ဝံပုလွေအုပ်၊ ကျားရဲအသိုက်
Vol. 6 Ch. 76
ချင်မူက ချွေးသုတ်တဘက်ကို ဖြန့်ချလိုက်ပြီး ချည်သားကို ကိုင်ကြည့်လိုက်သည်။ "အစက ငါထင်နေတာ နင့်ကိုယ်နံ့က မွှေးမွှေးလေးနဲ့ ရင်းနှီးနေပါတယ်ပေါ့... လက်စသတ်တော့ ငါတို့ ချည်သား တစ်မျိုးတည်း သုံးမိနေတာပဲ..."
လင်ယွိရှို့က ထိုချွေးသုတ်တဘက်ကို ကြည့်၍ သူမ၏ မျက်နှာတစ်ပြင်လုံး ရဲရဲတွတ် နီသွား၏။ သူမက ထိုချွေးသုတ်တဘက်ကို ရှက်ဒေါသဖြင့် ကမန်းကတန်း လုယူလိုက်သည်။ "ဒါ ငါ့ဟာ... နင့်ဆီ ဘယ်လိုလုပ် ရောက်နေတာလဲ... နင်... နင်က ဒါကို ချွေးသုတ်တဘက်တောင် လုပ်ပစ်တာပေါ့... နင့်ကို ငါ မခေါ်တော့ဘူး..."
မိန်းမငယ်လေးက ဒေါသတကြီး ခြေဆောင့်၍ နဂါးဦးခေါင်းပေါ်၌ ဆောင့်ကြောင့်ထိုင်ချလိုက်သည်။ ထို့နောက် မေးထောက်၍ အဝေးသို့ ငေးကြည့်လိုက်၏။
ချင်မူမှာ မှင်တက်မိသွားသည်။ "ဒါ... နင့်ချွေးသုတ်တဘက်လား..."
"ချွေးသုတ်တဘက် မဟုတ်ဘူး..."
လင်ယွိရှို့မှာ ဒေါသထွက်နေသည်။ "ဒါ ငါ့ရဲ့... ငါ့ရဲ့... တော်ပြီ နင့်ကို ငါ မခေါ်တော့ဘူး..."
"ချွေးသုတ်တဘက် မဟုတ်ရင် ဘာလဲ..."
လူငယ်လေးမှာ ဝေခွဲမရ ဖြစ်သွားသည်။ "ဒီဟာကို ငါ့ဘိုးဘိုးမျက်ကန်းက ပေးထားတာ... သူ ပြောတာ ချွေးသုတ်ဖို့ သုံးလို့ ရတယ် ဆိုလို့... ချည်သားကလည်း ကောင်းတာနဲ့ ငါ အမြဲ ဆောင်ထားတာ... နင့်ဟာဆိုလည်း ငါ ပြန်ပေးမှာပေါ့... ဘာလို့ စိတ်တိုနေရတာလဲ..."
လင်ယွိရှို့က သူမ၏ အတွင်းဝတ်ကို ဒေါသတကြီး လွှင့်ပစ်လိုက်၏။ "နင် ငါ့ကို ပြန်ပေးလည်း ငါ မလိုချင်တော့ဘူး..."
ချင်မူ၏ ချီစွမ်းအင်က လွင့်ပျံ ထွက်ပေါ်လာပြီး ထိုအမျိုးသမီး အတွင်းဝတ်ကို သူ့လက်ထဲသို့ ပြန်ဆွဲယူလိုက်သည်။ "နင် ဒီလို လွှင့်ပစ်ရင် သူများတွေ ကောက်သွားပြီး ချွေးသုတ်တဘက် လုပ်ပစ်မှာပေါ့... အဲလို လွှင့်ပစ်မဲ့အစား ငါ့ကို ပေးလိုက်တာ ပိုမကောင်းဘူးလား... ငါ သိုင်းလေ့ကျင့်ရင် ချွေးအရမ်း ထွက်တာ..."
လင်ယွိရှို့က ဒေါသထွက်သွား၏။ "ငါ့ကို ပြန်ပေးစမ်း..."
