← Chapters

သေဆုံးသူတို့၏ရှင်သန်ရာကမ္ဘာ

Vol. 7 Ch. 86

သေဆုံးသူတို့၏ရှင်သန်ရာကမ္ဘာ

Vol. 7 Ch. 86

ချင်မူက မီးအိမ်အောက်တွင် ထိုင်၍ လိုက်ပါလာသည်။ သူ၏ ရင်ဘတ်ရှိ ကျောက်စိမ်းလည်ဆွဲက ခပ်ဖျော့ဖျော့ အလင်းရောင်တစ်ခု ထုတ်လွှတ်နေ၏။ ကျောက်စိမ်းလည်ဆွဲက အထက်သို့ ပျံတက်၍ အဝေးသို့ ပျံသန်းသွားချင်သည့်ဟန် ပေါ်နေသည်။

“ဒါက ရွှင်ပျော်ပျော် ကျေးရွာ မဟုတ်ဘူးလား… မဟုတ်ဘူးဆိုရင် ရွှင်ပျော်ပျော် ကျေးရွာက ဘယ်နေရာမှာ ရှိမှာလဲ…”

လှေငယ်လေးက မနှေးမမြန် ခပ်မှန်မှန် လှော်ခတ်လာသည်။ သူတို့ ဤလှေငယ်လေးပေါ်သို့ တက်လာပြီးကတည်းက ဘေးပတ်ဝန်းကျင်ရှိ အရိုးစုများမှာ သူတို့ကို မမြင်ရတော့သကဲ့သို့ ဂရုမစိုက်ကြတော့ကြောင်း ချင်မူ သတိပြုမိလိုက်သည်။ အရိုးစု တောင်တန်းများက ပုံမှန် အနေအထားသို့ ပြန်ရောက်သွားပြီး အရိုးခြောက်များကလည်း ပြန်၍ တိတ်ဆိတ်ငြိမ်သက် သွားသည်။

ချင်မူ ခေါင်းခါယမ်းလိုက်ပြီး လမ်းတစ်လျှောက် ကြုံတွေ့ခဲ့ရသော မယုံနိုင်ဖွယ်ရာ အဖြစ်အပျက်များ အားလုံးကို ပြန်စဉ်းစား ကြည့်လိုက်မိသည်။ သူ တစ်ခါမှ စိတ်မကူးခဲ့ဖူးသော အဖြစ်အပျက်များက အမှန်တကယ် ဖြစ်ပျက်ခဲ့၏။ အဖြစ်အပျက် တစ်ခုချင်းစီကလည်း ယခင် သူ တွေ့ဖူးသမျှထက် ပို၍ ထူးဆန်းနေသည်။

အမှောင်ထုထဲမှ မကောင်းဆိုးဝါး မိစ္ဆာများ၊ မရဏတမန်တော်များ၊ မြူခိုးငွေ့ထဲမှ အရိုးခြောက် လောကကြီး၊ သူတို့ စီးနင်းနေသည့် လှေငယ်လေးနှင့် အရိုးစု လှေထိုးသား…။ ထိုအရာအားလုံးက မယုံနိုင်ဖွယ်ရာ ဖြစ်သော်လည်း အမှန်တကယ် ဖြစ်ပျက်နေခြင်း ဖြစ်သည်။

ထို့ပြင် မဟာမြို့ပျက်၏ အမှောင်ထုထဲမှ လောကက ရွာလူကြီး တွေးထင်ထားသကဲ့သို့ ရိုးရှင်းမည် မဟုတ်။ ရွာလူကြီးက အမှောင်ဘုံ တစ်ခုတည်းသာ ရှိသည်ဟု မူလက ထင်မိခဲ့သော်လည်း ဤအဖြစ်အပျက်များ အားလုံးကို အမှောင်ဘုံ တစ်ခုတည်းနှင့် ရှင်းပြနိုင်လိမ့်မည် မဟုတ်ချေ။

အမှောင်ဘုံက ရှိကောင်းရှိနိုင်မည် ဖြစ်သော်လည် အမှောင်ထုထဲတွင် အခြားကမ္ဘာ များစွာ ရှိနေနိုင်သေးသည်။

