ကောင်းကင်ပန်းချီအိမ်ရှေ့မင်းသား
Vol. 6 Ch. 77
နဂါးတိုင်လုံးပေါ်တွင် ချင်မူ ခေါင်းမော့ကြည့်လိုက်မိသည်။ မိုးကြိုးတိမ်တိုက်များ ဖုံးလွှမ်းနေသော နေရာက တစ်စထက် တစ်စ ကျယ်ပြန့်လာသည်။ ၎င်းက မရေမတွက်နိုင်သော လျှပ်စီးမိုးကြိုးများ ပစ်ချနေသည့် ဝဲကတော့ကြီး တစ်ခုကဲ့သို့ ဖြစ်လာသည်။
မိုးကြိုးတိမ်တိုက်များက ထာဝရ ငြိမ်းချမ်းရေး အင်ပါယာ၏ ရှေ့ပြေး တပ်ဖွဲ့ဆီသို့ ရွေ့လျားသွား၏။ လျှပ်စီးတန်း တစ်ခုက ရုတ်တရက် မြေပြင်သို့ ထိမှန်သွားပြီး မီးဖွားများက ရွှေရောင် မြွေများကဲ့သို့ ပြန့်ကြဲသွားသည်။ တစ်ချိန်တည်းမှာပင် တစ်လောကလုံး တုန်ဟည်းသွားနိုင်လောက်သည့် မိုးကြိုးပစ်သံကြီး ပေါ်ထွက်လာသည်။
ထို့နောက်တွင်တော့ မြောက်မြားစွာသော မိုးကြိုးလျှပ်စီးများက သူတို့၏ ပစ်မှတ်ကို တွေ့ရှိသွားသည် ထင်၏။ မိုးကြိုး လျှပ်စီးများ တဝုန်းဝုန်း ကျဆင်း ပစ်ခတ်နေသည်မှာ ကောင်းကင်ယံမှ ထယ်သွားများစွာဖြင့် ထာဝရ ငြိမ်းချမ်းရေး အင်ပါယာ၏ တပ်မကြီးပေါ်သို့ ညက်ညက်ကြေအောင် ထွန်ယက်နေသကဲ့သို့ ရှိသည်။
ဘုန်း... ဘုန်း... ဘုန်း...။
လျှပ်စီးတန်းများစွာက ထာဝရ ငြိမ်းချမ်းရေး အင်ပါယာ၏ ရှေ့ပြေးတပ်ဖွဲ့နှင့် ထိတွေ့သွားပြီး မျက်စိတစ်မှိတ်အတွင်းတွင် သတ္တဝါဆန်းကြီးများမှာ မဲတူးခြစ်သွားကြသည်။ တချို့ သတ္တဝါဆန်းကြီးများကတော့ ဓားထက်ထက်ဖြင့် အလှီးခံရသကဲ့သို့ ဝမ်းဗိုက်များ ပွင့်ထွက်သွားကြ၏။
ထိုသတ္တဝါဆန်းကြီးများမှာ နာကျင်စွာ အော်ဟစ်၍ အရပ်မျက်နှာအနှံ့သို့ ထွက်ပြေးသွားကြသည်။ အချို့မှာ နောက်သို့ပင် ပြန်ပြေး၍ စစ်သည်များစွာကို နင်းသတ်သွား၏။
တဂျိုးဂျိုး တဂျိမ့်ဂျိမ့် မြည်နေသော မိုးကြိုးလျှပ်စီးများမှာ မကြာမီအချိန်အတွင်း၌ ထာဝရ ငြိမ်းချမ်းရေး အင်ပါယာ၏ တပ်ဖွဲ့ အပေါ်တည့်တည့်သို့ ရောက်လာပြီး ခြေလျင်စစ်သည်များ၊ မြင်းတပ်များမှာ ဖရိုဖရဲ ဖြစ်သွားကြသည်။ မိုးကြိုးထိမှန်ခံရ၍ သေဆုံးသွားကြသော စစ်သည် အရေအတွက်မှာ မည်မျှ ရှိပြီမှန်းပင် မသိတော့ချေ။
