စမ်းသပ်မှုဖျက်ဆီးရာတွင်အထူးကျွမ်းကျင်သူ
Vol. 7 Ch. 92
ချင်မူက သူ့လက်ဖဝါးကို ဆန့်ထုတ်၍ လေထုကို ထိကြည့်လိုက်၏။ ထိုကမ္ဘာလောက၏ တည်ရှိမှု အရိပ်အယောင်ကိုပင် မတွေ့ရတော့ချေ။
ရွာလူကြီးက တစ်ခဏမျှ ချီတုံချတုံ ဖြစ်နေသော်လည်း အဆုံးတွင်တော့ ချင်မူ့ကို သေဆုံးသူတို့၏ ရှင်သန်ရာ ကမ္ဘာ၌ ကြုံတွေ့ခဲ့ရသည်များ ပြောပြလိုက်သည်။ ချင်မူမှာ မျက်လုံး အပြူးသားနှင့် နားထောင်နေမိ၏။ ရွာလူကြီးက ထိုသို့သော အဖြစ်အပျက်မျိုး ကြုံတွေ့ခဲ့ရသည်တဲ့လား...။
"သေဆုံးသူတွေရဲ့ ရှင်သန်ရာ ကမ္ဘာမှာ ငရဲမင်း တစ်ယောက် ရှိတယ်... အဲဒီနေရာက ကောင်းကင်နတ်ဆိုး မျိုးနွယ်တွေရဲ့ ကမ္ဘာ မဟုတ်နိုင်တော့ဘူး... အမှောင်ထုကြီး မကျလာခင်က မဟာ မြို့ပျက်မှာ ရှိခဲ့တဲ့ နေရာတစ်ခု ဖြစ်လိမ့်မယ်..."
ရွာလူကြီးက ဝေဖန် ပိုင်းခြားပြလိုက်၏။ "သေဆုံးသူတွေရဲ့ ရှင်သန်ရာ ကမ္ဘာက ငရဲမင်းကလည်း နေစောင့်ရှောက်သူနဲ့ လစောင့်ရှောက်သူတို့လိုမျိုး လောက အစောင့်အရှောက် တစ်ယောက် ဖြစ်လိမ့်မယ်... ဒါပေမဲ့ ရွှင်ပျော်ပျော်ကျေးရွာက အဲဒီနေရာမှာ မရှိဘူး... ငှက်ခေါင်းနဲ့ လူဆီကလည်း ငါ အဖြေမရလိုက်ဘူး... သေဆုံးသူတွေရဲ့ ရှင်သန်ရာ ကမ္ဘာကို မင်းရဲ့ ကျောက်စိမ်းလည်ဆွဲ ခေါ်လာတဲ့ အကြောင်းရင်းက... အဲဒီ ကျောက်စိမ်းလည်ဆွဲနဲ့ လသင်္ဘော နှစ်ခုစလုံး ရွှင်ပျော်ပျော်ကျေးရွာက လာတာမို့လို့ ဖြစ်လိမ့်မယ်..."
သူ သက်ပြင်းချလိုက်၏။ "မဟာမြို့ပျက်ရဲ့ လောကကြီးက ကျယ်ပြန့်လွန်းတယ်... ငါ ဒီနေရာမှာ နေလာတာ ကြာလှပြီ... ကမ္ဘာတွေ အလွှာအထပ်ထပ် ရှိနေမယ်လို့ မထင်ခဲ့မိဘူး... အနည်းဆုံးတော့ လောက သုံးလွှာ ရှိလိမ့်မယ်..."
