← Chapters

မဟာမြို့ပျက်၏နေထိန်းကျောင်းသူများ

Vol. 6 Ch. 79

မဟာမြို့ပျက်၏နေထိန်းကျောင်းသူများ

Vol. 6 Ch. 79

ရွာလူကြီး၊ ဆေးဆရာနှင့် ကျန်သူများ အားလုံးက သူ့ကို တအံ့တဩ လှည့်ကြည့်လိုက်မိကြသည်။ ဆေးဆရာက မေးလိုက်၏။ "မူအာ... မင်း အရင်က ဒီသင်္ဘောကို မြင်ဖူးတာလား..."

"ကျွန်တော် မဟာမြို့ပျက်ရဲ့ မြေပုံထဲမှာ မြင်ဖူးတာပါ..."

ချင်မူမှာလည်း စိတ်ရော ကိုယ်ပါ တုန်လှုပ်ချောက်ချားနေမိသည်။ ဤသင်္ဘောကဲ့သို့သော အရာကြီးက ကြမ္မာဆိုးနှိမ် နန်းတော် အတွင်းရှိ မြေပုံပေါ်တွင် သူ မြင်တွေ့ခဲ့ရသော နေသင်္ဘော ဖြစ်ပေလိမ့်မည်။

နေသင်္ဘော ဟူသော စကားလုံးကို မြင်တွေ့စက အဘယ်ကြောင့် ထိုသို့ ခေါ်တွင်မှန်း စဉ်းစားမရခဲ့ချေ။ ယခုတော့ သူ သိသွားချေပြီ။

နေသင်္ဘောက နေမင်းကြီးကို ဆွဲယူလာသော သင်္ဘော ဖြစ်၏။

နေမင်းကြီးက နေသင်္ဘော၏ နောက်တွင် သံကြိုးများဖြင့် ချိတ်နှောင် ဆွဲယူလာသော အနက်ရောင် အလုံးကြီး ဖြစ်ပေလိမ့်မည်။

ထိုအနက်ရောင်လုံးကြီးက ငြိမ်းသေသွားသည့် နေမင်းကြီး ဖြစ်၏။

မဟာမြို့ပျက်သို့ အမှောင်ထုကြီး မကျရောက်လာမီက နေသင်္ဘာမှာ တရှိန်ရှိန် တောက်လောင်နေသော နေလုံးကြီးကို ဆွဲယူ၍ မဟာမြို့ပျက် တစ်လျှောက် လှည့်လည် ခရီးနှင်ခဲ့ဟန် တူသည်။

ချင်မူမှာ ပြောစရာ စကား ရှာမရ ဖြစ်နေသည်။ နေသင်္ဘော ဆွဲလာသည့် နေလုံးကြီးက အဘယ်ကြောင့် ငြိမ်းသေသွားခဲ့ရသနည်း။

နေသင်္ဘောက နေကို ဆွဲသည် ဆိုလျှင် မြေပုံပေါ်တွင် မှတ်တမ်းတင်ထားသည့် လသင်္ဘောကရော မည်သို့ ရှိလိမ့်မည်နည်း။ လကို ဆွဲယူလာသည့် သင်္ဘောကြီး တစ်စီး ဖြစ်ချေလိမ့်မည်လား...။

ထို့ပြင် နေရေတွင်းကရော မည်သည့် နေရာတွင် ရှိနေမည်နည်း။ လရေတွင်းမှာရော အဘယ်သို့ ရှိမည်နည်း။

ဘုန်း...၊ ဘုန်း...။

ထိုသင်္ဘောကြီးက တဖြည်းဖြည်း နီးကပ်လာသည်။ ၎င်းမှာ မယုံနိုင်ဖွယ်ကောင်းလောက်အောင်ပင် ခြေထောက်များ ပေါက်နေပြီး ထိုခြေထောက်များက တိုင်လုံးကြီးများကဲ့သို့ ကြီးမားတုတ်ခိုင်၏။ ၎င်းခြေထောက်ကြီးများက မီးတောင်ချော်ကျောက်များဖြင့် ဖွဲ့စည်းထားပြီး ထိုမီးတောင်ချော်ကျောက်များ၏ အက်ကွဲကြောင်းများ၌ မီးလျှံ အလင်းရောင်များကိုပင် မြင်တွေ့နေရသည်။

