ရေထဲမှသီချင်းသံ
Vol. 7 Ch. 97
မြစ်ကြောင်းချောပို့ ရေသတ္တဝါကြီးက မြစ်ကြောင်းအတိုင်း စုန်ဆင်းလာပြီး မိုင်နှစ်ရာ၊ သုံးရာခန့်အထိ ခရီးရောက်လာသည်။ မြစ်ကမ်းပေါ်ရှိ ဘုရားကျောင်း တစ်ခု၏ ဘေးတွင် တည်ထားသော ရွာတစ်ရွာထံ ချင်မူ အကြည့်ရောက်သွားပြီး ထိုဘုရားကျောင်းပျက်၏ ကျောက်စာတိုင်ပေါ် ထိုင်၍ ကျစ်ဆံမြီး သုံးချောင်းကို ဖြီးသင်နေသော မိန်းမငယ်လေးကို မြင်သောအခါ မှင်တက်မိသွားသည်။
ချင်မူ မြစ်ကြောင်းချောပို့ ရေသတ္တဝါကြီးကို ကမန်းကတန်း ရပ်တန့်စေလိုက်ပြီး မြေခွေးဖြူလေးကို ချန်ထားခဲ့၍ မြစ်ကမ်းပေါ်သို့ တက်သွားလိုက်သည်။
ထိုရွာထဲသို့ ဝင်သွားသောအခါ ရွာသူရွာသားများက ငြိမ်းငြိမ်းချမ်းချမ်း၊ သာသာယာယာ နေထိုင်နိုင်ကြကြောင်း တွေ့ရသည်။ အဘွားကြီး အချို့က ဘုရားကျောင်းသို့ သွား၍ အမွှေးထိုင်များ ထွန်းညှိကာ ဝက်ကင် တစ်ခြမ်းနှင့် ပူဇော်ပသနေ၏။
ချင်မူ ဘုရားကျောင်းသို့ ရောက်လာပြီး မိန်းမငယ်လေးက သူ့ကို မြင်သောအခါ တစ်မုဟုတ်ချင်း ခုန်ချ၍ ဘုရားကျောင်းနောက်၌ ပုန်းကွယ်လိုက်သည်။
"မိန်းမကြီးဝူ... ခင်ဗျားကို ကျုပ် မြင်ပြီးပြီလေ... ဘာလို့ ပုန်းဖို့ လိုဦးမှာလဲ..." ချင်မူက ပြုံးလိုက်သည်။
ထိုမိန်းမငယ်လေးက ဘုရားကျောင်းနောက်ထဲမှ ပြုံး၍ ထွက်လာ၏။ "ငါ့က နင့်ကို ပုန်းတာ မဟုတ်ပါဘူး... နင်များ ဘုရားကျောင်းထဲ အမွှေးတိုင် ထွန်းဖို့ ဝင်လာပြီး အားနည်းတဲ့ ခန္ဓာကိုယ်နဲ့ ကျောက်ကပ်ပဲ ရှိပါတယ်လို့ ပြောဦးမလား စောင့်နေတာ... ရယ်ရအောင်လို့..."
ချင်မူမှာ ရယ်ရမလား၊ ငိုရမလား မသိ ဖြစ်သွားသည်။ ပတ်ဝန်းကျင်ကို လှည့်ပတ် ကြည့်ရှုလိုက်သောအခါ ဘုရားကျောင်းထဲတွင် ရှင်းလင်းသပ်ရပ်နေပြီး ဖုန်တစ်စက်မျှ မရှိသည်ကို တွေ့ရ၏။ အမွှေးတိုင်အိုးထဲမှ အမွှေးတိုင်များသာ တငွေ့ငွေ့ လောင်ကျွမ်းနေသည်။ ဘုရားကျောင်းထဲတွင် ပူဇော်ပသနေသည့် နတ်ဘုရားရုပ်တုထံ လျှောက်သွား၍ ကြည့်လိုက်ရာ မိန်းမကြီးဝူ အသွင်ပြောင်းထားသည့် မိန်းမငယ်လေး ရှန်းချင်းအာနှင့် တစ်ထေရာတည်း ဖြစ်ကြောင်း တွေ့လိုက်ရ၏။
ချင်မူမှာ ထိုနတ်ဘုရားရုပ်တု၏ နောက်ဘက်သို့ လျှောက်သွားပြီး အရိုးဖြူဖြူများ မတွေ့ရသောအခါမှ သူ၏ စိုးရိမ်ပူပန်မှုများ ပျောက်ကွယ်သွားသည်။ ဘုရားကျောင်းထဲမှ ပြန်ထွက်၍ စိတ်ဝင်တစား မေးလိုက်၏။ "ခင်ဗျားက ဘာလို့ ဒီမှာ နေနေတာလဲ..."