“ရွာလူကြီး အစောက ကျွန်တော်တို့ကို ဖုန်းတုကြေးပြား ပေးခဲ့တဲ့လူက ဘယ်သူလဲ...” ချင်မူက လှေထိုးသားကို ချောင်းကြည့်၍ ခပ်တိုးတိုး မေးလိုက်သည်။

“မိတ်ဆွေဟောင်း တစ်ယောက်ပါ…”

ရွာလူကြီးက ခပ်အေးအေး အမူအရာဖြင့် ပြောလိုက်သည်။ “ငါ သူ့ကို မတွေ့ရတာ အတော်ကြာပြီ… သူ့အကြောင်း သတင်းမကြားရတာလည်း အတော်ကြာပြီ… သူ သေသွားပြီလို့ ထင်နေတာ… အသက်ရှင်လျက် တွေ့ရလိမ့်မယ်လို့ မမျှော်လင့်ခဲ့မိဘူး… ငါတို့ခေတ်က လူတွေ အခုချိန်ထိ အသက်ရှင်နိုင်သေးတာကိုက အတော်လေး ချီးကျူးစရာ ကောင်းနေပြီ…”

ချင်မူ၏ အတွေးများက အဝေးသို့ လွင့်ပျံ့သွား၏။ ရွာလူကြီး၏ ခေတ်တွင် ထိပ်သီးပညာရှင် များစွာ ပေါ်ထွက်ခဲ့ပေလိမ့်မည်။ သူတို့ခေတ်က ကြယ်ပေါင်းများစွာ ထွန်းလင်းနေသည့် ကောင်းကင်ပြင်ကြီး တစ်ခုကဲ့သို့ ဖြစ်၏။

သို့သော်လည်း နှမြောစရာ ကောင်းသည်မှာ အချိန်ကာလက မည်သူ့ကိုမှ သက်ညှာခြင်း မရှိပေ။ သူတို့အနေဖြင့် သူတို့ခေတ်တွင် ပြိုင်ဘက်ကင်း ပညာရှင်များ ဖြစ်ခဲ့ကြသော်လည်း ယခုအချိန်တွင် နောက်ဆုံး နေဝင်ချိန်သို့ ရောက်နေပြီ ဖြစ်သည်။

“သူက တက်တက်ကြွကြွ ရှိနေတုန်းပဲ… ဟိုဟိုဒီဒီ သွားရတာကို သဘောကျနေတုန်းပဲ ဖြစ်မယ်လို့ ထင်မထားမိဘူး… ဒီတစ်ခေါက် သူ ဘယ်ကို သွားတာလဲ မသိဘူး…”

ရွာလူကြီးက ပြုံးလိုက်၏။ “သူက ငါ့ထက် လေ့လာအား ပိုကောင်းတယ်… ငါ့ထက်လည်း လျို့ဝှက်ဆန်းကျယ် ဖြစ်ရပ်တွေ အများကြီး ကြုံခဲ့ဖူးတယ်… တကယ်တမ်းဆိုရင် သူ လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါး နေတာကို ငါ မနာလို ဖြစ်ခဲ့ရတာ… မူအာ… နောက်တစ်ချိန်ကျရင် မင်း သူ့ကို တွေ့ချင်တွေ့လိမ့်မယ်… သူက အတည်တကျ အိမ်ရာမရှိဘူး… နေရာအနှံ့ လျှောက်သွားနေတာ… သူ့နာမည်က လင်ကျင့်လို့ ခေါ်တယ်… သူ့ဘယ်ဘက် မျက်လုံးအောက်မှာ မှဲ့ကြီးတစ်လုံး ရှိတယ်… ပြီးတော့ သူ့ရဲ့ ညာဘက် လက်သန်းတစ်ချောင်းက ငါ ခုတ်ဖြတ်ထားလို့ ပြတ်နေတယ်…”

“ရွာလူကြီး ဒီလှေက ကျွန်တော်တို့ကို ဘယ်ခေါ်သွားမှာလဲ…”

ချင်မူက ဘေးပတ်ဝန်းကျင်သို့ လှည့်လည်ကြည့်ရှုလိုက်သည်။ သူတို့က ဤထူးဆန်းသော ကမ္ဘာ၏ ဝင်ပေါက်သို့ ရောက်ရန် အများကြီး လိုသေး၏။

