ဓားတစ်လက်ဖြင့် ကောင်းကင်နတ်ဆိုးအုပ်ကိုရင်ဆိုင်ခြင်း
Vol. 7 Ch. 89
ချင်မူ၏ ချီစွမ်းအင်က အနည်းငယ် လှုပ်ရှားသွားပြီး လက်မောင်းလုံးခန့် ထူသော သူ၏ ချီကြိုးမျှင်က အိမ်ရှေ့စံ ကိုယ်ရံတော် ဓားကို တိတ်တဆိတ် ဆွဲထုတ်လိုက်သည်။ လက်တံရှည်များ၏ ကြွက်သား လှုပ်ရှားမှုအရ ထိုလက်တံရှည် ပိုင်ရှင် ရှိရာ နေရာကို သူ တွက်ဆမိပြီး ဖြစ်သည်။
သူ၏ လက်ချောင်းများကို ပူးကပ်၍ ဘယ်ဘက်လက်ကို ရုတ်တရက် ရှေ့သို့ ထိုးထုတ်လိုက်၏။ အိမ်ရှေ့စံ ကိုယ်ရံတော်ဓားထံမှ ဝှမ်ခနဲ အသံတစ်ခု တစ်မုဟုတ်ချင်း ထွက်လာပြီး ရတနာဓားက မီးခိုးရောင် အခိုးအငွေ့များကဲ့သို့ လျှပ်ပြက်သကဲ့သို့ ထိုးစိုက်သွားကာ စူးစူးရှရှ အော်ဟစ်သံ တစ်သံ ထွက်ပေါ်လာသည်။ တစ်ချိန်တည်းမှာပင် ပင့်ကူအိမ်က တုန်ခါသွားပြီး ခြေချောင်း ရှစ်ချောင်း ရှိသော အမျိုးသမီးတစ်ဦးက ပင့်ကူအိမ်ပေါ်တွင် နင်းလျှောက်၍ သူ့ထံသို့ ပျံဝဲရောက်ရှိလာသည်။ လွှသွားများကဲ့သို့ ချွန်ထက်သော ခြေချောင်းရှစ်ချောင်းက ချင်မူ့ကို ထိုးစိုက်လိုက်၏။
ချင်မူ၏ ညာဘက်လက်မှ လက်ချောင်း ငါးချောင်း ပွင့်ဟလာပြီး တစ်ချက် ဆောင့်ဆွဲလိုက်သည်။ ပင့်ကူအိမ်တစ်ခုလုံးမှာ ရုတ်တရက် မြောက်တက်လာပြီး ထိုခြေရှစ်ချောင်း အမျိုးသမီးကို ဖုံးအုပ်သွား၏။ ချင်မူက သူ၏ ချီစွမ်းအင်ကို ပို့လွှတ်လိုက်ရာ မဟာ ဉာဏ်အလင်းဖွင့် ကောင်းကင်နတ်ဆိုး ကျမ်းစာမှာ ကျုံ့ဝင်သွားပြီး ထိုခြေရှစ်ချောင်း အမျိုးသမီးကို အပိုင်းပိုင်းအစစ ဖြစ်အောင် လှီးဖြတ်သွားသည်။
ချင်မူမှာ သက်ပြင်းတစ်ချက် မှုတ်ထုတ်လိုက်မိသည်။ မဟာ ဉာဏ်အလင်းဖွင့် ကောင်းကင်နတ်ဆိုး ကျမ်းစာ၏ ကြိုးမျှင်များက ဆက်၍ ကျုံ့ဝင်သွားပြီး သူ့လက်ပေါ်တွင် လက်အိတ်တစ်အိတ်အဖြစ် ပြောင်းလဲသွားသည်။ ၎င်း၏ အပေါ်၌ သွေးတစ်စက်မျှ စွန်းထင်းနေခြင်း မရှိချေ။
“ဒီကောင်းကင်နတ်ဆိုး မျိုးနွယ်တွေက ဘယ်လိုမျိုးနွယ်တွေလဲ… သူတို့က လူနဲ့တူပေမဲ့ လူလည်း မဟုတ်ဘူး… မိစ္ဆာနဲ့တူပေမဲ့ မိစ္ဆာလည်း မဟုတ်ဘူး… ပိုးကောင်တွေနဲ့ တူပေမဲ့ ပိုးကောင်တွေလည်း မဟုတ်ပြန်ဘူး… တကယ့်ကို ထူးဆန်းတယ်…”
ထို့နောက် သူက ပင့်ကူအိမ်ပေါ်တွင် နင်း၍ ရှေ့သို့ ဆက်လျှောက်လာခဲ့သည်။ သို့သော်လည်း ထော့ကျိုး၏ ကောင်းကင်ခိုးယူ ခြေလှမ်းသိုင်းက အလွန်တရာ ပေါ့ပါးလှသဖြင့် မည်သည့်အသံမျှ ထွက်ပေါ်မလာပေ။