လေသင်္ဘော တစ်စီးက လျှပ်စီးတန်း များစွာ ထိမှန် ခံရပြီး တစ်မုဟုတ်ချင်း မီးဟုန်းဟုန်း တောက်သွား၏။ သင်္ဘောအလယ်မှ မီးဖိုများက ပေါက်ကွဲထွက်သွားပြီး ဆေးဆရာများနှင့် ဆေးထည့်နေသော အစေခံများမှာ မီးလျှံလူသားများအဖြစ် ပြောင်းလဲသွားကြသည်။
ဆေးမီးဖိုများထဲမှ ပြင်းထန်သော ဆေးစွမ်းအင်များက သင်္ဘောကို မောင်းနှင်နေသည့် မီးဖိုကြီးထဲသို့ တစ်ဟုန်ထိုး တိုးဝင်သွားသည်။ ထိုမီးဖိုကြီးမှာ ကြောက်မက်ဖွယ်ရာ ကောင်းသည့် ဆေးစွမ်းအင် ပမာဏကို အလျဉ်မီအောင် ပြောင်းလဲပစ်နိုင်စွမ်း မရှိသဖြင့် အုန်းခနဲ ပေါက်ကွဲသွားတော့သည်။ လေသင်္ဘောကြီးမှာ တစ်မုဟုတ်ချင်း အပိုင်းပိုင်းအစစ ပေါက်ကွဲ လွင့်ပျံသွား၏။
အချို့ သင်္ဘောများမှာ မီးဖိုကြီးများ ပျက်စီးသွားပြီး တွန်းကန်အား မရှိတော့သဖြင့် ကောင်းကင်ယံမှ မီးခိုးတန်းထွက်၍ ပြုတ်ကျလာကြသည်။ အောက်ဘက်မှ အချိန်မီ မရှောင်နိုင်သော စစ်သည်များမှာ စိစိညက်ညက် ကြေသွားကြ၏။
မူလက ထာဝရ ငြိမ်းချမ်းရေး အင်ပါယာမှာ ဖိအားကြီးစွာ ပေးစွမ်းနိုင်သော အရှိန်အဝါ အငွေ့အသက် ရှိခဲ့သော်လည်း ယခု ၎င်း၏ အဟိတ်အဟန် အားလုံးက ရေစုန်မျောသွားချေပြီ။ ဖရိုဖရဲ ဖြစ်နေသော တပ်ဖွဲ့ကြီးသာ ကျန်ခဲ့တော့၏။
"တပ်မှူးလု... ဒီမိုးကြိုးတိမ်တိုက်တွေက ထူးဆန်းနေပါတယ်... သူတို့က ကျွန်တော်တို့ ထာဝရ ငြိမ်းချမ်းရေး အင်ပါယာအတွက် သက်သက် ရောက်လာသလိုပါပဲ..."
ကင်းထောက် တစ်ယောက်က အပြေးအလွှား သတင်းပို့လာ၏။ တပ်ဖွဲ့၏ အလယ်သို့ ရောက်သောအခါ ဒူးတစ်ဖက် ထောက်၍ လက်သီးဆုပ် အရိုအသေပြုလိုက်သည်။ "မိုးကြိုးတိမ်တိုက်တွေက ဒီမိုင်သုံးဆယ် ပတ်လည်မှာပဲ ဖုံးလွှမ်းနေတာပါ... မိုင်သုံးဆယ် ပတ်လည်ရဲ့ အပြင်ဘက်မှာ တိမ်တစ်စတောင် မရှိပါဘူး..."
တပ်မှူးလုက ကြံ့ခိုင်တောင့်တင်း၍ ခန့်ညား ထည်ဝါလှသည်။ သူ့မျက်လုံးထဲတွင် အလင်းရောင် တစ်ခု တောက်သွားပြီး တည်ကြည် လေးနက်စွာ ပြောလိုက်သည်။ "လေတပ်ဖွဲ့ကို ရှေ့ထွက်ပြီး အဲဒီ မိုးကြိုးတိမ်တိုက်တွေကို မှုတ်ထုတ်ခိုင်းလိုက်..."
"နားလည်ပါပြီ... တပ်မှူးအမိန့်... လေတပ်ဖွဲ့၊ မိုးကြိုးတိမ်တိုက်တွေကို မှုတ်ထုတ်ပစ်..."
