← Chapters

ဓား

Vol. 7 Ch. 95

ဓား

Vol. 7 Ch. 95

ချင်မူ၏ ဆံပင်များ ရှည်ထွက်နေခြင်းမှာ နောက်ဆုံးတွင် ရပ်တန့်သွားပြီး ခါးလယ်ထိ ရှည်သော ဆံပင်များ ကျန်ရစ်ခဲ့၏။ သူက ကြိုးစတစ်စ ထုတ်ယူ၍ ဆံပင်များကို စည်းနှောင်လိုက်ပြီး မီးဖိုကြီးဆီသို့ လေးနက်သော အမူအရာဖြင့် လျှောက်သွားလိုက်သည်။

အဘွားစစ်က မျက်မှောင်ကြုတ်လိုက်၏။ “ရွှေအ... နင် ဝိညာဉ်သန္ဓေသားအဆင့်မှာ ဆောင်းသံမဏိ အမြုတေကို အရည်ကျိုနိုင်ပြီလား...”

ရွှေအက ခေါင်းညိတ်လိုက်၏။

အဘွားစစ်က ဒေါသတကြီး တဖီဖီ ထွေးလိုက်သည်။ “နင် လူလွန်ပဲ..."

ဆေးဆရာ၊ မျက်ကန်းနှင့် ကျန်သူများ အားလုံးကလည်း သဘောတူစွာ ခေါင်းညိတ်၍ တစ်ပြိုင်နက် ပြောလိုက်ကြသည်။ “လူလွန်ပဲ... ရွှေအ… မင်းက တကယ့်ကို လူလွန်ပဲ...”

ရွှေအက သူ့ကိုယ်သူ အလွန်အမင်း ဂုဏ်ယူသည့်ဟန်ဖြင့် ပါးစပ်များ နားရွက်တက်ချိတ်အောင် ပြုံးလိုက်သည်။

ဆောင်းသံမဏိ အမြုတေက ဆောင်းသလင်း သံမဏိထက် ပို၍ အရည်အသွေး ကောင်းပြီး ဆောင်းသလင်း သံမဏိမှ သန့်စင် ထုတ်ယူထားသည့် အမြုတေအဆီအနှစ် ဖြစ်သည်။ ဆောင်းသလင်း သံမဏိက မီးဖိုမီးဖြင့် အရည်ကျို၍ လက်နက်များ သွန်းလုပ်နိုင်သော်လည်း ဆောင်းသံမဏိ အမြုတေမှ လေအေးများက မီးဖိုမီးကို တစ်မုဟုတ်ချင်း ငြိမ်းသွားစေနိုင်သည်။ သို့ဖြစ်၍ အရည်ကျိုရန် အလွန်တရာ ခက်ခဲလှ၏။

ရွှေအက ဆောင်းသံမဏိ အမြုတေ  နှစ်ချောင်းကို ချင်မူ့ထံ ပစ်ပေးလိုက်ပြီး ထိုဆောင်းသံမဏိ အမြုတေ နှစ်ချောင်းကို အရည်ပျော်အောင် လုပ်၍ တစ်ခုတည်းဖြစ်အောင် ဆက်ကာ လက်နက် သွန်းလုပ်စေလိုကြောင်း ခြေဟန်လက်ဟန်ဖြင့် ပြောလိုက်သည်။

ချင်မူ ထိုသို့ လက်နက် သွန်းလုပ်နိုင်လျှင် သူ့စမ်းသပ်မှုကို အောင်မြင်ပေလိမ့်မည်။

ချင်မူ၏ ချီစွမ်းအင်က လည်ပတ်လာပြီး မီးငှက်ချီအဖြစ် ပြောင်းလဲသွားကာ သူ့လက်ဖဝါးတွင် မီးတောက်မီးလျှံများ ထွက်ပေါ်လာသည်။ သူ့လက်ကို မီးဖိုထဲသို့ ထည့်၍ အခြားလက် တစ်ဖက်က ဖားဖိုကို ဖိကာ မီးဖိုထဲရှိ မီးသွေးများ မီးစွဲအောင် ကြိုးစားလိုက်၏။

