နဂါးပုံဆွဲ၍ မျက်လုံးနေရာချ
Vol. 7 Ch. 94
ထိုစကားကို ကြားသောအခါ ရွာထဲရှိ လူများအားလုံး လွှတ်ခနဲ ချီးကျူးလိုက်မိ၏။ ရွာလူကြီးက ခေါင်းကို ညိတ်၍ ပြုံးလိုက်သည်။ “နားကန်းက တကယ့်ကို ချီးကျူးစရာ ကောင်းတာပဲ... သိပ်လှတယ်... အပြန်အလှန် အာရုံခံစားမှုကို သုံးပြီး စုတ်ချက် တစ်ချက်နဲ့ ကောင်းကင်ဝိညာဉ်ကို ထည့်သွင်းတာက... လောကကြီးရဲ့ ဖန်ဆင်းမှု သဘောတရားကို ဖမ်းဆုပ်ဖို့ ကြိုးစားတာပဲ”
ချင်မူက ရှေ့ထွက်လာပြီး နားကန်းကို တပည့်တစ်ယောက် အနေဖြင့် ဂါရဝပြုလိုက်သည်။
နားကန်း၏ အမူအရာက ပျက်ယွင်းသွားပြီး တစ်မုဟုတ်ချင်း ရှောင်ရှားလိုက်၏။ “အခု မင်းနဲ့ ငါက တစ်ယောက်နဲ့ တစ်ယောက် ပြိုင်နေကြတာ... ဆရာတပည့်ဆိုတာ မရှိဘူး... နှစ်ယောက်စလုံးက ပြိုင်ဘက်တွေ ဖြစ်သွားပြီ... တစ်ယောက်နဲ့ တစ်ယောက် တန်းတူပဲ နှုတ်ဆက်မယ်... ဒီပြိုင်ပွဲ ပြီးမှ ငါက မင့်ဆရာ ဖြစ်လိမ့်မယ်..."
ချင်မူမှာ နားကန်းက ထူးထူးဆန်းဆန်း ပြုမူတတ်သူ ဖြစ်ကြောင်း သိသဖြင့် သူ့ကို တန်းတူ အနေအထားဖြင့်သာ ဦးညွှတ် အရိုအသေ ပြုလိုက်၏။ နားကန်းကလည်း သူ့ကို ပြန်ပြီး အရိုအသေ ပြုလိုက်သည်။
သူတို့ နှစ်ယောက်က စုတ်တံ တစ်ယောက် တစ်ချောင်းစီ ကောက်ကိုင်၍ ပန်းချီကား၏ ရှေ့တွင် ရပ်ကြည့်လိုက်ကြ၏။
ချီစွမ်းအင်ကို ကောင်းကင်နတ်သိုင်းအဖြစ် အသုံးပြု၍ ပန်းချီကားပေါ်မှ နဂါးကို အသက်ဝင်လာအောင် ရေးဆွဲနိုင်သည်ကပင် ချီးကျူးဖွယ်ရာ ကောင်းလှပြီ ဖြစ်သည်။ သို့သော်လည်း ကျင့်စဉ်စွမ်းအင် မလုံလောက်ဘဲ ပန်းချီကားထဲမှ နဂါးပုံကို ပန်းချီပညာဖြင့် အသက်သွင်းနိုင်ခဲ့သေးသည် ဆိုလျှင် ထိုဖြစ်စဉ်၌ လောကကြီး၏ ဖန်ဆင်းမှု သဘောတရားများ ပါဝင်နေပေလိမ့်မည်။
ချင်မူက နားကန်းထံမှ ပန်းချီပညာ၊ စာလုံးလှပညာနှင့် စာရေး၊ စာဖတ်ခြင်း ကို သင်ကြားခဲ့သည်။ နားကန်းက သူ့ကို အတော်များများ သင်ပေးခဲ့ပြီးပြီဟု ဆိုနိုင်ပြီး ချင်မူမှာလည်း ပန်းချီကား များစွာ ရေးဆွဲခဲ့ပြီးသည် ဖြစ်၍ ပန်းချီပညာပိုင်းတွင် အခြေခံ ခိုင်ခိုင်မာမာ ရှိသည်ဟု ဆိုနိုင်သော်လည်း သူ့အနေဖြင့် ပန်းချီကားတစ်ချပ်ကို အသက်ဝင်လာအောင် ရေးဆွဲရန်မှာ ယခု ပထမဆုံး ဖြစ်သည်။
