ချင်မူ၏ ချင်
Vol. 6 Ch. 82
နောက်တစ်နေ့ မနက်အစောတွင် လင်ယွိရှို့က ချင်မူ့ကို တည်းခိုဆောင်သို့ လာရှာ၍ နှုတ်ဆက်၏။
သူမက ယခင်နေ့များကဲ့သို့ပင် မျက်နှာကို ပို၍ ပိန်သွယ်သယောင် ထင်ရစေရန် လှပသော ဆံနွယ်များကို ဘေးနှစ်ဖက်တွင် ခွဲချထားသည်။ ချင်မူ့ဘေးတွင် ဝင်ထိုင်လိုက်ပြီး လ္ဘက်ရည်ကြမ်း တစ်အိုးမှာ၍ ကြည်လင် တောက်ပစွာ ငေးစိုက်ကြည့်လိုက်သည်။ "မဟာမြို့ပျက်က အစစအရာရာ ရှားပါး ဆင်းရဲလွန်းတဲ့ နေရာ ဆိုတော့ ရေရှည် နေလို့ အဆင်မပြေဘူး... ဒီမှာ နင် တွေ့ရတာ ခေါင်သီ ကြမ်းတမ်းတဲ့ နေရာပဲ ရှိတယ်... မဟာမြို့ပျက်ရဲ့ အပြင်ဘက်ကို ထွက်လာခဲ့မှသာ အပြောကျယ်လှတဲ့ လောကကြီးကို ကြုံတွေ့ခွင့် ရမှာ... ထာဝရ ငြိမ်းချမ်းရေး အင်ပါယာရဲ့ အတိုင်ပင်ခံနဲ့ ဧကရာဇ်က သမိုင်းတွင်မယ့် ခေတ်သစ် တစ်ခု ထူထောင်ဖို့ ရည်မှန်းချက် ရှိလို့ အပြင်ဘက်လောကမှာ မှော်သိုင်းတွေနဲ့ ကောင်းကင်နတ်သိုင်းတွေက နေ့စဉ်နဲ့အမျှ အသစ်အသစ်တွေ တိုးတက်နေတယ်... ထာဝရ ငြိမ်းချမ်းရေး အင်ပါယာရဲ့ မှော်သိုင်းနဲ့ ကောင်းကင်နတ်သိုင်းတွေက အခုအချိန်မှာ အတော်ကြီး ပြောင်းလဲ သွားပြီ... နင်က သတ္တိလည်း ကောင်းတယ်၊ အလားအလာ အရည်အချင်းလည်း ရှိတယ်... နင့်ကို ဒီလို ဝေးလံ ခေါင်သီတဲ့ နေရာမှာပဲ နစ်မြုပ် မနေစေချင်ဘူး... ငါက မိန်းမ တစ်ယောက် ဖြစ်ချင် ဖြစ်လိမ့်မယ်... ဒါပေမဲ့ ငါ့မှာ ကြီးမားတဲ့ ရည်မှန်းချက်တွေ ရှိတယ်... နင် ငါနဲ့ လိုက်ခဲ့ဖို့ ဆန္ဒ ရှိတယ်ဆိုရင် ဒီနေ့ပဲ လိုက်ခဲ့လို့ ရတယ်..."
ချင်မူမှာ ဘာပြောရမှန်းမသိ ဖြစ်သွားသည်။ သူ ဤမိန်းကလေးနောက် လိုက်၍ ထာဝရ ငြိမ်းချမ်းရေး အင်ပါယာသို့ သွားသင့်သည်လား...။
သူ့အနေဖြင့် မဟာမြို့ပျက်မှ ထွက်၍ အပြင်ဘက် လောကကို မြင်တွေ့ချင်နေသည်မှာတော့ အမှန်ပင် ဖြစ်၏။ မဟာမြို့ပျက်က အန္တရာယ် များလွန်းလှပြီး သူ၏ လက်ရှိ အစွမ်းအစနှင့် မဟာမြို့ပျက်အတွင်း လှည့်လည် သွားလာရန် မဖြစ်နိုင်သေးပေ။ ရွာလူကြီးလို ပုဂ္ဂိုလ်မျိုးများပင် မဟာမြို့ပျက် တစ်ခုလုံး နှံ့စပ်အောင် သွားလာဖူးခြင်း မရှိချေ။
ယခု သူ လိုအပ်နေသည်က အတွေ့အကြုံ ဖြစ်၏။
မဟာမြို့ပျက် အပြင်ဘက်မှ လူများက အတွေ့အကြုံ ရရန်အတွက် မဟာမြို့ပျက်သို့ လာလိုကြသော်လည်း သူကတော့ အတွေ့အကြုံ ရရန်အတွက် မဟာမြို့ပျက် အပြင်ဘက်သို့ ထွက်ချင်နေသည်။ လင်ယွိရှို့၏ ဖိတ်ခေါ်မှုက သူ့အတွက် ငြင်းဆန်ရန် ခက်ခဲလှသည်။