ချင်မူက ခေါင်းညိတ်လိုက်သည်။ နေ့အခါကာလ၏ မဟာမြို့ပျက်၊ ညအခါကာလ၏ အမှောင်ဘုံနှင့် ထိုအမှောင်ဘုံထဲတွင် ပေါ်ထွက်လာသော သေဆုံးသူတို့၏ ရှင်သန်ရာ ကမ္ဘာ...။ ဤညတွင် သူတို့ မဟာမြို့ပျက်၏ လောက သုံးလွှာကို မြင်တွေ့ခဲ့ရသည်။ ဤဆန်းကြယ်သော ဖြစ်ရပ်များအကြောင်း အခြားသူများကို ပြောပြလျှင် ယုံနိုင်ကြလိမ့်မယ် မဟုတ်။
သူတို့ အပြန်လမ်းတွင် မရဏတမန်တော်နှင့် ဆုံတွေ့ခဲ့သော ရွာကလေးကို ဖြတ်သွားရ၏။ ချင်မူ ခဏရပ်၍ ထိုရွာကလေးကို ကြည့်လိုက်သောအခါ ပျက်စီးယိုယွင်းနေပြီး ပင့်ကူအိမ်များ ဖုံးလွှမ်းနေသည်ကို တွေ့ရသည်။ ဤနေရာတွင် မည်သူမျှ မနေသည်မှာ ကြာပြီဖြစ်ကြောင်း ထင်ရှား၏။
သို့သော်လည်း မနေ့ညကမူ ဤသို့ မဟုတ်ချေ။ မနေ့ညက ဤနေရာတွင် အဘိုးကြီး တစ်ဦး မီးအိမ်ကို ဘေးတွင်ချ၍ စက္ကူလှေများ ခေါက်နေခဲ့သည်။ မဟာမြို့ပျက်တွင် နားလည်ရခက်သည့် လျှို့ဝှက်ဆန်းကြယ်သော အရာများစွာ ရှိနေ၏။
"သေဆုံးသူတွေရဲ့ ရှင်သန်ရာ ကမ္ဘာနဲ့ မရဏ တမန်တော်တွေက ဆက်စပ်မှု ရှိလား..." ချင်မူက မေးလိုက်၏။
ရွာလူကြီးက ခေါင်းခါယမ်းလိုက်သည်။ "ငါလည်း သေချာ မသိဘူး... ဒါပေမဲ့ ငါ မြင်ရသလောက် မရဏ တမန်တော်တွေက သေဆုံးသူတွေရဲ့ ရှင်သန်ရာ ကမ္ဘာနဲ့ မသက်ဆိုင်ဘူး... သေဆုံးသူတွေရဲ့ ရှင်သန်ရာ ကမ္ဘာက ငရဲမင်းက မဟာမြို့ပျက်ရဲ့ ငရဲမင်းပဲ ဖြစ်လိမ့်မယ်... အပြင်လောကမှာလည်း ဒီလိုရွာမျိုးနဲ့ မရဏ တမန်တော်တွေကို တွေ့ခဲ့ဖူးတယ်... သူတို့က မြေအောက်ဘုံရဲ့ နတ်ဘုရားတွေ ဖြစ်လိမ့်မယ်..."
ချင်မူ ခေါင်းကုပ်လိုက်မိသည်။ မြေအောက်ဘုံ...၊ သေဆုံးသူတို့၏ ရှင်သန်ရာ ကမ္ဘာ...၊ မရဏ တမန်တော်...။ စဉ်းစားလေလေ ရှုပ်ထွေးလာလေလေ ဖြစ်ပြီး သူ့ခေါင်းတစ်ခုလုံး ပွင့်ထွက်သွားတော့မလို ဖြစ်လာသည်။
"ရွှင်ပျော်ပျော်ကျေးရွာက ဒီသေဆုံးသူတွေရဲ့ ရှင်သန်ရာ ကမ္ဘာထက် ပိုရှုပ်ထွေးတယ်... ဒီလို လျှို့ဝှက်ဆန်းကြယ်တဲ့ နေရာ တစ်ခုကို ငါတို့ အချိန်နည်းနည်းလေးနဲ့ ရှာတွေ့နိုင်မှာ မဟုတ်ဘူး..."
ရွာလူကြီးက စကားဆက်လိုက်၏။ "မူအာ... မင်းရဲ့ မိသားစုကို ရှာတွေ့ဖို့ အချိန်တစ်ခု စောင့်ရဦးမယ် ထင်တယ်...၊ မပူပါနဲ့... ရွှင်ပျော်ပျော် ကျေးရွာက မဟာမြို့ပျက်ထဲမှာ ရှိနေသရွေ့ သေချာပေါက် ရှာတွေ့မှာပါ..."
ချင်မူ ခေါင်းညိတ်လိုက်၏။ "ကျွန်တော် စွမ်းအားကြီးလာတဲ့ တစ်နေ့၊ ကျွန်တော့်ရဲ့ မိသားစုကို ကိုယ်တိုင် သွားရှာနိုင်ပါလိမ့်မယ်... ရွာလူကြီး... ကျွန်တော်..."
သူက တစ်ခဏမျှ တွန့်ဆုတ်နေသော်လည်း ရွာလူကြီးက သူ ပြောချင်သည်ကို နားလည်ဟန်ဖြင့် ပြုံးလိုက်သည်။ "မင်းက မဟာမြို့ပျက်ကနေထွက်ပြီး အပြင်လောကမှာ အတွေ့အကြုံ ရှာချင်တာ မဟုတ်လား..."
ချင်မူ မျှော်လင့်တကြီး ခေါင်းညိတ်လိုက်သည်။
"ကောင်းကင်နတ်ဆိုးဂိုဏ်းရဲ့ ဂိုဏ်းချုပ်က မင့်အတွက် စာပို့လိုက်သလို အဘွားစစ်ဆီကိုလည်း စာတစ်စောင် ပို့ထားပါတယ်... အဲစာကို ငါလည်း ကြည့်လိုက်ရတယ်... သူက လူ့လောကမှာ ဆက်နေဖို့ ခုနစ်နှစ်ပဲ ကျန်တော့တယ်... သူ့အနေနဲ့ မင်းကို သူနဲ့ တွေ့ဖို့ ထာဝရ ငြိမ်းချမ်းရေး အင်ပါယာကို လာစေချင်တာ သဘာဝကျပါတယ်..."