လူငယ်လေးမှာ ပို၍ နားမလည်နိုင် ဖြစ်သွားသည်။ "နင် လွှင့်ပစ်မှာ ဆိုမှတော့ ဘာလို့ ငါ့ဆီက ပြန်တောင်းနေတာလဲ... ငါ ချွေးသုတ်ဖို့ ပေးလိုက်တာ ပိုမကောင်းဘူးလား..."
လင်ယွိရှို့က လုယူလိုက်ပြီး တစ်ချက် စဉ်းစားလိုက်သည်။ ထို့နောက် လက်ကိုင်ပဝါ တစ်ထည် ထုတ်ယူ၍ ချင်မူ့ကို ပေးလိုက်၏။ "ဒါက မိန်းကလေး တစ်ယောက်ရဲ့ ပစ္စည်း... ယောက်ျားကြီး လုပ်နေပြီး နင် အဲဒါကို သုံးရတာ မရှက်ဘူးလား... နင့်ကို ငါ ဒီလက်ကိုင်ပဝါ ပေးမယ်... ဒါလည်း သဘာဝ မွှေးရနံ့ ပိုးချည်ကနေ ရက်လုပ်ထားတာ... ငါ့လက်ရာ ပန်းထိုးထားတာတောင် ပါသေးတယ်... နင့်ချွေးသုတ်ဖို့ ဒါပဲ သုံးလိုက်..."
ချင်မူ လက်ကိုင်ပဝါကို လက်ခံယူလိုက်၏။ ထိုလက်ကိုင်ပဝါပေါ်တွင် ဝက်ခေါင်းပုံကို ပုံပျက်ပန်းပျက် ချည်ထိုးထားသည်။ "အတော်လေး ရုပ်ဆိုးတဲ့ ချည်ထိုးပန်းထိုးပဲ..."
လင်ယွိရှို့မှာ ဒေါသထွက်၍ ရှူးရှူးရှားရှား ဖြစ်သွား၏။ "နင် မလိုချင် ပြန်ပေး..."
ချင်မူမှာ ကမန်းကတန်း ရင်ဘတ်ထဲသို့ ထိုးထည့်လိုက်ပြီး သူမ၏ ဘေးတွင် ဝင်ထိုင်လိုက်သည်။ "နင်က ငါ့ချွေးသုတ်တဘက်ကို ယူသွားတာဆိုတော့ တစ်ခုခု အစားပြန်ပေးရမှာပေါ့... နင် ငါ့ဆီက ယူသွားတာက ငါ့ကို ပြန်ပေးတာထက် အများကြီး ကြီးတယ်... ငါ့အတွက် အရှုံးတောင် ပေါ်သေးတာကို..."
နေလုံးကြီးက ကောင်းကင်ယံတွင် တဖြည်းဖြည်း မြင့်တက်လာ၏။ နွေဦး အစ၏ နေရောင်က ချိုမြိန်နွေးထွေးလှပြီး လူငယ်လေးက အားရပါးရ ပက်လက်လှန်၍ ကောင်းကင်ပေါ်တွင် ပြေးနေသော တိမ်တိုက်များကို ကြည့်လိုက်သည်။
လင်ယွိရှို့က သူမ၏ မျက်လုံးများကို ပုတ်ခတ်ပုတ်ခတ် လုပ်၍ မေးလိုက်၏။ "ခပ်ဝဝ သတ္တမ သခင်လေးက ကြည့်လို့ ကောင်းတယ်လို့ နင် ထင်လား..."
ချင်မူက တစ်ခဏမျှ တွေး၍ ပြောလိုက်သည်။ "သူက ကြည့်လို့ မဆိုးပါဘူး... ဒါပေမဲ့ အတော်လေး မိန်းမဆန်တယ်... ယောက်ျားနဲ့ မတူဘူး... မိန်းမ တစ်ယောက်နဲ့ ပိုတူတယ်..."
လင်ယွိရှို့မှာ ဆံနွယ်စများကို သူမ၏ ရင်ဝရှေ့တွင် ဆွဲချ၍ တခစ်ခစ် ရယ်မောလိုက်သည်။ "ငါ့ကိုရော ကြည့်ကောင်းတယ်လို့ ထင်လား..."
ချင်မူက သူမကို အလေးအနက် အမူအရာဖြင့် ကြည့်၍ ပြောလိုက်၏။ "နင့်မျက်နှာက နည်းနည်း ဖောင်းပေမဲ့... အတော်လေး ကြည့်လို့ ကောင်းပါတယ်..."