အပြန်အလှန် အာရုံခံစားမှုကို အသုံးပြု၍ စုတ်ချက် တစ်ချက်ဖြင့် ပန်းချီကားထဲမှ လူနှင့် အရာဝတ္ထုများကို အသက်ဝင်လာအောင် ရေးဆွဲခြင်းအတတ်ကို နားကန်းက သင်ကြားပေးခဲ့ဖူးသော်လည်း ချင်မူ တစ်ခါမျှ အောင်အောင်မြင်မြင် ရေးဆွဲနိုင်ခဲ့ခြင်း မရှိပေ။
ဤတစ်ပွဲက အစောက စမ်းသပ်မှုများထက် အများကြီး ပိုခက်၏။
ချင်မူက သူ့ရှေ့ရှိ ပန်းချီကားပေါ်မှ နဂါးပုံကို အာရုံစိုက်လိုက်သည်။ ဤနဂါးက အသက်ဝင်လွန်းလှပြီး သူ့အကြည့်များ ၎င်းပေါ် ကျရောက်သွားသောအခါ ပန်းချီကားထဲမှ နဂါးမှာ ဖြည်းညင်းစွာ ရွေ့လျားလာပြီး ကိုယ်ဟန် အမျိုးမျိုး ပြောင်းလဲနေကြောင်း ခံစားမိသည်။
နားကန်း၏ ပန်းချီ ပညာမှာ အမှန်တကယ်ပင် ထူးကဲလှ၏။ မျက်လုံးများ မဆွဲရသေးသော်လည်း ပန်းချီကားထဲမှ နဂါးမှာ ကောင်းကင်ယံသို့ ထိုးတက်သွားတော့မလို ခံစားရသည်။
ချင်မူက စုတ်တံကို ကိုင်ထားသော်လည်း စတင် ရေးဆွဲခြင်း မရှိသေးပေ။ ပန်းချီကားထဲမှ နဂါးမှာ သူ့ရှေ့တွင် ရှိနေ၏။ မျက်လုံးများကို မည်ကဲ့သို့ ရေးဆွဲရမည်နည်း။
မည်သို့ပင် ရေးဆွဲသည် ဖြစ်စေ၊ သူ့အနေဖြင့် ဤနဂါးကို အသက်သွင်းနိုင်ရန် ခဲယဉ်းလှသည်။ စုတ်ချက်ကို မည်သည့်နေရာတွင် ချချ မှားသွားလိမ့်မည်ဟု ခံစားနေရ၏။
"မူအာ... နားကန်းရဲ့ ပန်းချီကားကို ဖြဲပစ်လိုက်... အဲဒါဆို မင်း နိုင်ပြီ...” အဘွားစစ်က မနေနိုင်ဘဲ ချင်မူ့ကို ခပ်တိုးတိုး ပြောလိုက်သည်။
နားကန်းက သူမကို စိတ်ပျက်လက်ပျက် မျက်လုံးလှန် ကြည့်လိုက်၏။ “အောက်တန်းကျပြီး မိစ္ဆာဆန်တဲ့ နည်းလမ်းပဲ... မူအာ့ကို မြင့်မြတ်တဲ့ စာအုပ်တွေ ဖတ်တတ်အောင် ငါ သင်ပေးထားလို့ သူက ဉာဏ်ပညာ အမျှော်အမြင်နဲ့ ပြည့်စုံပြီး စိတ်ထား မြင့်မြတ်တဲ့သူ တစ်ယောက် ဖြစ်နေပြီ... နင့်လိုမျိုး အောက်တန်းကျတဲ့ နည်းလမ်းတွေ သုံးမှာ မဟုတ်ဘူး...”
အဘွားစစ်မှာ ဒေါသအိုး ပေါက်ကွဲသွားသည်။
ရွာလူကြီးက ပြုံးလိုက်၏။ "အဘွားကြီး... သူတို့ ပြိုင်ပွဲကို ဝင်မနှောင့်ယှက်နဲ့... ဒီပွဲအတွက် နားကန်းရဲ့ စမ်းသပ်မှုက သိပ်ကို ပြောင်မြောက်တယ်...”