မိန်းမကြီးဝူက သူမကိုယ်သူမ ကျေနပ်နေသည့် သွင်ပြင် ရှိနေသည်။ "ငါ ဒီနေရာမှာ ကောင်းမှုကုသိုလ် လုပ်နေတာ... ဒီရွာက ငါ့ရဲ့ စောင့်ရှောက်မှုအောက်မှာ ရှိတယ်... ဒီက ရွာသူရွာသားတွေကလည်း ငါ့ကို ပူဇော်ပသကြတယ်... ငါက သူတို့ကို ကူညီပြီး သားရဲတွေကို ခြောက်လှန့် မောင်းထုတ်ပေးတယ်၊ ရေလိုတဲ့အချိန် မြစ်ရေကို လယ်ယာတွေဘက် သယ်ပို့ပေးတယ်၊ မိုးများတဲ့အချိန် မိုးတိမ်တွေ လွင့သွားအောင် မှုတ်ထုတ်ပေးတယ်၊ လေမတိုက်ရင် လေပြည်လေညင်း ဖန်တီးပေးတယ်၊ မုန်တိုင်းလာရင် လမ်းလွှဲပေးတယ်... ဟိုအရင် ငါ လျှောက်သွားပြီး လူနဲ့ သားရဲတွေ ဖမ်းယူစားသောက်ခဲ့တုန်းက ဟိုခေါင်းတုံးအိုကြီးရဲ့ ဖမ်းဆီးဖိနှိပ်တာ ခံခဲ့ရတယ်... အခုငါက ငါ့ဘုရားကျောင်းမှာ ငါ့ကိုယ်ပိုင်ဗုဒ္ဓ ဖြစ်လာပြီ... ပူဇော်ပသမှုတွေ ခံရသလို ကုသိုလ်ကောင်းမှုတွေလည်း ရတယ်..."
ချင်မူက ပြုံးလိုက်၏။ "ခင်ဗျားက မြစ်ညာဘက်ကို ထွက်သွားတာ မဟုတ်ဘူးလား... ဘယ်လိုလုပ် ဒီနေရာကို ရောက်လာတာလဲ..."
"မင်းနဲ့ ရေခဲစီးကြောင်းကြီးကို ဖြိုခွဲပြီးတုန်းက ငါ ဟိုဟိုဒီဒီ လျှောက်သွားနေခဲ့တာ... နောက်ဆုံးတော့ မိုးခြိမ်းသံ ကျောင်းတော်ငယ်က ကိုယ်တော်တွေနဲ့ တွေ့ပြီး တိုက်ခိုက်ခဲ့ရတယ်... သူတို့ကို ငါ မနိုင်တာနဲ့ ထွက်ပြေးရင်း ဒီနေရာကို ရောက်လာတာ... ဒီဘုရားကျောင်းထဲမှာ ငါ ပုန်းနေတုန်း တိုက်တိုက်ဆိုင်ဆိုင် ဓားပြတွေ ရောက်လာတယ်... အဲဒါနဲ့ ငါလည်း သူတို့ကို စားပစ်မိတာပေါ့... ဒီနေရာက ရွာသူရွာသားတွေက ငါ့ကို မြင်သွားပြီး သူတို့ ဆုတောင်းလိုက်လို့ ကိုယ်ထင်ပြလာတဲ့ ဒီဘုရားကျောင်းရဲ့ အင်မော်တယ် နတ်ဝိဇ္ဇာ တစ်ပါးလို့ ထင်သွားကြတယ်... သူတို့က ငါ့ကို နွားတွေ၊ ဆိတ်တွေနဲ့ ဆက်သပြီး အမွှေးတိုင်တောင် ထွန်းညှိပူဇော်သေးတယ်... သူတို့ရဲ့ စိတ်စေတနာကောင်းကို မြင်မိတော့ ငါ့ကိုယ်ငါ ရှက်မိသွားပြီး သူတို့အတွက် နည်းနည်းပါးပါး ကြည့်ရှုစောင့်ရှောက်ပေးမိတယ်..."