သို့သော်လည်း သူ့လက်ဖဝါး မီးဖိုထဲသို့ ရောက်သွားသည်နှင့် အားကောင်းသည့် လေအေးများ၏ ဖိနှိပ်မှုကို တစ်မုဟုတ်ချင်း ခံစားလိုက်ရပြီး သူ့လက်မှ မီးတောက်မီးလျှံများ ငြိမ်းသေလုနီးပါး ဖြစ်သွားသည်။ မီးငှက် ချီစွမ်းအင်ပင် အေးခဲလုမတတ် ဖြစ်သွား၏။

ရွှေအက အလွန်တရာ ကျေနပ် နှစ်သိမ့်သော အမူအရာဖြင့် ရှိနေပြီး သူ့ကို မေးမြန်းလာသည့် နားကန်းကို လက်ဟန်ခြေဟန် ပြလိုက်သည်။ “မင်းပြောတာ မီးဖိုကို မီးစွဲအောင် လုပ်တာကိုက စမ်းသပ်မှုရဲ့ တစ်စိတ်တစ်ပိုင်းပဲ... ပညာလိုတယ် ဟုတ်လား... အဲလို လုပ်ဖို့ ပန်းပဲပညာလိုတယ်၊ သာမန်ခွန်အား သက်သက်နဲ့ မီးစွဲအောင် လုပ်လို့ မရဘူး ဟုတ်လား...”

ရွှေအမှာ တပြုံးပြုံး ရှိနေရင်းနှင့် ရုတ်တရက် မီးဖိုမှ မီးတောက်မီးလျှံများ ဟုန်းခနဲ ထွက်ပေါ်လာသံကို ကြားလိုက်ရသည်။ မီးဖိုထဲမှ မီးသွေးခဲများက ချင်မူ၏ အားကောင်းလှသော မီးငှက်ချီစွမ်းအင်ကြောင့် မီးစွဲလောင်လာပြီး ဆောင်းသံမဏိ အမြုတေမှ လေအေးများကို ဖုံးလွှမ်း ဝါးမျိုသွားသည်။

နားကန်းက ရွှေအကို စာနာသလို ကြည့်လိုက်၏။ “ခွန်အားသက်သက်နဲ့ မီးစွဲအောင် မလုပ်နိုင်ဘူးဆိုတာက မင်းရဲ့ ဝိညာဉ်သန္ဓေသား ကျင့်စဉ်စွမ်းအင်က လိုနေသေးလို့ပဲ... ချင်မူက လုံလောက်တဲ့ ခွန်အားရှိတော့ မီးဖိုမီးကို ဘာပညာမှ မပါဘဲ မွှေးနိုင်တာပေါ့....”

ရွှေအက ဒေါသတကြီး ခြေဟန်လက်ဟန် ပြလိုက်သည်။ နားကန်းက ပြုံးလိုက်၏။ “ဉာဏ်များတဲ့ မြေခွေးကောင်... မီးသွေးမီးဖိုမီးက ဆောင်းသံမဏိ အမြုတေကို အရည်ပျော်လောက်အောင် အားမကောင်းဘူး ဟုတ်လား... လတ်စသတ်တော့ မင်းက တခြားဝှက်ဖဲတွေ ရှိနေသေးတာပဲ....”

ချင်မူက မီးဖိုမီး မွှေးပြီးသည်နှင့် သူ၏ ချီစွမ်းအင်ကို ချက်ချင်း နှိုးဆွကာ မီးဖိုမှ မီးရှိန်ကို အဆုံးထိ ရောက်အောင် မြှင့်တင်လိုက်၏။ သို့သော်လည်း ဆောင်းသံမဏိ အမြုတေက အရည်မပျော်ချေ။ အပူရှိန်ကြောင့် နီရဲလာခြင်းပင် မရှိ။

