← Chapters

မြူခိုးပင်လယ်ထဲမှအထီးကျန်လှေငယ်

Vol. 7 Ch. 85

မြူခိုးပင်လယ်ထဲမှအထီးကျန်လှေငယ်

Vol. 7 Ch. 85

ရွာလူကြီးနှင့် ချင်မူတို့နှစ်ယောက်သား မြစ်ကြောင်းအတိုင်း ရှေ့ဆက် ခရီးနှင်လာခဲ့သည်။ မာန်ဟုန်မြစ်၏ မြစ်ဖျားခံရာသို့ ရောက်ရန် မိုင်သုံးဆယ်ခန့်သာ လိုတော့၏။ သို့သော်လည်း ပို၍ ထူးဆန်းသော အရာများက ဖြစ်လာသည်။

ချင်မူ သူ့ရှေ့ရှိ အမှောင်ထုထဲတွင် အလင်းရောင်များ ထိန်ထိန်ညီးနေသည်ကို မြင်လိုက်ရသည်။ ထိုနေရာတွင် ရွာတစ်ရွာ ရှိနေပြီး အလင်းရောင်များက အမှောင်ထုထဲတွင် မျက်စိပသာဒ ဖြစ်နေ၏။

ရွာထဲတွင်တော့ အဘိုးကြီးတစ်ဦးက စက္ကူလှေများကို ခေါက်နေသည်။ စက္ကူလှေ တစ်စီး ခေါက်ပြီးသည့် အခါတိုင်း ထိုစက္ကူလှေက ရွာထဲမှ အလိုအလျောက် ပျံသန်းထွက်ခွာပြီး မြစ်ကမ်းဘေးရှိ လှေဆိပ်တွင် ဆိုက်ကပ်သွား၏။ မြစ်ထဲမှ ရေစိုနေသော ယောက်ျား၊ မိန်းမများက လှေပေါ်သို့ တက်သွားကြပြီး ထိုစက္ကူလှေက မြစ်လယ်ရှိ ထူထဲ သိပ်သည်းသော မြူခိုးငွေ့များထဲသို့ ဝင်ရောက် ပျောက်ကွယ်သွားသည်။

“သူတို့က မရဏတမန်တော်တွေပဲ”

ရွာလူကြီးက တီးတိုးပြောလိုက်၏။ “သူတို့က မြစ်ထဲမှာ သေသွားတဲ့လူတွေကို ဘဝကူးပြောင်းပေးဖို့ ညရောက်မှ ပေါ်လာတာ… သူတို့ကို သွားပြီး မနှောင့်ယှက်မိစေနဲ့”

“မရဏတမန်တော်တွေ ဟုတ်လား”

ချင်မူမှာ သိချင်စိတ် ဖြစ်သွားပြီး ထိုအဘိုးကြီးကို ထပ်၍ ကြည့်လိုက်သည်။ အဘိုးကြီး၏ မျက်နှာက ဇာပုဝါတစ်ထည် ဖုံးအုပ်ထားသကဲ့သို့ မှုန်ဝါးနေသဖြင့် ချင်မူမှာ သူ၏ရုပ်သွင်ကို သဲသဲကွဲကွဲ မမြင်ရပေ။

ရွာထဲမှ အဘိုးကြီးက သူ ကြည့်နေသည်ကို သတိပြုမိသွားဟန် ရှိပြီး ချင်မူ့ကို ခေါင်းမော့၍ ကြည့်လိုက်၏။ ချင်မူမှာ သူ၏ သွေးများ အေးခဲသွားသကဲ့ ခံစားလိုက်ရပြီး လိပ်ပြာလွင့်လုမတတ် ဖြစ်သွားသည်။ သို့သော်လည်း ထိုအခိုက်၌ သူ့မျက်ခုံးအလယ်မှ ဗုဒ္ဓတရားသံတစ်ခု အုံးခနဲ ထွက်ပေါ်လာသည်။ သူ့မျက်ခုံး နှစ်ခု အလယ်တွင် အဘိုးကြီးမာ ခတ်နှိပ်ခဲ့သော တထာဂတ၏ပုံရိပ်က တောက်ပ လင်းလက်လာပြီး ထိုအဘိုးကြီး၏ အကြည့်ကို ပိတ်ဆို့ တားဆီးလိုက်သည်။

