နေသင်္ဘော
Vol. 6 Ch. 78
အဘွားစစ်က မျက်မှောင်ကြုတ်လိုက်ပြီး ချက်ချင်း အမိန့်ပေးလိုက်သည်။ "တစ်မြို့လုံး ပိတ်ပြီး မှော်ဆရာကို လိုက်ရှာကြ... မြို့ထဲက လူတွေ အကုန်လုံးကို မြို့လယ်ရင်ပြင်ဆီကို ရွှေ့ခိုင်း... ငါ့မျက်စိအောက်မှာ ဘယ်သူများ မဟုတ်တာ လုပ်ရဲဦးမလဲ ကြည့်ကြသေးတာပေါ့..."
မြို့စားနန်းဆောင်မှ ကောင်းကင်နတ်သိုင်း ပညာရှင်များက အမိန့်ကို နာခံ၍ အခြား မြို့ရွာမှ ကုန်သည်များ အပါအဝင် မြို့ထဲရှိ လူအားလုံးကို မြို့လယ်ရင်ပြင်ဆီသို့ တစ်မုဟုတ်ချင်း စုဝေးခိုင်းလိုက်သည်။
ချင်ဖေးယွဲ့မှာလည်း မျက်မှောင်ကြုတ်လိုက်သည်။ ပြဿနာ၏ အရင်းခံ မှော်ဆရာကို ရှာမတွေ့ခြင်းကြောင့် သူ့ရင်ထဲတွင် မသက်မသာ ဖြစ်မိ၏။
"စိတ်မပူပါနဲ့ တပ်မှူးလေး... ဒါက ကျုပ်မြို့ပါ... ဒီနေရာမှာ ဘယ်မကောင်းဆိုးဝါး မိစ္ဆာမှ ပြဿနာ မရှာစေရဘူး..."
ဖုယွင်တိ၏ အရေခွံ ဝတ်ဆင်ထားသော အဘွားစစ်က ပြုံးလိုက်၏။ "အခု အားလုံးကို မြို့လယ်ရင်ပြင်မှာ စုခိုင်းလိုက်ပြီ ဆိုတော့ ဘယ်လောက် အရှောင်အတိမ်းကောင်းတဲ့ မှော်တရာပဲ ဖြစ်ဖြစ် ကျုပ်လက်အောက် လွတ်နိုင်မှာ မဟုတ်တော့ဘူး... နန်းတွင်း တပ်ဖွဲ့ကို ဖိတ်ခေါ်လို့ ရပါပြီ... ဒီမဟာမြို့ပျက်မှာ ပညာပေးဖို့ လိုနေတဲ့ ဥပဒေမဲ့ အရိုင်းအစိုင်းတွေ အများကြီး ရှိနေတယ်... ဧကရာဇ် အတိုင်ပင်ခံရဲ့ ကျော်ကြားတဲ့ နာမည်ကို ကြားဖူးပြီး လေးစားနေခဲ့တာ အတော်ကြာပြီ... သူနဲ့ တွေ့ပြီး သူ့ဆီက သင်ကြားမှုတွေ နာယူဖို့ မစောင့်နိုင်တော့ဘူး..."
ချင်ဖေးယွဲ့က သူ့ရင်ထဲမှ စိတ်မသက်မသာ ဖြစ်မှုကို ချိုးနှိမ်လိုက်ပြီး ခပ်ယဲ့ယဲ့ ပြုံးပြလိုက်သည်။ "စိတ်အေးအေး ထားပါ မြို့စားမင်း... ဧကရာဇ် အတိုင်ပင်ခံက ဆုပေး၊ ဒဏ်ပေး စနစ်ကို တိတိကျကျ ကျင့်သုံးပါတယ်... မြို့စားမင်းက ထာဝရ ငြိမ်းချမ်းရေး အင်ပါယာအတွက် အကြီးအကျယ် အကျိုးပြုခဲ့တာ ဆိုတော့ တော်ဝင် ရာထူး တစ်ခုခုကို တိုးမြှင့်ပြီး အကျိုးခံစားရမှာပါ... ဒီလို အေးစက်ကြမ်းတမ်းတဲ့ နေရာကို ဆက်ပြီး စောင့်ကြပ်နေစရာ လိုတော့မှာ မဟုတ်ပါဘူး..."