ရွာလူကြီးက ခပ်အေးအေး ပြောလိုက်၏။ "မိုးကုပ်စက်ဝိုင်းကို မြင်တွေ့ဖို့အတွက် တစ်ချိန်ချိန်မှာတော့ ငှက်ပေါက်လေးတွေဟာ အိမ်ကနေ ထွက်ရလိမ့်မယ်... အမှောင်ထုထဲကို မဝင်ခင်ကတည်းက ဆေးဆရာ၊ အဘွားစစ်၊ ကျန်တဲ့သူတွေနဲ့ ငါ တိုင်ပင်ပြီးပါပြီ... သူတို့ အားလုံး သဘောတူကြပါတယ်..."
ချင်မူ၏ မျက်လုံးများ အရောင်တောက်သွား၏။ ရွာလူကြီးက ဆက်ပြောလိုက်သည်။ "သူတို့က ပြောကြတယ်... သူတို့ရဲ့ စမ်းသပ်မှုတွေကို မင်း ကျော်ဖြတ်နိုင်ရင် ရွာကနေထွက်ပြီး အတွေ့အကြုံ ရှာခွင့်ပြုမယ်တဲ့..."
ချင်မူ စိတ်ပျက်သွား၏။ မည်သို့ပင် ဖြစ်စေ သူက ရွာမှ ထွက်ခွာရန် စမ်းသပ်မှုများကို ကျော်ဖြတ်ရဦးမည်။
ရွာလူကြီးက ပြုံးလိုက်၏။ "ပြီးတော့ ငါက မင်းရဲ့ နဝမမြောက် စမ်းသပ်မှုပဲ... မူအာ... ဒီစမ်းသပ်မှု ကိုးခုစလုံးကို ကျော်ဖြတ်နိုင်ရင် မင်း အရွယ်ရောက်ပြီလို့ သတ်မှတ်လို့ ရပြီ... မင်းရဲ့ အတောင်ပံတွေကို စိတ်ကြိုက် ဖြန့်ကျက်လို့ ရပြီ..."
ချင်မူ၏ မျက်နှာမှာ ပို၍ မည်းမှောင်သွားသည်။ အဘိုးကြီးမာနှင့် ကျန်သူများ၏ စမ်းသပ်မှု ရှစ်မျိုးကပင် အလွန်တရာ ခက်လှပြီ ဖြစ်သည်။ ရွာလူကြီးကပါ စမ်းသပ်ဦးမည် ဆိုခြင်းက သူ့ကိုယ်သူ မကျော်ဖြတ်နိုင်သည့် တောင်နံရံကြီးကို မော့ကြည့်နေရသလို ခံစားရလာ၏။ ထိုစမ်းသပ်မှု ခုနစ်မျိုးကို သူ မည်သို့ ကျော်ဖြတ်နိုင်ပါမည်နည်း...။
ရုတ်တရက် ချင်မူ သူ၏ မျက်ခုံး နှစ်ခု အလယ်မှ ပူနွေးမှု တစ်ခု စီးဆင်း ထွက်ပေါ်လာပြီး တစ်ကိုယ်လုံးသို့ ပျံ့နှံ့သွားကြောင်း ခံစားလိုက်မိသည်။ သူ၏ စိတ်အလျဉ်နှင့် ခန္ဓာကိုယ် အစိတ်အပိုင်းအားလုံး သက်သောင့်သက်သာ ရှိလာပြီး သူ၏ ချီစွမ်းအင်က အလိုအလျောက် အားအဟုန် ပြင်းထန်စွာ လည်ပတ်လာသဖြင့် လွှတ်ခနဲ အော်ဟစ်လိုက်မိသည်။
ရွာလူကြီး၏ အမူအရာမှာလည်း ပြောင်းလဲသွား၏။ သူ့ဘေးရှိ လူငယ်လေး၏ ခန္ဓာကိုယ်မှ အားကောင်းသည့် ချီစွမ်းအင်ကို အာရုံခံလိုက်မိသည်။ ထိုလူငယ်လေး၏ မျက်ခုံး နှစ်ခု အလယ်တွင် နေလုံး အငယ်စားလေး တစ်ခု သိုဝှက်စွာ တည်ရှိနေသကဲ့သို့ ခံစားရလာသည်။
"မူအာ... မင့်ရဲ့ ဝိညာဉ် သန္ဓေသား ပြန်နိုးထလာပြီလား..." ရွာလူကြီးက မေးလိုက်သည်။
ချင်မူက ပြန်ဖြေလိုက်၏။ "နိုးထလာပြီ... ကျွန်တော့် ဝိညာဉ်သန္ဓေသားက ဘာမှ ထူးထူးခြားခြား ပြောင်းလဲသွားတဲ့ ပုံတော့ မရှိဘူး... ကျွန်တော့် ချီစွမ်းအင်ကပဲ နည်းနည်း ထူးခြားနေတာ..."
