← Chapters

ထောင်ချောက်

Vol. 7 Ch. 87

ထောင်ချောက်

Vol. 7 Ch. 87

ချင်မူ တီးတိုးရေရွတ်လိုက်မိ၏။ “ဘာလို့ လသင်္ဘောက ဒီနေရာမှာ ရောက်နေတာလဲ…”

ထိုသင်္ဘောက လသင်္ဘော ဖြစ်ဟန် ရှိ၏။ ၎င်းက နေသင်္ဘောနှင့် ပုံသဏ္ဌာန်တူသည်။ လသင်္ဘော၏ ဘေးပတ်ပတ်လည်တွင်တော့ တိတ်ဆိတ် ငြိမ်သက်နေပြီး မည်သည့် သက်ရှိတစ်စုံတစ်ရာကိုမျှ မတွေ့ရပေ။ ဤသင်္ဘောက ပြိုလဲပျက်စီးနေပြီး တောင်နှစ်လုံးကြားတွင် လဲလျောင်းနေသည်။ လတစ်ခြမ်းပဲ့၏ တစ်ဝက်ကျော်က ကောင်းကင်ယံထက်တွင် မလှုပ်မယှက် မျောလွင့်နေ၏။ ထိုသင်္ဘောက အနီးဆုံး မြို့မှ မိုင်လေးဆယ်ကျော် အကွာတွင် တည်ရှိနေသည်။

ကျောက်စိမ်းလည်ဆွဲ မျောလွင့်၍ ဦးတည်သွားနေသည်မှာ လသင်္ဘောရှိရာဘက်သို့ ဖြစ်သည်။

မဟာမြို့ပျက်၏ မြေပုံတွင် ပါရှိသည့် လျို့ဝှက်ဆန်းကြယ်သော သင်္ဘောနှစ်စီးမှာ နေသင်္ဘောနှင့် လသင်္ဘော ဖြစ်သည်။ ချင်မူနှင့် ရွာလူကြီးမှာ နေသင်္ဘောကို မြင်တွေ့ခဲ့ဖူးသော်လည်း လသင်္ဘောကို ယခုအချိန်ထိ မြင်တွေ့ခဲ့ဖူးခြင်း မရှိပေ။

ဤလသင်္ဘော၏ အရွယ်အစားက နေသင်္ဘောအောက် သေးငယ်ခြင်း မရှိပေ။ နေသင်္ဘောက ခြေထောက်များ ရှိသည့် မီးတောင်ကြီး တစ်လုံးကဲ့သို့ ဖြစ်ပြီး ၎င်း၏ တောင်ထွတ်များ၌ မီးတောက်မီးလျှံများနှင့် ချော်ရည်ပူများ တပွက်ပွက် ထနေသည်။ လသင်္ဘောကတော့ ငွေရောင်ပုတ်ပုတ် ဖြစ်ပြီး ခြေထောက် သုံးချောင်းရှိသည့် ငွေဖားတစ်ကောင်နှင့် ဆင်တူ၏။ အတိအကျ ဆိုရလျှင် ငွေဖား တစ်ကောင်က သင်္ဘောကို သယ်ဆောင်၍ တောင်များကြားတွင် တွားသွားနေသည်။

လသင်္ဘောက အသက်ဝင်နေသကဲ့သို့ ဖြစ်၏။ တောင်လုံးကြီးက အသက်ရှူနေကဲ့သို့ နိမ့်လိုက် မြင့်လိုက် ဖြစ်နေသည်။ သို့သော်လည်း သင်္ဘော၏ ကိုယ်ထည်က ပျက်စီးနေပြီဖြစ်ပြီး နေသင်္ဘောထက် များစွာ အခြေအနေ ဆိုးသည်။

နေသင်္ဘောက မဟာမြို့ပျက်တွင် ပေါ်ထွက်လာပြီး နေရေတွင်းသို့ ပြန်ဝင်သွားသည်။ သို့ဆိုလျှင် လသင်္ဘောက အဘယ်သို့ပြု၍ သေဆုံးသူတို့၏ ရှင်သန်ရာ ကမ္ဘာတွင် ပေါ်ထွက်လာပြီး လရေတွင်းသို့ ပြန်မသွားဘဲ နေနေရသနည်း။

“ရွှင်ပျော်ပျော် ကျေးရွာ ဆိုတာ ဖုန်းတုကို ပြောတာလား… လသင်္ဘောကို ပြောတာလား…” ချင်မူ တီးတိုး ရေရွတ်လိုက်မိသည်။

“ရွာလူကြီး… ပျော်ရွှင်တယ် ဆိုတာ သောကကင်းတာပဲ မဟုတ်ဘူးလား… လူတစ်ယောက် သေသွားတဲ့အခါ သောကကင်းဝေးသွားမှာပဲ… ရွှင်ပျော်ပျော်ကျေးရွာ ဆိုတာက ဖုန်းတု၊ သေဆုံးသူတို့ရဲ့ ရှင်သန်ရာကမ္ဘာကို ပြောတာ ဖြစ်နေမလား..”