အဘွားစစ်က တဟားဟား အော်ဟစ် ရယ်မောလိုက်ပြီး ကျေနပ်နှစ်သိမ့်သွားသည်။ ရုတ်တရက် သူမက ကြမ်းတမ်းစွာ ပြောဆိုလိုက်သည်။ "ပြဿနာ ဖန်တီးခဲ့တဲ့ မှော်ဆရာက သည်းခံ ခွင့်လွှတ်စရာ အကြောင်း မရှိဘူး... ကျုပ် သူ့ကို ဖမ်းမိတာနဲ့ မသေမရှင် ညှဉ်းဆဲပြီးမှ သူ့ခေါင်းကို မြို့ဦးထိပ်မှာ စံပြ ချိတ်ဆွဲထားမယ်... ဒါနဲ့... ကျုပ်အကြောင်းကို ဧကရာဇ် အတိုင်ပင်ခံရဲ့ ရှေ့မှာ ချီးမြှောက် ပြောဆိုပေးဖို့ တပ်မှူးလေးကို တောင်းဆိုချင်ပါတယ်... အစောက ပြဿနာ ဖန်တီးခဲ့တဲ့ မှော်ဆရာက ကျွန်တော့် လက်ချက် မဟုတ်ပါဘူး... အဲဒါက..."
ချင်ဖေးယွဲ့က နားလည်စွာဖြင့် ပြုံးလိုက်သည်။ "စိတ်အေးအေး ထားပါ... မြို့စားမင်း... ဧကရာဇ် အတိုင်ပင်ခံရဲ့ ရှေ့မှာ မြို့စားမင်းအကြောင်း အကောင်းပြောပေးပါ့မယ်..."
အဘွားစစ်က သက်ပြင်းမှုတ်ထုတ်လိုက်ပြီး အကြည့်များ လှုပ်လှုပ်ခတ်ခတ် ဖြစ်သွားသည်။ ထို့နောက် လေသံကို နှိမ့်၍ ပြောလိုက်၏။ "အမှန်အတိုင်း ပြောရရင် ဒီနေရာကို ထိန်းကျောင်း အုပ်ချုပ်လာခဲ့တာ အတော် ကြာပြီ ဆိုတော့ ကျုပ်မှာ ရတနာ အတော်များများ စုမိ ဆောင်းမိခဲ့ပါတယ်... ဧကရာဇ် အတိုင်ပင်ခံ မြို့ထဲ ဝင်လာတဲ့အခါ တပ်မှူးလေးချင် ကျုပ်နောက် လိုက်ပြီး ကြည့်လှည့်ပါလား... တပ်မှူးလေးချင် မျက်စိကျတာတွေ့ခဲ့ရင် စိတ်ကြိုက် ယူနိုင်ပါတယ်..."