“သက်ရှိတွေ ရှေ့ဆက်သွားလို့ မရဘူး” မပီဝိုးတဝါး အသံတစ်သံ ပျံ့လွင့်လာပြီး ထိုအဘိုးကြီးက ခေါင်းငုံ့၍ စက္ကူလှေများ ဆက်ခေါက်နေသည်။

ရွာလူကြီးက နှိုင်းနှိုင်းဆဆ ပြောလိုက်သည်။ “မူအာ တမလွန်လောကကို သွားမနှောင့်ယှက်မိစေနဲ့..”

“တမလွန်လောက ဟုတ်လား..”

ချင်မူ မှင်တက်အံ့သြပြီး မေးလိုက်သည်။ “ကျွန်တော်တို့က မဟာမြို့ပျက်ထဲမှာပဲ ရှိသေးတာ မဟုတ်ဘူးလား… ဒါက တမလွန်လောက ဟုတ်လို့လား… ရွာလူကြီးက ဘာကို ကြည့်ပြီး အဲလို ပြောလိုက်တာလဲ…”

“မဟာမြို့ပျက်မှာ တခြားကမ္ဘာတွေနဲ့ ချိတ်ဆက်နေတဲ့ နေရာဆန်းတွေ အများကြီးရှိတယ်… ဒီရွာလေးက ငါတို့ နေတဲ့ လောကနဲ့ တမလွန်လောကကို ချိတ်ဆက်ပေးထားတဲ့ နေရာပဲ”

ရွာလူကြီးက ပြန်ပြောလိုက်သည်။ “မဟာမြို့ပျက်မှာတင် ဒီလို နေရာမျိုး ရှိတာ မဟုတ်ဘူး… မဟာမြို့ပျက်ရဲ့ အပြင်ဘက်မှာလည်း ဒီလို နေရာမျိုးတွေ ရှိတယ်… မင်း မဟာမြို့ပျက်ကနေ ထွက်သွားပြီး ဒီလို ရွာမျိုးနဲ့ ဒီလို အဘိုးကြီးမျိုးကို တွေ့ခဲ့ရင် သူတို့ကို သွားပြီး မနှောင့်ယှက်မိစေနဲ့… မင်းသာ သူတို့ကို မနှောင့်ယှက်ရင် သူတို့ကလည်း အပြင်လောကကို ဝင်စွက်ဖက်မှာ မဟုတ်ဘူး… ဒါပေမဲ့ သူတို့က သိပ်ပြီး အသိအမြင် ဗဟုသုတများတဲ့ အတွက်ကြောင့် သူတို့ကို လမ်းမေးလို့ ရတယ်… ဒီက နောင်ကြီး... ရွှင်ပျော်ပျော် ကျေးရွာကို ဘယ်လို သွားရမလဲ မသိဘူး”

ထိုအဘိုးကြီးက အမှောင်ထုထဲဆီသို့ လက်ညှိုး ညွှန်ပြလိုက်သည်။ “ရွှင်ပျော်ပျော်ကျေးရွာ အစစ်အမှန်ကို မင်းတို့ သွားလို့ မရဘူး”

ရွာလူကြီးက ကျေးဇူးစကားဆိုပြီး ရှေ့သို့ ဆက်လျှောက်သွားလိုက်၏။ သူတို့ မည်မျှ ခရီးရောက်လာသည်မသိ ချင်မူ၏ ရင်ဘတ်မှ ကျောက်စိမ်းလည်ဆွဲက ရုတ်တရက် လေပေါ်သို့ မြောက်တက်လာပြီး အရှေ့ဆီသို့ ညွှန်ပြလာသည်။

ချင်မူ၏ ရင်ထဲတွင် လှုပ်ခါသွား၏။ “ရွာလူကြီး...”