အိမ်ရှေ့စံ ကိုယ်ရံတော် ဓားက သူ့နောက်ကျောမှ ငါးနဂါး၏ ပါးစပ်ထဲသို့ ပြန်ဝင်သွားသည်။ ချင်မူက ချီစွမ်းအင်ကို အသုံးပြု၍ ဓားအိမ်၏ ငါးနဂါးပုံစံကို ဆက်ထိန်းထားသည်။ သို့မှသာ အချိန်မရွေး တိုက်ခိုက်ရန် အသင့်ဖြစ်နေပေလိမ့်မည်။
သူက အိမ်ရှေ့စံ ကိုယ်ရံတော် ဓားဖြင့် ထိုးသတ်ခံခဲ့ရသော ကောင်းကင်နတ်ဆိုး မျိုးနွယ်၏ ဘေးသို့ သွား၍ ၎င်း၏ ခန္ဓာကိုယ်ကို ကြည့်ရှုလိုက်သည်။ ထိုသူက ခြေရှစ်ချောင်း ရှိသည့် လူတစ်ယောက် ဖြစ်ပြီး သူ၏ခြေထောက်များက ရှည်လျားသော လက်တံရှည်များ ဖြစ်သည်။ လွန်စွာ ကြောက်မက်ဖွယ်ရာ ကောင်းလှ၏။
“ဒီမြူခိုးငွေ့တွေက သိပ်ကို ထူထဲ သိပ်သည်းနေလွန်းတော့ ငါ့အတွက် မကောင်းဘူး… ဒါပေမဲ့ ဒီကောင်းကင်နတ်ဆိုး မျိုးနွယ်တွေ အတွက်လည်း မကောင်းဘူး… သူတို့ ငါ့ကို တစ်ပြိုင်တည်း ဝိုင်း မတိုက်နိုင်သ၍ ငါ့အသက်အန္တရာယ် လွတ်အောင် ရှောင်နိုင်မှာပဲ…”
ချင်မူက မီးခိုးရောင် အခိုးအငွေ့များထဲတွင် ရပ်၍ သူ၏ လှုပ်ရှားမှုများကို ရပ်တန့်လိုက်သည်။ ထို့နောက် ပတ်ဝန်းကျင်မှ အသံများကို နားထောင်လိုက်၏။
ထိုအခိုက်၌ သူ၏ ပတ်ဝန်းကျင်က ရုတ်ခြည်း တိတ်ကျသွားပြီး မည်သည့်အသံကိုမှ မကြားရပေ။
ချင်မူက ကျောက်တုံးတစ်တုံးကို ကောက်ယူ၍ တောက်ထုတ်လိုက်၏။ ထိုကျောက်တုံးက မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။ ကျောက်တုံးလိမ့်သွားသံ တဒေါက်ဒေါက်မှ လွဲ၍ မည်သည့် လှုပ်ရှားမှုမျှ မရှိချေ။
သူ အတန်ကြာအောင် စောင့်ပြီးနောက် နောက်ထပ် ကျောက်တုံးတစ်တုံး ထပ်တောက်ထုတ်လိုက်၏။ မည်သည့် လှုပ်ရှားမှုမျှ မရှိ…။ နောက်ဆုံးတွင်တော့ ချင်မူ သက်ပြင်းချလိုက်သည်။ “ကောင်းကင်နတ်ဆိုး မျိုးနွယ်တွေ အကုန်လုံး ငါ့လက်ချက်နဲ့ သေသွားပြီ ထင်တယ်… စိတ်ချရလောက်ပါပြီ…”
ရုတ်တရက် တောင်ကြားချိုင့်ဝှမ်းထဲမှ လေပွေတစ်ခု တိုက်ခတ်လာပြီး ပတ်ဝန်းကျင်ရှိ မီးခိုးရောင် အခိုးအငွေ့များမှာ ပါးလျလွင့်ပြယ်သွားသည်။ ချင်မူ ပတ်ဝန်းကျင်ကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသောအခါ ဦးရေပြား တစ်ခုလုံး ကျိန်းတက်သွားသည်။ သူ့ပတ်ဝန်းကျင်တွင် အလွန်တရာ များပြားလှသော ကောင်းကင်နတ်ဆိုး မျိုးနွယ်များ မတ်တတ်ရပ်နေကြ၏။ စုစုပေါင်း အယောက်ရာချီ ရှိပေလိမ့်မည်။