မိန်းမကြီးဝူက ကျောက်စာတိုင်ပေါ်သို့ ပြန်ခုန်တက်ပြီး ခြေထောက်များကို လွှဲယမ်း ဆော့ကစားလိုက်သည်။ "အဲဒါနဲ့ပဲ သူတို့က ငါ့ကို ထပ်ပြီး ပူဇော်ပသကြ၊ ငါက ပိုရှက်မိနဲ့ ဒီနေရာမှာပဲ နေဖြစ်သွားတာ..."
ချင်မူက တဟားဟား ရယ်မောလိုက်သည်။ "ကောင်းမှုကုသိုလ်တွေကို မရည်ရွယ်ဘဲ လုပ်မိရင်းနဲ့ ခင်ဗျားက ဗုဒ္ဓ ဖြစ်လာတော့မယ်..." စကားအဆုံးတွင် သူ လှည့်ထွက်လာခဲ့၏။
မိန်းမကြီးဝူက သူ့ကို လက်ပြနှုတ်ဆက်ရင်း ခပ်တိုးတိုး ရေရွတ်လိုက်သည်။ "ငါတော့ ဘုန်းကြီး မဖြစ်ချင်ပါဘူး... နေတိုင်း အသီးအရွက်တွေပဲ စားနေရရင် ဘယ်ပျော်စရာ ကောင်းမှာတုံး..."
ချင်မူက မြစ်ကြောင်းချောပို့ ရေသတ္တဝါကြီး၏ ကျောပေါ်သို့ ပြန်တက်လိုက်ပြီး ထိုကျောပြင်စိမ်း ရေသတ္တဝါကြီးက ရေတိမ်ပိုင်းမှ ပြန်ထွက်ခွာလာခဲ့သည်။ ၎င်း၏ အရှိန်က တဖြည်းဖြည်း ပိုမြန်လာပြီး ရေစီးအတိုင်း စုန်ဆင်းလာခဲ့၏။ ရှေးဟောင်း ဘုရားကျောင်းဆီသို့ ပြန်လှည့်ကြည့်လိုက်သောအခါ ဘုရားကျောင်းထဲမှ မိန်းမငယ်လေး၏ ကျစ်ဆံမြီးလေးများက လှုပ်ယမ်းနေပြီး ရွာသူရွာသားများ ပူဇော်ပသသည့် အမွှေးတိုင်နှင့် စားကောင်းသောက်ဖွယ်များကို လက်ခံယူနေသည်ကို တွေ့ရသည်။
အရှိန်အဟုန်နှင့် စီးဆင်းနေသော မာန်ဟုန်မြစ်က လှိုင်းများ တဝုန်းဝုန်းထ လှုပ်ခတ်နေ၏။
နယ်စပ်နဂါးမြို့ ဆိပ်ကမ်းသို့ ဆိုက်ရောက်သောအခါ ချင်မူနှင့် ဟူလင်းအာက မြစ်ကမ်းပေါ်တက်၍ မြို့ထဲသို့ ဝင်လာခဲ့သည်။
ဤမြို့က ကောင်းကင်နတ်ဆိုးဂိုဏ်း၏ လက်ထဲသို့ ကျရောက်ခဲ့ပြီ ဖြစ်ပြီး ဤရက်များအတွင်း အဘွားစစ်က ဖုယွင်တိ၏ မျက်နှာကို မပြခဲ့သော်လည်း ပြဿနာ တစ်စုံတစ်ရာ မရှိခဲ့ပေ။ ဖုယွင်တိကလည်း မကြာခဏ အခန်းအောင်း ကျင့်စဉ်ဝင်လေ့ ရှိသည် မဟုတ်လား။
ချင်မူက တည်းခိုဆောင်သို့ ဝင်၍ တည်းခိုဆောင် ပိုင်ရှင်ကို ဆင့်ခေါ်လိုက်သည်။ "စံအိမ်သခင်... ကျုပ်အနေနဲ့ ထာဝရ ငြိမ်းချမ်းရေး အင်ပါယာကို ဝင်ဖို့ စစ်ဆေးရေး ကြေးမုံတွေကို ရှောင်နိုင်မယ့် နည်းလမ်းများ ရှိသလား..."