လင်ယွိရှို့မှာ လွန်စွာ ကျေနပ်သွားပြီး စိတ်ဝင်တစား မေးလိုက်သည်။ "နင် ဖုယွင်တိရဲ့ သားကို သတ်ပြီး ဘယ်လို လွတ်အောင် ပြေးခဲ့တာလဲ... ပြီးတော့ မြို့ထဲတောင် ပြန်ဝင်လာသေးတယ်..."
"ငါ လုပ်စရာ ရှိလို့ ပြန်လာတာပါ..."
ချင်မူက မျက်လုံးများ မှိတ်၍ ခပ်အေးအေး ပြောလိုက်သည်။ "ထာဝရ ငြိမ်းခမ်းရေး အင်ပါယာရဲ့ တပ်မကြီးက မကြာခင် ရောက်လာတော့မယ်... ထာဝရ ငြိမ်းချမ်းရေး အင်ပါယာ ထိုးဖောက် ဝင်ရောက်လာတာကို တားဆီးဖို့ ငါ ဒီနေရာကို လာခဲ့တာ..."
လင်ယွိရှို့၏ ရင်ထဲတွင် အနည်းငယ် လှုပ်ခါသွား၏။ သူမက အလေးအနက် အမူအရာဖြင့် ပြောလိုက်သည်။ "နင်က ကျောက်တုံးကို ကြက်ဥနဲ့ ပေါက်နေတယ်ဆိုတာ သိရဲ့လား... ထာဝရ ငြိမ်းချမ်းရေး အင်ပါယာရဲ့ ပြည်သူပြည်သားတွေက အေးအေးချမ်းချမ်း နေထိုင်ပြီး ပျော်ပျော်ရွှင်ရွှင် လုပ်ကိုင် စားသောက်ကြရတယ်... ထာဝရ ငြိမ်းချမ်းရေး အင်ပါယာမှာ ရှိတဲ့ ဂိုဏ်းတိုင်း၊ မျိုးနွယ်စုတိုင်းက နန်းတွင်းက ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာရတယ်... ငါတို့ အင်ပါယာ တစ်ခုလုံးက ငြိမ်းငြိမ်းချမ်းချမ်း သေသေဝပ်ဝပ် ရှိတယ်... ငါတို့ အင်ပါယာရဲ့ နယ်စပ်တွေမှာ ဆိုရင် ပဋိပက္ခ သေးသေးလေးတွေက လွဲပြီး စစ်ပွဲတွေ ဘာတွေ မရှိဘူး... မဟာ မြို့ပျက်နဲ့ ဘယ်လိုလုပ် ယှဉ်ပြောလို့ ရမှာလဲ... မဟာမြို့ပျက်က ဘယ်လောက် ဖရိုဖရဲ နိုင်လိုက်သလဲ... ဒီနေရာက လူတွေက လုပ်ကိုင်စားသောက်စရာ မရှိဘူး... တစ်ယောက်နဲ့ တစ်ယောက်ကလည်း အမြဲတမ်း သတ်ဖြတ်နေကြတာ... နောက်တစ်နပ်က ဘယ်တော့ စားရမလဲတောင် မသိတဲ့သူတွေ အများကြီးပဲ... ဒီမဟာမြို့ပျက်ကို လာတဲ့လမ်းမှာ သားရင်း၊ သမီးရင်းတွေတောင် ချရောင်းနေရတဲ့ လူတွေ ငါ အများကြီး တွေ့ခဲ့တယ်... သူတို့ရဲ့ အခြေအနေတွေက သိပ်ကို သနားဖို့ ကောင်းတယ်... ထာဝရ ငြိမ်းချမ်းရေး အင်ပါယာရဲ့ တပ်ဖွဲ့က စစ်မှန်တဲ့ ငြိမ်းချမ်းမှုကို ရယူပေးမယ့် တပ်ဖွဲ့ပဲ... နင်တို့အနေနဲ့ ခုခံကာကွယ်ဖို့ မစဉ်းစားဘဲ လက်ခံကြိုဆိုသင့်တယ်..."
