ကောင်းကင်ခိုးယူ နေမင်းလဲလှယ်
Vol. 7 Ch. 93
"ငါ ရှုံးပြီ..."
အဘိုးကြီးမာက လေပူတစ်ချက် မှုတ်ထုတ်၍ ကျေနပ်သည့် အပြုံးတစ်ခု ပြုံးလိုက်သည်။ "ခွန်အားသက်သက်က အရာအားလုံးကို ကျော်ဖြတ်နိုင်တယ်... မူအာ... မင့်ခွန်အားက သိုင်းကွက်ပိုင်း အားနည်းချက်တွေကို ဖြည့်ပေးသွားတာပဲ... ဒါနဲ့... မင့်ကျင့်စဉ်စွမ်းအင်က ဒီတစ်ရက်၊ နှစ်ရက်အတွင်း ဘယ်လိုလုပ် ဒီလောက်ထိ တိုးတက်သွားတာလဲ... ငါတောင် မင့်အားလှိုင်းကို မချေဖျက်နိုင်ဘူး..."
ချင်မူက ယခုမှ သက်ပြင်းချနိုင်ပြီး ပြုံးလိုက်၏။ "ရွာလူကြီးနဲ့ ရွာပြင်သွားပြီး ပြန်လာတုန်းက ကျွန်တော့်ရဲ့ ဝိညာဉ် သန္ဓေသား..."
ရွာလူကြီးက ကမန်းကတန်း ချောင်းဟန့်လိုက်သဖြင့် ချင်မူမှာ ဝေခွဲမရ ဖြစ်သွားသည်။ "ရွာလူကြီး... ဘာဖြစ်လို့လဲ..."
"အစောက မင့်သိုင်းကွက်တွေကို အံ့အားသင့်မိလို့ပါ..."
ရွာလူကြီးက ချောင်းတစ်ချက်၊ နှစ်ချက် ထပ်ဟန့်ပြီး မေးလိုက်၏။ "မင်းက ပထမ စမ်းသပ်မှုကို ကျော်လွှားနိုင်ခဲ့ပြီ ဆိုတော့ ဒုတိယ စမ်းသပ်မှု စကြမလား..."
ထော့ကျိုးက သူ့ပါးစပ်ထဲမှ ဝက်ခြေထောက်ကို ဆွဲထုတ်၍ ဟက်ခနဲ ရယ်ကာ ထော့နင်းထော့နင်း လျှောက်လာသည်။ "မူအာ... လက်သီးသိုင်း မပြိုင်နဲ့တော့... ဘိုးဘိုးတို့ ခြေသိုင်း ပြိုင်ကြမယ်... ခေါင်းမော့ကြည့်လိုက်... ဟိုးက မိုးတိမ်ကို မြင်လား..."
ချင်မူ ခေါင်းမော့ကြည့်လိုက်သောအခါ ကောင်းကင်ယံ၌ ဖြည်းညင်းစွာ ရွေ့လျားနေသော မိုးတိမ်ဖြူ တစ်ခုကို တွေ့လိုက်သည်။ ထော့ကျိုးက ပြုံးလိုက်၏။ "ငါတို့ ခြေထောက်အားချင်း ပြိုင်မယ်... အဲဒီတိမ်ဆီကို ဘယ်သူ အရင်ရောက်မလဲ ကြည့်ကြတာပေါ့..."
ချင်မူက တစ်ခဏမျှ ချီတုံချတုံ ဖြစ်နေပြီးနောက် ခေါင်းညိတ်လိုက်သည်။ ထော့ကျိုးက နွေးထွေးစွာ ပြုံးလိုက်၏။ "မင်းက ငယ်သေးတယ်... ငါက ကလေးချစ်တတ်တာ ဆိုတော့ မင်းကို အရင်ပြေးခွင့်ပေးမယ်..."
ချင်မူကလည်း နွေးထွေးစွာ ပြုံးလိုက်သည်။ "ကျွန်တော်က လူကြီးသူမကို ရိုသေ လေးစားတတ်တဲ့သူပါ... ဘိုးဘိုး အရင်ပြေးပါ..."
"မင်းက ငယ်သေးတယ်... မင်းအရင် သွား..."
"ဘိုးဘိုးရဲ့ အသက်က ကြီးပြီ... ခန္ဓာကိုယ်က လိုက်နိုင်တော့မှာ မဟုတ်ဘူး... ဘိုးဘိုး အရင်ပြေးသင့်ပါတယ်..."
