နေစောင့်ရှောက်သူ
Vol. 6 Ch. 80
နေသင်္ဘော၏ အလယ်မှ ကြည်လင် ရှင်းလင်း၍ ကျယ်လောင်သော အသံတစ်သံ ထွက်ပေါ်လာသည်။ ချင်မူ၏ ရင်ဘတ်ရှေ့မှ ကျောက်စိမ်းလည်ဆွဲက တဖြည်းဖြည်း လေပေါ်သို့ မြောက်တက်လာပြီး နေသင်္ဘောဆီသို့ ပျံဝဲသွားတော့မလို ဖြစ်လာ၏။ ချင်မူ့ ရင်ထဲတွင် ဆတ်ခနဲ တုန်ခါသွားပြီး အသံလာရာဆီသို့ ကြည့်လိုက်သောအခါ ကြီးမားသော လူ့ဘီလူးကြီးက စကားပြောလိုက်ခြင်း ဖြစ်ကြောင်း တွေ့လိုက်ရသည်။ ထိုလူ့ဘီလူးကြီးက အခြားလူ့ဘီလူးများထက် အဆပေါင်း များစွာ ပိုမို မြင့်မားပြီး ကောင်းကင်နတ်ဘုရားမ တစ်ပါးကဲ့သို့ ရှိနေ၏။
သူမ၏ ခြေထောက်များက ပေါင်လည်ကျော်၍ တင်ပါးနား ရောက်သည်အထိ သင်္ဘော ကိုယ်ထည်ထဲသို့ နစ်မြုပ်နေသည်။ သို့တိုင်အောင် သူမ၏ အရပ်အမောင်းက ကိုက်သုံးရာခန့်အထိ မြင့်မားသေး၏။
သူမတွင် လက်လေးဖက် ရှိပြီး လက်တစ်ဖက်စီက တိုင်လုံး တစ်လုံးကျ ဆုပ်ကိုင်ထား၏။ ထိုတိုင်လုံးများတွင် သံကြိုးများ ရစ်ပတ်ထားသည်။ ထိုသံကြိုးများက အနက်ရောင် နေမင်းကြီးကို ကောင်းကင်ယံတွင် ချည်နှောင် ဆွဲယူလာသည့် သံကြိုးများ ဖြစ်သည်။
သူမ၏ ခန္ဓာကိုယ်က မီးစွဲလောင်နေသော လူတစ်ယောက်ကဲ့သို့ မီးတောက်မီးလျှံများ အလျှံတညီးညီး တောက်လောင်နေသည်။ တရှိန်ရှိန် တောက်နေသော မီးလျှံစွမ်းအင်ကြောင့် ချင်မူမှာ သူမကို ငေးစိုက်ကြည့်နေရင်း မီးနှင့် မြှိုက်ခံရသကဲ့သို့ ပူလောင်လာ၏။
ထူးဆန်းသည်မှာ သူမ၏ မျက်နှာသွင်ပြင်က အရွယ်ရောက် မိန်းမပျို တစ်ဦး၏ မျက်နှာမျိုး မဟုတ်ဘဲ သူ့ထက်ပင် ငယ်ရွယ်မည့် မိန်းမငယ်လေး တစ်ယောက်၏ မျက်နှာသွင်ပြင်မျိုး ဖြစ်နေသည်။
သို့သော်လည်း ဤမျှ မြင့်မားကြီးထွားသည့် ခန္ဓာကိုယ်နှင့် အဘယ်သို့ မိန်းမငယ်လေး ဖြစ်နိုင်ပါမည်နည်း။
သူမက လွန်စွာ မောဟိုက် နွမ်းနယ်နေဟန်ဖြင့် အသက်ကို လုရှူနေရသည်။
"အကြီးအကဲက ဒီကျောက်စိမ်းလည်ဆွဲကို သိတာပါလား..."
ချင်မူ၏ ရင်ထဲတွင် လှုပ်ခါသွားပြီး သူ့လည်ပင်းမှ ကျောက်စိမ်းလည်ဆွဲကို ချက်ချင်း ချွတ်လိုက်သည်။ ထို့နောက်တွင် အမျိုးသမီး လူ့ဘီလူးကြီး၏ လက်လေးဖက်စလုံးက ကျောက်တိုင်များ ဆုပ်ကိုင်ထားခြင်းကို လွှတ်လိုက်ပြီး သူမ၏ ခန္ဓာကိုယ်က တဖြည်းဖြည်း ကျုံ့ဝင်လာကြောင်း မြင်တွေ့လိုက်ရသည်။ တစ်ခဏ အကြာ၌ သူမက ကိုက်သုံးရာခန့် မြင့်မားသော လူ့ဘီလူးကြီး အဖြစ်မှ ချင်မူ့အောက် ခေါင်းတစ်လုံး နိမ့်သော မိန်းမငယ်လေး အသွင်သို့ ပြောင်းလဲသွားသည်။
"အကြီးအကဲ ဟုတ်လား..."
