← Chapters

တောင်တန်းနှင့်မြစ်ပြင်များကြားမှ ဖြတ်သန်းသွားသောဓား

Vol. 7 Ch. 96

တောင်တန်းနှင့်မြစ်ပြင်များကြားမှ ဖြတ်သန်းသွားသောဓား

Vol. 7 Ch. 96

ရွာလူကြီး၏ ချီစွမ်းအင်က စီးမျော ထွက်ပေါ်လာပြီး ခြေထောက်များနှင့် လက်များ အဖြစ်သို့ တဖြည်းဖြည်း ပြောင်းလဲသွားသည်။ သူက ထမ်းစင်ပေါ်မှ ညင်သာစွာ ထရပ်၍ လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်သောအခါ အိမ်ရှေ့စံကိုယ်ရံတော်ဓားက ချင်မူ၏ လက်အတွင်းမှ တစ်မုဟုတ်ချင်း ပျံဝဲ မြောက်တက်ပြီး သူ့လက်ထဲသို့ ရောက်လာသည်။

ဤအဘိုးကြီး၏ အကြည့်များက မှုန်သီလာပြီး အတိတ်မှ အဖြစ်အပျက်များကို သတိရသွားသကဲ့သို့ ရှိသည်။

“ရွှမ်း...”

ဓားရွက်တုန်ခါသံ တစ်သံ ထွက်ပေါ်လာပြီး အိမ်ရှေ့စံ ကိုယ်ရံတော်ဓားက ကောင်းကင်ယံသို့ ပျံဝဲတက်သွား၏။ ဓားကွက်များက နှေးကွေး လေးလံစွာ လှုပ်ရှားနေသကဲ့သို့ ထင်ရသော်လည်း ရှင်းလင်း ပြတ်သား၏။ တောက်ထုတ်ခြင်း၊ ဝိုက်ဆွဲခြင်း၊ ခုတ်ခွဲခြင်း၊ လှုပ်ခါခြင်း၊ ပယ်ခုတ်ခြင်း၊ ထိုးသွင်းခြင်း၊ ဆတ်ခနဲ ထိုးသွင်းခြင်း၊ ရစ်လှီးခြင်း၊ ခုတ်ပိုင်းခြင်း၊ ဖြတ်တားခြင်း၊ သိမ်းခုတ်ခြင်း၊ ရိပ်ဖြတ်ခြင်း၊ ပင့်မြှောက်ခြင်း...။ အသုံးပြုသည့် ဓားချက်များအားလုံးက အခြေခံ အကျဆုံး ဓားချက်များ ဖြစ်သော်လည်း ခြားနားနေသည်မှာ ရွာလူကြီးက ဤအခြေခံ ဓားချက်များ အားလုံးကို စုစည်း၍ ထူးဆန်းသည့် ဓားကွက်တစ်ကွက်ကို ထုတ်ဖော်ပြသခြင်း ဖြစ်သည်။

တောင်တန်းနှင့် မြစ်ပြင်များကြားမှ ဖြတ်လျှောက်သွားသည့် ဓား..။

သူ၏ ဓားစွမ်းရည်အောက်တွင် ဓားရောင်များက တောင်တန်းများကဲ့သို့ ထည်ဝါခမ်းနား၍ မြစ်ပြင်များကဲ့သို့ မြန်ဆန်သော အနိမ့်အမြင့်၊ အတက်အကျ အရိပ်အနားသတ်များ ထွက်ပေါ်လာသည်။ ဓားချက်၏ အလင်းရောင်နှင့် အမှောင်ရိပ်များက ကျယ်ပြန့်သော တောင်တန်းများနှင့် တသွင်သွင် စီးဆင်းနေသော မြစ်ပြင်များအဖြစ် ဖွဲ့တည်လာပြီး တောင်တန်းနှင့် မြစ်ပြင် ပန်းချီကား တစ်ချပ် ဖြစ်ပေါ်လာ၏။

ရွာလူကြီး၏ ဓားသိုင်းက ပထမ ဓားကွက်တွင်ပင် မှန်းဆ၍ မရအောင် ရှုပ်ထွေးလှပြီ ဖြစ်သည်။ တောင်တန်းများ၊ တိမ်များနှင့် မြစ်ပြင်များကဲ့သို့သော ခမ်းနားထည်ဝါသည့် အရှိန်အဝါ အငွေ့အသက်တစ်ခု ပိုင်ဆိုင်ထား၏။

ဤသည်က ဓားတစ်စင်း၏ အလင်းရောင်နှင့် အရိပ်များမှ ရောင်ပြန်ဟပ်သော တောင်တန်းနှင့် မြစ်ပြင်များ ဖြစ်သည်။

ဓားချက်များက မှန်းဆ၍ မရအောင် ပြောင်းလဲနေပြီး တောင်တန်းနှင့် မြစ်ပြင်များကလည်း လိုက်၍ ပြောင်းလဲနေသည်။ ဤအဖိုးကြီးက ဓားသိုင်းကို ကျွမ်းကျင်ပိုင်နိုင်စွာ ကစားနေရင်း အားမာန်ပါ၍ ဆွေးမြည့်ရိပ် သန်းနေသော အသံဖြင့် သီချင်း တစ်ပုဒ်ကို သီဆိုလိုက်သည်။

"နန်းတွင်း သေနင်္ဂဗျူဟာ အကြံပေးတွေက အခြေစိုက်တဲမှာ ဝိုင်းဖွဲ့၊ ရဲရင့်တဲ့ ချပ်ဝတ်တန်ဆာဝတ် စစ်သေနာပတိတွေက နယ်စပ်စည်းမှာ ချီချီကြွကြွနဲ့... စစ်ပွဲကို ဆင်နွှဲဖို့ အချိန်ကောင်းပဲ... နတ်ဘုရားတွေကို ခုတ်ဖြတ်ချနိုင်လား..."