ချင်ဖေးယွဲ့၏ ရင်ထဲတွင် လှုပ်ခတ်သွား၏။ မဟာမြို့ပျက်က နေရာတိုင်းတွင် ရတနာများ ရှိသည်။ အမှောင်ထု မကျရောက်မီက ရတနာများပင် ရှိနိုင်၏။ နယ်စပ်နဂါးမြို့ကို နှစ်ပေါင်းများစွာ ထိန်းကျောင်း အုပ်ချုပ်လာခဲ့သည် ဖြစ်၍ ဖုယွင်တိတွင် ထူးကဲသော ရတနာ ပစ္စည်းများ မရေမတွက်နိုင်လောက်အောင် ရှိမည်မှာ သေချာသည်။ သူသာ ဖုယွင်တိ၏ ရတနာတိုက်ထဲ လိုက်ပါသွားပြီး ရတနာအချို့ ရွေးချယ်ယူခွင့် ရခဲ့လျှင် အတော်လေး အကျိုး ဖြစ်ထွန်းချေလိမ့်မည်။
နဂါးတိုင်လုံးပေါ်တွင် ချင်မူမှာ နားကန်း ပန်းချီ ရေးဆွဲနေသည်နှင့် သူ၏ ပန်းချီကားများကို ကောင်းကင်နတ်သိုင်းအဖြစ် အသုံးပြုနေသည်များကို အထင်ကြီး လေးစားစွာ ငေးမော ကြည့်ရှုနေမိသည်။ သူ ငယ်စဉ်ကတည်းက နားကန်းထံမှ ပန်းချီနှင့် စာလုံးလှ ပညာကို သင်ယူခဲ့ပြီး စာပေပညာကို အားသွန်ခွန်စိုက် ဖတ်ရှုလေ့လာခဲ့ရသည်။ သို့တိုင်အောင် နားကန်း သူ၏ ကောင်းကင်နတ်သိုင်း ထုတ်ပြသည်ကို ယခုမှ ပထမဦးဆုံး မြင်ဖူးခြင်း ဖြစ်သည်။
လူတစ်ယောက်၏ စွမ်းအားမျှနှင့် ထာဝရ ငြိမ်းချမ်းရေး အင်ပါယာ၏ လူပေါင်း သိန်းချီ ချီတက်လာသည်ကို ဟန့်တားနိုင်သည့် စွမ်းရည်မှာ အံ့ချီးဖွယ်ပင် ဖြစ်၏။
ထာဝရ ငြိမ်းချမ်းရေး အင်ပါယာတွင် နားကန်း၏ ကောင်းကင်နတ်သိုင်းကို ဖျက်ဆီးနိုင်သော ပညာရှင်များသာ မရှိခဲ့ပါက သိန်းချီသော စစ်သည်များမှာ နားကန်း၏ ကောင်းကင်နတ်သိုင်းအောက်တွင် သေဆုံးကျရပေလိမ့်မည်။
"ကျောက်တိုင်ပေါ်က မူအာလား..."
ရုတ်တရက် သားသတ်သမား၏ အသံက အောက်မှ ထွက်ပေါ်လာသည်။ ချင်မူ ငုံ့ကြည့်လိုက်သောအခါ သားသတ်သမားက သူ၏ ဝက်ခုတ်ဓားမဖြင့် နဂါးတိုင်လုံးကို ဝှေ့ယမ်း ခုတ်ထစ်နေကြောင်း တွေ့လိုက်ရသည်။ သို့သော်လည်း မည်သည့် ဓားချက်မျှ နဂါးတိုင်လုံးပေါ်သို့ ကျရောက်သွားခြင်း မရှိသဖြင့် သူ အံ့အားသင့်သွား၏။
အတန်ကြာသောအခါ သားသတ်သမားက သူ့ဓားကွက်များ ထုတ်သုံးပြီး၍ အပေါ်သို့ ခုန်တက်ကာ နဂါးတိုင်လုံးထိပ်သို့ ရောက်လာ၏။
"ဘာတွေ လုပ်နေတာလဲ ဘိုးဘိုးသားသတ်သမား..." ချင်မူက စိတ်ဝင်တစား မေးလိုက်သည်။
"ဒီနဂါးတိုင်လုံးကို ဖျက်ဆီးဖို့ ငါ့ကောင်းကင်နတ်သိုင်းတွေကို မြှုပ်နှံနေတာလေ..."
သားသတ်သမားက သူ၏ ဝက်ခုတ်ဓားမကို ပြန်သိမ်းလိုက်ပြီး သူ့လက်နှစ်ဖက်ဖြင့် နဂါးခေါင်းပေါ်တွင် ခပ်မတ်မတ် ဖြစ်အောင် ကိုယ်ဟန် အနေအထား ပြုပြင်လိုက်၏။ မြို့အပြင်ဘက်မှ တရွေ့ရွေ့ ချဉ်းကပ်လာသော တပ်မကြီးကို ကြည့်၍ ပြောလိုက်သည်။ "ထာဝရ ငြိမ်းချမ်းရေး အင်ပါယာရဲ့ တပ်ဖွဲ့ မြို့ထဲ ရောက်ပြီးလို့ ညသန်းခေါင်ယံ ရောက်တဲ့အခါ ငါ့ကောင်းကင်နတ်သိုင်းတွေ ပေါက်ကွဲ ထွက်ပေါ်လာလိမ့်မယ်... အဲကျရင် ဒီနဂါးတိုင်လုံးက ငါ့ဓားချက်တွေကြောင့် အစိတ်စိတ်အမြွှာမြွှာ ကျိုးပဲ့ပြီး တစ်စမကျန် ပျက်စီးသွားလိမ့်မယ်..."