အဘွားစစ်မှာ သူမ၏ ဒေါသကို ချုပ်ထိန်းထားလိုက်ရသည်။
ချင်မူ၏ မျက်လုံးထဲတွင် ပန်းချီကားထဲမှ နဂါးသာ ကျန်ရစ်ခဲ့၏။ ဒုက္ခိတဘိုးဘွား ကျေးရွာက သူ့မျက်လုံးထဲတွင် မရှိတော့။ ပန်းချီကား တစ်ခုတည်းသာ သူ့ရှေ့တွင် မျောလွင့်နေသည်။ တစ်ခဏမျှ ကြာသောအခါ ပန်းချီကားပါ ကွယ်ပျောက်သွားပြီး မင်ဖြင့် ရေးဆွဲထားသော နဂါးပုံသာ ကျန်ရစ်ခဲ့တော့သည်။
သူ့မျက်လုံးထဲတွင် ဤနဂါးက အထက်အောက် ဘေးဘယ်ညာသို့ ကူးခတ်နေ၏။ တစ်ခါတစ်ရံတွင် လေထဲသို့ ထိုးတက်သွားလိုက်၊ တစ်ခါတစ်ရံတွင် ရစ်ခွေနေလိုက်၊ တစ်ခါတစ်ရံတွင် မြေပြင်ပေါ်တွင် လဲလျောင်းနေလိုက်နှင့် ရှိနေသည်။ ပါးပျဉ်း ထောင်လာ၏။ အမြီးကို ယမ်း၏။ လျှောတိုက် ရွေ့လျား၏။ ရေထဲတွင် လူးလာ ဆော့ကစား၏။ မီးလျှံများနှင့် လျှပ်စီးတန်းများကို မှုတ်ထုတ်၏။
ချင်မူမှာ သူ့ကိုယ်သူ ပန်းချီကားထဲမှ နဂါးဖြစ်သွားသလို ခံစားရသည်။ သို့သော်လည်း ထိုအနေအထား၌ သူ့မျက်လုံးတွင် အရာအားလုံးက မည်းမှောင်နေသည်။ သူ့တွင် မျက်လုံးမရှိ...။
သူက ဤအမှောင်ထုကြီးကို ဖြိုခွင်းရန် ကြိုးစားလိုသော်လည်း သူ့မျက်လုံးများကို မည်သို့ ဖွင့်ရမည်မှန်း မသိချေ။
နယ်စပ်နဂါးမြို့မှ နဂါးတိုင်လုံးများ၊ မာန်ဟုန်မြစ် နဂါးနန်းတော်မှ နဂါးအရိုးနှင့် နဂါးဝိညာဉ်များကို သတိရလိုက်မိသည်။ ရွာထဲမှ ကျောက်ရုပ်ထုများနှင့် ထိုကျောက်ရုပ်ထုများကို ထွင်းထုခဲ့သည့် ကောင်းကင်မျိုးနွယ် ပညာရှင်၏ လက်ရာများကို သတိရလိုက်မိသည်။
ထိုကောင်းကင်မျိုးနွယ်ပညာရှင် ထွင်းထုခဲ့သည့် နတ်ဘုရား ရုပ်ထုများမှာလည်း ပန်းချီပညာတစ်မျိုး ဖြစ်၏။ ထိုရုပ်တုများတွင် ကိန်းဝပ်နေသည့် အံ့ချီးလောက်ဖွယ် လက်ရာများနှင့် လျှို့ဝှက်နက်နဲသော သွင်ပြင်တို့က ၎င်းတို့ကို စိတ်ဝိညာဉ်များ ထည့်သွင်းပေးခဲ့ဟန် ရှိပြီး မဟာမြို့ပျက်ကို နတ်ဘုရားများသဖွယ် ကာကွယ်စေခဲ့ခြင်း ဖြစ်သည်။
တစ်ခဏမျှ ကြာသောအခါ အမှောင်ထုထဲတွင် အလင်းတန်းမျှင်လေးတစ်ခု တဖြည်းဖြည်း ပေါ်လာသည်ကို ချင်မူ ခံစားမိသည်။ ထိုနဂါးက သူ့မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်ဟလာသကဲ့သို့ ဖြစ်၏။ မျက်လုံးရှေ့မှ အမှောင်ထုကြီး တစ်ခုလုံး ပြယ်လွင့်သွားသောအခါ ချင်မူ၏ မျက်လုံးမှ အားလှိုင်းတစ်ခု ဟုန်းခနဲ ထွက်ပေါ်လာသည်။ သူ၏ စုတ်တံကို မြှောက်၍ နဂါးမျက်လုံးကို ရေးဆွဲလိုက်၏။