"ခုတ်ဖြတ်ချနိုင်တယ်..."

"စင်မြင့်ပေါ်က အမွှေးတိုင်အိုးနဲ့ ဒီလို နေ့မျိုးမှာ သူ့ဓားကို ကိုင်စွဲလို့ တောင်တန်းနဲ့ မြစ်ပြင်ကြားက ဖြတ်လျှောက်သွားမယ်... မြို့ထဲမှာ အားလုံး သံပြိုင်သီဆိုလို့... နတ်ဘုရားတွေက ကောင်းချီးပေးမယ်..."

ချင်မူ ဓားလမ်းကြောင်းကို ရှင်းရှင်းလင်းလင်း မြင်ရစေရန် သူ၏ ဓားက နှေးကွေးစွာ ရွေ့လျားနေသည်။ ဓားချက်က နှေးကွေးသော်လည်း ဓားကွက်၏ ခမ်းနားထည်ဝါမှုက အပြည့်အဝ ပေါ်ထွက်နေ၏။

ချင်မူက အာရုံစိုက်၍ မှတ်သားနေသည်။ ရွာလူကြီး၏ ဓားကွက်က ရှုပ်ထွေးသည် မှန်သော်လည်း အရှုပ်ထွေးဆုံး ဓားကွက်များပင် အခြေခံအကျဆုံး ဓားချက်များဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်၏။ သူ့အနေဖြင့် အခြေခံ ဓားချက်များကို ပိုင်နိုင်ထားလျှင် မည်မျှ ရှုပ်ထွေးသော ဓားကွက်ပင် ဖြစ်စေကာမူ သင်ယူနိုင်မည်သာ ဖြစ်သည်။

ရွာလူကြီး တစ်ခေါက် ကစားပြပြီးသောအခါ ချင်မူ ထိုဓားကွက်ကို အလွတ် မှတ်မိသွားသည်။ သူက နံပါတ်များကို အသုံးပြု၍ မှတ်သားထားခြင်း ဖြစ်သည်။ ဥပမာ ဓားဖြင့် ထိုးခြင်းကို တစ်၊ ဓားဖြင့် ဝိုက်ဆွဲခြင်းကို နှစ်၊ ဓားဖြင့် ခုတ်ပိုင်းခြင်းကို သုံး အစရှိသဖြင့် မှတ်သားထား၏။

သူ့အနေဖြင့် ထိုနံပါတ်များကိုသာ အစဉ်လိုက် မှတ်သားထားရန် လိုသဖြင့် ရှုပ်ထွေးသော ဓားသိုင်းကွက်များကိုပင် အချိန် တစ်ခဏအတွင်း မှတ်သားထားနိုင်ပေသည်။

ဤသည်မှာ ရွာလူကြီး၏ အမျှော်အမြင်ကြီးမှုကြောင့်လည်း ဖြစ်သည်။ ပြီးခဲ့သည့် နှစ်နှစ်၊ သုံးနှစ်လုံး ချင်မူ့ကို မည်သည့် ဓားသိုင်းကွက်မျှ သင်မပေးဘဲ အခြေခံအကျဆုံး ဓားချက်များကိုသာ အဆုံးစွန်သော စွမ်းအား ထုတ်ဖော်လာနိုင်သည်အထိ နေ့စဉ်နေ့တိုင်း လေ့ကျင့်စေခဲ့သည်။

ချင်မူ၏ ဓားသိုင်းအခြေခံက မမှန်းဆနိုင်လောက်အောင် ကျစ်လျစ် သိပ်သည်းနေသဖြင့် ရှုပ်ထွေးသော ဓားကွက်ကို အလွယ်တကူ သင်ယူနိုင်ခဲ့ခြင်း ဖြစ်သည်။

ချင်မူက မျက်လုံးကို မှိတ်၍ 'တောင်တန်းနှင့် မြစ်ပြင်ကြားမှ ဖြတ်လျှောက်သွားသော ဓား'၏ နံပါတ်အစီအစဉ်ကို ပြန်လည် စဉ်းစားကြည့်လိုက်၏။ ထို့နောက် ထိုနံပါတ်များကို ဓားချက်များအဖြစ် ပြောင်းလဲ၍ သူ့စိတ်ထဲတွင် ထပ်ခါထပ်ခါ ပုံဖော်ကြည့်လိုက်သည်။

တစ်ခဏမျှ ကြာသောအခါ ချီစွမ်းအင်ကို အသုံးပြု၍ အိမ်ရှေ့စံ ကိုယ်ရံတော်ဓားကို ထိန်းချုပ်ကာ ရွာလူကြီး သင်ကြားပေးခဲ့သည့် ဓားကွက်ကို တဖြည်းဖြည်းချင်း ကစားကြည့်လိုက်သည်။

သူ၏ ဓားကွက်က အလွန်တရာ ကို့ယို့ကားယား နိုင်ပြီး အလွဲလွဲအချော်ချော် ဖြစ်နေသည်။ ခဏခဏ ရပ်၍ ပြန်စဉ်းစားကြည့်ရ၏။