ချင်မူ မျက်မှောင်ကြုတ်လိုက်သည်။ ရုတ်တရက် သူ၏ လက်နှစ်ဖက်စလုံး မီးဖိုထဲသို့ ထိုးသွင်း၍ ဆောင်းသံမဏိအမြုတေ နှစ်ချောင်းကို ဆုပ်ကိုင်ကာ လောကသခင်ခန္ဓာ အမြုတေ သုံးသွယ် ကျင့်စဉ်ကို အသုံးပြုလိုက်သည်။ သူ၏ ဝိညာဉ်သန္ဓေသားကလည်း စတင် ရုန်းကြွ လှုပ်ရှားလာ၏။ ဝိညာဉ်သန္ဓေသား၏ အပြင်ဘက်ရှိ ချီစွမ်းအင်များမှာ ကြီးမားသော မီးဖိုကြီးတစ်လုံးကဲ့သို့ ဖြစ်လာပြီး မီးငှက်ချီစွမ်းအင်၏ စွမ်းအားက အဆုံးစွန်ထိ မြင့်တက်သွားသည်။

သူ့လက်ထဲမှ ဆောင်းသံမဏိ အမြုတေများက တဖြည်းဖြည်း နီရဲလာ၏။ များစွာ မကြာလိုက်ဘဲ သံရည်ပူများ တစ်စက်စက် စီးကျလာသည်။

ချင်မူက ထိုသံရည်ပူများကို ဇလားထဲသို့ စီးကျစေလိုက်သည်။ ဆောင်းသံမဏိ အမြုတေ နှစ်ချောင်းမှာ ပို၍ ပို၍ အရည်ပျော်လာ၏။ များစွာ မကြာလိုက်ဘဲ ဆောင်းသံမဏိ အမြုတေများအားလုံး အရည်ပျော်သွားပြီး သံရည်ပူများက ရောယှက် ပေါင်းစည်းသွားသည်။

နားကန်းက ကျောက်ရုပ်သဖွယ် ဖြစ်နေသော ရွှေအကို ကြည့်လိုက်သည်။ “မင်း သူ့ကို ဘာများ ထပ်စမ်းချင်သေးလဲ…”

ရွှေအမှာ စိတ်ပျက်လက်ပျက် ဖြစ်သွား၏။ သူ၏ မူလ ရည်ရွယ်ချက်မှာ ချင်မူ၏ ပန်းပဲပညာကို စမ်းသပ်လိုခြင်း ဖြစ်သည်။

ဆောင်းသံမဏိ အမြုတေကို အရည်ဖျော်ရန်အတွက် မီးဖိုကို ပထမဆုံး မီးညှိရမည် ဖြစ်သော်လည်း မီးဖိုမီး၏ အပူရှိန်က ဆောင်းသံမဏိ အမြုတေကို အရည်ဖျော်နိုင်ခြင်း မရှိပေ။ သို့သော်လည်း ကျင့်စဉ်စွမ်းအင်သာ သိပ်သည်း မြင့်မားပါက မီးငှက်ချီစွမ်းအင်ကို အသုံးပြု၍ ဆောင်းသံမဏိ အမြုတေကို ပျော့ပြောင်းလာအောင် ပြုလုပ်နိုင်သည်။

သူ့ စိတ်ကူးထဲတွင် ချင်မူက ထိုဆောင်းသံမဏိ အမြုတေ နှစ်ချောင်းကို ပျော့ပြောင်းအောင် ပြုလုပ်၍ တစ်ဆက်တည်း ဖြစ်သွားအောင် တူဖြင့် အဆက်မပြတ် ထုနှက်ပြီးမှ လက်နက်သွန်းလုပ်လိမ့်မည်ဟု တွက်ဆထားခဲ့သည်။ သို့သော်လည်း ချင်မူ၏ ချီစွမ်းအင်က မယုံနိုင်လောက်အောင် အားကောင်း ပြင်းထန်လွန်းပြီး ထိုဆောင်းသံမဏိ အမြုတေ နှစ်ချောင်းကို တစ်ခါတည်း အရည်ဖျော်ပစ်လိုက်မည်ဟု မျှော်လင့်မထားခဲ့မိချေ။

သူ၏ ရည်ရွယ်ချက်က ချင်မူ၏ ပန်းပဲစွမ်းရည်ကို စမ်းသပ်ရန် ဖြစ်သော်လည်း ချင်မူက သူ၏ ပန်းပဲစွမ်းရည်ထက် ခွန်အားသက်သက်ဖြင့် အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့သည်။ ထို့ပြင် ပို၍ပင် ရိုးရှင်း လွယ်ကူလှ၍ ရွှေအမှာ မည်သို့မျှ ပြောစရာမရှိ ဖြစ်သွားသည်။