ချင်မူက သူ၏ မျက်လုံးများကို ဖွင့်၍ နက်နဲသော အကြည့် တစ်ခုဖြင့် ကြည့်လိုက်၏။ "မဟာမြို့ပျက်က လူတွေကလည်း ဒီနေရာမှာ မနေချင်ကြပါဘူး... ဒါပေမဲ့ မဟာမြို့ပျက်က လူတွေကို နတ်ဘုရားတွေရဲ့ စွန့်ပစ်ခြင်း ခံရတဲ့ လူတွေလို့ ခေါ်ကြတယ် ဆိုတာ ငါ ကြားဖူးတယ်... သူတို့ မဟာမြို့ပျက်ကနေ ထွက်သွားတာနဲ့ ထာဝရ ငြိမ်းချမ်းရေး အင်ပါယာရဲ့ နယ်စပ်မှာ အဖမ်းခံကြရလိမ့်မယ်... တချို့က နေရာတင် တန်းအသတ်ခံရလိမ့်မယ်... တချို့ကတော့ သတ္ထုတွင်းတွေကို ကျွန်အဖြစ် ရောင်းစားခံရလိမ့်မယ်... သူတို့လည်း တစ်နှစ်၊ နှစ်နှစ်အတွင်း သေတာပါပဲ..."
သူက ထထိုင်ပြီး ဒူးနှစ်ဖက်ကို ပိုက်ထားလိုက်မိ၏။ သူ့အမူအရာက တည်ငြိမ်နေသည်။ "သူတို့က ပိုကောင်းတဲ့ ဘဝ တစ်ခုမှာ နေချင်ရုံပဲ... ဒါပေမဲ့ ထာဝရ ငြိမ်းချမ်းရေး အင်ပါယာကို သွားမှ ပိုပြီး စောစော သေရတယ်... သူတို့အတွက် မဟာမြို့ပျက်မှာ နေနေတာမှာ ပိုကောင်းမှာ မဟုတ်ဘူးလား... ထာဝရ ငြိမ်းချမ်းရေး အင်ပါယာက မဟာမြို့ပျက်ကို ဝင်လာရင် ငါတို့ကို ဘယ်လို ဆက်ဆံကြမလဲ... နတ်ဘုရားတွေ အစွန့်ပစ်ခံရတဲ့ လူတွေလို့လား... ငါတို့ကို သတ်ပစ်မှာလား... ကျွန်ပြုကြမှာလား..."
"မိန်းကလေး ယွိရှို့... ထာဝရ ငြိမ်းချမ်းရေး အင်ပါယာ ဧကရာဇ်နဲ့ ဧကရာဇ် အတိုင်ပင်ခံရဲ့ မျက်လုံးထဲမှာ ဒီနေရာက အရပ်သူ အရပ်သားတွေ မရှိဘူး... သူတို့ မျက်လုံးထဲမှာ ရှိတာ မြေပဲ... နတ်ဘုရားတွေ စွန့်ပစ်ခဲ့တဲ့ မြေ...၊ နတ်ဘုရားတွေ စွန့်ပစ်ထားခဲ့တဲ့ မြေမှာ နေတဲ့ အစွန့်ပစ်ခံလူတွေက ညတိုင်း ညတိုင်း အမှောင်ထုရဲ့ ရန်နဲ့ ကြုံရပေမဲ့... မနက်တိုင်း မနက်တိုင်း အမဲလိုက် ထွက်ရင်း အန္တရာယ်မျိုးစုံနဲ့ ကြုံရပေမဲ့... အနည်းဆုံးတော့ သူတို့ အသက်ဆက်ရှင်နေနိုင်သေးတယ်... သူတို့ရဲ့ သားမြေးတွေ အသက်ဆက်ရှင်နိုင်သေးတယ်... ဒါပေမဲ့ ထာဝရ ငြိမ်းချမ်းရေး အင်ပါယာသာ ဒီနေရာကို သိမ်းပိုက်သွားခဲ့ရင် သူတို့အတွက် ခြေချစရာ နေရာတောင် ရှိမှာတောင် မဟုတ်တော့ဘူး..."