သူ့နောက်တွင်တော့ စစ်သည်တစ်စုက ထူးဆန်းသော အဝတ်အစားများ ဝတ်ဆင်ထားပြီး အားလုံး၏ နောက်ကျောတွင် လူ့အရပ် တစ်ဝက်ခန့် ရှိသော ဘူးသီးခြောက်ကြီးများ လွယ်ပိုးထားကြသည်။ ထိုစစ်သည်များက ဘူးသီးခြောက်ကြီးများ၏ အဖုံးကို ဖွင့်လိုက်ရာ အနက်ရောင် လေပွေများက တစ်မုဟုတ်ချင်း ကောင်းကင်ယံသို့ ထိုးတက်သွားကြသည်။
ထိုစစ်သည်များက သူတို့၏ ချီစွမ်းအင်ကို ထုတ်ဖော်၍ လက်ချောင်းများဖြင့် ထိုးညွှန်လိုက်ကြသည်။ အနက်ရောင် လေပွေများမှာ တရွှီရွှီ မြည်၍ ကြီးမားပြန့်ကားလာပြီး ကောင်းကင်ယံမှ မိုးကြိုးတိမ်တိုက်များကို မှုတ်ထုတ်ပစ်တော့မည့် လေမုန်တိုင်း တစ်ခုအသွင် ပြောင်းလဲသွားသည်။
သို့သော်လည်း ထိုအခိုက်၌ နယ်စပ်နဂါးမြို့အတွင်းရှိ စာအုပ်အရောင်းဆိုင်တွင် နားကန်း၏ ဒုတိယ ပန်းချီကားက အသင့်ဖြစ်နေချေပြီ။ ၎င်းက လေပွေမုန်တိုင်းများ၏ ပန်းချီကား ဖြစ်၏။ သူ့စုတ်တံ တစ်ချက် ရမ်းခါလိုက်သည်တွင် လေပွေမုန်တိုင်း ပန်းချီကားက ကောင်းကင်ယံသို့ ပျံတက်၍ ပျောက်ကွယ်သွားသည်။
လေတပ်ဖွဲ့က သူတို့၏ မှော်သိုင်းကွက်များ ထုတ်သုံး၍ မိုးကြိုးတိမ်တိုက်များကို အဝေးသို့ လွင့်ထွက်သွားအောင် မှုတ်ထုတ်တော့မည့် ဆဲဆဲမှာပင် အခြေအနေက ရုတ်ခြည်း ပြောင်းလဲသွားသည်။ မိုးကြိုးတိမ်တိုက်များဆီမှ လေမုန်တိုင်းကြီးများက နတ်နဂါးတို့၏ အမြီးများ တွဲလျား ကျလာသကဲ့သို့ ထာဝရ ငြိမ်းချမ်းရေး အင်ပါယာ၏ တပ်ဖွဲ့ထံ တိုးဝင်လာသည်။
ထိုသည်က လေမုန်တိုင်း တစ်ခုတည်းမဟုတ်။ ဒါဇင်ချီသော လေမုန်တိုင်းများက လေတပ်ဖွဲ့၏ အနက်ရောင်လေပွေများနှင့် ပေါင်းစည်း၍ အင်အား ပိုကြီးထွားလာသည်။ မြောက်မြားစွာသော စစ်သည်များမှာ လေထဲသို့ မြောက်တက် မျောပါသွားကြသည်။
ပို၍ ကြောက်မက်ဖွယ်ရာ ကောင်းသည်မှာ ထိုစစ်သည်များ လေထိုသို့ မြောက်တက်သွားသည့် အချိန်တွင် လျှပ်စီးတန်းများက ကျရောက်လာပြီး ၎င်းတို့၏ ခန္ဓာကိုယ်များမှာ လောင်ကျွမ်းတူးခြစ်သွားကြသည်။
ရိုးရိုး သိုင်းပညာရှင်များ ဖြစ်စေ၊ ကောင်းကင်နတ်သိုင်း ပညာရှင်များ ဖြစ်စေ သူတို့အားလုံးမှာ သဘာဝတရား၏ စွမ်းအားရှေ့မှောက်တွင် ကူကယ်ရာမဲ့ ဖြစ်သွားကြသည်။