သူမ၏ အသံက လွန်စွာ သာယာနာပျော်ဖွယ်ကောင်းလှပြီး ရွှင်မြူးစွာ ပြုံးရယ်လိုက်၏။ သူမက တစ်ခဏ ဟောဟဲလိုက်၍ အသက်ရှူလိုက်ပြီး စကားဆက်လိုက်သည်။ "ငါက အကြီးအကဲ မဟုတ်ပါဘူး..."
သူမက ခွန်အား အတော်သုံး၍ သူမ၏ ခြေထောက်များကို သင်္ဘော ကိုယ်ထည်ထဲမှ ဆွဲထုတ်နေရ၏။ ဤနေသင်္ဘောက လွန်စွာ ထူးဆန်းလှသည်။ သူမ၏ ခြေထောက်များက သင်္ဘောနှင့် ပေါင်းစည်းနေပြီး သင်္ဘော၏ မီးလျှံများက သူမ၏ ခြေထောက်များထဲသို့ သွေးကြောမျှင်များသဖွယ် ထိုးစိုက်နေသဖြင့် အတော်လေး အားစိုက် ဆွဲထုတ်နေရသည်။
သူမ၏ ခြေထောက်များကို ဆွဲထုတ်လိုက်သောအခါ သူမ ရပ်နေခဲ့သော နေရာက မြေပြင်ညီ ပြန်ဖြစ်သွား၏။ သူမ၏ ခြေထောက်များ နစ်ဝင်ခဲ့သော နေရာက အပေါက်ကြီး နှစ်ပေါက် ဖြစ်နေပြီး တဖြည်းဖြည်း ပြန်ပြည့်လာနေသည်။
ဤမိန်းမငယ်လေးက လမ်းလျှာက်ရန် ကြိုးစားလိုက်သော်လည်း သူမ၏ ခြေထောက်များက တဆတ်ဆတ် တုန်ရီ၍ လဲကျတော့မလို ဖြစ်သွားသည်။ သူမက သူမ၏ လက်လေးဖက်ကို အသုံးပြု၍ လဲမကျအောင် ထိန်းလိုက်ပြီး ရှက်ရွံ့စွာ ပြောဆိုလိုက်၏။ "နင် ဒီသင်္ဘောပေါ် တက်ခဲ့လို့ ရမလား..."
ချင်မူက နေသင်္ဘောပေါ်မှ အခြားလူ့ဘီလူးကြီးများကို ကြည့်လိုက်၏။ လူ့ဘီလူးအိုကြီး တစ်ယောက်က ခေါင်းညိတ်လိုက်သည်။ "သူ့ကို သင်္ဘောပေါ် တက်ခွင့်ပေးလိုက်..."
ရိုးရှင်းသော ဝတ်စုံကို ဝတ်ဆင်ထားသည့် လူ့ဘီလူးကြီး တစ်ယောက်က သင်္ဘော ထိပ်ဦးသို့ လျှောက်လာပြီး သူ့လက်ကို ဆန့်ထုတ်ပေးလိုက်သည်။ သူ့လက်က နဂါးတိုင်လုံးနှင့် နေသင်္ဘောကြားတွင် တံတား တစ်စင်းသဖွယ် ဖြစ်သွား၏။ ချင်မူက တစ်ခဏမျှ ချီတုံချတုံ ဖြစ်နေပြီးမှ ၎င်း၏ တုတ်ခိုင်သော လက်မောင်းကြီးပေါ် နင်းဖြတ်ကာ နေသင်္ဘောပေါ်သို့ ရောက်ရှိသွားသည်။
သင်္ဘောပေါ် ရောက်သောအခါ သူ အံ့အားသင့်သွား၏။ ဤနေရာက သူ မျှော်မှန်းထားသည်ထက် ပိုအေးမြနေသည်။ အစက ဤနေရာတွင် မီးဖိုကြီး တစ်လုံးကဲ့သို့ ကြောက်မက်ဖွယ်ရာ ပူလောင်နေလိမ့်မည်ဟု ထင်ခဲ့မိပြီး ထိုမျှ အေးမြနေမည်ဟု မထင်ခဲ့မိချေ။
"မူအာ... ဒီခွေးကောင်လေး..."
နယ်စပ်နဂါးမြို့တွင် ရွာလူကြီးနှင့ ကျန်သူများမှာ နေသင်္ဘော၌ တစ်ခုခု မူမမှန်သည်ကို ခံစားမိပြီး လှည့်ကြည့်လိုက်သောအခါ ချင်မူက လူ့ဘီလူးကြီး၏ လက်မောင်းပေါ် နင်းလျှောက်၍ နေသင်္ဘောပေါ်သို့ တက်သွားကြောင်း မြင်လိုက်ကြရသည်။ ဆေးဆရာက ဒေါပွပွနှင့် ပြုံးလိုက်မိ၏။ "သတ္တိတွေ သိပ်ကောင်းနေတာ... နတ်ဘုရားသင်္ဘောပေါ်တောင် တက်သွားရဲတယ်..."