သို့သော်လည်း ဒုတိယတစ်ကြိမ် ဓားကွက်ကို ထုတ်ဖော် ကစားလိုက်သောအခါ ပို၍ လွယ်ကူ ချောမွေ့လာသည်။ တစ်ကြိမ်တော့ ရပ်၍ စဉ်းစားရသေး၏။

တတိယအကြိမ် ကစားလိုက်သောအခါ ဓားကွက်တစ်ခုလုံးကို အဆီးအတားမရှိ အလွယ်တကူ ထုတ်ဖော် ကစားသွားနိုင်သည်။ သို့သော်လည်း ရွာလူကြီး ကစားပြသွားသည့် ဓားကွက်က တောင်တန်းများ၊ မြစ်ပြင်များကဲ့သို့ ထည်ဝါခမ်းနားလှပြီး ကောင်းကင်နတ်သိုင်း အဆင့် ရောက်လုနီးပါး ဖြစ်သည်။ သူက ထိုသို့ ကစားနိုင်ခြင်း မရှိသေး...။

ချင်မူ ထပ်ခါထပ်ခါ လေ့ကျင့်ရင်း 'တောင်တန်းနှင့် မြစ်ပြင်များကြားမှ ဖြတ်လျှောက်သွားသည့် ဓား'ကို ကျွမ်းကျင် ပိုင်နိုင်လာ၏။

များစွာ မကြာလိုက်ဘဲ အဘွားစစ်က နေ့လည်စာ ပြင်၍ စားရန် လာခေါ်သည်။ ချင်မူက စားသောက်နေရင်းနှင့် တစ်ချက် တစ်ချက် သူ၏ ချီစွမ်းအင်ကို အသုံးပြု၍ ထမင်းစားတူများကို ထိန်းချုပ်ကာ ထမင်းစားပွဲတွင် လေ့ကျင့်လိုက်သည်။

ညအခါ ကာလရောက်သောအခါ သူ အကြိမ် အနည်းငယ်မျှ ထပ်လေ့ကျင့်ပြီးမှ အိပ်ရာဝင်၏။ အိပ်မက်ထဲတွင်လည်း သူ့ဓားကို ဆက်လေ့ကျင့်နေခဲ့သည်။

ဤနည်းအတိုင်း ဆယ်ရက်ကျော်ခန့် လေ့ကျင့်ပြီးသောအခါ နောက်ဆုံးတွင် 'တောင်တန်းနှင့် မြစ်ပြင်များကြားမှ ဖြတ်လျှောက်သွားသည့် ဓား'၏ အနှစ်သာရကို သူ နားလည် သဘောပေါက်သွားသည်။

စာအုပ်တစ်အုပ်ကို အကြိမ်တစ်ရာ ဖတ်ရှုပြီးသောအခါ ၎င်း၏အဓိပ္ပာယ်က အလိုလို ပေါ်ထွက်လာ၏။ ဓားသိုင်းကွက်မှာလည်း ထိုနည်းနှင်နှင်ပင် ဖြစ်သည်။ ချင်မူက 'တောင်တန်းနှင့် မြစ်ပြင်များကြားမှ ဖြတ်လျှောက်သွားသည့် ဓား'ကို အကြိမ်တစ်ထောင်ထက် မနည်း လေ့ကျင့်ခဲ့ပြီး ဖြစ်၏။

ဤဓားကွက်က သူ့နှလုံးသားထဲတွင် စွဲနေပြီး ဤတစ်ကြိမ် ထိုဓားကွက်ကို ထုတ်ဖော် ကစားလိုက်သောအခါ ကောင်းကင်အလင်းရောင်တစ်ခု ရုတ်တရက် လက်ခနဲ ဖြစ်သွားပြီး သူ၏ ချီစွမ်းအင်က ဓားနှင့် ပေါင်းစည်းသွားသည်။ နဂါးကြီးများကဲ့သို့ ရှည်လျားသည့် တောင်ကြောများနှင့် စီးဆင်းနေသည့် မြစ်ပြင်များ တသွင်သွင် ပေါ်ထွက်လာပြီး သူ၏ ဓားအလင်းရောင်နှင့် အမှောင်ရိပ်များကို အသုံးပြု၍ တောင်တန်းနှင့် မြစ်ပြင် ပန်းချီကားတစ်ချပ်ကို ရေးဆွဲလိုက်သည်။

ဓားရောင်က ငါးနဂါး၏ ပါးစပ်အတွင်းသို့ ပြန်ဝင်သွားပြီး သူ့ရှေ့မှ တောင်တန်းနှင့် မြစ်ပြင် ပန်းချီကားမှာလည်း တဖြည်းဖြည်း ကွယ်ပျောက်သွားသည်။

ချင်မူမှာ မှင်တက် အံ့သြနေမိ၏။ နောက်ဆုံးတွင်တော့ သူ ဤဓားကွက်ကို ကျွမ်းကျင် ပိုင်နိုင်ခဲ့ချေပြီ။

“မူအာ... မင်း အရွယ်ရောက်ပြီ...”

ရွာလူကြီးက ပြုံး၍ ပြောလိုက်၏။ “ဒီနေ့ကစပြီး မင်း လူကြီးတစ်ယောက် ဖြစ်သွားပြီ... ကလေးတစ်ယောက် မဟုတ်တော့ဘူး... ဒုက္ခိတဘိုးဘွား ကျေးရွာနဲ့ မဟာမြို့ပျက်ကနေ ထွက်ပြီး လောကကြီးကို မင်းဖာသာ ဆက်လျှောက်လမ်းနိုင်ပြီ...”