ရွာလူကြီးက သူ့ရင်ထဲမှ ထိတ်လန့် တုန်လှုပ်မှုကို ချိုးနှိမ်လိုက်သည်။ “ဒါပေမဲ့ ရွှင်ပျော်ပျော် ကျေးရွာဆိုတာက လသင်္ဘောကို ပြောတာလည်း ဖြစ်နိုင်ပါတယ်… လသင်္ဘောက အမှောင်ထုကနေ ထိုးခွင်း ထွက်လာပြီးတော့ သင်္ဘောပေါ်မှာ ရှိတဲ့ လူတွေက ငြိမ်ငြိမ်းချမ်းချမ်းနဲ့ သောကကင်းကင်း ပျော်ပျော်ရွှင်ရွှင် နေထိုင်ကြတယ်… နေစောင့်ရှောက်သူက ရွှင်ပျော်ပျော် ကျေးရွာဆိုတာ အမှောင်ထုထဲမှာပဲ ပေါ်လာတတ်ပြီး ဘယ်နေရာက ပေါ်လာမှန်း မသိဘူးလို့ မင်းကို ပြောခဲ့တာ မဟုတ်ဘူးလား… ဒါ… ရွှင်ပျော်ပျော် ကျေးရွာက တစ်ချိန်လုံး ရွေ့လျားနေတယ်လို့ ဆိုလိုတာပဲ… ဒီလသင်္ဘောပေါ်မှာသာ ရွှင်ပျော်ပျော် ကျေးရွာ ရှိနေမယ် ဆိုရင် ဒီအချက်တွေနဲ့ ကိုက်ညီနေတယ်… လက ညကျမှ ထွက်လာတာ… အဲဒါကြောင့် လသင်္ဘောကလည်း ညအခါကျမှ လှုပ်ရှားလာလိမ့်မယ်… လသင်္ဘောက ရွှင်ပျော်ပျော် ကျေးရွာကို သယ်ဆောင်ပြီး ညအခါမှ ပေါ်လာတယ် ဆိုရင် ရွှင်ပျော်ပျော် ကျေးရွာကလည်း တစ်ချိန်လုံး ရွေ့လျားသွားလာနေမှာပဲ… တိကျတဲ့ နေရာ ရှိမှာ မဟုတ်ဘူး… မူအာ…”

သူက တစ်ခဏမျှ ရပ်တန့်ပြီးနောက် ဆက်ပြောသည်။ “ဒါက ငါ့ရဲ့ မှန်းဆချက် သက်သက်ပဲ… ဒါပေမဲ့ ဒီအချက်သာ မှန်ခဲ့ရင် မင်းက လထိန်းကျောင်းသူ တစ်ယောက် ဖြစ်လိမ့်မယ်…”

“ကျွန်တော်က လထိန်းကျောင်းသူ ဟုတ်လား…” ချင်မူမှာ အနည်းငယ် မှင်တက်မိပြီး နားမလည်နိုင် ဖြစ်သွားသည်။

“မင်းက ရွှင်ပျော်ပျော် ကျေးရွာမှာသာ မွေးဖွားခဲ့တာ မှန်ရင် လထိန်းကျောင်းသူတွေရဲ့ မျိုးဆက် တစ်ယောက်ပဲ ဖြစ်လိမ့်မယ်”

ရွာလူကြီးက ပြုံးလိုက်၏။ “နယ်စပ်နဂါးမြို့ရဲ့ နဂါးတိုင်လုံးပေါ်မှာတုန်းက အမျိုးသမီး တစ်ယောက်က သူ့လက်ကို ဆန့်ထုတ်ပြီး မင်းလက်ဖဝါးနဲ့ ထိတွေ့ဖို့ ကြိုးစားခဲ့တယ်လို့ မင်း ပြောခဲ့တယ် မဟုတ်လား… အဲဒီအမျိုးသမီးက မင်းရဲ့ အမျိုးအနွယ်တစ်ယောက် ဖြစ်နိုင်တယ်… သူက မင်းရဲ့…”