သားသတ်သမားက ဝက်ခုတ်ဓားမ နှစ်ချောင်းကို ထုတ်ယူလိုက်ပြီး သူ၏ သတ်ဖြတ်လိုသော စိတ်ဆန္ဒများက ဟုန်းခနဲ ထွက်ပေါ်လာသည်။ "သူတို့က ငါတို့ကလေးကိုတောင် ခိုးသွားချင်မှတော့ တက်သတ်ကြစို့..."
ရွာလူကြီးက သူ့ကို တစ်ချက် စိုက်ကြည့်၍ တည်ငြိမ်စွာ ပြောလိုက်သည်။ "သူတို့မှာ မကောင်းတဲ့ ရည်ရွယ်ချက် မရှိပါဘူး... မူအာ တက်သွားပါစေ... ကြည့်ရတာ အဲဒီ သင်္ဘောပေါ်မှာ နတ်ဘုရား တစ်ပါး မရှိနေဘူးနဲ့ တူတယ်..."
ချင်မူက မိန်းမငယ်လေး၏ ဘေးသို့ လျှောက်လှမ်းသွားလိုက်သည်။ နေသင်္ဘောက ရေပြင်ညီသို့ တဖြည်းဖြည်း ပြန်တည့်မတ်သွား၏။ သူမက အတော်ကြာအောင် လမ်းမလျှောက်ဘဲ နေခဲ့ရသဖြင့် သူမ၏ ခြေထောက်များမှာ ရွေ့လျားနိုင်ခြင်း မရှိဘဲ နှုတ်ဆက်စကား ဆိုရန်အတွက် ထရပ်ဖို့ပင် အတော်ကြီး အားစိုက်နေရသည်။ သို့ဖြစ်၍ သူမအနေဖြင့် ချင်မူ့ကို ထိုင်လျက် အနေအထားမှပင် ဦးညွှတ် နှုတ်ဆက်လိုက်ရ၏။
ချင်မူက သူမကို ပြန်၍ ဦးညွှတ်နှုတ်ဆက်လိုက်ပြီး သူ၏ ကျောက်စိမ်းလည်ဆွဲကို သူမ၏ လက်ထဲသို့ ထည့်ပေးလိုက်သည်။ မိန်းမငယ်လေးက အသေအချာ ကြည့်ရှု၍ ငိုင်တွေ စဉ်းစားသွားသည်။ လျှို့ဝှက်ဆန်းကြယ်၍ နားလည်ရခက်သော ဘာသာစကား တစ်မျိုးက သူမ၏ နှုတ်ဖျားမှ ထွက်ကျလာပြီး သူမဘေးမှ လူ့ဘီလူးအိုကြီးကို မေးမြန်းလိုက်သည်။
လူ့ဘီလူးအိုကြီးက အံ့အားသင့်သည့် အမူအရာ ပေါ်ထွက်လာပြီး ချင်မူ့ကို စူးစမ်း ကြည့်ရှုကာ ထိုနားလည်ရခက်သည့် ဘာသာစကားနှင့်ပင် ခွန်းတုံ့ပြန် ပြောဆိုလိုက်၏။
"နတ်ဘုရား ဘာသာစကား..."
ချင်မူ အံ့အားသင့်သွားသည်။ ဤမိန်းငယ်လေးနှင့် အဘိုးကြီးက နတ်ဘုရား ဘာသာစကားဖြင့် ပြောဆိုနေကြခြင်း ဖြစ်သည်။ သူက နတ်ဘုရား ဘာသာစကားကို ကြားဖူးထားသော်လည်း အဓိပ္ပာယ် ဆိုလိုရင်းကို နားလည်ခြင်း မရှိချေ။ သို့ဖြစ်၍ သူတို့ မည်သည့်အကြောင်း ပြောဆိုနေကြမှန်း သူ မသိပေ။
သူတို့နှစ်ယောက် စကား အနည်းငယ် ပြောဆိုပြီးနောက် မိန်းမငယ်လေးက ကျောက်စိမ်းလည်ဆွဲကို ချင်မူ့ထံ ပြန်ပေးလိုက်သည်။ "ဘိုးဘိုးခေါင်းဆောင် ပြောတာ နင့်ရဲ့ ကျောက်စိမ်းလည်ဆွဲက နတ်ဘုရားလည်း မဟုတ်ဘူး၊ မိစ္ဆာနတ်ဆိုးလည်း မဟုတ်ဘူး၊ ဗုဒ္ဓဘုရားရှင်လည်း မဟုတ်ဘူးတဲ့... သူက အဲဒီလို ပစ္စည်းမျိုး အရင်က မြင်ဖူးတယ်တဲ့... ကြည့်ရတာ ရွှင်ပျော်ပျော် ကျေးရွာက ပစ္စည်း ဖြစ်မယ် ထင်တယ်လို့ ပြောတယ်..."