သတ္ထုချင်း ထုနှက်သံ တစ်ဒေါင်ဒေါင် ထွက်ပေါ်လာ၏။ ချင်မူက သူ၏ သံတူကြီးကို လွှဲယမ်း ထုနှက်နေပြီး မီးပွင့်မီးပွားများက အရပ်မျက်နှာ အနှံ့သို့ ပျံ့လွင့်နေသည်။ ထုချက်တိုင်းက အားကောင်းသည့် ချီစွမ်းအင် ကိန်းအောင်း ပါဝင်ပြီး မီးငှက် ချီစွမ်းအင်ကို အသုံးပြု၍ ပျော့ပြောင်းသွားအောင်လုပ်လိုက်၊ လိပ်နက် ချီစွမ်းအင်ဖြင့် အအေးခံလိုက်နှင့် မာကျောလာအောင် ထုနှက်နေ၏။

မရေမတွက်နိုင်အောင် ထုနှက်သွားပြီးသောအခါ တဖြည်းဖြည်းနှင့် ဝက်ခုတ်ဓားမ တစ်ချောင်းပုံ ပေါ်လာသည်။

ရွှေအက ကြည့်ရှု စစ်ဆေးပြီးနောက် သူ့ခေါင်းကို ခပ်လေးလေး ညိတ်လိုက်သည်။ ချင်မူက ဤစမ်းသပ်မှုကို အောင်မြင်သွားချေပြီ။

ဆောင်းသံမဏိ အမြုတေများကို ဓားမတစ်ချောင်းအဖြစ် သွန်းလုပ်ပြီးသွားသောခါ ၎င်း၏ ထက်ရှမှုကို စမ်းသပ်ကြည့်ပြီး ချင်မူ အလွန်တရာ ကျေနပ်သွားသည်။ နောက်ဆုံးတော့ သူကိုယ်တိုင် သွန်းလုပ်ထားသည့် လက်နက်တစ်ခု ပိုင်ဆိုင်ခွင့် ရခဲ့ချေပြီ။

မျက်ကန်းက ပြုံးလိုက်၏။ “မူအာ... မင့်ဓားမကို မစမ်းနဲ့အုံး... ငါ့စမ်းသပ်မှုကို မင်း မကျော်ဖြတ်ရသေးဘူး... ဒီတစ်ခေါက် ငါတို့ ကဗျာစပ်တာ ပြိုင်ကြမယ်...”

ချင်မူ၏ မျက်နှာ ဖြူဖျော့သွားပြီး ဗလုံးဗထွေး ငြင်းဆန်လိုက်သည်။ “ဘိုးဘိုး မျက်ကန်း... ဘိုးဘိုးကို ကျွန်တော် သေချာပေါက် နိုင်မှာ မဟုတ်ဘူး...”

နားကန်းက သူ၏ နားနှစ်ဖက်ကို ပလွတ်ခနဲ ချွတ်ပြီး နားမထောင်လိုကြောင်း ပြလိုက်သည်။ အဘွားစစ်နှင့် ကျန်သူများကလည်း ပြက်ရယ်ပြုသည့် မျက်နှာများဖြင့် ပြောလိုက်သည်။ “မျက်ကန်း... အခြားတစ်ခုခု ပြောင်းစမ်းပါကွာ...”

မျက်ကန်းက သူ့ခေါင်းကို ကုတ်လိုက်သော်လည်း ငြင်းဆန်ခြင်း မပြုချေ။ “အဲဒါဆိုလည်း လှံသိုင်းပဲ ပြိုင်ကြတာပေါ့... ချီစွမ်းအင်ကို လှံတစ်ချောင်းလို စုစည်းလိုက်...”