သူတို့ လာခဲ့သည့် နေရာကို မမြင်ရတော့သကဲ့သို့ ဤလှေငယ်လေး ဆက်မျောလွင့်သွားလျှင် မည်သည့်နေရာသို့ ရောက်မည်ကိုလည်း မသိချေ။

ထို့ပြင် ဤနေရာက မဟာမြို့ပျက်ပင် ဟုတ်သေးသည်လား မသိချေ။

ဤနေရာက မဟာမြို့ပျက် ရှိနေသည့် ကမ္ဘာ ဟုတ်ချင်မှပင် ဟုတ်တော့မည်။

ရွာလူကြီးက မျက်မှောင်ကြုတ်လိုက်၏။ ချင်မူ၏ကျောက်စိမ်းလည်ဆွဲက သူတို့ကို ဤနေရာသို့ ခေါ်ဆောင်လာခြင်း ဖြစ်သည်။ သူ့အနေဖြင့် မဟာမြို့ပျက်တွင် နေလာသည်မှာ ကြာလှပြီ ဖြစ်သော်လည်း ဤသို့သော ထူးဆန်းသော အဖြစ်အပျက်နှင့် ကြုံတွေ့ခဲ့ဖူးသည်မှာ ပထမဆုံး ဖြစ်သည်။ သို့သော်လည်း ချင်မူ၏ ကျောက်စိမ်းလည်ဆွဲက သူတို့ကို ဤနေရာသို့ ခေါ်လာသည် ဖြစ်၍ ဤနေရာက ကျောက်စိမ်းလည်ဆွဲ၏ ဇာစ်မြစ်နှင့် ဆက်စပ်နေပေလိမ့်မည်။

ယခု သူတို့က မည်သည့်နေရာတွင် ရောက်နေမှန်း မသိသလို လှေပေါ်မှလည်း ဆင်း၍ မရသည် ဖြစ်ရာ သူတို့အနေဖြင့် လှေငယ်လေးနှင့် ထူးဆန်းသော လှေထိုးသား ခေါ်ဆောင်ရာသို့ လိုက်ရုံသာ ရှိတော့သည်။

“မူအာ.. ငါသာ မင်းကို လိုက်မပို့ခဲ့ရင် ဒီနေရာကို တစ်ခါမှ ရောက်ဖူးမှာ မဟုတ်ဘူး”

သူ့စကားအဆုံးတွင် သူတို့ရှေ့မှ မြူခိုးများက ပါးလျလာပြီး ကျယ်ပြန့်သော ကုန်းမြေကြီးတစ်ခု ပေါ်ထွက်လာ၏။ ထိုနေရာရှိ တောင်တန်းများက အရိုးစု တောင်တန်းများ မဟုတ်တော့ချေ။ မြူခိုးငွေ့ပင်လယ်၏ ကမ်းစပ်တွင် လှေဆိပ်တစ်ခု ရှိနေသည်။

သစ်ရွက်လှေငယ်လေးက ထိုလှေဆိပ်သို့ ဖြည်းဖြည်းချင်း ကပ်သွားပြီး ရပ်တန့်လိုက်သည်။

ချင်မူက ဖုန်းတုကြေးပြား တစ်ပြားကို ကမန်းကတန်း ထုတ်ယူပြီး လှေသမားကို ကုတို့ခအဖြစ် ပေးရန် ပြင်လိုက်သော်လည်း လှေသမားက သူ၏အရိုးစု လက်ချောင်းနှစ်ချောင်းကို ထောင်ပြလိုက်သည်။

ချင်မူက နောက်ထပ် ကြေးပြားတစ်ပြားကို ထုတ်ယူလိုက်သောအခါမှ လှေသမားက ခေါင်းညိတ်လိုက်၏။ သူတို့နှစ်ယောက်က လှေပေါ်မှ ခုန်ဆင်း၍ ကုန်းမြေဆီသို့ ဦးတည်၍ သွားလိုက်ကြသည်။ ချင်မူ နောက်ပြန် လှည့်ကြည့်လိုက်သောအခါ လှေငယ်လေးနှင့် အရိုးစု လှေထိုးသားမှာ မြူခိုးငွေ့ထဲ ပျောက်ကွယ်သွားကြောင်း တွေ့လိုက်ရသည်။ လှေဦးထိပ်မှ မီးအိမ်ငယ်၏ အလင်းရောင်ကသာ ခပ်ဖျော့ဖျော့ လင်းလက်နေ၏။