"ရွှင်ပျော်ပျော် ကျေးရွာ ဟုတ်လား..."
ချင်မူ၏ စိတ်ထဲတွင် တုန်လှုပ်သွားသည်။ "ရွှင်ပျော်ပျော် ကျေးရွာက ဘယ်နားမှာ ရှိတာလဲ..."
မိန်းမငယ်လေးက လူ့ဘီလူးအိုကြီးကို ထပ်မေးလိုက်၏။ လူ့ဘီလူးအိုကြီးက တစ်ခဏမျှ တုံ့ဆိုင်းသွားပြီးနောက် နားလည်ရခက်သော ဘာသာစကားဖြင့် ပြန်ပြောလိုက်သည်။ မိန်းကလေးက ခေါင်းခါယမ်းလိုက်၏။ "ရွှင်ပျော်ပျော် ကျေးရွာက သိပ်ကို လျှို့ဝှက်ဆန်းကြယ်ပြီးတော့ မဟာမြို့ပျက်ကို အမှောင်ထု ဖုံးလွှမ်းသွားတဲ့အခါမှ ပေါ်လာလိမ့်မယ်တဲ့... ဘယ်နေရာမှာ ရှိတယ်ဆိုတာတော့ သူလည်း အတိအကျ မသိဘူးတဲ့..."
ချင်မူမှာ အနည်းငယ် စိတ်ပျက်လက်ပျက် ဖြစ်သွားပြီး ရွှင်ပျော်ပျော် ကျေးရွာဟူသော အမည်ကို မှတ်သားထားလိုက်သည်။ ရွှင်ပျော်ပျော် ကျေးရွာက သူ့မိဘများ နေထိုင်သည့် သူ့မွေးဖွားရာ ဇာတိ ဖြစ်နိုင်၏။ မည်သည့်နည်းနှင့် ဖြစ်ဖြစ် ဤနေရာကို သူ တွေ့အောင် ရှာရမည်။
"ငါ့ကို ကြည့်ရတာ အထင်ကြီးစရာ ကောင်းတယ်မလား..." မိန်းမငယ်လေးက တခစ်ခစ် ရယ်မောလိုက်၏။
ချင်မူမှာ ထူးဆန်းသော အမူအရာဖြင့် ပြောစရာ စကားရှာမရ ဖြစ်သွားသည်။ "နင်က ဒီနေသင်္ဘောကို မောင်းနှင်ပြီး ထာဝရ ငြိမ်းချမ်းရေး အင်ပါယာရဲ့ တပ်မကြီးကို ခြောက်ထုတ်ခဲ့တဲ့သူလား..."
ထိုကောင်မလေးက သူမကိုယ်သူမ ဂုဏ်ယူဝင့်ကြွားစွာ ပြောလိုက်သည်။ "နင် မျှော်လင့် မထားမိဘူးမလား..."
ချင်မူမှာ အမှန်တကယ်ပင် မျှော်လင့်မထားခဲ့မိပေ။ သူမက ထာဝရ ငြိမ်းချမ်းရေး အင်ပါယာ ဧကရာဇ် အတိုင်ပင်ခံကိုသာ ခြောက်လှန့်ထုတ်နိုင်ခဲ့သည် မဟုတ်။ ရွာလူကြီး၊ ရွှေအနှင့် ကျန်သူများကိုပါ ထိတ်လန့်တုန်လှုပ်သွားစေခဲ့သည်။ သူတို့က နေသင်္ဘောပေါ်တွင် အလွန်တရာ ရှေးကျလှသော ကောင်းကင်နတ်ဘုရား တစ်ပါး ရှိပြီး ထာဝရ ငြိမ်းချမ်းရေး အင်ပါယာ ဧကရာဇ် အတိုင်ပင်ခံမှာ သူ့စွမ်းအားက သူမကို ယှဉ်နိုင်စွမ်း မရှိကြောင်း တွက်ဆမိ၍ နောက်ဆုတ်သွားခဲ့သည်ဟုသာ ထင်မှတ်မိခဲ့ကြ၏။
နေသင်္ဘောကို ပဲ့ကိုင်ထိန်းကျောင်းနေသူမှာ ဤမိန်းမငယ်လေး ဖြစ်မည်ဟု သူတို့ အိပ်မက်ပင် မက်ခဲ့ကြလိမ့်မည် မဟုတ်ချေ။ ဟုတ်၏။ နေသင်္ဘောက လွန်စွာ အံ့ဩတုန်လှုပ်ဖွယ် ကောင်းပြီး လွန်စွာ စွမ်းအား ကြီးမားသည့်အတွက် သူတို့အနေဖြင့် ထိုသို့ မှားယွင်းတွက်ဆမိခဲ့ခြင်း ဖြစ်သည်။
"ငါ့နာမည်က ယန်ကျင့်ကျင့်... နင့်နာမည်ကရော..." ထိုကောင်မလေးက စိတ်ဝင်တစား မေးမြန်းလိုက်၏။
"ချင်မူ..."
