← Chapters

အမှောင်ဘုံ

Vol. 6 Ch. 81

အမှောင်ဘုံ

Vol. 6 Ch. 81

နေမင်းကို ထိန်းကျောင်းသည့် မိန်းကလေးက သူမ၏ နေသင်္ဘောနှင့်အတူ ပျောက်ကွယ်သွားပြီး မကြာမီတွင် အမှောင်ထုက တရိပ်ရိပ်တက်လာ၍ အရာအားလုံးကို တိုက်စား ဝါးမျိုသွားသည်။

"နေထိန်းကျောင်းသူ မျိုးနွယ်ရဲ့ ခေါင်းဆောင်က ဘာပြောဖို့ လုပ်ခဲ့တာလဲ..."

ချင်မူ အတွေးနက်နေမိ၏။ အမှောင်ထုကြီးက ကုန်းမြေ တစ်ခွင်လုံးကို ဖုံးလွှမ်းသွားသည်။ နဂါးတိုင်လုံးများက လင်းလက်လာပြီး မြို့ထဲမှ မီးတိုင်များကိုလည်း ထိန်းညှိလိုက်ကြပြီ ဖြစ်သည်။ ရှေးဟောင်း ကျောင်းဆောင်များကလည်း ညအမှောင်ထု အလယ်၌ အလင်းရောင် တောက်ပလာသည်။

သူ့ရင်ဘတ်မှ ကျောက်စိမ်းလည်ဆွဲကလည်း ခပ်ဖျော့ဖျော့ လင်းလက်လာ၏။ နေထိန်းကျောင်းသူ မျိုးနွယ်၏ စကားများအရ ဤကျောက်စိမ်းလည်ဆွဲမှာ ရွှင်ပျော်ပျော် ကျေးရွာမှ ဖြစ်ပြီး သူသည်လည်း ရွှင်ပျော်ပျော် ကျေးရွာမှ ဖြစ်ချေလိမ့်မည်။ သို့သော်လည်း မဟာမြို့ပျက်၏ မြေပုံပေါ်တွင် ရွှင်ပျော်ပျော် ကျေးရွာဟူ၍ မှတ်တမ်းတင်ထားခြင်း မရှိ။ ကြည့်ရသည်မှာ ထိုနေရာက မဟာမြို့ပျက်တွင် ရှိမနေဟန် တူ၏။

"ရွှင်ပျော်ပျော် ကျေးရွာက ဘယ်လို နေရာမျိုးလဲ... ဘာလို့ အမှောင်ထု ကျရောက်မှ ပေါ်လာမှာလဲ..."

သူက မဟာမြို့ပျက် အပြင်ဘက်မှ အမှောင်ထုကြီးကို ကြောင်ငေးငေး စိုက်ကြည့်လိုက်သည်။ သူ အမှောင်ထုထဲ တိုးဝင်၍ ရွှင်ပျော်ပျော် ကျေးရွာကို ရှာပစ်လိုက်ချင်သော်လည်း အမှောင်ထုကြီးက လွန်စွာ ကျယ်ပြန့်လှ၏။ နာမည်တစ်ခုသာ သိသော ရွှင်ပျော်ပျော် ကျေးရွာကို မည်သည့်နေရာတွင် သွားရှာရလိမ့်မည်နည်း...။

ထို့ပြင် ဤလျှို့ဝှက်ဆန်းကြယ်လှသော အမှောင်ထုကြီးထဲတွင် သူ မည်သို့ ဘေးကင်းစွာ သွားလာနိုင်ပါမည်နည်း။

အမှောင်ထုက အန္တရာယ် များလွန်းလှပြီး ဤကျောက်စိမ်းဆွဲကြိုးမျှနှင့် သူ့ကို ကာကွယ်နိုင်လိမ့်မည် မဟုတ်ပေ။ အခြားတစ်ဘက်တွင် ကျောက်ရုပ်တုကြီးများကဲ့သို့ ရတနာများကလည်း လေးလံလွန်းလှ၏။ ထိုကျောက်ရုပ်တု တစ်ခုကို သယ်ဆောင်ခြင်းက နတ်ဘုရား တစ်ပါးကို သယ်ဆောင်ခြင်း ဖြစ်သည်။ သူ မလုပ်နိုင်ချေ။

"ငါ့မိဘတွေက ရွှင်ပျော်ပျော် ကျေးရွာမှာ ရှိနေတာလား..."

ချင်မူ၏ စိတ်ဓာတ်များ ပြိုဆင်းလာသည်။ သူက နဂါးတိုင်လုံးပေါ်ရှိ နဂါးဦးခေါင်းပေါ်တွင် ရပ်နေရင်း သူ့လက်ကို မြှောက်၍ အပြင်ဘက်မှ ပိန်းပိတ်အောင် ထူထဲသည့် အမှောင်ထုနှင့် ထိတွေ့ရန် ကြိုးစားကြည့်မည်ကဲ့သို့ လုပ်လိုက်မိ၏။

နယ်စပ်နဂါးမြို့၏ အပြင်တွင် အမှောင်ထုက ပွက်ပွက်ထ ဆူဝေနေပြီး မြို့ထဲမှ အလင်းရောင်များနှင့် အလွှာပါးတစ်ချပ် ပိုင်းခြား ကန့်သတ်ထားသကဲ့သို့ ဖြစ်နေသည်။ ကြီးမားသော လက်ကြီး တစ်ဖက်က ထိုအလွှာပါးတွင် ပေါ်ထွက်လာပြီး ချင်မူ၏ လက်နှင့် ထိတွေ့ချင်သည့် ပုံစံ ရှိလာသည်။

ချင်မူ ခေါင်းမော့ ကြည့်လိုက်သောအခါ လက်နှစ်ဖက်က တစ်စထက် တစ်စ နီးကပ်လာ၏။

အမှောင်ထုထဲမှ တီးတိုး ပြောဆိုသံများ ထွက်ပေါ်လာသည်။ ညင်သာ နူးညံ့သော အသံများစွာက သူ့ကို အမှောင်ထုထဲသို့ တိုးဝင် ပွေ့ဖက်ရန် သွေးဆောင် ဖျားယောင်းနေသကဲ့သို့ ရှိသည်။

တီးတိုး ပြောဆိုသံများက တစ်စထက် တစ်စ ကျယ်လောင်လာပြီး ထိုအသံများက အဆက်မပြတ် သွေးဆောင် ခေါ်ယူနေသကဲ့သို့ သူ့ခေါင်းထဲတွင် ပဲ့တင်ထပ်လာသည်။

ချင်မူ၏ အကြည့်များက ဝေဝါးလာပြီး လက်နှစ်ဖက်က တစ်ဖက်နှင့် တစ်ဖက် ထိတွေ့တော့မည်ကဲ့သို့ ဖြစ်လာသည်။

