လစောင့်ရှောက်သူ
Vol. 7 Ch. 91
“ဒါက ဖုန်းတု… သက်ရှိတွေ မဝင်ရတဲ့နေရာ…”
ငှက်ခေါင်းနှင့် ထူးဆန်းသော လူက စူးစူးရှရှ ပြောလိုက်သည်။ သူ၏ အသံက ထူးဆန်းနေ၏။ လူသားတစ်ယောက် ပြောသလို မချောမွေ့လှပေ။ “မင်းက အသက်ရှိနေတဲ့ လူတစ်ယောက် ဒီနေရာကို မလာသင့်ဘူး…”
ရွာလူကြီးက တည်ကြည် လေးနက်သော အမူအရာဖြင့် ပြုံးလိုက်သည်။ “ငါက ဒီနေရာတောင် ရောက်နေပြီ…”
ငှက်ခေါင်းနှင့် ထူးဆန်းသောလူက ပြောလိုက်၏။ “မင်း ဒီနေရာက ထွက်သွားချင်ရင် တန်ရာတန်ကြေးပေးမှ ရမယ်”
ရွာလူကြီးက စိတ်ဝင်တစားမေးလိုက်သည်။ “ဘယ်လို တန်ရာတန်ကြေးလဲ...”
“ဖုန်းတုမှာ ငရဲမင်း ရှိတယ်”
ငှက်ခေါင်းနှင့် ထူးဆန်းသောလူက သူ၏ နှုတ်သီးကို ကြည့်နေသကဲ့သို့ ရှိသည်။ “ငရဲမင်းက မင်းကို သတိပြုမိပြီးတော့ မင်းရဲ့အရည်အချင်းကို သဘောကျသွားတယ်... ဒါကြောင့် သူက ဒီတောင်းဆိုမှုကို လုပ်လိုက်တာ... ဒီတောင်းဆိုမှုကို သဘောတူရင် မင်း ဒီကနေ ထွက်သွားလို့ ရမယ်...”
ရွာလူကြီးက အမူအရာ အနည်းငယ် ပြောင်းလဲသွားပြီး ချိုသာစွာ မေးမြန်းလိုက်သည်။ “ဘယ်လို တောင်းဆိုမှုမျိုးလဲ...”
ငှက်ခေါင်းနှင့်လူက တုံ့ပြန်ပြောဆိုလိုက်၏။ “မင်း သေပြီးရင် ဒီနေရာမှာ နေရမယ်”
ရွာလူကြီးက စိတ်ထဲမှ တွေဝေစဉ်းစားပြီး ပြုံးလိုက်သည်။ “သေဆုံးသူတွေရဲ့ ရှင်သန်ရာ ကမ္ဘာ၊ ရှင်သန်သူတွေရဲ့ သေဆုံးရာ ကမ္ဘာ.. ငါ သေဆုံးပြီး ဒီနေရာကို လာနိုင်သေးတယ် ဆိုမှတော့ဘာလို့ ဒီကို မလာဘဲ နေရမှာလဲ... အပြင်ဘက်မှာ အသက်ရှင်တယ် ဆိုတာ ဒီနေရာမှာ သေဖို့ပဲ... အပြင်ဘက်မှာ သေတယ် ဆိုတာက ဒီနေရာမှာ အသက်ရှင်နေတာပဲ... ငါ သေပြီးတဲ့နောက် ဒီနေရာမှာ အသက်ရှင်နေနိုင်တာက ကောင်းတဲ့ ကိစ္စပဲ... ငါ သဘောတူတယ်... ဒါပေမဲ့ နည်းနည်းလောက် မေးလို့ ရမလား”
ငှက်ခေါင်းနှင့် ထူးဆန်းသောလူက သူ၏ ခေါင်းကို တစ်ဘက် စောင်းလိုက်ပြီး တုန့်ပြန်ပြောဆိုလိုက်သည်။ “မေးချင်မေးလို့ ရတယ်... ဒါပေမဲ့ ငါကလည်း ဖြေချင်မှ ဖြေမှာ...”