ရွာလူကြီးက ဆက်မပြောတော့ပေ။ သို့သော်လည်း ရွာလူကြီး ပြောချင်သည်ကို ချင်မူ သဘောပေါက်လိုက်သည်။ ထိုအမျိုးသမီးက သူ့အမေပင် ဖြစ်နေနိုင်၏။

ထိုစဉ်တုန်းက  ရွှင်ပျော်ပျော် ကျေးရွာမှာ လသင်္ဘောနှင့်အတူ နယ်စပ်နဂါးမြို့၏ အပြင်ဘက်သို့ ရောက်ရှိခဲ့ခြင်း ဖြစ်ပေလိမ့်မည်။

နေသင်္ဘောက နေ့အချိန်တွင် ထွက်၍ လသင်္ဘောက ညအခါမှ ထွက်လာသည်။ ထိုအမျိုးသမီးက ချင်မူ့ကို တွေ့သွားပြီး သူ၏ လည်ပင်းမှ ကျောက်စိမ်းလည်ဆွဲကို မှတ်မိသွားသဖြင့် သူ့ကို အသိအမှတ်ပြုလိုဟန် ရှိခဲ့ခြင်း ဖြစ်မည်။ သို့သော်လည်း ထိုမျှ ပျက်စီး ယိုယွင်းနေသော အခြေအနေတွင် လထိန်းကျောင်းသူများက ရှင်သန်နေထိုင် နိုင်ပါဦးမည်လား…။

ထို့ပြင် လသင်္ဘောက အဘယ်ကြောင့် သေဆုံးသူတို့၏ ရှင်သန်ရာ ကမ္ဘာထဲတွင် ပေါ်ထွက်လာရသနည်း…။

ရုတ်တရက် လသင်္ဘောပေါ်မှ သာယာနာပျော်ဖွယ် သီချင်းသံတစ်သံ ထွက်ပေါ်လာသည်။ ပူဆွေး လွမ်းဆွတ်ဖွယ် သီချင်းသံမှာ မိခင်တစ်ယောက်က ကာလကြာရှည်စွာ ပျောက်ဆုံးသွားခဲ့သည့် သူမ၏ ကလေးငယ်ကို လွမ်းဆွတ်တမ်းတစွာ သီဆိုနေသည့် အသံနှင့် တူ၏။

“ငါ ဒီက ထွက်ခွာသွားတော့ မိုးမခပင်တွေ မျက်ရည်ကျတယ်…”

“

ငါအခု ပြန်လာတော့ နှင်းစက်တွေက သစ်ကိုင်းတွေ ပေါ်မှာ တွဲလဲခိုတယ်…”

“လမ်းမတွေက ရှည်လျားလာတယ်.. နေ့ရက်တွေက ခက်ခဲလာတယ်…”

“ငါ့ရဲ့ပူဆွေးဝမ်းနည်းမှုတွေက လျှံကျလို့… ဘယ်သူသိမလဲ... ဘယ်သူသိမလဲ...”

… …။

ချင်မူ ထိုသီချင်းသံကို ကြားသောအခါ ငိုချင်စိတ် ပေါ်လာသည်။ သို့သော်လည်း သူ့တွင် အသွေးအသား မရှိတော့သည့်အတွက် မျက်ရည် ကျလာစရာ မရှိပေ။

လသင်္ဘောပေါ်မှ သီချင်းသံက ခပ်တိုးတိုးသာ ဖြစ်ပြီး အထီးကျန် ပူဆွေးဝမ်းနည်း နေသည့်ပုံ ပေါ်သည်။ သူမ၏ ကလေးငယ်ကို လွမ်းဆွတ် တမ်းတနေခြင်းက ဝမ်းနည်းကြေကွဲသည့် စိတ်အခြေအနေသို့ ဆိုက်ရောက်သွားသည်။

လသင်္ဘောကို ကြည့်လိုက်သောအခါ သင်္ဘောဦးထိပ်ရှိ မီးခိုးရောင် မြူခိုးငွေ့များထဲတွင် ချောမောလှပသော အမျိုးသမီးတစ်ဦး ရပ်နေသည်။ ထိုအမျိုးသမီးက ချင်မူ့ကို လှမ်းကြည့်နေ၏။