...။
သူတို့ နှစ်ယောက်စလုံးက ဟန်ဆောင်အပြုံး ကိုယ်စီနှင့် တစ်ယောက်ကိုယ်တစ်ယောက် ဦးစားပေးစကား ဆိုနေကြသည်။ သားသတ်သမားက သူ့လက်နှစ်ဖက်မှ ဓားမများကို မြှောက်၍ အော်ငေါက်လိုက်၏။ "လေရှည်မနေကြနဲ့... ဟိုတိမ်က အဝေးကြီး ရောက်သွားပြီ... မင်းတို့ အခုထိ မပြေးကြသေးရင် ငါအဘိုးကြီးက နှစ်ယောက်စလုံးကို နုပ်နုပ်စဉ်းပစ်မယ်..."
ချင်မူနှင့် ထော့ကျိုးတို့မှာ တစ်ပြိုင်နက်ပင် မုန်တိုင်း တိုက်သကဲ့သို့ ပြေးထွက်သွားကြသည်။ ချင်မူက အဆက်မပြတ် ပြေးလွှား၍ သူ့ခြေထောက်အောက်တွင် လေအဟုန်ကို စုစည်းလိုက်၏။ ရုတ်တရက် သူ့ခြေထောက်အောက်မှ လေပွေထိပ်ဖျားပေါ်သို့ နင်းတက်၍ ကောင်းကင်ယံသို့ ခုန်တက်လိုက်သည်။ သို့သော်လည်း ထော့ကျိုးက သူ့ထက် ခြေတစ်လှမ်း စောနေပြီ ဖြစ်၏။ ချင်မူက သူ့လက်ဖဝါးဖြင့် အောက်ဘက်သို့ ရိုက်ချလိုက်သည်။ ထော့ကျိုး၏ ခြေထောက်အောက်မှ လေထုက တစ်မုဟုတ်ချင်းပင် မြေပြင်ဆီသို့ တိုက်ခတ်သွား၏။ ထော့ကျိုးမှာ ခြေကားရား လက်ကားရားဖြင့် မြေပြင်သို့ ပြုတ်ကျလာသည်။
ချင်မူ ရုတ်ခြည်း အားကုန်ထုတ် ပြေးတက်၍ ထော့ကျိုးကို ကျော်ဖြတ်သွား၏။ သူ လေထုကို နင်းတက် စီးနင်းတော့မည့်ဆဲဆဲတွင် ရုတ်တရက် သူ့ခြေထောက်များက ကြိုးဖြင့် ပူးချည်ခံလိုက်ရသကဲ့သို့ တင်းခနဲ ဖြစ်သွားပြီး မြေမြင်ပေါ်သို့ ဦးစိုက်ဂျွမ်းပြန် ကျသွားသည်။
ထော့ကျိုးက တဟားဟား ရယ်မောလိုက်၏။ သူ့လက်ထဲတွင် ချီစွမ်းအင် ကြာပွတ် တစ်ချောင်း ပေါ်လာပြီး ချင်မူ၏ ခြေထောက်များကို တုပ်နှောင်လိုက်သည်။
ချင်မူမှာ ကောင်းကင်ယံမှ ပြုတ်ကျလာပြီး ဤခြေတစ်ဖက် မရှိတော့သည့် အဘိုးကြီးက သူ့ကိုယ်ပေါ် တက်နင်း၍ လေထဲသို့ ခုန်ထွက်သွားသည်။
သို့သော်လည်း ထိုအခိုက်၌ ချင်မူ၏ ချီစွမ်းအင်က ဟုန်းခနဲ ထွက်ပေါ်လာပြီး သူ၏ ကြာပွတ်ကို ချိုးဖျက်ပစ်လိုက်၏။ ထို့နောက် ထော့ကျိုး၏ ခြေထောက်ကို ဖက်၍ မျက်နှာကို လှမ်းကန်လိုက်သည်။ ဘုန်းခနဲ အသံနှင့်အတူ သူတို့ နှစ်ယောက်စလုံး မြေပြင်ပေါ်သို့ တလိမ့်ခေါက်ကွေး ပြုတ်ကျလာပြီး ဖုန်မှုန့်များ တထောင်းထောင်း ထသွားသည်။
ထော့ကျိုး၏ ချိုင်းထောက်က မြေပြင်ပေါ်သို့ ထောက်၍ ကောင်းကင်ခိုးယူ ခြေလှမ်းသိုင်းကို ထုတ်သုံးကာ ချင်မူ့ကို တိုက်ခိုက်လိုက်သည်။ ချင်မူက မြေကြီးပေါ်တွင် လဲကျနေရင်းနှင့် တခြားကို အရေးမစိုက်ဘဲ ထော့ကျိုး၏ ချိုင်းထောက်ကိုသာ မဲ၍ ကန်လိုက်၏။ ထော့ကျိုး၏ ခြေကန်ချက်များ အချက်ပေါင်း တစ်ဒါဇင်ခန့် ခံပြီးသောအခါ ချင်မူမှာ သူ့ချိုင်းထောက်ကို အောင်မြင်စွာ ကန်ချိုးနိုင်ခဲ့သည်။
ထော့ကျိုးက ခြေတစ်ဖက်တည်း ထောက်၍ ရပ်ရင်း ဒေါသတကြီး အော်ငေါက်လိုက်သည်။ "ခွေးကောင်လေး... အဲလို အကျင့်ယုတ်တတ်အောင် မင်းကို ဘယ်သူ သင်ပေးထားတာလဲ..."