ရွာလူကြီး ခပ်ဖွဖွ ပြုံးလိုက်၏။ “ရွှင်ပျော်ပျော် ကျေးရွာ ဆိုတာက အဲဒီ လသင်္ဘောလား...”
“မဟုတ်ဘူး..”
ရွာလူကြီးမှာ မှင်တက် အံ့သြသွားပြီး အော်ပြောလိုက်မိသည်။ “အဲဒါက ရွှင်ပျော်ပျော် ကျေးရွာ မဟုတ်ဘူး ဆိုရင် ဘာလို့ မူအာရဲ့ ကျောက်စိမ်းလည်ဆွဲကို ဆွဲဆောင်နေရတာလဲ... ဘာလို့ ကျောက်စိမ်းလည်ဆွဲက ဒီနေရာကို ခေါ်လာရတာလဲ... ပြီးတော့ ဘာလို့ လသင်္ဘောက ဒီနေရာမှာ ပေါ်လာရတာလဲ...”
ငှက်ခေါင်းနှင့်လူက မျက်မှောင်ကြုတ်လိုက်၏။ သူ၏ မျက်လုံးများက နှုတ်သီးများကို တစ်ဖန် ပြန်ကြည့်ကြည့်လိုက်သည်။ ကြည့်ရသည်မှာ ၎င်းက ရွာလူကြီး၏ များပြားလှသော မေးခွန်းများကြောင့် စိတ်အနှောင့်အယှက် ဖြစ်သွားဟန် ရှိသည်။ “လသင်္ဘောပေါ်က လထိန်းကျောင်းသူတွေ အကုန်လုံး သေသွားပြီ... သူတို့ အကုန်လုံးမျိုးတုံးသွားပြီ... လသင်္ဘောကို ဒီနေရာရောက်အောင် နောက်ဆုံး လစောင့်ရှောက်သူက ပို့ခဲ့တာ... သူက လူသေတစ်ယောက် ဖြစ်သွားပြီ... အခု လသင်္ဘောပေါ်မှာ နေနေတယ်... မင်း သူ့ကို သွားမေးလို့ ရတယ်... သူ့မှာ အဖြေရှိရင်ရှိမှာ”
“လူသေတစ်ယောက် ဟုတ်လား... သူက လစောင့်ရှောက်သူလား...” ရွာလူကြီးမှာ စိတ်ရှုပ်ထွေးသွားသည်။
ငှက်ခေါင်းနှင့် လူက ခြေတစ်ဖက်ကို မြောက်၍ သူ့လည်ပင်းမှ အမွေးအတောင်များကို သပ်ချကာ ရွှေရောင် ပိုးကောင်တစ်ကောင်ကို ကုတ်ယူ၍ ပါးစပ်ထဲ ထည့်ကာ စားလိုက်၏။ ထို့နောက် စိတ်မရှည်စွာ ပြောလိုက်သည်။ “မင်း မေးခွန်းတွေ မေးနေတာ များနေပြီ...”
ရွာလူကြီးက ဆက်မေးလိုက်၏။ “အစောက ငါ့ကို တိုက်ခိုက်ခဲ့တဲ့ မိစ္ဆာနတ်ဘုရားကဘာလဲ... ဖုန်းတုက ကောင်းကင်နတ်ဆိုး မျိုးနွယ်ရဲ့ နယ်မြေလား”
“သူက ဒီနေရာမှာ နေတဲ့သူ တစ်ယောက်ပဲ... ဒီနေရာက ငရဲမင်းရဲ့နေရာ... ကောင်းကင်နတ်ဆိုး မျိုးနွယ်ရဲ့ နေရာ မဟုတ်ဘူး”
ငှက်ခေါင်းနှင့် လူက ရွာလူကြီးကို လှည့်မကြည့်တော့ပဲ သူ၏ နှုတ်သီးဖြင့် အမွှေးများကို သပ်ချနေသည်။ “မင်းလည်း နောက်ကျရင် သူ့လို ဒီနေရာမှာ နေရလိမ့်မယ်... ငရဲမင်းက မင်းကို တော်တော်လေး သဘောကျတာ..."
