← Chapters

လက်နက်အပြည့်အစုံတပ်ဆင်ခြင်း

Vol. 6 Ch. 83

လက်နက်အပြည့်အစုံတပ်ဆင်ခြင်း

Vol. 6 Ch. 83

"ဒီရုပ်တုတွေကနေ အဆင့်မြင့် ကောင်းကင်နတ်သိုင်းတွေ တကယ် လေ့လာလို့ ရတာပဲ..."

ဤရက်များအတွင်း၌ ချင်မူ နယ်စပ်နဂါးမြို့ရှိ ရှေးဟောင်း ကျောင်းဆောင်များနှင့် နဂါးတိုင်လုံးများတွင်သာ အချိန်ကုန်ခဲ့သည်။ ညရောက်သောအခါ ထိုကျောင်းဆောင်များ၌ ဖြစ်စေ၊ နဂါးတိုင်လုံးများပေါ်၌ ဖြစ်စေ အိပ်စက်၏။ နိုးလာသောအခါ ရုပ်တုများကို အသေးစိတ် ကြည့်ရှုလေ့လာ၏။

ဤရုပ်တုများကို သူ ကောင်းကင်မျက်လုံး အသုံးပြု၍ လေ့လာခဲ့ခြင်း ဖြစ်သည်။ ၎င်းတို့၏ ပုံသဏ္ဌာန်၊ ချီစွမ်းအင်နှင့် စိတ်ဝိညာဉ် ဟူသော သွင်ပြင် သုံးရပ်ကို ခွဲခြမ်း စိတ်ဖြာပြီး အနှစ်သာရ၊ စွမ်းအားနှင့် ပြင်းအား ဟူသော အခြေအနေ သုံးရပ်ကို ဆင်ခြင် သုံးသပ်ခဲ့၏။ သူ့မျက်လုံးထဲတွင် ဤနတ်ဘုရား ရုပ်တုများက ရုပ်တုများ မဟုတ်ကြတော့။ ရုပ်လုံး ပုံသဏ္ဌာန်ရော၊ စိတ်ဝိညာဉ်ပါ ရှိသည့် ချီစွမ်းအင် စီးဆင်းရာ လမ်းကြောင်းပြ သက်ရှိများ ဖြစ်လာသည်။ သူတို့က ချီစွမ်းအင်ကို အနှစ်သာရအဖြစ် စုစည်း၍၊ ချီစွမ်းအင်ကို ပြင်းအားအဖြစ် လည်ပတ်၍၊ ချီစွမ်းအင်ကို စွမ်းအားအဖြစ် ပုံဖွဲ့၍ ထူးကဲသော အားအဟုန်ကို ပိုင်ဆိုင်ကြသည်။

သူက သိုင်းပညာရှင် တစ်ယောက် အဖြစ်သာ ရှိသေးပြီး ကောင်းကင်နတ်သိုင်း ပညာရပ်များနှင့် ထိတွေ့ရခြင်း မရှိသေးချေ။ သို့သော်လည်း သူ့ခေါင်းထဲတွင် ဤနတ်ရုပ်တုများကို ထွင်းထုခဲ့သည့် နတ်ဘုရား ပညာရှင်၏ နည်းလမ်းများအတိုင်း လိုက်၍ ကောင်းကင်နတ်သိုင်းများ ဖန်တီးရန် စဉ်းစားမိနေပြီ ဖြစ်သည်။

ချင်မူက မြစ်ပြင်ပေါ်တွင် နင်းလျှောက်နေသည့် နတ်ဘုရားမပုံ ရုပ်တုကို ကြည့်ရှု လေ့လာနေသည်။ သူ့ကိုယ်တွင်းမှ ချီစွမ်းအင်များက စတင် လှုပ်ရှား လှည့်ပတ်လာ၏။ ရုတ်တရက် သူ့ချီစွမ်းအင်က တသွင်သွင် စီးဆင်းနေသည့် ရေအသွင်သို့ ပြောင်းလဲသွားပြီး လှိုင်းလုံးများ တပွက်ပွက်ဆူ လှုပ်ရှားနေသည့် မြစ်တစ်စင်းကဲ့သို့ သူ့လက်ထဲမှ တစ်ရှိန်ထိုး စီးဆင်း ထွက်ပေါ်လာသည်။ သူ့လက်ဖဝါး ရိုက်ချက်တိုင်းက ရေလှိုင်းသံ တဝေါဝေါ ထွက်ပေါ်နေသည်။

ချင်မူ၏ လက်ဖဝါးမှ အားအဟုန်က တစ်စထက်တစ်စ ကြီးမားလာပြီး ရုတ်တရက် ရိုက်ထုတ်လိုက်သည်တွင် သူ၏ ချီစွမ်းအင်က တစ်ဟုန်ထိုး စီးဆင်းနေသည့် မြစ်တစ်စင်းအသွင် ပြောင်းလဲ၍ ရှေ့ဆယ့်နှစ်ကိုက်အထိ ပေါက်ကွဲ ထွက်ပေါ်လာ၏။ ဘုရားကျောင်းဆောင်ရှေ့မှ ကျောက်တုံးကြီးမှာ အစိတ်စိတ်အမြွှာမြွှာ ကွဲထွက်သွားသည်။

သူ၏ ဤတိုက်ကွက်က ကောင်းကင်နတ်သိုင်း မဟုတ်။ မှော်သိုင်းကွက်နှင့် ပိုတူသော်လည်း မှော်သိုင်း မဟုတ်။ သိုင်းကွက် အသားပေး ပညာရပ်နှင့် တူသော်လည်း သိုင်းကွက်အသားပေး ပညာလည်း မဟုတ်ချေ။ လွန်စွာ ထူးဆန်းလှ၏။

"ခွင့်ပြုပါဦး..."

ချင်မူက မြစ်ရေပြင်ပေါ် နင်းလျှောက်နေသည့် နတ်ဘုရားမ ရုပ်တုကို ဦးညွှတ် အရိုအသေ ပြု၍ ထိုကျောင်းဆောင်ထဲမှ ထွက်ပြီး ကပ်လျက်ရှိ ရှေးဟောင်းကျောင်းဆောင်ထံသို့ သွားလိုက်၏။

ထိုရှေးဟောင်း ကျောင်းဆောင်ထဲတွင်တော့ နဂါး နှစ်ကောင်ကို စီးနင်းကာ ကျားလက်သည်းများ ရှိသည့် လူသားမျက်နှာနှင့် ရုပ်တု တစ်ခု ရှိနေသည်။ ချင်မူက ထိုရုပ်တု၏ ရှေ့တွင် ထိုင်၍ လေ့လာ ကြည့်ရှုလိုက်သည်။

ငါးရက်တာ ကာလကို ခေါင်းရှုပ်ထွေးစွာ ကုန်ဆုံးအပြီးတွင်တော့ ချင်မူ ထိုရုပ်တု၏ သွင်ပြင် သုံးသွယ်နှင့် အခြေအနေ သုံးရပ်ကို ဖမ်းဆုပ်နိုင်ခဲ့သည်။ သူ၏ ချီစွမ်းအင်က သူ မြင်တွေ့ခဲ့ရသည့် လမ်းကြောင်းအတိုင်း အလိုအလျောက် လည်ပတ်လာသည်။ ရုတ်တရက် သူ့ခန္ဓာကိုယ်တွင် ရွှေရောင် အလင်းတန်း တစ်ခု ဖြာထွက်လာပြီး သူ၏ လှုပ်ရှားမှုတိုင်းက သတ္ထုအချင်းချင်း ထိတွေ့သံများ ထွက်ပေါ်လာသည်။

သူ၏ အသွင်သဏ္ဌာန်က နတ်ဘုရားရုပ်တုနှင့် တူလာသည်။ ရုတ်တရက် သူ၏ ပတ်ပတ်လည်တွင် ရွှေရောင်တောက်နေသော အဝိုင်းပြား ခုနစ်ခု ပေါ်ထွက်လာသည်။ ထိုအဝိုင်းပြားများ၏ အသွားများက လွှသွားကဲ့သို့ ချွန်ထက်နေပြီး ခပ်ဖျော့ဖျော့ အလင်းရောင်ရှိသည်။ ထိုလွှသွားဝိုင်း၏ အလယ်မှ ရွှေရောင်က ပို၍ တောက်ပ၏။