တဖြည်းဖြည်းနှင့် သူ့ရှေ့မှာ အမှောင်ထုကြီးမှာ အမှောင်ထု မဟုတ်တော့ချေ။ ခမ်းနား ထည်ဝါသော ကမ္ဘာကြီး တစ်ခု ဖြစ်သွား၏။ သူ မြင်တွေ့နေရသည်က မြူခိုးငွေ့များ၊ တံလျှပ်များကြားမှ ကမ္ဘာကြီး တစ်ခု ဖြစ်ပြီး အမျိုးသမီး တစ်ယောက်က အဝေးမှ သူမ၏ လက်ကို ဆန့်ထုတ်၍ သူ့လက်နှင့် လှမ်းထိရန် ကြိုးစားနေသည်။

ထိုအမျိုးသမီး၏ မျက်နှာက ဝေဝါးနေပြီး သူ သဲသဲကွဲကွဲ မြင်ရရန် ကြိုးစား ကြည့်ရှုသော်လည်း ရှင်းရှင်းလင်းလင်း မမြင်ရချေ။

သူ့ရင်ဘတ်ရှေ့မှ ကျောက်စိမ်းလည်ဆွဲက တဖြည်းဖြည်း အပေါ်သို့ မြောက်တက်လာပြီး အမှောင်ထုအတွင်းမှ လောကထဲသို့ လွင့်မျောသွားတော့မည်ကဲ့သို့ ရှိနေသည်။

"မူအာ... မင်း ဘာလုပ်နေတာလဲ..."

ထိတ်လန့်တုန်လှုပ်၍ ဒေါသထွက်နေသည့် အသံ တစ်သံက ချင်မူ၏ နောက်ကျောမှ ထွက်ပေါ်လာပြီး နောက်သို့ ပြန်ဆွဲခေါ်သွားခြင်း ခံလိုက်ရ၏။ နားကန်းက သူ့နောက်တွင် ပေါ်လာပြီး သူ့ကို လှုပ်နှိုးလိုက်သည်။ ချင်မူမှာ ထိုအခါမှ အသိပြန်ကပ်လာပြီး သူ့လက်ကို ပြန်ရုပ်သိမ်းကာ ချွေးသီးချွေးပေါက်များ ကျလာ၏။

သူသာ အမှောင်ထုထဲမှ လက်ကို ထိလိုက်မိလျှင် ဘာများ ဖြစ်သွားလိမ့်မည်နည်း။ အမှောင်ထုအတွင်း ကျရောက်သွားသူ မှန်သမျှကတော့ ဆိုးဆိုးရွားရွား သေဆုံးသွားကြရသည်။ သူသည်လည်း အမှောင်ထုထဲမှ မကောင်းဆိုးဝါးများ၏ ကိုက်ဖဲ့ စားသောက်ခြင်းကို ခံရမည်လား...။

အမှောင်ထုထဲမှ လက်ကြီးကလည်း ပြန်ရုပ်သိမ်း၍ ပျောက်ကွယ်သွားသည်။ အမှောင်ထုအတွင်းမှ အဖြစ်အပျက်များကလည်း အစရှာမရအောင် ပျောက်ဆုံးသွား၏။

ချင်မူ၏ ဗလာကျင်းနေသော စိတ်အာရုံထဲတွင် အမှောင်ထုထဲမှ သက်ပြင်းချသံ တစ်ခု ကြားလိုက်ရသလို ထင်လိုက်မိသည်။ သို့သော်လည်း နားကန်းကတော့ မည်သည်ကိုမျှ သတိပြုမိဟန် မရှိချေ။

နားကန်းက ဒေါသအိုး ပေါက်ကွဲသွားပြီး သူ့ကို ဆွဲခေါ်သွားကာ စိတ်ဆိုးမာန်ဆိုး ဆူငေါက်လိုက်သည်။ "အမှောင်ထုထဲမှာ လူတွေရဲ့ နှလုံးသားကို လှည့်ဖျားတတ်တဲ့ မိစ္ဆာတွေ ရှိတယ်... ဆွဲခေါ် မခံသွားရအောင် သတိထား..."

"မိစ္ဆာ...၊ လူတွေရဲ့ နှလုံးသားကို လှည့်ဖျားတတ်တယ် ဟုတ်လား..."

ယခုအခါမှ ချင်မူ ကြောက်စိတ်ဝင်လာသည်။ သူ၏ ကျောက်စိမ်းလည်ဆွဲကို အင်္ကျီအောက်ထဲ ပြန်သိုဝှက်လိုက်သည်။ သူ၏ အတွေးများကိုပါ ထိုကျောက်စိမ်းလည်ဆွဲနှင့်အတူ သိုဝှက်လိုက်သကဲ့သို့ ရှိ၏။ "တစ်နေ့ ငါ အမှောင်ထုထဲ လျှောက်လှမ်းနိုင်တဲ့အခါ ကျရင် ဒီအမှောင်ထုကြီးရဲ့ ရင်းမြစ်နဲ့ ရွှင်ပျော်ပျော် ကျေးရွာကို လိုက်ရှာမယ်..."

"ဘိုးဘိုးနားကန်း... အမှောင်ထုထဲမှာ ဘာတွေ ရှိတာလဲ... ကျွန်တော် ဘာလို့ အမှောင်ထုထဲကဟာတွေကို ရုတ်တရက်ကြီး မြင်လိုက်ရတာလဲ မသိဘူး..." ချင်မူက တစ်ခဏမျှ စဉ်းစား၍ မေးလိုက်သည်။

"အမှောင်ထုထဲမှာ အမှောင်ဘုံ ရှိတယ်..."

နားကန်းက ဆက်ပြောလိုက်၏။ "ရွာလူကြီးက အမှောင်ဘုံထဲကဟာတွေ အကြောင်း အသိဆုံးပဲ... အဲဒီနေရာကို သူ အရင်က ရောက်ဖူးတယ်... ငါတို့ မြို့စားနန်းဆောင်ကို သွားကြစို့... အဲဒီမှာ ရွာလူကြီး ရှိတယ်... သူ့ကို မေးကြည့်..."

ချင်မူ၏ ရင်ထဲတွင် တုန်လှုပ်သွား၏။ ရွာလူကြီးက အမှောင်ထုအတွင်းမှ လောကထဲသို့ ရောက်ဖူးသည်တဲ့လား...။

ရွာလူကြီးက အမှောင်ထုထဲ ဝင်သွားပြီးသည့်တိုင်အောင် အသက်ရှင်နေနိုင်သည်အထိ စွမ်းအား ကြီးမားသည်တဲ့လား...။

"မူအာ... မင်း အမှောင်ထုထဲက ကမ္ဘာကို တကယ် မြင်ခဲ့တာလား..."

