← Chapters

ကောင်းကင်နတ်ဆိုးများ

Vol. 7 Ch. 88

ကောင်းကင်နတ်ဆိုးများ

Vol. 7 Ch. 88

“ရွာလူကြီးကို မိစ္ဆာနတ်ဆိုးက ဝဲကတော့ထဲ ဆွဲခေါ်သွားတာ... သူ...”

ချင်မူ့ခေါင်းထဲတွင် မကောင်းသည့် အတွေးမျိုးစုံ ပေါ်လာသည်။ နောက်ပြန်လှည့်ကြည့် လိုက်သောအခါ သူက ဖုန်းတုမုခ်ဝနှင့် မဝေးကွာတော့ကြောင်း တွေ့လိုက်ရသည်။ မြူခိုးများက ထိုမုခ်ဝကို လုံးဝ မဖုံးကွယ်သေးပေ။ အကယ်၍သာ မြူခိုးများ ဆက်လက် မြင့်တက်လာလျှင် မုခ်ဝကို ရှာတွေ့နိုင်တော့မည် မဟုတ်ချေ။

“ရွာလူကြီးက ဒီလောက်စွမ်းအားကြီးတာ အဆင်ပြေပါလိမ့်မယ်… သူ့ကို ဝန်ထုတ်ဝန်ပိုးမဖြစ်အောင် ငါ အခု ဒီနေရာကနေ ထွက်သွားမှ ဖြစ်မယ်…”

“ဘုတ်.. ဘုတ်.. ဘုတ်..”

မီးခိုးရောင် မြူခိုးငွေ့များက လေထုထဲတွင် သိပ်သည်းလာပြီး အထဲမှ ခြေသံများက ဆူညံလာသည်။ အချို့က သူ့နောက်ကျောမှ ထွက်ပေါ်လာပြီး အချို့က သူ့ဘေးနှစ်ဖက်မှ ထွက်ပေါ်လာသည်။ သူ့ရှေ့ရှိ ဖုန်းတုမုခ်ဝသို့ သွားရာလမ်းတွင်လည်း ခြေသံများ ကြားရသည်။

ချင်မူက သူ့ကိုယ်သူ တည်ငြိမ်အောင် ပြန်ထိန်းလိုက်ပြီး ဖုန်းတုမုခ်ဝဆီသို့ တစ်မုဟုတ်ချင်း ပြေးထွက်သွားလိုက်သည်။ လျင်မြန်စွာ ပြေးနေရင်း အလွန်တရာ မြင့်မားလှသော ဖုန်းတု တောင်တံခါးမုခ်ဝဆီသို့ တဖြည်းဖြည်း နီးကပ်လာသည်။ ထိုအခိုက်၌ သူ့ရှေ့မှ မာန်သွင်းအော်ဟစ်သံ တစ်ချက် ထွက်ပေါ်လာပြီး အရိပ်တစ်ခုက သူ့ထံသို့ တိုးဝင်လာ၏။

ချင်မူက စကားတစ်ခွန်းမျှ မဆိုဘဲ သူ၏ လက်ချောင်းကို ဓားသဖွယ် ပြုလုပ်၍ ထိုးထည့်လိုက်၏။ အိမ်ရှေ့စံ ကိုယ်ရံတော် ဓား၏ ငါးနဂါးက ခုန်ထွက်လာပြီး ရတနာဓားကို အန်ထုတ်လိုက်သည်။ ထိုရတနာဓားက မီးခိုးရောင် မြူခိုးငွေ့များကို ထိုးခွဲသွားပြီး ပျံဝဲလာသည့် အရိပ်ကို လျှပ်ပြက်သလို ထိုးစိုက်လိုက်သည်။

“ဝှစ်..”

လေတိုးသံတစ်ချက် ထွက်ပေါ်လာပြီး ကိုယ်ရံတော်ဓားက ထိုအရိပ်ကို လွင့်ထွက်သွားအောင် ထိုးစိုက်လိုက်သည်။ ထိုအရိပ်မှာ ကျောက်တိုင်လုံးကြီး တစ်လုံးနှင့် တိုက်မိပြီး ဓားတန်းလန်း ထိုးချိတ်သွား၏။

ချင်မူက အရှေ့ဆီသို့ အားစိုက် ပြေးသွားသည်။ ထိုကျောက်တိုင်လုံးကြီးအနားမှ ဖြတ်သန်းသွားသောအခါ သူ၏ လက်ချောင်းကို အနောက်သို့ ပြန်၍ ညွှန်လိုက်၏။ အိမ်ရှေ့စံ ကိုယ်ရံတော်ဓားက သူ့နောက်ကျောရှိ ငါးနဂါး၏ ပါးစပ်ထဲသို့ ပြန်ဝင်သွားသည်။

