်၏။ "လောင်းကစားရုံကို ပြောလိုက်ပါ... ငါနဲ့ ပါလာတဲ့ မျက်ကန်း အဘိုးကြီးကို အမြဲတမ်း အနိုင်မယူပါနဲ့လို့... သူကို တစ်ခါတစ်လေတော့ အနိုင်ပေးလိုက်ပါ... ဒါပေမဲ့ အမြဲလည်း အနိုင်မပေးနဲ့... နိုင်တစ်လှည့် ရှုံးတစ်လှည့်နဲ့ သူပျော်ရုံဆို ရပြီ..."
"နားလည်ပါပြီ..."
တည်းခိုဆောင် ပိုင်ရှင်က နောက်သို့ ဆုတ်၍ ထိုကိစ္စကို ဆောင်ရွက်ရန် လှည့်ထွက်သွားတော့သည်။ များစွာ မကြာလိုက်ဘဲ ပိုးထည်များနှင့် အနက်ရောင် သားမွေး အပေါ်ထပ် အင်္ကျီကို ဝတ်ဆင်ထားသော သက်လတ်ပိုင်းအရွယ် လူတစ်ယောက် ပါလာ၏။ သူ့လက်ချောင်းများက ကျောက်စိမ်းလက်စွပ်များ အပြည့် ဖြစ်သည်။ တည်းခိုဆောင် ပိုင်ရှင်က ဦးညွှတ် အရိုအသေပြုလိုက်၏။ "ဒါက လောင်းကစားရုံ ပိုင်ရှင်၊ ကျွန်တော်တို့ နတ်ဂိုဏ်းရဲ့ ဂိုဏ်းခွဲမှူးဟန်ပါ..."
ဂိုဏ်းခွဲမှူးဟန်က အခက်တွေ့သည့် အမူအရာဖြင့် ဖြစ်နေသည်။ "သခင်လေး... ကျွန်တော်က အဲဒီ မျက်ကန်း အဘိုးကြီးကို အနိုင်မပေးချင်တာ မဟုတ်ပါဘူး... သူက လူကြားထဲမှာ ဗြောင်ကြီး ခိုးလုပ်တာ ဖြစ်နေတယ်... သိပ်ကို ပေါ်ပေါ်ထင်ထင်ကြီး လုပ်တာ မဟုတ်ရင် ကျွန်တော် မျက်စိမှိတ်နေလို့ ရပါသေးတယ်..."
ချင်မူက ဇဝေဇဝါ ဖြစ်သွား၏။ "သူက ဘယ်လို ခိုးလုပ်လို့လဲ..."
ဂိုဏ်းခွဲမှူးဟန်က ပြောလိုက်၏။ "အဲဒီ မျက်ကန်းကြီးက သူ ဖဲမကောင်းတဲ့ အခါတိုင်း ပြတင်းပေါက်ဘက် လက်ညှိုးထိုးပြီး အပြင်ဘက်မှာ နတ်ငှက်တစ်ကောင်လို့ ပြောပါတယ်... ပြီးတာနဲ့ အားလုံး ကြည့်နေတဲ့ကြားမှာ သူ့ဖဲတွေကို လဲတယ်... ပြီးတော့ သူ့အိတ်ကပ်ထဲက ထုတ်ယူလိုက်တဲ့ ဖဲချပ်က အစိမ်းရောင်၊ ကျွန်တော်တို့ဆီက ဖဲချပ်တွေက အကုန်လုံး အနက်ရောင်တွေချည်းပဲ... ကျွန်တော်လည်း ဘယ်လို လုပ်ရမှန်း မသိတော့ပါဘူး... သခင်လေး ကျွန်တော့်ကို ပိုလွယ်တဲ့ဟာလေး ခိုင်းလို့ မရဘူးလား..."
ချင်မူမှာ ရယ်ရမလား၊ ငိုရမလားပင် မသိတော့ချေ။ သူက တစ်ခဏမျှ ငြိမ်၍ စဉ်းစားပြီးနောက် ပြောလိုက်၏။ "သူ့ကို နည်းနည်းလောက် ပေးနိုင်လိုက်ပါ... ထပ်ပြီး ခိုးကစားရင် နည်းနည်းလောက် လျှော့ရိုက်လိုက်ပါ..."