ထိုမီးလျှံ အလင်းရောင်များက ချော်ရည်ပူများ ဖြစ်ပြီး နေသင်္ဘောတစ်လျှောက် စီးဆင်းနေသည့် သွေးများနှင့် အလားသဏ္ဌာန် တူလေသည်။

ဤကြီးမားသော သင်္ဘောကြီးတွင် ရာသီစက်ဝန်း နှစ်ဆယ့်လေးသွယ်ကို ကိုယ်စားပြုသည့် ခြေချောင်း နှစ်ဆယ့်လေးချောင်း ရှိနေ၏။

ထိုခြေထောက်ကြီးများက လွန်စွာ တုတ်ခိုင် လေးလံဟန် ပေါက်သော်လည်း ​ခြေတစ်လှမ်း၊ တစ်လှမ်းတွင် နှစ်မိုင်ခန့်ထိ သွားလာနိုင်၏။

ဤမျှ ကြီးမားသော အရာဝတ္ထုကြီး ရုတ်တရက် ပေါ်ထွက်လာခြင်းက အလွန်တရာ တုန်လှုပ်ချောက်ချားဖွယ် ကောင်းလှသည်။

နားကန်းက ခြေဟန် လက်ဟန်ဖြင့် ပြောနေသော ရွှေအကို ကြည့်၍ ဘာသာပြန်ပေးလိုက်၏။ "ဒါက တကယ့် နေမင်းကြီး မဟုတ်ဘူး... အမှောင်ထုကြီး မကျရောက်ခင်က လူတွေ ဖန်တီးထားတဲ့ ရတနာ တစ်ပါး ဖြစ်လိမ့်မယ် ဟုတ်လား... ရွှေအ... မင်း ပြောတာ ဖြစ်နိုင်တယ်..."

ကြီးမားလှသော နေသင်္ဘောကြီးက နယ်စပ်နဂါးမြို့နှင့် နီးသည်ထက် နီးကပ်လာပြီး လေထုမှာလည်း တစ်စထက် တစ်စ ပူလောင်ခြောက်သွေ့လာသည်။ ချင်မူ ခေါင်းမော့ကြည့်လိုက်သော်လည်း သင်္ဘော၏ ထိပ်ဖျားကို မမြင်ရချေ။

ဤသင်္ဘောကြီးက ကြီးလွန်းလှ၏။

သူ့အကြည့်က တပြောင်ပြောင် တလက်လက် ရှိနေသော နန်းတော်ရာများထံ ကျရောက်သွားသည်။ ၎င်းတို့က ပုံမှန်အတိုင်းသာ ထင်ရ၏။ သို့သော်လည်း ဤမျှ ဝေးကွာသော နေရာမှ ပုံမှန်အတိုင်း ထင်ရအောင် မြင်နေခြင်းကိုက ပုံမှန်မဟုတ်ချေ။ သူသာ ထိုနန်းတော်ရာများ၏ ရှေ့သို့ လျှောက်လှမ်းသွားခဲ့လျှင် အလွန်တရာ အရွယ်အစား ကြီးမားမည်မှာ ကျိန်းသေပေသည်။ လူတစ်ယောက်၏ အရွယ်အစားပင် အရုပ်သေးသေးလေးသဖွယ် ဖြစ်သွားနိုင်၏။

"ဒါက နတ်ဘုရား မျိုးနွယ်တွေ နားခိုတဲ့ နေရာပဲ..."

ရွာလူကြီးက ခပ်တိုးတိုး ပြောလိုက်သည်။ "ငါ ကြားဖူးတာတော့ အဲဒီ မျိုးနွယ်တွေကို နေထိန်းကျောင်းသူတွေလို့ ခေါ်ပြီး သူတို့ရဲ့ နတ်ဘုရားကို နေစောင့်ရှောက်သူလို့ ခေါ်ကြတယ်..."

"နေထိန်းကျောင်းသူ ဟုတ်လား..."