အရိပ်၏ အလောင်းကောင်က တိုင်လုံးပေါ်မှ လျှောကျလာပြီး ကြောက်မက်ဖွယ်ရာ ကောင်းသည့် ဗီဇပြောင်း မကောင်းဆိုးဝါး တစ်ကောင်အသွင် ပေါ်ထွက်လာသည်။ ၎င်း၏ တစ်ကိုယ်လုံး၌ ငါးအကြေးခွံများ ဖုံးလွမ်းနေပြီး ခြေလက်များ၌ ရေယက်များ ရှိသည်။

ထိုဗီဇပြောင်း သတ္တဝါ၏ ချီစွမ်းအင်က ပျက်ပြယ်ခြင်း မရှိသေးဘဲ ၎င်း၏ ခန္ဓာကိုယ်တစ်ဝိုက်တွင် သွေးစွန်းမြွေကြီး တစ်ကောင်ကဲ့သို့ ရစ်ခွေနေသည်။ ချင်မူမှာ ငါးညှီနံ့တစ်ခုကို ရှုလိုက်မိပြီး ရုတ်တရက် မူးဝေသွားသည်။ သူ၏ ခြေလှမ်းများ ယိမ်းယိုင်သွားပြီး ၎င်းမှာ အလွန်တရာ အဆိပ်ပြင်းလှသည့် ကောင်းကင်နတ်သိုင်း တစ်ခု ဖြစ်ကြောင်း သိလိုက်၏။

ထို့နောက်တွင် သူ့ကိုယ်ပေါ်၌ အဆိပ်နဂါး၏ သွေးကို အသုံးပြု၍ နားကန်း ရေးဆွဲပေးခဲ့သော ပန်းချီကားက တစ်ရှိန်ရှိန် ပူတက်လာပြီး သူ့ကိုယ်ထဲမှ အဆိပ်များ တစ်မုဟုတ်ချင်း ပြေပျောက်သွားသည်။

“ကေင်းကင်နတ်သိုင်း ပညာရှင်တွေလား… ငါက ကောင်းကင်နတ်သိုင်း ပညာရှင်တစ်ယောက်ကို သတ်ခဲ့မိတာလား…”

ချင်မူမှာ မှင်တက်အံ့သြမိသွားသည်။ သူ ချီစွမ်းအင်ကို ထုတ်သုံးစဉ်အခါက ရွှေအ သူ့ရင်ဘတ်ထဲတွင် သိုဝှက်ပေးခဲ့သော မီးဖိုးကြီးဆီမှ မီးတောက်မီးလျှံများ တောက်လောင်လာပြီး သူ၏ ချီစွမ်းအင်ကို အဆပေါင်းများစွာ ထိုးတက်သွားစေခဲ့ကြောင်း ရုတ်ခြည်း သတိပြုလိုက်မိသည်။

ထိုမီးဖိုကြီးက သူ၏ချီစွမ်းအင်များကို ရုတ်တရက် မြင့်တက်လာစေပြီး ကောင်းကင်နတ်သိုင်း ပညာရှင်တစ်ယောက်ကို ဓားတစ်ချက်တည်းဖြင့် ထိုးသတ်နိုင်စေခဲ့သည်။

ပို၍ အံ့အားသင့်ဖွယ် ကောင်းသည့် အချက်မှာ ထိုမီးဖိုကြီးက သူ၏ ချီစွမ်းအင်ကို အသုံးပြုသည့် အခါမှသာ တိုးပွားလာစေခြင်း ဖြစ်သည်။ ချင်မူ သူ၏ ချီစွမ်းအင်ကို ပြန်သိမ်းဆည်းလိုက်သောအခါ သူ့ချီစွမ်းအင်များက ပုံမှန်အနေအထားသို့ ပြန်ရောက်သွားသည်။ ဤနည်းအားဖြင့် သူ့ခန္ဓာကိုယ်တွင် ဝန်ထုပ်ဝန်ပိုး မဖြစ်နေစေတော့ပေ။

၎င်းက ဆေးကျိုအိုး တစ်လုံးထဲသို့ ရေများ ဖြည့်သွင်းခြင်းနှင့် တူ၏။ ဆေးကျိုအိုးတစ်လုံးက ရေသုံးပုံးခန့်သာ ဆန့်ပြီး ရေဆယ်ပုံးကို လောင်းထည့်လိုက်လျှင် ရေခုနှစ်ပုံးက လျှံထွက်သွားပေလိမ့်မည်။ သို့သော် လူ့ခန္ဓာကိုယ်က ဆေးကျိုအိုး မဟုတ်ချေ။ သို့အတွက် ပိုလျှံသော ချီစွမ်းအင်များ လျှံထွက်ရန် နေရာ မရှိသဖြင့် ခန္ဓာကိုယ် တစ်ခုလုံး ပေါက်ကွဲထွက်သွားပေလိမ့်မည်။

