← Chapters

မိစ္ဆာရှင်းသည့် ကန့်လန့်ဖြတ်ဓား

Vol. 7 Ch. 90

မိစ္ဆာရှင်းသည့် ကန့်လန့်ဖြတ်ဓား

Vol. 7 Ch. 90

နောက်ဆုံးတွင်တော့ လူအရိုးဆေးတံကို ဖွာနေသော အဘိုးကြီးမှာ အမူအရာ ပြောင်းလဲသွားသည်။ ထည်ဝါ အားကောင်းသော အရှိန်အဝါ အငွေ့အသက်ဖြင့် တစ်ဟုန်ထိုး စီးဆင်းလာသော လှိုင်းလုံးကြီးများကို စီးနင်းလိုက်ပါလာသည့် ချင်မူ့ဘက် လှည့်၍ မျက်နှာမူလိုက်သည်။

ရေစီးကြောင်းတစ်ခုက လုံလောက်သော အမြန်နှုန်းရှိလျှင် အရာအားလုံးကို ချိုးဖြတ်ပစ်နိုင်၏။ ပိုင်းဖြတ်ပစ်နိုင်၏။ ဖျက်စီးပစ်နိုင်၏။

ဤသည်က လိပ်နက်ချီစွမ်းအင်၏ အားသာချက်ပင် ဖြစ်သည်။ လိပ်နက်ချီစွမ်းအင်ကို အသုံးပြု၍ ရေကို ထိန်းချုပ်သောအခါ ရေ၏ စီးဆင်းနှုန်းက မျက်တောင်တစ်ခတ်အတွင်း ကိုက်တစ်ရာ့ငါးဆယ်အထိ ရောက်နိုင်သောအခါ သံမဏိကိုပင် လှီးဖြတ်နိုင်ပေလိမ့်မည်။  အရာအားလုံးကို ဖျက်ဆီးပစ်နိုင်ပေလိမ့်မည်။

ချင်မူက လှိုင်းခေါင်းထိပ်ဖျားတွင် စီးနင်း၍ ထိုအဘိုးကြီးထံသို့ ခန့်ညား ထည်ဝါသည့် အသွင်သဏ္ဌာန်ဖြင့် တိုးဝင်လာသည်။

နဂါးသွေးဖြင့် နားကန်း ရေးဆွဲပေးသော ပန်းချီကားကို အသက်သွင်းပြီး ရွှေအ သူ့ခန္ဓာကိုယ်ထဲတွင် မြှုပ်နှံပေးလိုက်သည့် မီးဖိုကြီးနှင့် ပေါင်းစည်းလိုက်သောအခါ ချင်မူမှာ မည်သူ့ကိုမဆို ရင်ဆိုင်နိုင်သည်ဟု ယုံကြည်မှု ရှိလာသည်။

ရွာအဝင်ပေါက်မှ လူအရိုးဆေးတံ ဖွာနေသော အဘိုးကြီးက သူ့လက်ကို မြောက်၍ အားအဟုန် ပြင်းထန်သည့် မြစ်ပြင်ကြီးကို ရိုက်ချလိုက်သည်။ ရှည်လျားသော မြစ်ပြင်ကြီး တစ်ခုလုံးမှာ မြွေကြီးတစ်ကောင် အရုပ်ကြိုးပြတ် ပြုတ်ကျသွားသကဲ့သို့ ရပ်တန့်သွားပြီး နေရာအနှံ့ ရေစက်ရေပေါက်များ ကြဲလွင့် ပွင့်ထွက်သွားသည်။

တစ်ချိန်တည်းမှာပင် ထိုအဘိုးကြီး၏ လက်ချောင်းနှစ်ချောင်းက အိမ်ရှေ့စံ ကိုယ်ရံတော်ဓားကို အသာအယာ ညှပ်၍ ဖမ်းယူလိုက်ပြီး တစ်ဟုန်ထိုး တိုးဝင်လာခြင်းကို ဟန့်တားလိုက်သည်။

“ရွှင်ပျော်ပျော် ကျေးရွာကို တွေ့ခဲ့ရဲ့လား…” အဘိုးကြီးက ဟက်ခနဲ ရယ်လိုက်သည်။

အဘိုးကြီးက အိမ်ရှေ့စံ ကိုယ်ရံတော်ဓားကို ညှပ်၍ ဖမ်းလိုက်သည့် တစ်ခဏ၌ ချင်မူ၏ လက်ဖဝါးက ဓားရိုးကို ဆုပ်ကိုင်ပြီး သူ့တစ်ကိုယ်လုံးရှိ ခွန်အားအကုန်ကို အသုံးပြုကာ ရှေ့သို့ ထိုးစိုက်လိုက်သည်။