ချင်မူက တစ်ခဏမျှ တုံ့ဆိုင်းနေပြီးမှ ပြောလိုက်သည်။ "ငါ့မျိုးရိုးနာမည်က ချင် လား၊ ငါ့နာမည်က ချင် လား မသိတော့ပါဘူး... ငါ့ကျောက်စိမ်းလည်ဆွဲပေါ်မှာ ချင် ဆိုတဲ့ စာလုံး ပါလာလို့ ရွာလူကြီးက ငါ့မျိုးရိုးနာမည်ကို ချင် လို့ ပေးခဲ့တာ... မူ ကတော့ နွားကျောင်းဖို့ ဆိုတဲ့ အဓိပ္ပာယ်ပဲ... ယန်ကျင့်ကျင့်ဆိုတဲ့ နာမည်ရဲ့ အဓိပ္ပာယ်ကရော..."
"အဲဒါက မီးလျှံနဲ့ နေမင်းတွေ အများကြီးလို့ အဓိပ္ပာယ် ရတယ်..."
ယန်ကျင့်ကျင့်က ထရပ်ရန် ကြိုးစားလိုက်သော်လည်း သူမက ခြေထောက်များကို အသုံးမပြုသည်မှာ ကြာပြီ ဖြစ်ဟန် ရှိ၍ ယိုင်ထိုးယိုင်ထိုး လျှောက်လှမ်းနေရသည်။ သူမ၏ ခြေထောက်များရှိ ကြွက်သားများက ခြောက်ကပ် ပိန်လှီနေကြောင်း ချင်မူ မြင်တွေ့လိုက်သည်။ သူမ၏ ခြေထောက်များက အရိုးပေါ် အရေတင်နေပြီး ကြွက်သား တစ်စမျှပင် မရှိတော့ချေ။
သူမက ပိန်လှီမှုက မြင်ရသူအပေါင်းကို တုန်လှုပ် ချောက်ချားသွားစေနိုင်၏။
"ငါ့ကို မွေးတုန်းက ငါက နေတစ်စင်းလိုပဲတဲ့... ငါ့အမေက ငါ့ကိုယ်က မီးလျှံတွေကြောင့် လောင်ကျွမ်း သေဆုံးသွားခဲ့ရတယ်... အဲဒါကြောင့် ဘိုးဘိုးခေါင်းဆောင်က ငါ့ကို ယန်ကျင့်ကျင့်လို့ နာမည် မှည့်ခဲ့တာ..."
ယန်ကျင့်ကျင့်၏ အမူအရာက ညို့မှိုင်းသွား၏။ "ငါ အရွယ်ရောက်လာတော့ ငါ့ကိုယ်ထဲမှာ နေစောင့်ရှောက်သူ မျိုးဆက်သွေး ရှိတယ်လို့ ဘိုးဘိုးခေါင်းဆောင်က ပြောတယ်... နေစောင့်ရှောက်သူရဲ့ စွမ်းအားက သိပ်ကို ကြီးမားတဲ့အတွက် နေသင်္ဘောရဲ့ အသိအမှတ်ပြု ခံရပြီး မဟာမြို့ပျက်တစ်လျှောက် နေသင်္ဘောကို ထိန်းချုပ် မောင်းနှင်နိုင်ခဲ့တယ်... ငါတို့ မျိုးရိုးထဲမှာ ဒီသင်္ဘောကို ထိန်းချုပ် မောင်းနှင်နိုင်တာ ငါတစ်ယောက်ပဲ ရှိတော့တဲ့အတွက် ငါက ဒီမျိုးဆက်ရဲ့ နေစောင့်ရှောက်သူ ဖြစ်လာခဲ့တယ်..."
ထို့နောက် သူမက ရွှင်မြူးစွာ ပြုံးရယ်လိုက်သည်။ "နင်က နွားကျောင်းတဲ့ ကောင်လေး... ငါက နေကျောင်းတဲ့ ကောင်မလေး... ငါက နေသင်္ဘောနဲ့ ပေါင်းစည်းလိုက်ရင် ငါ့စွမ်းအားတွေ ထောင်တက်သွားပြီး ကောင်းကင်နတ်ဘုရား တစ်ပါးလို ဖြစ်သွားတယ်... အဲဒါကြောင့် ဟိုလူဆိုးတွေကို ငါ ခြောက်ထုတ်နိုင်ခဲ့တာ... နင့်ကိုရော ငါ လန့်အောင် လုပ်လိုက်မိသေးလား..."
ချင်မူက ပြုံးလိုက်၏။ "လုပ်ခဲ့တာပေါ့..."
ယန်ကျင့်ကျင့်က သူမ၏ ခေါင်းကို ငုံ့လိုက်သည်။ "တောင်းပန်ပါတယ်... ငါ သိပ်မောနေလို့ ဒီနားမှာ ခဏနားတာပါ... နင့်ကို ကြောက်အောင် လုပ်မိသွားရင် တောင်းပန်ပါတယ်..."