အားလုံးမှာ ပါးစပ် အဟောင်းသား ဖြစ်သွားကြသည်။ သူတို့ရွာ၌ ရွာလူကြီးက မဟာမြို့ပျက်တွင် အကြာရှည်ဆုံး နေထိုင်ခဲ့သူ ဖြစ်သည်။ သူက ဤနေရာတွင် နှစ်ပေါင်း ရာချီအောင် နေထိုင်ခဲ့ပြီး အသိအမြင် အများဆုံး ဖြစ်သည်။ သူသည်လည်း နေသင်္ဘောအကြောင်း ကြားဖူး၍ လျှို့ဝှက်ချက် အချို့ကို သိရှိခဲ့ဟန် တူ၏။

"သင်္ဘောပေါ်မှာ နေထိန်းကျောင်းသူတွေရဲ့ မျိုးဆက်တွေ ရှိသေးသလား မသိဘူး... နေစောင့်ရှောက်သူရော ရှိသေးဦးမလား..." ရွာလူကြီးက တီးတိုး ရေရွတ်လိုက်၏။

နေသင်္ဘောက နယ်စပ်နဂါးမြို့ဘေးမှ ဖြတ်သန်းသွားပြီး ထာဝရ ငြိမ်းချမ်းရေး အင်ပါယာ၏ ခန့်ညား ထည်ဝါလှသော တပ်မကြီးဆီသို့ ရွေ့လျားသွားသည်။ ၎င်းက အလွန်တရာ ခမ်းနားထည်ဝါပြီး ရင်သပ်ရှုမောဖွယ်ရာ ကောင်းလွန်းလှသည့် မြင်ကွင်း ဖြစ်သဖြင့် စစ်သည်များမှာ ရှေ့သို့ ဆက်လက် ချီတက်ရန် မေ့လျော့ပြီး ထိုကြီးမားသည့် အရာဝတ္ထုကြီးကို စိတ်လွတ်ကိုယ်လွတ် ငေးမော ကြည့်ရှုနေမိကြသည်။

လွန်စွာ ကြောက်ဖို့ ကောင်း၏။ လွန်စွာ တုန်လှုပ်ချောက်ချားဖွယ် ကောင်း၏။

ဘုန်း...။

နေသင်္ဘောမှ ခြေထောက်ကြီး တစ်ချောင်းက ကျဆင်းလာပြီး ထိုတောင်လုံးကြီးသဖွယ် ခြေထောက်ကြီးက မရေမတွက်နိုင်သော စစ်သည်များကို ရွှံ့တုံးသဖွယ် နင်းချေပစ်သည်။ ထိုခြေထောက်ကြီး ပြန်မြောက်တက်သွားသောအခါ ၎င်းခြေချခဲ့သော နေရာ၌ ရေအိုင်ငယ်တစ်ခု ဖြစ်ကျန်ခဲ့၏။

"မြန်မြန်ပြေး... မသေချင်ရင် ပြေး..."

ထိုအခါမှသာ တစ်စုံတစ်ယောက်က သတိဝင်လာပြီး နောက်ပြန်ပြေး၍ စူးစူးဝါးဝါး အော်ဟစ်လိုက်သည်။ နောက်ဘက်ရှိ စစ်သည်များမှာ ကြောင်ငေးလျက် ရှိနေသေးသဖြင့် တစ်ယောက်နှင့် တစ်ယောက် တိုးဝှေ့ နင်းချေမိကြကုန်၏။ နောက်ဘက်မှ လူများ သတိဝင်လာပြီး ဖြန့်ပြေးကြရန် ပြင်လိုက်ကြသောအခါ နောက်ကျသွားချေပြီ။

ကြီးမားလှသော နေသင်္ဘောကြီးက ထာဝရ ငြိမ်းချမ်းရေး အင်ပါယာ တပ်ဖွဲ့များ ဆုတ်ခွာသွားသည့် လမ်းအတိုင်း လိုက်ပါသွားပြီး မရေမတွက်နိုင်သော စစ်သည်များကို နင်းချေပစ်သည်။ တပ်မှူး၊ စစ်သည်များထံမှ ကောင်းကင်နတ်သိုင်းများ၊ ဓားပျံများ ပျံဝဲထွက်ပေါ်လာပြီး တိုက်ခိုက်လိုက်ကြသော်လည်း ဤသင်္ဘောကြီးက တုပ်တုပ်မျှပင် မလှုပ်ချေ။

တပ်ဖွဲ့ နှစ်ခုက တစ်ဖွဲ့တည်း ပေါင်းထားသည် ဖြစ်၍ လူဦးရေက အလွန်တရာ များပြားနေ၏။ သူတို့အနေဖြင့် ထွက်ပြေးချင်လျှင်တောင်မှ ထွက်ပြေးစရာ လမ်းမရှိချေ။ ကောင်းကင်နတ်သိုင်း ပညာရှင်များက လေထဲတွင် ပျံဝဲနေကြသော်လည်း နေသင်္ဘောကြီး ခြေထောက်များက ပင့်မြှောက်လာပြီး ၎င်းတို့ကို ယင်ကောင်များ ရိုက်ချသကဲ့သို့ အလွယ်တူ တိုးတိုက်ချသွားသည်။