ရွှေအ မီးဖိုကြီး၏ ထူးဆန်းသည့် အချက်မှာ ချင်မူ့ကို ချီစွမ်းအင် အဆတစ်ရာ တိုးတက်လာစေပြီးနောက် ထိုတိုးတက်လာသည့် ချီစွမ်းအင်များက သူ့ခန္ဓာကိုယ်ကို မထိခိုက်ဘဲ မီးဖိုးကြီးထဲသို့သာ ပြန်ဝင်သွားခြင်း ဖြစ်သည်။

ချင်မူက ရှေ့သို့ တစ်ဟုန်ထိုး ပြေးလွှားနေရင်းနှင့် ခေါင်းထဲတွင် အလျင်အမြန် စဉ်းစားလိုက်သည်။ “လက်ရှိ ငါ့ကျင့်စဉ်စွမ်းအင်က ကောင်းကင်နတ်သိုင်းတွေကို ထုတ်ဖော် တိုက်ခိုက်နိုင်ပြီလား… အဲဒီလိုဆိုရင် ငါ ကောင်းကင်နတ်ဆိုး မျိုးနွယ်တွေနဲ့ မတိုက်ခိုက်နိုင်တာ မဟုတ်တော့ဘူး…”

ရွှေအ သူ့ကိုယ်ထဲတွင် ထားခဲ့သော မီးဖိုကြီးက သူ့ချီစွမ်းအင်ကို အဆတစ်ရာ တိုးတက်စေခဲ့သည်။ ထိုမျှ အားကောင်းသော ချီစွမ်းအင်က ချင်မူ တစ်ခါမှ မစဉ်းစားခဲ့ဖူးသော အရာ ဖြစ်၏။ ယခင်က သူ၏ လက်သီးသိုင်းများမှာ လက်သီးသိုင်းသာ ဖြစ်၍ ဓားမသိုင်းများက ဓားမသိုင်းသာ ဖြစ်သည်။ သို့သော်လည်း ယခုအခါ သူ့ကိုယ်ထဲမှ အဆတစ်ရာ တိုးပွားလာသော ချီစွမ်းအင်ကို အသုံးပြုလျှင် လက်သီးသိုင်းနှင့် ဓားမသိုင်း၏ ကောင်းကင်နတ်သိုင်းများကို ထုတ်ဖော် တိုက်ခိုက်နိုင်ပေလိမ့်မည်။

အဘိုးကြီးမာနှင့် သားသတ်သမား သူ့ကို သင်ပေးခဲ့သော ပညာရပ်များကို ကောင်းကင်နတ်သိုင်း အဖြစ်သို့ ပြောင်းလဲနိုင်ပါက မည်မျှ စွမ်းအား ကြီးမားလိမ့်မည်နည်း…။

သူ၏ ခြေလှမ်းများက မြန်သည်ထက် မြန်လာသည်။ သူပြေးလွှားသောအခါ ထော့ကျိုး သူ့ကို သင်ထားပေးခဲ့သော ကောင်းကင်ခိုးယူ ခြေလှမ်းသိုင်းကို အလိုလျှောက် ထုတ်သုံးမိပြီး သူ့ကိုယ်ထဲမှ အဆုံးအစမဲ့ ချီစွမ်းအင်များက ခြေထောက်ဆီသို့ စီးဆင်းသွားသည်။

ချင်မူက လေချွန်သံ အရှည်ကြီး တစ်ချက် ပြု၍ သူ့ခြေထောက်ကို လှမ်းထုတ်လိုက်၏။ သူ့ခြေထောက်အောက်မှ လေထုက ဖိသိပ်သွားပြီး လေပွေတစ်ခု ထွက်ပေါ်လာသည်။ ၎င်းက သူ့ခြေလှမ်းများမှ ထွက်ပေါ်လာသော လေပွေတစ်ခု ဖြစ်သည်။

သူ ခြေလှမ်းတစ်လှမ်း လှမ်းလိုက်သည့် အချိန်တွင် သူ့ခြေထောက်အောက်မှ လေထုက မြေပြင်ညီကဲ့သို့ ဖြစ်သွားကြောင်း ချင်မူ ခံစားလိုက်ရသည်။ ကောင်းကင်ယံရှိ အရာအားလုံးက မြေပြင်ညီကဲ့သို့ ဖြစ်ပြီး သူ ခြေချနိုင်သော နေရာများ ဖြစ်လာသည်။