ချင်မူက မှင်တက်မိသွားပြီး ပြုံးပြလိုက်၏။ "ကိစ္စမရှိပါဘူး... ရပါတယ်... ဘာလို့ နင့်ခြေထောက်တွေက ဒီလောက် ပိန်ကပ်နေတာလဲ..."
"ဘိုးဘိုးက ပြောတာ ငါတို့ နေထိန်းကျောင်းသူ မျိုးနွယ်ရဲ့ နေမင်းက ငြိမ်းသေသွားပြီတဲ့... အဲဒါကြောင့် နေသင်္ဘောကို ထိန်းချုပ် မောင်းနှင်တဲ့အခါ နေသင်္ဘောက ငါ့စွမ်းအားတွေကို စုပ်ယူသွားတဲ့အတွက် ငါက တဖြည်းဖြည်း ပိန်လှီ ခြောက်ကပ်လာတာ..."
ယန်ကျင့်ကျင့်က ဆက်ပြောလိုက်သည်။ "ငါ့စွမ်းအားတွေ ကုန်သွားတဲ့အခါ အရင် နေစောင့်ရှောက်သူလိုပဲ ဒီသင်္ဘောနဲ့ ထာဝရ ပေါင်းစည်းသွားလိမ့်မယ်... အဲလိုနည်းနဲ့ပဲ ငါ့အဖေ သေခဲ့ရတာ... နေမင်းကြီးကို ပြန်ထွန်းညှိနိုင်ခဲ့ရင်တော့ နေသင်္ဘောက နေမင်းဆီက စွမ်းအားတွေ စုပ်ယူပြီး နေစောင့်ရှာက်သူကို အားအင် ဖြည့်တင်းပေးနိုင်တဲ့အတွက် ငါ ပိုပြီးတောင် သန်မာလာဦးမယ်..."
ချင်မူ၏ ရင်ထဲတွင် လှုပ်ခါသွား၏။ သူက ကောင်းကင်ယံမှ အနက်ရောင် နေလုံးကြီးကို ကြည့်၍ တီးတိုး ရေရွတ်လိုက်မိသည်။ "နေလုံးကြီးကို ပြန်ထွန်းညှိဖို့ လိုတယ် ဟုတ်လား... ဘယ်သူက အဲလို လုပ်နိုင်မှာလဲ... တကယ့် ကောင်းကင်နတ်ဘုရား အစစ်တွေဆိုရင်တော့ လုပ်နိုင်မလားပဲ... ဘာလို့ နင်က ဒီနေရာမှာ စောင့်ကြပ်ပြီး နေစောင့်ရှောက်သူ လုပ်နေရတာလဲ..."
"ဘာလို့လဲ ဆိုတော့ ဒါ ငါတို့ နေထိန်းကျောင်းသူတွေရဲ့ တာဝန်မို့လို့ပဲ... နေစောင့်ရှောက်သူက ကာကွယ်စောင့်ကြပ်သူတွေ... ဟိုးရှေးရှေးတုန်းက၊ ဘယ်လောက် ရှေးရှေးတုန်းကလည်းတော့ ငါ မသိဘူး... ထားပါတော့ သိပ်ရှေးကျတဲ့ တစ်ချိန်တုန်းကပေါ့... ငါတို့ နေထိန်းကျောင်းသူတွေဟာ နေသင်္ဘောကို စောင့်ကြပ်ပြီး မဟာမြို့ပျက်ကို ကာကွယ် စောင့်ရှောက်ဖို့ နေစောင့်ရှောက်သူတွေအဖြစ် တာဝန်ပေးအပ်ခံခဲ့ရတယ်... အဲဒီ တာဝန်က မျိုးဆက် အဆင့်ဆင့် လက်ဆင့်ကမ်း လွှဲပြောင်းလာခဲ့တယ်... ဘယ်သူက ငါတို့ကို နေစောင့်ရှောက်သူအဖြစ် တာဝန်ပေးခဲ့တာလဲ ဆိုတာတော့ ငါလည်း မသိဘူး... ဘိုးဘိုးခေါင်းဆောင်တော့ သိရင် သိလိမ့်မယ်..."