သူ ထိုနေရာတွင် မလှုပ်မယှက် ရပ်နေစဉ်၌ ထိုကောင်းကင်နတ်ဆိုး မျိုးနွယ် ရာချီကလည်း မီးခိုးရောင် အခိုးအငွေ့များထဲတွင် မလှုပ်မယှက် ရပ်ကာ သူ လှုပ်ရှားလာမည်ကို စောင့်နေကြခြင်း ဖြစ်သည်။ ချင်မူ့အနေဖြင့် ထိုမျှ များပြားသော လူများ သူ့ဘေးတွင် ရပ်နေကြလိမ့်မည်ဟု မျှော်လင့်မထားမိချေ။
သူက ကောင်းကင်ထက်သို့ ခုန်တက်ပြီး လေပွေထိပ်ဖျားပေါ်တွင် နင်း၍ အလျင်အမြန် ပြေးသွားလိုက်သည်။ သူ ကောင်းကင်ယံသို့ ခုန်တက်သွားသည်နှင့် ကောင်းကင်နတ်ဆိုး မျိုးနွယ် ရာချီကလည်း တစ်ပြိုင်တည်း ခုန်အုပ်လိုက်ကြသည်။
ထိုကောင်းကင်နတ်ဆိုး မျိုးနွယ် ရာချီက ကောင်းကင်နတ်သိုင်း ပညာရှင်များဖြစ်ပြီး အမျိုးအစား ရှစ်မျိုးရှိ၏။ ပထမ အမျိုးအစားက ချင်မူ ပထမဆုံး တွေ့ခဲ့သည့် ငါးကြေးခွံနှင့် ဗီဇပြောင်း သတ္တဝါ ဖြစ်သည်။ ဒုတိယ အမျိုးအစားက ချော်ရည်ပူ ဘီလူးကြီး ဖြစ်သည်။ တတိယ အမျိုးအစားက ခံ့ညားချောမောသော လူငယ်ဖြစ်ပြီး စတုတ္ထအမျိုးအစားက ရုပ်ဆိုးဆိုး အမျိုးသမီး ဖြစ်သည်။ ပဥ္စမ အမျိုးအစားက လူရုပ်သွင်နှင့် ကင်းမြီးကောက် အမြီးရှိသော အမျိုးသမီး ဖြစ်၏။ ဆဋ္ဌမ အမျိုးအစားက ခြေချောင်း ရှစ်ချောင်း ရှိသော အမျိုးသမီး ဖြစ်သည်။ သတ္တမ အမျိုးအစားမှာ လက်တံရှည် ရှစ်ခု ရှိသည့် ဗီဇပြောင်း သတ္တဝါ ဖြစ်သည်။ အဋ္ဌမအမျိုးအစားကတော့ လက်နှစ်ဖက် နေရာတွင် မြွေကြီးနှစ်ကောင် ရှိနေသည့် ဗီဇပြောင်း သတ္တဝါ ဖြစ်သည်။
ထိုအခိုက်၌ ကောင်းကင်နတ်ဆိုး မျိုးနွယ် ရာချီက လေထဲသို့ တစ်ညီတစ်ညာတည်း ခုန်တက်လိုက်ပြီး မျိုးစုံသော ကောင်းကင်နတ်သိုင်းများနှင့် ထူးဆန်းသော ခန္ဓာကိုယ်အစိတ်အပိုင်း အားလုံးဖြင့် ချင်မူ့ကို တစ်ပြိုင်နက် တိုက်ခိုက်လိုက်သည်။ ထိုတိုက်ခိုက်မှုများက ရေပက်မဝင် အောင် ကောင်းကင် တစ်ခွင်လုံး ပြည့်နှက်နေသဖြင့် ခုခံကာကွယ်ရန် မဖြစ်နိုင်ပေ။
ချင်မူ ခေါင်းမွေးများ ထောင်ထသွား၏။ ဤသို့သော အခြေအနေမျိုးတွင် အချိန်မီ မခုခံနိုင်တော့ကြောင်း သူ သိလိုက်သည်။
ထိုအခိုက်၌ သူ၏ မျက်ခုံးနှစ်ခု အလယ်မှ ဗုဒ္ဓ၏ အရှိန်အဝါ အငွေ့အသက်များ ဟုန်းခနဲ ထွက်ပေါ်လာပြီး ဗုဒ္ဓ ရုပ်ပွားတော်တစ်ဆူ ထွက်ပေါ်လာသည်။
“ဥုံ မဏိ ပဒ္မေ ဟုမ်…”