မြို့စားနန်းဆောင်တွင် ဒုက္ခိတဘိုးဘွား ကျေးရွာမှ လူများ အားလုံး စုဝေးနေကြ၏။ အဘွားစစ်က ဖုယွင်တိ၏ အရေခွံကို ဝတ်ဆင်ထားဆဲ ဖြစ်သည်။ ဆေးဆရာ၊ ရွှေအ၊ အဘိုးကြီးမာ၊ နားကန်း၊ မျက်ကန်း၊ ထော့ကျိုးနှင့် သားသတ်သမားတို့ အားလုံးက နေသင်္ဘောပေါ်တွင် ချင်မူ ကြုံတွေ့ခဲ့ရသည်များနှင့် အမှောင်ထုထဲမှ လက်ကြီးအကြောင်း ဝိုင်းဖွဲ့ နားထောင်နေကြသည်။

ရွာလူကြီးမှာ အံ့အားသင့်၍ မဆုံး ရှိနေ၏။ "ငါ အမှောင်ထုထဲက ကမ္ဘာကို ရောက်ခဲ့ဖူးတာ အမှန်ပဲ... မဟာမြို့ပျက်ကို ရောက်လာတုန်းက ငါ့မျှော်လင့်ချက်တွေ အကုန် ပျက်သုဉ်းပြီး ရည်မှန်းချက်တွေ မပြည့်ဝနိုင်တဲ့အတွက် စိတ်ဓာတ် ပျက်ပြား လေလွင့်နေခဲ့တယ်... ဒါပေမဲ့ ငါ သေလို့ မရခဲ့ဘူး..."

သူက မချိပြုံး ပြုံးလိုက်သည်။ သို့သော်လည်း ဒုက္ခိတဘိုးဘွား ကျေးရွာမှ ရွာသူရွာသား အားလုံးမှာ ဤခံစားချက်ကို သိကြ၏။ သူတို့အားလုံးက သေရဲကြသော်လည်း သေ၍ မဖြစ်သေး။ သူတို့၏ ပခုံးထက်၌ ထမ်းရွက်ထားသည့် တာဝန်ဝတ္တရားများ ရှိပြီး ထိုတာဝန်ဝတ္တရားများကို လက်ဆင့်ကမ်း လွှဲပြောင်းပေးခဲ့ရခြင်း မရှိသေးချေ။

"အဲဒီတုန်းက ငါ သေခြင်းနဲ့ ရှင်ခြင်း အစွန်းနှစ်ဖက် လူးလာကူးခတ်နေခဲ့တယ်... ငါ့ကိုယ်ငါ အဆုံးသတ်လိုက်ဖို့ အကြိမ်ကြိမ် ကြိုးစားခဲ့တယ်... တစ်ခါမှာတော့ မိစ္ဆာနတ်ဆိုးတွေရဲ့ ဆွဲဆောင်မှုကို မခံနိုင်ဘဲ အမှောင်ထုထဲကို ဝင်သွားမိခဲ့တယ်..."

ရွာလူကြီးက တည်ကြည်အေးချမ်းသော အမူအရာဖြင့် ပြန်ပြောင်း သတိရလိုက်မိသည်။ "ငါ အမှောင်ထုထဲ ဝင်သွားတော့ သေချာပေါက် သေရတော့မယ်လို့ ထင်ခဲ့မိတယ်... ဒါပေမဲ့ ငါက သိပ်ကို စွမ်းအား ကြီးလွန်းတော့ အမှောင်ထုက အချိန်ခဏလေးနဲ့ မသတ်နိုင်ခဲ့ဘူး..."

ဤစကားက အခြားသူများအဖို့ ကြွားဝါနေသည်ဟု ထင်စရာ ရှိသော်လည်း ဒုက္ခိတဘိုးဘွား ကျေးရွာ၏ ရွာသူရွာသားများကတော့ ထိုသို့သော အတွေးမျိုး မရှိချေ။ ရွာလူကြီးက သူ့စွမ်းအား ကြီးမားလွန်းသည်ဟု ပြောလျှင် အမှန်တကယ် သူ့စွမ်းအား ကြီးမားလွန်း၍ ဖြစ်သည်။

အမှောင်ထုထဲတွင် မည်သို့သော ကြောက်စရာ အန္တရာယ်များ ရှိနေသနည်း။ ဒုက္ခိတဘိုးဘွားကျေးရွာမှ အားလုံးသောသူများက ဤလောကကြီး၏ ထိပ်သီးပညာရှင်များ ဖြစ်ကြသည်။ သို့သော်လည်း ရွာလူကြီးမှ လွဲ၍ မည်သူမျှ အမှောင်ထုထဲဝင်၍ မသေဘဲ ပြန်ထွက်လာနိုင်သည်ဟု မပြောရဲကြချေ။

ရွာလူကြီးက ဆက်ပြောလိုက်၏။ "ငါ အမှောင်ထုထဲမှာ အရူးတစ်ယောက်လို လျှောက်သွားရင်း ငါ့ကို သတ်ပေးဖို့ အမှောင်ထုထဲက မကောင်းဆိုးဝါးတွေနဲ့ မိစ္ဆာနတ်ဆိုးတွေကို အော်ဟစ် တောင်းပန်ခဲ့တယ်... ဒါပေမဲ့ အဲဒီအချိန်မှာ ငါ့မျက်လုံးထဲက အမှောင်ထုက တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး အမှောင်ထုထဲက ကမ္ဘာကို ငါ မြင်တွေ့ခဲ့ရတယ်... အဲဒါက မဟာမြို့ပျက်နဲ့ တစ်ထပ်တည်း ဖြစ်ပေမဲ့ မတူညီတဲ့ ကမ္ဘာတစ်ခုပဲ... အမှောင်ထုကနေ ရုတ်တရက် ဆွဲခွာလိုက်တဲ့ အဆန်းတကြယ် ကမ္ဘာကြီး တစ်ခုပဲ..."