ရွာလူကြီးက လေပူ တစ်ချက် မှုတ်ထုတ်လိုက်၏။ အစက ဤနေရာမှာ မိစ္ဆာနတ်ဆိုးများ၏ ကမ္ဘာဟု ထင်ခဲ့သော်လည်း သူ့အထင် မှားနေပေသည်။ ကြည့်ရသည်မှာ သူ ပိတ်လှောင်ခဲ့သည့် မိစ္ဆာနတ်ဘုရားက သေဆုံးသူတို့၏ ရှင်သန်ရာ ကမ္ဘာတွင် နေထိုင်သော အင်အားကြီး သတ္တဝါတစ်ကောင်သာ ဖြစ်ပေလိမ့်မည်။
သူ ထပ်၍ မေးလိုက်၏။ “ရွှင်ပျော်ပျော် ကျေးရွာက ဘယ်နေရာမှာ ရှိတာလဲ”
ငှက်ခေါင်းနှင့် သတ္တဝါမှာ သူ့ကို စိတ်ရှည် သည်းခံနိုင်စွမ်း မရှိတော့ဟန် ဖြင့် အဝေးသို့ ပျံသန်းထွက်ခွာသွား၏။ “မင်း မေးတဲ့ မေးခွန်းတွေ တအားများနေပြီ... မင်းလိုလူမျိုးကို ငါ အမုန်းဆုံးပဲ... မင့်ကတိကို မမေ့နဲ့... မင်း သေတဲ့အခါကျရင် ငါ လာခေါ်မယ်... မရဏတမန်တော်နောက်ကို လိုက်မသွားနဲ့....”
ရွာလူကြီးမှာ သူ့ကို နှုတ်ဆက်လိုက်ပြီး လသင်္ဘောကို ကြည့်လိုက်၏။ ကြီးမားသော လသင်္ဘောကြီးက ထ၍ ရပ်နေပြီဖြစ်ပြီး တစ်ခြမ်းပဲ့လကြီးကို ဦးတည်ရာမဲ့ ဆွဲသွားသည်။
“ငါတော့ အပြစ်တင် ခံလိုက်ရပြီ... ကြည့်ရတာ အသက်ကြီးလာလို့ ငါလည်း စကားတွေ အများကြီး ပြောမိတယ် ထင်တယ်”
ရွာလူကြီးမှာ ရယ်ရမလား ငိုရမလား မသိတော့ဘဲ လသင်္ဘောထံသို့ လျှောက်သွားလိုက်သည်။ ထိုအချိန်၌ မိစ္ဆာနတ်ဘုရားမှာ ကောင်းကင်ယံရှိ သွေးယိုစီးနေသော ဝဲကတော့ထဲမှ လွတ်မြောက်အောင် ရုန်းကန်နေရဆဲ ဖြစ်သည်။
"ဒီမိစ္ဆာနတ်ဘုရားက လသင်္ဘောကို အသုံးချပြီး ချင်မူ့ကို ဒီကို ရောက်အောင် မျှားခေါ်ခဲ့တာ ဆိုတော့... ရွှင်ပျော်ပျော် ကျေးရွာနဲ့ ပတ်သက်တဲ့ အချက်အလက်တွေ သူ သိလိမ့်မယ် ထင်တယ်... နှမြောစရာ ကောင်းတာက ငါ သူ့ကို ပိတ်လှောင်ထားလို့ပဲ ရတယ်... သူ သိသမျှ ထုတ်ပြောအောင် မမေးနိုင်ခဲ့ဘူး..."