ဗုဒ္ဓရုပ်ပွားတော်က သူ၏ လက်ဖဝါးနှစ်ဖက်ကို ပူးလိုက်သောအခါ လင်းထိန်သော အရှိန်အဝါ အငွေ့အသက်များက တစ်ဟုန်ထိုး ထွက်ပေါ်လာသည်။ မရေမတွက်နိုင်သော ခြေပြတ်လက်ပြတ်များမှာ မုန်တိုင်း တိုက်ခံလိုက်ရသကဲ့သို့ အရပ်မျက်နှာအနှံ့ လွင့်ဝဲသွားပြီး ကောင်းကင်နတ်ဆိုး မျိုးနွယ်အားလုံး သေဆုံးသွားသည်။
ဗုဒ္ဓအရှိန်အဝါ အငွေ့အသက်က တဖြည်းဖြည်း မှိန်ဖျော့သွားပြီး ချင်မူ၏ ရှေ့မှ ဗုဒ္ဓရုပ်ပွားတော်မှာလည်း တဖြည်းဖြည်း မှုန်ဝါးကာ အပြီးတိုင် ပျောက်ကွယ်သွားသည်။
ဤသည်က သူ၏ မျက်ခုံးနှစ်ခု အလယ်တွင် အဘိုးကြီးမာ ခတ်နှိပ်ခဲ့သော ဗုဒ္ဓရုပ်ပွားပုံတော် ဖြစ်သည်။ ၎င်းက သူ့အသက်အန္တရာယ် ကြုံတွေ့ချိန်သည့် အချိန်မှသာ ထွက်ပေါ်လာပြီး တစ်ကြိမ်သာ အသုံးပြု၍ ရသည်။
ချင်မူ သက်ပြင်းချလိုက်သည်။ “ဘာလို့ အစောက လေပွေတိုက်လာတာလဲ မသိဘူး… အဲဒီလေပွေကြောင့်သာ မဟုတ်ရင် ငါ့ကို ဒီကောင်းကင်နတ်ဆိုး မျိုးနွယ်တွေ ရှာတွေ့သွားမှာ မဟုတ်ဘူး…”
သူ လှည့်ပတ် ကြည့်ရှုရင်း ထိုလေပွေ၏ လက်သည်တရားခံကို တွေ့ရှိသွားသည်။ ၎င်းက လသင်္ဘောထံမှ ဖြစ်၏။
ထိုလသင်္ဘောကြီးက ဖြည်းညင်းစွာ ထရပ်လာသည်။ လသင်္ဘောက နယ်စပ်နဂါးမြို့ထက်ပင် ကြီးမားသည့်အတွက် သူ ထရပ်လာသည့် အချိန်တွင် လေပွေတစ်ခု ဖြစ်ပေါ်သွားပြီး မီးခိုးရောင် မြူခိုးငွေ့များကို လျော့ပါး ပြယ်လွင့် သွားစေခြင်း ဖြစ်သည်။
“နေသင်္ဘော ရွေ့လျားဖို့အတွက် နေစောင့်ရှောက်သူ ထိန်းချုပ်ဖို့ လိုအပ်တယ်… လသင်္ဘောပေါ်မှာလည်း လစောင့်ရှောက်သူ ရှိနေတာလား… လစောင့်ရှောက်သူက လသင်္ဘောကို စောင့်ကြပ်နေတုန်းပဲ ဆိုရင် သင်္ဘောပေါ်မှာ ငါ့အမျိုးအနွယ်တွေ ရှိနေနိုင်သေးတယ်…”
ချင်မူ၏ စိတ်ထဲတွင် ရှုပ်ထွေးသွား၏။ ထို့နောက် လသင်္ဘောနှင့် အနီးဆုံးမြို့မှ တိုင်လုံးခန့် ထူသော အနက်ရောင် မီးခိုးငွေ့များ တက်လာသည်ကို သူ မြင်လိုက်ရသည်။ သူတို့က ဤနေရာတွင် ရှုပ်ရှုပ်သဲသဲ ဖြစ်နေသည်များကို သတိပြုမိသွားဟန် ရှိ၏။
ချင်မူမှာ နောက်ထပ် ဆက်မတွေးတာ့ဘဲ ဖုန်းတု တောင်တံခါး မုခ်ဝမှ အပြင်ဘက်သို့ တစ်မုဟုတ်ချင်း ထွက်၍ တောင်တန်းများ၏ အခြားတစ်ဘက်ဆီသို့ ရှိသမျှ အားကုန်ထုတ် ပြေးလိုက်သည်။ ထော့ကျိုး၏ ကောင်းကင်ခိုးယူ ခြေလှမ်းသိုင်းမှာ အဆီးအတားမရှိ ထွက်ပေါ်လာ၏။ သူက အမှောင်ထုထဲတွင် မီးပွင့်ကလေး ဖျတ်ခနဲ လက်သွားသကဲ့သို့ လျင်မြန်စွာ ပြေးလွှား၍ အရိပ်များကို ဖြတ်ကျော်သွားသည်။