တည်းခိုဆောင် ပိုင်ရှင်က ဖြေကြားလိုက်၏။ "ထာဝရ ငြိမ်းချမ်းရေး အင်ပါယာကို ဝင်ဖို့ ဝင်ပေါက် နှစ်ခု ရှိပါတယ်... တစ်ခုက ထာဝရ နယ်စပ် တံခါးနဲ့ နောက်တစ်ခုက လျှို့ဝှက်ရေတံခါးပဲ... ထာဝရ နယ်စပ် တံခါးနဲ့ လျှို့ဝှက် ရေတံခါး နှစ်ခုစလုံးက အစောင့်အကြပ် ထူထပ်ပြီး မြို့ဝင်တံခါးဝမှာ စစ်ဆေးရေး ကြေးမုံတွေ ချိတ်ထားတယ်... မဟာမြို့ပျက်က စွန့်ပစ်ခံလူ ဘယ်သူမဆို အဲဒီကြေးမုံတွေပေါ်မှာ ပုံရိပ်ထင်ပြီး အသေပစ်သတ်ခံရလိမ့်မယ်... မဟုတ်ရင်လည်း ဖမ်းခေါ်ပြီး သတ္ထုတွင်းတွေမှာ ခိုင်းဖို့ ကျွန်အဖြစ် ပို့လိုက်လိမ့်မယ်... တောင်ကြောကနေ ဖြတ်သွားဖို့က ပိုလို့တောင် အန္တရာယ်များဦးမယ်... ထာဝရ ငြိမ်းချမ်းရေး အင်ပါယာနဲ့ မဟာမြို့ပျက်ကို နတ်သက်ကြွေ တောင်ကြောနဲ့ ပိုင်းခြားထားတယ်... နတ်သက်ကြွေ တောင်ကြောက လွန်လွန်ကဲကဲ အန္တရာယ်များလွန်းလို့ ငှက်တွေတောင် ဖြတ်မပျံနိုင်ဘူး... မဟာမြို့ပျက်က လူတွေ ခိုးဝင်မလာနိုင်အောင် ထာဝရ ငြိမ်းချမ်းရေး အင်ပါယာက အဲဒီတောင်ကြောပေါ်မှာ ဆန်းကြယ်တဲ့ ပုလဲဒူးလေးတွေ လျှို့ဝှက် တပ်ဆင်ထားတယ်... အဲဒီတောင်ကြောပေါ် ဖြတ်တက်လာတဲ့သူ ဘယ်သူမဆို ဆန်းကြယ် ပုလဲဒူးလေးတွေရဲ့ ပစ်သတ်တာ ခံရလိမ့်မယ်..."
ချင်မူ မျက်မှောင်ကြုတ်၍ မေးလိုက်၏။ "ထာဝရ ငြိမ်းချမ်းရေး အင်ပါယာကို ဝင်ဖို့ တခြား နည်းလမ်း မရှိတော့ဘူးလား..."
တည်းခိုဆောင် ပိုင်ရှင်က ပြုံးလိုက်၏။ "တခြားသူတွေအတွက်တော့ မရှိဘူးပေါ့... ကျွန်တော်တို့ နတ်ဂိုဏ်းကတော့ ကိုယ့်နည်းလမ်းနဲ့ကိုယ် ရှိပါတယ်... ကုန်သွယ်လမ်း မဖွင့်ခင် ကျွန်တော်တို့ နတ်ဂိုဏ်းအနေနဲ့ ကုန်ပစ္စည်းတွေ မှောင်ခို တင်သွင်း၊ တင်ပို့ လုပ်ရတာဆိုတော့ မဟာမြို့ပျက်နဲ့ ထာဝရ ငြိမ်းချမ်းရေး အင်ပါယာကို ကူးသန်းဖို့အတွက် နတ်သက်ကြွေ တောင်ကြောပေါ်က ဆန်းကြယ် ပုလဲဒူးလေး နှစ်ခုကို တိတ်တဆိတ် ဖျက်ဆီးထားခဲ့ပါတယ်... အခု မဟာမြို့ပျက်နဲ့ ထာဝရ ငြိမ်းချမ်းရေး အင်ပါယာရဲ့ ကုန်သွယ်လမ်း ဖွင့်လိုက်ပြီဆိုတော့ ထာဝရ ငြိမ်းချမ်းရေး အင်ပါယာကို ဝင်ဖို့ ပိုလွယ်သွားတဲ့အတွက် အဲဒီလမ်းကို မသုံးတော့ပါဘူး... သခင်လေးအနေနဲ့ ထာဝရ ငြိမ်းချမ်းရေး အင်ပါယာကို သွားချင်တယ်ဆိုရင် လျှို့ဝှက် ရေတံခါးကနေ သွားလို့ ရပါတယ်... လျှို့ဝှက် ရေတံခါးရဲ့ အစောင့်အကြပ် အများစုက ကျွန်တော်တို့ နတ်ဂိုဏ်းက လူတွေပါ..."