ချင်မူက သူ့လက်နှစ်ဖက်ဖြင့် မြေကြီးကို ဘုန်းခနဲ ပုတ်၍ လေထဲသို့ ဇောက်ထိုး လည်တက်သွားသည်။ ထော့ကျိုးက သရော်ပြုံး ပြုံးလိုက်၏။ သူ၏ တစ်ဖက်တည်းသော ခြေထောက်ကို ကွေးညွှတ်၍ အားယူပြီး လေထဲသို့ ခုန်တက်လိုက်သည်။
သူ ခုန်တက်လာသည်နှင့် သူ့ပေါ်မှ ချင်မူက တစ်မုဟုတ်ချင်း ရိုက်ချလိုက်၏။ သူ၏ ချီစွမ်းအင်က လိပ်နက်ချီအဖြစ် ပြောင်းလဲ၍ လေထုထဲတွင် ရေစက်ရေမှုန်များ ရုတ်ခြည်း ပေါ်ထွက်လာပြီး ရေနဂါးတစ်ကောင် အဖြစ် ပြောင်းလဲကာ ထော့ကျိုးထံ တစ်ဟုန်ထိုး တိုးဝင်သွားသည်။
"ဟွန့်... ကလေးကွက်လေးတွေ..."
ထော့ကျိုးက မရယ်ချင့် ရယ်ချင် ရယ်လိုက်သည်။ သူ့လက်မှ လေလှိုင်းတစ်ခု ထွက်ပေါ်လာပြီး ရေနဂါးကို လမ်းကြောင်းလွဲအောင် ရိုက်ဖယ်လိုက်၏။ ထို့နောက် သူ့ချီစွမ်းအင်က ထွင်းဖောက်မြင်ရသည့် ခြေထောက်တစ်ချောင်းအဖြစ် ပြောင်းလဲသွားပြီး ခြေထောက် နှစ်ချောင်းဖြင့် ပြေးလွှား၍ ချင်မူ့ကို ကျော်တက်သွားတော့မည်ကဲ့သို့ ဖြစ်လာသည်။
ချင်မူ၏ ခြေထောက်များ ဟသွားပြီး လေထဲတွင် မြင်းထိုင်ထိုင်လိုက်၏။ လေထုကို လက်ဖဝါးဖြင့် ရိုက်၍ ခန္ဓာကိုယ်ကို အတည့်ဖြစ်အောင် ပြန်လှည့်လိုက်သည်။ ထို့နောက် သူ့ခြေထောက်များကို စုံပူး၍ ထော့ကျိုး၏ နောက်ကျောပေါ်သို့ မညှာမတာ တက်နင်းကာ တစ်ဟုန်ထိုး ပြေးထွက်သွားသည်။
သူတို့ နှစ်ယောက်က လေထဲတွင် ပြေးတက်ရင်းနှင့် ခြေသိုင်းကွက်များအပြင် ညစ်ပတ်သည့် နည်းမျိုးစုံကို ထုတ်သုံးနေကြ၏။ သူတို့၏ ပုံရိပ်များက အပေါ်ရောက်လိုက်၊ အောက်ရောက်လိုက်နှင့် အတောမသတ်အောင် ပြောင်းလဲနေကြပြီး အောက်မှ ကြည့်နေသူများမှာ မူးနောက်လာကြသည်။
ရုတ်တရက် ထော့ကျိုး၏ လက်များက တစ္ဆေသရဲများပင် သတိမထားနိုင်လောက်သည့် အရိပ်များသဖွယ် လှုပ်ရှားသွားပြီး ကောင်းကင်ခိုးယူ လက်သိုင်းကို ထုတ်သုံးလိုက်၏။ ချင်မူ သူ၏ တိုက်ခိုက်မှုကို သတိမပြုမီပင် သူ့ဘောင်းဘီက ကြိုးပြေသွားပြီး ခြေကျင်းဝတ်ထိ လျှောကျသွားသည်။
သူ ကမန်းကတန်း ပြန်ကောက်ဝတ်ရန် ပြင်လိုက်စဉ်မှာပင် ရုတ်တရက် နောက်ကျော တစ်ပြင်လုံး အေးခနဲ ဖြစ်သွားသည်။ ထော့ကျိုးက သူ့အင်္ကျီကို ချွတ်၍ သူ့လက်များကို ချည်နှောင်သွား၏။ ချင်မူ ကောင်းကင်ယံမှ ပြုတ်ကျလာရင်းနှင့် သူ့အင်္ကျီကို အလောတကြီး ဆွဲဖြဲပြီး ဘောင်းဘီကို ပြန်ဆွဲတင်လိုက်သည်။ ထို့နောက် အသည်းအသန် ပြန်ပြေးတက်၍ ဘောင်းဘီကြိုး ချည်ရင်း ဒေါသတကြီး အော်ဟစ်လိုက်သည်။ "ဘိုးဘိုးထော့ကျိုး... ကျွန်တော့်ကို အဲဒီအကွက်လည်း သင်မပေးဘူး..."