ရွာလူကြီးက နောက်ပြန်လှည့်ကြည့်လိုက်ပြီး ထိုမြင်ကွင်းကို မြင်သောအခါ အသာအယာ ခေါင်းညိတ်လိုက်သည်။ ချင်မူက ကျောက်စိမ်းလည်ဆွဲကို ချွတ်ယူလိုက်ပြီး တစ်ခဏမျှ ချီတုံချတုံ ဖြစ်ကာ သူ့လက်ကို လွှတ်ပေးလိုက်၏။

ကျောက်စိမ်းလည်ဆွဲက လေပေါ်သို့ မြောက်တက်သွားပြီး ရှေ့သို့ ပျံသန်းသွားသည်။ ရွာလူကြီးက ချင်မူ့ကို ကမန်းကတန်း ဆွဲခေါ်၍ ကျောက်စိမ်းလည်ဆွဲ နောက်မှ လိုက်သွားလိုက်သည်။ ကျောက်စိမ်းလည်ဆွဲ၏ ပျံသန်းနှုန်းက အမှောင်ထုကို ထွင်းဖောက်လာသော ကြယ်ကြွေတစ်စင်းပမာ မြန်သည်ထက် မြန်လာသည်။

ချင်မူနှင့် ရွာလူကြီးက နောက်မှ အလျင်အမြန် လိုက်သွား၏။ ရုတ်တရက် ပလုတ်ဟူသောအသံကို ကြားလိုက်ရသည်။ ၎င်းက မြစ်ရေထဲသို့ ကျောက်ခဲလေး တစ်လုံး ပြုတ်ကျသွားသည့် အသံမျိုး ဖြစ်သည်။ ကျောက်စိမ်းလည်ဆွဲက မမြင်ရသော အလွှာတစ်ခုနှင့် တိုက်မိပြီး လေထဲတွင် လှိုင်းထ လှုပ်ခတ်သွားသည်။

ချင်မူနှင့် ရွာလူကြီး၏ ရှေ့တွင် ထိုလှိုင်းများနှင့်အတူ ထူးဆန်းသော လောကကြီးတစ်ခု တဖြည်းဖြည်းချင်း ပေါ်ထွက်လာ၏။ သူတို့၏ ရှေ့တွင် ရှိနေသည်က မြူခိုးများ ဖုံးလွှမ်းနေသည့် ကုန်းမြေကျယ်ကြီး ဖြစ်သည်။ ထိုနေရာတွင် မိုးထိုးနေသော တောင်တန်းများ ရှိ၏။ ဤနေရာက အမှောင်ထုထဲတွင် နစ်မြုပ် ပျောက်ကွယ်၍ အမှောင်ထုနှင့် တစ်သားတည်း ဖြစ်နေသော်လည်း အမှောင်ထု မဟုတ်ပေ။

“အမှောင်ထုထဲမှာ တကယ်ပဲ တခြား ကမ္ဘာတစ်ခု ရှိနေတာလား”

ရွာလူကြီးက ချင်မူ့ကို ဆွဲခေါ်လာသည်။ ချင်မူက သူ့လက်ကို ဆန့်မြှောက်၍ ကျောက်စိမ်းလည်ဆွဲကို ဖမ်းယူလိုက်၏။ သူ့အာရုံများကိုတော့ စုစည်း၍ မရသေးချေ။ “ဒီနေရာက ရွှင်ပျော်ပျော် ကျေးရွာ ရှိတဲ့ နေရာလား… ငါ့မိဘတွေ ဒီနေရာမှာ ရှိနေတာလား…”

ကျောက်စိမ်းလည်ဆွဲက သူ့လက်ထဲတွင် တဆတ်ဆတ် တုန်ခါနေပြီး ပိုင်ရှင် ရှိရာသို့ ပျံသန်းသွားချင်သကဲ့သို့ ဖြစ်လာသည်။