ယန်ကျင့်ကျင့်မှာ လွန်စွာ ပျော်ရွှင်မြူးထူးနေပြီး ကစားဖော် မရှိခဲ့ဟန် တူ၏။ သူမက ဖင်ထိုင်ချ၍ သူမ သွားလာခဲ့သည့် ခရီးလမ်း တစ်လျှောက်ရှိ စိတ်ဝင်စားစရာများအကြောင်း ချင်မူ့ကို မရပ်မနား တရစပ် ပြောပြနေသည်။
ချင်မူက လှည့်ပတ် ကြည့်ရှုလိုက်၏။ နေထိန်းကျောင်းသူ မျိုးနွယ် အားလုံးက လူ့ဘီလူးကြီးများ ဖြစ်ကြပြီး ယန်ကျင့်ကျင့်နှင့် အတူ ဆော့ကစားနိုင်သော ကောင်လေး၊ ကောင်မလေးများလည်း ရှိသည်။ သို့သော်လည်း သူတို့ အားလုံးက ယန်ကျင့်ကျင့်ကို လွန်စွာ ရိုသေ လေးစားဟန် ပေါက်ပြီး အနားမကပ်ရဲကြချေ။
ထို့ပြင် ဤလူများ အားလုံးက လွန်စွာ ထွားကျိုင်း မြင့်မားကြပြီး ရန်ကျင့်ကျင့်ထက် အဆများစွာ သန်မာ အားကောင်းကြ၏။ ယန်ကျင့်ကျင့်က လူသားမျိုးနွယ်နှင့် ပိုတူပြီး သူတို့နှင့် ခြားနားနေသည်။
ချင်မူ မှန်းဆ ကြည့်မိသည်မှာ သူမက လူသား မျိုးဆက်သွေး ပါရှိနေခြင်း ဖြစ်နိုင်သည်။ သို့သော်လည်း သူမ၏ စွမ်းအားများကို နေသင်္ဘောက စုပ်ယူသွားသဖြင့် သူမ၏ ခန္ဓာကိုယ်က သေးငယ်သွားခြင်းမျိုးလည်း ဖြစ်နိုင်၏။
ထူးဆန်းသည်မှာ ယန်ကျင့်ကျင့်က နေသင်္ဘောနှင့် ပေါင်းစည်းသွားသောအခါ တစ်မူ ထူးကဲစွာ မြင့်မား ထွားကျိုင်း၍ ထည်ဝါ ခန့်ညားသော ကောင်းကင်နတ်ဘုရားမ တစ်ပါး အသွင် ဖြစ်သွားသဖြင့် သူ့မှန်းဆချက်များက လွဲမှားကောင်း လွဲမှားနိုင်၏။
သူ မသိလိုက်သည်မှာ နေထိန်းကျောင်းသူ မျိုးနွယ်က ပုံမှန်အားဖြင့် ကြီးမား ထွားကျိုင်းခြင်း မရှိချေ။ သူတို့က နေသင်္ဘောပေါ်တွင် နေထိုင်ရပြီး ထိုနေရာ၌ ကောင်းကင်ဘုံ စွမ်းအင်များက လေထုထဲတွင် စီးမျောနေသည်။ နေထိန်းကျောင်းသူ မျိုးနွယ်မှ လူများက အစားအသောက်များ စားသောက်ကြသောအခါ ထိုကောင်းကင်ဘုံ စွမ်းအင်ကို မသိလိုက် မသိဖာသာ စားသုံးမိပြီး သူတို့၏ ခန္ဓာကိုယ်များက တစ်မူ ထူးကဲစွာ မြင့်မား ထွားကျိုင်းလာခြင်း ဖြစ်သည်။
ယန်ကျင့်ကျင့်၏ စွမ်းအားကို နေသင်္ဘောက စုပ်ယူသွားသဖြင့် သူမ စားသုံးသည့် စွမ်းအင်က စုပ်ယူခံရသည့် စွမ်းအင်ကို မကာမိဘဲ ရှိနေသည်။ သို့ဖြစ်၍ သူမ၏ ခန္ဓာကိုယ်က အခြားသူများကဲ့သို့ မြင့်မား ထွားကျိုင်းလာခြင်း မရှိဘဲ ဖြစ်နေခဲ့ရသည်။
သူမ နေသင်္ဘောနှင့် ပေါင်းစည်းသွားသောအခါ နေသင်္ဘော၏ စွမ်းအားနှင့် သူမ၏ စွမ်းအားက တစ်ခုတည်း ဖြစ်သွားပြီး ခန့်ညားထည်ဝါသော ကောင်းကင်နတ်ဘုရားမ တစ်ပါးသဖွယ် ဖြစ်လာခဲ့ခြင်း ဖြစ်သည်။
"နောင်တစ်ချိန် ငါ့မှာ အစွမ်းအစ ရှိလာခဲ့ရင် အဲဒီ နေမင်းကို ထွန်းညှိပြီး နင့်ကို လွတ်မြောက်အောင် ကူညီပေးမယ်..." ချင်မူက ကြေညာလိုက်၏။
"တကယ်လား..."
ယန်ကျင့်ကျင့်၏ မျက်လုံးများ တဖျတ်ဖျတ် တောက်ပသွားပြီး ရွှင်မြူးစွာ ပြောလိုက်သည်။ "အဲဒီနေ့ကို ငါ စောင့်နေမယ်... အဲဒီ အချိန်ကျရင် ငါ သူများတွေလို လမ်းလျှောက်လာနိုင်လိမ့်မယ်..."
ချင်မူက ခေါင်းကို ခပ်လေးလေး ညိတ်၍ ပြုံးလိုက်၏။ "သေချာပေါက် နည်းလမ်းရှာပြီး အဲဒီ နေမင်းကြီးကို ထွန်းညှိပေးမှာပါ..."