အဆုံးမဲ့ လွမ်းဆွတ် တမ်းတမှုတို့ ပြည့်နေသည့် အကြည့်များ ဆုံတွေ့သွားသည်။

ချင်မူက သူ့မျက်လုံးကို မှိတ်လိုက်ချင်သော်လည်း မမှိတ်နိုင်ချေ။ တစ်ခဏမျှ တိတ်ဆိတ် ငြိမ်သက်နေပြီးနောက် ရွာလူကြီးကို ပြောလိုက်၏။ “ရွာလူကြီး ကျွန်တော်တို့ ပြန်ကြစို့…”

ရွာလူကြီးက အနည်းငယ် မှင်တက် အံ့သြသွားပြီး သူ့ကို ခပ်တိုးတိုး မေးလိုက်သည်။ “မင်း သူနဲ့ သွားမတွေ့တော့ဘူးလား…”

ချင်မူက သူ့ခေါင်းကို ခါယမ်း၍ အသိစိတ်လွတ်နေသည့် ပုံစံဖြင့် ဖြေလိုက်သည်။ “သူက ကျွန်တော့် အမျိုးအဆွေ မဟုတ်ဘူး… ဒီနေရာကလည်း ရွှင်ပျော်ပျော် ကျေးရွာ မဟုတ်ဘူး...”

ရွာလူကြီး၏ ရင်ထဲတွင် လှုပ်ခါသွား၏။ “မျက်ကန်းဖွင့်ပေးလိုက်တဲ့ ကောင်းကင်ကိုးဆင့် မျက်လုံးနဲ့ မင်း ဘာကို မြင်ရတာလဲ…”

သူက စွမ်းအားကြီးသည် မှန်သော်လည်း မျက်လုံးနှင့် ပတ်သတ်လာလျှင် မျက်ကန်းက ပို၍ စွမ်းအားကြီးသည်။ ယခု မျက်ကန်းက ချင်မူ၏ နတ်ဘုရား မျက်လုံးကို ကောင်းကင်ကိုးဆင့်လုံး ဖွင့်ပေးလိုက်သဖြင့် ချင်မူ မြင်တွေ့သည်ကို သူ မြင်တွေ့ချင်မှ မြင်တွေ့ပေလိမ့်မည်။

“ကျွန်တော် မြင်ရတာ မိန်းမတစ်ယောက် မဟုတ်ဘူး… မိစ္ဆာနတ်ဘုရားတစ်ယောက်ပဲ…”

ချင်မူ၏ အကြည့်က လသင်္ဘောပေါ်မှ အမျိုးသမီးထံ ကျရောက်သွားသည်။ သူ မြင်တွေ့နေရသည်က ကလေးငယ်ကို တမ်းတနေသည့် မိခင်တစ်ယောက် မဟုတ်ဘဲ နောက်ကျောဘက်တွင် အဝိုင်းပြားပုံ အရိုးစုများရှိပြီး အနက်ရောင် အခိုးအငွေ့များ ဖုံးလွှမ်းနေသည့် ရက်စက်ကြမ်းကြုတ်သော မိစ္ဆာနတ်ဘုရား တစ်ပါးသာ ဖြစ်သည်။

ထိုမိစ္ဆာနတ်ဘုရားက ခပ်တိုးတိုး သီဆိုနေပြီး သူ့ကို ထိုနေရာသို့ လှမ်းလာရန် မြူဆွယ်နေသကဲ့သို့ ရှိသည်။

ဤသည်က အမျိုးအဆွေများ တွေ့ဆုံသည့် အနေအထား မဟုတ်။ လှည့်ဖျားမှု တစ်ခုသာ ဖြစ်သည်။ နယ်စပ်နဂါးမြို့၏ နဂါးတိုင်လုံးပေါ်တွင် သူ၏ ကျောက်စိမ်းလည်ဆွဲ အလင်းရောင် တောက်ပလာသည်မှ စ၍ ဤနေရာသို့ ချင်မူ့ကို ရောက်လာရန် ဖြားယောင်း သွေးဆောင်သည့် လိမ်လည်မှု တစ်ခုသာ ဖြစ်သည်။

“သေစမ်း.. ငါလို အတွေ့အကြုံ ရင့်ကျက်တဲ့ သိုင်းသမား တစ်ယောက်တောင် သူ့ရဲ့ ထောင်ချောက်ထဲကို တိုးဝင်မိတော့မလို့...”