ကြီးမားသော နေသင်္ဘောကြီးက ရှေ့ဆက်တိုးလာပြီး လမ်းတစ်လျှောက်ရှိ စစ်သည်များကို မရေမတွက်နိုင်အောင် နင်းချေသွားသည်။ တပ်မှူးလုက နေသင်္ဘောကို တိုက်ခိုက်ရန် ကြိုးစားသော်လည်း ခါချဉ်ကောင် မာန်ကြီး၍ တောင်ကြီးကို ဖြိုမည် ကြံသကဲ့သို့သာ ဖြစ်ပြီး ဤကြီးမားလှသော သင်္ဘောကြီးကို အနည်းငယ်မျှပင် လှုပ်ခါစေနိုင်ခဲ့ခြင်း မရှိချေ။

ထာဝရ ငြိမ်းချမ်းရေး အင်ပါယာ၏ နယ်စပ်စည်း၌ ဓားရောင်များ လက်သွားပြီး ခမ်းနားထည်ဝါလှသည့် တောင်သင်္ဘောကြီးကို ခုတ်ပိုင်းချလိုက်ကြသည်။ မီးပွင့်များက တဖွားဖွား လွင့်ပျံသွားသော်လည်း ထိုသင်္ဘောကြီးကို မည်သို့မျှ ထိခိုက်စေနိုင်ခြင်း မရှိခဲ့ကြပေ။ ရတနာဓားပျံများကို ပြန်သိမ်းယူလိုက်ကြသောအခါ နယ်စပ်စည်းမှ အဆင့်မြင့် ပညာရှင်များ၏ မျက်နှာများ အကြီးအကျယ် ပျက်ယွင်းသွားကြသည်။ သူတို့၏ ဓားပျံများက ခြစ်ခြစ်တောက် နီရဲ ပူလောင်နေပြီ အရည်ပျော်စ ပြုနေပြီ ဖြစ်၏။

ထာဝရ ငြိမ်းချမ်းရေး အင်ပါယာ၏ နယ်စပ်စည်းမှ ထောင်ပေါင်းများစွာသော ကောင်းကင်နတ်သိုင်း ပညာရှင်များက မှော်သိုင်းပညာများ ထုတ်သုံး၍ မုန်တိုင်းများ ဖန်တီးလိုက်ကြသည်။ မိုးကြိုးတိမ်တိုက်များက တဂျိုးဂျိုးတဂျိမ့်ဂျိမ့် မြည်ဟည်း ရွေ့လျားသွားသော်လည်း သင်္ဘောအနီးသို့ မရောက်နိုင်မီမှာပင် အပူဒဏ်ကြောင့် ပျက်ပြယ် လွင့်ပါးသွားကြ၏။

နေသင်္ဘောမှ ဆွဲယူလာသော နေမင်းကြီးမှာ ငြိမ်းသေနေသော နေမင်း ဖြစ်သော်လည်း နေမင်း တစ်စင်းသာ ဖြစ်သည် မဟုတ်လား...။ ၎င်း၏ အပူစွမ်းအင်က လွန်စွာ အင်အားကြီးမားလှသည်။

ထိုသင်္ဘောကြီးက ခြေထောက် ဆယ့်နှစ်စုံ ရှိသဖြင့် အလွန်တရာ လျင်မြန်စွာ ရွေ့လျားနိုင်သည်။ များစွာ မကြာလိုက်ဘဲ ၎င်းက နယ်စပ်စည်းအထိ ရောက်လာ၏။ တကျွီကျွီ မြည်သော အသံများက လေထုကို ထွင်းဖောက် ထွက်ပေါ်လာပြီး နေသင်္ဘောကြီးမှာ တဖြည်းဖြည်း ရပ်တန့်သွားသည်။

လေထု တုန်ခါသံ တဝီဝီ ထွက်ပေါ်လာပြီး အနက်ရောင် နေမင်းကြီးက ရှေ့သို့ တရွေ့ရွေ့ မျောလွင့်၍ ထာဝရ ငြိမ်းချမ်းရေး အင်ပါယာ၏ နယ်နိမိတ်စည်းကို ကျော်လွန်သွားလုနီးပါး ဖြစ်သွားသည်။