လင်ယွိရှို့မှာ ကြောင်ငေးငေး ကြည့်လိုက်မိသည်။ ထိုအခြင်းအရာများကို သူမ တစ်ခါမျှ မတွေးဖူးချေ။ ထာဝရ ငြိမ်းချမ်းရေး အင်ပါယာ၏ လုပ်ရပ်က မှန်ကန်သည်ဟုသာ တွေး၍ ဤနေရာမှ လူများအတွက် ထည့်မစဉ်းစားခဲ့မိပေ။
သူမ မနေနိုင်ဘဲ မေးလိုက်မိ၏။ "နင် သိလား... ထာဝရ ငြိမ်းချမ်းရေး အင်ပါယာရဲ့ တပ်မကြီးနဲ့ ရင်ဆိုင်ရရင် နင့်အတွက် သေလမ်းပဲ ရှိတယ်ဆိုတာ... အသက်ရှင်နိုင်စရာ လမ်းမရှိဘူး..."
ချင်မူက ယုံကြည်မှု အပြည့်ဖြင့် တောက်ပ လင်းလက်စွာ ပြုံးလိုက်၏။ အရှေ့အရပ်ဆီသို့ လည်ဆန့် ကြည့်ရှုလိုက်သည်။ "မဟုတ်ဘူး... ထာဝရ ငြိမ်းချမ်းရေး အင်ပါယာရဲ့ ဧကရာဇ်နဲ့ ဧကရာဇ် အတိုင်ပင်ခံဟာ ဒီနေရာမှာပဲ ကျရှုံးရလိမ့်မယ်... ဒီနေရာမှာပဲ မကျော်ဖြတ်နိုင်တဲ့ အတားအဆီးနံရံနဲ့ ရင်တိုင်တွေ့ရလိမ့်မယ်... ဒီလျှို့ဝှက်ဆန်းကြယ်တဲ့ နယ်မြေမှာ ဘာတွေ ရှိပြီး ဘာတွေ ရင်ဆိုင်ရမယ်ဆိုတာ သူတို့ မသိဘူး... ထာဝရ ငြိမ်းချမ်းရေး အင်ပါယာရဲ့ အရှုံးမရှိခဲ့တဲ့ ဒဏ္ဍာရီဟာ ဒီနေ့ ဒီနေရာမှာပဲ အဆုံးသတ်ရလိမ့်မယ်..."
လင်ယွိရှို့က ထရပ်လိုက်ပြီး ဒေါသတကြီး ပြောလိုက်သည်။ "နင်... နင်က... ခေါင်းမာတဲ့ မြည်းလိုကောင်ပဲ... ဒီနေရာမှာ သေရမယ်မှန်း သိရဲ့နဲ့ ဘာလို့ ဆက်ပေကပ်နေဦးမှာလဲ..."
ချင်မူက ထရပ်လိုက်ပြီး သူမ၏ မျက်ဝန်းများထဲသို့ ကြည့်လိုက်သည်။ "အစွန့်ပစ်ခံ လူတွေ ထာဝရ ငြိမ်းချမ်းရေး အင်ပါယာကို သွားခဲ့ရင် သေလမ်းကလွဲပြီး တခြား မရှိခဲ့ဘူး... အခု ထာဝရ ငြိမ်းချမ်းရေး အင်ပါယာက ဒီနေရာကို ဝင်ရောက် သိမ်းပိုက်ပြီး အင်ပါယာပိုင် နယ်မြေအဖြစ် ပြောင်းလဲပစ်ဖို့ ကြံစည်နေမှတော့... အစွန့်ပစ်ခံလူတွေ သေချာပေါက် သေရလိမ့်မယ်... ပြန်မခုခံလည်း သေရမယ့် အတူတူမှတော့ ဘာလို့ ငါတို့ အစွန့်ပစ်ခံလူတွေက ပြန်မခုခံဘဲ နေရမှာလဲ..."
လင်ယွိရှို့မှာ သူ့အကြည့်ကြောင့် လှုပ်လှုပ်ခတ်ခတ် ဖြစ်သွားပြီး နဂါးခေါင်းပေါ်မှ ရင်ပြင်ပေါ်သို့ ပြန်ဆင်းလိုက်သည်။ သူမက သူ့ကို ပြန်လှည့်ကြည့်ပြီး အံတင်းတင်း ကြိတ်လိုက်၏။ "ငါက ထာဝရ ငြိမ်းချမ်းရေး အင်ပါယာကပဲ... ဒီတစ်ခေါက် ဒီနေရာကို ငါ လာခဲ့တဲ့ ရည်ရွယ်ချက်က မဟာမြို့ပျက်ကို ထာဝရငြိမ်းချမ်းရေး အင်ပါယာရဲ့ နယ်နိမိတ်ထဲ သိမ်းသွင်းဖို့ပဲ..."