မျက်ကန်းက ဝါးတောင်ဝှေးကို လွှင့်ပစ်လိုက်ပြီး လက်ချောင်းများကို ဖြန့်လိုက်သည်။ သူ၏ လိပ်နက်ချီစွမ်းအင်က စီးဆင်းသည့် ရေများအဖြစ် တစ်မုဟုတ်ချင်း ပြောင်းလဲသွားပြီး ရေနဂါးလှံတံ တစ်ခု သူ့လက်ထဲတွင် ပေါ်ထွက်လာသည်။

ချင်မူ၏ ချီစွမ်းအင်ကလည်း ဟုန်းခနဲ ထွက်ပေါ်လာပြီး မီးနဂါး လှံတံတစ်ခု ဖွဲ့တည်သွား၏။ သူတို့ နှစ်ယောက်စလုံး လှုပ်ရှားလာကြပြီး သူတို့လက်ထဲမှ လှံတံကြီးများက အသူတစ်ရာ ချောက်နက်ထဲမှ ခုန်အုပ်ရန် အခွင့်ကောင်း ချောင်းနေသည့် အဆိပ်နဂါးများကဲ့သို့ အဆက်မပြတ် တုန်ခါနေကြသည်။

သူတို့ နှစ်ယောက်က တစ်ယောက်ကိုယ်တစ်ယောက် လှည့်ပတ် ချောင်းမြောင်းနေကြသော်လည်း ရေနဂါးလှံတံနှင့် မီးနဂါးလှံတံမှာ တစ်ခုနှင့်တစ်ခု ထိတွေ့မိခြင်း မရှိပေ။

ချင်မူက သူ၏ ကောင်းကင်မျက်လုံးကို ဖွင့်၍ မျက်ကန်းကို ကြည့်ကာ ဟာကွက် ရှာလိုက်သော်လည်း ဟာကွက် တစ်ကွက်မျှ မတွေ့ချေ။ မျက်ကန်းက မျက်စိကန်းနေသော်လည်း မည်သည့် ဟာကွက်ကိုမျှ မပြ။

"ဟာကွက်မရှိရင် ကိုယ့်ဖာသာ ဖန်တီးယူရတာပေါ့..."

အတန်ကြာအောင် တစ်ယောက်နှင့်တစ်ယောက် လှည့်ပတ် ချောင်းမြောင်းနေရင်းမှ ချင်မူက ရုတ်တရက် ခြေတစ်ချက် ဆောင့်နင်းလိုက်သည်။ သူ့အောက်မှ မြေပြင်က တွင်းပေါက်ကြီး တစ်ခု ဖြစ်အောင် ကျွံဝင်သွား၏။ မြေကြီး တုန်ခါမှုများကြောင့် မျက်ကန်းမှာ ယိမ်းယိုင်သွားသည်။

“ဝှစ်..”

သူ့လက်ထဲမှ မီးနဂါးလှံတံက ပြေးထွက်သွားသည်။ မျက်ကန်းက ပြုံး၍ သူ၏ ရေနဂါးလှံတံဖြင့် ချင်မူ့ကို ထိုးစိုက်လိုက်၏။ သူ၏ လှံက နောက်မှ ထိုးလိုက်ခြင်း ဖြစ်သော်လည်း အရင် ရောက်လာသည်။ ချင်မူက အရင် ထိုးလိုက်သည့်တိုင်အောင် မျက်ကန်း၏ လှံတံက သူ့ထက် မြန်သဖြင့် သူ့ရင်ဝသို့ တိုးဝင်လာသည်။

ချင်မူ တစ်ချက် ပြုံးလိုက်၏။ သူ့ရင်ဝရှေ့၌ ရေစက်ရေမှုန်များ ပေါ်ထွက်လာပြီး ဝဲကတော့ တစ်ခု ဖြစ်သွားကာ မျက်ကန်း၏ လှံတံကို ပိတ်ဆို့ တားဆီးလိုက်သည်။ မျက်ကန်း၏ လက်ထဲမှ ရေနဂါးလှံတံမှာ တစ်မုဟုတ်ချင်း ပေါက်ကွဲ ပျက်စီးသွားပြီး လူကိုယ်တိုင်လည်း နောက်သို့ လွင့်ထွက်သွား၏။ ချင်မူ၏ လက်ထဲမှ လှံရှည်က တစ်မုဟုတ်ချင်း အရှိန်မြှင့်၍ မီးနဂါးတစ်ကောင်အဖြစ် ပြောင်းကာ မျက်ကန်း၏ ရင်ဝသို့ ထိုးစိုက်သွားသည်။