လသင်္ဘောထံမှ မူမမှန်သည့် လှုပ်ရှားမှုတစ်ခု ရှိလာသည့်အတွက် ထိုသင်္ဘောပေါ်တွင် တစ်စုံတစ်ယောက် ရှိနေကြောင်း ထင်ရှားသော်လည်း ယခုအခြေအနေက အန္တရာယ်ကြားထဲ ရောက်နေသဖြင့် သွားရောက် ကြည့်ရှုနိုင်ခြင်း မရှိတော့ချေ။
ချင်မူ တောင်တန်း တချို့ကို ဖြတ်ပြေးပြီးသည့်နောက်တွင် အခိုးအငွေ့ပင်လယ်ကြီးက သူ့မြင်ကွင်းရှေ့၌ ဘွားခနဲ ပေါ်ထွက်လာသည်။ ထိုနေရာသို့ ပြေးသွားမည် ပြင်လိုက်စဉ်မှာပင် သူ့အောက်မှ လေထုမှာ စုပ်ယူခံလိုက်ရသကဲ့သို့ ရုတ်တရက် ပျောက်ကွယ်သွားပြီး ခြေကုပ်မရတော့ဘဲ ကောင်းကင်ယံမှ ပြုတ်ကျသွား၏။
“ဘုန်း...”
ဖုန်မှုန့်များက လေထုထဲတွင် ထောင်းထောင်းထသွားပြီး ချင်မူ ပြုတ်ကျရာ နေရာတွင် တွင်းချိုင့်ကြီး တစ်ခု ဖြစ်သွားသည်။ သူ တွင်းထဲမှ ထရပ်ပြီး ပတ်ဝန်းကျင်ကို ကြည့်လိုက်သောအခါ လှေဆိပ်မှ တက်လာပြီးနောက် ပထမဆုံး တွေ့ခဲ့သည့် ရွာထဲသို့ ရောက်နေကြောင်း တွေ့လိုက်ရသည်။
ထိုအခိုက်၌ ရွာထဲရှိ လူများက လုပ်လက်စ အလုပ်များကို ချ၍ ထရပ်လာကြသည်။ သူတို့အားလုံးက သူ့ကို ထူးဆန်းစွာ ကြည့်လိုက်ကြ၏။
သူ့ခြေထောက်အောက်မှ လေထုကို ပျောက်ကွယ်သွားအောင် လုပ်ခဲ့သည်မှာ ပန်းပဲဆရာပုံစံ ပေါက်သည့် လူတစ်ဦး၏လက်ထဲမှ ဖားဖိုကြီး ဖြစ်သည်။ ထိုဖားဖိုကြီးမှာ လူအရေခွံဖြင့် ဖုံးအုပ်ထားပြီး လေအိတ်တစ်ခုလို ဖြစ်နေသည်။ ထိုဖားဖိုကို နင်း၍ လွှတ်လိုက်သောအခါ လေထုကို စုပ်ယူသွား၏။ ဖားဖို၏ နှုတ်သီးက လူခေါင်းတစ်ခု ဖြစ်သည်။
ပန်းပဲဆရာနှင့် တူသော လူက ထိုဖားဖို၏ လက်ကိုင်နှစ်ခုကို ကိုင်ထား၏။ သူက ထိုဖားဖိုကို အသုံးပြု၍ ချင်မူ၏ ခြေထောက်အောက်မှ လေထုကို စုပ်ယူကာ သူ့ကို ထိန်းမရ သိမ်းမရ ပြုတ်ကျလာအောင် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
ဘေးဘက်ရှိ ကောက်ရိုးတဲတွင် ခပ်ဝဝ အဒေါ်ကြီးတစ်ဦးက ပေါက်စီထဲ ထည့်ရန် အသားများ စင်းခုတ်နေရာမှ ထလာသည်။ သူမ၏ လက်ထဲမှ ဓားမနှစ်လက်တွင်တော့ သွေးများ စက်လက် စီးကျနေ၏။
ချင်မူ၏ နောက်မှ ဆန်ဖွတ်နေသည့် လူတစ်ဦးက သူ၏ လုပ်လက်စ အလုပ်များကို ရပ်ပြီး မောင်းဆုံထဲမှ မောင်းထောင်းတံကို ထုတ်ယူလိုက်သည်။ ထိုမောင်းထောင်းသံ၏ အောက်တွင် ရေအိုးတစ်လုံးခန့် ရှိသော တူကြီးတစ်လက် ရှိပြီး သွေးများ တစ်စက်စက် စီးကျနေ၏။ ကျောက်ဆုံထဲတွင်တော့ လူဦးခေါင်း တစ်လုံး ရှိနေသည်။