ထာဝရ ငြိမ်းချမ်းရေး အင်ပါယာ၏ ရှေ့ပြေးတပ်ဖွဲ့က နားကန်း၏ တိုက်ခိုက်မှုကြောင့် အကျအဆုံးများခဲ့ရသည်။ ထိုအခိုက်၌ ဒုတိယ တပ်ဖွဲ့က ရှေ့ပြေး တပ်ဖွဲ့နှင့် လာရောက် ပေါင်းစည်းပြီး နယ်စပ်နဂါးမြို့ခံသို့ ဆက်လက် ချီတက်လာ၏။
သူတို့က နားကန်း၏ တိုက်ခိုက်မှုကြောင့် အထိနာခဲ့ရသော်လည်း ယခု တပ်ဖွဲ့ နှစ်ခု ပေါင်းစည်းသွားသည် ဖြစ်၍ အင်အားက ပိုမို ကြီးမားလာသည်။
ချင်မူက အလန့်တကြား ထခုန်၍ အော်ဟစ်လိုက်မိ၏။ "ဘိုးဘိုးသားသတ်သမားက အမှောင်ထုကို အသုံးချပြီး ထာဝရ ငြိမ်းချမ်းရေး အင်ပါယာရဲ့ တပ်ဖွဲ့ကို ချေမှုန်းပစ်မလို့လား..."
သားသတ်သမားက ခေါင်းညိတ်လိုက်၏။ "ငါ့ကောင်းကင်နတ်သိုင်းတွေကို ဟိုဘက်က တိုင်လုံး သုံးလုံးထဲမှာ မြှုပ်နှံခဲ့ပြီးပြီ... အခု ဒီတစ်ခုပဲ ကျန်တော့လို့ ရောက်လာတာ..."
ချင်မူ၏ ကျောရိုးတစ်လျှောက် စိမ့်တက်သွားသည်။ ညအချိန်၌ နဂါးတိုင်လုံး လေးလုံးစလုံးသာ ဖျက်ဆီးခံလိုက်ရလျှင် ထာဝရ ငြိမ်းချမ်းရေး အင်ပါယာ၏ တပ်မကြီး ကြုံတွေ့ရမည်မှာ ကံကြမ္မာဆိုးကြီးသာ ဖြစ်၏။
ထိုအချိန်ရောက်လျှင် အမှောင်ထုထဲမှ အမျိုးအမည် မသိသော အရာများ၏ တိုက်ခိုက်မှုကြောင့် မည်မျှသော လူများ သေဆုံးရမည် မသိချေ။
ချင်မူမှာ ချီတုံချတုံ ဖြစ်သွား၏။ "ဘိုးဘိုးသားသတ်သမား... မြို့ထဲက လူတွေကရော..."
သားသတ်သမားက ပြုံးလိုက်သည်။ "အစောက နားကန်း သူ့ကောင်းကင်နတ်သိုင်းကို သုံးပြီး ထာဝရ ငြိမ်းချမ်းရေး အင်ပါယာရဲ့ တပ်ဖွဲ့ကို တိုက်ခိုက်တုန်းက မင့်အဘွားစစ် တစ်မြို့လုံးကို ပိတ်ဆို့ပြီး လူတိုင်းကို မြို့လယ်ရင်ပြင်ထဲ ရွှေ့ခိုင်းပြီးပြီ..."