သူ၏ ပြေးနှုန်းက ရုတ်တရက် မြင့်တက်လာပြီး ကောင်းကင်ယံသို့ ပျံတက်လိုက်၏။ ခြေလှမ်းအနည်းငယ်အတွင်း မှုန်မှိုင်းနေသည့် မီးခိုးရောင် အခိုးအငွေ့များထဲမှ သူ လွတ်မြောက်သွားပြီး ထိုအခိုးအငွေ့များ၏ အထက် ကောင်းကင်ယံတွင် ပေါ်ထွက်လာသည်။ ထို့နောက် ဖုန်းတု တောင်တံခါး မုခ်ဝဆီသို့ ဆက်လက် ပြေးလွှားသွားသည်။

ရုတ်တရက် မီးခိုးရောင် အခိုးအငွေ့များထဲမှ အရိပ်ကြီးတစ်ခု ခုန်ထွက်လာသည်။ ၎င်းက မီးလျှံများ အလျှံတညီးညီး တောက်လောင်နေသည့် မကောင်းဆိုးဝါး သတ္တဝါတစ်ကောင် ဖြစ်ပြီး မီးတောင် ချော်ရည်ပူများဖြင့် ဖွဲ့စည်းထားဟန် ရှိ၏။ ၎င်း၏ လက်သီးချက်များက တောင်လုံးကြီး တစ်လုံးကဲ့သို့ ကြီးမား ပြင်းထန်လှပြီး ချင်မူ့ကို ထိုးချလိုက်သည်။

ချင်မူက သူ၏ ပြေးနှုန်းကို အလျင်အမြန် မြှင့်တင်လိုက်ပြီး လေထုကို ထိုးခွင်း ထွက်သွားသည်။ ရုတ်တရက် သူ့နောက်ကျောမှ ဝက်ခုတ်ဓားမက ဓားအိမ်ထဲမှ ပျံသန်း ထွက်ပေါ်လာပြီး သူ့လက်ထဲသို့ ရောက်ရှိလာသည်။

အရှေ့ပင်လယ် လှိုင်းလုံး တစ်ထောင်ပေါ်မှ နေမင်း...။

ဝက်ခုတ်ဓားမက အရှေ့ပင်လယ်ပေါ်မှ လှိုင်းလုံး တစ်ထောင်နှင့်အတူ ထွက်ပေါ်လာသော တစ်ရှိန်ရှိန် တောက်လောင်နေသည့် နေမင်းကြီးကဲ့သို့ ဝင်းလက်သွားသည်။

“ထန်း... ထန်း... ထန်း...”

ဓားခုတ်သံများ အဆက်မပြတ် ထွက်ပေါ်လာသည်။ ချင်မူက ထိုသတ္တဝါကြီးနှင့် ပူးကပ်သွားပြီး နောက်သို့ ပြန်ခုန်ဆုတ်လာ၏။ ထို့နောက် သူ့ဓားမကို ဓားအိမ်ထဲသို့ ထည့်လိုက်ပြီး ဆက်လက် ပြေးသွားသည်။

“ဘုတ်... ဘုတ်… ဘုတ်... ဘုတ်...” ကျောက်တုံးများက မြေပြင်ပေါ်သို့ ပြုတ်ကျသွားပြီး ကြီးမားသော ခေါင်းပြတ်ကြီးကလည်း နောက်မှ လိမ့်ဆင်းသွား၏။ ထိုချော်ရည်ပူ ဘီလူးကြီးက ချင်မူ၏ ဓားမသိုင်းဖြင့် တစ်စစီ ဖြစ်သွားသည်။

ဤသည်က သူ့ဓားမသိုင်း၏ ကောင်းကင်နတ်သိုင်း ဖြစ်သည်။ ဤချော်ရည်ပူ ဘီလူးကြီးက စွမ်းအားမြင့်မားသည့် ကောင်းကင်နတ်သိုင်း ပညာရှင်တစ်ယောက် ဖြစ်ပြီး ခွန်အားကြီးမားသော်လည်း သားသတ်သမား၏ ဓားမသိုင်းနှင့် ယှဉ်သောအခါ နိမ့်ကျနေသေးသည်။ ထိုအခိုက်၌ ကောင်းကင်ယံမှ လျှပ်စီးတန်းများ ရုတ်တရက် ဝင်းလက်သွားပြီး ခံ့ညား ချောမောသော လူငယ်တစ်ယောက်က မီးခိုးရောင် အခိုးအငွေ့များထဲမှ ခုန်ထွက်လာသည်။ လျှပ်စီးတန်းများက သူ့လက်ထဲတွင် တဖျစ်ဖျစ် မြည်လာပြီး သူ၏ လက်ချောင်း ဆယ်ချောင်းက ရုတ်တရက် ပွင့်ဟလာ၏။ လျှပ်စီးတန်းများက တစ်ခုနှင့်တစ်ခု ချိတ်ဆက်သွားပြီး ပိုက်ကွန်တစ်ခုသဖွယ် ဖြစ်ကာ ချင်မူ့ထံ တိုးဝင်လာသည်။