ချင်မူက ကျောက်စိမ်းလည်ဆွဲကို သူ့လည်ပင်းတွင် ပြန်ဝတ်လိုက်ပြီး ၎င်းလမ်းပြရာအတိုင်း လိုက်ရန် ပြင်လိုက်၏။ ရွာလူကြီးက သူ့ကို တားဆီးပြီး တည်ငြိမ်စွာ ပြောလိုက်သည်။ “မူအာ.. ငါတို့ ဒီနေရာကိုတောင် ရောက်နေမှတော့ အလောကြီးဖို့ မလိုပါဘူး.. တဖြည်းဖြည်းချင်း သွားကြတာပေါ့… ဒီနေရာမှာ တစ်ခုခု ထူးဆန်းနေသလိုပဲ”

ချင်မူက သူ့ကိုယ်သူ တည်ငြိမ်အောင် ပြန်ထိန်းလိုက်ပြီး ရှေ့သို့ ဖြည်းဖြည်းချင်း လျှောက်လမ်းလာခဲ့သည်။ ဤနေရာရှိ တောင်တန်းများက သာယာလှပသော်လည်း မီးခိုးရောင် မြူခိုးများ ဖုံးလွှမ်းနေပြီး သဲသဲကွဲကွဲ မမြင်ရပေ။ ဤသည်က တကယ်ပင် ရွှင်ပျော်ပျော် ကျေးရွာ ဖြစ်လေသည်လား…။

မရဏတမန်တော်က ရွှင်ပျော်ပျော် ကျေးရွာကို သူတို့ ရှာမတွေ့နိုင်ဟု ပြောခဲ့သည် မဟုတ်လား…။

သူတို့ရှေ့မှ မီးခိုးရောင် မြူခိုးငွေ့များကြောင့် တောင်တန်းများကို သဲသဲကွဲကွဲ မမြင်ရချေ။ ရုတ်တရက် ချင်မူ၏ ခြေထောက်အောက်မှ ဖျောက်ခနဲ အသံတစ်ခု ကြားလိုက်ရပြီး စကားသံတစ်သံ ထွက်ပေါ်လာသည်။ “အိုး.. မင်းငါ့ကို တက်နင်းလိုက်တာပဲ…”

ချင်မူ အလန့်တကြား ထခုန်လိုက်မိပြီး ကမန်းကတန်း အောက်သို့ ငုံ့ကြည့်လိုက်၏။ သူ့ခြေထောက်အောက်မှ အရိုးစုလက် တစ်ဖက်က ပြန်ရုတ်သိမ်းသွားပြီး မြူခိုးထဲမှ ဦးခေါင်းခွံ တစ်လုံး ခေါင်းထောင်ထလာကာ သူ့ကို မျက်လုံးဟောက်ပက်နှင့် ကြည့်နေသည်။

“လူ…”

ထိုအရိုးခြောက်က စူးစူးရှရှ အော်ဟစ်လိုက်၏။ သူ့အသံက မှိုင်းပျပျ မီးခိုးရောင်ကမ္ဘာထဲတွင် ပဲ့တင်ထပ် ပျံ့နှံ့သွားသည်။ ချင်မူ တစ်မုဟုတ်ချင်း နောက်ဆုတ်လိုက်သည်။ သူ့ခြေထောက်အောက်မှ နောက်ထပ် ဖျောက်ခနဲ အသံတစ်ခု ကြားလိုက်ရ၏။ ထိုအခါမှသာ မြေပြင်ပေါ်တွင် အရိုးခြောက်များ မရေမတွက်နိုင်အောင် ရှိနေကြောင်း သူ တွေ့လိုက်ရသည်။ အရိုးများက တောင်လို ပုံနေ၏။

သူ့မျက်လုံးများထဲတွင် ကောင်းကင်ကိုးစင်း လည်ပတ်လာပြီး ပတ်ဝန်းကျင်ရှိ တောင်တန်းများကို ကြည့်လိုက်သည်။ သူ့တစ်ကိုယ်လုံး ထိန်းသိမ်းမရ တုန်ခါသွား၏။ မြူခိုးငွေ့များထဲမှ တောင်တန်းများက မရေမတွက်နိုင်သော အရိုးများဖြင့် တည်ဆောက်ထားခြင်း ဖြစ်သည်။ ထိုအရိုးများက တောင်တန်းများသဖွယ် စုပုံနေပြီး မြူခိုးငွေ့များထဲတွင် ပျောက်ကွယ်နေသည်။