အဘိုးကြီး၏ စွမ်းအားက သူ မျှော်မှန်းထားသည်ထက် သာလွန်နေ၏။ သို့သော်လည်း သူ၏ ကောင်းကင်ကိုးဆင့် မျက်လုံးဖြင့် ထိုအဘိုးကြီး၏ ခန္ဓာကိုယ်မှ ခွန်အား အပြောင်းလဲကို မြင်တွေ့ရသည်။

ထိုအဘိုးကြီးက သူ့လက်ကို ပင့်မြောက်၍ မြစ်ရေပြင်ကို ပိတ်ဆို့ တားဆီးပြီး ဓားဦး ထိပ်ဖျားကို လက်ချောင်းဖြင့် ညှပ်၍ ဖမ်းယူလိုက်သည့် အချိန်တွင် သူ့ခွန်အားက အဆုံးစွန်သို့ ရောက်ရှိသွားပြီ ဖြစ်သည်။  ချင်မူ၏ ခန္ဓာကိုယ်ခွန်အားပါ ထပ်ပေါင်း ထည့်လိုက်သောအခါ သူ ခုခံ ကာကွယ်နိုင်သော အကန့်အသတ်ကို ကျော်လွန်သွား၏။

နဂါးသွေးနှင့် ရေးဆွဲထားသော နားကန်း၏ ပန်းချီကားက သူ၏ ခန္ဓာကိုယ်ခွန်အားကို အဆုံးစွန်ထိ မြင့်တက်သွားစေသည်။ သို့ဖြစ်၍ သူ့ခန္ဓာကိုယ်အား သက်သက်ဖြင့် ထုတ်လွှတ်လိုက်သော အားအင်က သူ၏ ချီစွမ်းအင်မှ ထွက်ပေါ်လာသော အားအင်အောက် မကျပေ။

သူဓားဖြင့် ထိုးစိုက်လိုက်သည့် အချိန်တွင် အဘိုးကြီး၏ မျက်နှာမှာ တစ်မုဟုတ်ချင်း ပျက်ယွင်းသွားပြီး သူ၏ လက်ချောင်းများက ဓားဦးထိပ်ဖျားကို ဆက်ညှပ်မထားနိုင်တော့ဘဲ အိမ်ရှေ့စံ ကိုယ်ရံတော်ဓားက သူ့လက်ဖဝါးကို ထွင်းဖောက်၍ ရင်ဘတ်ဆီသို့ တိုးဝင်သွားသည်။

“ခင်ဗျားကို ရွှင်ပျော်ပျော်ကျေးရွာကို အခုပဲ ပို့လိုက်မယ်… အဘိုးကြီး..”

ချင်မူ၏ ခြေထောက်အောက်မှ အားလှိုင်းများ ပေါက်ကွဲထွက်ပေါ်လာပြီး အိမ်ရှေ့စံ ကိုယ်ရံတော် ဓားကို အဘိုးကြီးထံ ပင့်ထိုးလိုက်၏။ ထိုအဘိုးကြီးက နဂိုတွင် ထိုင်လျက်သား ရှိနေရာမှ ယခုအခါ သူ၏ ခြေထောက်များက မြေကြီးထဲသို့ နစ်ဝင်သွားပြီ ဖြစ်သည်။ သို့တိုင်အောင် သူက ချင်မူ၏ အံ့အားသင့်ဖွယ်ကောင်းသည့် အားအင်ကို ခုခံ ကာကွယ်နိုင်စွမ်းမရှိဘဲ သူ့ခြေထောက်နှစ်ချောင်းက နောက်သို့ တစ်ရွတ်တိုက် ရွေ့ပါသွားပြီး မြေကြီးပေါ်တွင် မြေကျင်းအရှည်ကြီးနှ စ်ခု ဖြစ်ပေါ်လာသည်။

“ထန်း...”