“ထူးဆန်းတဲ့ နေရာပဲ…”

သူ့ရင်ဘတ် ရှေ့မှ ကျောက်စိမ်းလည်ဆွဲက လေထဲသို့ တဖြည်းဖြည်း မျောလွင့်၍ ရှေ့သို့ ဆွဲခေါ်နေသည်။

ချင်မူက ရွာလူကြီးနောက်မှ လိုက်လာခဲ့သည်။ သူတို့ ခပ်ဝေးဝေးသို့ မလျှောက်လိုက်ရဘဲ နယ်နိမိတ် ကျောက်တုံးတစ်တုံးကို တွေ့လိုက်ရ၏။ ထိုကျောက်တုံးပေါ်တွင် စာသားတချို့ ရေးထိုးထားသည်။

“သေဆုံးသူတို့၏ ရှင်သန်ရာ ကမ္ဘာ...၊ ရှင်သန်သူများ ရှေ့မဆက်သွားဘဲ သေဆုံးသူများသာ ရှေ့ဆက်သွားလိမ့်မည်…”

ချင်မူမှာ ထိုနယ်နိမိတ် ကျောက်တုံးပေါ်မှ စာသားများကို ဖတ်၍ မှင်တက် အံ့သြသွားသည်။ တစ်ခဏမျှ တုန့်ဆိုင်းနေပြီးမှ မေးလိုက်၏။ “ရွာလူကြီး.. ကျွန်တော်တို့ ရှေ့ဆက်သွားကြမလား…”

ရွာလူကြီးက ရှေ့သို့ လှမ်းမျှော်ကြည့်လိုက်ရာ များစွာသော ရွာကလေးများကို ခပ်ဝါးဝါး မြင်တွေ့လိုက်ရသည်။ သူ ပြုံးလိုက်၏။ “ငါတို့ ဒီနေရာတောင် ရောက်လာမှတော့ ရှေ့ဆက်မကြည့်လို့ ဘယ်ဖြစ်မှာလဲ… သွားကြစို့…”

ချင်မူက ရွာလူကြီး၏ နောက်မှ လိုက်သွားလိုက်သည်။ သူတို့ နှစ်ယောက် နယ်နိမိတ် ကျောက်တုံးကို ဖြတ်ကျော်လာကြ၏။ ရုတ်တရက် ချင်မူ အထိတ်တလန့် အော်ဟစ်လိုက်မိသည်။ သူ့လက်နှစ်ဖက်ကို မြောက်ကြည့်လိုက်သောအခါ သူ့လက်များက အရိုးစုလက်များ ဖြစ်နေ၏။

သူ့အင်္ကျီကို ကမန်းကတန်း ဆွဲလှန် ကြည့်သောအခါတွင်လည်း အသွေးအသားများ ပျောက်ကွယ်နေပြီး အရိုးဖြူဖြူများသာ ကျန်ခဲ့တော့သည်။

ရွာလူကြီးကို လှမ်းကြည့်လိုက်သောအခါ လေထဲတွင် မျောနေသော အရိုးစုကြီးတစ်ခု ဖြစ်နေသည်ကို တွေ့ရသည်။ ထူးဆန်းသည်မှာ ရွာလူကြီးက ခြေလက်များ ပြန်ပေါက်လာသည်။

သူ၏ ဦးခေါင်းနှင့် ရင်ဘတ်က အရိုးဖြူဖြူများ ဖြစ်သော်လည်း သူ၏ ခြေလက်များက အသွေးအသားများ ရှိနေ၏။

သို့သော်လည်း ရွာလူကြီးက ခြေလက်များ မရှိသည် မဟုတ်လား။ အဘယ်ကြောင့် ရုတ်တရက် ခြေလက်များ ပေါက်လာရသနည်း။