မိုးကြိုးမုန်တိုင်းများက အရှိန်အဟုန် ပြင်းထန်လာပြီး မိုးသီးမိုးပေါက်များ တဝေါဝေါ ရွာကျလာကာ ထာဝရ ငြိမ်းချမ်းရေး အင်ပါယာ၏ တပ်ဖွဲ့ တစ်ခုလုံး ရွှဲရွှဲစိုသွားကြသည်။ မိုးကြိုးလျှပ်စီး တစ်ခုက ရေစိုနေသော စစ်သည်များနှင့် ရေစိုနေသော မြေပြင်ကို ထိမှန်သွားသောအခါ လျှပ်စီးစွမ်းအားက အဆပေါင်းများစွာ ထိုးတက်လာသည်။
များစွာသော လူများ၏ ခန္ဓာကိုယ်များမှာ တွန့်လိမ်ကောက်ကွေး၍ လောင်ကျွမ်းတူးခြစ်သွားကြသည်။
"စော်ကားလိုက်တဲ့ မကောင်းဆိုးဝါး မိစ္ဆာတွေ... လိပ်နက်တပ်ဖွဲ့... ဒိုင်းကာတွေ အသင့်ပြင်..."
တပ်မှူးလုက ဒေါသအိုး ပေါက်ကွဲသွားပြီး သူ့လက်နှစ်ဖက်ကို ဗြန်းခနဲ ရိုက်ချလိုက်၏။ သူ့ခန္ဓာကိုယ်က လေထဲသို့ ခုန်တက်သွားပြီး မိုးကြိုးမုန်တိုင်းများဆီသို့ ခုတ်ထစ် ပျံတက်သွားသည်။ ဟိုမှသည် လူးလာပျံသန်းနေရင်း လေမုန်တိုင်းများကို ဖျက်ဆီးပစ်လိုက်၏။
လျှပ်စီးတန်းများက ပစ်ခတ် တိုက်ခိုက်လာသော်လည်း သူ့ထံသို့ မရောက်မီမှာပင် သူ၏ ချပ်ဝတ်တန်ဆာမှ အလင်းရောင်များ လင်းလက်လာပြီး ထိုလျှပ်စီးမိုးကြိုးများကို ကာကွယ် ဖယ်ရှားပစ်သည်။
အောက်ဘက်တွင်တော့ လိပ်နက်တပ်ဖွဲ့က တညီတညာတည်း အော်ဟစ်ကြွေးကြော်လိုက်ပြီး သူတို့၏ ချီစွမ်းအင်များကို ကြီးမားသော ဒိုင်းကာကြီးများအဖြစ် ပြောင်းလဲ၍ လေထဲသို့ လွှင့်တင်လိုက်ကြ၏။ ချီစွမ်းအင် ဒိုင်းကာများက အထက် ကိုက်သုံးဆယ်ခန့်အထိ မြင့်တက်သွားပြီး အောက်မှ စစ်သည်များကို မိုးရေစက်များ ထိမှန်ခြင်း မရှိအောင် ကာကွယ်ပေးထားသည်။
လျှပ်စီးတန်းများကိုလည်း လိပ်နက်ဒိုင်းကာများက ကာကွယ်ထားနိုင်သဖြင့် စစ်သည်များ၏ ရင်ထဲတွင် စိတ်အေးသွားကြရ၏။ တပ်ဖွဲ့အသီးသီး၏ ခေါင်းဆောင်များက သူတို့၏ တပ်သားများကို ပြန်လည် စုစည်းလိုက်ပြီး ထွက်ပြေးတိမ်းရှောင်သူများကို သတ်ဖြတ်ပစ်သည်။ ထို့နောက် နေရာ ပြန်ယူလိုက်ကြ၏။
နယ်စပ်နဂါးမြို့တွင် နောက်ထပ် ပန်းချီကား တစ်ချပ်က ကောင်းကင်ယံသို့ ပျံဝဲတက်လာသည်။ ဤတစ်ကြိမ်တွင်တော့ မိစ္ဆာတစ်ရာ ပန်းချီကား ဖြစ်၏။