ချင်မူ ခေါင်းမွေးများ ထောင်ထသွား၏။ မြေပြင်ပေါ်မှ အရိုးစုများက တစ်ခုပြီးတစ်ခု ထရပ်လာသည်။ ထိုအရိုးစုများက မီးခိုးရောင်မြူခိုးငွေ့များကြားမှ ယိုင်ထိုး ယိုင်ထိုးဖြင့် ရပ်လာပြီး အက်ကွဲကွဲ အသံများဖြင့် ပဲ့တင်ထပ်သွားသည်။ “လူ ဟုတ်လား… လူ ဘယ်နေရာမှာလဲ..”

“ဒီနေရာကို လူ ရောက်မလာတာ ကြာပြီ… ဘယ်လိုလူကများ ဒီနေရာအထိ ရောက်လာတာလဲ...”

“သူတို့မှာ အသားတွေ ရှိတယ်… ငါတို့မှာ အသားတွေ မရှိဘူး… သူတို့အသားကို လုကြမယ်..”

… …။

ရွာလူကြီးက မျက်မှောင်ကြုတ်၍ အဝေးသို့ လှမ်းကြည့်လိုက်သည်။ အဝေးမှ တောင်တန်းများကလည်း တုန်ခါလာပြီး မြောက်မြားစွာသော အရိုးဖြူဖြူများဖြင့် ဖွဲ့စည်းထားသည့် မကောင်းဆိုးဝါးကြီး တစ်ကောင်ကဲ့သို့ ထရပ်၍ လျှောက်လှမ်းလာ၏။ ထိုအရိုးဖြူ တောင်တန်းများ လျှောက်လမ်းလာသည့် လမ်းတစ်လျှောက်တွင် မရေမတွက်နိုင်သော အရိုးခြောက်များက ဝိုင်းပတ်ကခုန်၍ ထိုတောင်တန်းကြီးများပေါ်သို့ တွယ်တက်နေကြသဖြင့် အရိုးဖြူ မကောင်းဆိုးဝါး၏ အရွယ်အစားမှာ ကြီးသထက် ကြီးလာသည်။

ထိုအရိုးများတွင် နတ်ဘုရားနှင့် မိစ္ဆာနတ်ဆိုးတို့၏ အားအင်များ ကိန်းအောင်းနေ၏။ ၎င်းတို့က နတ်ဘုရားနှင့် မိစ္ဆာနတ်ဆိုးတို့၏ အရိုးများ ဖြစ်ကြောင်း ထင်ရှားသည်။

ထိုအရိုးခြောက်များ၏ အသံက တဖြည်းဖြည်း ကျယ်လောင် ဆူညံလာပြီး လူသားစားမည့် အကြောင်းများကို စူးစူးရှရှ အော်ဟစ်၍ ရွေ့လျားလာသည်။

“ဒီလောက်များတဲ့ အရိုးတွေ ဘယ်နေရာကများ ရောက်လာတာလဲ မသိဘူး…”

ရွာလူကြီးက ညည်းတွားလိုက်မိသည်။ သုံးပေခန့်သာ ရှိသော အရိုးခြောက်ငယ်လေးများက မီးခိုးရောင် အခိုးငွေ့များထဲမှ တိုးထွက်လာပြီး ချင်မူ၏ခြေထောက်ကို ဆွဲ၍ ကိုက်ရန် ပြင်လိုက်သည်။ ချင်မူက ၎င်းတို့ကို လက်ဖဝါးဖြင့် ရိုက်ချလိုက်သော်လည်း နောက်ထပ် အရိုးခြောက်များစွာက သူတို့ရှိရာသို့ ပြေးလာကြ၏။ ၎င်းတို့က ပင်လယ်လှိုင်းလုံးကြီးများနှင့် တူပြီး ကြောက်မက်ဖွယ်ရာ ကောင်းလှသည်။