အပြန်အလှန် အာရုံခံစားမှုကို အသုံးပြု၍ စုတ်ချက်တစ်ချက်ဖြင့် ကောင်းကင်ဝိညာဉ်ကို ထည့်သွင်းခြင်း...။
သူ့စုတ်တံ အချတွင် ပန်းချီကားထဲမှ နဂါးက တစ်မုဟုတ်ချင်း အသက်ဝင်လာ၏။ အမြီးတယမ်းယမ်းနှင့် ခေါင်းကို ယိမ်းနွဲ့၍ ပန်းချီကားထဲမှ ကောင်းကင်ယံသို့ ပျံတက်ပြီး တိမ်တိုက်များကြားတွင် လူးလာ ဆော့ကစားနေသည်။ ပန်းချီကားမှာ စက္ကူဖြူသက်သက်သာ ကျန်ရစ်ခဲ့ပြီး မင်တစ်စက်မျှ မရှိတော့ချေ။
ချင်မူမှာ ကြောင်အမ်းအမ်းဖြင့် ငေးကြည့်နေမိ၏။ သူ တကယ်ပဲ အောင်မြင်သွားခဲ့သည်။
ပန်းချီကားထဲမှ နဂါးကို အသက်ဝင်လာအောင် ရေးဆွဲနိုင်ခဲ့ပြီ။
ထိုနဂါးက ကောင်းကင်ယံတွင် တစ်ခဏမျှ ပျံဝဲ ဆော့ကစားနေပြီးနောက် မင်စက်များအဖြစ် ပြန်ပြောင်းသွားပြီး အနီးအနားရှိ တိမ်တိုက်များ စွန်းထင်း မည်းနက်သွားသည်။
ချင်မူ နားကန်းရှိရာသို့ ကမန်းကတန်း လှမ်းကြည့်လိုက်သောအခါ နားကန်းက သူ့စုတ်တံကို ဆေးကြော၍ ပြန်ထောင်လိုက်သည်ကို တွေ့ရသည်။ သူ့ရှေ့ရှိ ပန်းချီကားမှ နဂါးပုံမှာ မျက်လုံး ရေးဆွဲထားခြင်း မရှိပေ။
ချင်မူက တစ်မုဟုတ်ချင်း သဘောပေါက်သွား၏။ “ဘိုးဘိုးနားကန်း... ဘိုးဘိုးက ကျွန်တော့်ကို အနိုင်ပေးလိုက်တာလား...”
နားကန်းက ခေါင်းခါယမ်းလိုက်၏။ “ငါ မင်းကို အနိုင်ပေးလိုက်တာ မဟုတ်ဘူး...မင့်အရွယ်တုန်းက ငါ မင်းလိုမျိုး လုပ်နိုင်ခဲ့တာမှ မဟုတ်ပဲ... ငါ့ရဲ့စမ်းသပ်မှုက အနိုင်၊ အရှုံးအတွက် ရည်ရွယ်ခဲ့တာ မဟုတ်ဘူး... ဆရာဆိုတာ တပည့်ကို သူတတ်တဲ့ ပညာ သင်ပေးဖို့ ဆရာ ဖြစ်လာတာ မဟုတ်လား... အခု ငါက မင်းကို ငါ့ရဲ့ တာအိုလမ်းစဉ် သင်ပေးနေတာ... ဘာလို့ နိုင်တာ ရှုံးတာကို ဂရုစိုက်နေရမှာလဲ”
ဆေးဆရာက လွှတ်ခနဲ ချီးကျူးလိုက်မိ၏။ “နားကန်း မင်းက ဆရာတစ်ယောက်ရဲ့ နှလုံးသားမျိုး ရှိတာပဲ... ငါ တကယ် လေးစားသွားပြီ... မူအာ... ငါ့ရဲ့ စမ်းသပ်မှုကလည်း မင်းနဲ့ ယှဉ်ပြိုင်ဖို့ မဟုတ်ဘူး... မင်း ဆေးတစ်ဖုံ ဖော်စပ်ရမယ်... ရွာပြင်ဘက်က ဆေးပင်ခြံထဲကိုသွား... အဆိပ်ပြင်းတဲ့ ဆေးပင် အမျိုးသုံးဆယ်ကို နုတ်ပြီးတော့ စွမ်းအင်ဆေးတစ်ဖုံ ရအောင် ဖော်ခဲ့... အဲဒီဆေး ဖော်ပြီးသွားရင် ရလာတဲ့ ဆေးလုံးကို မင်း သောက်ရမယ်... အဲဒီဆေးက မင်းအတွက် ခွန်အားဖြည့်ပေးနိုင်တယ် ဆိုရင် စမ်းသပ်မှု အောင်မြင်တယ်လို့ သတ်မှတ်မယ်... ဒါပေမဲ့ အဆိပ်မိပြီး သေသွားရင်တော့ မင်း ဒီရွာထဲမှာပဲ ဆက်နေရလိမ့်မယ်....”