သူ လသင်္ဘောပေါ်သို့ တက်ပြီး လှည့်ပတ် ကြည့်ရှုလိုက်သောအခါ ပျက်စီး ယိုယွင်းနေသော နန်းတော်ရာ များစွာကို မြင်တွေ့လိုက်ရသည်။ နန်းမြို့ရိုးများမှာလည်း ပြိုလဲ ပျက်စီးနေ၏။ မြေပြင်တစ်လျှောက်တွင်လည်း ကြီးမားသော လက်နက်ကြီးများ ပြန့်ကျဲနေသည်။ အတော်များများမှာ လခြမ်းပုံသဏ္ဌာန် လက်နက်များ ဖြစ်ပြီး တချို့ကတော့ ကြေးမုံမှန်ကဲ့သို့ လက်နက်များ ဖြစ်သည်။
ဤနေရာရှိ နန်းတော်ရာများမှာ ကြီးမားလှပြီး သာမန်လူများ နေထိုင်နိုင်သော နေရာ မဟုတ်ပေ။
သူ ပင်မခန်းမကြီးတစ်ခုရှေ့မှ ဖြတ်လျှောက်မိပြီး ထိုခန်းမထဲရှိ ရုပ်ထုများကို လေ့လာရန် ရပ်တန့်လိုက်သည်။
ဤနေရာရှိ ရုပ်ထုများက ခြေသုံးချောင်းရှိသော ကျောက်စိမ်းဖားများ ဖြစ်သည်။ ၎င်းတို့က ခြေသုံးချောင်းရှိပြီး လူခန္ဓာကိုယ်နှင့် ဖားခေါင်းဖြစ်သည်။
“ဟီး... ဟီး... ဟီး...”
ထူးဆန်းသော ရယ်သံတစ်ခုက ခန်းမထဲမှ ထွက်ပေါ်လာသည်။ ထိုအသံက သားချော့တေးတစ်ပုဒ်ကို အက်ကွဲကွဲ သီဆိုနေသည်။ “လှော် လှော် လှော်... လှေကိုလှော်... မြစ်ကို စုန်ဆင်းမည်...”
ရွာလူကြီးက တစ်ခဏမျှ တွေဝေသွားပြီး ထိုအသံကို လျစ်လျူရှုကာ သူ့ရှေ့မှ ခန်းမထဲသို့ ဝင်သွားလိုက်သည်။ ထိုခန်းမက ကြမ်းပြင်တစ်ခုလုံးတွင် အမွေးတိုင်အိုးများ၊ အမွေးတိုင်ပြာများ ပြန့်ကျဲနေသည်။ ကြေးဝါရောင် ကြက်တူရွေးပုံ ထွင်းထုထားသည့် မီးအိမ်များမှာလည်း ကျကွဲနေပြီး ကန့်လန့်ကာများနှင့် ကျောက်စိမ်းကုတင်များမှာလည်း ပြိုလဲပျက်စီးနေသည်။ ကြည့်ရသည်မှာ ဤနေရာတွင် ကြီးမားသည့် အပြောင်းအလဲကြီး တစ်ခု ဖြစ်ခဲ့ဟန် ရှိ၏။
သူက လှည့်ပတ် ကြည့်ရှုပြီး ခန်းမထဲရှိ နံရံပန်းချီကား တစ်ချပ်ထံတွင် ရပ်တန့်လိုက်သည်။ ထိုပန်းချီကားပေါ်တွင် အဖြူရောင် ဝတ်စုံ ဝတ်ဆင်ထားသော မြင့်မားသည့် လူ့ဘီလူးကြီးများက လကို ထိန်းကျောင်းနေကြသည်။ သူတို့က လသင်္ဘောကို မောင်းနှင်၍ ညအခါမှသာ ပေါ်ထွက်လာသည်။
ရက်စက်ကြမ်းကြုတ်သည့် မိစ္ဆာနတ်ဆိုးများစွာက သင်္ဘော၏ အပြင်ဘက်မှ တိုက်ခိုက်နေကြသည်။ သို့သော်လည်း သူတို့အားလုံးကို ဝတ်စုံဖြူဝတ် လူဘီလူးကြီးများက ဓားလှံ၊ လေးမြားများဖြင့် တွန်းလှန် တိုက်ထုတ်နေကြသည်။
အရုဏ်တက်၍ အမှောင်ထုကြီး ဆုတ်ခွာသွားသောအခါ လသင်္ဘောက အသူတရာ ချောက်နက်တစ်ခုထဲသို့ ပြန်သွားသည်။ ထိုအသူတရာ ချောက်နက်က လရေတွင်း ဖြစ်ပေလိမ့်မည်။
ရွာလူကြီးက အနီးကပ် ကြည့်ရှုလိုက်ရာ ထိုလူဘီလူးကြီးများမှာ ခံ့ညားချောမောသော ရုပ်သွင်ရှိကြောင်း တွေ့လိုက်ရသည်။ ၎င်းတို့၏ မျက်ခုံးနှစ်ခုအလယ်၌ လခြမ်းပုံသဏ္ဌာန် အမှတ်အသားရှိသည်ကို တွေ့ရ၏။
"ကြည့်ရတာ ငှက်ခေါင်းနဲ့လူ ပြောတာ မှန်ပုံရတယ်... မူအာက လထိန်းကျောင်းသူ မဟုတ်ဘူး... သူ့နဖူးမှာ လခြမ်းပုံ အမှတ်အသား မရှိဘူး..."