မျက်ကန်းမှာ မြေပြင်ပေါ်သို့ ပြုတ်ကျ၍ ဒယိမ်းဒယိုင် ဖြစ်သွားပြီး ပိတ်ဆို့ထားသော ကောင်းကင်ရတနာများကို ဖွင့်ကာ ကိုယ်ဟန်ကို ပြန်ထိန်းလိုက်ရသည်။ သူ ဒေါသတကြီး အော်ဟစ်လိုက်၏။ “မင်းက အကျင့်ယုတ်တာပဲ... ချီစွမ်းအင် နှစ်မျိုးကို တစ်ခါတည်း သုံးတာ... တကယ်ဆိုရင် မင်းက သိုင်းကွက်အရ ရှုံးပြီးသားပဲ... လောကသခင် ခန္ဓာကိုယ် ချီစွမ်းအင်ကို အားကိုးပြီး ငါ့ကို အနိုင်ကျင့်တာ....”

ချင်မူက ဗလုံးဗထွေး ရေရွတ်လိုက်၏။ “ဘိုးဘိုး မျက်ကန်း ကျွန်တော်တို့ ပြန်တိုက်ကြမလား...”

မျက်ကန်း၏ ဒေါသများက ပျော်ရွှင်မှုအဖြစ် ပြောင်းလဲသွားသည်။ “လောကသခင် ခန္ဓာကိုယ် ဆိုတာက တခြားသူတွေကို အနိုင်ကျင့်ဖို့ မဟုတ်ဘူးလား... ဒါက မင်းရဲ့ အားသာချက်ပဲ... ငါ့ရဲ့ စမ်းသပ်မှုကို မင်း အောင်မြင်သွားပြီ... အဘွားကြီး ဒီတစ်ခါ နင့်အလှည့်...”

အဘွားစစ်က ယခုမှ အနိုင်ရထားခါစ ချင်မူ့ကို အဓိပ္ပာယ်မျိုးစုံ ပါသော အကြည့်ဖြင့် ကြည့်လိုက်သည်။ “မူအာ... ငါ့အတွက်တော့ မင်းကို စမ်းသပ်စရာ မလိုတော့ပါဘူး... အခန်း သုံးရာ့ခြောက်ဆယ်ကို တိုက်ခိုက် ဖြတ်သန်းပြီးကတည်းက ငါ့စမ်းသပ်မှုကို မင်း ကျော်ဖြတ်ခဲ့ပြီးသားပါ..."

ချင်မူမှာ မှင်တက်မိသွားသည်။ “ဘွားဘွား...”

“ဘယ်ကလေးကများ အိမ်ကို မစွန့်ခွာဘဲ နေကြလို့လဲ...”

အဘွားစစ်က ခပ်တိုးတိုး ပြောလိုက်သည်။ “အရွယ်ရောက်လာတဲ့အခါ အားလုံး စွန့်ခွာ ထွက်သွားကြတာပါပဲ... မင်းကို ငါ့ဘေးမှာပဲ အမြဲတမ်း ခေါ်ထားလို့ မရနိုင်ဘူး... ဒီအဘိုးကြီးတွေက မင်းကို အနိုင်ပေးပြီး ငါက မပေးရင် အတ္တကြီးရာ ကျသွားမှာပေါ့...” သူမက သူမ၏ ခြင်းတောင်းကို ကောက်ယူ၍ အခန်းထဲသို့ ဝင်သွားကာ တံခါးပိတ်လိုက်သည်။

ချင်မူမှာ ပြောစရာ စကား ရှာမရ ဖြစ်သွားသည်။

ရွာလူကြီးက ချောင်းတစ်ချက် ဟန့်လိုက်၏။ “မူအာ.. မင်း ငါ့ရဲ့ စမ်းသပ်မှုကို ကျော်ဖြတ်နိုင်ရင် ဒုက္ခိတ ဘိုးဘွားကျေးရွာနဲ့ မဟာမြို့ပျက်ကနေ အပြင်လောကကို ထွက်လို့ရပြီ...”