ရွာလူကြီးမှာ သူ လုပ်ကြံ ပြောဆိုခဲ့သည့် လောကသခင် ခန္ဓာကိုယ်နှင့် ပတ်သက်၍ ဘာမျှ သိရှိသူ မဟုတ်သဖြင့် ကူညီ ထောက်ပြပေးလိုသော်လည်း မည်သည်ကိုမျှ အကူအညီ မပေးနိုင်ချေ။ သူ့အနေဖြင့် နှစ်သိမ့်အားပေးရုံသာ တတ်နိုင်၏။ "လေးကြိမ်တိတိ နိုးထလာတဲ့ ဝိညာဉ် သန္ဓေသားမျိုးကို ငါလည်း မမြင်ဖူးဘူး... ဒါပေမဲ့ ကောင်းတဲ့ ပြောင်းလဲမှုမျိုးဆို စိတ်ပူစရာ မရှိပါဘူး... မင်းရဲ့ ချီစွမ်းအင် အပြောင်းအလဲက ကောင်းတဲ့ အပြောင်းအလဲလား..."
ချင်မူက ခေါင်းညိတ်လိုက်သဖြင့် ရွာလူကြီး ပြုံးလိုက်သည်။ "အဲဒါဆို ကောင်းတာပေါ့..."
ဒုက္ခိတဘိုးဘွား ကျေးရွာ...။
အမှောင်ထုက ဆုတ်ခွာသွားပြီး မနက်ခင်း၏ နေမင်းက မြင့်တက်လာချေပြီ။ အချိန်ကာလက နွေဦးပေါက်၏ သုံးလမြောက်သို့ ရောက်နေပြီ ဖြစ်သော်လည်း မနက်ခင်း လေထုက အေးစိမ့်စိမ့်သာ ရှိသေး၏။ ချင်မူ မနက်စောစော နိုးထလာပြီး ရွာထဲရှိ ရေတွင်းမှ ရေတစ်ပုံးခပ်ကာ အပေါ်ပိုင်း ဗလာကျင်းနေသည့် သူ့ကိုယ်ပေါ်သို့ လောင်းချလိုက်ပြီး သူ့ကိုယ်သူ လန်းလန်းဆန်းဆန်း ဖြစ်သွားအောင် ပြုလုပ်လိုက်သည်။
သူ၏ ချီစွမ်းအင်က မီးငှက် ချီစွမ်းအင်အဖြစ် ပေါက်ကွဲ ထွက်ပေါ်လာပြီး သူ့ကိုယ်ပေါ်မှ ရေများ အငွေ့ပျံသွား၏။ မကြာမီ အချိန်အတွင်း၌ တက်ကြွ လန်
ဆန်းသွားသည်။
"မူအာ... ငါ့ပေါ်ရော ရေတစ်ပုံး လောင်းလိုက်စမ်းပါ..." သားသတ်သမားက သူ့လက်များကို ထောက်၍ သူ့ကိုယ်သူ မတ်မတ်ဖြစ်အောင် ပြုပြင်လိုက်သည်။
ချင်မူက နောက်ထပ် ရေတစ်ပုံး ခပ်ပြီး သားသတ်သမား၏ ခေါင်းပေါ်မှ လောင်းချပေးလိုက်၏။
"ဟား... လန်းသွားတာပဲ..."