အဘွားစစ်က တံခါးကို မှီနေရင်း ဓားပန်းချီ ပေါ်လာသည်နှင့် ပြန်ပျောက်သွားသည်ကို ကြည့်ပြီး သူမ၏ ရင်ထဲတွင် ဖော်မပြနိုင်သော ခံစားချက်တစ်ခု တွဲခိုလာသည်။

“မူအာ... မင်း အရွယ်ရောက်ပြီ...” သူမ ပြုံးလိုက်၏။

ချင်မူ ရွာထဲတွင် ရက်အနည်းငယ်မျှ ထပ်နေပြီး ထော့ကျိုးထံမှ ကောင်းကင်ခိုးယူ နေမင်းလဲလှယ် လက်သိုင်းကို သင်ယူခဲ့သည်။ ကောင်းကင်ခိုးယူ နေမင်းလဲလှယ် လက်သိုင်းကို သင်ယူပြီးသွားသောအခါ သူ့အနေဖြင့် ရွာမှ ထွက်ခွာရန် အချိန်ကျလာ၏။

အဘွားစစ်က သူ့အတွက် ခရီးဆောင်အိတ် တစ်လုံး ပြင်ပေးထားသည်။ ထိုအိတ်က လွန်စွာ ကြီးမားလှ၏။ ချင်မူ မလိုအပ်သော အရာများစွာကို ထိုအိတ်ထဲတွင် ထိုးသိပ်ထည့်ထားသည်။ အဘွားစစ်က မဟာဉာဏ်အလင်းဖွင့် ကောင်းကင်နတ်ဆိုး ကျမ်းစာကိုလည်း လက်အိတ်တစ်အိတ်အဖြစ် အသွင်ပြောင်း၍ သူ့ကို ဝတ်ဆင်ရန် ပေးလိုက်၏။

နှုတ်ဆက်အရက် သောက်ပြီးသောအခါ ချင်မူ ရွာထဲမှ ထွက်ခွာလာခဲ့သည်။ နောက်ပြန် လှည့်ကြည့်လိုက်သောအခါ ဒုက္ခိတဘိုးဘွား ကျေးရွာ၏ ရွာသူရွာသား ကိုးယောက်စလုံး ရွာဝင်ဝတွင် ရပ်နေသည်ကို မြင်လိုက်ရသည်။ ရွာလူကြီးပင် သူ၏ ခြေထောက်များကို ပုံသဏ္ဌာန်ဖွဲ့၍ ရပ်နေ၏။

ချင်မူက ပြန်ပြေးလာပြီး အဘိုးမာကို ဖက်လိုက်၏။ ထို့နောက် ထော့ကျိုးကို ဖက်လိုက်သည်။ သူ အားလုံးကို တစ်ခေါက်စီ ဖက်လိုက်၏။ ထို့နောက် နောက်သို့ ခြေနှစ်လှမ်းဆုတ်၍ အဘွားစစ်ကို ဦးတိုက် ကန်တော့လိုက်သည်။ ပြီးသောအခါ သူ လှည့်ထွက်လာခဲ့၏။

“မူအာ... မင်း မနိုင်ရင် ပြေးသာပြေး ကြားလား...”

ထော့ကျိုးက အော်ဟစ်လိုက်သည်။ “အဝေးမှာ ကဗျာရှိပေမဲ့ ဆိုးဝါးတဲ့အရာတွေက ပိုတယ်...”

အဘိုးကြီးမာက လက်ဝေ့ယမ်းပြလိုက်၏။ “မင်း စိတ်ဓာတ်ခိုင်မာရမယ်... အနိုင်ကျင့်ခံရတဲ့အခါ အရှုံးမပေးနဲ့... အစွမ်းကုန် ပြန်တိုက်...”

သားသတ်သမားက သူ၏ ဝက်ခုတ်ဓားမကို မြှောက်၍ ပြောလိုက်သည်။ “ငါတို့ ဒုက္ခိတဘိုးဘွားတွေကို မျက်နှာမပျက်စေနဲ့... မင်းကို အနိုင်ကျင့်လာတဲ့လူ မှန်သမျှ ခုတ်သတ်ပစ်...”

“လူကြီးလူကောင်း တစ်ယောက်လိုနေ..."

"မင်းမနိုင်ရင် အဆိပ်သာ ခပ်ပစ်...”

“အ... အ...၊ အ... အ... အ...”

...။

ချင်မူ နောက်ပြန်လှည့်ကြည့်၍ တောက်ပစွာ ပြုံးကာ လက်ဝှေ့ယမ်းပြလိုက်သည်။

များမကြာမီ သူ ကြမ္မာဆိုးနှိမ် နန်းတော် တည်ရှိရာ တောင်ကြား ချိုင့်ဝှမ်းသို့ ရောက်ရှိလာသည်။ မိစ္ဆာမျောက်ဝံက အသက်ရှူ လေ့ကျင့်ခန်း လေ့ကျင့်နေပြီး သူ့ဘေးတွင် ဘုန်းကြီးတောင်ဝှေး တစ်ချောင်း ထောင်ထား၏။

မိစ္ဆာမျောက်ဝံက ပို၍ တောင့်တင်း သန်မာလာပြီး စွမ်းအား ကြီးမား လာသည်။ သူ၏ ကျင့်စဉ်စွမ်းအင်က ပို၍ပင် သိပ်သည်း နက်ရှိုင်းလာ၏။ အဘိုးကြီးမာ၏ လက်သီးသိုင်းနှင့် လောကသခင်ခန္ဓာ အမြုတေ သုံးသွယ် ကျင့်စဉ်ကို လေ့ကျင့်ပြီး ဘုန်းကြီးတောင်ဝှေးကို ပေါ့ပါးစွာ ကိုင်ဆောင်ထားသောအခါ ၎င်းမှာ တစ်ကိုယ်လုံးတွင် အနက်ရောင် အမွေးအမှင်များ ပေါက်နေသည့် မိစ္ဆာဘုန်းကြီးတစ်ပါးနှင့် တူလာသည်။