ထာဝရ ငြိမ်းချမ်းရေး အင်ပါယာ ဧကရာဇ် အတိုင်ပင်ခံက မဟာမြို့ပျက်ကို သိမ်းပိုက်ရန် ကြံစည် ကြိုးစားခဲ့သော်လည်း ချင်မူ့အနေဖြင့် သူ့အပေါ် မကောင်း မမြင်မိချေ။ ထိုအစား လေးပင် လေးစားမိသေး၏။
ထာဝရ ငြိမ်းချမ်းရေး အင်ပါယာ ဧကရာဇ် အတိုင်ပင်ခံက ထိုသို့ ပြုပြင် ပြောင်းလဲမှုကြီးကို ပြုလုပ်၍ အခြား သိုင်းဂိုဏ်းများကို အကောင်းဆုံး သိုင်းကွက်များ ပူးပေါင်း ဖန်တီးခိုင်းကာ မှော်သိုင်းနှင့် ကောင်းကင်နတ်သိုင်းများ အဆင့်အတန်း မြင့်မားလာအောင် ပြုလုပ်ခဲ့သည်။ ဤသို့သော အမြင်ကျယ်မှုမျိုးနှင့် ပါရမီ အရည်အချင်းကြောင့် ချင်မူ သူ့ကို လေးစားမိသည်။
ထိုသို့သော ပြိုင်ဘက်ကင်း ပါရမီရှင် တစ်ဦး ထူထောင်ခဲ့သည့် ခေတ်သစ် သိုင်းပညာရပ်များကို သူ ကြုံတွေ့ချင်မိသည်။
"နင်က ဘယ်မှာ နေတာလဲ..." ချင်မူက မေးလိုက်၏။
"မြို့တော်မှာ..." လင်ယွိရှို့က ပြန်ဖြေလိုက်၏။
လူငယ်လေးက တစ်ချက် တွေဝေ စဉ်းစားပြီးနောက် ပြုံးပြလိုက်၏။ "ထာဝရ ငြိမ်းချမ်းရေး အင်ပါယာရဲ့ မြို့တော်... ငါ သေချာပေါက် လာခဲ့မယ်... နင် မြို့တော်ကို အရင် ပြန်နှင့်ပါ... ငါ အဲဒီ ရောက်ရင် နင့်ကို လာရှာပါ့မယ်..."
လင်ယွိရှို့က မျက်မှောင်ကြုတ်လိုက်သည်။ "နင်က ငါနဲ့ မလိုက်ခဲ့ဘူးလား..."
ချင်မူ ခေါင်းကိုက်သွား၏။ "ငါ့ရဲ့ အုပ်ထိန်းသူတွေက စည်းကမ်း ချထားတယ်... ငါ အိမ်က ထွက်ဖို့ ဆိုရင် သူတို့ရဲ့ စမ်းသပ်မှုတွေကို အရင် ဖြတ်ကျော်ရတယ်... ငါ့ အုပ်ထိန်းသူက ကိုးယောက် ရှိတာ ဆိုတော့... အပြင်လောကကို ထွက်ဖို့အတွက် ငါ စမ်းသပ်မှု ကိုးမျိုးကို ကျော်ဖြတ်ရလိမ့်မယ်..."
လင်ယိရှို့မှာ အံ့အားသင့်သွား၏။ "နင့်အစွမ်းအစနဲ့တောင် အဲဒီ စစ်ဆေးမှုတွေကို မကျော်ဖြတ်နိုင်ဘူးလား..."
သူမ မယုံနိုင်သလို ခံစားမိသွားသည်။ ဓားမ တစ်ချက်ကို မြှောက်၍ ဖုထင်ယွဲ့ကို ချင်မူ သတ်ခဲ့၏။ ထိုမြင်ကွင်းက တကယ့်ကို အသက်ရှူ မှားလောက်ဖွယ် ဖြစ်သည်။ ဖုထင်ယွဲ့က နယ်စပ်နဂါးမြို့၏ နံပါတ်တစ် သိုင်းပညာရှင် ဖြစ်သည်။ နယ်စပ်နဂါးမြို့တွင် နံပါတ်တစ် ဖြစ်ခြင်းက ထာဝရ ငြိမ်းချမ်းရေး အင်ပါယာတွင် ဘာမျှ မဟုတ်သော်လည်း ချင်မူ၏ အရည်အချင်းက ဝိညာဉ်သန္ဓေသား အဆင့်တွင် ထူးချွန်သည်ဟု ဆိုနိုင်၏။ သူမ၏ မျက်လုံးထဲတွင် သူ့အရည်အချင်းနှင့် ဆိုလျှင် ထာဝရ ငြိမ်းချမ်းရေး အင်ပါယာ၌ ထိပ်ဆုံးဆယ်ယောက်ထဲ ဝင်ရန် မခက်ခဲနိုင်ချေ။