ချင်မူက ပြန်လှည့်လာသည်။ “ရွာလူကြီး... ကျွန်တော့်ကို သင်ပြပေးပါ”

ရွာလူကြီးက ပြုံးလိုက်၏။ “ငါတို့ အဘိုးကြီးတွေ သင်ကြားပေးခဲ့တာ မင့်အတွက် ဒီလောကကြီးမှာ ရှင်သန် နေထိုင်နိုင်ဖို့ စွမ်းရည် အကုန်ပဲ... အဘိုးကြီးမာက ခွန်အားနဲ့ ဂုဏ်သိက္ခာကို သင်ပေးတယ်... သားသတ်သမားက ရဲစွမ်းသတ္တိနဲ့ အကြောက်ရွံ့ ကင်းမဲ့ခြင်းကို သင်ပေးတယ်... နားကန်းက ပန်းချီအနုပညာနဲ့ နေမှုထိုင်မှုကို သင်ပေးတယ်... ထော့ကျိုးက ရှင်သန်လွတ်မြောက်အောင် ပြေးတတ်ဖို့နဲ့ ဉာဏ်များတတ်အောင် သင်ပေးတယ်... မျက်ကန်းက အလိမ်အညာတွေကို ထွင်းဖောက်ပြီး အမှန်တရားကို မြင်နိုင်အောင် သင်ပေးတယ်... ဆေးဆရာက ဆေးဖော်စပ်ပြီး အသက်ကယ်တတ်ဖို့ သင်ပေးတယ်... အဘွားကြီးက ဉာဏ်ပညာနဲ့ အကြင်နာတရားကို သင်ပေးတယ်... ရွှေအက ဒေါင်ကျကျ ပြားကျကျ နေတတ်အောင်နဲ့ စိတ်တည်တည်ငြိမ်ငြိမ် နေတတ်အောင် သင်ပေးတယ်... အခု ငါ သင်ပေးမှာကတော့ ပေတံပဲ... မင်းရဲ့ အသိတရားကို ပေတံတစ်ချောင်းလို အသုံးပြုပြီး အကောင်းအဆိုးကို ခွဲခြားတတ်ဖို့ သင်ပေးမယ်... မင့်ဓားကို မြှောက်လိုက်...”

ချင်မူက အိမ်ရှေ့စံ ကိုယ်ရံတော်ဓားကို ထုတ်ယူပြီး သူ့ရှေ့တွင် ထောင်လိုက်၏။ သူ့ဘက်သို့ မျက်နှာမူထားသော ဓားသွားမှာ မျက်နှာပြင် နှစ်ခြမ်းရှိ၍ တစ်ခြမ်းက ချင်မူ၏ မျက်နှာကို ရောင်ပြန်ဟပ်နေသကဲ့သို့ အခြားတစ်ခြမ်းကလည်း ချင်မူ၏ မျက်နှာကို ရောင်ပြန်ဟပ်နေသည်။

“ဓားတစ်ချောင်းမှာ မျက်နှာပြင် လေးခု ရှိတယ်... မင့်ဘက်ကို မျက်နှာမူထားတဲ့ အခြမ်းက မင်းရဲ့ နှလုံးသားပဲ... အဲဒီအခြမ်းရဲ့ တစ်ဘက်က အကောင်း၊ တစ်ဘက်က အဆိုး...”

ရွာလူကြီးက တည်ကြည်စွာဖြင့် ဆက်ပြောလိုက်သည်။ “ရန်သူ့ဘက်ကို မျက်နှာမူထားတဲ့ အခြမ်းက ရန်သူရဲ့ အသိတရားပဲ... အဲဒီအခြမ်းရဲ့ တစ်ဘက်က ကောင်းခြင်း၊ တစ်ဘက်က ဆိုးခြင်းပဲ... မင်းရဲ့ဓားက အကောင်း၊ အဆိုးကို ဝေဖန်ပိုင်းခြားဖို့ အသုံးပြုတဲ့ မင်းရဲ့ပေတံပဲ... မင်းရဲ့ ကောင်းခြင်း၊ ဆိုးခြင်းကို တိုင်းတာသလို မင်းရန်သူရဲ့ ကောင်းခြင်း၊ ဆိုးခြင်းကိုလည်း တိုင်းတာတယ်... ဓားသိုင်းဟာ မင်းရန်သူရဲ့ ကောင်းခြင်း၊ ဆိုးခြင်းနဲ့ မင်းရဲ့ ကောင်းခြင်း၊ ဆိုးခြင်းကို တိုင်းတာဖို့အတွက်ပဲ... မင်းကို ငါ့ဓားသိုင်းရဲ့ ပထမဓားကွက် သင်ပေးမယ်... အဲဒီသိုင်းကွက်ကို တတ်ကျွမ်းသွားတာနဲ့ စမ်းသပ်မှုကို ကျော်ဖြတ်နိုင်ပြီလို့ သတ်မှတ်ပြီး ရွာကနေ ထွက်ခွင့်ပြုမယ်...”