ချင်မူ၏ ခန္ဓာကိုယ်က လှုပ်ရှားသွားပြီး ဓားကိုင်နည်း လျှို့ဝှက်ချက်ကို အသုံးပြုလိုက်သည်။ လွှသွားဝိုင်းများကလည်း ရွေ့လျားလာ၏။ သူ၏ ချီစွမ်းအင်များ လည်ပတ်လာသောအခါ ထိုလွှသွားဝိုင်းများ အလယ်မှ ရွှေရောင်အလင်းကလည်း ပိုမိုတောက်ပလာသည်။ ရုတ်တရက် ချင်မူက သူ့ဓားကို ရှေ့သို့ ထိုးစိုက်လိုက်သောအခါ လွှသွားဝိုင်း ခုနစ်ခုမှ ရွှေရောင်အလင်းတန်းများ ထွက်ပေါ်လာသည်။ ထိုရွှေရောင် အလင်းတန်းများက လွန်စွာ သေးမျှင်လှပြီး ရွှေချည်မျှင်မှ ပြုလုပ်ထားသည့် သေးငယ်သော ဓားပျံလေးများကဲ့သို့ ရှိသည်။

ရွှစ်... ရွှစ်... ရွှစ်...။

ရွှေချည်မျှင်ကဲ့သို့သော ဓားပျံငယ် ခုနစ်စင်းက လျှပ်ပြက်သကဲ့သို့ ပျံဝဲလာပြီး သူ့ဓားဦး ညွှန်လိုက်သော နေရာသို့ ထိုးစိုက်သွားသည်။

ချင်မူ သူ့လက်ကို ပြန်ရုပ်သိမ်းလိုက်ပြီး မြေပြင်ပေါ်မှ ဓားရာများကို ကြည့်လိုက်သည်။

"ဘိုးဘိုးမာရဲ့ လက်သီးသိုင်းလောက် အားမပြင်းသေးဘူး...၊ အာ... ငါ့ချီစွမ်းအင်က ဘယ်တုန်းကများ ကျားဖြူချီ ဖြစ်သွားတာလဲ..."

ချင်မူ ရုတ်တရက် သတိပြုမိသွားပြီး စဉ်းစားကြည့်လိုက်သည်။ ထိုအခိုက်၌ သူ၏ ဝိညာဉ် သန္ဓေသား ကောင်းကင်ရတနာထဲတွင် ထူးဆန်းသော အရာတစ်ခု ဖြစ်ပွားသွားသည်။ သူ၏ ဝိညာဉ်သန္ဓေသားက အသက်တစ်ချက် ရှိုက်ရှူလိုက်ပြီး ရွှေရောင် အလင်းပင်လယ်ထဲမှ လက်ကျန် ရွှေရောင် အလင်းတန်းများ အားလုံးကို စုပ်ယူလိုက်သည်။

ချင်မူမှာ ရုတ်တရက် သူ၏ မျက်ခုံးနှစ်ခု အလယ်၌ ဗလာကျင်းသွားသကဲ့သို့ ခံစားလိုက်ပြီး မူးဝေသွားသည်။ သူ သတိ ပြန်ရလာသောအခါ သူ၏ ဝိညာဉ် သန္ဓေသားက နောက်တစ်ကြိမ် အိပ်မောကျနေချေပြီ။

"နေပါဦး... ရွာလူကြီး ပြောတာ လောကသခင်ခန္ဓာ အမြုတေ သုံးသွယ် ကျင့်စဉ်က ဝိညာဉ် သန္ဓေသား သုံးခါ နိုးထလာနိုင်တဲ့အတွက် အဲဒီနာမည် ပေးထားတာလို့ ပြောခဲ့တာ မဟုတ်ဘူးလား... ဘာလို့ ငါ့ဝိညာဉ်သန္ဓေသားက စတုတ္ထအကြိမ်မြောက် နိုးထလာမယ့် လက္ခဏာတွေ ပြနေရတာလဲ..."

ချင်မူမှာ စိတ်ရှုပ်ထွေးသွား၏။ ဝိညာဉ်သန္ဓေသား အိပ်မောကျသွားပြီး သူ၏ ကျင့်စဉ်စွမ်းအင်က တစ်ဝက်သာ ကျန်တော့သည့်အတွက် သူ့အနေဖြင့် ကောင်းကင်မျက်လုံးကို ဆက်ထိန်းထားရန် အတော်လေး အားစိုက်လာရသည်။ သို့ဖြစ်၍ ရှေးဟောင်းကျောင်းဆောင်ထဲမှ ထွက်လာခဲ့လိုက်၏။

"သခင်လေး... ဂိုဏ်းချုပ်က သခင်လေးအတွက် စာတစ်စောင် ပို့လိုက်ပါတယ်..."

သူ ကျောင်းဆောင်ထဲမှ ထွက်ထွက်ချင်းပင် အစိမ်းရောင် ဝတ်စုံ ဝတ်ဆင်ထားသည့် အဘိုးကြီး တစ်ဦး အပြင်ဘက်တွင် ရပ်နေပြီး ဦးညွှတ် နှုတ်ဆက်လိုက်သည်ကို မြင်လိုက်ရသည်။ ထိုအဘိုးကြီးက ဤနေရာတွင် မည်မျှ ကြာအောင် ရပ်နေသည်မှန်း သူ မသိချေ။ ထိုဝတ်စုံစိမ်း အဘိုးကြီးက ကမန်းကတန်း အနားတိုးလာပြီး သူ့ဝတ်ရုံထဲမှ စာတစ်စောင်ကို ထုတ်ပေးလိုက်၏။ "သခင်လေး ကိုယ်တိုင် ဖတ်ရှုနိုင်ပါတယ်..."

"ကောင်းကင်နတ်ဆိုးဂိုဏ်းရဲ့ ဂိုဏ်းချုပ်က ငါ့အတွက် စာပေးလိုက်တယ် ဟုတ်လား..."

ချင်မူမှာ သူ၏ ဝိညာဉ်သန္ဓေသား စတုတ္ထအကြိမ် နိုးထလာမည့် ကိစ္စကို ခဏ ဘေးဖယ်ထားလိုက်၏။ စာကို လက်ခံယူလိုက်သောအခါ ဝတ်စုံစိမ်း အဘိုးကြီးက ချက်ချင်း နောက်ဆုတ်သွားသည်။ ချင်မူက စာကို ဖွင့်ဖတ်လိုက်၏။ "ဂိုဏ်းသခင်လေး... မာန်ဟုန်မြစ်မှာ နှုတ်ဆက် ခွဲခွာခဲ့တာ သုံးနှစ်တိတိ ရှိပါပြီ... လူတစ်ယောက် အသက်ကြီးလာလေလေ သူတို့ရဲ့ သက်တမ်းကို ပိုပြီး သတိပြုမိလာလေလေပါပဲ... ငါက အသက်ကြီးနေပြီ... ငါ့သက်တမ်းကို ပြန်ကြည့်တော့ နောက်ထပ် နေရဖို့ ခုနစ်နှစ်ပဲ ကျန်ပါတော့တယ်... ငါ့အနေနဲ့ ကျန်ရှိနေသေးတဲ့ သက်တမ်းမှာ ဂိုဏ်းသခင်လေးနဲ့ တွေ့ဆုံပြီး ဂိုဏ်းသိမ်းပွဲ အခမ်းအနားကို မြင်တွေ့ခွင့်ရဖို့ မျှော်လင့်ပါတယ်..."

ချင်မူက စာကို ပြန်သိမ်းလိုက်၏။ ဤစာ၏ ဆိုလိုရင်းက ကောင်းကင်နတ်ဆိုး ဂိုဏ်းချုပ်မှာ ခုနစ်နှစ်သာ နေရတော့မည် ဖြစ်၍ သူမသေမီ ချင်မူနှင့် တွေ့ဆုံ၍ ဂိုဏ်းသခင်အဖြစ် တရားဝင် တင်မြှောက်သွားချင်ကြောင်း ဖြစ်သည်။

"လင်ယွိရှို့က သူ့ကို ထာဝရ ငြိမ်းချမ်းရေး အင်ပါယာရဲ့ မြို့တော်မှာ လာရှာစေချင်တယ်... ကောင်းကင်နတ်ဆိုး ဂိုဏ်းချုပ်ကလည်း သူ့ကို လာတွေ့စေချင်တယ်... ငါ့အနေနဲ့ ဒီမှာ ဆက်နေမလား၊ ထွက်သွားရတော့မလား ဆုံးဖြတ်ရမယ့် အချိန် ရောက်ပြီ..."