အဘိုးကြီး၏ အခြား လက်တစ်ဖက်က လူအရိုး ဆေးတံကို ပင့်မြှောက်၍ အိမ်ရှေ့စံ ကိုယ်ရံတော်ဓားကို ပြင်းထန်စွာ ရိုက်ချလိုက်သည်။ တုန်ခါမှုကြောင့် ချင်မူ၏ လက်များ ထုံကျင်သွားပြီး သူ့ဓားကို ကမန်းကတမ်း လွှတ်ချလိုက်ရ၏။ ထို့နောက် ဓားကို ချီစွမ်းအင်ဖြင့် ထိန်းချုပ်၍ အပေါ်သို့ ပင့်တင်ကာ ရေပြင်ညီအတိုင်း အဘိုးကြီး၏ လည်ပင်းဆီသို့ ဝှိုက်လှီးချလိုက်၏။

ဤသည်က ဝှေ့ယမ်းဓားချက် ဖြစ်သည်။

သူ၏ ဓားသိုင်းမှာ ရွာလူကြီး၏ လမ်းညွှန်မှုကို ရရှိထားသည့်အတွက် ရိုးရှင်းသော ထိုးသွင်းချက်၊ ဝှေ့ယမ်းချက်၊ ခုတ်ပိုင်းချက်တို့သာ ဖြစ်သော်လည်း အလွန်တရာ ကြောက်မက်ဖွယ်ရာ ကောင်းလှသည်။

အဘိုးကြီးက တစ်မုဟုတ်ချင်း ရှောင်လိုက်သော်လည်း အိမ်ရှေ့စံ ကိုယ်ရံတော်ဓားက ဆက်၍ ဝှေ့ယမ်း ခုတ်ပိုင်းလာပြီး သူ၏လည်ပင်းသို့ တိုးကပ်လာသည်။ သို့ဖြစ်၍ သူ့အနေဖြင့် နောက်သို့ ဆုတ်ရုံသာ ရှိတော့၏။

သူ ထပ်၍ ဆုတ်လျှင် သေဆုံးသူတို့၏ ရှင်သန်ရာကမ္ဘာကို အမှတ်အသား ပြုထားသော နယ်နိမိတ် ကျောက်တုံးအထိ ရောက်ရှိသွားပေလိမ့်မည်။ တစ်ချိန်တည်းမှာပင် ပြန့်ကြဲသွားသည့် ရေစက်ရေပေါက်များက ပြန်လည် စုစည်းလာပြီး ကြီးမားသော မြွေကြီးများကဲ့သို့ ထိုအဘိုးကြီးထံ ရစ်ခွေ တိုက်ခိုက်လာသည်။

ရုတ်တရက် အဘိုးကြီး၏ လက်ထဲမှ လူအရိုးဆေးတံက ပျံသန်း ထွက်ပေါ်လာပြီး အိမ်ရှေ့စံ ကိုယ်ရံတော်ဓားကို ကာကွယ် တားဆီးလိုက်သည်။ တစ်ချိန်တည်းမှာပင် ထိုဆေးတံထဲမှ မီးခိုးငွေ့များက ဟုန်းခနဲ ထွက်ပေါ်လာပြီး အရိုးခေါင်းများအသွင် ဖွဲ့စည်းသွားသည်။ ထိုအရိုးခေါင်းများက ကျယ်လောင်စွာ အော်ညည်း၍ ချင်မူ့ထံသို့ ပျံသန်းကာ သူ့ခန္ဓာကိုယ်ထဲသို့ တိုးဝင်၍ ဝိညာဉ်နုတ်ယူရန် ကြိုးစားလိုက်ကြသည်။

ချင်မူက သူ၏ ဝိညာဉ်ကို ကောင်းကင်နတ်ဆိုး သဘာဝပညာဖြင့် ချုပ်နှောင်လိုက်ပြီး ဆေးတံမှ အရိုးခေါင်းများကို စိတ်ကြိုက် ဆွဲဖြဲစေသည်။ သို့သော်လည်း ထိုအရိုးခေါင်းများက သူ့ဝိညာဉ်ကို မည်သို့မျှ ပြုလုပ်နိုင်ခြင်း မရှိပေ။

ထို့နောက် သူက အသက်ပြင်းပြင်း တစ်ချက် ရှု၍ လေပွေတစ်ခု ထသွားအောင် မှုတ်ထုတ်လိုက်သည်။

