အမှောင်ထဲမှထူးဆန်းမှု
Vol. 6 Ch. 84
မြို့ရိုးတံခါးရှေ့တွင် အဆုံးမရှိသော အမှောင်ထုကြီးကို မျက်နှာမူ၍ ချင်မူမှာ စိုးရိမ် စိတ်လှုပ်ရှားနေမိသည်။ ထိတွေ့မိသူ မှန်သမျှကို သတ်ဖြတ်နိုင်သော အမှောင်ထုကြီးက သူ့ရှေ့တည့်တည့်တွင် ရှိနေ၏။ နဂါးတိုင်လုံးများနှင့် မြို့လယ်ရင်ပြင်ရှိ ကျောင်းဆောင်များမှ ဖြာထွက်နေသော အလင်းရောင်များက သက်ရှိသတ္တဝါ တစ်ကောင်ကဲ့သို့ ညင်ညင်သာသာ လှုပ်ခတ်၍ အမှောင်ထုကို ဖယ်ရှားကာကွယ်နေသည်။
သူက အမှောင်ထုထဲသို့ ဝင်ရတော့မည်။
အဘွားစစ်၊ အဘိုးကြီးမာ၊ ထော့ကျိုးနှင့် ကျန်သူများက သူ့ထက် ပို၍ ပူပန် စိတ်လှုပ်ရှားနေကြသည်။ မြို့ရိုးတံခါးများ ကျွီခနဲ ပွင့်ဟလာသောအခါ သူတို့၏ နှလုံးသားများကို ဆုပ်ညှစ် ဖျစ်ချေခံလိုက်ရသကဲ့သို့ ခံစားလိုက်ကြရ၏။
ရွာလူကြီး၏ ခန္ဓာကိုယ်မှ တုန်ခါသံ ခုနှစ်မျိုး ပေါ်ထွက်လာသည်။ သူ့ခန္ဓာကိုယ်ထဲမှ ရတနာတိုက် ခုနှစ်မျိုး တစ်ပြိုင်နက် ပွင့်ထွက်လာသကဲ့သို့ သူ၏ အရှိန်အဝါ အငွေ့အသက်က ဟုန်းခနဲ ထွက်ပေါ်လာ၏။ သူက ကောင်းကင်နတ်ဘုရား တစ်ပါးကဲ့သို့ ခန့်ညား ထည်ဝါစွာဖြင့် အမှောင်ထုထဲသို့ ပျံသန်းသွားသည်။ “သွားကြစို့.. မူအာ”
ချင်မူက နောက်မှ ကမန်းကတန်း လိုက်သွားရင်း သူ၏ ကောင်းကင်ကိုးဆင့် နတ်ဘုရား မျက်လုံးဖြင့် ရွာလူကြီးကို ကြည့်လိုက်သည်။ သူ့မျက်လုံးထဲတွင် ခြေလက်မရှိသော ရွာလူကြီးကို မမြင်ရဘဲ ခန့်ညားထည်ဝါသော နတ်ဘုရားတစ်ပါးကိုသာ မြင်လိုက်ရ၍ အံ့သြတုန်လှုပ်မိသွား၏။
ထိုအခိုက်တွင် ရွာလူကြီးမှာ မြို့လယ် ကျောင်းဆောင်များအတွင်း၌ မြင်ခဲ့ရသော နတ်ဘုရားများကဲ့သို့ တောင့်တင်း ကြံ့ခိုင်သည့် ခြေလက်များ ရှိသော နတ်ဘုရားတစ်ပါး ဖြစ်နေသည်။ တစ်ခုတည်းသော ကွဲပြားခြားနားသည့် အချက်မှာ ရွာလူကြီးက သက်ရှိနတ်ဘုရားဖြစ်၍ ကျောင်းဆောင်များထဲမှ နတ်ဘုရားများက ရုပ်ထုနတ်ဘုရားများသာ ဖြစ်သည်။
“ဒီအဘိုးကြီး မအိုသေးဘူးဆိုတာ ငါသိတယ်”
မျက်ကန်းက ဝါးတောင်ဝှေးကို အားပြု၍ မတ်မတ်ရပ်ပြီး သက်ပြင်းချလိုက်သည်။ “ဒီအဘိုးကြီးက ငါတို့ထက် အများကြီး စွမ်းအားမြင့်သေးတာပဲ”
ရွှေအက သဘောတူစွာဖြင့် သူ့ခေါင်းကို တဆတ်ဆတ် ညိတ်လိုက်သည်။ “အ အ... အ အ အ...”
“ရွှေအ ပြောတာ မှန်တယ်”
မျက်ကန်းက ထောက်ခံလိုက်၏။ “ဒီအဘိုးကြီး ဘယ်လောက်ကြာအောင် တောင့်ခံနိုင်မလဲ ဆိုတာပဲ ငါတို့ မသိတာ… သူသာ ကြာကြာ တောင့်မခံနိုင်ရင် သူတို့ နှစ်ယောက်လုံး သေရလိမ့်မယ်…”
အဘွားစစ်က ကမန်းကတန်း တဖီဖီ ထွေးလိုက်၏။ “ဖွဟဲ့ လွဲပါစေ ဖယ်ပါစေ… သူတို့ ကံကောင်းပါစေဟဲ့…”
အမှောင်ထုထဲတွင် ချင်မူ၏ ရင်ဘတ်ရှေ့မှ ကျောက်စမ်းလည်ဆွဲက အလင်းရောင်များ ခပ်ဖျော့ဖျော့ လင်းလက်လာသည်။ ထိုလူငယ်လေးက အမှောင်ထုထဲသို့ မျောလွင့် ပျံသန်းသွားသော ရွာလူကြီးနောက်မှ တစ်ဖဝါးမကွာ လိုက်ပါသွား၏။ နောက်ပြန်လှည့်ကြည့် လိုက်သောအခါ နယ်စပ်နဂါးမြို့က အမှောင်ထုထဲတွင် နတ်ဘုရားများ၏ မြို့တစ်မြို့ကဲ့သို့ ဖြစ်နေသည်။ မြို့ရိုးနံရံများပေါ်မှ နဂါးကြီးများနှင့် မြို့လယ်ရှိ နတ်ဘုရားများက မားမားမတ်မတ် ရပ်တည်၍ ထိုနယ်မြေကလေးကို အမှောင်ထုကြီး ချင်းနင်းဝင်ရောက်လာခြင်း မရှိအောင် ကာကွယ် စောင့်ကြပ်နေကြသည်။
“ရွာလူကြီး…”
သူက တစ်စုံတစ်ခုကို ရုတ်တရက် အမှတ်ရသွားသည်။ “ကျွန်တော့်ရဲ့ ဝိညာဉ်သန္ဓေသားက ထပ်ပြီး အိပ်ပျော်သွားပြန်ပြီ…”
ရွာလူကြီး၏ ပုံရိပ်မှာ ဆတ်ခနဲ တုန်ခါသွားပြီး သူ့ခန္ဓာကိုယ် ပတ်ပတ်လည်မှ တရှိန်ရှိန် တောက်လောင်နေသော အလင်းမီးလျှံများ ငြိမ်းသေလုနီးပါး ဖြစ်သွားသည်။ သူ့စိတ်သူ တည်ငြိမ်အောင် ကမန်းကတန်း ပြန်ထိန်း၍ မေးလိုက်၏။
“မူအာ… မင်း အဲဒီအကြောင်း တခြားသူတွေကို ပြောခဲ့သေးလား…”