ထိုအခိုက်၌ လူ့ဘီလူးခေါင်းဆောင်က အနားသို့ ရောက်လာပြီး ပြောလိုက်သည်။ "နေစောင့်ရှောက်သူ... ထာဝရ ငြိမ်းချမ်းရေး အင်ပါယာက အပြီးအပိုင် ဆုတ်ခွာသွားပါပြီ..."
ယန်ကျင့်ကျင့်က ခက်ခက်ခဲခဲ ထရပ်လိုက်ပြီး ချိုမြသော အပြုံး တစ်ခုနှင့် ချင်မူ့ကို လက်ပြ နှုတ်ဆက်လိုက်သည်။ "ငါလည်း သွားရတော့မယ်... ငါ ကြယ်ပင်လယ်ကနေ ထွက်ပြီး နေရေတွင်းကနေ တစ်ဆင့် ထွက်သွားရမှာ... နင် ငါ့ကို တွေ့ချင်ရင် နေရေတွင်းကို လာရှာလို့ ရတယ်..."
ချင်မူက ခေါင်းညိတ်လိုက်၏။ ထိုမိန်းကလေးက ယိုင်ထိုးယိုင်ထိုးနှင့် တိုင်လုံးကြီးများထံ ပြန်လျှောက်သွားသည်။ သူမ၏ လက်က တိုင်လုံးကြီးနှင့် ထိလိုက်သည်တွင် သူမ၏ ခန္ဓာကိုယ်က လျင်မြန်စွာ ကြီးထွား ပြန့်ကားလာပြီး ခြေထောက်များက နေသင်္ဘောအတွင်းသို့ နစ်ဝင် ပေါင်းစည်းသွား၏။
သူမ၏ လက်များက ကျန်သည့် တိုင်လုံး သုံးလုံးကို ဆုပ်ကိုင်လိုက်ပြီး သူမ၏ ခန္ဓာကိုယ်က မီးတောက်မီးလျှံများ အလျှံတညီးညီး တောက်လောင်လာကာ မည်သူမျှ အနားမကပ်နိုင်အောင် ဖြစ်သွားသည်။
လူဘီလူး ခေါင်းဆောင်က ချင်မူ့ကို သင်္ဘောထိပ်ဦးသို့ ပြန်ပို့ဆောင်လိုက်၏။ ဆံပင်မွေးများ မီးခိုးရောင် သန်းနေပြီ ဖြစ်သော နေထိန်းကျောင်းသူ အဘိုးအိုက နင့်နင့်နဲနဲ ကြေကွဲ ဝမ်းနည်းသည့် လေသံဖြင့် တီးတိုး ပြောလိုက်သည်။ "နေစောင့်ရှောက်သူက အသက်ရှင်ဖို့ နှစ်အများကြီး မကျန်တော့ဘူး..."
ချင်မူ၏ ရင်ထဲတွင် လှုပ်ခါသွားပြီး ထိုအကြီးအကဲကို မော့ကြည့်လိုက်သည်။ ထို့နောက် မီးလျှံကြားမှ လူ့ဘီလူးမကြီးကို လှမ်းကြည့်လိုက်၏။ ယန်ကျင့်ကျင့်က သူ့ကို ပြုံးပြနေသည်။
"မင်းသာ ရွှင်ပျော်ပျော် ကျေးရွာကလူ မှန်ရင် နေမင်းကြီးကို ပြန်ထွန်းညှိနိုင်စွမ်း ရှိကောင်း ရှိလိမ့်မယ်... တကယ်တော့..."
လူ့ဘီလူးခေါင်းဆောင်က တစ်ခဏမျှ တုံ့ဆိုင်းသွားပြီးနောက် ဆက်မပြောတော့ချေ။ သူက ချင်မူ့ကိုသင်္ဘောပေါ်မှ ချပေးလိုက်၏။ ဤနတ်ဘုရားတို့ ဖန်တီးခဲ့သော အရာဝတ္ထုကြီးက တဖြည်းဖြည်းချင်း ထရပ်၍ ကြယ်ပင်လယ်ဘက်သို့ ပြန်လျှောက်လှမ်းသွားတော့သည်။
နေဝင်ချိန် ဖြစ်၍ ညနေစောင်း၏ နေရောင်ခြည်က တရွေ့ရွေ့ ထွက်ခွာသွားသော ရှေးဟောင်း သင်္ဘောကြီးပေါ်သို့ ကျရောက် ထွန်းလင်းနေ၏။ နေရောင်အောက်တွင် အနက်ရောင် အစက်အပြောက်က သေးသည်ထက် သေးလာပြီး နေသင်္ဘောကို မမြင်ရတော့ချေ။ အနက်ရောင် နေလုံးကြီးမှာလည်း အနက်စက်လေး တစ်ခု ဖြစ်လာပြီး နောက်ဆုံးတွင် ပျောက်ကွယ်သွားတော့၏။