ဝှစ်…။

မြူခိုးငွေ့များနှင့် အရိုးခေါင်း မီးခိုးငွေ့များ အားလုံးမှာ သူ၏ လေမှုတ်ချက်ကြောင့် လွင့်ပါး ပျောက်ကွယ်သွား၏။ သူက လေထိန်းချုပ်သည့် မှော်သိုင်း ကောင်းကင်နတ်သိုင်းများကို သင်ကြားရခြင်း မရှိသေးသော်လည်း လက်ရှိ သူ၏ ကျင့်စဉ်စွမ်းအင်မှာ နားကန်းနှင့် ရွေအတို့က မြင့်တင်ပေးထားသည် ဖြစ်၍ မမျှော်မှန်း နိုင်လောက်သည့် အဆင့်ထိ ရောက်နေပြီ ဖြစ်သည်။ သို့ဖြစ်၍ သူ၏ အသက်ရှုထုတ်မှု တစ်ခုကပင် ကောင်းကင်နတ်သိုင်းတစ်ခု ဖြစ်လာ၏။

ဆေးတံက အိမ်ရှေ့စံ ကိုယ်ရံတော်ဓားနှင့် တိုက်မိသွားပြီး မီးပွင့်များ ဖွာထွက်လာသည်။ ထိုမီးပွင့်များက အလျံတညီးညီး တောက်လောင်နေသည့် ချောရည်ပူများအဖြစ်သို့ ပြောင်းလဲ၍ ချင်မူ၏ မျက်နှာထံသို့ တိုးဝင်သွားသည်။ ချင်မူက သူ၏ ခြေလှမ်းများကို ယိမ်းထိုး၍ ဝင်ရောက်လာသော မီးဖွာများကို ရှောင်လိုက်ကာ သူ၏ တိုက်ခိုက်မှု အရှိန်အဟုန်ကို မြှင့်တင်လိုက်သည်။

ရေစက်ရေပေါက်များမှ ဖွဲ့တည်လာသော မြွေကြီးများက ထိုအဘိုးကြီး၏ ပတ်ဝန်းကျင်တွင် ရစ်ခွေ တိုက်ခိုက်နေပြီး မရေမတွက်နိုင်သော ရေလှိုင်း ဓားသွားများက သူ့ကို ထိုးစိုက်လိုက်၏။

အဘိုးကြီး၏ ဆေးတံက ရုတ်တရက် ကြီးမားလာပြီး အားကောင်းသည့် လေလှိုင်းတစ်ခုက ထိုရေများ အားလုံးကို စုပ်ယူသွားသည်။ သို့သော်လည်း ထိုဆေးတံအတွင်းမှ မီးများလည်း ငြိမ်းသေသွား၏။

ချင်မူ၏ ခန္ဓာကိုယ်က တစ္ဆေတစ်ကောင်ကဲသို့ တိုးဝင်သွားပြီး သူ၏ လက်များကို လှုပ်ယမ်းလိုက်သည်။ သူက လက်ပွားတစ်ထောင် ရှိသည့် ဗုဒ္ဓတစ်ပါးကဲ့သို့ ဖြစ်လာပြီး ထိုအဘိုးကြီးကို လက်သီး လက်ဝါးများဖြင့် အဆက်မပြတ် တိုက်ခိုက်လာသည်။ သူ၏ လက်သီးချက်များက ရုတ်တရက် ပြောင်းလဲသွားပြီး ထိုလက်သီးချက်များ ကြားတွင် ဓားရောင်များ သိုဝှက် ပါဝင်လာသည်။ ထို့အပြင် မှန်းဆရခက်သော ခြေလှမ်းများနှင့် ပူးတွဲလိုက်သောအခါ သူ၏ တိုက်ခိုက်မှုများက ခုခံ ကာကွယ်ရန် ခဲယဉ်းသွား၏။

အဘိုးကြီးမှာ မည်သို့မျှ မတတ်နိုင်တော့ပဲ အဆက်မပြတ် နောက်ဆုတ်နေရသည်။ သူ၏ ခွန်အားက ချင်မူထက် သာလွန်သော်လည်း ချင်မူ၏ ခြေလှမ်းကွက်များနှင့် လက်သီးသိုင်း၊ ဓားသိုင်းများက မမှန်းဆနိုင်လောက်အောင် ထူးဆန်း၏။ အထူးသဖြင့် အိမ်ရှေ့စံ ကိုယ်ရံတော်ဓားမှာ အလွန်တရာ ထက်ရှလှပြီး သူ၏ ဆေးတံက ခုခံကာကွယ်နိုင်စွမ်းမရှိပေ။ ဤဓားဖြင့် ဖော်ထုတ် လိုက်ခိုက်လာသည့် ဓားကွက်များက အလွန်တရာ ရိုးရှင်းသော်လည်း ထိရောက်၏။ မြန်ဆန်လှသော အရှိန်အဟုန်နှင့် ပြင်းထန်သော အားအင်တို့က သူ၏ ဆေးတံ ခုခံ ကာကွယ်မှုများကြားမှ ထွင်းဖောက်လာပြီး ဟာကွက်များကို ဦးတည် တိုက်ခိုက်နေ၏။