“သေဆုံးသူတို့ရဲ့ ရှင်သန်ရာ ကမ္ဘာ… သေဆုံးသူတို့ရဲ့ ရှင်သန်ရာ ကမ္ဘာ…၊ မူအာ ငါတို့ ပြန်သွားရအောင်...” ရွာလူကြီးက ရုတ်တရက် ပြောလိုက်သည်။

ချင်မူ နယ်နိမိတ် ကျောက်တုံးရှိရာသို့ ပြန်လျှောက်လာပြီး သူ့ကိုယ်သူ ငုံ့ကြည့်လိုက်သောအခါ အသွေးအသားများ ပြန်ရောက်လာကြောင်း တွေ့ရသည်။ ရွာလူကြီး၏ ခြေလက်များကတော့ ပျောက်ကွယ်သွားပြီး သူ၏ ဦးခေါင်းနှင့် ရင်ဘတ်မှာ ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။

“ငါသိပြီ… ဒီလို ထူးဆန်းတဲ့ ကမ္ဘာမျိုး တကယ်ရှိနေတာပါလား…”

ရွာလူကြီးက ပြုံးလိုက်ပြီး သေဆုံးသူတို့ ရှင်သန်ရာ ကမ္ဘာထဲသို့ ပြန်လျှောက်ဝင်လိုက်သည်။ “ငါတို့ အထဲ ပြန်ဝင်ကြည့်ရအောင်...”

ချင်မူမှာ သူ့ရင်ထဲမှ အံ့သြတုန်လှုပ်မှုကို ချိုးနှိမ်ပြီး ရွာလူကြီး၏ နောက်မှ လိုက်၍ ထူးဆန်းသည့် ကမ္ဘာထဲသို့ ဝင်ကြည့်လိုက်၏။ ရွာလူကြီး၏ ခြေထောက်များက မြေပြင်ပေါ်သို့ ကျသွားပြီး စတင် လမ်းလျှောက်လိုက်သည်။ ရုတ်တရက် ရပ်တန့်လိုက်ပြီး သူ့လက်များကို ကြည့်၍ ကြေကွဲစွာ သက်ပြင်းချလိုက်၏။ သူက ပျောက်ဆုံးသွားခဲ့သော ခြေလက်များကို ပြန်၍ အမှတ်ရသွားဟန် တူသည်။

သူတို့ ရှေ့တွင်တော့ တောင်ကြောများက မားမားမတ်မတ် ရပ်တည်နေပြီး ဘုရားကျောင်းဆောင်များလည်း ရှိသည်။ ကျောင်းဆောင်များ၏ နောက်တွင် အတော်အတန် အရွယ်အစား ကြီးမားသော ရွာတစ်ခု ရှိ၏။

သူတို့ နှစ်ယောက်က ထိုရွာဆီသို့ လျှောက်သွားလိုက်သည်။ ထိုတစ်နေရာလုံးက မွှေးပျံ့သော ပန်းရနံ့များ၊ ကျေးငှက်သံများနှင့် တည်ငြိမ်အေးချမ်းနေသည်။ ရွာသူရွာသားများက ပျော်ရွှင် ငြိမ်းချမ်းစွာ နေထိုင်၍ တိရစ္ဆာန်များပင် မွေးမြူထားကြောင်း တွေ့ရ၏။ သူတို့ ရွာပေါက်ဝသို့ ရောက်သောအခါ ဖြူဖြူဝဝ ဝက်ကြီးတစ်ကောင် နှာတရှုးရှုးမှုတ်၍ ဖြတ်သန်းသွားသည်။

ချင်မူနှင့် ရွာလူကြီးက ရွာထိပ်တွင် ရပ်၍ အထဲသို့ မဝင်ပေ။ ရွာထဲမှ ရွာသူရွာသားများက သူတို့ကို ထူးဆန်းသော အကြည့်များဖြင့် လှည့်ကြည့်လာ၏။ တစ်ခဏကြာသောအခါ အဘိုးကြီး တစ်ယောက်က ယိုင်ထိုးယိုင်ထိုးနှင့် ထွက်လာသည်။ သူ့မျက်နှာပေါ်ရှိ အရေးအကြောင်းများ တွန့်ခေါက်အောင် ပြုံး၍ မေးလိုက်၏။ “အပြင်ဘက်က ဧည့်သည်တွေ… ဘာများ ကူညီပေးရမလဲ မသိဘူး”

ချင်မူနှင့် ရွာလူကြီးက ဦးညွှတ်၍ နှုတ်ဆက်လိုက်သည်။ ချင်မူက မေးလိုက်၏။ “ဆရာကြီး… ရွှင်ပျော်ပျော် ကျေးရွာ သွားတဲ့လမ်းကို သိလား...”