အားလုံး၏ ရင်ထဲတွင် တုန်လှုပ်သွား၏။ ထိုသို့သော ကမ္ဘာမျိုး တကယ်ပဲ ရှိခဲ့သည်လား...။

အမှောင်ထုထဲမှ ကမ္ဘာက မည်သို့သော ပုံသဏ္ဌာန် ရှိလိမ့်မည်နည်း။

"အဲဒီတုန်းက အမှောင်ထုတောင် ပျောက်ကွယ်သွားခဲ့တာ... ဒါပေမဲ့ မြူခိုးတွေက အရာအားလုံးကို ဖုံးလွှမ်းနေတယ်... အဝေးကြီးကို လှမ်းမမြင်ရဘူး... ထူးဆန်းတဲ့ ပုံသဏ္ဌာန်နဲ့ လူတွေက သူတို့ကို မြင်အောင်ပြခဲ့တယ်... ဒါပေမဲ့ ရှင်းရှင်းလင်းလင်းတော့ မမြင်ရဘူး... သူတို့အားလုံးက သိပ်ကို စွမ်းအားကြီးတယ်... ငါ့ထက်တောင် သာသေးတယ်... သူတို့က လက်ဝှေ့ယမ်းပြီး သူတို့ဆီ လာဖို့ ဖိတ်ခေါ်နေတဲ့ ပုံစံပဲ... ဒါပေမဲ့ ငါ ထမ်းပိုးထားရတဲ့ တာဝန်ဝတ္တရားတွေကို ပြန်တွေးမိပြီး အဲဒီနေရာမှာတင် သေသွားလို့ မဖြစ်သေးတာနဲ့ အမှောင်ထုထဲက ပြန်ထွက်လာခဲ့တယ်..."

ရွာလူကြီးက တည်ကြည်လေးနက်စွာ ဆက်ပြောလိုက်၏။ "အဲဒီနောက်ပိုင်းမှာ ငါ အမှောင်ထုထဲ ထပ်ဝင်ပြီး အဲဒီကမ္ဘာကို ရှာဖို့ ကြိုးစားခဲ့ပေမဲ့ ထပ်မတွေ့ရတော့ဘူး... မူအာ မြင်ခဲ့တဲ့ ကမ္ဘာက ငါ မြင်ခဲ့တဲ့ ကမ္ဘာ ဖြစ်လိမ့်မယ်... အမှောင်ထုထဲက ကမ္ဘာကို ငါက အမှောင်ဘုံလို့ ခေါ်လိုက်တယ်... ငါတို့ နေတဲ့ ကမ္ဘာကတော့ အလင်းဘုံပေါ့... အလင်းနဲ့ အမှောင်က အပြန်အလှန် တွဲဖက်နေပြီး တစ်လှည့်စီ လှည့်လည်နေတယ်... နေ့အခါမှာ အလင်းဘုံက ကြီးစိုးပြီး ညရောက်တဲ့အခါ အမှောင်ဘုံက ကြီးစိုးတယ်... မူအာ... မင်းက ရွှင်ပျော်ပျော် ကျေးရွာက ဖြစ်နိုင်ပြီးတော့ ရွှင်ပျော်ပျော် ကျေးရွာက အမှောင်ထုထဲမှာ ပေါ်လာတတ်တယ်လို့ နေထိန်းကျောင်းသူ မျိုးနွယ်ရဲ့ နေစောင့်ရှောက်သူက ပြောခဲ့တာလား..."

ချင်မူက ခေါင်းညိတ်လိုက်သည်။

အားလုံးက တစ်ယောက်ကိုယ် တစ်ယောက် ကြည့်လိုက်ကြသည်။ ဆေးဆရာက ပြုံးလိုက်၏။ "မူအာ... ပြန်နားနှင့်တော့... ထာဝရ ငြိမ်းချမ်းရေး အင်ပါယာက အခုမှ ပြန်ဆုတ်ခွာသွားတာ ဆိုတော့ လူဆိုးတွေက လူကောင်းတွေကြားမှာ ရောနှောနေနိုင်သေးတယ်... ငါတို့ ညဘက် ကင်းစောင့်ရဦးမယ်..."

ချင်မူက ခေါင်းညိတ်၍ မြို့စားနန်းဆောင်မှာ ထွက်ကာ တည်းခိုဆောင်သို့ အနားယူရန် ပြန်သွားလိုက်သည်။

မြို့စားနန်းဆောင်တွင် ရွာလူကြီး၊ ဆေးဆရာ၊ ထော့ကျိုး၊ ရွှေအ၊ အဘွားစစ်နှင့် ကျန်သူများက အလေးအနက် မျက်နှာအမူအရာနှင့် ဖြစ်နေကြသည်။ ထော့ကျိုးက ဟက်ခနဲ ရယ်လိုက်၏။ "ငါတို့ ပြုစုပျိုးထောင်ခဲ့တဲ့ ကလေးက အမှောင်ဘုံထဲမှာ မွေးဖွားလာတဲ့ အမှောင်ထုရဲ့ မိစ္ဆာနတ်ဆိုး တစ်ကောင် ဖြစ်လိမ့်မယ်..."

နားကန်း၏ သံနားရွက်များက တွန့်ခနဲ့ လှုပ်ခတ်သွားပြီး သက်ပြင်းချလိုက်သည်။ "သူ အမှောင်ထုထဲမှာ ရုတ်တရက် ပေါ်လာကတည်းက ငါတို့ သံသယ ရှိသင့်တယ်... သာမန် မိသားစုက ကလေး တစ်ယောက်သာ ဆိုရင် အဲဒီအချိန်ကတည်းက သေသင့်နေပြီ... သူက အမှောင်ထုထဲမှာ အသက်ဆက်ရှင်နိုင်ခဲ့တယ်... မင်း ဘယ်လို ထင်လဲ ရွှေအ..."

ရွှေအက တအအ ပြောလိုက်ပြီး နားကန်းက သရော်တော်တော် ပြုံးလိုက်သည်။ "ငါတို့ မျိုးနွယ်က မဟုတ်ဘူး... သူ့စိတ်နှလုံးကလည်း ကွဲပြားခြားနားမှာ သေချာတယ်... သူ့အတွက် ပြောပေးမနေနဲ့..."

"နားကန်း... မင်းက အစွန်းရောက်လွန်းနေပြီ..."

ဆေးဆရာက တည်ကြည် လေးနက်စွာ ပြောလိုက်သည်။ "မူအာရဲ့ ကျောက်စိမ်းလည်ဆွဲက ရွှင်ပျော်ပျော် ကျေးရွာက ဖြစ်ချင် ဖြစ်လိမ့်မယ်... အဲဒါနဲ့ပဲ သူလည်း ရွှင်ပျော်ပျော် ကျေးရွာကပဲ ဖြစ်မယ်လို့ ပြောလို့ မရဘူး... ပြီးတော့ ရွှင်ပျော်ပျော် ကျေးရွာက ဖြစ်တော့ရော ဘာဖြစ်လဲ... ဘယ်သူမှ ရွှင်ပျော်ပျော် ကျေးရွာကို ရောက်ဖူးတာ မဟုတ်ဘူး... အဲရွာက အမှောင်ဘုံနဲ့ သက်ဆိုင်ချင်မှ သက်ဆိုင်လိမ့်မယ်၊ မကောင်းဆိုးဝါး မျိုးနွယ် ဟုတ်ချင်မှလည်း ဟုတ်လိမ့်မယ်... အမှောင်ဘုံထဲမှာ မိစ္ဆာနတ်ဆိုးတွေချည်း နေတာ မဟုတ်ဘူး... မူအာရဲ့ မွေးဖွားရာ ဇာတိက တခြား ဖြစ်နိုင်စရာတွေ အများကြီး ရှိသေးတယ်..."