ထော့ကျိုးက တဟားဟား ရယ်မောလိုက်၏။ "မင်း ငါ့ကို မီအောင် လိုက်နိုင်ရင် သင်ပေးမယ်..."
ချင်မူက ကျိတ်ရယ်လိုက်ပြီး လက်သီးတစ်ချက် ထိုးထည့်လိုက်ရာ နဂါးပုံသဏ္ဌာန် လက်သီးအားလှိုင်းက ထော့ကျိုးထံ တစ်မုဟုတ်ချင်း ပြေးဝင်သွား၏။ အထိတ်တလန့် အော်ဟစ်သံနှင့်အတူ ထော့ကျိုးက သူ၏ ခြေလှမ်းများကို အလျင်အမြန် ပြောင်းပြီး တစ်ဘက်သို့ တိမ်း၍ ရှောင်လိုက်သည်။
ချင်မူက သူ၏ ချီစွမ်းအင်ကို ကြိုးမျှင်အဖြစ် ဖွဲ့စည်းလိုက်ပြီး လက်မောင်းလုံးခန့် တုတ်သော ချီစွမ်းအင် ကြိုးမျှင်က ထော့ကျိုးကို မြွေကြီး တစ်ကောင်ကဲ့သို့ သိမ်းရိုက်လိုက်၏။ ထိုချီစွမ်းအင် ကြိုးမျှင်ဖြင့် အချုပ်အနှောင် ခံလိုက်ရလျှင် ရုန်းထွက်ရန် ခက်မည် ဖြစ်သဖြင့် ထော့ကျိုးမှာ ထပ်ရှောင်လိုက်ရ၏။ ထိုအခိုက်၌ ချင်မူမှာ သူ့ကို မီလာသည်။ သူ မကျေမနပ် ပြောလိုက်၏။ "ကောင်းပြီ... ကောင်းပြီ... မင်းကို ငါ သင်ပေးမယ်..."
သူတို့ နှစ်ယောက်က လေထဲတွင် အပြုံးပန်းဝေသော မျက်နှာများဖြင့် တစ်ယောက်အနားသို့ တစ်ယောက် တိုးကပ်သွားကြသည်။ ထော့ကျိုးက တိုက်ခိုက်တော့မည် ပြင်လိုက်စဉ်တွင် ချင်မူက သူ၏ ယန်ဝိညာဉ် သုံးမျိုးနှင့် ယင်ဝိညာဉ် ခုစ်မျိုးကို ရုတ်တရက် ထိုးပိတ်ကာ ကောင်းကင်ယံမှ ကန်ချလိုက်၏။
ဘုန်း...။
ထော့ကျိုးက မြေပြင်ပေါ်သို့ ပြုတ်ကျသွားပြီး လူပုံသဏ္ဌာန် တွင်းချိုင့်ကြီး ဖြစ်သွားသည်။ သူက ထိုတွင်းထဲမှ တဖြည်းဖြည်းချင်း တွားသွားတက်လာပြီး ဝမ်းသာမျက်ရည်များ ကျလာသည်။ "ငါ သင်ပေးထားတဲ့ တပည့် ပီသပါပေတယ်... သူများတွေကို လွယ်လွယ်နဲ့ မယုံတတ်ဘူး..."