ထိုအကြီးအကဲက တောင်တစ်လုံး၏ နောက်ဘက်ဆီသို့ ညွှန်ပြလိုက်သည်။ “အဲဒီတောင်တန်းတွေကို ဖြတ်ပြီး မုခ်ပေါက်ဝ တစ်ခုကို ဝင်သွားရင် ရွှင်ပျော်ပျော် ကျေးရွာကို တွေ့လိမ့်မယ်…”

“ကျေးဇူးအများကြီး တင်ပါတယ်”

“ရပါတယ်…”

ချင်မူနှင့် ရွာလူကြီးက တောင်များဆီသို့ ဦးတည်သွားလိုက်ကြ၏။ ချင်မူ နောက်ပြန် လှည့်ကြည့်လိုက်သောအခါ ရွာထဲမှ ရွာသူရွာသားများက သူတို့ကို ထူးဆန်းသော အကြည့်များဖြင့် ကြည့်နေကြောင်း တွေ့လိုက်ရသည်။

ရွာလူကြီးက ရှင်းပြလိုက်၏။ “သူတို့ မျက်လုံးထဲမှာ ငါတို့က သေတဲ့လူတွေ ဖြစ်နေပြီ… အဲဒါကြောင့် သူတို့က ဒီလို ကြည့်နေတာ..”

ချင်မူက နောက်ပြန် လှည့်ကြည့်လိုက်ပြီး ပြောလိုက်၏။ “ရွာလူကြီး… ထူးဆန်းတာ တစ်ခု ရှိတယ်… ဘိုးဘိုးမျက်ကန်းက ကျွန်တော့်ကို ကောင်းကင်ကိုးဆင့် နတ်ဘုရား မျက်လုံး ဖွင့်ပေးလိုက်တာ… မျက်လုံးတွေ မရှိတော့ပေမဲ့ ဝေဝေဝါးဝါး မြင်နေရသေးတယ်…”

ရွာလူကြီးက ခြေလှမ်းများ ရပ်တန့်လိုက်သည်။ “မင်း ဘာမြင်တာလဲ...”

ချင်မူက ပြန်ဖြေလိုက်၏။ “သူတို့ရဲ့ကိုယ်ပေါ်မှာ မိစ္ဆာအငွေ့အသက်တွေ ရှိနေတယ်…”

ရွာလူကြီးက အတွေးနက်သွားပြီး ရှင်းပြလိုက်သည်။ “သေဆုံးသူတို့ရဲ့ ရှင်သန်ရာ ကမ္ဘာက သေခြင်းနဲ့ ရှင်ခြင်းကို ပြောင်းလဲပေးတဲ့ စည်းမျဉ်း တစ်ခု ရှိနေပုံ ရတယ်… ဒါက မိစ္ဆာနတ်ဆိုးတွေရဲ့ စွမ်းအားပဲ… ငါတို့ ဒီနေရာကို ဝင်လာတဲ့အခါမှာ ငါတို့ရဲ့ ကိုယ်ပေါ်မှာ အသွေးအသားတွေ မရှိတော့ဘူးလို့ ထင်ရပေမဲ့ သေဆုံးသူတို့ရဲ့ ရှင်သန်ရာ ကမ္ဘာကနေ ထွက်သွားတဲ့အခါ ငါတို့ရဲ့ အသွေးအသားတွေ ပြန်ပေါ်လာတယ်… အဲဒါကို ကြည့်ရင် ငါတို့ရဲ့ အသွေးအသားတွေက ရှိနေသေးတတယ်… ဒီလောကရဲ့ စည်းမျဉ်းတွေနဲ့ ဖုံးကွယ်ထားလို့သာ မြင်မရ၊ ထိမရ ဖြစ်သွားတာ… မူအာ မင်းရဲ့ ကောင်းကင်ကိုးဆင့် နတ်ဘုရားမျက်လုံးက ရှိနေသေးတယ်ဆိုရင် ချီစွမ်းအင် သုံးပြီး ကောင်းကင်ကိုးဆင့် နတ်ဘုရားမျက်လုံး သုံးလို့ ရလား စမ်းကြည့်လိုက်…”