ချင်မူက သူ့စိတ်သူ တည်ငြိမ်အောင် ထိန်းချုပ်လိုက်သည်။ သူ့အနေဖြင့် မဟာမြို့ပျက်ကို စွန့်ခွာချင်ပါ၏လော၊ ဒုက္ခိတဘိုးဘွား ကျေးရွာကို စွန့်ခွာချင်ပါ၏လော၊ သူ့ကို ကျွေးမွေးပြုစုခဲ့သော ဤမိသားစုကို စွန့်ခွာချင်ပါ၏လော...။

သူက ဝတ်စုံစိမ်းနှင့် အဘိုးကြီးကို ဆင့်ခေါ်၍ ပြောလိုက်သည်။ "ဂိုဏ်းချုပ်ကို အကြောင်းပြန် စကား ပြောလိုက်ပါ... တစ်ရက် နှစ်ရက်အတွင်းမှာ ငါ မဟာမြို့ပျက်က ထွက်လာပြီး သူ့ဆီ လာတွေ့ပါ့မယ်လို့..."

ဝတ်စုံစိမ်းနှင့် အဘိုးကြီးက ဦးညွှတ် အရိုအသေပြု၍ လှည့်ထွက်သွားသည်။

ချင်မူ တစ်ခဏမျှ တွေဝေ စဉ်းသားပြီးနောက် မြို့စားနန်းဆောင်သို့ ပြန်လာခဲ့လိုက်သည်။ ထိုအခိုက်၌ ကောင်းကင်ယံတွင် အမှောင်ထု ကြီးစိုးနေပြီ ဖြစ်သည်။ မြို့စားနန်းဆောင်၌ ရွာလူကြီးနှင့် ကျန်သူများ အားလုံး စုဝေးနေကြ၏။ ဤဘိုးဘွားများက သူတို့အတွက် ချင်မူကိုယ်တိုင် ချုပ်ပေးထားသော အဝတ်အစားသစ်များကို ဝတ်ဆင်ထားကြသည်။ ချင်မူက မြို့ထဲရှိ ပိုးထည်လိပ် အများအပြား ဝယ်လာပြီး ပထမဦးဆုံး အကြိမ်အဖြစ် အဝတ်အစား ချုပ်ခဲ့ခြင်း ဖြစ်သည်။ ထိုအဝတ်အစားများက သူတို့အားလုံးနှင့် ကွက်တိ ချပ်ရပ်နေသည်။ တစ်ခုသာ ပြောစရာ ရှိ၏။ ချင်မူက အနည်းငယ် ပြောင်ပြောင်လက်လက် ဖြစ်သော အထည်စများကို ရွေးလာခဲ့သည့်အတွက် ဤဘိုးဘွားများမှာ ဝတ်စုံသစ်များကို ဝတ်ဆင်၍ ချမ်းသာ ကြွယ်ဝသည့် အသက်ကြီးကြီး မြေပိုင်ရှင် ယာပိုင်ရှင်များကဲ့သို့ တောက်ပြောင်နေကြသည်။

သို့သော်လည်း ဤသည်က ချင်မူ၏ စေတနာ ဖြစ်သည့်အတွက် သူတို့အားလုံး ကျေနပ် နှစ်သိမ့်နေကြသည်။

"မူအာ... ရွာလူကြီးက ကျင့်စဉ် ပြီးသွားပြီ... မင်းရဲ့ မွေးရပ်မြေကို လိုက်ရှာဖို့အတွက် အမှောင်ထုထဲက အမှောင်ဘုံဆီ မင်းကို ခေါ်သွားလိမ့်မယ်..."

ဆေးဆရာက သူ့ကို လက်ယပ်ခေါ်၍ ပြုံးပြလိုက်သည်။ "မင်း ဒီနေ့ည သွားရလိမ့်မယ်..."

ချင်မူ၏ ရင်ထဲ၌ စိတ်လှုပ်ရှားမှုဖြင့် တဒိုင်းဒိုင်း ခုန်သွားသည်။ သူ့ခေါင်းထဲမှ အတွေးစိတ်ကူးများ အားလုံးကို ဘေးချထားလိုက်မိပြီး တစ်ခဏမျှ ချီတုံချတုံ ဖြစ်သွား၏။ "အမှောင်ထုထဲမှာ အန္တရာယ်တွေ အများကြီး ရှိတာ... ဘိုးဘိုး ရွာလူကြီး..."

"စိတ်မပူပါနဲ့..."

ရွာလူကြီးက နွေးထွေးစွာ ပြုံးပြလိုက်၏။ "ငါ့ရဲ့ အရိုးအိုတွေက ဒီလောက်တော့ တောင့်ခံနိုင်ပါသေးတယ်... မူအာ... ဒီတစ်ခေါက် ငါတို့ အမှောင်ထုထဲ ဝင်မှာ ဆိုတော့ ငါ့ဘေးကနေ ထွက်မသွားမှ ဖြစ်မယ်...၊ အဘွားကြီး... သူ့ကို မဟာ ဉာဏ်အလင်းဖွင့် ကောင်းကင်နတ်ဆိုး ကျမ်းစာ ပေးလိုက်..."

အဘွားစစ်က သူမ၏ ခြင်းတောင်းထဲမှ အပ်ချည်လုံး တစ်လုံးကို ထုတ်ယူကာ ဖျတ်ခနဲ ဝှေ့ယမ်းလိုက်၏။ အပ်ချည်ကြိုး တစ်မျှင်က ချင်မူ့ထံသို့ ပျံဝဲလာပြီး သူ၏ လက်တွင် ရစ်ပတ်လွန်းထိုးကာ တစ်ခဏအတွင်း လက်အိတ်တစ်အိတ် ဖြစ်သွားသည်။

ချင်မူက သူ့လက်ကို ခပ်ဖွဖွ ဆုပ်ကြည့်လိုက်ပြီး အံ့အားသင့်သွားသည်။ သူ့ကိုယ်သူ လက်အိတ် ဝတ်ထားသည်ဟု မခံစားရချေ။

ရွာလူကြီးက ထပ်၍ အမိန့်ပေးလိုက်၏။ "ထော့ကျိုး... မင်းရဲ့ ဧကရာဇ် တံဆိပ်ပြား သူ့ကို ဝတ်ပေးလိုက်..."

ထော့ကျိုးက သူ့လည်ပင်းမှ ကျောက်စိမ်း တံဆိပ်ပြား တစ်ခုကို ချွတ်ယူလိုက်သည်။ ဤကျောက်စိမ်း တံဆိပ်ပြားက လည်ဆွဲ တစ်ခုကဲ့သို့ ဖြစ်သော်လည်း လည်ဆွဲ တစ်ခု မဟုတ်ချေ။ ၎င်းက လက်တစ်ဖဝါး အရွယ်ခန့် ရှိပြီး အဆက်မပြတ် စီးဆင်း ပြောင်းလဲနေသော ထူးဆန်းသည့် စာသားများ ရှိသည်။

ထော့ကျိုးက ထိုကျောက်စိမ်းတံဆိပ်ကို နှမြောတသသော အမူအရာဖြင့် ချင်မူ၏ လည်ပင်းတွင် ဝတ်ဆင်ပေးလိုက်သည်။ "မူအာ... ဒီဟာကို ပျောက်မသွားအောင် သေချာ ဂရုစိုက်နော်... ဒါ ဘိုးဘိုး ထော့ကျိုးရဲ့ ခြေထောက်တစ်ဖက် ရင်းပြီးမှ ရလာတာ... ဒီဧကရာဇ် တံဆိပ်ပြားက ဘိုးဘိုး ခြေထောက်တစ်ဖက် တန်တယ်..."