“နဂါးစိမ်းချီက ဖွဲ့တည်လာတဲ့ ကောင်းကင်နတ်သိုင်းလား… ဒီသိုင်းက အဘိုးကြီးမာရဲ့ လက်သီးသိုင်းထက် ပိုပြီးတော့ သာနိုင်မလား…”

ချင်မူက မာန်သွင်း အော်ဟစ်၍ လက်သီးတစ်ချက် ထိုးသွင်းလိုက်သည်။ သူ့လက်ထဲမှ ချီစွမ်းအင်က နဂါးများ အသွင်သို့ ပြောင်း၍ နဂါးအားလှိုင်း လေးဆယ့်ငါးခုအဖြစ်သို့ ဖွဲ့စည်းသွားသည်။ နဂါးကိုးကောင် မုန်တိုင်း...။

နဂါးစိမ်း လေးဆယ့်ငါးကောင်က ကျယ်လောင်စွာ တွန်ကျူးလိုက်ပြီး ထိုခံ့ညားချောမောသော လူငယ်ကို လျှပ်စီးတန်းများ မိုးကြိုးများနှင့်အတူ ဖုံးလွှမ်းဝါးမျိုသွား၏။

သူတို့ နှစ်ယောက်၏ လက်သီးချက်များ ဆုံမိသွားသောအခါ ခံ့ညားချောမောသော လူငယ်၏ ခန္ဓာကိုယ်မှာ တောင့်တင်းသွား၏။ ထို့နောက် သူ၏အသားစများက ဘုန်းခနဲ ပေါက်ကွဲသွားပြီး သွေးနီရောင်နဂါး လေးဆယ့်ငါးကောင်အဖြစ် ပြောင်းလဲသွား၏။

“ငါက ဒီလောက် ခွန်အားကြီးတာလား...”

ချင်မူ အလန့်တကြား ထခုန်လိုက်မိသည်။ သူ့အနေဖြင့် အဘိုးကြီးမာ၏ နဂါးကိုးကောင်မုန်တိုင်း သိုင်းကွက်ကို မြင်ဖူးခဲ့သော်လည်း အဘိုးကြီးမာက အဘိုးကြီးမာသာ မဟုတ်လား…။ သူ၏တိုက်ကွက်များက စွမ်းအားကြီးသည်မှာ မထူးဆန်းပေ။ သို့သော်လည်း ယခု ချင်မူက သူ၏ လက်သီးသိုင်းကို ကောင်းကင်နတ်သိုင်း အဆင့်သို့ ထုတ်သုံးလိုက်သောအခါမှ မိုးကြိုးရှစ်ချက် လက်သီးသိုင်း၏ စွမ်းအားက မည်မျှ အံ့အားသင့်ဖွယ်ကောင်းကြောင်း သဘောပေါက်သွားသည်။ သို့သော်လည်း နဂါးကိုးကောင်မုန်တိုင်း သိုင်းကွက်က ဆူဆူညံညံ အသံများ ထွက်ပေါ်စေခဲ့သဖြင့် မြူခိုးငွေ့များထဲမှ ကောင်းကင်နတ်ဆိုး မျိုးနွယ်များကို သူရှိရာ နေရာသို့ ညွှန်ပြလိုက်သလို ဖြစ်သွားသည်။

ချင်မူမှာ လေထုကို ထိုးခွင်းလာသည့် အသံများ ကြားလိုက်ပြီး စိတ်ဓာတ်ကျသွားသည်။ မိစ္ဆာနတ်ဘုရား ကြဲချသွားသည့် ကောင်းကင်နတ်ဆိုး မျိုးနွယ်များက များပြားလွန်းလှသည်။ သူသာ နေရာကောင်း မယူထားနိုင်လျှင် သူတို့ကို ခုခံကာကွယ်ရန် မဖြစ်နိုင်ပေ။

သူက ဖုန်းတု တောင်တံခါး မုခ်ဝနှင့် နီးသထက် နီးလာချေပြီ။ ရုတ်တရက် ပိန်းပိတ်အောင် နက်မှောင်သော မိစ္ဆာတိမ်တိုက်တစ်ခုက သူ့ရှေ့တွင် ထွက်ပေါ်လာပြီး သူ့မြင်ကွင်းကို ပိတ်ဆို့လိုက်၏။ ချင်မူ သက်ပြင်းချ၍ တစ်မုဟုတ်ချင်း ခြေလှမ်းကို ရပ်တန့်ကာ မြူခိုးငွေ့ထဲသို့ တိုးဝင်သွားလိုက်သည်။