အဘွားစစ်က သရော်တော်တော် ပြောလိုက်၏။ "မူအာက အမှောင်ဘုံက မိစ္ဆာနတ်ဆိုးပေါက်လေး ဖြစ်တော့ရော ဘာဖြစ်လဲ... သူက ငါတို့ သွေးနဲ့ ချွေးနဲ့ ရင်းပြီး ပြုစုပျိုးထောင်ခဲ့ရတဲ့ ကလေး... ငါတို့ရဲ့ သွေးသားပဲ..."

ထော့ကျိုးက ဒေါသတကြီး နှာခေါင်းရှုံ့လိုက်သည်။ "အဘွားကြီး... နင့်ဟာက ကျိုးကြောင်း မဆီလျော်တော့ဘူး..."

"ကျိုးကြောင်း မဆီလျော်ဘူး ဟုတ်လား... သောက်ထော့ကျိုး... အဲတော့ နင်က မူအာ့ကို သတ်မလို့လား..."

...... ။

အားလုံးက တစ်ယောက် တစ်ပေါက် ငြင်းခုံနေကြ၏။ တစ်ချိန်လုံး ငြိမ်သက်နေသော အဘိုးကြီးမာက ရုတ်တရက် ထပြောလိုက်၏။ "ငါတို့က မူအာ့ကို ပြုစု ပျိုးထောင်ခဲ့တဲ့သူတွေပဲ... သူ့ကို သင်ကြား ပြသပေးခဲ့တဲ့သူတွေလည်း ဖြစ်တယ်... ငါတို့သာ မိစ္ဆာနတ်ဆိုးဆိုရင် မိစ္ဆာနတ်ဆိုး တစ်ကောင်ကို ပြုစုပျိုးထောင်ခဲ့မိမှာပဲ... သူ ဘယ်လို ကြီးပြင်းလာမလဲဆိုတာက ငါတို့ ဘယ်လိုလူတွေလဲ ဆိုတာအပေါ် မူတည်လိမ့်မယ်..."

အားလုံး ငြိမ်ကျသွား၏။ အဘိုးကြီးမာက စကားနည်းလှသော်လည်း သူ ပြောသမျှ စကားတိုင်းက အရေးပါ အရာရောက်သည့် စကားများ ဖြစ်သည်။

"အဘိုးကြီးမာ ပြောတာ မှန်တယ်..."

အဘိုးကြီးမာက ထော့ကျိုး အလေးစားဆုံးသူ တစ်ယောက် ဖြစ်သည့်အတွက် သူ့ခေါင်းကို ညိတ်လိုက်သည်။ "ငါ အစိုးရိမ်လွန်နေတာ နေမှာပါ... မင်းရော ဘယ်လို ထင်လဲ နားကန်း..."

နားကန်းက ရွှေအကို ကြည့်လိုက်၏။ ရွှေအက သူနှင့် အရင်းနှီးဆုံးလူ ဖြစ်သည်။ ပန်းပဲမီးဖိုကြောင့် တစ်ချိန်လုံး နီရဲနေသည့် ရွှေအ၏ မျက်နှာတွင် အပြုံး တစ်ခု ပေါ်လာပြီး တအအ ပြောလိုက်သည်။ နားကန်းက ပြန်ပြောလိုက်၏။ "မင်းက လူဆိုး တစ်ယောက် မဟုတ်ဘူးဆိုတာ ငါ သိပါတယ်... ငါကလည်း ကိုယ့်ကိုယ်ကိုယ် လူဆိုး မဟုတ်ဘူးလို့ ခံစားမိတယ်... ချင်မူသာ မိစ္ဆာနတ်ဆိုးတစ်ကောင် ဖြစ်လာခဲ့ရင် သူတို့ကို အပြစ်တင်ရမှာပဲ... ငါတို့က လွဲပြီး ရွာထဲမှာ ရှိတဲ့ ကျန်တဲ့သူတွေ အကုန်လုံးက လူကောင်းတွေ မဟုတ်ဘူး..."

အဘွားစစ်က ဒေါသထွက်သွား၏။ "သောက်စာကြမ်းပိုး... နင်က ကျန်တဲ့သူတွေကို မိစ္ဆာလမ်းစဉ် ကျင့်တယ် ဆိုပြီး ခွဲခြား ဆက်ဆံတာလား..."

နားကန်းက လှောင်ပြုံး ပြုံးလိုက်ပြီး သူ့သံနားရွက်များကို ချွတ်ကာ သူတို့၏ စကားကို ဆက်၍ နားမထောင်ချင်တော့ကြောင်း ပြလိုက်၏။

ရွာလူကြီးမှာ ခေါင်းကိုက်သွားသည်။ "ငါတို့ အားလုံးက တစ်ရွာတည်းသားတွေ မဟုတ်လား... သိပ်အလွန်အကျွံ မပြောကြတာ အကောင်းဆုံးပဲ... နားကန်း... မင့် နားရွက်တွေ ပြန်တပ်ထားလိုက်... ဒီတိုင်းကြီးက ကြောက်ဖို့ကောင်းတယ်..."

နားကန်းက သူ့နားရွက်များကို ပြန်ထိုးထည့်လိုက်သည်။ ရွာလူကြီးက ဆက်ပြောလိုက်၏။ "ငါက မူအာ့ကို အမှောင်ဘုံထဲ ခေါ်သွားပြီး ရွှင်ပျော်ပျော် ကျေးရွာကို လိုက်ရှာကြည့်ဖို့ စိတ်ကူးထားတယ်..."

အားလုံးမှာ အလန့်တကြား ထခုန်လိုက်မိကြသည်။

ရွာလူကြီးက ပြုံးလိုက်၏။ "မစိုးရိမ်ကြပါနဲ့... ငါ အမှောင်ဘုံကို ပထမဦးဆုံး ရောက်ဖူးခဲ့တာ နှစ်လေးရာလောက် ရှိပြီ... ဒီနှစ်လေးရာအတွင်းမှာ ငါလည်း အတော် တိုးတက်ခဲ့ပါတယ်... အချိန် နည်းနည်းယူ ပြင်ဆင်ပြီးရင် မူအာ့ကို အမှောင်ထုထဲ ခေါ်သွားမယ်..."