ချင်မူ တစ်မုဟုတ်ချင်း စိတ်သက်သာရာ ရသွား၏။ မြို့လယ်ရင်ပြင်တွင် ရှေ့ဟောင်းကျောင်းဆောင်များ အများအပြားရှိနေပြီး ကျောက်ရုပ်တု မျိုးစုံ ရှိနေ၏။ ထိုနေရာမှ ကျောင်းဆောင်များက အမှောင်ထု၏ ရန်ကို တွန်းလှန် ကာကွယ်နိုင်ပေလိမ့်မည်။
အဘွားစစ်နှင့် နားကန်းက အချင်းချင်း အပြန်အလှန် အချိတ်အဆက် ပြုလုပ်ပြီး ဤအကွက်ကို ဆင်ခဲ့ခြင်း ဖြစ်ကြောင်း ထင်ရှားလေသည်။ နဂါးတိုင်လုံးများ ပြိုကျ ပျက်စီးသွားသောအခါ အမှောင်ထုကြီး ထိုးဖောက် ဝင်ရောက်လာပေလိမ့်မည်။ ထိုအခါ ရှေးဟောင်း ကျောင်းဆောင်များ ဝန်းရံနေသည့် မြို့လယ်ရင်ပြင်က ဘေးကင်းရာ နေရာ ဖြစ်လာပေမည်။ အရပ်သားများ အားလုံးကို ထိုနေရာတွင် စုဝေးခိုင်းပြီး ဖြစ်၍ ဘေးကင်းကြမည်သာ ဖြစ်သည်။
"ညရောက်တဲ့အခါ ထာဝရ ငြိမ်းချမ်းရေး အင်ပါယာရဲ့ တပ်ဖွဲ့ကြီး တစ်ခုလုံး ပျက်သုဉ်းခြင်း ဆိုက်ရောက်သွားလိမ့်မယ်... လွတ်လာနိုင်မယ့် လူတွေက ထာဝရ ငြိမ်းချမ်းရေး အင်ပါယာ ဧကရာဇ် အတိုင်ပင်ခံနဲ့ အဆင့်မြင့် ပညာရှင် နည်းနည်းလောက်ပဲ ရှိတယ်... အဲဒီ အချိန်ကျရင် ငါတို့ရဲ့ နောက်ဆုံး တိုက်ပွဲ စလိမ့်မယ်..."
သားသတ်သမားက ပြုံးလိုက်သည်။ "အဲဒါကြောင့် ရွာလူကြီးလည်း လိုက်လာခဲ့တာ..."
ချင်မူမှာ ဇဝေဇဝါ ဖြစ်သွားသည်။ ရွာလူကြီးက ခြေလက်များ မရှိသည် ဖြစ်၍ ဘာများ လုပ်နိုင်ပါမည်နည်း။
သားသတ်သမားက ရွှင်မြူးလာပြီး ဟက်ခနဲ ရယ်လိုက်သည်။ "အရင်တုံးက အထက်မြက်ဆုံးဓားနဲ့ အခုလက်ရှိ အထက်မြက်ဆုံးဓား... အဲဒီ ဓားနှစ်လက် ထိပ်တိုက် ရင်ဆိုင်တွေ့တာကို ငါတို့ မြင်ရတော့မယ်... ဟီး ဟီး... ညရောက်ဖို့တောင် မစောင့်နိုင်တော့ဘူး... ဟမ်... ဘာလဲဟ..."
သူ့အမူအရာက ရုတ်တရက် တောင့်ခနဲ ဖြစ်သွားပြီး အဝေးသို့ ကြောင်ငေးငေး လှမ်းကြည့်လိုက်သည်။ ထို့နောက် တစ္ဆေသရဲ တစ်ကောင်ကို တွေ့လိုက်ရသကဲ့သို့ အလန့်တကြား အော်ဟစ်လိုက်၏။ "သောက်ခွေး... ဘာကြီးတုံးဟ..."
ချင်မူမှာ သူ ကြည့်သည့် နေရာသို့ လိုက်ကြည့်လိုက်ပြီး အနည်းငယ် ကြောင်အမ်းအမ်း ဖြစ်သွားသည်။ သူ့အနေဖြင့် ထိုနေရာတွင် အနက်ရောင် အစက်သေးသေးလေး တစ်ခုသာ မြင်တွေ့ရပြီး သားသတ်မားမှာ အဘယ်ကြောင့် အထိတ်တလန့် ဖြစ်သွားမှန်း သူ မသိချေ။
သို့သော်လည်း ထိုအနက်ပြောက်လေး ထွက်ပေါ်လာသည့် နေရာမှာ နယ်စပ်နဂါးမြို့မှ မိုင်ခုနစ်ဆယ်ခန့် ကွာဝေးသည့် ကြယ်ပင်လယ် ဖြစ်ချေလိမ့်မည်။
"မင့်မေ ဖွားအေ... သောက်ချီးတဲ့မှပဲ..."