ရွာလူကြီးက နှစ်သိမ့်လိုက်၏။ "စိတ်မပူပါနဲ့.... ဧကရာဇ် တံဆိပ်ပြားက ပျောက်မှာ မဟုတ်ပါဘူး... မူအာ... မင့်အဝတ်တွေ ချွတ်လိုက်..."

ချင်မူမှာ နားမလည်နိုင် ဖြစ်ပြီး သူ၏ အင်္ကျီကို ချွတ်ကာ အပေါ်ပိုင်း ဗလာကျင်းသွား၏။

ရွာလူကြီးက ချောင်းတစ်ချက် ဟန့်လိုက်သည်။ "အကုန်ချွတ်... ဘာတစ်ခုမှ ချန်မထားနဲ့..."

အဘွားစစ်က တစ်ဘက်သို့ လှည့်သွား၏။ ချင်မူက သူ့အဝတ်အစားများကို အကုန်ချွတ်လိုက်ပြီး သူ့လက်မှ လက်အိတ်ကိုသာ ချန်ထားလိုက်သည်။

ဆေးဆရာက ခပ်ဝဝ ပိုးကောင်ကြီး တစ်ကောင်ကို ရင်နာနာနှင့် ထုတ်ယူလိုက်သည်။ "ဒီသွေးတစ်ခွက်က အဆိပ်နဂါးရဲ့ တန်ဖိုးကြီးတဲ့ သွေးပဲ... ငါ့အတွက် ဒါရဖို့ လွယ်ခဲ့တာ မဟုတ်ဘူး..."

သူက ထိုပိုးကောင်ကို ဆုပ်ညှစ်လိုက်၏။ သွေးများက ခွက်သေးလေး တစ်ခွက်နှင့် အပြည့် ဖြစ်သွားသည်။

နားကန်းက ရှေ့သို့ ထွက်လာပြီး သူ၏ စုတ်တံကို ထုတ်ယူလိုက်သည်။ ထို့နောက် သူ့စုတ်တံကို သွေးခွက်ထဲတွင် နှစ်၍ ချင်မူ၏ နောက်ကျော၌ စတင် ရေးဆွဲတော့သည်။ သူ ရေးဆွဲနေသည်က ဒုက္ခိတဘိုးဘွား ကျေးရွာရှိ ကျောက်ရုပ်တု လေးခု အနက်မှ တစ်ခု ဖြစ်သော မြွေတစ်ကောင် ရစ်ခွေနေသည့် လိပ်ခွံ အကြီးအကဲပုံ ဖြစ်သည်။

နဂါးသွေးများ ကုန်သွားသောအခါ နားကန်းကလည်း ချင်မူ၏ကိုယ်ပေါ်မှ မြွေကြီးပုံ ရေးဆွဲနေခြင်းကို လက်စသပ်လိုက်၏။ နောက်ဆုံး စုတ်ချက်တွင် လက်ကျန် နဂါးသွေးစက်များကို ညှစ်ထုတ်၍ သူ၏ စုတ်တံကို သန့်ရှင်းအောင် လုပ်လိုက်သည်။ "မူအာ... အဝတ်အစားတွေ ပြန်ဝတ်လို့ ရပြီ..."

ရွာလူကြီးက ဆက်ပြောလိုက်၏။ "ရွှေအ..."

ပန်းပဲဆရာ ရွှေအက ရှေ့ထွက်လာပြီး သူ့ခန္ဓာကိုယ်က တုန်ခါသွားသည်။ တရှိန်ရှိန် တောက်လောင်နေသော မီးတောက်မီးလျှံများ သူ့ခန္ဓာကိုယ်မှ ထွက်ပေါ်လာပြီး ကြီးမားသော မီးဖိုကြီး တစ်လုံးအဖြစ် ဖွဲ့သွား၏။ ထိုမီးဖိုထဲမှ မီးလျှံများအတွင်း၌ နတ်ဘုရားများနှင့် မိစ္ဆာနတ်ဆိုးများ ပုန်းခိုနေသကဲ့သို့ ရှိသည်။

ရွှေအက သူ့လက်ကို မြှောက်၍ အားစိုက် တွန်းထုတ်လိုက်ရာ ထိုမီးဖိုကြီးက တစ်မုဟုတ်ချင်း ချင်မူ့ထံ ပျံဝဲသွား၏။

ချင်မူမှာ သူ့ခန္ဓာကိုယ်နှင့် ထိုမီးဖိုကြီး ထိတွေ့သွားသောအခါ မည်သည့် အပူဒဏ်မျှ မခံစားရသည့်အတွက် အံ့အားတကြီး ဖြစ်သွားသည်။ ထိုမီးဖိုကြီးက တစ်စထက်တစ်စ ကျုံ့ဝင်လာပြီး သူ့ကိုယ်ထဲသို့ ဝင်ရောက် ပျောက်ကွယ်သွား၏။

ရွာကြီးက ဆက်ပြောလိုက်သည်။ "အဘိုးကြီးမာ..."

အဘိုးကြီးမာက ရှေ့ထွက်လာပြီး ဗုဒ္ဓသံ တစ်သံ ရုတ်တရက် မြည်ဟည်း ထွက်ပေါ်လာသည်။ ပေပေါင်း ခြောက်သောင်းခန့်အထိ ထွန်းလင်း တောက်ပသွားသည့် အလင်းတန်းများနှင့်အတူ သိပ်သည်းသော ချီစွမ်းအင်များက ရောင်ခြည်တော် ကွန့်မြူးနေသည့် မဟာ ဗုဒ္ဓ တစ်ပါးအသွင် ဖွဲ့စည်းသွား၏။

တထာဂတ...။

ဤတထာဂတက ချင်မူ့ဆီသို့ လျှောက်လှမ်းလာပြီး တဖြည်းဖြည်း ကျုံ့ဝင်ကာ သူ၏ မျက်ခုံးနှစ်ခု အလယ်သို့ တိုးဝင် ပျောက်ကွယ်သွားသည်။

"မျက်ကန်း... မင်းအလှည့်ပဲ..." ရွာလူကြီးက ထပ်ပြောပြန်သည်။

မျက်ကန်းက သူ၏ ဝါးတောင်ဝှေးကို မြှောက်၏ ချင်မူ၏ ရင်ဝသို့ တို့ထိကာ ခပ်အုပ်အုပ် အော်ဟစ်လိုက်၏။ "နတ်ဘုရား မျက်လုံး၊ နိုးထ..."

ချင်မူ၏ တစ်ကိုယ်လုံး ပြင်းထန်စွာ တုန်ခါသွားပြီး အဆုံးအစမဲ့သည့် ချီစွမ်းအင်များက သူ့ရင်ဝမှ မျက်လုံးနှစ်ဖက်ဆီသို့ တစ်ဟုန်ထိုး တိုးဝင်လာကြောင်း ခံစားလိုက်မိသည်။ တထပ်ထပ် အသံများနှင့်အတူ သူ့မျက်လုံးထဲတွင် သူငယ်အိမ် ကိုးဆင့် တစ်မဟုတ်ချင်း ပေါ်ထွက်လာ၏။

"ကောင်းကင်မျက်လုံး၊ အစိမ်းရောင် ကောင်းကင်မျက်လုံး၊ စိမ်းပြာရောင် ကောင်းကင်မျက်လုံး၊ အနီရောင် ကောင်းကင်မျက်လုံး၊ အလင်းတောက် ကောင်းကင်မျက်လုံး၊ ကျောက်စိမ်း ကောင်းကင်မျက်လုံး၊ အဖြူရောင် ကောင်းကင်မျက်လုံး၊ ခရမ်းရောင် ကောင်းကင်မျက်လုံး၊ မီးလျှံ ကောင်းကင်မျက်လုံး...။ နတ်ဘုရား မျက်လုံး၏ ကောင်းကင် ကိုးဆင့်က တစ်ခုပြီး တစ်ခု ပွင့်လာသည်။

ချင်မူမှာ သူရှေ့မှ လောကကြီးက တစ်လွှာပြီး တစ်လွှာ ကွာကျ၍ တစ်လွှာပြီး တစ်လွှာ ပြန်လည် တည်ဆောက်သွားသကဲ့သို့ ခံစားလိုက်ရသည်။ သူ့မျက်လုံးများက အရာအားလုံးကို ထွင်းဖောက် မြင်ရသကဲ့သို့ ခံစားလိုက်ရသည်။