ရွာလူကြီးက ခန်းမထဲ လှည့်ပတ် ကြည့်ရှုလိုက်သော်လည်း ထူးခြားသည့်အရာ ထပ်မတွေ့ရတော့ပေ။ ထို့နောက် ခန်းမအလယ်ရှိ တိုင်လုံးကြီးများထံသို့ လျှောက်လာခဲ့လိုက်သည်။ ထိုတိုင်လုံးကြီးများ၏ ပတ်လည်တွင် သံကြိုးများ ရစ်ခွေနေပြီး ထိုသံကြိုးများ၏ အခြား တစ်ဘက်က ကောင်းကင်ယံတွင် မျောလွင့်နေသော တစ်ခြမ်းပဲ့လကို ချည်နှောင်ထားသည်။
သင်္ဘောက ရွေ့လျားနေသည့်အတွက် ထိုတစ်ခြမ်းပဲ့လမှာ နောက်မှ တရွတ်တိုက် လိုက်ပါလာသည်။ တစ်ခြမ်းပဲ့လက တစ်ဝုန်းဝုန်း ရွေ့လျားလာပြီး ကြီးမားသော မီးလုံးကြီးများက ကောင်းကင်ယံမှ ပြုတ်ကျလာသည်။ ၎င်းတို့က ထိုလပေါ်မှ ကျောက်တုံးများ ဖြစ်ပေလိမ့်မည်။
ဤတစ်ခြမ်းပဲ့လက အနည်းငယ်မျှ လှုပ်ရှားရုံဖြင့် ကျောက်တုံးကျောက်ခဲများ ပြုတ်ကျလာပြီး မီးလုံးကြီးများ ဖြစ်သွားသည်။
တချို့ မီးလုံးကြီးများက လောင်ကျွမ်းပြာကျသွားခြင်း မရှိပဲ ဤနေရာသို့ ပြုတ်ကျကာ ကြမ်းပြင်တွင် အပေါက်ကြီးများ ဖြစ်နေသည်။ လွန်စွာ အန္တရာယ်များလှ၏။
"သကြား တစ်အိတ်၊ သစ်သီး တစ်အိတ်နဲ့... ငါးတစ်ကောင် ချက်ဖို့ ဘွားဘွား ဝယ်လာတယ်... ခေါင်းက မကျက်၊ အမြီးက တူးလို့... ဗိုက်ထဲကို ဝင်သွားတယ်... တဆတ်ဆတ် ခုန်နေတယ်... ဟီး... ဟီး... ဟီး... ဟီး..”