အဘိုးကြီးမာ၏ လက်သီးသိုင်းနှင့် ခက္ခရာ ဘုန်းကြီးတောင်ဝှေးက ဗုဒ္ဓဂိုဏ်းမှ ဆင်းသက်လာခြင်း ဖြစ်သည်။ လောကသခင်ခန္ဓာ အမြုတေသုံးသွယ် ကျင့်စဉ်က ဗုဒ္ဓဂိုဏ်းမှ မဟုတ်သော်လည်း မိစ္ဆာမျောက်ဝံအတွက် လေ့ကျင့်ရန် သင့်လျော်၏။ သို့ဖြစ်၍ မိစ္ဆာမျောက်ဝံမှာ မသိလိုက် မသိဖာသာနှင့် ဗုဒ္ဓဂိုဏ်း၏ အရှိန်အဝါ အငွေ့အသက်များ ကိန်းအောင်းလာပြီး ဗုဒ္ဓသာသနာကို စောင့်ရှောက်သည့် နတ်ဘုရားတစ်ပါး အသွင် ဆောင်လာသည်။

“မိစ္ဆာဘုန်းကြီး တစ်ပါးပဲဟ... ဒီကောင်ကြီးအတွက် သင်္ကန်းတစ်ထည် ချုပ်ပြီး လူခေါင်းလောက် ရှိတဲ့ ပုတီးတစ်ကုံး ပေးလိုက်ရင် ဗုဒ္ဓသာသနာကို စောင့်ရှောက်တဲ့ နတ်ဘုရား တစ်ပါးနဲ့ ပိုတူလာလိမ့်မယ်…”

ချင်မူ လွှတ်ခနဲ ချီးကျူးလိုက်မိသဖြင့် မိစ္ဆာမျောက်ဝံမှာ ဈာန်ဝင်စားနေရာမှ နိုးထလာသည်။ “ဟေ့ကောင်ကြီး... ငါ ဒီကနေ ထွက်သွားတော့မလို့ လာနှုတ်ဆက်တာ... အိမ်ကနေ ထွက်သွားမှာ ဆိုတော့ တော်တော်နဲ့ ပြန်လာနိုင်မှာ မဟုတ်ဘူး...”

မိစ္ဆာမျောက်ဝံက ခေါင်းကို ကုတ်လိုက်သည်။ “ဝေး... လား...”

ချင်မူက ခေါင်းညိတ်လိုက်၏။ “ဝေးတယ်...”

မိစ္ဆာမျောက်ဝံက သူ့ခေါင်းကို ထပ်ကုတ်လိုက်ပြီး ချိုင့်ဝှမ်းထဲမှ သားရဲအုပ်ကို လှမ်းကြည့်လိုက်သည်။ သူ ရုတ်တရက် ကျယ်လောင်စွာ အော်ဟစ်လိုက်သောအခါ တောင်ကြားချိုင့်ဝှမ်း အတွင်းပိုင်း၌ သားရဲအုပ်ကို စောင့်ကြပ်နေသော ဆင်နဂါးမှာ တစ်မုဟုတ်ချင်း ပြေးလာပြီး အမြီး တယမ်းယမ်းနှင့် မျက်နှာလုပ်လိုက်သည်။

မိစ္ဆာမျောက်ဝံက စကားတစ်ခွန်းမျှ မဆိုဘဲ ထိုသတ္တဝါကြီးကို မြေပြင်ပေါ်သို့ ပြားပြားဝပ်အောင် ဖိချ၍ ရိုက်နှက်လိုက်၏။ ဆင်နဂါးမှာ ဆိုးဆိုးဝါးဝါး အရိုက်နှက်ခံရသဖြင့် စူးစူးရှရှ အော်ဟစ်လိုက်သော်လည်း ပြန်တော့ မတိုက်ခိုက်ရဲပေ။

“စောင့်...”

မိစ္ဆာမျောက်ဝံက တောင်ကြားချိုင့်ဝှမ်းထဲရှိ သားရဲအုပ်ကို လက်ညိုးထိုးပြပြီး သူ့လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။ သူ့လက်မောင်းကို ကွေးညှစ်လိုက်သောအခါ ကြွက်သားများက ထီးတစ်လက် အရွယ်ရှိ မှိုပွင့်များကဲ့သို့ အမြှောင်းမြှောင်း ပေါ်ထွက်လာ၏။ “စား...၊ သေ...”

ဆင်နဂါးမှာ မတရား အရိုက်ခံရသကဲ့သို့ ခံစားရသည့်ဟန်ဖြင့် မြေပြင်ပေါ်တွင် ပြားပြားဝပ်ကာ ခေါင်းကို အဆက်မပြတ် ညိတ်ပြလိုက်သည်။

မိစ္ဆာမျောက်ဝံက သူ၏ ခက္ခရာ ဘုန်းကြီးတောင်ဝှေးကို ဆွဲယူပြီး ရင်ဘတ်ကို တဘုန်းဘုန်း ထုနှက်လိုက်သည်။ “ငါ... လိုက်မယ်...”

ချင်မူက ခေါင်းခါယမ်းလိုက်၏။ “ဝေးတယ်...”