ရွာလူကြီးက အသက်ပြင်းပြင်း တစ်ချက် ရှူလိုက်သည်။ သူ၏ ကောင်းကင်အလင်းမီးလျှံများက တောက်ပစွာ လောင်ကျွမ်းလာပြီး ချင်မူ့ကို ဆုပ်ကိုင်၍ နောက်သို့ လျင်မြန်စွာ ပြန်ဆုတ်လိုက်သည်။ ထိုအခိုက်၌ လသင်္ဘောပေါ်မှ အမျိုးသမီးက ရုတ်တရက် ဒေါသအိုး ပေါက်ကွဲသွားပြီး သူတို့ ရှိရာဆီသို့ လေထုကို ထိုးခွင်း၍ တစ်ဟုန်ထိုး ပြေးဝင်လာသည်။

ထိုအမျိုးသမီးက လေထဲတွင် လေပွေတစ်ခုကဲ့သို့ လှည့်လည်ရင်း သူမ၏ ခန္ဓာကိုယ်က တစ်စထက် တစ်စ ကြီးမားလာသည်။ သူမ၏ မျက်နှာကလည်း တစ်စထက် တစ်စ ပိုမိုရက်စက် ကြမ်းကြုတ်သည့်ဟန် ပေါက်လာပြီး နောက်ဆုံးတွင်တော့ အမျိုးသမီး အရေခွံ၏ အချုပ်အနှောင် အောက်ထဲမှ သူမ၏ အစစ်အမှန် ခန္ဓာကိုယ် ပေါ်ထွက်လာသည်။ ၎င်းက ခေါင်းနှစ်လုံး၊ အမြီးငါးချောင်းနှင့် ခြေတံရှည် ရှစ်ခု ရှိသည့် မိစ္ဆာနတ်ဘုရားတစ်ပါး ဖြစ်သည်။

သူမ၏ ခြေထောက်များက လူလက်ချောင်းများကဲ့သို့ ဖြစ်ပြီး သူမ၏ ခြေဖဝါးများက လူလက်ဖဝါးများနှင့် တူ၏။ သူမက လေထုထဲတွင် အလွန်တရာ လျင်မြန်စွာ ပြေးလာပြီး သူတို့ နောက်သို့ လိုက်လာသည်။

“ပဒုမ္မာ ဒါလီ...”

ရွာလူကြီးနှင့် ချင်မူ၏ ရှေ့တွင် ကြာပန်းများ ပွင့်လာပြီး မိုးအောက်မြေပြင် တစ်ခွင်လုံး ကြာပန်းများနှင့် ပြည့်နှက်သွားသည်။ ထိုကြာပွင့်များပေါ်တွင် ထိုင်နေသော မိစ္ဆာဗုဒ္ဓ ပုံရိပ်များ ပေါ်ထွက်လာပြီး ၎င်းတို့က သူတို့၏ မုဒြာလက်ဟန်များဖြင့် ရွာလူကြီးထံသို့ ရိုက်ထုတ်လိုက်ကြသည်။

ဤမိစ္ဆာဗုဒ္ဓများက ပုံရိပ်ယောင်သာ ဖြစ်သော်လည်း ရုပ်ခန္ဓာ တည်ရှိနေသယောင် ထင်ရသည်။ ထိုမိစ္ဆာဗုဒ္ဓများ၏ လှုပ်ရှားမှုများက တစ်ဆူနှင့် တစ်ဆူ မတူညီဘဲ ရွာလူကြီးနှင့် ချင်မူကို အရပ်မျက်နှာအနှံ့မှ တိုက်ခိုက်လိုက်ကြသည်။

ဗုဒ္ဓဆိုသည်မှာ စင်ကြယ် မြင့်မြတ်ရမည် ဖြစ်သော်လည်း ဤမိစ္ဆာနတ်ဘုရားက မိစ္ဆာ ကောင်းကင် နတ်သိုင်းများဖြင့် မိစ္ဆာဗုဒ္ဓကို ဖန်ဆင်းခဲ့ခြင်း ဖြစ်သည်။ ဤသည်ကား လောကပါလ တရားမှ ဖောက်ပြန်၍ လမ်းမှန်မှ လွဲချော်သွားသည်ဟု ဆိုနိုင်၏။