မျက်ကန်းက သူ၏ ချီစွမ်းအင်ကို အသုံးပြု၍ ချင်မူ၏ မျက်လုံးများ နိုးထစေရန် ကူညီပေးလိုက်ခြင်း ဖြစ်သည်။ ချင်မူကိုယ်တိုင် ထိုမျက်လုံးများကို ဖွင့်ခဲ့ခြင်း မဟုတ်သော်လည်း ကောင်းကင် ကိုးဆင့် နတ်ဘုရား မျက်လုံးများ၏ အာနိသင်က အနည်းငယ်မျှပင် လျော့ပါးခြင်း မရှိပေ။

ယခု သူ မြင်တွေ့နေရသည့် လောကကြီးက သူ အမြဲ မြင်တွေ့နေရသည့် လောကြီးနှင့် လုံးဝ ခြားနားနေသည်။ ဤသည်က နတ်ဘုရား မျက်လုံးနှင့် မြင်တွေ့ရသော လောကကြီး ဖြစ်၏။

ရွာလူကြီး၏ ခန္ဓာကိုယ်က လေထဲသို့ မြောက်တက်လာပြီး မြေပြင်အထက် သုံးပေအကွာတွင် ရပ်၍ နေသည်။ သူက ပြုံးလိုက်၏။ "ဒီလောက်ဆို လုံလောက်ပြီ... မူအာ... ငါ့နောက် လိုက်ခဲ့တော့... ငါတို့ အမှောင်ဘုံကို သွားကြမယ်..."

အဘွားစစ်က သူမ၏ ပါးစပ်ကို ဟ၍ တစ်စုံတစ်ခု ပြောမည့်ဟန် ပြင်လိုက်သော်လည်း သူတို့ကို မတားဆီးတော့ချေ။ "မူအာ... ဂရုစိုက်သွား... အန္တရာယ်နဲ့ တွေ့ရင် အဲဒီ သောက်အဘိုးကြီး၊ ရွာလူကြီးကို ထားခဲ့ပြီး ပြန်ပြေးလာခဲ့..."

ရွာလူကြီးက ပိုင်နိုင် သေချာသည့် ဟန်မူရာဖြင့် ချင်မူ့ကို ခေါ်ဆောင်၍ မြို့အပြင်ဘက်သို့ ပျံသန်း ထွက်ခွာသွားကာ တဟားဟား ရယ်မောလိုက်သည်။ "မပူပါနဲ့ အဘွားကြီးစစ်... ငါ သူ့ကို ဘေးကင်းရန်ကင်း ပြန်ခေါ်လာမှာပါ..."

သူ့စိတ်အခြေအနေ ယိမ်းယိုင်သွားသည့် တစ်ခဏတွင် အမှောင်ထုထဲမှ ထူးဆန်းသော မိစ္ဆာသံများ ထွက်ပေါ်လာသည်။ အမှောင်ထုထဲမှ မိစ္ဆာများက အလင်းမီးလျှံများ ငြိမ်းသေသွားသည့် အချိန်ကို အခွင့်ကောင်းယူ၍ ချိုးဖောက် ချင်းနင်းထိုးဖောက်ရန် တစ်ယောက်နှင့် တစ်ယောက် တီးတိုး ပြောဆိုနေကြသကဲ့သို့ ရှိသည်။

ချင်မူက သူ့ပတ်ဝန်းကျင်ကို သတိနှင့် ကြည့်၍ ခေါင်းခါယမ်းလိုက်၏။ “ဘွားဘွားတို့ကို ပြောဖို့ အချိန်မရခဲ့ဘူး… ရွာလူကြီး ပြောတော့ ဝိညာဉ်သန္ဓေသား တစ်ခါ နိုးထလာတာက လောကသခင်ခန္ဓာ အမြုတေသုံးသွယ် ကျင့်စဉ်ရဲ့ အမြုတေတစ်သွယ်ပဲဆို… ကျွန်တော့် ဝိညာဉ်သန္ဓေသားက သုံးခါ နိုးထပြီးပြီ ဆိုတော့ အမြုတေသုံးသွယ် ဖြစ်သွားပြီ မဟုတ်ဘူးလား… အခု ကျွန်တော့် ဝိညာဉ်သန္ဓေသားက ထပ်ပြီး အိပ်သွားပြန်ပြီ… ပြန်နိုးလာရင် စတုတ္ထအကြိမ် နိုးထတာ ဖြစ်သွားလိမ့်မယ်… ကျွန်တော် ကျင့်စဉ် လေ့ကျင့်တုန်းကများ တစ်ခုခု မှားသွားခဲ့လို့လား”

ရွာလူကြီးမှာ သက်ပြင်းမှုတ်ထုတ်ပြီး ပြုံးလိုက်၏။ “ဒါက… ကောင်းတဲ့ ကိစ္စပါ… လောကသခင်ခန္ဓာ အမြုတေသုံးသွယ် ကျင့်စဉ်မှာ သုံးဆိုတာက တစ်၊ နှစ်၊ သုံး၊ လေး ဆိုတဲ့ သုံး မဟုတ်ဘူး… တာအိုက တစ်ကို ဖန်ဆင်းတယ်… တစ်က နှစ်ကို ဖန်ဆင်းတယ်… နှစ်က သုံးကို ဖန်ဆင်းတယ်… သုံးက အရာအားလုံးကို ဖန်ဆင်းတယ်…* လောကသခင်ခန္ဓာ အမြုတေသုံးသွယ်က သုံးဆိုတာက အရာအားလုံးကို ဖန်ဆင်းတဲ့ သုံးပဲ… အဲဒါကြောင့် အကြိမ်ပေါင်းများစွာ နိုးထလာနိုင်ချေရှိတယ်…” (လောင်ဇီရဲ့ တောက်တယ်ကျင်း စာအုပ်မှာ ပါတဲ့ စာသားပါ။ တာအိုကနေ ယင်၊ ယန် နှစ်ပါး ဖြစ်လာတယ်။ တာအိုနဲ့ ယင်၊ ယန် သုံးခုကနေ လောကကြီးက အရာအားလုံးကို ဖန်ဆင်းတယ်လို့ ဆိုပါတယ်။ တချို့ကလည်း တာအိုကနေ ယင်၊ ယန် နှစ်ပါး။  ယင်၊ ယန် ကနေ ကောင်းကင်ချီ၊ မြေကြီးချီ၊ လူသားချီ သုံးမျိုး ဖြစ်လာတယ်။ အဲဒီ ချီစွမ်းအင် သုံးမျိုးကနေ အရာအားလုံး ဖြစ်တည်လာတယ်လို့ အဓိပ္ပာယ် ဖွင့်ဆိုကြပါတယ်။)

ချင်းမူမှာ ရုတ်တရက် အလင်းပွင့်သွားပြီး လွှတ်ခနဲ ချီးကျူးလိုက်မိသည်။ “ရွာလူကြီးက တကယ့်ကို ဉာဏ်ပညာကြီးရင့်တာပဲ”

ရွာလူကြီး၏ နဖူးမှ ချွေးသီးချွေးပေါက်များ လိမ့်ဆင်းလာပြီး စိတ်ထဲမှ တီးတိုး ရေရွတ်လိုက်မိသည်။ “ကံကောင်းလို့.. ငါဉာဏ်ကောင်းသွားတာ… အခုလို ရှင်းပြထားတော့ ချင်မူ နောက်ထပ် ဘယ်နှစ်ကြိမ်ပဲ နိုးထလာ နိုးထလာ ရှင်းပြရ လွယ်သွားပြီပေါ့… ဒီကောင်လေးက အရူးလုပ်ဖို့ လွယ်ပေမဲ့ ရွာထဲက ဟိုခွေးအိုကြီးတွေကတော့ ယုံအောင် ပြောဖို့ လွယ်မှာ မဟုတ်ဘူး… ကံကောင်းတာက ဒီအကြောင်းကို သူတို့ မသိသေးတာပဲ”

သို့သော်လည်း ရွှေရောင်အလင်း ပင်လယ်ထဲမှ ရွှေရောင် အလင်းတန်းများ အားလုံးကို ဝိညာဉ်သန္ဓေသားက စုပ်ယူသွားပြီ ဖြစ်၍ ပဥ္စမအကြိမ် နိုးထလာဦးမည်ဟု ချင်မူ မထင်တော့ချေ။