"နားလည်ပါပြီ..."
ဂိုဏ်းခွဲမှူးဟန်က လှည့်ထွက်သွားပြီး ချင်မူက သူ့ကိုယ်သူ တည်ငြိမ်အောင် ပြန်ထိန်းလိုက်၏။ နယ်စပ်နဂါး တစ်မြို့လုံး၏ တစ်ဝက်ကျော်က သူ့အပိုင်တဲ့လား...။ ဤနေရာရှိ လူဦးရေ၏ တစ်ဝက်ကျော်က သူ့လက်အောက်ငယ်သားများ ဖြစ်သည်တဲ့လား...။
မည်သည့် အချိန်ကများ သူ ထိုမျှ ချမ်းသာ၍ ဩဇာအာဏာရှိသော လူတစ်ယောက် ဖြစ်သွားရသနည်း...။
"ကောင်းကင်နတ်ဆိုးဂိုဏ်းရဲ့ ဂိုဏ်းသခင်လေးဆိုတာ တကယ် ကောင်းတဲ့ နာမည်ပဲ... ဒါနဲ့ ယှဉ်လိုက်ရင် ငါ မနေ့က ရခဲ့တဲ့ နဂါးကြေးပြား ထောင်ချီဆိုတာ ဘာမှ မဟုတ်တော့ဘူးပဲ..."
သူရင်ထဲတွင် ထူးဆန်းစွာ ခံစားလိုက်မိသည်။ နယ်စပ်နဂါး မြို့စားမင်းက ဖုယွင်တိလော... သူလော...။
ထို့ပြင် အဘွားစစ်က ဖုယွင်တိကို သတ်ပြီး သူ့အရေခွံကို ဝတ်ဆင်ထားသဖြင့် နယ်စပ်နဂါး တစ်မြို့လုံးက သူ့အပိုင် ဖြစ်မသွားချေဘူးလား...။
သူ့ရင်ထဲတွင် ယုံရခက်သလို ခံစားမိပြီး ခေါင်းခါယမ်း၍ ဟိုဟိုဒီဒီ ကြည့်ရှုရန် တည်းခိုဆောင်ထဲမှ ထွက်လာခဲ့သည်။ ယမန်နေ့ညက မြို့စားနန်းဆောင် အနီးမှ ရှေးဟောင်း ကျောင်းဆောင်များကိုသာ မြင်ခဲ့ရသည်။ ဤတစ်ကြိမ်တွင်တော့ နယ်စပ်နဂါးမြို့၏ နဂါးတိုင်လုံးများကို သွားကြည့်ရန် စိတ်ကူးလိုက်၏။
နယ်စပ်နဂါးမြို့က အတော်လေး ကြီးမားသည့်တိုင် နဂါးတိုင်လုံးများက ဤနေရာသို့ အမှောင်ထု ထိုးဖောက် ဝင်ရောက်လာနိုင်ခြင်း မရှိအောင် ကာကွယ်ပေးထားနိုင်သည် ဖြစ်၍ အတော်လေး ထူးကဲပေလိမ့်မည်။
ချင်မူက ကောင်းကင်မျက်လုံးကို ဖွင့်၍ သူ့ရှေ့မှ နဂါးတိုင်လုံးများကို ကြည့်ပြီး တအံ့တဩ ရေရွတ်လိုက်မိသည်။ နဂါးတိုင်လုံးပေါ်မှ ရုပ်တုက နဂါးနတ်ဘုရား ရုပ်တု ဖြစ်ပြီး အလွန်တရာ ကြီးမားလှသည်။ ထိုနဂါးကြီး၏ အရွယ်အစားက မာန်ဟုန်မြစ် နဂါးနန်းတော်တွင် သူ တွေ့ခဲ့သော နဂါးမင်း၏ အရိုးစု အရွယ်အစား နီးပါး ဖြစ်သည်။
ဤနဂါးနတ်ဘုရားများက ကိုက်တစ်ရာခန့် အချင်းရှိသော ကျောက်တိုင်လုံးများကို ရစ်ပတ်နေပြီး အသက်ဝင် ပီပြင်စွာ ထွင်းထုထားသည်။ ကျောက်တိုင်လုံးများက အမြင့်အားဖြင့် ကိုက်ငါးရာခန့် ရှိ၏။ သို့ဖြစ်၍ ဤနဂါးနတ်ဘုရားများက မည်မျှ ကြီးမားမည် ဖြစ်ကြောင်း မှန်းဆကြည့်နိုင်ပေသည်။