ချင်မူ ပျော်သွား၏။ နောက်ဆုံးတော့ ရွာလူကြီးက သူ့ကို ဓားသိုင်း သင်ပေးတော့မည်။

အဘိုးကြီးမာ၊ မျက်ကန်းနှင့် ကျန်သူများ၏ ရင်ထဲတွင် လှုပ်ခါသွားပြီး ရွာလူကြီးကို ကြည့်လိုက်ကြသည်။ အဘွားစစ်ကလည်း အခန်းတံခါးကို တွန်းဖွင့်၍ လှမ်းကြည့်လိုက်၏။

နောက်ဆုံးတော့ ရွာလူကြီးက ချင်မူ့ကို ဓားသိုင်း သင်ပေးတော့မည်။ ဤသည်က အခြားသူများ၏ မျက်လုံးထဲတွင် အသေးအဖွဲ ကိစ္စသာ ဖြစ်သော်လည်း သူတို့၏ မျက်လုံးထဲတွင်တော့ အထူးတဆန်း ကိစ္စကြီး တစ်ရပ် ဖြစ်သည်။

အထူးသဖြင့် ဆေးဆရာ ဖြစ်၏။ ရွာလူကြီး ချင်မူ့ကို သင်ပေးတော့မည့် ဓားသိုင်း၏ နောက်ကွယ်မှ အဓိပ္ပာယ်ကို သူ သိထားသည် မဟုတ်လား...။

ရွာလူကြီး၏ ဓားသိုင်းက အမွေဆက်ခံမှု တစ်ခုမျှသာ မဟုတ်။ တာဝန်တစ်ရပ် ဖြစ်၏။

ရွာလူကြီး၏ ဓားသိုင်းကို သင်ယူခြင်းမှာ ရွာလူကြီး ပြီးဆုံးအောင် မထမ်းဆောင်နိုင်ခဲ့သည့် တာဝန်ဝတ္တရားကို လက်လွှဲယူရခြင်းနှင့် အတူတူပင် ဖြစ်သည်။

ဆေးဆရာက တီးတိုးမေးလိုက်၏။ "ရွာလူကြီး... ခင်ဗျားက အဲဒီဝန်ထုပ်ဝန်ပိုးကို သူ ထမ်းရွက်နိုင်မယ် ထင်လို့လား...”

ရွာလူကြီးက ပြုံးလိုက်သည်။ “ငါ မလုပ်နိုင်တာနဲ့ပဲ သူလည်း လုပ်နိုင်မှာ မဟုတ်ဘူးလို့ မပြောနိုင်ဘူး... ကောင်းကင်နတ်ဆိုး ဂိုဏ်းချုပ်က အသက်ကြီးနေပြီ... ခုနှစ်နှစ်လောက်ပဲ နေရတော့မယ်... ငါကလည်း အသက်ကြီးပြီ... သူ့ထက် အများကြီး ပိုနေရမှာ မဟုတ်တော့ဘူး... ငါ့ရဲ့ပညာအမွေကို ချန်ထားရမယ့် အချိန် ရောက်ပြီ..."

ရွာလူကြီးက စိတ်အား တက်ကြွလာပြီး ချင်မူ့ကို ပြောလိုက်သည်။ “ငါ့ဓားသိုင်းကို ဓားပန်းချီလို့ ခေါ်တယ်... ဓားပန်းချီရဲ့ ပထမ ဓားကွက်က 'တောင်တန်းနဲ့ မြစ်ပြင်များကြားက ဖြတ်လျှောက်သွားတဲ့ ဓား'လို့ ခေါ်တယ်...”

All Chapters