ချင်မူက ခေါင်းညိတ်လိုက်၏။
လင်ယွိရှို့က ဆက်ပြောလိုက်သည်။ "ငါ့အနေနဲ့ ထာဝရ ငြိမ်းချမ်းရေး အင်ပါယာကို သစ္စာဖောက်ဖို့ ဆိုတာ မဖြစ်နိုင်ဘူး... ထာဝရ ငြိမ်းချမ်းရေး အင်ပါယာကို ဆန့်ကျင်တဲ့သူ မှန်သမျှ ငါ့ရန်သူပဲ..."
ချင်မူက ခေါင်းထပ်ညိတ်လိုက်၏။ "ငါကလည်း အစွန့်ပစ်ခံ လူတစ်ယောက်ပဲ... ဘယ်တော့မှာ မဟာမြို့ပျက်ကို သစ္စာဖောက်မှာ မဟုတ်ဘူး..."
လင်ယွိရှို့က လှည့်ထွက်သွားပြီး လှေကားအတိုင်း ဆင်းသွားသည်။ သူမ၏ ပုံရိပ်က ပျောက်ကွယ်သွားသော်လည်း သူမ၏ အသံက ကျောက်တိုင်လုံးအတွင်းမှ ပဲ့တင်ထပ် ထွက်ပေါ်လာသည်။ "တိုက်ပွဲထဲမှာ နင့်ကို တွေ့ရင် ငါ ညှာနေမှာ မဟုတ်ဘူး..."
ချင်မူက အဝေးသို့ လှမ်းမျှော်ကြည့်လိုက်၏။ ခပ်ဝေးဝေး၌ ထူထဲသော မြူခိုးငွေ့များကဲ့သို့ အခိုးအငွေ့များက မိုင်ပေါင်း ဒါဇင်ချီ ဖုံးလွှမ်း၍ ဤနေရာဆီသို့ ရွေ့လျားလာနေသည်။ သူ တီးတိုး ရေရွတ်လိုက်၏။ "ငါရောပဲ..."
ထူထဲသော မြူခိုးငွေ့များထဲ၌ ထောင်ချီသော သတ္တဝါဆန်းကြီးများက ရှေ့တူရူသို့ ချီတက်လာနေသည်။ ဤသတ္တဝါဆန်းကြီးများက ရှည်လျားသော အစွယ်ကြီးများ ရှိပြီး တောင်ပူစာ တစ်လုံးကဲ့သို့ ခန္ဓာကိုယ်များ ရှိကြ၏။ သူတို့၏ ခန္ဓာကိုယ်၌ အရိုးပြား အကာများ ဖုံးလွှမ်းနေပြီး လေးလံသော ပစ္စည်းများကို တင်ဆောင်လာသော်လည်း သူတို့၏ ရွေ့လျားနှုန်းက မနှေးကွေးချေ။ သူတို့ လျှောက်လှမ်းလိုက်သည့် အခါတိုင်း အရိုးပြား အကာများက တစ်ခုနှင့် တစ်ခု ပွတ်တိုက်ပြီး တဂေါက်ဂေါက် အသံများ ထွက်ပေါ်နေသည်။
ထိုသတ္တဝါဆန်းကြီးများ၏ နောက်တွင်တော့ မျက်စိတစ်ဆုံး တပ်ဖွဲ့ကြီး ဖြစ်၏။ ထိုတပ်ဖွဲ့ကြီးက စည်းကမ်းသေဝပ်ပြီး အလံများ တလူလူ လွှင့်ထူထားသည်။ တပ်ဖွဲ့၏ အလယ်တွင်တော့ စစ်ရထားလုံးများ မောင်းနှင်လာပြီး ကောင်းကင်ယံတွင်တော့ လေသင်္ဘောများ ပျံဝဲ လိုက်ပါလာသည်။