နယ်စပ်စည်း၌ မရေမတွက်နိုင်သော စစ်သည်များက ကောင်းကင်ယံသို့ မှင်တက် ငေးစိုက်၍ သူတို့ရှေ့မှ ကြီးမားလှသော အရာဝတ္ထုကြီးကို ကြည့်နေမိကြသည်။ နယ်စပ် စည်းရိုးက အလွန်တရာ ခမ်းနား ထည်ဝါလှသော်လည်း သူတို့၏ မျက်စိ ရှေ့မှောက်မှ ဤအရာဝတ္ထုကြီးနှင့် ယှဉ်လိုက်သောအခါ ကစားစရာ အရုပ်သေးသေးလေးများသဖွယ် ဖြစ်သွားသည်။

အချို့ နန်းတွင်းအရာရှိများမှာ မျက်နှာများ ဖြူဖျော့၍ ကြောက်ဒူး တဆတ်ဆတ် တုန်ကာ မတ်မတ်ပင် မရပ်နိုင်ကြတော့ချေ။ နယ်စပ်စည်းရှိ စစ်သည်များကတော့ သူတို့ ရှေ့မှ မြင်ကွင်းကို အကြောင်သား ငေးစိုက်ကြည့်၍ ကျင်ကြီး ကျင်ငယ် ထွက်ကျသည်အထိ ကြောက်ရွံ့တုန်လှုပ်နေကြ၏။

"အမှောင်ထုကြီး မကျရောက်ခင်က မျိုးနွယ်တွေ ဖန်တီးခဲ့တဲ့ နေသင်္ဘောက တကယ့်ကို ထူးကဲတာပဲ..."

ထာဝရ ငြိမ်းချမ်းရေး အင်ပါယာ၏ ဧကရာဇ် အတိုင်ပင်ခံက အဆောက်အဦပေါ်တွင် ရပ်၍ နေသင်္ဘောကို မော့ကြည့်လိုက်သည်။ ဤခန့်ညားထည်ဝါလှသော သင်္ဘောကြီးက အားလုံးသော သူများအပေါ် ကြီးစွာသော ဖိအား သက်ရောက်နေပြီး သူသည်ပင် အနည်းငယ်မှ တုန်လှုပ်မိ၏။

နေသင်္ဘော၏ ထိပ်ဖျားရှိ နန်းတော်ရာများ ရှေ့တွင် ပုံရိပ်တစ်ခု မတ်မတ်ရပ်နေသည်ကို သူ တွေ့လိုက်ရ၏။

သူ့ခေါင်းကို မော့၍ အနက်ရောင် နေလုံးကြီးကို ကြည့်လိုက်သည်။

ဤအနက်ရောင် နေလုံးကြီးက တကယ့် နေလုံးလောက် မကြီးမားသော်လည်း အတော်လေး တုန်လှုပ်ချောက်ချားဖွယ်ရာ ကောင်းသေး၏။ ဤနေမင်းကြီးသာ ပြန်လည်၍ တဟုန်းဟုန်း တောက်လောင်လာလျှင် မည်မျှ ရင်သပ်ရှုမောဖွယ်ရာ ကောင်းမည်ကို တွေးကြည့်နိုင်ပေသည်။

ဤနေလုံးကြီးက ငြိမ်းသေနေသော်လည်း ထာဝရ ငြိမ်းချမ်းရေး အင်ပါယာ၏ တပ်ဖွဲ့များသာ ဤမျှ ကြီးမားသော အရာဝတ္ထုကြီးနှင့် ထိပ်တိုက် ရင်ဆိုင်တွေ့ခဲ့လျှင် လှည်းဘီးကို ဟန့်တား ရပ်တန့်စေချင်ခဲ့သော နှံကောင်ကဲ့သို့ ကိုယ့်အစွမ်းအစကိုယ် အထင်ကြီးလွန်းနေခြင်းသာ ဖြစ်ပေလိမ့်မည်။

နေသင်္ဘောပေါ်မှ စိမ့်ဖြာကျလာသော ကောင်းကင်ဘုံ စွမ်းအင်များကို သူ ခံစားမိ၏။

"အသက်ရှင်လျက် ရှိနေသေးတဲ့ ကောင်းကင်နတ်ဘုရားတွေ ရှိနေသေးတာပဲ... မဟာမြို့ပျက်ကို မဆင်မခြင် ခြေချလို့ မရနိုင်ဘူး..."