သားသတ်သမား၏ ခန္ဓာကိုယ် ပတ်ပတ်လည်တွင် မီးတောက်မီးလျှံများ ပေါ်ထွက်လာပြီး သူ့ကိုယ်ပေါ်မှ ရေများက အဖြူရောင် အခိုးအငွေ့များအဖြစ် ပြောင်းလဲသွား၏။ ထို့နောက် သူ့လက်များကို ဝှေ့ယမ်းလိုက်သည်။ ဝက်ခုတ်ဓားမက သူ့လက်ထဲသို့ ပျံဝဲ ရောက်ရှိလာ၏။ သူက ထိုဓားမကြီးကို ကိုင်၍ ရေငွေ့များ ကွယ်ပျောက်သွားခြင်း မရှိသေးမီ သူ့မုတ်ဆိတ်မွေး၊ ပါးမြိုင်းမွေးများကို အလျင်အမြန် ရိတ်လိုက်သည်။
အဘိုးကြီးမာက သူ့အခန်းတံခါးကို တွန်းဖွင့်၍ တံခါး နှစ်ချပ်ကို ဘေးနားတွင် ထောင်လိုက်သည်။ သူက ပျင်းပျင်းရိရိ အညောင်းဆန့်လိုက်သဖြင့် သူ့တစ်ကိုယ်လုံးမှ အရိုးအဆစ်များ တဂျွတ်ဂျွတ် မြည်သွား၏။ အစိမ်းရောင် နဂါး တစ်ကောင်က သူ့ခန္ဓာကိုယ်ကို ရစ်ခွေလာပြီး သူ့လက်တစ်ဖက်ကို မြှောက်၍ သူ၏ ဓာတ်ကြီးငါးပါး၊ အရပ်ခြောက်မျက်နှာ၊ ခုနစ်စဉ်ကြယ်၊ ကောင်းကင်နတ်အသွင်နှင့် သေခြင်းရှင်ခြင်း ကောင်းကင်ရတနာများကို ပိတ်ကာ ဝိညာဉ် သန္ဓေသား ကောင်းကင်ရတနာ တစ်ခုသာ ချန်ထားခဲ့သည်။ ထို့နောက် သူက အော်ဟစ်လိုက်၏။ "သောက်ထော့ကျိုး... မထသေးဘူးလား..."
"နိုးနေပြီဟ..."
ထော့ကျိုးက သူ့ဆံပင်များကို ဘီးတစ်ချောင်းနှင့် ဖြီးရင်း ထော့နင်းထော့နင်း ထွက်လာသည်။ သူက သပ်ရပ်စွာ ဝတ်စားဆင်ယင်ထားပြီး ဂုဏ်သရေရှိ အကြီးအကဲ တစ်ယောက်ကဲ့သို့ ပြုံးလိုက်သည်။ "ဒီနေ့က အရေးကြီးတဲ့နေ့ပဲ... စောစော ထရမှာပေါ့... နားကန်းရော နိုးပြီလား..."
"ဘာတွေ ဆူညံဆူညံ ဖြစ်နေတာလဲ..." နားကန်းက သူ့စာကြည့်ခန်းထဲတွင် မင်သွေး၍ ပန်းချီရေးနေသည်။ သူ့နားပေါက် နှစ်ဖက်၌ သတ္ထုနားရွက် နှစ်ခု တပ်ထားပြီး ခေါင်းပင် မော့မကြည့်ချေ။
ရွှေအကတော့ သူ့မီးဖိုထဲမှ သတ္ထု အညစ်အကြေးများကို သွန်ချနေသည်။ ဆေးဆရာက သူ့ပြတင်းပေါက်ခုံ၌ မီးငှက်လေးများ အစာကျွေးနေပြီး ငှက်ငယ် တစ်ကောင်က ရွာလူကြီး၏ အခန်းသို့ ပျံသွား၍ ပြတင်းတံခါးကို နှုတ်သီးဖြင့် တတောက်တောက် ခေါက်လိုက်သည်။ ရွာလူကြီး၏ အသံက အထဲမှ ထွက်ပေါ်လာ၏။ "ငါ သိတယ်... နိုးနေပြီ..."
အဘွားစစ်က ထမင်း၊ ဟင်းများ ချက်ပြုတ်နေသည်။ ထော့ကျိုးက ပြေးလာပြီး ထမင်းအိုးအဖုံး လှန်လိုက်သဖြင့် အဘွားစစ်က ယောက်မနှင့် ခေါက်လိုက်၏။ ထို့နောက် မျက်စောင်း တစ်ချက် ထိုး၍ အော်ငေါက်လိုက်သည်။ "ဘာတွေ ငတ်ကြီးကျနေတာလဲ... နင့်လက်ဆေးပြီးပြီလား... နင့်မျက်နှာ သစ်ပြီးပြီလား... သွား... နင့်သွားတွေ သွားတိုက်ဆေးနဲ့ တိုက်..."