ချင်မူမှာ ရယ်ရမလား၊ ငိုရမလား မသိဖြစ်သွားသည်။ သူ အဆိပ်မိပြီး သေသွားမှတော့ ရွာထဲတွင် အဘယ်သို့ ဆက်နေရအုံးမည်နည်း။
ဆေးဆရာ၏ ရည်ရွယ်ချက်က မြင်သာလှ၏။ အဆိပ် ပြင်းထန်သော ဆေးပင် အမျိုးသုံးဆယ်ကို အသုံးပြု၍ စွမ်းအင်ဆေးတစ်ဖုံ ဖော်စပ်ရန်မှာ ဆေးပညာ ဗဟုသုတအရာ၌ အလွန်တရာ ကြွယ်ဝမှ ရပေလိမ့်မည်။ ဆေးပင် တစ်ပင်ချင်းစီ၏ ပမာဏ မည်မျှ အသုံးပြုမည်၊ အရွက်ကို အသုံးပြုမည်လား၊ အမြစ်ကို အသုံးပြုမည်လား၊ ဝတ်မှုန်ကို အသုံးပြုမည်လား၊ ပွင့်ချပ်ကို အသုံးပြုမည်လား၊ ရေဖြင့် ပြုတ်မည်လား၊ ရေဓာတ် ခန်းခြောက်သွားအောင် အပူငွေ့ပေးမည်လား...။ ဤအရာ အားလုံးက ဂရုတစိုက် လေ့လာထားမှသာ သိနိုင်၏။
ထို့ပြင် ဆေးဆရာက သူ့ကို ဆေးဖော်စပ်နည်း မပြော။ ဆေးပင် ပမာဏ မည်မျှ အသုံးပြုမည် ဆိုခြင်းနှင့် ထိုဆေးပင်များ၏ အဆိပ်ဓာတ်များ တစ်ခုနှင့် တစ်ခု ချေဖျက်၍ စွမ်းအင်ဆေး တစ်ဖုံ ဖြစ်လာစေရန် မည်သို့ ဖော်စပ်မည် ဆိုခြင်းကို သူ့ဖာသာ ဆုံးဖြတ်ရမည် ဖြစ်သည်။
ဆေးဖော်စပ်ရာ၌ မီးရှိန်ကလည်း လွန်စွာ အရေးပါလှသည်။ ချင်မူ့အနေဖြင့် သူ ဆေးဖော်စပ်ခဲ့စဉ်က ရရှိခဲ့သော အတွေ့အကြုံများကို အသုံးပြု၍ ဆေးပင်များကို မည်သည့်အချိန်တွင် ထည့်မည်၊ အမှုန့်အနေဖြင့် အသုံးပြုမည်လား၊ တစ်စစီ ဖြတ်တောက်၍ အသုံးပြုမည်လား၊ မီးရှိန်ကို မည်သို့ ထိန်းချုပ်မည်၊ မည်မျှကြာအောင် ထားမည် စသည်တို့ကို သူ့ဖာသာ ဆုံးဖြတ်ရမည် ဖြစ်သည်။
အနည်းငယ်မျှသော အမှားအယွင်းလေး တစ်ခုက ပြောင်းလဲမှု အကြီးကြီး ဖြစ်သွားစေနိုင်၏။ အဆင့်တစ်ခုခုတွင် အမှားပါသွားပါက ချင်မူ ကြိုးစားပမ်းစား လုပ်ဆောင်ခဲ့သမျှ အကုန် အလဟဿ ဖြစ်ပြီး သူ သောက်ရမည့် အဆိပ်ဆေးကို သူကိုယ်တိုင် ဖော်စပ်သလို ဖြစ်သွားပေလိမ့်မည်။
ချင်မူက ဆေးဆရာ၏ ဆေးပင်ခြံဘေးတွင် မတ်တပ်ရပ်၍ အထဲမှ ဆေးပင်များကို ကြည့်လိုက်သည်။ ထို့နောက် တစ်ခဏမျှ တဖွဖွ ရေရွတ်ပြီးနောက် ဆေးပင်ခြံထဲရှိ ဆေးပင်များ အားလုံး၏ အဆိပ်အာနိသင်ကို တွက်ချက်လိုက်သည်။ ထိုဆေးပင်များကို မည်သို့ တွဲစပ်မည်၊ ဧကရာဇ်နှင့် မှူးမတ်များကို မည်သို့ နေရာချမည်၊ နဂါးနှင့် ကျားကို မည်သို့ နှိမ်နင်းမည်၊ ယင်နှင့် ယန်ကို မည်သို့ မျှတအောင် လုပ်မည် စသည်များကို စိတ်ကူးကြည့်လိုက်၏။