မိစ္ဆာမျောက်ဝံက သူ့ကိုယ်သူ ညွှန်ပြလိုက်၏။ “ငါ... အကြီး...၊ မင်း... အငယ်...”

ချင်မူက ခေါင်းထပ်ယမ်းလိုက်သည်။ “ငါ... သန်မာတယ်...၊ မင်း... အားပျော့တယ်...”

မိစ္ဆာမျောက်ဝံက ဒေါသအိုး ပေါက်ကွဲသွားပြီး အထစ်ထစ်အငေါ့ငေါ့ဖြင့် ပြောလိုက်သည်။ “မင်း... မင်းကို... ပြောရတာ... မောတယ်...”

ချင်မူမှာ ရယ်ရမည်လား၊ ငိုရမည်လား မသိတော့ပေ။ သူ ခေါင်းကို ထပ်ယမ်းလိုက်၏။ “ဒီတစ်ခေါက်က ငါ လူတွေနေတဲ့ နေရာကို သွားမှာ... အဲဒီနေရာက မဟာမြို့ပျက်လောက် မကျယ်ဘူး... ရက်စက် ကြမ်းကြုတ်တဲ့လူတွေ အများကြီးရှိတယ်... မင်း လိုက်လာရင် မင်းရဲ့ခန္ဓာကိုယ်ကြီးက သိသာထင်ရှားလွန်းနေတယ်... မင်းဖာသာ ကျင့်စဉ် ကျင့်ကြံပြီး လူအသွင် ပြောင်းနိုင်တဲ့အခါမှ အတူတူ လျှောက်လည်ကြတာပေါ့... ပြီးတော့ ဒီဆင်နဂါးက အသားစားကြူးတဲ့ သတ္တဝါ... သူ့ကို ဒီနေရာမှာ ထားခဲ့ရင် တစ်ရက်၊ နှစ်ရက်တော့ ကောင်းကောင်း နေမှာပဲ... ဒါပေမဲ့ နောက်ပိုင်းကျရင် တောင်ကြားချိုင့်ဝှမ်းထဲက မင်းရဲ့ မိတ်ဆွေ သားရဲလေးတွေကို စားပစ်လိုက်လိမ့်မယ်... ပြီးတော့ သူက တုံးတုံးအအနဲ့ ကြမ္မာဆိုးနှိမ် နန်းတော်ထဲက မိစ္ဆာအိုကြီးကို လွှတ်လိုက်မိရင် ဒုက္ခအကြီးအကျယ် ရောက်သွားလိမ့်မယ်...”

မိစ္ဆာမျောက်ဝံမှာ စိတ်ညစ်သွားပြီး ခေါင်းကိုသာ ညိတ်လိုက်ရ၏။ ဆင်နဂါးမှာ မတရားခံလိုက်ရသည့် အမူအရာ ဖြင့် သူ့အမြီးကို ဝှက်၍ မျက်ရည်များကို ကြေကွဲစွာ သုတ်လိုက်သည်။ သူ အရိုက်ခံရသည်မှာ အလဟဿ ဖြစ်သွားသည် မဟုတ်လား...။

ချင်မူက လက်ကို ဝှေ့ယမ်းပြပြီး ကြမ္မာဆိုးနှိမ် နန်းတော်ထဲမှ ထွက်လာခဲ့လိုက်သည်။

“ကောင်လေး...”

မိစ္ဆာမျောက်ဝံက တောင်နံရံပေါ်သို့ ခုန်တက်ပြီး လက်ဝှေ့ယမ်းပြလိုက်၏။ “စောစော... ပြန်လာ...”

ချင်မူက ကျောက်စိမ်းတိမ်တိုက် ချိုင့်ဝှမ်းရှိ ရေတံခွန်သို့ ရောက်လာသည်။ ဟူလင်းအာက စာအုပ်တစ်အုပ်ကို ကိုင်၍ တခြား မြေခွေးမလေးများကို စာအုပ်ပါ ကျင့်စဉ်များအကြောင်း ရှင်းပြနေသည်။ ချင်မူ ရောက်သွားချိန်တွင် သူမက ကျင့်စဉ်များ၏ အကျိုးအာနိသင်ကို ပြောပြနေပြီး မြေခွေးမလေးများက စိတ်ဝင်တစား နားထောင်နေကြသည်။

ချင်မူ ရောက်လာသည်ကို မြင်သောအခါ ဟူလင်းအာက စာအုပ်ကို အလျင်အမြန် ချလိုက်ပြီး အခြား မြေခွေးမလေးများကလည်း ကမန်းကတမ်း ထရပ်၍ တစ်ပြိုင်နက် နှုတ်ဆက်လိုက်ကြသည်။ “သခင်လေးမူကို နှုတ်ဆက်ပါတယ်...” သူတို့၏ အသံများက ကျယ်လောင် စူးရှလှသည်။

ချင်မူက ပြန်၍ နှုတ်ဆက်လိုက်၏။ “အဲလောက် ယဉ်ယဉ်ကျေးကျေး ဆက်ဆံနေစရာ မလိုပါဘူး... လင်းအာ... နင့်ကို လာနှုတ်ဆက်တာ... ငါက အခု မဟာမြို့ပျက် အပြင်ဘက်က ထာဝရ ငြိမ်းချမ်းရေး အင်ပါယာကို သွားတော့မလို့... သုံးလေးငါးလအတွင်း ပြန်လာဖြစ်ဦးမှာ မဟုတ်ဘူး...”