ထော့ကျိုးက ကမန်းကတန်း ရေခပ်၍ မျက်နှာသစ်၊ လက်ဆေး လုပ်လိုက်သည်။ ထို့နောက် ဆေးဆရာထံမှ သွားတိုက်ဆေး တောင်း၍ သစ်သား သွားတိုက်တံဖြင့် သူ့သွားများကို တိုက်လိုက်၏။ အဘွားစစ်က ချင်မူ့ကို ခေါ်၍ သူတို့ နှစ်ယောက်သား ထမင်းဟင်းများ အလျင်အမြန် ခူးခပ်လိုက်ကြသည်။ အဘိုးကြီးမာက စားပွဲနှင့် ထိုင်ခုံများ ခင်းလိုက်ပြီး မကြာမီတွင် ဒုက္ခိတဘိုးဘွား ကျေးရွာမှ ရွာသူရွာသား အားလုံး စားပွဲ၌ နေရာယူလိုက်ကြသည်။ ချင်မူက အားလုံးအတွက် တူနှင့် ပန်းကန်များ ချပေးပြီးနောက် ရွာလူကြီးကို ချီပိုး ခေါ်ဆောင်၍ နောက်မှီ ထိုင်ခုံတစ်လုံးတွင် နေရာချပေးလိုက်သည်။
ချင်မူက အားလုံး၏ အရက်ခွက်ထဲသို့ လိုက်ငှဲ့ပေးလိုက်ပြီး သူ့အတွက်လည်း တစ်ခွက် ငှဲ့လိုက်သည်။ အဘွားစစ်က မျက်ရည်များ ဝိုင်း၍ ခွက်မြှောက်လိုက်သည်။ သားသတ်သမားက မြည်တွန်တောက်တီးလိုက်၏။ "အဘွားကြီး... ဒီလို ပျော်ပွဲရွှင်ပွဲမျိုးမှာ နင်က ဘာလို့ ငိုနေရတာတုံး... သူ့ကို အပြင်လောကလည်း ထွက်စေချင်တယ်... ထွက်သွားမှာလည်း မကြည့်ရက်ဘူး... နင်တို့ မိန်းမတွေက တကယ့်ကို မျက်ရည်လွယ်တာပဲ..."
အဘွားစစ်က ဒေါသထွက်သွားပြီး သားသတ်သမားကို စူးရဲစွာ စိုက်ကြည့်လိုက်သည်။ သူမက ပြုံး၍ ပြောလိုက်၏။ "ဒီနေ့က ချင်မူ့အတွက် ပျော်စရာနေ့မလို့ နင်လိုဟာမျိုးနဲ့ ဖက်မပြောတော့ဘူး... လာ... လာ... မူအာ... အားလုံး... ခွက်တိုက်လိုက်ကြစို့..."
အားလုံးက တစ်ကျိုက်တည်း မော့သောက်လိုက်ကြသည်။ ချင်မူက အရက်ခွက်များ လိုက်ဖြည့်ပေးရင်း ရယ်ရယ်မောမောနှင့် အားလုံးကို ပြောလိုက်၏။ "ဘွားဘွားနဲ့ ဘိုးဘိုးတို့... အားလေး လျှော့သုံးပြီး ကျွန်တော့်ကို သက်ညှာပေးမယ်လို့ မျှော်လင့်ပါတယ်..."
သားသတ်သမားက ပြုံးလိုက်သည်။ "ခွေးကောင်လေး... စွတ်ပြီး မာန်တက်မနေနဲ့... ပထမ တစ်ပွဲနဲ့တင် မြေကြီးပေါ် လေးဖက်ထောက်နေရဦးမယ်..."
အဘွားစစ်၏ မျက်လုံးများက နီရဲလာပြန်၏။ "မူအာ... မင်းက ရွာက ထွက်သွားပြီးရင် မကြာမကြာ ပြန်လာခဲ့ဖို့ မမေ့နဲ့..."
သားသတ်သမားက ပြုံးလိုက်၏။ "သူက နင်တို့ အားလုံးကို နိုင်ရင် နိုင်လိမ့်မယ်... ငါ့ကိုတော့ နိုင်မှာ မဟုတ်ဘူး..."
အဘွားစစ်က ဒေါသအိုး ထပ်မံ ပေါက်ကွဲသွားပြီး သားသတ်သမား၏ မျက်နှာကို ထမင်းပန်းကန်ထဲ မှောက်ကျအောင် ဖိ၍ သူမ၏ ထမင်းစားတူဖြင့် ခေါင်းကို ပိတ်ရိုက်လိုက်သည်။ "နင် သောက်စကား များလွန်းတယ်... ငါတို့ မူအာက လောကသခင် ခန္ဓာ... နင့်ကို အမေကယ်ပါ၊ အဖေကယ်ပါ အော်ယူရအောင် ရိုက်ပစ်လိမ့်မယ်... နားလည်လား..."
သားသတ်သမားက အမေကယ်ပါ၊ အဖေကယ်ပါ အော်ဟစ်၍ အဘွားစစ် သူ့ကို မလွှတ်မချင်း အဆက်မပြတ် တောင်းပန်စကား ဆိုလိုက်ရ၏။
မနက်စာ စားပြီးကြသောအခါ ချင်မူက စားကြွင်းစားကျန်များ ရှင်းလင်း၊ အိုးခွက်ပန်းကန်များ ဆေးကြောလိုက်သည်။ ထို့နောက် ရွာလူကြီးက မေးလိုက်၏။ "မင်းတို့ အကုန်လုံး ကျန်တဲ့ ကောင်းကင် ရတနာတွေကို ပိတ်ထားပြီးပြီလား..."