မိစ္ဆာတစ်ရာ ပန်းချီကားက ကောင်းကင်ယံသို့ တဖြည်းဖြည်း တိုးဝင်ပျောက်ကွယ်သွားသည်။
ထိုပန်းချီကား ပျောက်ကွယ်သွားသည်နှင့် ရက်စက် ကြမ်းကြုတ်သည့် အသွင်သဏ္ဌာန် ရှိသော မိစ္ဆာနတ်ဘုရားများက မိုးကြိုး တိမ်တိုက်များမှ ခုတ်ထစ် ဆင်းသက်လာကြပြီး တပ်မှူးလုကို ဝန်းရံ တိုက်ခိုက်လိုက်ကြသည်။ တပ်မှူးလုမှာ ခေါင်းကျိန်းသွားပြီး အသည်းအသန် ခုခံ တိုက်ခိုက်လိုက်သည်။ ထိုအခိုက်၌ နောက်ထပ် ပန်းချီကားကြီး တစ်ချပ်က နယ်စပ်နဂါးမြို့မှ လွင့်ပျံတက်လာ၏။ တပ်မှူးလုက ထိုပန်းချီကားကို လှမ်းချောင်းကြည့်လိုက်မိပြီး တစ်ကိုယ်လုံး တောင့်တင်းသွားသည်။
ထိုသည်က မြောက်မြားစွာသော ဥက္ကာပျံများ ကောင်းကင်ယံမှ ကြွေကျလာသည့် ပန်းချီကား ဖြစ်သည်။
"နောက်ဆုတ်..."
တပ်မှူးလု အော်ဟစ်လိုက်သည့် အချိန်မှာပင် ကောင်းကင်ယံမှ မိုးလေဝသ အခြေအနေက ရုတ်တရက် ပြောင်းလဲသွားသည်။ ကြီးမားသော ဥက္ကာပျံကြီးများက မီးတန်းများ တန်း၍ ကောင်းကင်ယံမှ ပြိုဆင်းလာပြီး လေထုကို ထိုးခွင်းကာ ထာဝရ ငြိမ်းချမ်းရေး အင်ပါယာ၏ တပ်မကြီးပေါ်သို့ တဝုန်းဝုန်း ကျရောက်လာသည်။
"လူတစ်ယောက်တည်းရဲ့ ပန်းချီကားတွေက သန်းချီတဲ့ စစ်သည်တွေရဲ့ ထိုးစစ်ကို ခုခံကာကွယ်နိုင်တယ်... ဒီလိုမျိုး လုပ်နိုင်တာ လူတစ်ယောက်ပဲ ရှိတယ်..."
ထာဝရ ငြိမ်းချမ်းရေး အင်ပါယာနှင့် မဟာမြို့ပျက်ကြား နယ်စပ်စည်းရှိ မျှော်စင်တစ်ခုပေါ်တွင် ဖြောင့်စင်း ရှည်လျားသော မျက်ခုံးမွေးများနှင့် သက်လတ်ပိုင်းအရွယ် လူတစ်ယောက် ရပ်နေ၏။ သူ့နောက်တွင်တော့ တပ်မှူးများ ရပ်နေကြသည်။ ထိုသက်လတ်ပိုင်းအရွယ်လူက ထာဝရ ငြိမ်းချမ်းရေး အင်ပါယာ၏ ဧကရာဇ် အတိုင်ပင်ခံ ဖြစ်ပြီး ထာဝရ ငြိမ်းချမ်းရေး အင်ပါယာ၏ တပ်မကြီးက အသည်းအသန် အခြေအနေတွင် ကျရောက်နေသည့်တိုင်အောင် သူ့အမူအရာက မလှုပ်မရှား တည်တည်ငြိမ်ငြိမ်ပင် ရှိနေသည်။ "ကောင်းကင်ပန်းချီတိုင်းပြည် ခေတ်ကောင်းစဉ် အခါတုန်းက ကောင်းကင်ပန်းချီ အိမ်ရှေ့မင်းသားက သူ့မျိုးဆက်တန်းထဲမှာ ပြိုင်ဘက်ကင်းပဲ... သူက ကောင်းကင်ပန်းချီ တိုင်းပြည်မှာ အချောမော အခံ့ညားဆုံး ဖြစ်သလို