ချင်မူက ထိပ်သီး ဓားပညာရှင် တစ်ယောက်ကဲ့သို့ ဖြစ်နေသည်။ သူ၏ ဓားချက်များက ရိုးရှင်းပြီး အကြမ်းစား ဆန်သော်လည်း သူ့အသွင်သဏ္ဌာန်မှာ ခပ်အေးအေး တိုက်ခိုက်နေသည့် ဓားသိုင်းပညာရှင် တစ်ယောက်နှင့် တူနေ၏။ အခုခံကာကွယ်ရန် ခက်လှသဖြင့် နောက်ဆုတ်ရုံသာ ရှိတော့သည်။

ရွာလူကြီး သင်ကြားပေးထားသည့် အရိုးရှင်းဆုံး ဓားချက်များနှင့် မျက်ကန်း၏ ကောင်းကင်ကိုးဆင့် နတ်ဘုရားမျက်လုံးကို ပေါင်းစပ်လိုက်သောအခါ သူ၏ ဓားခုတ်ချက်တိုင်းက ထိရောက်မှု ရှိနေသည်။

အဘိုးကြီးက နောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်ပြီး သူ၏ မျက်ဝန်းထောင့်တွင် နယ်နိမိတ် ကျောက်တုံးကို ရိပ်ခနဲ မြင်လိုက်ရ၍ ရုတ်တရက် အံ့ဩတုန်လှုပ်သွားသည်။

သေဆုံးသူတို့၏ ရှင်သန်ရာကမ္ဘာ၊ နယ်နိမိတ် ကျောက်တုံး...။

ချင်မူက သူ၏ဓားမကို မြှောက်၍ ရှေ့သို့ တိုးကာ ပင့်ခုတ်လိုက်သဖြင့် အဘိုးကြီးမှာ အနောက်သို့ ဆုတ်လိုက်ရသည်။ သူ့ခြေထောက် နောက်သို့ ဆုတ်သွားသည်နှင့် တစ်ကိုယ်လုံးမှ အသွေးအသားများ ကွယ်ပျောက်သွားပြီး အရိုးဖြူများ အဖြစ် ပြောင်းလဲသွားသည်။

ချင်မူက ရှေ့သို့ တစ်လှမ်းတိုးလိုက်ပြီး သေဆုံးသူတို့ ရှင်သန်ရာ ကမ္ဘာမှ ဖြတ်ကျော်ကာ သူ၏အသွေးအသားများ ပြန်လည်ရရှိလာ၏။

အဘိုးကြီးက စကားတစ်ခွန်းမျှ မဆိုတော့ပဲ နောက်လှည့်၍ ထွက်ပြေးပြီး မြူခိုးပင်လယ်ကြီးထဲသို့ ခုန်ဆင်းသွား၏။ ချင်မူမှာ သူ၏ အသွေးအသားများ ပြန်ရောက်လာ၍ ခွန်အားက တိုးမြင့်လာသည်။ အဘိုးကြီး၏ အသွေးအသားများက ပျောက်ကွယ်သွား၍ သူ့ခွန်အားက လျော့ကျသွား၏။ ယခုပင် ခွန်အားက ညီမျှခြင်းမရှိရာ နောက်ဆုတ်ရုံသာ ရှိတော့သည်။

ချင်မူ သက်ပြင်းချလိုက်သည်။ ဤအဘိုးကြီးက အလွန်တရာ စွမ်းအားကြီးမားလှသည်။ သူတို့ ဤအတိုင်း ဆက်တိုက်နေလျှင် သူ့ခန္ဓာကိုယ်ပေါ်မှ အဆိပ်နဂါးသွေး၏ အာနိသင် လျော့ပါးသွားပါက ချင်မူ သေရပေလိမ့်မည်။

လှေဆိပ်သို့ လျှောက်လမ်းလာလိုက်၏။ မြူခိုးပင်လယ်ကြီးက အဆုံးအစမဲ့ကာ ကမ်းကို မမြင်ရပေ။ ထိုမြူခိုး ပင်လယ်ကြီးအတွင်း၌ မီးအိမ်တစ်လုံး၏ အလင်းရောင်က ခပ်ဖျော့ဖျော့ လင်းနေသည်။

“ရွာလူကြီးက အချိန်မီ ပြန်လာနိုင်ပါ့မလား…”