ကြီးမားသော ခေါင်းကြီးတစ်လုံးက ထိုအနက်ရောင် မိစ္ဆာတိမ်တိုက်ထဲမှ ပေါ်ထွက်လာသည်။ ၎င်း၏ မျက်နှာက မုတ်ဆိတ်မွေး ပါးမြိုင်းမွေးများဖြင့် ပြည့်နေပြီး သူ၏ အကြည့်က မီးတောက်မီးလျှံများ ထွက်ပေါ်နေသည်။

ထို့နောက်တွင် ထိုမိစ္ဆာတိမ်တိုက်က လျင်မြန်စွာ ကျုံ့ဝင်သွား၏။ ကြီးမားသော ခေါင်းကြီးကလည်း ထိုမိစ္ဆာတိမ်တိုက်နှင့်အတူ ကျုံ့ဝင်သွားသည်။ ၎င်းမိစ္ဆာတိမ်တိုက်က သုံးကိုက်ခန့်အထိ ကျုံ့ဝင်သွားသောအခါ ရုပ်ဆိုးဆိုး အမျိုးသမီး တစ်ယောက် ပေါ်လာသည်။ သူမ၏ ပါးစပ်ထဲတွင်တော့ သံချွန်များကဲ့သို့ သွားဝါဝါများ ပြည့်နေပြီး သူမ၏ နောက်ကျောတွင် လူတစ်ရပ်ခန့် ရှိသည့် သွေးစွန်း ဘူးသီးခြောက်ကြီး တစ်လုံး လွယ်ထားသည်။ ကျုံ့ဝင်သွားသော မိစ္ဆာတိမ်တိုက်က ထိုဘူးသီးခြောက်ထဲသို့ တိုးဝင်သွားသည်။

ကောင်းကင်ယံတွင် နောက်ထပ် အမျိုးသမီးတစ်ယောက်က ပေါ်ထွက်လာပြီး မီးခိုးရောင် အခိုးအငွေ့များ၏ အထက်တွင် ရပ်တန့်လိုက်သည်။ ထိုအမျိုးသမီးက လှပသော မျက်နှာသွင်ပြင်၊ ဖြူဖွေးချောမွတ်သော အသားအရေ၊ ရင်သပ် ရှုမောဖွယ် ခန္ဓာကိုယ်အချိုးအစား၊ ကြီးမားသော ရွှေရင်အစုံနှင့် သေးကျဉ်သော ခါးတို့ ရှိ၏။ သို့သော်လည်း သူမ၏ နောက်ကျောတွင်တော့ တုတ်ခိုင် ရှည်လျားသော ကင်းမြီးကောက် အမြီးကြီးတစ်ခု ရှိပြီး ၎င်း၏အဆိပ်ဆူးချွန်က ဝှေ့ယမ်းနေသည်။

ထိုအမျိုးသမီး နှစ်ယောက်က အောက်သို့ ငုံ့၍ ချင်မူ့ကို လိုက်ရှာလိုက်သော်လည်း မတွေ့ကြချေ။ ရုတ်တရက် ဝှစ်ခနဲ အသံတစ်ခု ထွက်ပေါ်လာပြီး ဓားတစ်လက်က လေထုကို ထိုးခွင်းလာသည်။ ကင်းမြီးကောက် အမျိုးသမီး တုန့်ပြန်နိုင်ခြင်း မရှိမီမှာပင် ဓားရောင်က သူမ၏ လည်ပင်းကို ခုတ်ဖြတ်သွား၏။

ကင်းမြီးကောက် အမျိုးသမီးက သူမ၏ လည်ပင်းကို ဖုံးအုပ်၍ သူမ၏ ခေါင်းကို လည်ပင်းသို့ ပြန်တပ်ရန် ကြိုးစားချင်သော်လည်း မဖြစ်နိုင်တော့ပေ။ သူမ၏ ခေါင်းပြတ်က လျှောကျသွား၏။

ဤသည်က ရွာလူကြီး သူ့ကို သင်ပေးခဲ့သော အခြေခံ ဓားချက် ဖြစ်သည်။ ခုတ်ပိုင်းဓားချက်…။

ရုပ်ဆိုးဆိုး အမျိုးသမီးက စူးစူးရှရှ အော်ဟစ်လိုက်၏။ သူမ၏ နောက်ကျောမှ မိစ္ဆာတိမ်တိုက်က ထပ်မံ၍ ထွက်ပေါ်လာသည်။ ထိုမိစ္ဆာတိမ်တိုက်ထဲတွင် ဘီလူးကြီးတစ်ကောင် ရှိနေပြီး ၎င်းက ခန္ဓာကိုယ်အပေါ်ပိုင်းသာ ရှိသော်လည်း သူ၏ လက်သီးများက တောင်လုံးကြီးများကဲသို့ ကြီးမား၍ ဓားပျံ ထွက်ပေါ်လာသော နေရာသို့ အညှာအတာ ကင်းမဲ့စွာ ထိုးချလိုက်သည်။

“ဘုန်း..”