သီချင်းသံက ပို၍ ပို၍ ထူးဆန်းလာသည်။ ရွာလူကြီးက မျက်မှောင်ကြုတ်၍ လှည့်ပတ်ကြည့်ရှုလိုက်သော်လည်း မည်သူ့ကိုမျှ မတွေ့ရပေ။ သူ့ကျောထဲတွင် စိမ့်တက်သွားမိ၏။
ထိုအခိုက်၌ အသံ၏ ရင်းမြစ်ကို တွေ့လိုက်သည်။ တိုင်လုံးကြီးများ၏ အလယ်ရှိ ကြမ်းပြင်တွင် မျက်နှာ တစ်ခု ရှိနေ၏။ ကြီးမားသော မျက်နှာကြီးတစ်ခု ဖြစ်သည်။
ထိုမျက်နှာကြီးက သီချင်းဆိုနေပြီး သူ ဆိုနေသည့် သားချော့တေးက အနည်းငယ် ထူးဆန်းနေ၏။ သူ၏ ဆံပင်မွေးများက ရှုပ်ပွနေပြီး မှန်တစ်ချပ်တွင် ပိတ်မိနေသော အရူးတစ်ယောက်ကဲ့သို့ ဖြစ်နေသည်။ သူ၏ နဖူးတွင်တလခြမ်းပုံ အမှတ်အသား ရှိ၏။
“လထိန်းကျောင်းသူ မျိုးနွယ်က လစောင့်ရှောက်သူလား”
ရွာလူကြီး သက်ပြင်းချ၍ ထိုင်ချလိုက်သည်။ ထို့နောက် ကျောက်တုံးတစ်ခုကို ကောက်ယူ၍ ချင်မူ၏ လည်ပင်းမှ ကျောက်စိမ်း လည်ဆွဲ ပုံသဏ္ဌာန် ထွင်းထုလိုက်ကာ မေးလိုက်သည်။ “လစောင့်ရှောက်သူ... ဒီလို ကျောက်စိမ်းလည်ဆွဲမျိုး အရင်က မြင်ဖူးသလား”
“ဗိုက်ထဲကို ခုန်ချသွားတယ်...” ထိုမျက်နှာကြီးက တစ်ခစ်ခစ် ရယ်မောလိုက်၏။ "တဆတ်ဆတ် ခုန်နေတယ်..."
ရွာလူကြီး မျက်မှောင်ကြုတ်လိုက်သည်။ ဤလထိန်းကျောင်းသူက သင်္ဘောနှင့် အပြီးအပိုင် ပေါင်းစည်းကာ သေဆုံးခဲ့ရခြင်း ဖြစ်မည်။ သူက ရှိသမျှ ခွန်အားကို အကုန်ထုတ်သုံး၍ လသင်္ဘောကို သေဆုံးသူတို့၏ ရှင်သန်ရာကမ္ဘာသို့ ပို့ဆောင်ခဲ့ခြင်း ဖြစ်မည်။ သို့သော်လည်း သူက သင်္ဘော၏ ကိုယ်ထည်ထဲ၌ သေဆုံးခဲ့ရသည်။ သို့ဖြစ်၍ သေဆုံးသူတို့ ရှင်သန်ရာကမ္ဘာတွင် ပြန်ရှင်လာသောအခါ သင်္ဘောကိုယ်ထည်ထဲတွင်သာ ရှင်သန် နေထိုင်ရပြီး အပြင်သို့ ထွက်မလာနိုင်တော့ချေ။
သူက သေဆုံးပြီးနောက် ရူးသွပ်သွား၏။
ရွာလူကြီးက ထရပ်လိုက်ပြီး လှည့်ထွက်သွားတော့မည် ပြင်လိုက်စဉ်မှာပင် ကြမ်းပြင်ပေါ်မှ မျက်နှာကြီးက ပြောလာ၏။ “ရွှင်ပျော်ပျော် ကျေးရွာက ကျောက်စိမ်းလည်ဆွဲပါလား...”
ရွာလူကြီးက ခြေလှမ်းများကို ရပ်တန့်ပြီး တစ်မုဟုတ်ချင်း ပြန်လှည့်လိုက်သည်။ “ရွှင်ပျော်ပျော် ကျေးရွာက ဘယ်နားမှာလဲ ဆိုတာ သိလား...”
“ဒါပေါ့...သိတာပေါ့...”
ကြမ်းပြင်ပေါ်မှ မျက်နှာက အနည်းငယ် စိတ်ပြန်မှန်လာပုံ ရသည်။ “ငါတို့ လထိန်းကျောင်းသူတွေက ရွှင်ပျော်ပျော် ကျေးရွာကပဲ... လစောင့်ရှောက်သူရဲ့ အထိမ်းအမှတ် အဆောင်က ရွှင်ပျော်ပျော် ကျေးရွာက လုပ်တာ... လသင်္ဘောကလည်း ရွှင်ပျော်ပျော် ကျေးရွာက... ဟုတ်ပြီ... လထိန်းကျောင်းသူတွေ... လထိန်းကျောင်းသူတွေ...”