ချင်မူ မော့ကြည့်လိုက်သောအခါ နဂါးတိုင်လုံးများပေါ်မှ နဂါးနတ်ဘုရားများက အသက်ဝင်လာသကဲ့သို့ ရှိ၏။ ထိုနဂါးများက ကြမ်းတမ်း ရိုင်းစိုင်းဟန် ပေါက်သော်လည်း တစ်ချိန်တည်းမှာပင် မြင့်မြတ်၍ ခမ်းနား ထည်ဝါသော အရှိန်အဝါ အငွေ့အသက်လည်း ရှိသည်။
"မဟာမြို့ပျက်ရဲ့ မြေပုံထဲမှာ ဒီမြို့က နယ်စပ်နဂါးမြို့ မဟုတ်ဘူး... ကောင်းကင်နဂါး ကြယ်တာရာ နန်းတော်လို့ ရေးထိုးထားတာ... ဒါက ကောင်းကင်နတ်ဘုရား တစ်ပါးပါးရဲ့ လက်ရာပဲ... ငါသာ ဒီရုပ်တုတွေရဲ့ ထွင်းထုပုံ လမ်းကြောင်းတွေကို လေ့လာနိုင်ရင် ငါ့ရဲ့ ပန်းချီနဲ့ လက်ရေးလှ ပညာမှာ အများကြီး အကျိုးရှိလိမ့်မယ်... အဲဒီ ပညာရှင်ရဲ့ ကျင့်စဉ် ပညာရပ်တွေကိုတောင် သဘောပေါက်ရင် ပေါက်နိုင်မှာ..."
ချင်မူ စိတ်အား တက်ကြွလာပြီး နဂါးတိုင်လုံးများ၏ ထွင်းထုပုံ လက်ရာများကို တဖြည်းဖြည်းချင်း လေ့လာလိုက်သည်။ ဤနဂါးတိုင်လုံးများကို ထွင်းထုခဲ့သည့် ပညာရှင်က သူ၏ ကျင့်စဉ် ပညာရပ်များကို ထည့်သွင်းလိုခြင်း မရှိခဲ့သော်လည်း ထွင်းထုပုံ လက်ရာများ၌ သူ၏ ကောင်းကင်နတ်သိုင်း ကျင့်စဉ်များ အလိုလို ကိန်းအောင်း ပါဝင်လာခဲ့သည်။ အခြားသူများအတွက်တော့ ဤနဂါးတိုင်လုံးများက အလှသက်သက် ထွင်းထားသည့် ရုပ်တုများ ဖြစ်သည်။ သို့သော်လည်း ချင်မူကတော့ နားကန်းထံမှ ပန်းချီနှင့် လက်ရေးလှပညာကို သင်ယူခဲ့သဖြင့် ထိုရုပ်တုတွင် ကိန်းအောင်းပါဝင်လာသော သဘောတရား နိယာမများကို ထိုးထွင်း သိမြင်နိုင်၏။
"မဟာမြို့ပျက်ရဲ့ မြေပုံမှာ ကောင်းကင်နဂါး ကြယ်တာရာနန်းတော်ရဲ့ ဘေးက ကြယ်ပင်လယ်ပဲ... ဒီနေရာကနေ မိုင်ခုနစ်ဆယ်လောက်ပဲ ဝေးမယ်... နာမည်အရ ဆိုရင်ဆော့ ကောင်းကင်နဂါး ကြယ်တာရာနန်းတော်က ကောင်းကင်နဂါးတွေ နေတဲ့ နန်းတော်ပဲ ဖြစ်မယ်... ဒီနေရာက အတော်လေး ကျယ်တာဆိုတော့ နဂါးမျိုးနွယ်တွေ စုဝေးနေထိုင်တဲ့ နေရာများလား... အမှောင်ထုကြီးက နဂါးမျိုးနွယ်ကိုလည်း အပျက်စီးပုံကြီး ဖြစ်အောင် ပြောင်းပစ်ခဲ့တာလား..."