ခပ်အုပ်အုပ် အသံများ ထွက်ပေါ်လာပြီး မီးခိုးရောင် အငွေ့များထဲမှ ညည်းတွားသံ တစ်ချက် ထွက်ပေါ်လာသည်။ ရုပ်ဆိုးဆိုး အမျိုးသမီး၏ မျက်လုံးများ အရောင်တောက်သွားပြီး မိစ္ဆာတိမ်တိုက်ထဲမှ ဘီလူးကြီးက ထိုနေရာသို့ အဆက်မပြတ် ထိုးချလိုက်သည်။

မိစ္ဆာတိမ်တိုက်ထဲမှ ဘီလူးကြီးက အချက်ပေါင်း ရာချီ ထိုးချပြီးသောအခါ ရုပ်ဆိုးဆိုး အမျိုးသမီးက ထိုဘီလူးကြီး၏ လက်သီးပေါ်မှ သွေးစက်များကို ကြည့်၍ ပြုံးလိုက်သည်။ သူမက မီးခိုးရောင် အခိုးငွေ့များထဲသို့ ဆင်းသက်လိုက်ပြီး မြေပြင်ပေါ်သို့ ခြေချလိုက်သည်။

သူမ၏ ဝိညာဉ်လက်နက်က ပုံမှန်နှင့် မတူပဲ ထူးဆန်းနေပြီး သွေးစွန်းနေသည့် ဘူးသီးခြောက် ဖြစ်သည်။ ထိုသွေးစွန်း ဘူးသီးခြောက်ထဲမှ ထွက်ပေါ်လာသည့် ခန္ဓာကိုယ် အပေါ်ပိုင်းသာ ရှိသော ဘီလူးကြီးက သူမ လေ့ကျင့်ထားသည့် ကောင်းကင်နတ်သိုင်း ဖြစ်သည်။ သွေးစွန်း ဘူးသီးခြောက်၏ အားဖြည့်မှုအောက်တွင် ဘီလူးကြီး၏ ခန္ဓာကိုယ်က သံမဏိကဲ့သို့ မာကျောပြီး အံ့အားသင့်ဖွယ်ရာ ခွန်အား ရှိသည်။

ရုပ်ဆိုးဆိုး အမျိုးသမီးက မြေပြင်ပေါ်သို့ ဆင်းသက်လိုက်ပြီး ဘီလူးကြီး ထိုးနှက်နေသည့် နေရာသို့ လျှောက်လှမ်းသွားလိုက်သည်။ ထိုနေရာတွင် အပိုင်းပိုင်းအစစ ဖြစ်နေသော အလောင်းကောင် တစ်ကောင်ကို တွေ့လိုက်ရ၏။ သူမ၏အမူအရာက အကြီးအကျယ် ပျက်ယွင်းသွားသည်။ သူမ မြင်တွေ့လိုက်ရသည်က လူသားအလောင်း မဟုတ်…။ သူမနှင့် မျိုးနွယ်တူ တစ်ယောက်၏ အလောင်းသာ ဖြစ်သည်။

ထိုအခိုက်၌ သူမ၏ ရင်ထဲတွင် အေးစိမ့်သွားပြီး အိမ်ရှေ့စံ ကိုယ်ရံတော် ဓားက သူမ၏ နောက်ကျောမှ တိုးဝင်လာ၏။

သူမနောက်တွင် ချင်မူက တိတ်တဆိတ် ချဉ်းကပ်လာပြီး ဓားကို နုတ်သိမ်းကာ မီးခိုးရောင် အခိုးအငွေ့များထဲသို့ ပြန်လည် ဝင်ရောက် ပျောက်ကွယ်သွား၏။ ဤနေရာက အခိုးအငွေ့များ ထူထဲ သိပ်သည်းနေသဖြင့် ထော့ကျိုး သင်ပေးခဲ့သည့် ကောင်းကင်ခိုးယူ ခြေလှမ်းသိုင်းနှင့် ဆိုလျှင် သူ့အတွက် လုပ်ကြံသတ်ဖြတ်ရန် အကောင်းဆုံး နေရာ ဖြစ်နေသည်။