တစ်ခဏမျှ ကြာပြီးသောအခါ ဆေးပင်ခြံထဲသို့ ဝင်၍ ဆေးပင်များကို ဂရုတစိုက် နုတ်ယူလိုက်သည်။
နှစ်ဆယ့်ကိုးပင်မြောက် ဆေးပင်ကို နုတ်ယူပြီးသောအခါ ချင်မူက နောက်ထပ် ဆေးပင် ဆက်မနုတ်တော့ဘဲ အဆိပ်ပင် တစ်ပင်၏ အရွက်ပေါ်မှ အတောင်ပံတွင် အကွက် ငါးကွက်ပါသော ယင်ကောင် တစ်ကောင်ကို ဖမ်းယူပြီး ခေါင်းကို ဖြုတ်၍ တောင်ပံများကို ဖယ်ကာ အခုသုံးဆယ်မြောက် အဆိပ်ဆေးအဖြစ် ယူလိုက်၏။
ချင်မူ ရွာထဲသို့ ပြန်လာပြီး အချို့ဆေးပင်များ၏ အမြစ်များကို ပိုလျှံနေသော ဆေးအာနိသင်များ ထွက်သွားအောင် အပူပေးလိုက်၏။ အချို့ဆေးပင်များကို ရေငွေ့ဖြင့် ပေါင်းခံလိုက်ပြီး အချို့ဆေးပင်များကို ရေငွေ့ ထုတ်လိုက်သည်။
အချိန်အတော်ကြာအောင် အလုပ်များ ပြီးသွားသည့်အခါ ဆေးဖော်စပ်ရန် စတင်လိုက်၏။
ဆေးဆရာက ခပ်လှမ်းလှမ်းမှ ရပ်၍ သူ လုပ်ဆောင်ပုံ အဆင့်ဆင့်နှင့် အသုံးပြုသည့် နည်းလမ်းများအပြင် ချီစွမ်းအင်ကို မည်သို့ အသုံးပြုသည် ဆိုခြင်းကိုပါ ကြည့်ပြီး တိတ်တဆိတ် ခေါင်းညိတ်လိုက်သည်။
ချင်မူ ဆေးကျိုသည့်အခါ သူ၏ ချီစွမ်းအင်ကို အသုံးပြု၍ ဆေးကျိုအိုးကြီးကို လေထဲသို့ မြောက်နေအောင် မြှောက်ထားလိုက်သည်။ ထို့နောက် ဆေးပင် အမျိုးသုံးဆယ်ကို ဆေးကျိုအိုးထဲသို့ ပစ်ထည့်လိုက်ပြီး ရေထပ်မထည့်ဘဲ သူ၏ အတိုင်းအဆမဲ့ သိပ်သည်းလှသော ချီစွမ်းအင်ကိုသာ ဆေးပင်များထဲသို့ စိမ့်ဝင်အောင် ပို့လွှတ်လိုက်သည်။ သူ၏ ချီစွမ်းအင်က မည်သည့် ဓာတ်သတ္တိမှ မရှိသဖြင့် ထိုဆေးပင်များမှ ဆေးစွမ်းအင် အဆီအနှစ်များ အလွယ်တကူ ထုတ်ယူနိုင်လေသည်။
ဆေးဆရာ၏ မျက်နှာတွင် အမူအရာ အနည်းငယ် ပြောင်းလဲသွား၏။ ဤသည်က ချင်မူ၏ ကိုယ်ပိုင် နည်းလမ်း ဖြစ်ပြီး သူ့အနေဖြင့် တုပနိုင်လိမ့်မည် မဟုတ်ပေ။ သူ၏ ချီစွမ်းအင်က ဓာတ်သတ္တိရှိပြီး ဆေးပင်များတွင်လည်း ဓာတ်သတ္တိကိုယ်စီ ရှိကြသည်။ သူ၏ ချီစွမ်းအင်က ထိုဆေးပင်များ၏ ဆေးစွမ်း အာနိသင်ကို ပျက်စီးစေနိုင်၏။ ချင်မူသာလျှင် သူ၏ ချီစွမ်းအင်က ဓာတ်သတ္တိ မရှိသဖြင့် ဤနည်းလမ်းကို အသုံးပြု၍ ဆေးစွမ်းအင် အဆီအနှစ်များ ထုတ်ယူနိုင်ခြင်း ဖြစ်သည်။