ချင်မူက တစ်မုဟုတ်ချင်း စမ်းကြည့်လိုက်၏။ သူ၏ ချီစွမ်းအင်များကို မျက်လုံးများထံ ပို့လွှတ်၍ ကောင်းကင်ကိုးဆင့် နတ်ဘုရားမျက်လုံးကို ဖွင့်လှစ်လိုက်သည်။ သူ့မျက်လုံးထဲမှ အရာအားလုံးက ပိုမို ကြည်လင်လာကြောင်း တစ်မုဟုတ်ချင်း ခံစားလိုက်ရ၏။

သူ့ခေါင်းကို နောက်ပြန်၍ လှည့်ကြည့်လိုက်သောအခါ ရွာထဲရှိ လူများ၏ ရုပ်သွင်မှာ ပြောင်းလဲသွားကြောင်း တွေ့လိုက်ရသည်။ ထိုသူများမှာ လူသားများ မဟုတ်ကြတော့ဘဲ အရိုးစုများ ဖြစ်နေကြာင်း တွေ့လိုက်ရ၏။ သူတို့အနားမှ ဖြတ်သွားခဲ့သည့် ဖြူဖြူဝဝ ဝက်ကြီးပင် အရိုးစု အဖြစ် ဖြစ်နေသည်။

ထိုရွာသူရွာသားများ၏ အရိုးစုများမှာ လူရိုးများနှင့် ကွဲပြားခြားနားနေပြီး ထူးဆန်းသော ပုံသဏ္ဌာန်များ ရှိသည်။

ချင်မူက သူ မြင်တွေ့ရသည်ကို ပြောပြလိုက်သောအခါ ရွာလူကြီးက တစ်ခဏမျှ စဉ်းစား၍ ပြောလိုက်၏။ “သူတို့က ကောင်းကင်နတ်ဆိုး မျိုးနွယ်တွေ ဖြစ်လိမ့်မယ်”

“ကောင်းကင်နတ်ဆိုး မျိုးနွယ် ဟုတ်လား..” ချင်မူက ကြောင်ငေးငေး စိုက်ကြည့်လိုက်သည်။

“ကောင်းကင်နတ်ဆိုး မျိုးနွယ်က မိစ္ဆာမျိုးနွယ်ပဲ… မင်းရဲ့ ကောင်းကင်နတ်ဆိုးဂိုဏ်းက ကောင်းကင်နတ်ဆိုး ဆိုတဲ့ စကားလုံး ပါပေမဲ့ သူတို့က ကောင်းကင်နတ်ဆိုးဂိုဏ်းရဲ့ နာမည်အောက်က လူသားတွေပဲ ရှိသေးတယ်… ကောင်းကင်နတ်ဆိုး မျိုးနွယ်ကတော့ အဲဒီလို မဟုတ်ဘူး… ဒဏ္ဍာရီထဲမှာ ပြောကြတာကတော့ ကောင်းကင်နတ်ဆိုး မျိုးနွယ်က တခြားကမ္ဘာက လာတဲ့ မျိုးနွယ်တွေတဲ့… သူတို့က ခွန်အားကြီးမားပြီး တခြားနယ်မြေတွေကို ဝင်ရောက် သိမ်းပိုက်တတ်ကြတယ်… သူတို့ ဘယ်နေရာက လာတယ် ဆိုတတော့ ဘယ်သူမှ မသိဘူး… တချို့ ဒဏ္ဍာရီတွေမှာ ပြောကြတာကတော့...”