ချင်မူက လှည့်လည် ကြည့်ရှုရင်း စိတ်မကောင်းစွာ သက်ပြင်းချလိုက်သည်။ ရုတ်တရက် အပေါ်ဘက်မှ တအံ့တဩ အော်ဟစ်သံ တစ်သံ ထွက်ပေါ်လာ၏။ "နွားကျောင်းသား... နင်က ဘယ်လိုလုပ် နယ်စပ်နဂါးမြို့မှာပဲ ရှိသေးတာလဲ..."
ချင်မူက ရင်းနှီးသော အသံ တစ်သံကို ကြားသဖြင့် မော့ကြည့်လိုက်သည်။ နဂါးတိုင်လုံးပေါ်မှ ခေါင်းသေးသေးလေး တစ်လုံး ပေါ်ထွက်နေသည်ကို မြင်လိုက်ရ၏။ ၎င်းက သူ့ကို မြို့စားနန်းဆောင်သို့ ခေါ်၍ ညစာကျွေးခဲ့သော မိန်းကလေး ဖြစ်သည်။
လင်ယွိရှို့က သူ့ကို လက်ပြ၍ လှမ်းခေါ်လိုက်သည်။ "နင် အပေါ်ကို တက်လာနိုင်လား..."
ချင်မူက တိုင်လုံးကြီး၏ အမြင့်ကို ကြည့်၍ တွေဝေသွားသည်။ ဤကျောက်တိုင်လုံးကြီးက မြင့်မားလွန်းပြီး အားအဟုန် ထောက်ပံ့ပေးမည့် လေထုကလည်း တိုက်ခတ်ခြင်း မရှိချေ။ သို့ဖြစ်၍ သူ့အနေဖြင့် ကျောက်တိုင်လုံးအတိုင်း ပြေးတက်ရုံသာ ရှိတော့၏။
သူက ကျောက်တောင်နံရံများကို ပြေးတက်၊ ပြေးဆင်းလေ့ ရှိသော်လည်း ထိုကျောက်တောင်နံရံများက ပုံမှန်အားဖြင့် ကိုက်တစ်ရာမှ ကိုက်တစ်ရာ့ငါးဆယ်ထိသာ ရှိသည်။ ယခု သူက တိုင်လုံး အမတ်အတိုင်း ကိုက်ငါးရာတိတိ ပြေးတက်ရမည် ဖြစ်သည်။
ချင်မူက နောက်သို့ ခြေလှမ်း တစ်ဒါဇင်ခန့် ဆုတ်လိုက်၏။ ထို့နောက် သူ့ခြေဖဝါးတွင် အားအင်များ စုစည်းက နဂါးတိုင်လုံးပေါ်သို့ ပြေးတက်လိုက်သည်။ ခြေလှမ်း အနည်းငယ်မျှနှင့် သူ၏ အရှိန်ကို အမြင့်ဆုံးသို့ မြှင့်တင်ပြီး မီးပွင့် တစ်ခု လက်သကဲ့သို့ ပြေးတက်လိုက်၏။ သူ့ခြေထောက်များက နဂါးတိုင်လုံးကို မြေပြင်ညီသဖွယ် နင်းတက်သွားသည်။
သူ၏ အမြန်နှုန်းနှင့် ခွန်အား ဖောက်ခွဲနှုန်းက အံ့အားသင့်စရာ ကောင်းလှပြီး တစ်ချက်တည်းနှင့် ကိုက်သုံးရာကျော် ရောက်သွားသည်။
"သေစမ်း... ငါ အပေါ်ရောက်အောင် မပြေးနိုင်ဘူး..."