ချင်မူက ပို၍ အာရုံစိုက်နေသည့် အမူအရာ ရှိလာပြီး သူ၏ ချီစွမ်းအင်ကို အမျှင်သုံးဆယ်အဖြစ် ခွဲလိုက်သည်။ ထိုချီစွမ်းအင် အမျှင် တစ်ခုလျှင် ဆေးပင်တစ်ပင်ကျစီ စိမ့်ဝင်သွား၏။ တစ်ချိန်တည်းမှာပင် ဆေးကျိုအိုးကို ထိန်းမတ်ထားသည့် သူ့လက်တစ်ဖက်မှ မီးဓာတ် ချီစွမ်းအင်များ ဟုန်းခနဲ ထွက်ပေါ်လာပြီး တရှိန်ရှိန် တောက်လောင်နေသော မီးတောက်မီးလျှံများ ဖြစ်လာကာ ဆေးကျိုအိုးထဲမှ ဆေးစွမ်းအင် အဆီအနှစ်များ တစ်ခုနှင့်တစ်ခု ပေါင်းစည်းသွားသည်။
အခြားလက်တစ်ဖက်မှလည်း လိပ်နက် ချီစွမ်းအင်များ တစ်ဟုန်ထိုး ထွက်ပေါ်လာပြီး ဆေးစွမ်းအင် အဆီအနှစ်များကို ရေခိုးရေငွေ့ဖြင့် စိုစွတ်စေ၍ ပေါင်းစည်းခြင်း ဖြစ်စဉ်ကို အရှိန်သတ်ပေးလိုက်ကာ ဆေးကျိုအိုးထဲမှ အနယ်အနှစ် အညစ်အကြေးများကိုလည်း သန့်စင်စေလိုက်သည်။
တစ်ခဏမျှ ကြာသောအခါ ချင်မူက ထိုဆေးကျိုအိုးကြီးကို ရုတ်တရက် တဝီဝီ လည်ပတ်အောင် လေထဲသို့ မြှောက်တင်သည်။ ဆေးကျိုအိုးထဲမှ တတောက်တောက် အသံများ ထွက်ပေါ်လာ၏။ ထိုဆေးကျိုအိုး လည်ပတ်နေရာမှ ရပ်တန့်သွားသောအခါ အိုးထဲတွင် အဖြူရောင်ဆေးလုံးများ အဆက်မပြတ် လည်ပတ်၍ ကျန်ခဲ့သည်။ ထိုဆေးလုံးများက ကျောက်သလင်းကဲ့သို့ ကြည်လင်လှပြီး ကျောက်စိမ်းဖြူ အနှစ်သားဖြင့် ပြုလုပ်ထားသည့် ပုတီးစေ့များသဖွယ် ဖြစ်နေသည်။
ချင်မူက လက်ဆန့်၍ စွမ်းအင် ဆေးလုံးတစ်လုံးကို နှိုက်ယူလိုက်သည်။ အဘွားစစ်က စိုးရိမ် ပူပန်စွာ မေးမြန်းလိုက်၏။ “ဆေးဆရာ အဲဒီဆေးမှာ အဆိပ်ပါလား...”
ဆေးဆရာက ပြုံးလိုက်၏။ “မူအာ သောက်ကြည့်တဲ့အခါ အဆိပ်ရှိ၊ မရှိ သိလိမ့်မယ်ပေါ့”
ချင်မူက ပါးစပ်ကို ဟ၍ ထိုစွမ်းအင်ဆေးလုံးကို ပစ်ထည့်လိုက်သည်။ “မပူပါနဲ့ ဘွားဘွား... ဒီစွမ်းအင်ဆေးလုံးမှာ အဆိပ်မရှိပါဘူး...”
“ဘုန်း...”