ဧကရာဇ် အတိုင်ပင်ခံက သူ့လက်ကို မြှောက်၍ အမိန့်ပေးလိုက်၏။ "ပြန်ဆုတ်ဖို့ အမိန့်ပေးလိုက်... နောက် အနှစ်ငါးဆယ်အတွင်း မဟာမြို့ပျက်ကို ခြေမချသေးဘူး..."

သူ့နောက်မှ တပ်မှူးများ၏ ရင်ထဲတွင် တုန်လှုပ်သွားပြီး တစ်မဟုတ်ချင်း ဆင့်ကဲ အမိန့်ပေးလိုက်ကြသည်။

ထာဝရ ငြိမ်းချမ်းရေး အင်ပါယာ၏ ဧကရာဇ် အတိုင်ပင်ခံက ခေါင်းမော့ ကြည့်ရှုလိုက်ပြီး သူ့အကြည့်များက နန်းတော်ရာများထံ ကျရောက်သွားသည်။ ထို့နောက် သူက တီးတိုး ရေရွတ်လိုက်၏။ "နေသင်္ဘောက မဟာမြို့ပျက်ကို ထာဝရ မကာကွယ်နိုင်ပါဘူး... ကောင်းကင်နတ်ဘုရားတွေတောင် တစ်နေ့ သေရမှာပဲ... နေထိန်း​ကျောင်းသူတွေက တစ်စထက် တစ်စ နိမ့်ပါးလာနေတဲ့ မျိုးနွယ်တစ်ခု သက်သက်ပဲ... နောင်နှစ်ငါးဆယ် ကြာတဲ့အခါ ငါ့ရဲ့ ထာဝရ ငြိမ်းချမ်းရေး အင်ပါယာက မဟာမြို့ပျက်ကို သိမ်းသွင်းနိုင်မယ့် အင်အား ရှိလာလိမ့်မယ်... အခုလောလောဆယ် သူတို့နဲ့ ထိပ်တိုက် မတွေ့သေးတာ အကောင်းဆုံးပဲ..."

ထို့နောက် သူက နောက်ပြန်လှည့်၍ နယ်စပ်စည်းရိုး မျှော်စင်ပေါ်မှ ဆင်းသက်လာခဲ့သည်။

စစ်ချီတက်ခြင်းကို ရပ်တန့်၍ နောက်ပြန်ဆုတ်ရန် အချက်ပေးသည့် အရေးပေါ် အချက်ပေး မောင်းသံများက တဒူဒူ ထွက်ပေါ်လာသည်။ နယ်စပ်စည်း အပြင်ဘက်ရှိ စစ်သည်များမှာ ထိုမောင်းသံကို ကြားသည့်အခါမှ အလုံးကြီး ကျသွားကြပြီး နယ်စပ်စည်းရိုးဆီသို့ ပြန်ပြေးလာကြ၏။

ကြီးမားလှသော နေသင်္ဘောကြီးမှာ သူ၏ ခြေထောက်များကို တဖြည်းဖြည်း ပင့်မြှောက်၍ နောက်ပြန်လှည့်ကာ နယ်စပ်နဂါးမြို့ဘက်သို့ ပြန်လည်ရွေ့လျားသွားသည်။

များစွာ မကြာလိုက်ဘဲ ထာဝရ ငြိမ်းချမ်းရေး အင်ပါယာ၏ တပ်ဖွဲ့ အကြွင်းအကျန်များ အားလုံး နယ်စပ် စည်းရိုးအတွင်း ပြန်ရောက်သွားကြပြီး နေသင်္ဘောမှာလည်း နယ်စပ်နဂါးမြို့၏ နယ်နိမိတ်သို့ ရောက်ရှိလာ၏။ ချင်မူ ခေါင်းမော့ကြည့်လိုက်သောအခါ မိုးထိုးနေသည့် သင်္ဘောကြီးက အနက်ရောင် နေမင်းကြီးကို ဆွဲယူလာကြောင်း တွေ့လိုက်ရသည်။

နေသင်္ဘောက ရပ်တန့်သွားပြီး ခြေချောင်း နှစ်ဆယ့်လေးချောင်းက တဖြည်းဖြည်း ကွေးညွတ်၍ ထိုင်ချလိုက်၏။