သားသတ်သမား၏ ပါးစပ်မှ အယုတ္တ အနတ္တများ ဆက်တိုက် ထွက်လာသည်။ သူ ရုတ်တရက် နဂါးတိုင်လုံးပေါ်မှ ခုန်ဆင်းသွားပြီး အော်ဟစ်လိုက်၏။ "အဲမှာပဲ နေခဲ့... ဘယ်မှ မသွားနဲ့... ငါ ရွာလူကြီး၊ ဆေးဆရာနဲ့ ကျန်တဲ့သူတွေကို လိုက်ရှာလိုက်ဦးမယ်... မဟာမြို့ပျက်ထဲမှ နေလာတာ ဒီလောက်ကြာပြီ... ဒါမျိုး တစ်ခါမှ မမြင်ဖူးဘူး... သောက်ခွေးတဲ့မှပဲ..."
ချင်မူမှာ ဝေခွဲမရ ဖြစ်သွားသည်။ သားသတ်သမား ထိုမျှ အမူအရာ ပျက်ယွင်းသည်ကို သူ ပထမဦးဆုံး မြင်ဖူးခြင်း ဖြစ်သည်။ စိတ်ဖောက်ပြန်သွားသည့် အချိန်တွင်ပင် သားသတ်သမားမှာ ထိုမျှ အယုတ္တ အနတ္တ များစွာ ဆဲဆိုခဲ့ခြင်းမျိုး မရှိဖူးချေ။ အလွန်ဆုံး သောက်ကောင်းကင်ဟု အော်ဆဲရုံသာ ရှိခဲ့ဖူး၏။
အနက်ရောင် အစက်အပြောက်လေးကို ပြန်ကြည့်မိသောအခါ သူ ရုတ်တရက် မှင်တက်မိသွား၏။ ထိုအနက်ပြောက်လေးက ပို၍ ကြီးမားလာသည်။
ထိုအနက်ပြောက်လေးက ကြီးသည်ထက် ကြီးလာ၏။ ၎င်းက စက္ကူဖြူ တစ်ရွက်ကို ဖောက်ထွက်လာသည့် အပ်ခေါင်း ထိပ်ဖျားနှင့် တူပြီး ယခုအခါ မင်ကွက် တစ်ကွက် ပြန့်ထွက်လာသကဲ့သို့ တဖြည်းဖြည်း ကြီးမားလာသည်။
ရုတ်တရက် လူရိပ်များ ဖျတ်ခနဲ ဖျတ်ခနဲ ရွေ့လျားသွားပြီး ချင်မူ၏ ဘေးသို့ ရောက်ရှိလာကြသည်။ ထိုသူများက ခြေလက် မရှိသည့် ရွာလူကြီး၊ မျက်နှာမဲ့ ဆေးဆရာ၊ ရွှေအနှင့် ကျန်သူများ ဖြစ်သည်။
သို့သော်လည်း မျက်ကန်းတော့ ပါမလာချေ။ သူက လောင်းကစားရုံမှ လူများနှင့်အတူ မြို့လယ်ရင်ပြင်သို့ ပါသွားဟန် ရှိ၏။
"ဘုရားရေ..."
ဆေးဆရာက အနက်ရောင် အစက်အပြောက်လေးကို ကြည့်၍ အလွန်တရာ အံ့ဩ တုန်လှုပ်သွားပြီး ရေရွတ်လိုက်သည်။ "ဘယ်လောက်တောင် ကြီးလိုက်တဲ့ သင်္ဘောကြီးလဲ..."
"ဒဏ္ဍာရီတွေ မှန်နေပြီ... ဒီလို သင်္ဘောမျိုး တကယ် ရှိတာပဲ..."