ချင်မူ နောက်လှည့်၍ ကြည့်လိုက်သောအခါ သေဆုံးသူတို့၏ ရှင်သန်ရာ ကမ္ဘာမှ မည်းမှောင်သည့် မိစ္ဆာတိမ်တိုက်များက ဤနေရာသို့ အဆက်မပြတ် တိုးဝင်လာနေကြောင်း တွေ့ရသည်။ မြို့ထဲမှ အဆင့်မြင့် ပညာရှင်များက ဤနေရာမှ အဖြစ်အပျက်များကို သတိပြုမိသွားပြီး စုံစမ်းစစ်ဆေးရန် လာရောက်ကြခြင်း ဖြစ်မည်။ ထိုမိစ္ဆာတိမ်တိုက်များက ဤနေရာသို့ ရောက်လာရန် ကြာတော့မည် မဟုတ်။

ချင်မူ တစ်ခဏမျှ စောင့်ပြီးနောက် မီးအိမ်နှင့် လှေငယ်လေး ရောက်ရှိလာသည်။ သို့သော်လည်း ရွာလူကြီးက ရောက်မလာပေ။

မိစ္ဆာတိမ်တိုက်များက အလွန်တရာ နီးကပ်နေချေပြီ။ ယခုအချိန်မှ ထွက်မသွားသေးလျှင် ထွက်ခွာရန် အခွင့်အရေး ရတော့မည် မဟုတ်။ ချင်မူက ဖုန်းတု ကြေးပြား တစ်ပြားကို ထုတ်ယူ၍ လှေဆိပ်ရှိ တိုင်လုံးထဲသို့ ရိုက်သွင်းလိုက်ပြီး လှေငယ်လေးပေါ်သို့ တက်လိုက်သည်။

ဝါးခမောက် ဆောင်းထားသော လှေသမားက သူ၏ လှေကို လှော်ခတ်လိုက်ပြီး မြူခိုး ပင်လယ်ထဲသို့ စတင် ရွေ့လျားသွားသည်။ ချင်မူက လှေဦးထိပ်တွင် ရပ်၍ ပြန်လှည့်ကြည့်လိုက်သော်လည်း ရွာလူကြီးကို မမြင်ရသေးသဖြင့် သူ့ရင်ထဲတွင် စိတ်ဓာတ်ကျသွားသည်။

ရွာဘက်ဆီမှ မိစ္ဆာတိမ်တိုက်များက တစ်ဟုန်ထိုး ပြေးလာနေပြီး မကြာမီ လှေဆိပ်သို့ ရောက်ရှိလာ၏။ သို့သော်လည်း လှေငယ်လေးက မြူခိုးငွေ့ထဲသို့ လှော်ခတ်သွားပြီး အစအန ရှာမရအောင် ပျောက်ကွယ်သွားသည်။

“ရွာလူကြီးက စွမ်းအားကြီးပါတယ်လေ… သူ အန္တရာယ်ကင်းကင်း ပြန်ရောက်လာမှာပါ…”

ချင်မူက သူ့ကိုယ်သူ ဖြေသိမ့်၍ လှေဦးထိပ်ရှိ မီးအိမ်အောက်တွင် ထိုင်ချလိုက်သည်။ သူ၏ အိမ်ရှေ့စံ ကိုယ်ရံတော်ဓားကို နောက်ကျောမှ ဖြုတ်ယူလိုက်ပြီး ဒူးနှစ်ဖက်ပေါ်တွင် တင်ထားလိုက်သည်။ ထို့နောက် ရှေ့မှ မြူခိုးငွေ့များကို ငြိမ်သက်စွာ ကြည့်နေလိုက်သည်။ နားကန်း၏ ပန်းချီကားမှ စွမ်းအားက စတင် လျော့ပါးလာပြီး အဆိပ်နဂါးသွေးမှ အာနိသင်ကလည်း တဖြည်းဖြည်း လျော့နည်းလာသည်။ ရွှေအ၏ မီးဖိုကြီးမှာလည်း တဖြည်းဖြည်း အရောင်မှိန်လာပြီး ပျောက်ကွယ်သွားတော့မည်။

လှေငယ်လေးက ရှေ့သို့ ခပ်မှန်မှန် ရွေ့လျားနေသည်။ ရုတ်တရက် လှေအောက်မှ မြူခိုးငွေ့များက အထက်သို့ တစ်ဟုန်ထိုး ထိုးတက်လာပြီး စုတ်ပြဲနေသော အဝတ်အစားများ ဝတ်ဆင်ထားသည့် အရိုးစုတစ်ခုက မြူခိုး ပင်လယ်ထဲမှ ခုန်ထလာကာ ချင်မူ့ကို တိုက်ခိုက်လိုက်၏။