​

ထိုသို့သော အရည်အချင်းမျိုးနှင့်ပင် ချင်မူက သူ့အုပ်ထိန်းသူများ၏ စမ်းသပ်မှုကို ကျော်ဖြတ်နိုင်ခြင်း မရှိဟု ဆိုလေသည်လား...။

"ငါ့မိသားစုရဲ့ စည်းကမ်းက နည်းနည်း တင်းကျပ်တယ်..."

ချင်မူက ရှက်အမ်းအမ်းနှင့် ပြောလိုက်သည်။ "ငါ့ကို အရွယ်ရောက်ပြီလို့ သတ်မှတ်ဖို့ စမ်းသပ်မှု ကိုးမျိုး ကျော်ဖြတ်ရဦးမယ်... အခုထိ ငါ တစ်ခုမှ မကျော်ဖြတ်ရသေးဘူး..."

"အဲလို ဆိုရင်လည်း နင့်ကို ငါ မြို့တော်မှာ စောင့်နေမယ်... ဒါနဲ့ နယ်စပ်စည်းမှာ စုံစမ်းရေး ကြေးမုံတွေ ရှိတယ်... နင် နယ်စပ်ကို ဖြတ်လာရင် သတိထားမှ ရမယ်..."

လင်ယွိရှို့က ထရပ်၍ ထွက်သွားတော့မည် ပြင်ပြီးမှ ရုတ်တရက် ခြေလှမ်းများ ရပ်ကာ ပြုံးတုံ့ မပြုံးတုံ့ လုပ်လိုက်သည်။ "ငါက နင့်ကို လက်ကိုင်ပဝါ တစ်ထည် လက်ဆောင်ပေးခဲ့တယ်လေ... နင်က ငါ့ကို တစ်ခုခု ပြန်ပေးသင့်တယ်လို့ မထင်ဘူးလား..."

ချင်မူက သူ့ကိုယ်ပေါ်တွင် ကမန်းကတန်း ရှာလိုက်သော်လည်း လက်ဆောင်ပေးလောက်စရာ အဖိုးတန် ပစ္စည်း မတွေ့ချေ။ တစ်ခဏမျှ တွေးလိုက်ပြီးနောက် သူ၏ သံတူကြီးကို ဖြုတ်ယူကာ သူမကို ကမ်းပေးလိုက်သည်။

လင်ယွိရှို့မှာ ရယ်ရမလား၊ ငိုရမလား မသိ ဖြစ်သွားသည်။ သူမက နှုတ်ခမ်းကို ကိုက်၍ ပြောလိုက်၏။ "နင်က မိန်းကလေး တစ်ယောက်ကို ဒီလောက် ကြီးတဲ့ သံတူကြီး ပေးမလို့လား..."

ချင်မူ ခေါင်းကုတ်လိုက်ပြီး သူ၏ ဝက်ခုတ်ဓားမ၊ ဝါးတောင်ဝှေး၊ မှင်တုံး၊ စုတ်တံနှင့် နဂါးကြေးပြားအိတ်ကို ဖြုတ်ကာ ဗလုံးဗထွေး ပြောလိုက်၏။ "နင် ကြိုက်တဲ့ တစ်ခု ယူ..."

"ထားလိုက်ပါတော့... ငါ ဒီသံတူကြီးပဲ ယူသွားပါတော့မယ်..."

လင်ယွိရှို့မှာ ခေါင်းကိုက်သွားပြီး သံတူကြီးကို သယ်၍ တည်းခိုဆောင်ထဲမှ ထွက်လာခဲ့သည်။ အပြင်ဘက်တွင်တော့ ကောင်းကင်နတ်သိုင်း ပညာရှင် များစွာက ဘေးတစ်ဘက် တစ်ချက်စီ၌ ရပ်နေကြသည်။ ချင်ဖေးယွဲ့ကလည်း မြင်းတစ်ကောင် ဆွဲလာ၍ ထိုနေရာတွင် ရပ်နေ၏။ သူက လင်ယွိရှို့ သံတူကြီး ဆွဲ၍ ထွက်လာသည်ကို မြင်သောအခါ အထူးတဆန်း ကြည့်လိုက်မိသည်။ သူ့ရင်ထဲတွင် မေးခွန်းများ ပေါ်လာသော်လည်း ထုတ်မမေးတော့ဘဲ ကမန်းကတန်း ပြောလိုက်သည်။ "သင်္ဘော ရွက်လွှင့်ဖို့ အသင့်ပြင်ထားပြီးပါပြီ... သတ္တမ သခင်... သတ္တမ မင်းသမီး မြင်းပေါ်တက်လို့ ရပါပြီ..."

လင်ယွိရှို့က မြင်းပေါ်သို့ ခုန်တက်လိုက်ပြီး တည်းခိုဆောင်ထဲတွင် အံ့အားတကြီး ကျန်ရစ်ခဲ့သော ချင်မူ့ကို ကြည့်၍ မျက်စိ တစ်ဖက်မှိတ်ကာ လျှာထုတ်ပြလိုက်သည်။

ချင်မူမှာ ကြောင်အမ်းအမ်း ငေးကြည့်နေရာမှာ အထစ်ထစ် အငေါ့ငေါ့ ရေရွတ်လိုက်မိသည်။ "မင်း... မင်း..."

"ငါက နင် ဝတယ် ပြောတဲ့ သတ္တမ သခင်လေးပဲ...၊ နွားကျောင်းသား... မြို့တော်ရောက်မှ နောက်တစ်ခေါက် ပြန်တွေ့ကြတာပေါ့..."

လင်ယွိရှို့က တခစ်ခစ် ရယ်မောလိုက်၏။ သူမ၏ အသံက ဆည်းလည်းလေး တစ်လုံး လှုပ်ခတ်သွားသကဲ့သို့ ကြည်လင် သာယာလှသည်။ ထို့နောက် လက်တစ်ဖက်က သံတူကြီးကို ကိုင်၍ အခြားလက်တစ်ဖက်က ကြာပွတ်ကို ရွှမ်းခနဲ ရိုက်ချလိုက်၏။

ချင်မူမှာ မွှေးရနံ့ သင်းပျံ့သည့် လက်ကိုင်ပဝါကို လက်ထဲတွင် ဆုပ်ကိုင်၍ မှင်တက်နေမိကာ စကားမပြောနိုင် ဖြစ်သွားသည်။ ချင်ဖေးယွဲ့က လက်ကို ဝှေ့ယမ်း၍ အချက်ပြလိုက်၏။ ထာဝရ ငြိမ်းချမ်းရေး အင်ပါယာမှ ကောင်းကင်နတ်သိုင်း ပညာရှင်များက ခြေလှမ်း ခပ်သွက်သွက် လှမ်း၍ လင်ယွိရှို့၏ နောက်သို့ အမီလိုက်သွားကြသည်။ ထို့နောက် ချင်ဖေးယွဲ့က တည်းခိုဆောင်ထဲသို့ လှမ်းကြည့်လိုက်ပြီး ချင်မူ၏ ရှေ့သို့ လာ၍ ဝင်ထိုင်လိုက်သည်။ ချင်မူ့ကို အကြည့်စူးစူးဖြင့် စိုက်ကြည့်၍ မေးလိုက်၏။ "မင်းရဲ့ မျိုးရိုး နာမည်က ချင် လား..."