ရွာလူကြီးကလည်း အံ့အားသင့်သွားပြီး တီးတိုး ရေရွတ်လိုက်သည်။ "ဒီသင်္ဘောက ဒီအချိန်မှ ဘာလို့ ပေါ်လာရတာလဲ..."
ရွှေအမှာလည်း ငေးငိုင်၍ မှင်တက် ကြည့်ရှုနေသည်။
နားကန်းမှာလည်း ငိုင်တွေနေ၏။
"သောက်ချီးတဲ့မှပဲ..." သားသတ်သမားက ဆက်လက်၍ အယုတ္တ အနတ္တများဖြင့် ဆဲဆို ရေရွတ်နေသည်။
ချင်မူက သူ၏ ကောင်းကင်မျက်လုံးကို ဖွင့်လှစ်၍ ထိုအနက်ပြောက်ကို ကြည့်ရှုရန် ကြိုးစားလိုက်သော်လည်း သဲသဲကွဲကွဲ မမြင်ရချေ။ တဖြည်းဖြည်းနှင့် ထိုအနက်ပြောက်က ကြီးသည်ထက် ကြီးလာသည်။ မကြာမီပင် သုံးကိုက်ခန့် ရှည်သည့် အနက်ရောင် အဝိုင်းပြား တစ်ချပ် ဖြစ်လာ၏။
များစွာ မကြာလိုက်ဘဲ ထိုအနက်ရောင် အဝိုင်းပြားမှာ စတုရန်းကိုက် ရာပေါင်းများစွာထိ အရွယ်အစား ကြီးမားလာသည်။
အောက်ဘက် မြေပြင်မှာ တဆတ်ဆတ် တုန်ခါလာ၏။ ချင်မူမှာ တစ်စထက် တစ်စ ပြင်းထန်လာသည့် တုန်ခါမှုများကြောင့် သူ့ခြေထောက်များပင် ထုံကျဉ်လာသကဲ့သို့ ခံစားမိလိုက်သည်။ လွန်စွာ ကြီးမားသော သတ္တဝါကြီး တစ်ကောင်က အဆက်မပြတ် ပြေးလွှားလာသည်နှင့်ပင် အလားသဏ္ဌာန် တူလာ၏။
ပတ်ဝန်းကျင် လေထုမှာ နေခြစ်ခြစ်တောက် ပူလောင်နေသကဲ့သို့ အပူချိန် တဖြည်းဖြည်း မြင့်တက်လာကြောင်း ခံစားလိုက်မိသည်။ သို့သော်လည်း ဤအချိန်က နွေဦးပေါက်စသာ ရှိသေးပြီး နွေရာသီသို့ ရောက်ရန် နှစ်လခန့် လိုသေးသည်။
ထို့နောက်တွင်တော့ ချင်မူသည်လည်း ရွာလူကြီးနှင့် အခြားသူများ မြင်ရသည်ကို မြင်လိုက်ရ၏။
သင်္ဘော တစ်စီးက ကြယ်ပင်လယ်မှ ထွက်ပေါ်လာပြီး နယ်စပ်နဂါးမြို့နှင့် နီးသည်ထက် နီးကပ်လာသည်။
ထိုအရာက တကယ်ပင် ရွေ့လျားနေသည့် သင်္ဘော တစ်စီး ဖြစ်သည်။ သင်္ဘော၏ အပေါ်ဘက်နားတွင်တော့ အနက်ရောင်လုံးကြီး တစ်လုံး လွင့်မျောနေပြီး ၎င်းမှာလည်း တစ်စထက် တစ်စ ကြီးမားလာနေသည်။
ချင်မူ၏ အမူအရာ အကြီးအကျယ် ပျက်ယွင်းသွားပြီး သူ့ရင်ထဲတွင် အဆပေါင်းများစွာ ထိတ်လန့် တုန်လှုပ်သွားသည်။ အတန်ကြာပြီးသောအခါမှသာ လေပူတစ်ချက် မှုတ်ထုတ်လိုက်ပြီး အံကြိတ်လိုက်မိ၏။ "သောက်ချီးတဲ့မှပဲ..."