ချင်မူက ကောင်းကင်ယံမှ တိမ်တိုက်ကို တစ်ခဏအတွင်း မီသွားပြီး ပြန်ဆင်းလာ၏။ မြေပြင်ပေါ်သို့ ပြန်ကျလာပြီး ရှေ့သို့ ခြေတစ်လှမ်း၊ နှစ်လှမ်း ပြေးကာ ရပ်တန့်လိုက်သည်။
ထော့ကျိုးက ပြုံးလိုက်၏။ "မင်းကို ကတိပေးပြီးပြီ ဆိုတော့ ငါ့စကားငါ ပြန်မရုပ်သိမ်းပါဘူး... မင်း နဝမမြောက် စမ်းသပ်မှုကို ဖြတ်ကျော်ပြီးရင် ကောင်းကင်ခိုးယူ နေမင်းလဲလှယ် လက်သိုင်းကို သင်ပေးမယ်..."
ချင်မူမှာ အတော်လေး ပျော်သွားသည်။
သားသတ်သမားက သူ၏ ဓားမကို ဝှေ့ယမ်းပြီး ပြုံးလိုက်သည်။ "မူအာ... မင်း အနားယူဖို့ လိုသေးလား..."
ချင်မူက ကမန်းကတန်း ခေါင်းညိတ်၍ ထိုင်နားလိုက်ပြီး ချွေးထွက်သွားသည်များကို ရေဓာတ် ပြန်ဖြည့်ရန် လ္ဘက်ရည်ကြမ်း အနည်းငယ် သောက်လိုက်သည်။ အတန်ကြာအောင် အနားယူပြီးသောအခါ သူ့အခန်းထဲသို့ ပြေးဝင်၍ အဝတ်သစ်တစ်စုံ လဲလိုက်သည်။ သားသတ်သမား၏ မျက်နှာက တစ်မုဟုတ်ချင်း မည်းမှောင်သွားပြီး မြည်တွန်တောက်တီးလိုက်၏။ "ခွေးကောင်လေး... မင်းမှာ ဒီလောက် သိပ်သည်းတဲ့ ကျင့်စဉ်စွမ်းအင် ရှိနေတာကို ဘာလို့ အနားယူဖို့ လိုသေးတာလဲ... ဒီအတိုင်း တန်းတိုက်လို့ မရဘူးလား... ဒီအတိုင်းသာ တန်းတိုက်ရင် ငါ့အတွက် နိုင်ဖို့ အခွင့်အရေး ရချင်ရနိုင်တယ်..."
အချိန် အနည်းငယ် ထပ်ကြာပြီးသွားသောအခါ ချင်မူက လဲပြိုနေသော ပန်းပဲရုံထဲသို့ ဝင်၍ ဝက်ခုတ်ဓားမ နောက်တစ်လက်ကို ကောက်ယူလိုက်သည်။ သူ့လက်ထဲမှ ဝက်ခုတ်ဓားမ နှစ်ချောင်းကို တစ်ချောင်းနှင့် တစ်ချောင်း ကန့်လန့်ဖြတ် ကိုင်၍ အော်ဟစ်လိုက်၏။ "ဘိုးဘိုးသားသတ်သမား... ကျွန်တော် နားလို့ ပြီးပြီ..."
သားသတ်သမားက သရော်ပြုံး ပြုံးလိုက်သည်။ "အရင်က မင်း ဓားမတစ်ချောင်းပဲ သုံးတာ... အခုမှ ဘာလို့ နှစ်ချောင်း သုံးရတာလဲ..."
ချင်မူက ဓားမ တစ်ချောင်းကို ပုံမှန်အတိုင်း ဆုပ်ကိုင်၍ နောက်တစ်ချောင်းကို ပြောင်းပြန် ကိုင်ထားသည်။ သားသတ်သမား၏ အမူအရာကလည်း တည်ကြည်လေးနက်သွားပြီး ဘယ်ဘက်လက်မှ ဓားမကို ပြောင်းပြန်ကိုင်လိုက်၏။ ထို့နောက် သားသတ်သမားက အေးစက်စက် ပြုံးလိုက်သည်။ "ခွေးကောင်လေး... မင်းက ငါနဲ့ အနီးကပ်တိုက်ချင်တာလား... အတော် အတွေ့အကြုံ နည်းသေးတာပဲ..."
ဆေးဆရာက ချောင်းဟန့်၍ သတိပေးလိုက်သည်။ "သားသတ်သမား... မင့်ခန္ဓာကိုယ် အောက်ပိုင်း မရှိဘဲနဲ့ သူ့ကို အနားကပ်ခွင့် ပေးလိုက်ရင် မင့်ဘက်က အတော့်ကို အရေးနိမ့်သွားမှာပေါ့... မင့်မှာ သူ့လောက် ကြွက်သား ပမာဏ မရှိတော့ဘူးလေ..."