ပါရမီ အထူးချွန်ဆုံးလည်း ဖြစ်တယ်... ဒါပေမဲ့ သူက ပန်းချီနဲ့ လက်ရေးလှ ပညာမှာပဲ စိတ်နှစ်မြှုပ်ခဲ့ပြီးတော့ လောကရေးရာ ကိစ္စတွေကို အရေးမစိုက်တော့ဘဲ စာအုပ်စာပေတွေမှာပဲ မွေ့လျော်တော့မယ်လို့ ကြွေးကြော်ခဲ့ဖူးတယ်... တစ်နေ့ စစ်ဝံပုလွေတိုင်းပြည်က ကောင်းကင်ပန်းချီ တိုင်းပြည်ကို ကျူးကျော် သိမ်းပိုက်လာတဲ့အခါမှာ ကောင်းကင်ပန်းချီ တိုင်းပြည်က ခုခံကာကွယ်နိုင်စွမ်း မရှိခဲ့ဘူး... အဲဒီအချိန်တုန်းက ကောင်းကင်ပန်းချီ အိမ်ရှေ့မင်းသားဟာ ပန်းချီ ရေးတဲ့အထဲမှာ ဈာန်ဝင်စား နစ်မျောနေခဲ့တယ်... သူ ပြန်နိုးထလာတဲ့အချိန်မှာ စစ်ဝံပုလွေ တိုင်းပြည်က သူ့တိုင်းပြည်ကို ဝင်ရောက် သိမ်းပိုက်ပြီး သူ့ပြည်သူပြည်သားတွေကို သတ်ဖြတ်နေခဲ့ပြီ... သူ့ခမည်းတော် ကောင်းကင်ပန်းချီ ဧကရာဇ်ဟာလည်း ခေါင်းဖြတ် အသတ်ခံရပြီးတော့ ရန်သူစစ်သားတွေက ခေါင်းပြတ်နဲ့ အောင်ပွဲခံ လှည့်လည်နေကြတယ်..."
သူ့နောက်တွင်တော့ ထာဝရ ငြိမ်းချမ်းရေး အင်ပါယာ၏ တပ်မှူးများက ငြိမ်သက်စွာ နားထောင်နေကြပြီး စကားတစ်ခွန်းမျှ မဟကြချေ။ တပ်မှူးတစ်ဦး၏ ခါးမှ ဓားတစ်ချောင်းက ရုတ်တရက် လေထဲသို့ ထိုးတက်သွားပြီး အလင်းတန်း တစ်ခုအသွင် ပြောင်းကာ အဝေးသို့ ပျံသန်း ထွက်ခွာသွားသည်။ ၎င်းက မိုးကြိုးတိမ်တိုက်များကြားမှ မိစ္ဆာနတ်ဘုရား တစ်ရာထံ တိုးဝင်သွား၏။
"အဲဒီနောက်မှာ ကောင်းကင်ပန်းချီ အိမ်ရှေ့မင်းသားဟာ ရူးသွပ်သွားခဲ့တယ်..."
မျက်ခုံးမွေးရှည်နှင့် ထာဝရ ငြိမ်းချမ်းရေး အင်ယာ ဧကရာဇ် အတိုင်ပင်ခံက နက်ရှိုင်းသော အကြည့်များဖြင့် စကားဆက်လိုက်သည်။ "သူ့နား နှစ်ဖက်က လောကကြီးရဲ့ အသံတွေကို နားထောင်ဖို့ ဂရုမစိုက်ခဲ့ဘူး... အဲဒါကြောင့်ပဲ သူတိုင်းပြည် ပျက်စီးခဲ့ရတယ်... အဲဒီမှတော့ ဘာလို့ ဒီနားတွေ ဆက်ရှိနေဦးမလဲ... သူက စိတ်ခံစားမှု လွန်ကဲတဲ့ လူတစ်ယောက်... လမ်းမပေါ်မှာ စိတ်လွတ်ကိုယ်လွတ် အော်ဟစ်နေခဲ့တယ်... သူ့နားသူ ပြန်ဖြတ်ပြီး သူ့နားစည်တွေကို သူ ပြန်ထိုးဖောက်ခဲ့တယ်... သူ့တိုင်းသူပြည်သားတွေရဲ့ သွေးနဲ့ ငရဲကြီး ဆယ့်ရှစ်ထပ်ကို ရေးဆွဲခဲ့တယ်..."