ရွာလူကြီး၏ အမူအရာက အပြောင်းအလဲ မရှိဘဲ တည်ငြိမ်လျက်သာ ရှိသည်။ သူ၏ လက်ချောင်းတစ်ချောင်းမှ ဓားရောင်တစ်ချက်က လက်သွားပြီး ကြာပန်းတစ်ပွင့်မှ တစ်ပွင့်သို့ လျှပ်ပြက်သလို ဖြတ်သန်းသွားသည်။ ထိုဓားအလင်းရောင်က လျင်မြန်လှသဖြင့် ချင်မူမှာ မီအောင် လိုက်မကြည့်နိုင်ဘဲ ကြာပန်းများနှင့် မိစ္ဆာဗုဒ္ဓများကြားတွင် အဖြူရောင် အလင်းတန်းတစ်ခု ဖြတ်ပြေးသွားသည်ကိုသာ မြင်လိုက်ရသည်။

ထို့နောက်တွင်တော့ ကြာပန်းများအားလုံး အစိတ်စိတ်အမြွှာမြွှာ ပြန့်ကြဲသွားပြီး မိစ္ဆာဗုဒ္ဓများ၏ ခေါင်းပြတ်များ ပေါက်ကွဲထွက်၍ မိစ္ဆာချီစွမ်းအင်များအဖြစ် ပြောင်းလဲကာ အရပ်မျက်နှာ အနှံ့သို့ ပျံ့နှံ့သွားသည်။

“ပညာ ပါရမီတ...”

မိစ္ဆာနတ်ဘုရားက သူတို့ထံသို့ ခုန်ဝင်လာ၏။ သူမ၏ အသံ ထွက်ပေါ်လာသည့် အခိုက်တွင် ရွာလူကြီး၏ နောက်၌ ကြီးမားသော ဝဲကတော့ကြီးတစ်ခု ပေါ်ထွက်လာပြီး လျင်မြန်စွာ လည်ပတ်လာ၏။ ထိုဝဲကတော့ထဲတွင် ချွန်ထက်သော ဓားသွားများ မရေမတွက်နိုင်အောင် လည်ပတ်နေပြီး ကြီးမားသော မိစ္ဆာကြီးတစ်ကောင်က လွှသွားကဲ့သို့ ချွန်ထက်သာ သွားများနှင့် ပါးစပ်ကြီးကို ဖြဲဟနေသကဲ့သို့ ရှိသည်။ ထိုဝဲကတော့ထဲတွင်တော့ ရှည်လျားသော သက်တံတံတားတစ်ခု ရှိပြီး ဝဲကတော့အတွင်းသို့ လျင်မြန်စွာ စီးဝင်နေသည်။

ရွာလူကြီးနှင့် ချင်မူမှာ ဝဲကတော့အတွင်းသို့ တစ်မုဟုတ်ချင်း စုပ်ယူခံလိုက်ရသည်။ သက်တံတံတားက သူတို့ နှစ်ယောက်စလုံးကို ဝဲကတော့အတွင်းသို့ ဆွဲယူသွားပြီး မရေမတွက်နိုင်သော ဓားဦးချွန်များက အရပ်မျက်နှာအနှံ့မှ ခုတ်ပိုင်း တိုက်ခိုက်လာကြသည်။

ဝဲကတော့၏ အဆုံးတွင်တော့ ကျေးငှက်သံ ကျီကျီကျာကျာများ၊ မွေးပျံ့သော ပန်းရနံ့များဖြင့်  နိဗ္ဗာန်ဘုံတစ်ခုကဲ့သို့ ဖြစ်နေသည်။ အရာအားလုံးက အေးချမ်းသာယာသည့်ပုံ ပေါက်သော်လည်း ထိုနေရာမှာ ထိုမိစ္ဆာနတ်ဘုရား၏ အသေသတ်ကွက် တည်ရှိရာ ဗဟိုချက် ဖြစ်ကြောင်း သိသာ ထင်ရှား၏။

“မူအာ... ငါ့ရဲ့ ဆံပင်ပေါ်မှာ ရပ်လိုက်...”