သားသတ်သမား၏ မျက်နှာက ထပ်၍ မည်းမှောင်သွားပြီး မကျေမချမ်း ပြောလိုက်သည်။ "သူက ငါ့နားကို ကပ်နိုင်မှာ မဟုတ်ပါဘူး... ငါ့ဓားကွက်နဲ့ တားထားမှာ..."
အဘိုးကြီးမာက သတိပေးလိုက်၏။ သူ့ချီစွမ်းအင်က လွန်လွန်ကဲကဲကို သိပ်သည်းနေတာ... မင့်ချီစွမ်းအင်ထက် နှစ်ဆ၊ သုံးဆလောက် ရှိမယ်... မင့်ဓားမက သူ့ဓားမကို သွားထိတာနဲ့ အဝေးကို လွင့်ထွက်သွားမှာ... မင်းလည်း သူ့လက်ချက်နဲ့ လွင့်ထွက်သွားလိမ့်မယ်... မင်း သူ့ကို သိုင်းကွက်နဲ့ပဲ အနိုင်ယူလို့ ရမယ်..."
"အဲဒါဆို ဘာလို့ တိုက်နေတော့မှာလဲ..."
သားသတ်သမားက ဒေါသအိုး ပေါက်ကွဲသွားပြီး သူ့ဓားမ နှစ်ချောင်းစလုံးကို မြေကြီးထဲသို့ ထိုးစိုက်လိုက်သည်။ သူက စိတ်ပျက်လက်ပျက် မျက်လုံးလှန်၍ ပြုံးလိုက်၏။ "ထိုင်... မူအာ... ငါတို့ ဓားမတွေ မသုံးတော့ဘူး... တစ်ယောက်စွမ်းအားကို တစ်ယောက် နားထောင်တာပဲ လုပ်ကြမယ်... မင့်လက် နှစ်ဖက်စလုံး ထုတ်လိုက်..."
ချင်မူက သူ၏ ဝက်ခုတ်ဓားမကို မြေကြီးထဲသို့ ထိုးစိုက်၍ သားသတ်သမား၏ ရှေ့တွင် ဝင်ထိုင်လိုက်သည်။ သူတို့ နှစ်ယောက်က လက်များကို ဓားမအဖြစ် အသုံးပြု၍ တစ်ယောက်လက်ဖဝါးကိုယ် တစ်ယောက် ထိကပ်ကာ မျက်လုံးများ မှိတ်ထားကြသည်။ သူတို့က တစ်ဘက်လူ၏ လက်ဖဝါးမှ ခွန်အား ပြောင်းလဲမှုကို အာရုံခံ၍ တစ်ဘက်လူ၏ ကြွက်သား လှုပ်ရှားမှုနှင့် ချီစွမ်းအင် လမ်းကြောင်းကို တွက်ဆလိုက်ကြသည်။ တစ်ယောက်ယောက်က တစ်ဘက်လူ၏ ခွန်အား စီးဆင်းမှု လမ်းကြောင်းကို ဖမ်းဆုပ်မိသည်နှင့် ပျော့ကွက်ကို ဦးတည်ကာ ဓားမတစ်ချက်နှင့် ပွဲသိမ်းပေးလိုက်မည် ဖြစ်သည်။
ဤသည်က တားမြစ်နယ်မြေမှ ဓားမကို ပင့်မြှောက်ခြင်း၏ သော့ချက် ဖြစ်သည်။
တားမြစ်နယ်မြေမှ ဓားမကို ပင့်မြှောက်၍ မြင်းခွာသံများနှင့် လှည်းဘီးသံများက မိုးခြိမ်းသံကဲ့သို့ ဂျိုးဂျိုးဂျိမ့်ဂျိမ့် ညံနေ၏။ နန်းတော်အတွင်းသို့ တစ်ကိုယ်တည်း ဝင်၍ ဧကရာဇ်၏ ခေါင်းပြတ်ကို လက်တစ်ဖက်ဖြင့် ဆွဲ၍ ထွက်လာသည်။
ဤကဗျာစာသား၏ အဓိပ္ပာယ်မှာ သူရဲကောင်းက ဓားမကို ပင့်မြှောက်၍ ဧကရာဇ်၏ တားမြစ် နန်းတော်ရာမှ လမ်းလျှောက် ထွက်လာ၏။ မရေမတွက်နိုင်သော လူများနှင့် မြင်းများက သူ၏ ထွက်ခွာရာ လမ်းကို ပိတ်ဆို့ထားသဖြင့် အပြင်ဘက်မှ မြင်းခွာသံများနှင့် လှည်းဘီးသံများက မိုးခြိမ်းသံကဲ့သို့ သောသောညံနေသည်။ ဤသည်က သူ တစ်ကိုယ်တည်း နန်းတော်အတွင်းသို့ သတ်ဖြတ် ဝင်ရောက်၍ ဧကရာဇ်၏ ခေါင်းပြတ်ကို လက်တွင် ဆွဲကာ ထွက်လာခြင်းကြောင့် ဖြစ်သည်။