"အဲဒီနောက်မှာတော့ ကောင်းကင်ပန်းချီ တိုင်းပြည် တစ်ခုလုံး ပျောက်ကွယ်သွားခဲ့ပြီး အဆုံးအစမဲ့တဲ့ အသူတရာ ချောက်နက်ကြီး တစ်ခု ဖြစ်သွားခဲ့တယ်... စစ်ဝံပုလွေ တိုင်းပြည်က သန်းချီတဲ့ စစ်သည်တွေဟာလည်း အဲဒီ အသူတရာ ချောက်နက်ထဲကို ပြုတ်ကျသွားကြပြီးတော့ ငရဲပြည်က မိစ္ဆာနတ်ဘုရားတွေရဲ့ စားသောက်ခြင်းကို ခံခဲ့ရတယ်... တချို့ အဆင့်မြင့် ပညာရှင်တွေက ထွက်ပြေး လွတ်မြောက်ဖို့ ကြိုးစားခဲ့ပေမဲ့ မိစ္ဆာနတ်ဘုရားတွေ ဖမ်းဆီး ဆွဲခေါ်သွားခဲ့ကြတယ်..."
"အဲဒီ တိုက်ပွဲ ပြီးတဲ့နောက်မှာ ကောင်းကင်ပန်းချီ တိုင်းပြည်ရော၊ စစ်ဝံပုလွေ တိုင်းပြည်ရော အဆုံးသတ်သွားခဲ့တယ်... အဲဒီ တိုင်းပြည် နှစ်ခုလုံး ပျက်သုဉ်းသွားခဲ့ပြီးတော့ ကောင်းကင်ပန်းချီ အိမ်ရှေ့မင်းသားဟာလည်း ပျောက်ကွယ်သွားခဲ့တယ်... ကောင်းကင်ပန်းချီ တိုင်းပြည်ရဲ့ အပျက်အစီးပုံကို ငါ ရောက်ခဲ့ပြီး အသူတရာ ချောက်နက်ထဲကို ဆင်းကြည့်ခဲ့ဖူးတယ်... ငရဲကြီး ဆယ့်ရှစ်ထပ်လုံးကို လှည့်လည် သွားလာရင်း သူ့ရဲ့ ပန်းချီလက်ရာကို မြင်တွေ့ခဲ့ရတယ်... ကောင်းကင်ပန်းချီ အိမ်ရှေ့မင်းသားရဲ့ ရင်ထဲက ဝမ်းနည်းကြေကွဲမှုနဲ့ ဆောက်တည်ရာမရ ဖြစ်မှုတွေကို ငါ နင့်နင့်နဲနဲ ခံစားခဲ့မိတယ်... တစ်ချိန်တည်းမှာပဲ သူ့ရဲ့ ပါရမီ အရည်အချင်းကို နှမြောမိတယ်... အဲဒါကြောင့်ပဲ ဧကရာဇ်ကို တောင်းဆိုပြီးတော့ ပန်းချီနတ်ဘုရားစံအိမ်ကို တည်ဆောက်ခဲ့တာ... တကယ်တမ်းဆိုရင် ကောင်းကင်ပန်းချီ အိမ်ရှေ့မင်းသားက လွဲပြီး ပန်းချီနတ်ဘုရားနေရာနဲ့ ထိုက်တန်တဲ့သူ တစ်ယောက်မှ မရှိခဲ့ဘူး..."
"ပန်းချီနတ်ဘုရားကို ငါ့ဘဝမှာ တွေ့ခွင့်ရတော့မှာ မဟုတ်ဘူးလို့ ထင်ခဲ့တယ်... မဟာမြို့ပျက်ရဲ့ နယ်စပ်မှာ သူ့ကို ပြန်တွေ့ရလိမ့်မယ်လို့ ထင်မထားမိဘူး... နှာမြောစရာ ကောင်းတာက သူက ငါတို့ ထာဝရ ငြိမ်းချမ်းရေး အင်ပါယာရဲ့ ရန်သူ ဖြစ်နေပြီ..."