နဂါးတိုင်လုံးပေါ်မှ အားလုံး၏ မျက်နှာတွင် ထူးဆန်းသော အမူအရာများ ပေါ်ထွက်လာသည်။ ဤနေသင်္ဘောက သင်္ဘောတစ်စီးနှင့် မတူပြီး ခြေချောင်း နှစ်ဆယ့်လေးချောင်း ရှိသည့် သက်ရှိသတ္တဝါကြီး တစ်ကောင်နှင့် ပိုတူလေသည်။

ထိုသင်္ဘောကြီးက နယ်စပ်နဂါးမြို့နှင့် လွန်စွာ နီးကပ်နေသဖြင့် အပူလှိုင်းများက မြို့ဘက်သို့ တရှိန်ရှိန် ဟပ်နေသည်။ မြို့ရိုးနံရံများပင် ခြစ်ခြစ်တောက် နီရဲ ပူလောင်နေပြီး အချိန်မရွေး အရည်ပျော်ကျသွားတော့မည်ကဲ့သို့ ရှိ၏။

၎င်းက ချက်ချင်း ထွက်ခွာ မသွားသေးသည်မှာ ထာဝရ ငြိမ်းချမ်းရေး အင်ပါယာ၏ တပ်ဖွဲ့များ အပြီးအပိုင် ဆုတ်ခွာသွားသည်အထိ စောင့်နေခြင်း ဖြစ်ချေလိမ့်မည်။

"သင်္ဘောပေါ်မှာ နေစောင့်ရှောက်သူ ရှိနေသေးလား မသိဘူး..." ချင်မူက တီးတိုး ရေရွတ်လိုက်မိသည်။

"ရှိနေသေးတယ်... နတ်ဘုရား အရှိန်အဝါ အငွေ့အသက်ကို ငါ ခံစားရတယ်..."

ရွာလူကြီးက တည်ကြည်လေးနက်သော အမူအရာ ရှိနေသည်။ "ထာဝရ ငြိမ်းချမ်းရေး အင်ပါယာ ဧကရာဇ် အတိုင်ပင်ခံက အရှုံးကို ရှောင်လွှဲနိုင်ဖို့ ဆုတ်မိန့်ကို ခက်ခက်ခဲခဲ ချခဲ့ရတာ... နောက်ထပ် နှစ်ပေါင်း ဒါဇင်ချီအတွင်းတော့ သူ ပြန်ခြေချဦးမှာ မဟုတ်သေးဘူး... သားသတ်သမား... မင်းရဲ့ ဓားမတွေကို ပြန်နုတ်ယူလိုက်ဦး... မဟုတ်ရင် ဒီက နဂါးတိုင်လုံးတွေ အကုန် ပျက်စီးသွားလိမ့်မယ်..."

သားသတ်သမားက ခေါင်းညိတ်၍ နေသင်္ဘောကို စိတ်လှုပ်ရှားစွာ ကြည့်လိုက်သည်။ "ကျုပ်တို့က ဒီတိုက်ပွဲအတွက် အကြာကြီး ပြင်ဆင်ခဲ့ရတာ... အခု ထာဝရ ငြိမ်းချမ်းရေး အင်ပါယာ ဧကရာဇ် အတိုင်ပင်ခံကို နေစောင့်ရှောက်သူက ခြောက်ထုတ်လိုက်တော့ ကျုပ်တို့ မိတ်တွေဟောင်းကြီးနဲ့ တိုက်ခိုက်ဖို့ အခွင့်အရေး မရတော့ဘူး... ကျုပ်တို့ သင်္ဘောပေါ်တက်ပြီး အဲဒီ နတ်ဘုရားနဲ့ သွားတိုက်ကြရင် မကောင်းဘူးလား..."