ဤဓားကွက်၏ ခမ်းနားထည်ဝါမှုက အခြား သိုင်းကွက်များ တုပနိုင်သောအရာ မဟုတ်ချေ။ အရိုင်းဆန်မှု၊ ပြက်ရယ်ပြုမှု၊ အရာအားလုံးကို မထီမဲ့မြင် ပြုမှု...။
သို့သော်လည်း ဤဓားကွက်က သားသတ်သမား၏ ဓားမသိုင်းများအနက် အထူးခြားဆုံး သိုင်းကွက် ဖြစ်သည်။ ၎င်းက ကိုယ့်ခွန်အားကို အဆုံးစွန်ထိ ထိန်းချုပ်နိုင်ရန် လိုအပ်သကဲ့သို့ ရန်သူ၏ ခွန်အားကိုလည်း အဆုံးစွန်ထိ တွက်ချက်နိုင်ရန် လိုအပ်သည်။ ဤသည်က သိုင်းကွက် အသားပေး ကောင်းကင် နတ်သိုင်း ပညာရပ်များအနက် အထွတ်အထိပ်သော ဖန်တီးမှု ဖြစ်သည်။
လက်ဖဝါး နှစ်ဖက် ထိတွေ့သွားသောအခါ ချင်မူက သူနှင့် တစ်ဘက်လူ၏ ကြွက်သား လှုပ်ရှားမှု၊ ချီစွမ်းအင် လမ်းကြောင်း၊ ခွန်အား ဖြန့်ကျက်မှုတို့ကို ရုတ်ခြည်း အာရုံခံလိုက်မိသည်။ သားသတ်သမား၏ ချီစွမ်းအင်မှာ သူ့အောက် နိမ့်ကျကြောင်း တစ်မုဟုတ်ချင်း သိရှိလိုက်ပြီး ထိုတစ်ခဏချင်းပင် သူ့လက်ကို ဓားမများအဖြစ် အသုံးပြု၍ တိုက်ခိုက်လိုက်သည့် အချိန်တွင် သားသတ်သမားက သူ့ခွန်အား အပြောင်းအလဲကို အာရုံခံမိသွားပြီး ကြိုတင် ပိတ်ဆို့ ခုခံကာ အခြားလက်ဖြင့် ချင်မူ၏ ပျော့ကွက်သို့ ခုတ်ပိုင်းချလိုက်သည်။
သားသတ်သမားက သိုင်းကွက်ပိုင်းအရ အသာစီးမှပင် ရှိနေသေးသည်။ တုံ့ပြန်လှုပ်ရှားမှုပိုင်းတွင် ဖြစ်စေ၊ အတွေ့အကြုံပိုင်းတွင် ဖြစ်စေ သူက ချင်မူ့ထက် များစွာ သာလွန်၏။ သို့သော်လည်း သားသတ်သမားက ချင်မူ၏ ဓားမကို ပိတ်ဆို့ ကာကွယ်လိုက်သောအခါ တစ်စုံတစ်ခု မှားယွင်းနေကြောင်း သတိပြုမိပြီး နောက်သို့ လွင့်ထွက်သွားသည်။ သူက ချင်မူ၏ လက်ဓားမ အားအဟုန်ကြောင့် ရွာပြင်ထိ လွင့်ထွက်သွားပြီး တောအုပ်ထဲမှ သစ်ပင်များနှင့် ဝင်ဆောင့်သွားသည်။
ချင်မူ သူ့ကိုယ်သူ ငုံ့ကြည့်လိုက်သောအခါ သူ အစောက လဲလှယ် ဝတ်ဆင်ခဲ့သည့် အင်္ကျီမှာ သားသတ်သမား၏ ဓားမကြောင့် နှစ်ခြမ်းကွဲသွားကြောင်း တွေ့လိုက်ရသည်။ ကပ်သီလေး လွတ်သွားခြင်း ဖြစ်သည်ဟု သူ တွေးလိုက်မိ၏။
သူ၏ ကျင့်စဉ်စွမ်းအင်က အားကောင်းလွန်းသည့်အတွက် သူ့ဓားမသိုင်းက သားသတ်သမားကို မမီသော်လည်း ခွန်းအားဖြင့် လွှမ်းမိုး အနိုင်ယူနိုင်ခဲ့ခြင်း ဖြစ်သည်။
"ငါ ရှုံးပြီ..."