သားသတ်သမားက သူ့ကို စိုက်ကြည့်လိုက်၏။ "ကလေးတွေက အဲလို အယုတ္တ အနတ္တတွေ မဆဲရဘူး...၊ သောက်ခွေးတဲ့မှပဲ... ဘယ်လိုဟာကြီး ပေါ်လာတာလဲဟ..."
တဖြည်းဖြည်း ချဉ်းကပ်လာနေသည့် သင်္ဘောကြီးမှာ အလွန်တရာ ကြီးမားလှသည်။ ထိုသင်္ဘောကြီးမှာ အလွန်တရာ မြင့်မား ခမ်းနားသော မီးတောင်ကြီး တစ်လုံး ဖြစ်ပြီး မီးတောက်မီးလျှံများ၊ မီးခိုးငွေ့များ တလူလူ ထွက်နေသည်။ လျှပ်စီးကြောင်းများကလည်း ထိုမီးခိုးငွေ့များကြားတွင် တဖျတ်ဖျတ် လက်နေပြီး မီးပွင့်များ တဖွားဖွား ကျနေ၏။
ထိုတောင်ကြီး၏ ပုံသဏ္ဌာန်ကလည်း လွန်စွာ ထူးခြားလှပြီး တောင်ထွတ် မရှိချေ။ အဝေးမှ လှမ်းကြည့်လျှင် သင်္ဘော တစ်စီး၏ ပုံသဏ္ဌာန်နှင့် တူပြီး တောင်ထိပ်ပိုင်းတွင် ခမ်းနားထည်ဝါသော နန်းတော်ကြီးများကို တဝင်းဝင်းတလက်လက် မြင်တွေ့ရသည်။ ထူထဲသော မီးခိုးငွေ့များ ဖုံးလွှမ်းနေသော်လည်း ထိုနန်းတော်ရာများက ရွှေရောင် ဝင်းလက်တောက်ပနေပြီး လွန်စွာ ကျက်သရေ ရှိလှ၏။
ထိုသင်္ဘောပေါ်တွင် လူပေါင်း ဒါဇင်ချီ လက်ချင်း ဆက်၍ ဖက်မှ တစ်ပတ်ပတ် မိနိုင်လောက်သော သံကြိုးတုတ်တုတ်ကြီးက စွန်ကြိုးများသဖွယ် လေထဲသို့ မျောလွင့်နေသည်။ ထိုသံကြိုးကြီးများက လွန်စွာ ကြီးမား နက်မှောင်သည့် အလုံးကြီး တစ်လုံးကို ချည်နှောင် ချိတ်ဆွဲထားသည်။ ကောင်းကင်ယံတွင် ရွေ့လျားသွားလာသည့်အခါ ထိုသံကြိုးများ အချင်းချင်း ပွတ်တိုက်၍ တချွင်ချွင် အသံများ ထွက်ပေါ်နေ၏။
ကြီးမား နက်မှောင်သည့် အလုံးကြီးမှာလည်း တရွေ့ရွေ့ ဆွဲယူခံရသဖြင့် ဂျိုးဂျိုးဂျိမ့်ဂျိမ့် အသံများ ထွက်ပေါ်နေပြီး ၎င်းထံမှ တုန်ခါမှုကြောင့် လေထုပင် တဝီဝီ မြည်လာသည်။
ထိုအခိုက်၌ သင်္ဘောကြီးက မာန်ဟုန်မြစ်ကြောင်း တစ်လျှောက် စုန်ဆင်းလာသဖြင့် မဟာမြို့ပျက်၏ မြစ်မကြီးမှာ အပူရှိန်ဒဏ်ကြောင့် ရေများ ဆူပွက် ခန်းခြောက်သွားသည်။ မြစ်နေ ရေသတ္တဝါများနှင့် ငါးကြီးများမှာလည်း မြစ်ကမ်းပေါ်သို့ ခုန်တက်၍ ထွက်ပြေးသွားကြတော့၏။
"ဒါက..."
ချင်မူ တစ်ခဏမျှ မှင်တက်မိသွားပြီး လွှတ်ခနဲ အော်ဟစ်လိုက်မိသည်။ "နေသင်္ဘောပဲ..."