ရွာလူကြီး၏ ချီစွမ်းအင်က စီးမျော ထွက်ပေါ်လာပြီး ဓားအလင်းရောင်များ အဖြစ် အသွင်ပြောင်းသွားသည်။ သို့သော်လည်း ဤနေရာမှ အရိုးခြောက်များက များပြားလွန်းလှ၏။ သူပင် ခေါင်းကိုက်လာမိသည်။ အထူးသဖြင့် ဤအရိုးခြောက်များက နတ်ဘုရားများနှင့် မိစ္ဆာနတ်ဆိုးတို့၏ အရိုးများ ဖြစ်သည့်အတွက် ရင်ဆိုင်ရ ပိုခက်သည်။

သို့သော်လည်း ထိုအခိုက်၌ ချင်မူ၏ မျက်ခုံးနှစ်ခု အလယ်မှ အလင်းရောင်တစ်ခု ထွန်းလင်းတောက်ပလာပြီး သူတို့၏ နောက်ကျောတွင် မဟာဗုဒ္ဓ ရုပ်ပွားတော် တစ်ဆူ ထွက်ပေါ်လာ၏။ မရေမတွက်နိုင်သော အရိုးခြောက်များမှာ တစ်မုဟုတ်ချင်း အော်ဟစ် ထွက်ပြေးသွားကြသည်။

ထိုအရိုးခြောက်များက ပြေးလွှားရင်းနှင့် စုမိသွားပြီး ဘီလူးကြီးများအသွင် ဖြစ်သွားသည်။ အချို့သော အရိုးစု ဘီလူးကြီးများက ချော်လဲသွားပြီး မြေပြင်ပေါ်တွင် မရေမတွက်နိုင်သော အရိုးစုငယ်လေးများ အဖြစ် ပြန်လည် ပြောင်းလဲသွားသည်။ ထို့နောက် သူတို့က ပြေးရင်း ပြေးရင်း ပြန်စုမိသွားပြီး အရိုးစုဘီလူးကြီး ဖြစ်သွားကြပြန်သည်။

ချင်မူ သက်ပြင်းချလိုက်မိ၏။ သူ၏ မျက်ခုံးနှစ်ခု အလယ်တွင် ခတ်နှိပ်ထားသော မဟာဗုဒ္ဓ ရုပ်ပွားတော်က ထိုထူးဆန်းသော အရိုးခြောက်များကို အနားသို့ ကပ်မလာနိုင်အောင် တားဆီးပေးနိုင်စွမ်း ရှိသည်။

ခပ်လှမ်းလှမ်းမှ အရိုးစု တောင်တန်းများမှာလည်း ရပ်တန့်သွားပြီး အဝေးမှသာ ရပ်ကြည့်နေကြသည်။ ချင်မူ၏ နောက်ကွယ်မှ မဟာဗုဒ္ဓ ရုပ်ပွားတော်ကို မြင်ပြီး အနားသို့ ကပ်မလာရဲကြတော့ပေ။

အရိုးစု တောင်တန်းများကြားမှ မီးခိုးရောင် အခိုးအငွေ့များက လှိုင်းထ လှုပ်ခတ်နေပြီး မြူခိုးပင်လယ်ကြီးကဲ့သို့ ဖြစ်နေ၏။ ရုတ်တရက် ထိုနေရာတွင် အလင်းရောင်တစ်ခု ထွန်းလင်း တောက်ပလာသည်။ ချင်မူက ထိုအလင်းရောင်ကို လှမ်းကြည့် လိုက်မိ၏။ အရိုးစု တောင်တန်းများ ကြားမှ သစ်ရွက်လှေငယ်တစ်စီး ထွက်ပေါ်လာသည်ကို မြင်ရသောအခါ သူ မှင်တက်မိသွားသည်။