အားလုံးက စကားမဆိုဘဲ ခေါင်းညိတ်လိုက်ကြသည်။
"အဲဒါဆို စလိုက်ကြစို့..."
အဘိုးကြီးမာက ရှေ့သို့ ထွက်လာပြီး အသာအယာ ပြုံးလိုက်၏။ "မူအာ... မင်းက လက်သီးသိုင်းကို ငါ့ဆီက သင်ထားတာ ဆိုတော့... လက်သီးသိုင်းချင်း ယှဉ်ရင် မင်း ရှုံးမှာပဲ... မင်း ကြိုက်တဲ့ သိုင်းကွက် ထုတ်သုံးလို့ ရတယ်... ငါ့ကို နိုင်ရင် ငါ့စမ်းသပ်မှုကို ဖြတ်ကျော်နိုင်တယ်လို့ သတ်မှတ်မယ်..."
ချင်မူက ဦးညွှတ် အရိုအသေပြုလိုက်ပြီး နဂါးတွန်သံ တစ်သံ ထွက်ပေါ်လာသည်။ သူ၏ ချီစွမ်းအင်က နဂါးစိမ်းချီအဖြစ် ပြောင်းလဲ၍ သူ့ကိုယ်တွင် ရစ်ပတ်သွားကာ ပြတ်သားစွာ ပြောလိုက်၏။ "ဘိုးဘိုးမာရဲ့ စမ်းသပ်မှုကို ကျော်ဖြတ်ဖို့ ကျွန်တော် လက်သီးသိုင်းကိုပဲ အသုံးပြုချင်ပါတယ်..."
အဘိုးကြီးမာက ပြုံးလိုက်၏။ "စိတ်ဓာတ်ကတော့ ကြိုက်သွားပြီ... ဒါပေမဲ့ ဒီအတိုင်းဆိုရင် ပထမ စမ်းသပ်မှုကို မင်း ဖြတ်ကျော်နိုင်မှာ မဟုတ်ဘူး..."
သူတို့ နှစ်ယောက်စလုံး လက်များ ဆန့်ထုတ်လိုက်ကြသည်။ ချင်မူက ဦးအောင် လှုပ်ရှားလိုက်၏။ သူ၏ ချီစွမ်းအင်က ဟုန်းခနဲ ထွက်ပေါ်လာပြီး နဂါးကိုးကောင် မုန်တိုင်း သိုင်းကွက်ကို ထုတ်သုံးလိုက်သည်။ ထည်ဝါ အားကောင်းသော ချီစွမ်းအင်က တစ်ဟုန်ထိုး ပေါက်ကွဲ ထွက်ပေါ်လာပြီး လေထုထဲတွင် နဂါးပုံရိပ်များ ခပ်ဝါးဝါး ပေါ်ထွက်လာသည်။
အဘိုးကြီးမာကလည်း နဂါးကိုးကောင်မုန်တိုင်း သိုင်းကွက်ကို အသုံးပြု၍ သူ့ကို ရင်ဆိုင်လိုက်သည်။ "မင်းက နဂါးအားလှိုင်း အသွင်ပြောင်းနိုင်စွမ်းချင်း ယှဉ်ချင်တာလား..."