လေသင်္ဘောများပေါ်တွင် စစ်သည်များ အပြည့်ပါလာပြီး သင်္ဘောတိုင်း၏ အလယ်ဗဟိုတွင် ဆေးဆရာပေါင်း ဒါဇင်ချီက စွမ်းအင်ဆေးလုံးများ အသည်းအသန် ဖော်စပ်နေကြ၏။ ထို့ပြင် သင်္ဘောပေါ်မှ မီးဖိုကြီးထဲသို့ ထိုစွမ်းအင်ဆေးလုံးများကို အဆက်မပြတ် ပစ်ထည့်နေကြသော အမှုထမ်းများလည်း ရှိသည်။
ထိုစွမ်းအင် ဆေးလုံးများက မီးဖိုကြီးထဲသို့ ကျရောက်သွားသောအခါ အားကောင်းသော ခရမ်းရောင် စွမ်းအင်လှိုင်းများအဖြစ် ပြောင်းလဲသွားပြီး မီးဖိုထဲမှ တိုးထွက်၍ သင်္ဘော အမြီးပိုင်းရှိ သားရဲရုပ်တု ခေါင်းတိုင်ထဲသို့ ဝင်ရောက်သွား၏။ ထိုသားရဲ ရုပ်တု ခေါင်းတိုင်များထဲမှ လေများ ပေါက်ကွဲ ထွက်ပေါ်လာသောအခါ သင်္ဘောတစ်စီးလုံး လေပေါ်သို့ မြောက်တက်၍ ရှေ့သို့ ပျံသန်း ရွေ့လျားသွားသည်။
ထာဝရ ငြိမ်းချမ်းရေး အင်ပါယာ၏ တပ်ဖွဲ့များက နယ်စပ်စည်းမှ ခရီးနှင်လာပြီး ဤတပ်ဖွဲ့က ရှေ့ပြေးတပ်ဖွဲ့မျှသာ ဖြစ်၏။ နယ်စပ်စည်း၌ ပို၍ ကြီးမားသော အင်အားစု တစ်ခုက စုဝေးလျက် ရှိသည်။
ထိုနေရာတွင်တော့ ဧကရာဇ် အတိုင်ပင်ခံ၏ အလံများ တလူလူ လွင့်လျက် ရှိ၏။
ချင်မူမှာ တစ်စထက်တစ်စ နီးကပ်လာသော ထာဝရ ငြိမ်းချမ်းရေး အင်ပါယာ၏ တပ်ဖွဲ့ကြီးကို ကြည့်၍ သူ့ရင်ထဲတွင် စိတ်ဓာတ်ကျသွားသည်။ တပ်ဖွဲ့အတွင်းရှိ စစ်သည် အယောက်စီတိုင်းက တိုက်ပွဲ အတွေ့အကြုံ ရင့်ကျက်သော သိုင်းသမားများ ဖြစ်သည်။ ကျားများ၊ ဝံပုလွေများဖြင့် ဖွဲ့စည်းထားသောတပ် ဆိုသည်မှာ ဤသို့သော တပ်ဖွဲ့မျိုးကို ခေါ်ဆိုခြင်း ဖြစ်ပေလိမ့်မည်။
ဤမျှ ကြီးကျယ် ခမ်းနားသော တပ်ဖွဲ့ကြီးနှင့် ရင်ဆိုင်ရသည်တွင် အလွန်တရာ တောင့်တင်း ကြံ့ခိုင်သည်ဟု ထင်ရသော နယ်စပ်နဂါးမြို့မှာ အလွယ်တကူ စုတ်ဖြဲပစ်နိုင်သော စက္ကူတစ်ရွက်သာသာ ဖြစ်သွားသည်။
"ထာဝရ ငြိမ်းချမ်းရေး အင်ပါယာ..." ချင်မူ သူ့ရင်ထဲမှ တုန်လှုပ်ချောက်ချားမှုကို ချိုးနှိမ်၍ တီးတိုး ရေရွတ်လိုက်သည်။