အမှောင်ထုက ထူထဲသိပ်သည်းလာသည်။ သူတို့ အမှောင်ထုထဲသို့ တိုးဝင်သွားလေလေ ၊သူတို့၏ ပတ်ဝန်းကျင်မှ အမှောင်ထုက ပို၍ ပို၍ သိပ်သည်း ထူထပ်လာလေလေ ဖြစ်သည်။ ဤသည်က ချင်မူ မြင်ခဲ့ဖူးသည်နှင့် ခြားနားနေ၏။ သူ့လက်ကို ဆန့်ထုတ်လိုက်သည့် အချိန်တုန်းက အမှောင်ထုကြီး ပျောက်ကွယ်သွားပြီး အမျိုးသမီး တစ်ယောက်က သူ့ထံသို့ လက်လှမ်း၍ အမှောင်ဘုံ ပေါ်ထွက်လာခဲ့သည်။

ယခုအခါတွင်တော့ အမှောင်ထုက ပို၍ ပို၍သာ နက်မှောင်လာသည်။ ရွာလူကြီး၏ အလင်းမီးလျှံများကြောင့် လင်းထိန်နေသော နေရာများမှ လွဲ၍ တခြားနေရာများကို မြင်တွေ့ရခြင်း မရှိပေ။

ရုတ်တရက် အလင်းပြင်က ကြီးမားသော မကောင်းဆိုးဝါး သတ္တဝါကြီး အချို့ လာရောက် တိုက်ခိုက်ခြင်း ခံလိုက်ရသကဲ့သို့ ပြင်းထန်စွာ လှုပ်ခါသွားသည်။ ချင်မူမှာ ကမန်းကတန်း လှမ်းကြည့်လိုက်ပြီး သူ့ခေါင်းတစ်ခုလုံး ကျိန်းတက်သွားသည်။ အရိပ်မည်းကြီးတစ်ခုက ရွာလူကြီး၏ ကိုယ်မှ စိမ့်ဖြာထွက်နေသော အလင်းရောင်များကို ဆွဲဖြဲရန် ကြိုးစားနေ၏။

“ဝှစ်...”

ရွာလူကြီး၏ ဆံပင်ကြားမှ ဓားအလင်းရောင် တစ်ခု လက်ခနဲ ထွက်ပေါ်လာပြီး အမှောင်ထုထဲသို့ ပျံသန်း ဝင်ရောက်သွားသည်။ ထိုအရိပ်မည်းကြီးမှာ ပုံပျက် တွန့်လိမ်သွားပြီး တစ္ဆေတစ်ကောင်ကဲ့သို့ ခုန်ပေါက်၍ အမှောင်ထုထဲသို့ ဆုတ်ခွာ ပျောက်ကွယ်သွား၏။

ဓားအလင်းက ပြန်လည်၍ ပျံဝဲ ရောက်ရှိလာသည်။ ရွာလူကြီးက တည်ကြည်လေးနက်သော အမူအရာ ရှိနေ၏။ သွေးစက် တစ်စက်က ထို ဓားအလင်းပေါ်မှ တဖြည်းဖြည်းချင်း လျှောကျလာပြီး ဓားထိပ်ဖျားတွင် တွဲခိုနေသည်။

ချင်မူက သူ့လက်ကို ဆန့်ထုတ်၍ ထိုသွေးစက်ကို လှမ်းယူရန် ကြိုးစားလိုက်သော်လည်း ရွာလူကြီးက ခေါင်းခါယမ်း၍ ပြောလိုက်၏။ “မထိနဲ့…”

“ဒင်...”

ထိုသွေးစက်က မြေပြင်ပေါ်သို့ ကျသွားပြီး သတ္တုနှင့် ကျောက်ခဲ ထိတွေ့သည့်အသံ ထွက်ပေါ်လာသည်။ ထို့နောက်တွင်တော့ ပတ်ဝန်းကျင်ရှိ မြက်ပင် သစ်ပင်များအားလုံး ညှိုးရော် ခြောက်သွေ့သွားသည်။

ရွာလူကြီးနောက်မှ ဆက်လိုက်သွားရင်းနှင့် ကိုက်ပေါင်း သုံးရာခန့် ရောက်ပြီးမှသာ မိစ္ဆာသွေးစက်၏ အာနိသင် သက်ရောက်သော နေရာမှ လွတ်လေသည်။ သူ အံ့သြ တုန်လှုပ်သွားမိ၏။

“အစောက အမှောင်ထု မိစ္ဆာရဲ့ စွမ်းအားက သိပ်ကြီးတယ်… ငါ့အောက် မလျော့ဘူး…”

ရွာလူကြီးက အလေးအနက် အမူအရာဖြင့် ပတ်ဝန်းကျင်ကို လှည့်ပတ် ကြည့်ရှုလိုက်သည်။ အမှောင်ရိပ်များက သူ့ဘေးနား ပတ်ဝန်းကျင်တွင် လှည့်ပတ် လှုပ်ရှား၍ ချောင်းမြောင်းနေကြကြောင်း မြင်တွေ့ရ၏။ သူတို့၏ ပတ်ပတ်လည်တွင် မရေမတွက်နိုင်သော မကောင်းဆိုးဝါး သတ္တဝါများ ပုန်းကွယ်နေကြဟန် ရှိသည်။ “အဲဒီ သွေးစက်က မိစ္ဆာနတ်ဘုရားရဲ့ သွေးစက်ပဲ… အစောက မင်း အဲဒီသွေးစက်ကို ထိခဲ့ရင် မင်းကိုယ်ပေါ်မှာ နားကန်း ဆွဲပေးခဲ့တဲ့ နတ်ဘုရားရုပ်ထုရဲ့ အာနိသင်ပျက်ပြီး သုံးလို့ ရမှာ မဟုတ်တော့ဘူး… မူအာ… မင်းက မြစ်အထက်ပိုင်းက မျောပါလာတာ ဆိုတော့ ငါတို့ မြစ်အထက်ပိုင်းကို သွားကြစို့...”

များမကြာမီတွင် သူတို့ မာန်ဟုန်မြစ်ကမ်းဘေးသို့ ရောက်ရှိလာကြသည်။ ရွာလူကြီးက မြစ်ရေ မျက်နှာပြင်ပေါ်တွင် မျောလွင့် ပျံသန်းနေပြီး ချင်မူက သူ့နောက်မှ ပြေးလိုက်လာသည်။ ဘေးပတ်လည်သို့ ကြည့်လိုက်သောအခါ အရိပ်များက အဆက်မပြတ် ရွေ့လျားနေပြီး ထူးဆန်းသည့် တီးတိုး ပြောဆိုသံများ တစ်ချက် တစ်ချက် ထွက်ပေါ်နေသည်။ အမှောင်ထုထဲမှ မိစ္ဆာများက သူတို့ကို စားသုံးရန် တိုင်ပင်နေသကဲ့သို့ ရှိ၏။ သူ့တစ်ကိုယ်လုံးရှိ သွေးများ အေးခဲသွားသည်။

သို့သော်လည်း ရွာလူကြီးက သူ့ဘေးတွင် ရှိနေသဖြင့် လုံခြုံစိတ်ချသလို ခံစားမိသည်။

ရွာလူကြီးက ပြောလိုက်၏။ “ငါတို့ မာန်ဟုန်မြစ် အဖျားပိုင်းကို သွားကြစို့… နောက်ထပ် မိုင်နှစ်ထောင်လောက် ပြေးရအုံးမယ်… မင်းရဲ့ပြေးနှုန်းက သိပ်နှေးတာ ဆိုတော့ မင်းကို ငါ ကျောပိုးပြီး သယ်သွားမယ်”