ရွာ၏ အနောက်ဘက်တွင် အပ်ချုပ်သမား တစ်ယောက်က အထည်စများကို ကိုက်ဖြတ်နေသည်။ ထိုအထည်စများကို လူအရေခွံများ ဖြစ်၏။ အပ်ချုပ်သမားက လက်တစ်ဖက်တွင် ကပ်ကြေးကို ကိုင်၍ အခြားတစ်ဖက်တွင် ပေတံကို ကိုင်ကာ ထရပ်လာသည်။
အထည်စများကို ဆေးဆိုးနေသော လူတစ်ဦးမှာလည်း ဆိုးလက်စ အထည်စများကို လှန်း၍ သွေးများဖြင့် ပြည့်နေသည့် အိုးကြီးတစ်လုံးထဲမှ အထည်စများကို ထုတ်ယူလိုက်သည်။ ထိုဆေးဆိုးနေသည့် လူက ချင်မူ ပြုတ်ကျလာသည်ကို မြင်သောခါ သူ့လက်ထဲမှ လူအရေခွံကို ချ၍ သွေးစွန်းသော လက်များကို သူ့ရင်ဘတ်ရှေ့တွင် သုတ်လိုက်သည်။
အိမ်တစ်အိမ်၏ ရှေ့တွင် ဆောင့်ကြောင့် ထိုင်နေသော ကလေးတစ်ဦးကလည်း အပြောင်စားပြီးသော လူလက်ချောင်းရိုး တစ်ချောင်းကို ထွေးထုတ်လိုက်၏။ ဖြူဖြူဝဝ ဝက်ကြီးကလည်း ဖြူရော်ရော် လက်တစ်ချောင်းကို ပါးစပ်ထဲတွင် ကိုက်၍ ဖြတ်လျှောက်သွား၏။ ရွာဝင်ပေါက်မှ အဘိုးကြီးကတော့ လူအရိုးဖြင့် ပြုလုပ်ထားသော ဆေးတံကို ဖွာနေသည်။ သူ ဖွာထုတ်လိုက်သည့် မီးခိုးငွေ့များက လူဦးခေါင်းပုံ ရှိပြီး စူးစူးရှရှ ညည်းညူ အော်ဟစ်သံများ ပေါ်ထွက်လာပြီးမှ လွင့်ပါး ပျောက်ကွယ်သွားသည်။
ရွာသူရွာသားများက တစ်ယောက်ပြီး တစ်ယောက် ထွက်ပေါ်လာပြီး ချင်မူ၏ ရှေ့နောက်၊ ဘေးနှစ်ဘက်ရှိ ပြေးလမ်းကြောင်း အားလုံးကို ပိတ်ဆို့ထားသည်။
ချင်မူ၏ နောက်ကျောမှ ငါးနဂါးက သူ၏ ဓားကို အန်ထုတ်လိုက်ပြီး ဘယ်ဘက်လက်ထဲတွင်တော့ ဝက်ခုတ်ဓားမကို ပြောင်းပြန် ကိုင်ထားလိုက်သည်။
ရုတ်တရက် သူ့ခန္ဓာကိုယ်ထဲမှ ချီစွမ်းအင်များ တစ်ဟုန်ထိုး ထွက်ပေါ်လာပြီး သူ့ကိုယ်ပေါ်ရှိ အဆိပ်နဂါးသွေးဖြင့် နားကန်း ရေးဆွဲပေးခဲ့သော ပန်းချီကားထဲသို့ တိုးဝင်သွားသည်။ ထိုအခိုက်၌ ကြောက်မက်ဖွယ်ကောင်းသော ခွန်အားတစ်ခုက တစ်ကိုယ်လုံးသို့ ပျံ့နှံ့သွားပြီး နဂါးတစ်ကောင်၏ ခွန်အားမျိုး ရလာသည်။ နားကန်း၏ ပန်းချီကားက သူ့ကိုယ်သူ နတ်ဘုရားတစ်ပါးကဲ့သို့ ခံစားရလာစေ၏။
ယခု သူက အရိုးခြောက်အသွင်နှင့် ရှိနေသော်လည်း ဤသည်က အပေါ်ယံအမြင်သာ ဖြစ်သည်။ သူ၏ အသွေးအသားနှင့် အရေပြားများက ရှိနေဆဲ ဖြစ်ပြီး မမြင်ရရုံ ထိတွေ့၍ မရရုံသာ ဖြစ်သည်။