ဘုန်း...။
အဘိုးကြီးမာ မျက်နှာ အကြီးအကျယ် ပျက်သွား၏။ တန်ပေါင်း များစွာ အလေးချိန်စီးသော သတ္တဝါကြီး တစ်ကောင် ဝင်တိုက်ခြင်းကို ခံလိုက်ရသကဲ့သို့ သူ နောက်သို့ လွင့်ထွက်သွားပြီး ရွှေအ၏ ပန်းပဲရုံနှင့် ဝင်ဆောင့်သွားသည်။ ပန်းပဲရုံ တစ်ခုလုံး ပြားပြားဝပ်သွားသည့်တိုင်အောင် သူ လွင့်ထွက်သွားသည့် အရှိန်အဟုန်က ရပ်တန့်သွားခြင်း မရှိချေ။
လေထဲတွင် သူ၏ ဓာတ်ကြီးငါးပါး ကောင်းကင်ရတနာကို မသိစိတ်မှ အလိုအလျောက် ဖွင့်လိုက်မိသည်။ တုန်ခါသံ တစ်ခုနှင့်အတူ ဓာတ်ကြီးငါးပါး ကောင်းကင်ရတနာ၏ ကြောက်မက်ဖွယ်ရာ စွမ်းအား ထွက်ပေါ်လာပြီးမှ သူ့ကိုယ်သူ ဟန်ချက် ပြန်ထိန်းလိုက်နိုင်၏။ သို့သော်လည်း ထိုအခိုက်၌ သူ့နောက်ကျောဘက် အင်္ကျီမှာ အပိုင်းပိုင်းအစစ ပေါက်ကွဲထွက်သွားပြီး နဂါးစိမ်း လေးဆယ့်ငါးကောင်က လေပွေ တစ်ခု ထသွားအောင် နောက်သို့ တိုးထွက်သွားသည်။ များစွာသော ပေါ်ပလာပင်ကြီးများမှာ ထိုလေပွေကြောင့် တဝေါဝေါ လှုပ်ခတ်သွားပြီး ရွက်ကြွေများ လွင့်ဝဲသွား၏။
အဘိုးကြီးမာက ကိုယ်ကို တစ်ပတ်လှည့်၍ ဝေခွဲမရသည့် အသွင်နှင့် မြေပြင်ပေါ်သို့ ပြန်ကျလာသည်။
ထော့ကျိုးက ထိုအချိန်တွင် ဝက်ခြေထောက် ကိုက်နေရင်းတန်းလန်း ဖြစ်ပြီး ကယောင်ကတန်းနှင့် ထိုဝက်ခြေထောက်ကို သူ့ပါးစပ်ထဲ ထိုးထည့်မိရာ ခြေချောင်းလေးများသာ ပါးစပ်အပြင်၌ ကျန်ခဲ့တော့၏။ သားသတ်သမားကလည်း သူ့ဓားမကို သွေးနေရင်းနှင့် အထိတ်တလန့် ဖြစ်သွားပြီး ဓားသွေးကျောက်မှာ ဂွပ်ခနဲ ကျိုးသွားသည်။
ဆေးဆရာနှင့် ရွာလူကြီးတို့မှာလည်း လ္ဘက်ရည်ကြမ်း သောက်ရင်းတန်းလန်း ဖြစ်ပြီး သူတို့၏ အကြမ်းခွက်များ အစိတ်စိတ်အမြွှာမြွှာ ဖြစ်သွား၏။ မျက်ကန်း၏ ဝါးတောင်ဝှေးမှာလည်း ဝါးခြမ်းပြားများ ဖြစ်သွားပြီး နားကန်း၏ မင်များလည်း စားပွဲတစ်ခုလုံး ပေပွပြန့်ကြဲသွားသည်။ အဘွားစစ်မှာလည်း ကြွေပန်းကန် တစ်ထပ်ကြီး ကျကွဲသွား၏။ သူမ၏ ကြက်နဂါးမကတော့ တကွပ်ကွပ် အော်၍ တောင်ပျံ တဖြန်းဖြန်း ခတ်ကာ ၎င်း၏ အသိုက်ခြံဆီသို့ ပြန်ပြေးပြီး ခြံတံခါးကို လက်သည်းဖြင့် ကုတ်ခြစ် ဆွဲပိတ်လိုက်သည်။
ဆေးဆရာက ရွာလူကြီးကို ကြည့်၍ တီးတိုး မေးလိုက်၏။ "ခင်ဗျားတို့ နှစ်ယောက် အရင်ညက ဘာတွေ ဖြစ်ခဲ့တာလဲ... ချင်မူရဲ့ ကျင့်စဉ်စွမ်းအင်က ဘယ်လိုလုပ် ဒီလောက်ထိ တိုးပွားလာတာလဲ..."
ရွာလူကြီးမှာလည်း မှင်တက်နေမိသည်။ သူ ရုတ်တရက် အသိဝင်လာပြီး ခပ်တိုးတိုး ပြန်ပြောလိုက်၏။ "သူ့ဝိညာဉ် သန္ဓေသားက စတုတ္ထအကြိမ် နိုးထလာတယ်... သူ ပြောတာတော့ သူ့ဝိညာဉ် သန္ဓေသားမှာ ဘာမှ ထူးထူးခြားခြား ပြောင်းလဲတာ မရှိဘူးတဲ့... သူ့ချီစွမ်းအင်မှာပဲ အပြောင်းအလဲ နည်းနည်း ရှိတာတဲ့..."
ဆေးဆရာ၏ မျက်လုံးထောင့်စွန်းများ တွန့်ခနဲ ဖြစ်သွားပြီး တတွတ်တွတ် ရေရွတ်လိုက်မိသည်။ "ဒါက အပြောင်းအလဲ နည်းနည်းလေးလား..."
"သူပြောတဲ့ အပြောင်းအလဲ နည်းနည်းလေးက သူ့ချီစွမ်းအင် အများကြီး တိုးပွားလာတာကို ပြောတာလို့ ငါ ဘယ်သိပါ့မလဲ..." ရွာလူကြီးကလည်း ခပ်ဖွဖွ ရေရွတ်လိုက်မိသည်။