အားလုံး၏ မျက်နှာတွင် တစ်မျိုးတစ်မည်သော အမူအရာ ပေါ်ထွက်လာပြီး ခေါင်းခါယမ်းလိုက်ကြသည်။ ဤအရူးက တကယ့်ကို ပြဿနာ မီးခွက်ထွန်းရှာနေ၏။ သင်္ဘောပေါ်တွင် နေစောင့်ရှောက်သူ ရှိနေသေးလျှင် သားသတ်သမားမှာ ကိုယ်တစ်ပိုင်းသာ ရှိတော့သည့် အနေအထားနှင့် ပြေးတက်တိုက်ခိုက်ပြီး စိစိညက်ညက်ကြေအောင် နင်းခြေသတ်ဖြတ်ခြင်း ခံလိုက်ရပေလိမ့်မည်။

ရွာလူကြီးနှင့် ကျန်သူများက နဂါးတိုင်လုံးပေါ်မှ ဆင်းလာခဲ့ကြ၏။ ချင်မူက အပေါ်သို့ ဆက်၍ မော့ကြည့်လျက် ရှိသေးပြီး သူ့အကြည့်များ လှုပ်ခတ်သွားသည်။ သူ့အနေဖြင့် ဤခမ်းနားထည်ဝါလှသော သင်္ဘောပေါ်သို့ တက်၍ အပေါ်တွင် ဘာများ ရှိနေသည်နည်းဟု စူးစမ်းလိုစိတ်များ တားမရ ဆီးမရ ထွက်ပေါ်လာသည်။

"နေမင်းကြီးကိုတောင် ဆွဲယူ သွားလာနိုင်တဲ့ ဒီလောက် အရာဝတ္ထုကြီးကို တည်ဆောက်နိုင်တာ ဘယ်လို မျိုးနွယ်စုများလဲ..."

ချင်မူ ထိုသို့ တွေးနေစဉ်၌ သင်္ဘော ထိပ်ဦးပိုင်းမှာ ရုတ်တရက် အောက်ဘက်သို့ စောင်းကျလာသည်။

ချင်မူမှာ ကျောက်ရုပ်သဖွယ် ဖြစ်သွား၏။ အလွန်တရာ ကြီးမားလှသော သင်္ဘောထိပ်ဦးကြီးက နယ်စပ်နဂါးမြို့ တစ်မြို့စာနီးပါး ကျယ်ဝန်းလှသည်။ သင်္ဘောက အလွန်တရာ ပေါ့ပါး၍ အလေးချိန် မရှိသည့်ပမာ ထိပ်ဦးပိုင်းသာ အသာအယာ စောင်းငဲ့လာခြင်း ဖြစ်သည်။

ယခုအခါမှ သင်္ဘော ကုန်းပတ်ပေါ်မှ မြင်ကွင်းများကို သူ မြင်လိုက်ရ၏။ ထိုပေါ်တွင် တကယ့် တောင်တန်းများ၊ မြစ်ပြင်များ၊ မြက်ခင်းများနှင့် ပန်းပင်များ ရှိနေသည်။ ခမ်းနားထည်ဝါသော နန်းဆောင်ကြီးက မြင့်မား မတ်စောက်လှပြီး နတ်ဝိဇ္ဇာ တန်ခိုးရှင်တို့၏ အထွတ်အမြတ် နေရာတစ်ခုကဲ့သို့ တည်ရှိနေ၏။ ထို့အပြင် လွန်စွာ အရပ်မြင့်မားလှသော လူရှည်ကြီးများလည်း ရှိနေသည်။ အရပ်ရှည်၍ ထွားကြိုင်းလှသည် ဆိုသော ဆေးဆရာပင် သူတို့နှင့် ယှဉ်လိုက်လျှင် ကလေးလေးပမာ ဖြစ်သွားပေလိမ့်မည်။

ချင်မူက ထိုလူများ၏ အရပ်အမောင်းကို ခန့်မှန်းကြည့်လိုက်၏။ သူတို့၏ အရပ်အမောင်းက အနည်းဆုံး ကိုက်သုံးဆယ်ခန့် ရှိမည် ဖြစ်ပြီး ကောင်းကင်နတ်ဆိုးဂိုဏ်းမှ လူ့ဘီလူးကြီးများနှင့် တန်းတူခန့် ဖြစ်ချေလိမ့်မည်။

ထူးဆန်းသည်မှာ သင်္ဘော ထိပ်ဦးပိုင်းက စောင်းငဲ့ထားသော်လည်း သင်္ဘောပေါ်ရှိ ရေကန်များက ရေပြင်ညီအတိုင်း ရှိနေပြီး ဖိတ်စင်ကျခြင်း မရှိချေ။

"နင့်ရဲ့ ကျောက်စိမ်းလည်ဆွဲက အတော်လေး ထူးဆန်းတာပဲ... ထူးကဲတဲ့ အရှိန်အဝါ အငွေ့အသက် တစ်ခု ရှိနေတယ်..."

All Chapters