ရွာလူကြီးက သူ့ကို ကောင်းကင်ကိုးဆင့် နတ်ဘုရားမျက်လုံးများ ပြန်ဖွင့်ရန် ပြောစဉ်အခါက ဤအချက်ကို သူ သတိပြုမိခဲ့ခြင်း ဖြစ်သည်။
ယခုအချိန်၌ နားကန်း၏ ပန်းချီကားကို ထုတ်သုံးလိုက်ပြီ ဖြစ်၍ အလွန်တရာ အားကောင်းသည့် ခွန်အား တစ်ရပ်က သူ့တစ်ကိုယ်လုံးသို့ ပျံ့နှံ့သွားကြောင်း ခံစားလိုက်မိသည်။ သူ၏ ချီစွမ်းအင်များကလည်း တစ်ဟုန်ထိုး မြင့်တက်လာ၏။ အဆုံးအစမဲ့ များပြားလှသော ချီစွမ်းအင်များက သူ၏ ခန္ဓာကိုယ်ထဲမှ လျှံထွက်လာပြီး ကြီးမားသော မြွေကြီးတစ်ကောင်အဖြစ် ပြောင်းလဲကာ သူ့ခန္ဓာကိုယ်ကို ရစ်ပတ်သွားသည်။
သူ၏ အရှိန်အဝါ အငွေ့အသက်က သိသိသာသာ မြင့်တက်လာပြီး ခြေထောက်အောက်တွင် ရေခိုးရေငွေ့များ ရုတ်တရက် ထွက်ပေါ်လာကာ ရေလှိုင်းကြီးများအဖြစ်သို့ ပြောင်းလဲသွား၏။ ထိုလှိုင်းလုံးကြီးများထဲတွင် လိပ်နက် တစ်ကောင်ကို ခပ်ဝါးဝါး မြင်ရသည်။
ယခု သူက အဆုံးအစမဲ့ စွမ်းအင်များကို ပိုင်ဆိုင်ထားသော နတ်ဘုရားတစ်ပါးကဲ့သို့ ဖြစ်လာသည်။
သူက ရေကို ထိန်းချုပ်နိုင်သည့် နတ်ဘုရား တစ်ပါးကဲ့သို့ ဖြစ်လာပြီး မြစ်ကြောင်းများကို လက်တစ်ချက် မြှောက်ရုံဖြင့် ပြောင်းလဲပစ်နိုင်သည်ဟု ခံစားမိလာသည်။
ဤတစ်ရွာလုံးကို သတ်၍ ထွက်မည်။
ဤသည်က ချင်မူ၏ ခေါင်းထဲတွင် ရှိနေသည့် တစ်ခုတည်းသော အတွေး ဖြစ်သည်။ မည်သည့်နည်းနှင့်ဖြစ်စေ သူ ဤရွာထဲမှ သူများကို သတ်၍ ထွက်သွားရမည်။
“ဗြိ... ဗြိ... ဗြိ...” သူ့ပတ်ဝန်းကျင်မှ လူအရေခွံ စုတ်ပြဲသံများ ထွက်ပေါ်လာသည်။ ရွာသူရွာသားများ၏ ခန္ဓာကိုယ်မှ လူအရေခွံများ စုတ်ပြဲ ကွာကျသွားပြီး မြင့်မား ကြံ့ခိုင်သော ခန္ဓာကိုယ်ကြီးများ ပေါ်ထွက်လာသည်။ ရွာထဲရှိ လူများက လူများ မဟုတ်ကြ…။ ကောင်းကင်နတ်ဆိုး မျိုးနွယ်များသာ ဖြစ်သည်။
ကလေးများ၊ အမျိုးသမီးများနှင့် အိမ်မွေးဝက်ပင် အသွင်သဏ္ဌာန်များ ပြောင်းလဲသွားပြီး ကောင်းကင်နတ်ဆိုး မျိုးနွယ်၏ ကောင်းကင်နတ်သိုင်း ပညာရှင်များ အဖြစ်သို့ ပြောင်းလဲသွားသည်။ ထိုအထဲတွင် ခုနှစ်စဉ်ကြယ် ကောင်းကင်ရတနာ နိုးထပြီးသော သူများပင် ပါ၏။
လူအရိုးမှ ပြုလုပ်ထားသော ဆေးတံကို ဖွာနေသည့် အဘိုးကြီး တစ်ယောက်သာလျှင် ရွာအဝင်ပေါက်တွင် ထိုင်၍ အသွင်သဏ္ဌာန် ပြောင်းလဲခြင်း မရှိပေ။
“သေပေတော့...”