ချင်မူက မျှော်လင့်ထားပြီး ဖြစ်သကဲ့သို့ ထိုမြူခိုးပင်လယ်ထဲမှ အရိုးစု၏ ဦးခေါင်း ပေါ်ထွက်လာသည်နှင့် သူ့ဒူးပေါ်မှ အိမ်ရှေ့စံ ကိုယ်ရံတော်ဓားကို ဆွဲထုတ် ခုတ်ပိုင်းလိုက်သည်။

ခုတ်ပိုင်းဓားချက်..။

ချင်မူက ဆက်လက်၍ ထိုင်နေပြီး ရှေ့သို့ ကြည့်နေသည်။ သူ၏ဓားကတော့ အလျားလိုက် ပိုင်းဖြတ်သွား၏။ အဝတ်စုတ်များ ဝတ်ဆင်ထားသည့် အရိုးစုက သူ၏ လူရိုးခေါင်း ဆေးတံကို ပင့်မြှောက် ကာကွယ်ရန် ကြိုးစားလိုက်သော်လည်း ထိုရင်သပ်ရှုမောဖွယ်ရာ ခုတ်ပိုင်းချက်ကို ခုခံလိုက်နိုင်ခြင်း မရှိပေ။

အိမ်ရှေ့စံ ကိုယ်ရံတော်ဓားက သူ၏ ဆေးတံ မြောက်တက်နိုင်ခြင်း မရှိမီမှာပင် သူ့လည်ပင်းကို ပိုင်းဖြတ်သွား၏။ မျက်စိတစ်မှိတ်အတွင်း၌ သူ့ခေါင်းက ယိမ်းထိုးပြီး မြူခိုးပင်လယ်ထဲသို့ ပြုတ်ကျသွားသည်။ သူ့ခန္ဓာကိုယ်ကတော့ လှေပေါ်တွင်သာ ကျန်ရစ်ခဲ့၏။ ထိုအရိုးစု ခန္ဓာကိုယ်က ခုန်အုပ်တော့မည့် ပုံသဏ္ဌာန်ဖြင့် လှေပေါ်တွင် ရပ်ကျန်ခဲ့သော်လည်း မည်သည့် ခွန်အားမျှ မရှိတော့ပေ။

“ကျုပ်က ခင်ဗျားကို စောင့်နေတာ ကြာပြီ… ခင်ဗျား လှေအောက်မှာ ရောက်နေကတည်းက ကျုပ် ကြည့်နေတာ…”

ချင်မူက သူ၏ ဓားကို ဓားအိမ်ထဲသို့ ပြန်ထည့်လိုက်၏။ သူ၏ နတ်ဘုရားမျက်လုံးမှ ကောင်းကင်ကိုးဆင့် ဝင်္ကပါ အမှတ်အသားများကလည်း တဖြည်းဖြည်း မှိန်ဖျော့ ပျောက်ကွယ်သွားသည်။ အဆိပ်နဂါးသွေးမှ စွမ်းအားနှင့် မျက်ကန်း၏ ပန်းချီကားကလည်း လျင်မြန်စွာ မှိန်ဖျော့လာသည်။ သူ ခေါင်းပြတ် အရိုးစုကို ပြောလိုက်၏။ “ခင်ဗျား မြူခိုးပင်လယ်ထဲကို ခိုးဝင်လာပြီး လှေနောက် လိုက်လာကတည်းက ကျုပ်မျက်လုံးထဲမှာ အကုန် မြင်ခဲ့ရပြီးသား… ခင်ဗျားကိုယ်ခင်ဗျား အသက်ခံဖို့ ကျုပ်ဆီ ရောက်လာမယ့် အချိန်ကို စောင့်နေခဲ့တာ…”

အရိုးစုကြီးမှာ ရုတ်တရက် ခွန်အား ပျောက်ဆုံးသွားသကဲ့သို့ လှေပေါ်သို့ ပြိုကျသွားပြီး အရိုးပုံကြီး ဖြစ်သွားသည်။