သူ့စကားအဆုံးတွင် ကောင်းကင်ယံမှ မိုးကြိုးတိမ်တိုက်များ၊ လျှပ်စီးတန်းများ၊ မိစ္ဆာနတ်ဘုရားများနှင့် လေပြင်းမုန်တိုင်းများ အားလုံး ပျောက်ကွယ်သွားပြီး မင်စက်များ တဖွဲဖွဲ ကျဆင်းလာသည်။
ထိုမြင်ကွင်းကြောင့် ထာဝရ ငြိမ်းချမ်းရေး အင်ပါယာ စစ်သည်များ ကြောက်ရွံ့မှုဖြင့် တဆတ်ဆတ် တုန်ခါသွားကြ၏။ သူတို့လူပေါင်း များစွာ သေဆုံးခဲ့ရသည့် အစောက ဖြစ်ခဲ့သော ကြောက်မက်ဖွယ် အဖြစ်အပျက်များ အားလုံးက မင်ရည်မင်စက် အချို့ကြောင့်သာ ဖြစ်သည်တဲ့လား...။
"မြို့စားမင်း... မြို့ထဲမှာ ရုတ်ရုတ်သဲသဲ ပြဿနာတွေ ဖန်တီးနေတဲ့ မှော်ဆရာ တစ်ယောက် ရှိနေပါတယ်..."
နယ်စပ်နဂါးမြို့တွင် ချင်ဖေးယွဲ့က ကောင်းကင်ယံမှ အဖြစ်အပျက်များကို မြင်ပြီး မြို့စားနန်းဆောင်သို့ တစ်မုဟုတ်ချင်း ပြေးလာခဲ့၏။ သူက အဘွားစစ်ကို တွေ့ပြီး သတင်းပို့ အကြောင်းကြားလိုက်သည်။ "အဲဒီ မှော်ဆရာက မှော်ဂါထာတွေ သုံးပြီး ကျွန်တော်တို့ ထာဝရ ငြိမ်းချမ်းရေး အင်ပါယာရဲ့ တပ်ဖွဲ့တွေ ရှေ့တိုးလို့ မရအောင် တားဆီးနေပါတယ်... သူ့စွမ်းအားက အတော်လေး မြင့်မားပြီးတော့ မြို့ထဲက စာအုပ်အရောင်းဆိုင် တစ်ခုမှာ ပုန်းအောင်းနေပါတယ်... မြို့စားမင်း အနေနဲ့ အဲဒီ မှော်ဆရာကို သွားရောက် ရှင်းလင်းပေးဖို့ တောင်းဆိုပါတယ်..."
အဘွားစစ်က တည်ကြည် လေးနက်သော အမူအရာဖြင့် အေးစက်စက် ပြောလိုက်သည်။ "ဒီလို မှော်ဆရာမျိုး ရှိသေးတာလား... ငါ့ရဲ့ နယ်မြေထဲမှာ ရုတ်ရုတ်သဲသဲ ဖြစ်အောင် လုပ်ရဲတယ်... သတ္တိကောင်းလှချည်လား... စိတ်မပူပါနဲ့ တပ်မှူးလေးချင်... အခုချက်ချင်း သူ့ကို ကျုပ် သွားသတ်လိုက်ပါ့မယ်..." သူမက စကားဆုံးသည်နှင့် စာအုပ်အရောင်းဆိုင်ဆီသို့ ဒေါနှင့် မာန်နှင့် ပြေးထွက်သွား၏။
ချင်ဖေးယွဲ့မှာလည်း သူ့နောက်မှ ကမန်းကတန်း ပြေးလိုက်သွားသည်။ သို့သော်လည်း သူ ရောက်သွားသောအခါ စာအုပ်အရောင်းဆိုင်က လူတစ်ယောက်မျှ မရှိဘဲ ဟာလာဟင်းလင်း ဖြစ်နေပြီ ဖြစ်၏။