မြေခွေးဖြူလေး၏ မျက်လုံးများက အရောင်တောက်သွားပြီး တစ်မုဟုတ်ချင်း ကောက်ရိုးတဲထဲသို့ ပြေးဝင်သွားသည်။ သူမ၏ အသုံးအဆောင်ပစ္စည်းများကို ထုတ်ပိုးပြီးနောက် ဤမြေခွေးမလေးက နောက်ကျောတွင် အိတ်သေးသေးလေးကို လွယ်ကာ အလျင်အမြန် ပြန်ထွက်လာသည်။ “ညီမလေးတို့... နင်တို့အားလုံး ဒီနေရာမှာ နေပြီး ကျင့်နေခဲ့ကြ... ငါ သခင်လေးမူနဲ့ အပြင်လောကကို ခရီးဆန့်လိုက်အုံးမယ်... ကဲ ငါတို့ကို သွားခွင့်ပြုဦး...”

မြေခွေးလေး၏ အိတ်က ချင်မူ၏ အိတ်ထက် အဆပေါင်းများစွာ သေးငယ်ပြီး သူမ သိုင်းလွယ်လိုက်သောအခါ လွန်စွာ ချစ်စရာ ကောင်းလှသည်။

“မမကြီး... နင် ထပ်မူးလာပြန်ပြီလား...”

မြေခွေးမလေး တစ်ကောင်က သတိနှင့် မေးလိုက်သည်။ “အပြင်ဘက်က လူတွေက သိပ်ဆိုးတာ... နင့်ကို အရေခွံဆုတ်ပြီး အဝတ်ချုပ်ပစ်လိမ့်မယ်...”

ဟူလင်းအာက ပြုံးလိုက်သည်။ “သခင်လေးမူ ရှိနေမှတော့ ကြောက်စရာ မလိုပါဘူး...”

ချင်မူ ခေါင်းကိုက်သွားသည်။ “လင်းအာ...  ဒါက အပျော်ဆော့တဲ့ ကိစ္စမဟုတ်ဘူး... အန္တရာယ်များတယ်... ဒီနေရာမှာပဲ နင့်ညီမတွေနဲ့ အဖော်ပြုပြီး နေခဲ့...”

ဟူလင်းအာက ပြုံးလိုက်သည်။ “မဟာမိစ္ဆာဘုရင်က သူ့ကို လက်ထပ်ဖို့ ကျွန်မကို ဖိအားပေးနေတာ... ဒါပေမဲ့ ကျွန်မက သူ့ကို ရုပ်ဆိုးလို့ မကြိုက်ဘူးလေ... အခု အဲဒီ လက်ထပ်ပွဲကို ရှောင်ဖို့ ကျွန်မအတွက် အခွင့်အရေးပဲ... ကျွန်မညီမတွေလည်း ကျွန်မ မရှိတုန်း ဒီနေရာမှာ လေ့ကျင့်ပြီး လူသားအသွင် ပြောင်းအောင် မြန်မြန် လုပ်နိုင်လိမ့်မယ်...”

ချင်မူက ခေါင်းခါယမ်းလိုက်၏။ “မိစ္ဆာမျောက်ဝံကို ခေါ်မသွားနိုင်သလို နင့်ကိုလည်း ငါ ခေါ်မသွားနိုင်ဘူး...”

ဟူလင်းအာက မျက်တောင်ကို ပုတ်ခတ် ပုတ်ခတ် လုပ်လိုက်၏။ “အဲကောင်ကြီးက သိပ်ဉာဏ်တုံးတာ... ကျွန်မလောက် ဘယ်ဉာဏ်ကောင်းမှာလဲ... ပြီးတော့ သခင်လေးအတွက် အစားအသောက်နဲ့ ကိစ္စအဝဝကို စီစဉ်ပေးဖို့ လူတစ်ယောက်တော့ လိုအုံးမှာ မဟုတ်လား... ကျွန်မက မဟာမိစ္ဆာဘုရင်ကို လက်မထပ်ချင်တာ၊ သခင်လေးက ကျွန်မကို ကျားခံတွင်းထဲ ပို့မလို့လား...”

ချင်မူမှာ မည်သို့ ပြောရမှန်းမသိ ဖြစ်သွားသည်။ “မင်း ငါ့နောက်ကို လိုက်မှာဆို ငါ့စကားကို နားထောင်ရမယ်... ပြဿနာ မရှာနဲ့...”

“အင်းပါ..."

ချင်မူ မာန်ဟုန်မြစ်ဘေးတွင် အမွှေးတိုင်များ ထွန်းညှိ၍ မြစ်နတ်ဘုရားများကို ပူဇော်သည့် သီချင်းများ သီဆိုလိုက်သည်။ များစွာ မကြာလိုက်ဘဲ မြစ်ကြောင်းချောပို့ ရေသတ္တဝါကြီးများ ကူးခတ်လာ၏။ မြစ်ကြောင်းချောပို့ ရေသတ္တဝါ တစ်ကောင်ကို အစာကျွေးပြီးသောအခါ လူတစ်ယောက်နှင့် မြေခွေးတစ်ကောင်မှာ ထိုရေသတ္တဝါကြီး၏ ကျောပေါ်တွင် တက်၍ မြစ်ကြောင်းအတိုင်း စုန်ဆင်းကာ တောတောင် စိမ်းစိမ်းများနှင့် ဆိတ်ငြိမ်သော တောင်ကြားချိုင့်ဝှမ်းများမှ ကျေးငှက်သံ ကျီကျီကျာကျာများကို ဖြတ်သန်းလာခဲ့ကြသည်။

ချင်မူက မြစ်ကမ်းဘေးသို့ ကြည့်ရင်း သူ့မျက်ဝန်းထဲ၌ ဒုက္ခိတဘိုးဘွားကျေးရွာကို ရိပ်ခနဲ မြင်လိုက်ရသည်။ အဘွားစစ်က ရွာဝင်ပေါက်၌သာ ရှိနေသေးပြီး သူ့ကို လက်လှမ်းပြနေ၏။

“မူအာ အပြင်ဘက်က မြေခွေးမတွေရဲ့ မြှူဆွယ် ဖြားယောင်းတာ မခံရစေနဲ့... မိစ္ဆာမ...”