ချင်မူက လင်ယွိရှို့ကို ခပ်ဝဝ သတ္တမ သခင်လေးမှန်း သိလိုက်ရသဖြင့် အံ့ဩ တုန်လှုပ်သွားသည်ကို ပြန်၍ တည်ငြိမ်အောင် ထိန်းလိုက်သည်။ ထို့နောက် သူ့ခေါင်းကို ညိတ်ပြလိုက်၏။ "တပ်မှူးရဲ့ မျိုးရိုးနာမည်ကလည်း ချင် ပဲ ထင်ပါတယ်... တခြားလူတွေက တပ်မှူးကို တပ်မှူးလေးချင်လို့ ခေါ်ကြတာ ကြားဖူးပါတယ်..."

"အပြောကျယ်လှတဲ့ လောကကြီးမှာ မျိုးရိုးနာမည် ချင် နဲ့ လူတွေ အများကြီး ရှိတယ်..."

ချင်ဖေးယွဲ့က သူ့အတွက် လ္ဘက်ရည်ကြမ်း တစ်ခွက် ငှဲ့၍ ခပ်အေးအေး ပြောလိုက်သည်။ "တချို့လူတွေက ကံမကောင်းတဲ့အတွက် ဆင်းဆင်းရဲရဲ မွေးဖွားလာကြရတယ်... တချို့ကတော့ ကံကောင်းတဲ့အတွက် ဂုဏ်ဒြပ် မြင့်မားတဲ့ လူ့ချမ်းသာ အသိုင်းအဝိုင်းမှာ မွေးဖွားလာကြတယ်... မျိုးရိုးနာမည် ချင် က ဘာကိုမှ ကိုယ်စား မပြုနိုင်ဘူး... မင်းမှာ ချင် ဆိုတဲ့ မျိုးရိုးနာမည် ရှိချင်ရှိလိမ့်မယ်... ဒါပေမဲ့ မင်းက အစွန့်ပစ်ခံ လူတစ်ယောက်၊ မဟာမြို့ပျက်ရဲ့ နိမ့်ကျတဲ့ အရပ်သား တစ်ယောက်ပဲ... ဒီမှာ မိတ်ဆွေလေး... အထင်အမြင်တွေ မှားမနေနဲ့... မင်းက သူနဲ့ ပတ်သက်ဆက်ဆံဖို့ ထိုက်တန်တဲ့သူ မဟုတ်ဘူး..." ချင်ဖေးယွဲ့က စကားဆုံးသည်နှင့် လ္ဘက်ရည်ကြမ်းခွက်ကို မော့သောက်ကာ ရွှေတုံး တစ်တုံးချ၍ တည်းခိုဆောင်ထဲမှ ထွက်လာခဲ့လိုက်သည်။

"တပ်မှူးလေးချင်... ခင်ဗျား ဘာပြောချင်တာလဲ ကျုပ် နားမလည်ပါဘူး..."

ချင်မူကလည်း ထရပ်၍ တည်းခိုဆောင်ထဲမှ ထွက်လာခဲ့လိုက်သည်။ တည်းခိုဆောင် ပိုင်ရှင်က ကမန်းကတန်း ပြေးလာပြီး ဦးညွှတ် အရိုအသေပြုလိုက်၏။ "သခင်လေး... ပြန်တော့မလို့လား..."

ချင်ဖေးယွဲ့ အနည်းငယ် မှင်တက်မိသွားသည်။ တည်းခိုဆောင် ပိုင်ရှင်က သူ့ကို ပြောလိုက်သည်ဟု ထင်မိသော်လည်း ချင်မူ့ကို ဦးညွှတ် အရိုအသေပြုလိုက်မည်ဟု မမျှော်လင့်လိုက်မိချေ။

"အပြင်လူတွေရှေ့မှာ ထုံးစံတွေ လုပ်နေစရာ မလိုဘူး..."

ချင်မူက လက်ဝှေ့ယမ်းပြလိုက်ပြီး ကျယ်ပြောလှသော နယ်စပ်နဂါးမြို့၏ ခမ်းနား ထည်ဝါသော အဆောက်အဦများကို လှည့်ပတ် ကြည့်ရှုလိုက်သည်။

ဤနေရာက သူ့မြို့ ဖြစ်၏။

သူက မြို့စားနန်းဆောင်ဆီသို့ လျှောက်လှမ်းသွားရင်း လောင်းကစားရုံကို ဖြတ်သွားသည်။ ကြံခိုင်တောင့်တင်းသည့် လူတစ်အုပ်က သူ့ကို ဦးညွှတ် အရိုအသေပြုကြ၏။ "သခင်လေး..."

ပြည့်တန်ဆာအိမ်မှ ဖြတ်သွားသောအခါ မိန်းမထိန်းများက အမျိုးသမီးငယ်များကို ခေါ်ထုတ်၍ တစ်ညီတစ်ညာတည်း နှုတ်ဆက်စေသည်။ "သခင်လေး..."

စာအုပ်ဆိုင်၊ ပန်းဈေး၊ အသီးအရွက်ဈေး၊ သားသတ်ဆိုင်၊ စားသောက်ရုံ၊ ရှေးဟောင်းပစ္စည်းဆိုင်၊ ကုန်စုံဆိုင်၊ ဆေးဆိုင်၊ ပန်းပဲဖို၊ လက်နက်ပစ္စည်းဆိုင်များကို ဖြတ်သွားသောအခါတွင်လည်း အားလုံးသော သူများက သူ့ကို ဦးညွှတ် အရိုအသေ ပြုလိုက်ကြ၏။

"သခင်လေး..."

"သခင်လေး..."

"သခင်လေး..."

... ...။

ချင်ဖေးယွဲ့ မျက်မှောင်ကြုတ်လိုက်၏။ ချင်မူ မြို့စားနန်းဆောင်သို့ လျှောက်လှမ်းသွားသည်ကို သူ ကြည့်လိုက်သည်။ မြို့စားနန်းဆောင် တံခါးဝများ ပွင့်လာပြီး ဖုယွင်တိ အပြင်ထွက်လာကာ ချင်မူ့ကို ဝမ်းသာအားရ ရယ်မော ကြိုဆိုလိုက်သည်။ တစ်ချိန်တည်းမှာပင် သူ့ဘေးမှာ အစောင့်တပ်သားများကိုလည်း အမိန့်ပေးလိုက်သေး၏။ "မင်းတို့အားလုံး ကန်းနေကြလား... သခင်လေးကို အခုထိ နှုတ်မဆက်သေးဘူးလား..."