သားသတ်သမားက တောထဲမှ ခုန်ထွက်လာပြီး ရွာထဲသို့ ပြန်ရောက်လာ၏။ သူ့လက်နှစ်ဖက်ဖြင့် မြေပေါ် ထောက်၍ အတုံ့အဆိုင်းမရှိ ပြောလိုက်သည်။ "ငါ ရှုံးပြီ... ဆေးဆရာနဲ့ နားကန်း... မင်းတို့ နှစ်ယောက် ပြိုင်ဖို့ မလိုတော့ဘူး... မင်းတို့ရဲ့ ကျင့်စဉ်စွမ်းအင်က သူ့အောက် သေချာပေါက် နိမ့်တယ်..."
နားကန်းက လှောင်ရယ် ရယ်လိုက်သည်။ "ငါက သူနဲ့ ကျင့်စဉ်စွမ်းအင်ချင်း ပြိုင်မယ်လို့ ဘယ်သူ ပြောလို့လဲ... မူအာ... ဘိုးဘိုး နဂါး နှစ်ကောင် ဆွဲထားတယ်..."
ရွှစ်...။
သူ့လက်များ လှုပ်ခါသွားပြီး ပန်းချီကားနှစ်ချပ်ကို ဖြန့်၍ တိုင်လုံးများတွင် ချိတ်ဆွဲလိုက်သည်။ အသက်ဝင် ပီပြင်လှသော နဂါးနှစ်ကောင်က ထိုပန်ချီကားများပေါ်တွင် ရှိနေပြီး အချိန်မရွေး ကောင်းကင်ယံသို့ ပျံတက်သွားတော့မည်ကဲ့သို့ ရှိနေ၏။ သို့သော်လည်း ထူးဆန်းသည်မှာ ထိုနဂါး နှစ်ကောင်စလုံးက မျက်လုံးများ မရှိကြပေ။
"ဒီနှစ်တွေမှာ ဘိုးဘိုး မင်းကို ပန်းချီနဲ့ စာလုံးလှပညာ သင်ပေးခဲ့တယ်... ပန်းချီနဲ့ စာလုံးလှပညာ လမ်းစဉ်က အဲဒီ ရူးမိုက်တဲ့ လမ်းဘေး တိုက်ခိုက်နည်းတွေလို မဟုတ်ဘူး... ဉာဏ်ပညာ ရင့်သန်တဲ့သူတွေပဲ တတ်ကျွမ်းနိုင်တာ... နားလည် သဘောပေါက်နိုင်စွမ်း မြင့်ဖို့ လိုတယ်..."
နားကန်းက စုတ်တံကို ချ၍ တည်ကြည် လေးနက်စွာ ပြောလိုက်သည်။ "ငါက ဒီနဂါး နှစ်ကောင်ကို ကောင်းကင်နတ်သိုင်း အသုံးပြုပြီး ရေးဆွဲထားတယ်... မျက်လုံးတွေကို ဆွဲလိုက်တာနဲ့ အသက်ဝင်ပြီး ပျံထွက်သွားလိမ့်မယ်... ဒါပေမဲ့ ဝိညာဉ် သန္ဓေသားအဆင့် ကျင့်စဉ်စွမ်းအင်နဲ့ အသက်ဝင်အောင် ရေးဆွဲဖို့ မဖြစ်နိုင်ဘူး... ကျင့်စဉ်စွမ်းအင် မလုံလောက်တဲ့အခါ ပန်းချီစွမ်းရည်အပေါ် မှီခိုရလိမ့်မယ်... အပြန်အလှန် အာရုံခံစားမှု သုံးပြီး စုတ်ချက်တစ်ချက်နဲ့ ကောင်းကင်ဝိညာဉ် ထည့်သွင်းနည်း မင်းကို သင်ထားပြီးသား... ဒီနေ့ မင်းနဲ့ ငါ အပြန်အလှန် အာရုံခံနိုင်စွမ်း ပြိုင်ကြမယ်... ဒီနဂါးတွေ အသက်ဝင်လာပြီး ကောင်းကင်ဆီ ပျံတက်သွားအောင် ဘယ်သူ လုပ်နိုင်မလဲ ကြည့်ကြတာပေါ့..."