ထိုသစ်ရွက်လှေငယ်လေးက မြူခိုးငွေ့များ ကြားထဲမှ မျောလွင့်ထွက်ပေါ်လာသည်။ ထိုလှေငယ်လေး၏ ဦးထိပ်မှ တစ်ခုတည်းသော ရွက်တိုင်တွင် မီးအိမ်တစ်လုံး ချိတ်ဆွဲထားသည်။ ထိုရွက်တိုင်မှာ ရွက်လွှင့်ထားခြင်း မရှိချေ။ မီးအိမ်ငယ်က ခပ်ဖျော့ဖျော့ အလင်းရောင်တစ်ခုကို လွှင့်ထုတ်နေ၏။

လှေမြီးပိုင်းတွင်တော့ ကောက်ရိုးမိုးကာ ဝတ်ဆင်ထားပြီး ဝါးခမောက် ဆောင်းထားသော လှေထိုးသား တစ်ဦးက တက်များကို ကိုင်၍ လှော်ခတ်လာသည်။ မီးအိမ်၏ အောက်တွင်တော့ ဝါးခမောက်ဆောင်းထားသည့် လူတစ်ဦး ထိုင်နေပြီး သူ၏ မျက်နှာကို သဲကွဲစွာ မမြင်ရပေ။

ထိုလှေငယ်လေးက သူတို့ဆီသို့ လျင်မြန်စွာ ရောက်ရှိလာပြီး မီးအိမ်အောက်မှ လူက ထရပ်လိုက်သည်။ ထို့နောက် လှေသမားဆီသို့ ဦးညွှတ်၍ ရွှေပြားတစ်ပြားကို ထုတ်ပေးလိုက်၏။ လှေထိုးသမားက သူ့လက်ကို ဆန့်၍ ရွှေပြားကို ယူလိုက်သောအခါ ထိုလက်ဖဝါးတွင် အသားများ မရှိသည်ကို ချင်မူ မြင်လိုက်ရသည်။

ထိုဝါးခမောက်နှင့် ကောက်ရိုးမိုးကာအောက်တွင် အရိုးစု တစ်ခု ရှိနေသည်။

အရိုးစု တစ်ခုက လှေကို လှော်ခတ်လာခြင်း ဖြစ်သည်။

မီးအိမ်အောက်မှ လူက လှေပေါ်မှ ခုန်ဆင်းလာပြီး ချင်မူနှင့် ရွာလူကြီးကို မြင်သောအခါ အနည်းငယ် မှင်တက်အံ့သြမိသွားသည်။ သူက အိုမင်းသော လေသံဖြင့် ဦးညွှတ် နှုတ်ဆက်လိုက်၏။ “မိတ်ဆွေကြီး...”

ချင်မူနှင့် ရွာလူကြီးကလည်း ပြန်၍ ဦးညွှတ်နှုတ်ဆက်လိုက်သည်။ “မိတ်ဆွေကြီး...”

ထိုသူက သူ၏ ဝါးခမောက်ကို ခပ်ငိုက်ငိုက် ဆွဲဆောင်းလိုက်ပြီး အဝေးသို့ လျှောက်သွားလိုက်သည်။

ရွာလူကြီးက ရုတ်တရက် ဟန့်တားလိုက်၏။ “ခဏနေပါအုံး မိတ်ဆွေကြီး...”

ထိုသူက ခြေလှမ်းများကို ရပ်တန့်လိုက်သည်။

ရွာလူကြီးက မေးလိုက်၏။ “မိတ်ဆွေကြီးမှာ ကြေးပြား အပိုလေးများ ရှိသေးလား...”