ရွာလူကြီး တစ်ခါက ပြောဖူးသည်။ ထာဝရ ငြိမ်းချမ်းရေး အင်ပါယာမှာ အင်ပါယာ အယောင်ဆောင်ထားသော ဂိုဏ်းတစ်ဂိုဏ်း ဖြစ်သည် ဟူ၏။ ချင်မူ မြင်ရသည်ကတော့ အင်ပါယာ တစ်ခုက ဂိုဏ်းတစ်ဂိုဏ်းထက် သေချာပေါက် သာလွန်သော အင်အား ရှိပေသည်။ ပို၍ ကျစ်လျစ် စည်းလုံးပြီး အားအဟုန်ကို ပိုမို ဖောက်ခွဲ ထုတ်ဖော်နိုင်စွမ်း ရှိ၏။
ဂိုဏ်းတစ်ဂိုဏ်းက အမှားအယွင်း ကင်းမဲ့သော အရာရှိစနစ် ရှိသည့် စည်းစနစ် ကျနသော အဖွဲ့အစည်း တစ်ရပ်နှင့် နောက်မျိုးဆက်ကို လေ့ကျင့် ပျိုးထောင်ပေးနိုင်သော နိုင်ငံ တစ်နိုင်ငံ ဖြစ်လာသောအခါ မည်မျှပင် အင်အား ကြီးမားလာပေလိမ့်မည်နည်း...။
အင်ပါယာ တစ်ခု ဖြစ်လာရန်မှာ ဂိုဏ်းတစ်ဂိုဏ်းအနေဖြင့် နောက်ဆုံး တက်လှမ်းရမည့် အဆင့် ဖြစ်သည်။
မြို့စားနန်းဆောင်ထဲတွင်တော့ ဖုယွင်တိ၏ အရေခွံ ဝတ်ဆင်ထားသည့် အဘွားစစ်မှာ လက်နှစ်ဖက်ကို နောက်ပစ်၍ သူမ၏ နောက်တွင် လက်ရှစ်ဖက် ကောင်းကင်နတ်ဘုရား ပေါ်ထွက်နေစေကာ ခန့်ညားထည်ဝါသည့် နယ်စပ်နဂါး မြို့စားမင်း ဖုယွင်တိ၏ အသွင်ကို ဆောင်နေ၏။ "နောက်ဆုံးတော့ ဧကရာဇ် အတိုင်ပင်ခံ ရောက်လာပြီ..."
လောင်းကစားရုံ၏ ရှေ့တွင် မျက်ကန်းက သူ၏ ဝါးတောင်ဝှေးကို ထောက်၍ မတ်မတ် ရပ်နေပြီး တစ်စထက် တစ်စ နီးကပ်လာသော တပ်မကြီး ရွေ့လျားလာသံများကို နားစွင့်နေသည်။
ဈေးအဝင်ပေါက်၌ ကိုယ်အပေါ်ပိုင်းသာ ရှိတော့သော သားသတ်သမား တစ်ယောက်က ဓားသွေးနေ၏။ မျက်နှာချင်းဆိုင် လမ်းပေါ်မှ စာအုပ်အရောင်းဆိုင် တစ်ခုတွင်တော့ သံနားရွက်များ ဝတ်ဆင်ထားသည့် နားကန်း တစ်ယောက်က ပန်းချီများ ရေးဆွဲနေသည်။ သူ၏ စုတ်တံကြီးက သုံးကိုက်ခန့် ရှည်၏။ မျက်ကန်းက အရူးတစ်ယောက်ကဲ့သို့ သဲကြီးမဲကြီး ရေးဆွဲနေပြီး ကိုက်ပေါင်း များစွာ ရှည်လျားသော မိုးကြိုးတိမ်တိုက်ပုံ ပန်းချီကား တစ်ချပ်က ရေးဆွဲ ပြီးစီးသည်နှင့် ကောင်းကင်ယံသို့ ထိုးတက်သွားသည်။
ထိုပန်းချီကားက ကောင်းကင်ယံ အမြင့်သို့ တိုးဝင် ပျောက်ကွယ်သွား၏။ ထိုတစ်ခဏ၌ ကောင်းကင်ယံတွင် မိုးကြိုးတိမ်တိုက်များ ပြည့်နှက်လာပြီး မြောက်မြားစွာသော လျှပ်စီးတန်းများက ဖျိုးဖျိုးဖျစ်ဖျစ် မြည်၍ ဝင်းလက် ပေါ်ထွက်လာသည်။