သူက တဟားဟား ရယ်မောလိုက်ပြီး မျက်ရည်များ စီးကျလာသည်။ “သေကုန်ပြီ... သူတို့အကုန်လုံး သေကုန်ပြီ... သူတို့အလောင်းတွေက ရုပ်လုံးပေါ်အောင်တောင် တွဲဆက်လို့ မရတော့ဘူး... ဟား... ဟား... သူတို့ သေကုန်ပြီ... ငါ ပြေးတယ်... ငါ ပြေးတယ်... ငါ ကြောက်တယ်... ငါ သူတို့ကို ထားခဲ့တယ်... အီး... ဟီး... ဟီး...”
ရွာလူကြီးက မေးလိုက်၏။ “ရွှင်ပျော်ပျော် ကျေးရွာက ဘယ်မှာ ရှိတာလဲ”
“ဘွားဘွားက ငါ့ကို လူလိမ္မာလေးလို့ ချီးကျူးတယ်...”
ရွာလူကြီး သက်ပြင်းချလိုက်သည်။ ထပ်မေး၍ မရတော့မှန်း သိသဖြင့် ပြန်လှည့်ထွက်လာခဲ့သည်။
သူက လှေဆိပ်သို့ ရောက်လာပြီး သူ့ခြေလက်များက ပြန်၍ ပျောက်ကွယ်သွားသည်။ စိတ်ထဲမှ ကြိတ်၍ သက်ပြင်းချလိုက်၏။ လှေဆိပ်ရှိ သစ်သားတိုင်တွင် စိုက်ဝင်နေသော ရွှေပြားကို မြင်သောအခါ သူပြုံးလိုက်မိသည်။ “မူအာက တကယ့်ကို အမျှော်အမြင်ရှိတာပဲ...”
သူက ခပ်ဖျော့ဖျော့ လင်းလက်နေသော ရွှေပြားကို ဆွဲထုတ်ယူလိုက်၏။ ရွာလူကြီးက ထိုရွှေပြားကို မြူခိုးငွေ့များကြားထဲသို့ ဝှေ့ယမ်းပြလိုက်သောအခါ မီးအိမ် ချိတ်ဆွဲထားသော လှေငယ်လေး တစ်စီး လှော်ခတ်လာ၏။
ရွာလူကြီးက ထိုလှေပေါ်သို့ တက်လိုက်ပြီးနောက် လှေဦးထိပ်တွင် ရပ်လိုက်သည်။ ဤဆန်းကြယ်သော နေရာတွင် အဖြေရှာ မရသေးသော ဆန်းကြယ်မှု များစွာ ရှိနေသည်။ သူ့အနေနှင့် နောင်တစ်ချိန် အခွင့်အရေး ရလျှင် ဤနေရာသို့ လာ၍ ထိုဆန်းကြယ်မှုများကို အဖြေရှာရပေအုံးမည်။ သို့သော်လည်း ထိုအချိန်က သူသေဆုံးပြီးမှသာ ဖြစ်ပေလိမ့်မည်။
“လင်ကျင့်က တကယ့်ကို လွတ်လပ် ပေါ့ပါးတာပဲ... ဒီနေရာ အကုန်လုံးကို လျှောက်သွားပြီး ထူးဆန်းတဲ့ အရာတွေ မြင်တွေ့ခဲ့ရမှာ... ငါလည်း သေမှပဲ ဒီဝန်ထုတ်ဝန်ပိုးတွေကနေ လွတ်တော့မယ် ထင်တယ်..."
ထို့နောက် ကြိတ်၍ သက်ပြင်းချလိုက်သည်။ “ငါ သေသွားရင် ဒီသေဆုံးသူတွေရဲ့ ရှင်သန်ရာ ကမ္ဘာမှာပဲ နေရတော့မယ်... လောကကြီးရဲ့ တခြား အဆန်းတကျယ် နေရာတွေကို လည်ပတ်လို့ မရတော့ဘူး...”