ချင်မူမှာ ရုတ်တရက် သူ့တစ်ကိုယ်လုံး ပေါ့ပါးသွားပြီး ငှက်မွေးတစ်ခုကဲ့သို့ လွင့်မျောသွားသလို ခံစားလိုက်ရသည်။ ရွာလူကြီး၏ ခန္ဓာကိုယ်တစ်ဝိုက်မှ အလင်းမီးလျှံများက ရုတ်တရက် လင်းထိန် လောင်ကျွမ်းလာသည်။ ထိုကောင်းကင် အလင်းတန်းများ အတွင်း၌ သူ၏ ခန္ဓာကိုယ်က ပို၍ပို၍ ခန့်ညား ထည်ဝါလာပြီး မိုးအောက်မြေပြင် တစ်ခွင်ကို ထောက်ကန်ထားသော လူ့ဘီလူးကြီးတစ်ကောင်ကဲ့သို့ ဖြစ်လာပြီး ခြေလှမ်းကျဲကြီးများဖြင့် မာန်ဟုန်မြစ် အထက်ပိုင်းဆီသို့ ပြေးလွှားသွားတော့သည်။

ချင်မူမှာ မှင်တက်အံ့သြ နေမိ၏။ ဤသို့သော အမြန်နှုန်းမျိုးက လျှပ်ပြက်သကဲ့သို့ ဖြစ်သည်။ သူ တစ်ချက် ငိုင်တွေသွားသည့် အခိုက်မှာပင် ထောင်ပေါင်းများစွာသော တောင်တန်းများ မြစ်ပြင်များကို ဖြတ်သန်းသွားပြီး ဖြစ်၏။

သူ၏ ရိုးရိုးမျက်လုံးကို သုံး၍ ရွာလူကြီးကို ကြည့်လိုက်သောအခါ ရွာလူကြီးက ခြေလက် မရှိသူ တစ်ယောက် အနေနှင့်သာ ရှိနေသေးသည်။ သို့သော်လည်း ကောင်းကင်ကိုးဆင့် နတ်ဘုရားမျက်လုံးကို သုံး၍ ရွာလူကြီးကို ကြည့်လိုက်သောအခါ ရွာလူကြီးက ကြံ့ခိုင်တောင့်တင်းသော ခြေလက်များဖြင့် နတ်ဘုရားများကဲ့သို့ လင်းထိန်ကာ ခန့်ညား ထည်ဝါနေသည်။ ကွဲပြားခြားနားသော အသွင်သဏ္ဌာန်နှစ်ခုက တစ်ပြိုင်နက် တည်ရှိနေ၏။

သို့ဆိုလျှင် ရွာလူကြီးက ခြေလက် မရှိသည်လော…၊ ခြေလက် ရှိသည်လော…။ ချင်မူမှာ အတော်လေး စိတ်ရှုပ်ထွေးသွားမိသည်။

သူတို့ ရှေ့သို့ ဆက်၍ ရွေ့လျားလာရင်း မရေမတွက်နိုင်သော တောင်တန်းများကို ဖြတ်ကျော်၍ မရေမတွက်နိုင်သော မိုင်ပေါင်းများစွာကို ခရီးနှင်ခဲ့ကြသည်။ မာန်ဟုန်မြစ်၏ မျက်နှာပြင်က ပို၍ ပို၍ ကျဉ်းမြောင်းလာသည်။ မာန်ဟုန်မြစ်၏ မြစ်ဖျားခံရာ နေရာနှင့် တဖြည်းဖြည်း နီးကပ်လာကြောင်း ထင်ရှား၏။

လမ်းတစ်လျှောက်၌ ချင်မူမှာ ပုံမှန်အားဖြင့် မမြင်ရသော မြင်ကွင်းများစွာကို မြင်တွေ့ခဲ့ရသည်။ မြစ်ကမ်းနေရာတစ်လျှောက်၌ ကောင်းကင် အလင်းတန်းများ စိမ့်ဖြာထွက်နေသော လူ့ဘီလူးကြီးကို မီးတိုင်ကြီးများသဖွယ် မြင်တွေ့ခဲ့ရသည်။

သူတို့က မာန်ဟုန်မြစ်ကမ်း တစ်ဘက်တစ်ချက်မှ ကျောက်ရုပ်ထုများ ဖြစ်ကြ၏။ မနက်ပိုင်းတွင် ၎င်းတို့က သာမန်ကျောက်ရုပ်ထုများသာ ဖြစ်သော်လည်း ညရောက်သောအခါ အလင်းရောင်များ ဖြာထွက်လာပြီး သူ၏ ကောင်းကင်မျက်လုံးအောက်တွင် ကွဲပြားခြားနားသော ကမ္ဘာတစ်ခု ဖြစ်လာသည်။

ထိုအရာများအပြင် မာန်ဟုန်မြစ်ကမ်း တစ်ဘက် တစ်ချက်၌ ရှေးဟောင်းမြို့ပျက် နေရာများလည်း ရှိနေသည်။ ထိုနေရာများမှ ကောင်းကင်အလင်းတန်းများက နေ့ခင်းကြောင်တောင်ကဲ့သို့ လင်းထိန်နေပြီး သက်ရှိ လူ့ဘီလူးကြီးများ ထိုမြို့ပျက်များအတွင်း ရွေ့လျား သွားလာနေသည်ကိုပင် မြင်ရ၏။

“အသက်ရှိနေသေးတဲ့ နတ်ဘုရားနဲ့ မိစ္ဆာနတ်ဆိုးတွေ ရှိသေးတာလား…” ချင်မူ မှင်တက်သွားမိသည်။

မြို့ပျက်များအတွင်း ရွေ့လျားသွားလာနေသော လူ့ဘီလူးကြီးများ အပြင် ပို၍ ထူးဆန်းသော အရာများကိုပါ သူ မြင်ခဲ့ရသည်။ ဒဏ္ဍာရီထဲတွင်သာ ကြားဖူးခဲ့သော သတ္တဝါဆန်းကြီးများ အမှောင်ထုထဲ၌ အမဲလိုက်နေကြ၏။

ထိုနတ်သားရဲများက တောင်လုံးကြီးများကဲ့သို့ ကြီးမားပြီး အမှောင်ထုထဲမှ မကောင်းဆိုးဝါး သတ္တဝါများဖြင့် တိုက်ခိုက်ကာ မိုးအောက်မြေပြင် တစ်ခွင်လုံး သိမ့်သိမ့် တုန်နေသည်။ ထိုနတ်သားရဲများက သူတို့၏ ခန္ဓာကိုယ်တစ်ဝိုက်၌ ကောင်းကင်အလင်းရောင်များ ဖြာထွက်နေပြီး အမှောင်ထုထဲတွင် မီးတုတ်များကဲ့သို့ လင်းထိန်နေ၏။

ယနေ့ညတွင် နတ်သမီးပုံပြင်ကဲ့သို့ စိတ်ကူးယဉ်လောက တစ်ခု ဖြစ်နေသည့် မဟာမြို့ပျက်ကို သူ မြင်တွေ့ခဲ့ရသည်။

အဘွားစစ် ချင်မူကို မြစ်ရေထဲမှ ကောက်ယူခဲ့စဉ်က ချင်မူနှင့် ရေထဲမှ အမျိုးသမီးမှာ မြစ်ညာဘက်မှ မျောလာခြင်း ဖြစ်ကြောင်း သူတို့ တွက်ဆခဲ့ကြသည်။ ယခု သူတို့က မာန်ဟုန်မြစ်၏ မြစ်ဖျားခံရာသို့ ရောက်လာချေပြီ။ သူတို့သာ ဤနေရာတွင် ရွှင်ပျော်ပျော် ကျေးရွာကို ရှာမတွေ့ခဲ့လျှင် ပြန်ရုံသာ ရှိ၏။

မဟာမြို့ပျက်က ကြီးမား ကျယ်ပြန့်လွန်းပြီး အန္တရာယ်များလွန်းလှသည်။ မဟာမြို့ပျက်တစ်ခုလုံးကို တစ်ညတည်းဖြင့် နှံ့အောင် ရှာနိုင်လိမ့်မည် မဟုတ်ပေ။

ထိုအခိုက်၌ ရွာလူကြီးက ခြေလှမ်းများ ရုတ်တရက် ရပ်တန့်လိုက်သည်။ ချင်မူလည်း ကမန်းကတန်း ကိုယ်ရှိန်သတ်၍ အဘယ်ကြောင့် ရပ်လိုက်သည်ကို မေးရန် ပြင်လိုက်စဉ်မှာပင် သူ့ခေါင်းမွေးများ ထောင်ထသွားပြီး ပါးစပ်ကို အလျင်အမြန် ပိတ်ကာ အသက်ရှု အောင့်လိုက်သည်။