ချင်မူ၏ ဘေးတွင် မြေခွေးဖြူလေးက မှင်သေသေဖြင့် ထိုင်၍ အဘွားစစ်ကို လျှာထုတ်ပြလိုက်သည်။

ထိုအချိန်၌ ဘုန်းကြီးအိုကြီး တစ်ပါးက ကြမ္မာဆိုးနှိမ် နန်းတော်သို့ ရောက်လာ၏။ သူ၏ ခေါင်းထက်တွင် အသားဖုလုံးများ ဖွဲ့တည်နေပြီး အဝါရောင် သင်္ကန်းကို ဝတ်ဆင်ကာ တောင်ကြားချိုင့်ဝှမ်းအတွင်း ဝင်ရောက်လာသည်။ မိစ္ဆာမျောက်ဝံ မိုးကြိုးရှစ်ချက် လက်သီးသိုင်း လေ့ကျင့်နေသည်ကို မြင်သောအခါ သူ့ခြေလှမ်းများကို ရပ်တန့်၍ လွှတ်ခနဲ ချီးကျူးလိုက်မိ၏။

မိစ္ဆာမျောက်ဝံက ကမန်းကတန်း ရပ်တန့်၍ လှည့်ကြည့်လိုက်သောအခါ ဘုန်းကြီးအိုကြီးက ပြုံးပြလိုက်သည်။ “မင်းက ကောင်းကောင်း လေ့ကျင့်ထားတာပဲ... ငါတို့ ဗုဒ္ဓလမ်းစဉ်ပေါ်ကို ရောက်နေပြီ... အစစ်အမှန် အသင်ကြား မခံခဲ့ရတာ တစ်ခုပဲ... ဒီကျင့်စဉ် တစ်ခုလုံး မင်းကို ငါ သင်ပေးမယ်... မင်းနဲ့ ရေစက်ဆုံခဲ့ရင် သင်ယူတတ်မြောက်နိုင်မှာပဲ...”

မိစ္ဆာမျောက်ဝံက စိတ်ရှုပ်ထွေးသွားပြီး မေးလိုက်သည်။ “ခေါင်းတုံး... ဘယ်သူ... လဲ..."

"မင်းက ငါ့ကို ခေါင်းတုံးလို့ ခေါ်တာလား...”

ဘုန်းကြီးအိုကြီးက ရင်းနှီးနှစ်လိုဖွယ် ကောင်း၍ တည်ကြည် လေးနက်သော မျက်နှာဖြင့် ပြုံးလိုက်သည်။ “ငါက မဟာမိုးခြိမ်းသံ ကျောင်းတော်ကို ထိန်းသိမ်း စောင့်ရှောက်နေတဲ့သူ တစ်ယောက်ပါ... သူများတွေကတော့ တထာဂတလို့ ခေါ်ကြတယ်... ငါက အဲလောက် ခေါင်းတုံး မဟုတ်ပါဘူး... ဒီမှာ ထိကြည့်လိုက်... ငါ့ဆံပင်ကို အသားဖြစ်အောင် လေ့ကျင့်ထားတာ...”

မိစ္ဆာမျောက်ဝံက သူ၏ ကြီးမားသော လက်ကြီးကို ဆန့်ထုတ်၍ ဘုန်းကြီးအိုကြီး၏ ခေါင်းကို ထိကြည့်ကာ တအံ့တသြ အော်ဟစ်လိုက်သည်။ “ခေါင်းတုံး... ဆံပင်...”

ဘုန်းကြီးအိုကြီးက ပြုံးလိုက်၏။ “မင်းက ငါ့လက်သီးသိုင်းကို ကျင့်ပြီး ငါ့တောင်ဝှေးကို ပိုင်ဆိုင်ထားတဲ့အတွက် ငါတို့ နှစ်ယောက် ရေစက်ဆုံတယ်လို့ ပြောရမယ်... ငါ့တောင်ဝှေးက လူငယ်လေး တစ်ယောက်ရဲ့ လက်ထဲမှာ ရောက်နေတာလို့ ထင်ခဲ့တာ... အဲဒါကြောင့် သူ့ကို အလင်းပြဖို့ ဒီနေရာကို လာခဲ့တာပဲ ကြည့်ရတာ ငါက သူနဲ့ ရေစက်မပါဘဲ မင်းနဲ့ပဲ ရေစက်ပါတယ် ထင်တယ်... ကဲ လာ... မင်းကို တထာဂတရဲ့ မဟာယာန သုတ္တန် သင်ပေးမယ်... နောင်တစ်ချိန် ကံအကြောင်း သင့်တဲ့အခါ မဟာမိုးခြိမ်းသံ ကျောင်းတော်ကို လာပြီး ငါ့ကို ရှာနိုင်တယ်...”

မိစ္ဆာမျောက်ဝံမှာ နားလည်သလိုလို၊ နားမလည်သလိုလို ဖြစ်နေ၏။

All Chapters