လှေငယ်လေးက မြူခိုးပင်လယ်၏ ဝင်ပေါက်သို့ လှောခတ်လာသည်။ ရွာလူကြီးမှာ ချင်မူ အသည်းသန် ပြေးလွှားနေသည်ကို မြင်လိုက်ရ၏။ ချင်မူက မဟာ ဉာဏ်အလင်းဖွင့် ကောင်းကင်ကျမ်းစာကို ငွေရောင်ကြိုးများအဖြစ် ပြောင်းလဲ၍ သူ့ထံသို့ ခုန်ဝင်လာသော အရိုးခြောက်များကို ထိုးဖောက် ခုတ်ပိုင်းနေသည်ကို မြင်လိုက်ရမှ ရွာလူကြီး သက်ပြင်းချလိုက်မိသည်။
လှေငယ်လေး ကမ်းကပ်လာသည်ကို မြင်သောအခါ ချင်မူမှာလည်း သက်ပြင်းချပြီး စိတ်အားတက်ကြွလာသည်။ ယခု သူ့တွင် မဟာ ဉာဏ်အလင်းဖွင့် ကောင်းကင်နတ်ဆိုး ကျမ်းစာနှင့် ဧကရာဇ်တံဆိပ်ပြားသာ ကျန်တော့သည်။ သို့ဖြစ်၍ အရိုးခြောက်များ၏ တိုက်ခိုက်မှုကို ခုခံကာကွယ်နိုင်သည် ဆိုရုံမျှသာ ခုခံကာကွယ် နိုင်တော့၏။
ထိုအခိုက်၌ သူတို့၏ နောက်ကွယ်မှ ဆန်းကျယ်သော လောကကြီးမှာ တဖြည်းဖြည်း မှုန်ဝါးလာပြီး ကြက်တွန်သံတစ်သံ ထွက်ပေါ်လာသည်။
"သေစမ်း... အရုဏ်တက်ပြီ..."
ရွာလူကြီး၏ အမူအရာ ပျက်ယွင်းသွားပြီး တစ်မုဟုတ်ချင်း လေထဲသို့ ခုန်တိုက်လိုက်၏။ ထို့နောက် ချင်မူ့ကို ဆွဲခေါ်ကာ အပြင်ဘက်သို့ အသည်းအသန် ပြေးလွှားသွားတော့သည်။
သူတို့ နှစ်ယောက် ဤဆန်းကျယ်သော ကမ္ဘာမှ အလျင်အမြန် ပြေးထွက်လာရင်းနှင့် ချင်မူ၏ ခြေထောက်က မာန်ဟုန်မြစ် မျက်နှာပြင်ပေါ်သို့ နစ်ဝင်သွားပြီး သူ့ခြေထောက်အောက်၌ လှိုင်းများထသွား၏။ သူတို့က မန်ဟုန်မြစ်သို့ ပြန်ရောက်လာချေပြီ။ နောက်သို့ ပြန်လှည့်ကြည့်လိုက်သောအခါ ဆန်းကျယ်သော လောကကြီးက မြူခိုးများဖြင့် ရေးဆွဲထားသော ပန်းချီကား တစ်ချပ်ကဲ့သို့ ဖြစ်လာပြီး လေပွေ တစ်ချက် အဝှေ့တွင် ထိုပန်းချီကားက တစ်မုဟုတ်ချင်း ပျောက်ကွယ်သွားသည်။ ကျောက်စိမ်းလည်ဆွဲမှာလည်း အသက်မဲ့သွားသကဲ့သို့ ငြိမ်သက်သွား၏။
အမှောင်ထုကြီး ဆုတ်ခွာသွားသောအခါ ထိုလောကကြီးက တစ်ကြိမ်တစ်ခါမှ မတည်ရှိခဲ့ဖူးသကဲ့သို့ မဟာမြို့ပျက်မှ ပျောက်ကွယ်သွားသည်။
နောက်တစ်ည ရောက်သည့်အခါတွင် ဤလောက၏ ဝင်ပေါက်က ပြန်ပေါ်လာပေလိမ့်မည်။ သို့သော်လည်း ထိုဝင်ပေါက်က မည်သည့်နေရာတွင် ပေါ်လာမည် ဆိုခြင်းကိုတော့ မည်သူမျှ မသိကြပေ။