သူတို့ရှေ့တွင်တော့ ကြီးမားသော တပ်ဖွဲ့ကြီးတစ်ခုက မဟာမြို့ပျက်၏ အတွင်းပိုင်းသို့ ချီတက်နေကြသည်။ ထိုတပ်ဖွဲ့မှ စစ်သည်များက နတ်ဘုရားများနှင့် မိစ္ဆာနတ်ဆိုးများကဲ့သို့ မြင့်မားသော အရပ်အမောင်းနှင့် ခန့်ညားထည်ဝါကာ အလင်းရောင်များ ဖြာထွက် တောက်ပနေသည်။ သို့သော်လည်း သူတို့၏ မျက်နှာများက အသက်မဲ့သော မျက်လုံးများနှင့် ဖြူဖျော့နေကာ ပါးစပ်ထဲမှ သွားစွယ်များ ချွန်ထွက်နေသည်။ သူတို့၏ အရှိန်အဝါ အငွေ့အသက်က အလွန်တရာ ကြောက်မက်ဖွယ်ရာ ကောင်းလှသော်လည်း ထိုနတ်ဘုရားများနှင့် မိစ္ဆာနတ်ဆိုးများက အလောင်းကောင်များသာ ဖြစ်ကြောင်း ထင်ရှား၏။

တချို့မှာ လက်များ ပြတ်နေပြီး တချို့မှာ ခြေထောက်များ မရှိကြတော့ပေ။ တချို့ကတော့ ဦးခေါင်းတစ်ခြမ်းသာ ကျန်တော့ပြီး တချို့၏ ရင်ဘတ်မှာ ဟောင်းလောင်း ပွင့်နေသည်။ သူတို့လက်ထဲမှ လက်နက်များမှာလည်း အတော်လေး ဆိုးဆိုးဝါးဝါး ပျက်စီးနေပြီ ဖြစ်သည်။

ထိုတပ်ဖွဲ့ကြီးက နတ်ဘုရားနှင့် မိစ္ဆာနတ်ဆိုးများ၏ အလောင်းကောင်များနှင့် ဖွဲ့စည်းထားပြီး တောအုပ်များနှင့် မြစ်ပြင်ကို လျင်မြန်စွာ ဖြတ်သန်းနေကြသည်။ ထိုတပ်ဖွဲ့ထဲတွင် ရှေးဟောင်း ကြေးဝါ စစ်ရထားလုံးများလည်း ရှိသည်။ ထိုစစ်ရထားလုံးများက ပျက်စီး ဟောင်းနွမ်းနေပြီး ၎င်းတို့ပေါ်မှ ချိတ်ဆွဲထားသော စစ်ချီအလံမှာလည်း အပေါက်များ ပြည့်နေပြီ ဖြစ်သည်။

ကြေးဝါ စစ်သင်္ဘောများကလည်း အဝေးဆီမှ ရွက်လွှင့်လာ၏။ ထိုကြေးဝါ စစ်သင်္ဘောများက အလွန်တရာ ဟောင်းနွမ်း စုတ်ပြတ်နေပြီး ဘေးဘက်နံရံများတွင် အပေါက်ကြီးများ ရှိနေသည်။ ထိုသင်္ဘောများ၏ ရွက်တိုင်များမှာလည်း ပြိုလဲနေပြီ ဖြစ်၏။

ချင်မူမှာ အသက်ပင် ရဲရဲ မရှုရဲချေ။ ရွာလူကြီးပင် အသက်အောင့်ထားရပြီး ထိုထူးဆန်းသော တပ်ဖွဲ့ကြီးကို ငြိမ်သက်စွာ ကြည့်နေသည်။

အလောင်းကောင် တပ်ဖွဲ့ကြီးက မာန်ဟုန်မြစ်ကို ဖြတ်သန်းသွားသော အခါမှသာ ချင်မူ အသက်ကို အားပါးတရ ရှူရှိုက် လိုက်မိသည်။ ရွာလူကြီးမှာလည်း လေပူတစ်ချက် မှုတ်ထုတ်လိုက်၏။ “ငါတို့ နောက်က လိုက်ကြည့်ကြစို့..” သူက စကားဆုံးသည်နှင့် ထိုအလောင်းကောင် တပ်ဖွဲ့ကြီးဆီသို့ ပျံသန်းသွားသည်။

ရုတ်တရက် အရှေ့ဆီမှ ကောင်းကင်တခွင်လုံး လှုပ်ခါသွားစေနိုင်သည့် တိုက်ခိုက် သတ်ဖြတ်သံများ ပေါ်ထွက်လာပြီး ကြောက်မက်ဖွယ်ရာ အားလှိုင်းအဟုန်များက ဖြာထွက်လာသည်။ ရွာလူကြီးက ချင်မူ့ကို တောင်ထွတ်တစ်ခုပေါ်သို့ ခေါ်သွားလိုက်၏။ သူတို့ နှစ်ယောက်လုံးမှာ မြင်လိုက်ရသော မြင်ကွင်းကြောင့် အံ့သြတုန်လှုပ်သွားကြ၏။

ဆိုးဆိုးဝါးဝါး ထိခိုက် ပျက်စီးနေပြီ ဖြစ်သော နတ်ဘုရားနှင့် မိစ္ဆာနတ်ဆိုး အလောင်းကောင်များက တိုက်ခိုက်နေကြသည်။ သူတို့ တိုက်ခိုက်နေကြသည်မှာလည်း လက်နက်မျိုးစုံ ကိုင်ဆောင်ထားသည့် အလောင်းကောင်များသာ ဖြစ်၏။ တောင်ကြားချိုင့်ဝှမ်းထဲတွင် အလွန်တရာ လင်းထိန် တောက်ပသော အလင်းရောင်များ ဖြာထွက်နေပြီး နေ့ခင်း အချိန်အခါကဲ့သို့ ထွန်းလင်းနေသည်။

“ဒါက... နတ်ဘုရားတွေနဲ့ မိစ္ဆာနတ်ဆိုးတွေရဲ့ ရှေးဟောင်းတိုက်ပွဲ ကွင်းပြင်ပဲ”

ရွာလူကြီးမှာ အမူအရာ ပျက်ယွင်းသွားပြီး ချင်မူ့ကို နောက်သို့ ကမန်းကတန်း ပြန်ဆွဲခေါ်ကာ တည်ကြည်လေးနက်စွာ ပြောလိုက်သည်။ “ဒီနတ်ဘုရားတွေနဲ့ မိစ္ဆာနတ်ဆိုးတွေရဲ့ ရှေးဟောင်းတိုက်ပွဲ ကွင်းပြင်ကို ငါ တစ်ခေါက် ရောက်ဖူးတယ်… အဲဒီတုန်းကတော့ နေ့ခင်းအချိန်ပဲ… ဒီနေရာက သိပ်ကို အန္တရာယ်များတယ်… ငါ့အသက်တောင် ဆုံးရမလို ဖြစ်ခဲ့သေးတယ်… နေ့ခင်းအချိန် ဒီနေရာမှာ နတ်ဘုရားနဲ့ မိစ္ဆာနတ်ဆိုး အလောင်းကောင်တွေ မတွေ့ရဘူး… ညရောက်တဲ့အခါမှသာ ဒီအလောင်းကောင်တွေက အသက်ပြန်ဝင်လာပြီး တိုက်ပွဲကွင်းပြင်ဆီကို တိုက်ခိုက်ဖို့ လာကြတာပဲ”

ချင်မူမှာ ပါးစပ်အဟောင်းသား ဖြစ်သွားသည်။ ဤနတ်ဘုရားများနှင့် မိစ္ဆာနတ်ဆိုးများက သေဆုံးပြီးသည့်တိုင်အောင် ဆက်လက် တိုက်ခိုက်နေကြသည်။ မည်သို့သော အမုန်းတရားများ ရှိနေကြသနည်း…။

“မူအာ သတိထား… ငါတို့က မဟာမြို့ပျက်ရဲ့ အတွင်းပိုင်းထဲကို ရောက်နေပြီ… လျှောက်မသွားနဲ့” ရွာလူကြီးက တည်ကြည်လေးနက်စွာ ပြောလိုက်သည်။

All Chapters