သူ့ခွန်အားက အကန့်အသတ်သို့ ရောက်သွားပြီး ပြေးနှုန်းက တဖြည်းဖြည်း လျော့ကျလာကြောင်း ချင်မူ ခံစားလိုက်မိသည်။ နဂါးတိုင်လုံး၏ ထိပ်သို့ ရောက်ရန် ဆယ်ကိုက်၊ ဆယ့်ငါးကိုက်ခန့် လိုသေး၏။
သူ နောက်ထပ် ဆယ်ကိုက်ခန့် ထပ်ပြေးတက်ပြီးသောအခါ အားအင် ကုန်ခန်းသွားပြီး သူ့ခန္ဓာကိုယ်က ပြန်ပြုတ်ကျသွားသည်။ ထိုအခိုက်၌ ဖဲကြိုး တစ်စက နဂါးတိုင်လုံးပေါ်မှ ကျလာပြီး သူ့ခါးတွင် ရစ်ပတ်သွား၏။ ခပ်သာသာ ဆောင့်ဆွဲချက် တစ်ချက်နှင့်အတူ သူ့ခန္ဓာကိုယ်က အပေါ်သို့ မြောက်တက်သွားသည်။
ချင်မူက လေထဲတွင် တစ်ပတ်လှည့်၍ နဂါးတိုင်လုံး၏ ထိပ်ဖျားပေါ်သို့ ခြေချလိုက်၏။ ပတ်ဝန်းကျင်ကို လှည့်ပတ် ကြည့်ရှုလိုက်သောအခါ ဤနေရာက ကြီးမားသည့် ကျောက်သား ရင်ပြင်ကြီး တစ်ခုကဲ့သို့ ညီညာချောမွေ့နေကြောင်း တွေ့လိုက်ရသည်။ နဂါးဦးခေါင်းက ဤကျောက်သားရင်ပြင်၏ တောင်ဘက်ခြမ်းတွင် ထွင်းထုထား၏။
လင်ယွိရှို့က အနားသို့ ရောက်လာပြီး သူ့ခါးမှ ဖဲကြိုးစကို ပြန်သိမ်းယူကာ ပြုံးလိုက်သည်။ "နင်က ဒီနေရာထိ တကယ်ကြီး ပြေးတက်လာတာလား... နင် တကယ် မသိဘူးလား... ဒီနဂါးတိုင်လုံးထဲမှာ လှေကား ရှိတယ်လေ... အဲကနေ တက်လာလည်း ရတာကို..."
ချင်မူက သူမ၏ ဖဲကြိုးစကို ကြည့်၍ အံ့အားသင့်သွား၏။ "ဒီဖဲကြိုးစရဲ့ အသားက မဆိုးဘူးပဲ..."
"ဒါပေါ့..."
လင်ယွိရှို့က အလွန်တရာ ဂုဏ်ယူဝင့်ကြွားစွာ ပြောလိုက်သည်။ "ဒီဟာက ဧကရာဇ်တွေကိုပဲ ဆက်သတဲ့ သဘာဝ မွှေးရနံ့ ပိုးချည်နဲ့ ယက်လုပ်ထားတာ... အဲဒါကြောင့် အကောင်းဆုံး အရည်အသွေးပဲ... ရှူကြည့်လိုက် သိပ်မွှေးတာ... ဒါ သဘာဝရဲ့ မွှေးရနံ့... ဘယ်တော့မှ အနံ့ပြယ်မသွားဘူး..."
ချင်မူက ခေါင်းငုံ့၍ မွှေးကြည့်လိုက်၏။ တကယ်ပင် သင်းပျံ့သော ရနံ့ တစ်ခု ရှိနေသည်။ သူ ပြုံးလိုက်၏။ "ငါ့မှာလည်း သဘာဝ မွှေးရနံ့ ပိုးချည်က ရက်လုပ်ထားတဲ့ ချွေးသုတ်တဘက် တစ်ထည် ရှိတယ်... အနံ့ချင်း အတူတူပဲ..." သူက ရင်ဘတ်ထဲမှ ချွေးသုတ်တဘက်ကို ထုတ်ပြလိုက်သည်။