ရွာလူကြီးက တစ်ချက် အော်ဟစ်လိုက်ပြီး သူ၏ ဆံပင်များက လျင်မြန်စွာ စတင် ကြီးထွားလာသည်။ သူ၏ ဆံပင်မွေးတစ်ချောင်း တစ်ချောင်းက ကြီးမားတုတ်ခိုင်သည့် တိုင်လုံးကြီးများကဲ့သို့ ဖြစ်ပြီး သက်တံတံတားတစ်လျှောက် ဝဲကတော့၏ အပြင်ဘက်သို့ ထိုးဖောက်ထွက်လာသည်။ ချင်မူက ထိုဆံပင်မွေး တစ်ချောင်းပေါ်တွင် တက်ရပ်လိုက်၏။ သူ့ ခြေထောက်အောက်ရှိ ဆံပင်မွေးမှာ လျင်မြန်စွာ ကြီးထွားလာပြီး ဝဲကတော့၏ အပြင်ဘက်သို့ ဖောက်ထွက်လုနီးပါး ဖြစ်သည်အထိ ရှည်လျား တုတ်ခိုင်လာကြောင်း ခံစားလိုက်မိသည်။

ထိုအခိုက်၌ အခြား ဆံပင်မွေးများကတော့ မြွေပေါင်းများစွာ ကခုန်နေသကဲ့သို့ ယိမ်းနွဲ့ လှုပ်ရှား၍ ဝဲကတော့အတွင်းမှ ဓားသွားများကို ရိုက်ချ ဖျက်ဆီးနေသည်။ မရေမတွက်နိုင်သော ဓားကျိုးများက ဝဲကတော့အတွင်းသို့ ကျရောက်သွားပြီး အမှုန့် ဖြစ်သွား၏။

ချင်မူ ခေါင်းမော့ကြည့်လိုက်သောအခါ ဝဲကတော့၏ ဝင်ပေါက်တွင် ကြီးမားပြီး ရက်စက် ကြမ်းကြုတ်ဟန် ပေါက်သော မိစ္ဆာနတ်ဘုရား၏ မျက်နှာကြီးကို တွေ့လိုက်ရသည်။ သူမ၏ မျက်လုံးများက ပြောင်လက် တောက်ပနေပြီး ရွာလူကြီးက ချင်မူ့ကို သူမ၏ ပါးစပ်ထဲ အရောက်ပို့မည့် အချိန်ကို စောင့်၍ ပါးစပ်ဟကာ ဆီးကြိုနေသည်။

ထိုအခိုက်၌ ရွာလူကြီး၏ အခြားဆံပင်မွေးများက မိစ္ဆာနတ်ဘုရား၏ ပါးစပ်အတွင်းသို့ တိုးဝင်သွားပြီး အားပြင်းပြင်း တစ်ချက် ဆောင့်ဆွဲကာ ထိုမိစ္ဆာနတ်ဘုရားကို ဝဲကတော့အတွင်းသို့ ခေါ်ယူသွား၏။

“မူအာ.. လှေဆိပ်ကို မြန်မြန်သွား… လှေခေါ်ထားနှင့်... အခုသွားတော့...”

ရွာလူကြီး၏ ဆံပင်မွေးက ချင်မူ့ကို ဝဲကတော့၏ အပြင်ဘက်သို့ အသာအယာ ခါချလိုက်သည်။ ထို့နောက်တွင် ဝဲကတော့ကြီးက ဝုန်းခနဲ ပြန်ပိတ်သွား၏။ ရွာလူကြီးနှင့် မိစ္ဆာနတ်ဘုရားမှာလည်း အစအန ရှာမရအောင် ပျောက်ကွယ်သွားသည်။

ချင်မူ၏ ခန္ဓာကိုယ်က ကောင်းကင်ယံမှ ပြုတ်ကျလာ၏။ သူက မြေပြင်နှင့် အတော်လေး ဝေးသေးသည်။ ဤအတိုင်းသာ ပြုတ်ကျသွားလျှင် သေချာပေါက် သူ သေရလိမ့်မည်။

ချင်မူက အသက်ပြင်းပြင်း တစ်ချက် အလျင်အမြန် ရှူသွင်း၍ မှုတ်ထုတ်လိုက်၏။ လေပွေတစ်ခုက သူ့ရှေ့တွင် တစ်မုဟုတ်ချင်း ပေါ်ထွက်လာသည်။ ချင်မူက ထိုလေပွေထိပ်ဖျားပေါ် လျင်မြန်စွာ တက်နင်း၍ သူ၏ ကျဆင်းနေသော အရှိန်ကို နှေးသွားအောင် လုပ်လိုက်သည်။