သူ့ဆံပင်များက ရုတ်တရက် ပေါက်ကွဲသံ တစ်သံနှင့်အတူ အရပ်မျက်နှာ အနှံ့သို့ ရှည်လျား ဆန့်ထွက်လာ၏။ အဘွားစစ်နှင့် ကျန်သူများမှာ ထိတ်လန့်သွားကြသည်။ ချင်မူက ကမန်းကတန်း ပြောလိုက်၏။ “မစိုးရိမ်ကြပါနဲ့... ဒါက ဆေးပင်တစ်မျိုးရဲ့ အာနိသင်ကို ကျွန်တော် ကောင်းကောင်း မထိန်းညှိလိုက်ရလို့ ကျောက်ကပ်ရေဓာတ်ကို လှုံ့ဆော်ခံရပြီး ဆံပင်လေး နည်းနည်း ရှည်ထွက်လာတာပါ…”
အဘွားစစ်က ဒေါသတကြီး မြည်တွန်တောက်တီးလိုက်၏။ “ဒါက နည်းနည်းလေး ရှည်ထွက်လာတာလား...”
ချင်မူ၏ ဆံပင်က မရပ်မနား ဆက်ရှည်ထွက်နေသေးသည်။ သူ၏ ဆံပင်က ဝါးပင်ပေါက်များကဲ့သို့ အထက်သို့ ထောင်မတ် ရှည်ထွက်လာသည်။ တစ်ခဏအတွင်း၌ သူ့ဆံပင်က ဆယ်ကိုက်ခန့် ရှိသွားပြီ ဖြစ်သည်။ ဆံပင်မွေး တစ်ချောင်းချင်းစီကပင် မာကျောထောင်မတ်နေ၏။
ချင်မူမှာ သူ့ခေါင်းတစ်ခုလုံး လေးသည်ထက် လေးလံလာသည်။ “ဘွားဘွား... ဒီစွမ်းအင် ဆေးလုံးက ဒဏ်ရာ ကုတဲ့ နေရာမှာ သိပ်ကောင်းတယ်... ပျက်စီးနေတဲ့ ကြွက်သားတွေကို ပြန်ပြီး အသစ်ဖြစ်စေနိုင်တယ်... စုတ်ပြဲသွားတဲ့ ကြွက်သားတွေ၊ ကျိုးသွားတဲ့ အရိုးတွေ၊ ပြတ်သွားတဲ့ အရွတ်အကြောတွေကို ပြန်ဆက်စေနိုင်တယ်... ကျောက်ကပ်ရေဓာတ်ကို လှုံ့ဆော်ပေးတာလောက်က မပြောပလောက်တဲ့ ဆိုးကျိုးလေး တစ်ခုပါ..."
သူ့ဆံပင်က ဆက်၍ ရှည်ထွက်နေပြီး သူ့ခေါင်းပေါ်သို့ ပို၍ ပို၍ လေးလံပိကျလာသည်။ ခေါင်းပင် မထောင်နိုင်တော့လုနီးပါး ဖြစ်လာ၏။
ဆေးဆရာက ရယ်ချင်စိတ်ကို အောင့်ကာ ပြောလိုက်သည်။ “ဒီစမ်းသပ်မှုကို မင်းအောင်သွားပြီ... သားသတ်သမား... သူ့ဆံပင်ကို နည်းနည်းလောက် ရှင်းပေးလိုက်ပါဦး... ဒီအတိုင်း ဆက်ရှည်လာရင် သူ့လည်ပင်းရိုး ကျိုးသွားလိမ့်မယ်...”
သားသတ်သမားက ရှေ့သို့ ထွက်လာပြီး ချင်မူ၏ ဆံပင်ကို နှစ်ချက် သုံးချက် ခုတ်ဖြတ်၍ ရိပ်သင်ပေးလိုက်၏။
ထိုအခိုက်၌ ရွှေအက သူ့လက်များကို တဘက်တစ်ထည်ဖြင့် သုတ်၍ ပြိုကျနေသည့် ပန်းပဲရုံထဲမှ သူ့မီးဖိုကြီးကို ဆွဲထုတ်လာသည်။ ဆောင်းသံမဏိ နှစ်ချောင်းကို ထုတ်ယူ၍ မီးဖိုထဲသို့ ပစ်ထည့်လိုက်ရာ မီးဖိုထဲမှ မီးများ တစ်မုဟုတ်ချင်း ငြိမ်းသေသွားပြီး မီးဖို အတွင်းနံရံ၌ ရေခဲမှုန်များ ဖွဲ့တည်လာသည်။
ရွှေအက ရှေ့သို့ လှမ်းထွက်လာပြီး ပြုံးလိုက်၏။ “အ... အ... အ...”