ထူထဲ သိပ်သည်းသော အခိုးအငွေ့များထဲတွင် လှည့်ပတ် သွားလာရင်း သူ့ကိုယ်သူ ပုန်းကွယ်၍ အသံကြားရာ နေရာများသို့ သွားရောက်ကာ တစ်ချက်တည်း ထိုးသတ်ခဲ့သည်။

ကျယ်ပြန့်လှသော မီးခိုးရောင် အခိုးအငွေ့ပြင်ကြီးက တဖြည်းဖြည်း သိပ်သည်းသည်ထက် သိပ်သည်းလာသည်။ ချင်မူ့မှာ ကောင်းကင်ကိုးဆင့် နတ်ဘုရား မျက်လုံးဖြင့်ပင် ခပ်ဝေးဝေးသို့ မမြင်ရတော့ချေ။

ရုတ်တရက် နက်မှောင်သော လက်တံရှည်တစ်ခုက သူ့ရှေ့မှ ဖြတ်သန်းသွား၏။ ချင်မူက ထိုလက်တံရှည် ဖြတ်သန်းသွားသည်ကို မလှုပ်မယှက် ရပ်၍ ကြည့်နေလိုက်သည်။ ရွှစ်... ရွှစ်... ရွှစ်...။ တိုးညင်သော အသံတစ်ခု ထွက်ပေါ်လာပြီး ပင့်ကူမျှင်များက သူ့ခန္ဓာကိုယ်အရှေ့မှ ဖြတ်သန်းသွားကာ ပင့်ကူအိမ်တစ်ခု ဖွဲ့တည်လာ၏။

ထိုပင့်ကူမျှင်များမှာ တစ်စုံတစ်ခုက ၎င်းတို့ကို တက်နင်းနေသကဲ့သို့ တုန်ခါနေပြီး ကြိုးတပ်တူရိယာတစ်ခု တီးခတ်လိုက်သကဲ့သို့ သံစဉ် တစ်ခု ထွက်ပေါ်လာသည်။

ပင့်ကူမျှင်များက များသထက် များလာပြီး ချင်မူ၏ ပတ်ဝန်းကျင်တစ်ခုလုံး ဖုံးလွှမ်းသွားသည်။ လက်တံရှည်များကလည်း လေထုထဲတွင် လှုပ်ယမ်းနေပြီး သူ့ကို ထွက်လာအောင် ခြောက်လှန့်နေသကဲ့သို့ ရှိ၏။

ချင်မူ မျက်မှောင်ကြုတ်၍ သူ၏ ချီစွမ်းအင်ကို လက်အိတ်ထဲသို့ တိတ်တဆိတ် ပို့လိုက်သည်။ လက်အိတ်၏ ကြိုးမျှင်များက အလွန်တစ်ရာ သေးငယ်သော ဝိညာဉ်မြွေ တစ်ကောင်ကဲ့သို့ ခေါင်းထောင်ထလာ၏။

ထိုကြိုးမျှင်က ပင့်ကူမျှင်များပေါ်သို့ တိတ်ဆိတ် တက်သွားပြီး ပင့်ကူမျှင် တစ်ခုမှ တစ်ခုဆီသို့ ကူးခတ်သွားသည်။ ဤလက်အိတ်မှာ မဟာ ဉာဏ်အလင်းဖွင့် ကောင်းကင်နတ်ဆိုး ကျမ်းစာ ဖြစ်ပြီး မရေမတွက်နိုင်သော စာလုံးများဖြင့် ဖွဲ့စည်းထားသည်။ ၎င်းက ပုံသဏ္ဌာန်နှင့် အရွယ်အစားကို စိတ်ကြိုက် ပြောင်းလဲနိုင်၏။ သို့ဖြစ်၍ အဘွားစစ်က ချင်မူ့အတွက် လက်အိတ်တစ်စုံအသွင် ပြောင်းကာ ဝတ်ဆင်ပေးခဲ့ခြင်း ဖြစ်သည်။

ချင်မူက မဟာဉာဏ်အလင်းဖွင့် ကောင်းကင်နတ်ဆိုး ကျမ်းစာကို ထိန်းချုပ်၍ သူ၏ ကြိုးမျှင်ကို ပင့်ကူမျှင်များနှင့် တစ်ထပ်တည်း ဖြစ်အောင် ပြုလုပ်လိုက်သည်။ တစ်ခဏမျှ ကြာသောအခါ သူ့လက်ပေါ်မှ လက်အိတ်ရှိ ကြိုးမျှင်များ ကုန်ဆုံးသွားပြီး လက်ချောင်း ငါးချောင်းသာ ဖုံးလျက်သား ကျန်ခဲ့တော့သည်။

All Chapters