အကြိမ် အနည်းငယ်မျှ ရှူသွင်းလိုက် မှုတ်ထုတ်လိုက် လုပ်ပြီးသည့် နောက်တွင်တော့ မြေပြင်ပေါ်သို့ ဆင်းသက်နိုင်လိုက်သည်။ ဤသည်က မီးခိုးရောင် အခိုးအငွေ့များ ဖုံးလွှမ်းနေသည့် နေရာတွင်သာ ရှိနေသေးသည်။ သို့သော်လည်း အမှောင်ထုက ဤနေရာသို့ ထွင်းဖောက် မလာနိုင်သည် ဖြစ်ရာ သူ့အတွက် ဘေးကင်းသော နေရာ ဖြစ်နေသေးသည်။

ရုတ်တရက် သူ့ခေါင်းထက်၌ ဝဲကတော့ကြီးက ပြန်ပေါ်လာသည်။ ထိုဝဲကတော့ထဲမှ ကြီးမားတုတ်ခိုင်သော လက်ချောင်း လေးချောင်း ပေါ်ထွက်လာပြီး ကောင်းကင်ယံသို့ တိုးထွက်လာသည်။ ထို့နောက် ရက်စက် ကြမ်းကြုတ်သည့် သွင်ပြင်ရှိသည့် မိစ္ဆာနတ်ဘုရား၏ ဦးခေါင်း ထွက်ပေါ်လာသည်. သူမက ဝဲကတော့အတွင်းမှ တိုးထွက်ရန် ကြိုးစားလိုက်၏။

သို့သော်လည်း တစ်စုံတစ်ခုက သူမ၏ ခြေလက်များကို ခိုင်မြဲစွာ ဆုပ်ကိုင်၍ ဝဲကတော့ထဲသို့ ပြန်ဆွဲခေါ်သွားသည်။

“ကောင်းကင်နတ်ဆိုး မျိုးနွယ်တွေ...”

ဝဲကတော့အတွင်းမှ ဒေါသတကြီး အော်ဟစ်သံ တစ်ချက် ပေါ်ထွက်လာပြီး အနက်ရောင် အစက်အပြောက်များ ပြန့်ကြဲ ကျဆင်းလာသည်ကို ချင်မူ မြင်လိုက်ရသည်။

“မြန်မြန်ပြေး... မူအာ...”

ရွာလူကြီး၏အသံက ဝဲကတော့အတွင်းမှ ထွက်ပေါ်လာသည်။ “သွားနှင့်… ငါ မင်းကို မီအောင် လိုက်လာမယ်… မြန်မြန်သွား... မြို့ထဲက မိစ္ဆာနတ်ဘုရားတွေ သတိထားမိသွားရင် မင်း လွတ်မှာ မဟုတ်တော့ဘူး…”

ဝဲကတော့ကြီးက ပျောက်ကွယ်သွားပြီး ရွာလူကြီး၏ အသံမှာလည်း တိခနဲ ပြတ်ကျသွားသည်။

လေထုထဲတွင်တော့ အနက်ရောင် အစက်အပြောက်များက ကြယ်ကြွေကျသည့်ပမာ ကျဆင်းလာပြီး မြေပြင်တစ်ခုလုံး အုန်းခနဲ တုန်ခါသွားသည်။ မီးခိုးရောင် အခိုးအငွေ့များက တဖြည်းဖြည်း ပို၍ များပြားလာပြီး ထူထပ် သိပ်သည်းလာသည်။ ထိုအနက်ရောင် အစက်အပြောက်များ မြေပြင်ပေါ်သို့ ကျသွားသည့်အချိန်တွင် မီးခိုးငွေ့များဖြင့် ဖုံးလွှမ်းသွားသည့်အတွက် ထိုအထဲတွင် မည်သည့်အရာများ ရှိနေကြောင်း ရှင်းရှင်းလင်းလင်း မမြင်လိုက်ရချေ။

မီးခိုးရောင် အခိုးအငွေ့များက ချင်မူ့ထံသို့ ပျံ့နှံ့လာပြီး သူ့တစ်ကိုယ်လုံးကို ဖုံးလွှမ်းသွားသည်။ ထိုမီးခိုးရောင် အခိုးအငွေ့များကြားမှ တဘုတ်ဘုတ်နှင့် ခြေသံပြင်းပြင်းများ ကြားရပြီး ချင်မူ၏ ရင်ထဲသို့ ကျောက်တုံးကြီးများ ပိကျလာသလို ခံစားလိုက်ရသည်။

All Chapters