ချင်မူက လူရိုးဆေးတံကို လှမ်းကြည့်လိုက်ပြီး တစ်ခဏမျှ တုံ့ဆိုင်းသွားသည်။ ထို့နောက် ပြန့်ကြဲသွားသည့် အရိုးများနှင့် လူရိုးဆေးတံကို မြူခိုးငွေ့ ပင်လယ်ထဲသို့ လွှင့်ပစ်လိုက်၏။ ဤလူရိုးဆေးတံက အိမ်ရှေ့စံ ကိုယ်ရံတော်ဓား၏ ခုတ်ချက်များစွာကို ခံနိုင်သည် ဖြစ်၍ အဆင့်မြင့် ဝိညာဉ်လက်နက် တစ်မျိုး ဖြစ်နိုင်သည်။ သို့သော်လည်း ၎င်းက လူအရိုးမှ ပြုလုပ်ထားသည် ဖြစ်၍ သူ မနှစ်မြို့ဘဲ လွှင့်ပစ်လိုက်ခြင်း ဖြစ်သည်။

“ဘိုးဘိုး ရွာလူကြီး… ဘေးကင်းကင်းနဲ့ ပြန်လာခဲ့ရမယ်…” လူငယ်လေးက မီးအိမ်အောက်တွင် ပြန်ထိုင်၍ သူ့ဓားကို ဒူးပေါ်တွင် တင်ကာ တီးတိုး ရေရွတ်လိုက်သည်။ လှေငယ်လေးက အရိုးဖြူ တောင်တန်းများကြားမှ ဖြတ်သန်း လှော်ခတ်သွားပြီး ဤနေရာ၏ ဝင်ပေါက်ဆီသို့ ရောက်ရှိလာသည်။

သေဆုံးသူတို့၏ ရှင်သန်ရာ ကမ္ဘာတွင်တော့ ဝဲကတော့တစ်ခုက ကောင်းကင်ယံ၌ ရုတ်တရက် ပေါ်ထွက်လာသည်။ ၎င်းက တစ်ဝက်တိတိ ကွဲထွက်သွားပြီး မှင်တက် အံ့သြဖွယ်ရာ ဓားရောင်နှင့်အတူ ရွာလူကြီးက ဝဲကတော့ထဲမှ ထွက်ပေါ်လာ၏။ ထိုဝဲကတော့ထဲမှ သွေးများ စီးကျလာသည်။

သွေးစွန်းနေသော ဝဲကတော့ကြီးက လေထုထဲတွင် လည်ပတ်နေပြီး သွေးများ အဆက်မပြတ် စီးကျနေ၏။ ကောင်းကင်က သွေးများ ယိုစီးနေသကဲ့သို့ ရှိသည်။

ရွာလူကြီးက အနောက်သို့ ပြန်လှည့်ကြည့်၍ သူ၏ လက်ချောင်း ဆယ်ချောင်းကို လှုပ်ရှားလိုက်သည်။ သူ့လက်ချောင်းထိပ်များမှ ဓားရောင်များက ပျံသန်း ထွက်ခွာသွား၏။ ထိုဓားရောင်များက ဝဲကတော့ထိပ်တွင် ပိတ်သွားသည်။ ဝဲကတော့အတွင်းမှ သွေးများမှ ဆက်လက် စီးကျနေပြီး အထဲမှ မကောင်းဆိုးဝါး မိစ္ဆာကြီးတစ်ကောင်က အပြင်ထွက်ရန် အပြင်းအထန် ရုန်းကန်နေသည်။ သို့သော်လည်း ၎င်းကို ရွာလူကြီး၏ ဓားအလင်းရောင်များက ပိတ်ဆို့ထားသဖြင့် တစ်ခဏအတွင်း ထွက်မလာနိုင်ပေ။

ရွာလူကြီးမှာ သက်ပြင်းချလိုက်ပြီး ဖုန်းတု တောင်တံခါးမုခ်ဝဆီသို့ ဦးတည် ပြေးသွားလိုက်သည်။ သူက တောင်တံခါးမုခ်ဝကို ဖြတ်သန်းသွားတော့မည် ပြင်လိုက်စဉ်မှာပင် တောင်ပံတစ်စုံနှင့် ငှက်ခေါင်းရှိသော ဗီဇပြောင်း သတ္တဝါတစ်ကောင်ကို မြင်လိုက်ရပြီး ခြေလှမ်းများ ရုတ်တရက် ရပ်တန့်သွားသည်။ ၎င်းက ခြေတစ်ဖက် ထောက်၍ ရပ်နေပြီး အခြား ခြေတစ်ဖက်က သူ၏ ငှက်မွေးများအောက်တွင် သိုဝှက်ထား၏။

All Chapters