ရွာလူကြီးက စကားစကို ရပ်၍ ဆက်မပြောတော့ပေ။ သူက ရှေ့သို့ လှမ်းမျှော်ကြည့်လိုက်၏။ “ဒီဟာက ကောင်းကင်နတ်ဆိုး မျိုးနွယ်တွေရဲ့ ကမ္ဘာလား မသိဘူး… ကြည့်ရတာတော့ မဟုတ်လောက်ဘူး… ငါတို့ ရှေ့ဆက် သွားကြည့် ကြတာပေါ့… ဒါက ကောင်းကင်နတ်ဆိုး မျိုးနွယ်ရဲ့ ကမ္ဘာဆိုရင် ငါတို့ ချက်ချင်း ထွက်သွားမှ ဖြစ်မယ်…”

တောင်တန်း များစွာကို ဖြတ်သန်းသွားပြီးနောက် ရွာထဲမှ အဘိုးကြီး ပြောလိုက်သည့် မုခ်ပေါက်ဝသို့ ရောက်ရှိလာသည်။ တောင်နှစ်လုံးက တိုင်များအဖြစ် ထူမတ်၍ ကျောက်တံတားက ရက်မအဖြစ် ဖြတ်သန်းထားသည့် တောင်ကြားမုခ်ပေါက်ဝ တစ်ခု ဖြစ်သည်။ တောင်နံရံပေါ်တွင်တော့ ဖုန်းတုဟူသော စကားလုံး နှစ်လုံးကို ရေးထိုးထား၏။

ချင်မူ၏ ရင်ထဲ ဒိန်းခနဲ ဖြစ်သွားပြီး မကောင်းသည့် ခံစားချက် တစ်ခုကို ရလိုက်သည်။ ဒဏ္ဍာရီထဲတွင် ပြောကြသည်မှာ ဖုန်းတုက ငရဲတံခါးဝ ဖြစ်သည်။ ဤနေရာက ငရဲပြည် ဖြစ်နေမည်လား…။

သို့သော်လည်း ရွာလူကြီးက ၎င်းကို မမြင်ချင်ယောင်ဆောင်ပြီး ဖြတ်လျှောက်သွားသည်။ ချင်မူက သူ့နောက်မှ ကမန်းကတမ်း လိုက်သွားလိုက်၏။ ရှေ့တွင် မြင်လိုက်ရသည့် မြင်ကွင်းကြောင့် သူတို့နှစ်ယောက်၏ ရင်ထဲတွင် အံ့ဩတုန်လှုပ်သွားသည်။

သူတို့ရှေ့တွင် မြင်ရသည်က လေးထောင့်စပ်စပ် မြို့ပြကြီးများ ဖြစ်ပြီး ၎င်းတို့၏ အလယ်တွင် ခမ်းနားထည်ဝါသော နန်းတော်ရာများ၊ ဘုရားကျောင်းဆောင်များ မိုးထိုးအောင် ရှိနေသည်။ မရေမတွက်နိုင်သော မြို့ပြများ၊ မရေမတွက်နိုင်သော နန်းတော်ရာများနှင့် မရေမတွက်နိုင်သော ကျောင်းဆောင်များ ရှိနေ၏။

ဤသည်က ဖုန်းတု၏ နောက်ကွယ်မှ အဆုံးအစမဲ့ ကျယ်ဝန်းလှသည့် အဆန်းတကြယ် ကမ္ဘာကြီး ဖြစ်သည်။

“ဒါက ဖုန်းတုရဲ့ မြို့တော် ဖြစ်လိမ့်မယ်...”

ချင်မူက ထိုသို့ တွေးနေစဉ်တွင် သင်္ဘောပျက်တစ်စင်းကို ရုတ်တရက် မြင်လိုက်သည်။ ထိုသင်္ဘောက တောင်တန်းများဖြင့် ဖွဲ့စည်းထားသော သင်္ဘောတစ်စီး ဖြစ်ပြီး ၎င်းထံမှ သံကြိုးများက စွန်ကြိုးများပမာ လေထဲသို့ မျောလွင့်နေသည်။ ထိုသံကြိုးများ၏ အစွန်းတွင်တော့ မီးခိုးရောင် အလုံးကြီး တစ်လုံးကို ချည်နှောင်ထား၏။

ထိုကြီးမားသော မီးခိုးရောင် အလုံးကြီးက တစ်ဝက် ကျိုးပျက်နေသည်။

ဤသည်က လတစ်စင်း ဖြစ်၏။

All Chapters