ထိုသူက အက်ကွဲကွဲ ရယ်မောလိုက်သည်။ “ခင်ဗျားက ပိုက်ဆံတစ်ပြားမှ ယူမလာဘဲ ဒီက တစ္ဆေတွေကို လှေလှော်ခိုင်းဖို့ စဉ်းစားနေတာလား…”

ရွာလူကြီးက ပြုံးလိုက်သည်။ “အဲဒါကြောင့်ပဲ မိတ်ဆွေကြီးဆီက နည်းနည်းလောက် ချေးချင်တာပါ…”

ဝါးခမောက်အောက်မှ ရယ်သံများ ထွက်ပေါ်လာ၏။ “ဓားနတ်ဘုရားကြီး… ခင်ဗျားနဲ့ မတွေ့ရတာ တော်တော်ကြာပြီ… ကျုပ်တို့ မျိုးဆက်ကလူတွေ အများကြီး မကျန်တော့ဘူး… အခု ကျုပ်တို့ ဒီနေရာမှာ တွေ့ရတာကလည်း ရေစက်ပါလို့ပဲ… ကောင်းပြီလေ ကျုပ် ခင်ဗျားကို ဖုန်းတုကြေးပြား နည်းနည်း ပေးလိုက်မယ်”

သူက လက်ကို ဆန့်ထုတ်လိုက်သည်။ ရွှေပြား အနည်းငယ်က သူ့လက်ဖဝါးထဲတွင် မျောလွင့်နေသည်။

ရွာလူကြီးက လေးနက်သော အမူအရာ ဖြစ်သွားသည်။ သူ၏ ချီစွမ်းအင်က လက်များ ခြေထောက်များအဖြစ် ပုံသဏ္ဌာန်ဖွဲ့တည်သွား၏။ သူ့လက်ကို ဖြည်းညင်းစွာ ဆန့်ထုတ်၍ ရွှေပြားများကို လှမ်းယူလိုက်သည်။

သူတို့၏ လက်များ ထိတွေ့သွားသည့် အချိန်တွင် နှစ်ယောက်စလုံး၏ ခန္ဓာကိုယ်များ တုန်ခါသွားကြ၏။ ဝါးခမောက်အောက်မှ လူက သူ့လက်ကို ပြန်ရုတ်သိမ်းလိုက်ပြီး သက်ပြင်းချကာ လှည့်ထွက်သွားသည်။

“ခင်ဗျားက အသက်ကြီးသွားပေမဲ့ ကျုပ်ထက် ပိုစွမ်းအားကြီးသေးတယ်… ဒါပေမဲ့ ကျုပ်က ခင်ဗျားထက် ငယ်တယ်… လူ့လောကမှာ ကြာကြာ ပိုနေရဦးမှာ…”

ရွာလူကြီးက သူ့ကို အကြည့်နှင့် နှုတ်ဆက်လိုက်၏။ “မင်းက အရင်ကထက် ပိုစွမ်းအား မြင့်လာတာတယ်… ဒါပေမဲ့ ငါ့ထက် အသက် ပိုရှည်ချင်မှ ရှည်မှာပေါ့…”

“ဒါက ပြောရ ခက်ပါတယ်...”

ဝါးခမောက်နှင့်လူက ခုန်ထွက်၍ ပျောက်ကွယ်သွားသည်။ ရွာလူကြီးက သူ့လက်ဖဝါးကို ဖြန့်၍ သူ့လက်ထဲမှ ရွှေပြားလေးပြားကို ချင်မူ၏ လက်ထဲသို့ ထည့်ပေးလိုက်၏။ သူ၏ ချီစွမ်းအင်ဖြင့် ဖွဲ့စည်းထားသော ခြေလက်များက တဖြည်းဖြည်း မှုန်ဝါး ပျောက်ကွယ်သွားသည်။ “မူအာ… လှေပေါ် တက်ကြစို့...”

ချင်မူက လှေငယ်လေးပေါ်သို့ ကြောင့်ကြမကင်းစွာ တက်လိုက်သည်။ ရွာလူကြီးကလည်း လေထဲတွင် မျောလွင့်၍ တက်လာပြီး ရွက်တိုင်ကို မှီကာ ထိုင်ချလိုက်သည်။ လှေမြီးပိုင်းမှ လှေထိုးသမားက လှေဦးကို နောက်ပြန်လှည့်၍ အရိုးခြောက်တောင်တန်းများ ကြားရှိ သိပ်သည်း ထူထပ်သော မြူခိုးငွေ့များထဲသို့ ခပ်မှန်မှန် လှော်ခတ်သွားတော့သည်။

All Chapters