ချင်မူက အော်ဟစ်၍ ရွာဝင်ပေါက်သို့ တစ်ဟုန်ထိုး ပြေးသွားလိုက်သည်။
သူ ထိုသို့ စတင်လှုပ်ရှားလိုက်သည်နှင့် ကောင်းကင်နတ်ဆိုး မျိုးနွယ်များအားလုံးက ရုတ်တရက် လှုပ်ရှားလာပြီး ဝိုင်းဝန်း တိုက်ခိုက်လိုက်ကြသည်။
ချင်မူ၏ လက်နှစ်ဖက်က ဝှေ့ယမ်းသွားပြီး သူ့လက်ကြားထဲမှ ကြီးမားသော လှိုင်းလုံးကြီးများ ဝုန်းခနဲ ထွက်ပေါ်လာသည်။ ကျယ်ပြန့် အားကောင်းသော မြစ်ပြင်ကြီးက ကြီးမားသော မြွေကြီးတစ်ကောင်ကဲ့သို့ ဝိုင်းအုံလာသည့် ကောင်းကင်နတ်ဆိုး မျိုးနွယ်များ အားလုံးကို ရိုက်သိမ်းသွားသည်။ ထိုမြွေကြီး၏ အမြီးရိုက်ချက်နှင့်အတူ ရွာထဲရှိ အိမ်ခြေများ အားလုံးမှာ ရေလွှမ်း ပျက်စီးသွား၏။
ချင်မူက သူ၏ လက်ချောင်းများကို ဓားအသွင် ပူးကပ်လိုက်ပြီး ရှေ့သို့ ထိုးထုတ်လိုက်ရာ အိမ်ရှေ့စံ ကိုယ်ရံတော်ဓားက မြစ်ကြီးထဲသို့ ပျံသန်း ဝင်ရောက်သွားပြီး ရေထဲတွင် မျောပါနေသော ကောင်းကင်နတ်ဆိုး မျိုးနွယ်များ အားလုံးကို ထိုးစိုက်လိုက်သည်။ သူက ရွာလူကြီး သင်ကြားပေးခဲ့သော အခြေခံ ဓားချက် အားလုံးကို ထုတ်သုံးလိုက်သည်။ သူ၏ဓားချက်တိုင်းက ပြီးပြည့်စုံသော အဆင့်သို့ ရောက်ရန် များစွာ မလိုတော့ပေ။
မြစ်ပြင်ကြီး တစ်ခုလုံးက သွေးများဖြင့် ရဲရဲတောက်သွားပြီး အနီရောင် မြစ်ကြီး တစ်စင်း ဖြစ်သွားသည်။ ထိုမြစ်ကြီးထဲတွင် အလောင်းကောင်များ မျောပါနေသည်။ ၎င်းတို့က သူ သတ်ဖြတ်ခဲ့သည့် ကောင်းကင်နတ်ဆိုး မျိုးနွယ်များ ဖြစ်၏။
ချင်မူ၏ ခြေထောက်အောက်မှ လှိုင်းလုံးတစ်ခု ဟုန်းခနဲ ထလာပြီး လိပ်နက်ကြီးတစ်ကောင် ပေါ်လာကာ သူ့ကို မြစ်ကြောင်းတစ်လျှောက် သယ်ဆောင်၍ ရွာဝင်ပေါက်သို့ ရောက်သွားသည်။ သူ့နောက်တွင်တော့ တစ်ရွာလုံး ပြိုပျက် ကျန်ခဲ့၏။ ရေလှိုင်းများ ဆုတ်ခွာသွားပြီးသည့်နောက် မြေပြင်ပေါ်တွင် အလောင်းကောင်များသာ ကျန်ရစ်ခဲ့တော့သည်။