တံခါးဝတွင် စောင့်ကြပ်နေသော ကောင်းကင်နတ်သိုင်း ပညာရှင်များက ဦးညွှတ် အရိုအသေပြု၍ ကျယ်လောင်စွာ အော်ဟစ် နှုတ်ဆက်လိုက်ကြသည်။ "သခင်လေး..."

"ဒီနေ့က စပြီး ဒီတစ်မြို့လုံး ငါတို့အိမ် ဖြစ်သွားပြီ..." ဖုယွင်တိက တဟားဟား ရယ်မော၍ ချင်မူနှင့်အတူ မြို့စားနန်းဆောင်ထဲသို့ ဝင်သွား၏။

ချင်ဖေးယွဲ့ အကြီးအကျယ် မျက်မှောင်ကြုတ်လိုက်မိသည်။ မည်သည့် နေရာတွင် မှားယွင်းနေသည်မှန်း စဉ်းစားမရချေ။ ဖုယွင်တိက အဘယ်ကြောင့် သူ့သားကို သတ်သွားသူနှင့် ဤမျှ ဝမ်းသာအားရ ရယ်မော ပြောဆိုနေသည် သူ မသိ...။ ချင်မူက သူ့သား ဖြစ်၍ ဖုထင်ယွဲ့က သူ့သား မဟုတ်သကဲ့သို့ပင် ရှိသည်။

ချင်မူက ဩဇာအာဏာ ရှိ၍ ချမ်းသာ ကြွယ်ဝသော ဖုယွင်တိနှင့် မည်သို့ ချိတ်မိသွားသည်မှန်း သူ စဉ်းစား မရချေ။

"တောကြိုအုံကြားက အရိုင်းအစိုင်းတွေက လမ်းပေါ်မှာပဲ ဘုရင် လုပ်နိုင်တာပါ... နန်းတွင်းလို နေရာမျိုးကို ဘယ်တော့မှ ခြေချနိုင်မှာ မဟုတ်ဘူး..."

နောက်ပြန် လှည့်ထွက်လာရင်း မြို့အထွက် တံခါးဝ အရောက်တွင် သူ့တစ်ကိုယ်လုံး ရုတ်တရက် တုန်ခါသွား၏။ မည်သည့် နေရာတွင် မှားယွင်းနေသည်ကို သူ တွက်ဆမိသွားပြီး လမ်းအဆုံးမှ မြို့စားနန်းဆောင် ရှိရာသို့ မယုံနိုင်စွာ လည်ပြန် လှည့်ကြည့်လိုက်မိသည်။

"ကောင်းကင်နတ်ဆိုး ဖန်ဆင်းပညာ... ဂိုဏ်းသခင်မ..."

သူ့စိတ်သူ ပြန်တည်ငြိမ်အောင် လုပ်၍ လှည့်ထွက်လာခဲ့လိုက်သည်။ "ဖုယွင်တိက သေပြီးလို့ အရေခွံခွာ ခံလိုက်ရပြီ... အခု မြို့ထဲမှာ ရှိနေတဲ့ ဖုယွင်တိက ကောင်းကင်နတ်ဆိုးဂိုဏ်းရဲ့ ဂိုဏ်းသခင်မပဲ... နယ်စပ်နဂါးမြို့ရဲ့ ပိုင်ရှင်က ပြောင်းသွားပြီ... ဖုယွင်တိ လက်အောက်က ကောင်းကင်နတ်သိုင်း ပညာရှင်တွေကိုလည်း ကောင်းကင်နတ်ဆိုးဂိုဏ်းက ကောင်းကင်နတ်သိုင်း ပညာရှင်တွေနဲ့ အစားထိုး လိုက်ပြီ နေမယ်... တစ်မြို့လုံးက ကောင်းကင်နတ်ဆိုးဂိုဏ်းရဲ့ လူတွေပဲ... ကံကောင်းလို့ ဧကရာဇ် အတိုင်ပင်ခံက ဟိုသင်္ဘောရဲ့ အတားဆီး ခံလိုက်ရတာ... မဟုတ်များ မဟုတ်ခဲ့ရင်..."

သူ့ရင်ထဲတွင် ထိန်းမရ သိမ်းမရအောင် တုန်ယင်သွားသည်။ ယခု ဂိုဏ်းသခင်မက ဖုယွင်တိ၏ အရေခွံကို ဝတ်ဆင်ထားပြီး ထာဝရ ငြိမ်းချမ်းရေး အင်ပါယာ၏ တပ်မကြီးသာ မြို့ထဲ ဝင်လာခဲ့လျှင် သူမအနေဖြင့် အပေါင်းအပါများနှင့်အတူ နယ်စပ်နဂါးမြို့၏ နဂါးတိုင်လုံးများကို ဖျက်ဆီးပစ်လိုက်ရုံသာ လိုသည်။ ဤနည်းအားဖြင့် ထာဝရ ငြိမ်းချမ်းရေး အင်ပါယာ၏ တပ်မကြီး တစ်ခုလုံး တစ်ချက်တည်းနှင့် ပြိုလဲ သွားမည် ဖြစ်ပြီး ထာဝရ ငြိမ်းချမ်းရေ အင်ပါယာ၏ အင်အားကို အကြီးအကျယ် ချိနဲ့သွားစေနိုင်၏။ ဤအရေးနိမ့်မှုသည် ထာဝရငြိမ်းချမ်းရေး အင်ပါယာ၏ နိဂုံး အဆုံးသတ်ထိပင် ဦးတည်သွားနိုင်သည်။

နယ်စပ်နဂါးမြို့သို့ ပြန်ကြည့်လိုက်သည်။ ဤနေရာ၏ ပိုင်ရှင်က ပြောင်းလဲ သွားချေပြီ။ ဤနေရာက သူသော်လည်းကောင်း၊ ထာဝရ ငြိမ်းချမ်းရေး အင်ပါယာသော်လည်းကောင်း ချယ်လှယ်၍ ရသော နေရာ မဟုတ်တော့...။

ယခု ဤမြို့က ချင်မျိုးရိုးနှင့် သက်ဆိုင်သွားချေပြီ။ တူညီသော ချင် ပင် ဖြစ်သော်လည်း သူ၏ ချင် မဟုတ်၊ ချင်မူ၏ ချင် ဖြစ်၏။

All Chapters