ချင်မူ၏ အမူအရာ အနည်းငယ် ပြောင်းလဲသွားသည်။ ကောင်းကင်နတ်ဆိုးဂိုဏ်း၏ စွမ်းအားက ကြီးမားလွန်းလှ၏။ မိစ္ဆာလမ်းစဉ်၏ အကြီးမားဆုံးသော ဂိုဏ်းတစ်ခု ပီသပါပေသည်။
သူ တစ်ခဏမျှ စဉ်းစားလိုက်၏။ "ထာဝရ ငြိမ်းချမ်းရေး အင်ပါယာရဲ့ မြေပုံတစ်ခု ရှာခဲ့ပေး... ထာဝရ ငြိမ်းချမ်းရေး အင်ပါယာရဲ့ ရေမြေအနေအထားကို ရင်းနှီးအောင် လေ့လာထားရမယ်..."
"နားလည်ပါပြီ..."
တည်းခိုဆောင်ပိုင်ရှင်က နောက်ဆုတ် ထွက်ခွာသွား၏။ ချင်မူနှင့် ဟူလင်းအာက ညစာစား၊ ရေချိုးပြီးနောက် အိပ်ရာဝင်လိုက်ကြသည်။
နောက်တစ်နေ့တွင် တည်းခိုဆောင်ပိုင်ရှင်က ထာဝရ ငြိမ်းချမ်းရေး အင်ပါယာ တစ်ခုလုံး၏ မြေပုံနှင့် မြို့နယ်အသီးသီး၏ အသေးစိတ်မြေပုံများ ပါဝင်သော မှတ်တမ်းအထူကြီးများ သယ်လာ၏။ ချင်မူက မြေပုံများကို သူ့အိတ်ထဲ ထိုးထည့်၍ မေးလိုက်သည်။ "ကျုပ်ကို လျှို့ဝှက်ရေတံခါးဆီ ဘယ်သူ ခေါ်သွားမှာလဲ..."
တည်းခိုဆောင်ပိုင်ရှင်က ပြုံးလိုက်၏။ "စိတ်အေးအေးထားပါ သခင်လေး... သခင်လေးအတွက် မနက်စာ ပြင်ထားပါပြီ... အရင် သုံးဆောင်သွားပါဦး... သခင်လေး မြစ်ကမ်းဘေး ရောက်တဲ့အခါ ကျွန်တော်တို့ နတ်ဂိုဏ်းက ညီကိုတွေ လမ်းပြ ခေါ်ဆောင်သွားပါလိမ့်မယ်..."
ချင်မူနှင့် ဟူလင်းအာက မနက်စာစားပြီး မာန်ဟုန်မြစ်ဘက် ထွက်လာသောအခါ သင်္ဘောကြီးတစ်စင်း ဆိုက်ကပ်ထားသည်ကို မြင်လိုက်ရသည်။ သင်္ဘောပေါ်တွင် ရပ်နေသော အစိမ်းရောင်ဝတ်စုံ ဝတ်ဆင်ထားသည့် မိန်းမပျို တစ်ဦးက ရို့ကျိုးစွာဖြင့် ခပ်တိုးတိုး နှုတ်ဆက်လိုက်သည်။ “နှုတ်ခွန်းဆက်သပါတယ် သခင်လေး... သခင်လေးကို သင်္ဘောပေါ်တက်ခဲ့ဖို့ ဖိတ်ခေါ်ပါရစေ..."
"ထုံးစံတွေ မလိုပါဘူး..."
ချင်မူက ဟူလင်းအာကို ခေါ်၍ သင်္ဘောပေါ် တက်လာပြီး ဝတ်စုံစိမ်းနဲ့ မိန်းမပျိုကို မေးလိုက်သည်။ "အစ်မတော်က ကျွန်တော့်ကို စစ်ဆေးရေး ကြေးမုံတွေ မမြင်အောင် ဖုံးကွယ်ပြီး မြို့ထဲ ခေါ်သွားပေးနိုင်တာလား..."
အစိမ်းရောင် ဝတ်စုံနှင့် မိန်းမပျိုက ပြုံးလိုက်၏။ "သခင်လေးကို စစ်ဆေးရေး ကြေးမုံတွေ မမြင်အောင်တော့ ဖုံးကွယ်မပေးနိုင်ပါဘူး... ဒါပေမဲ့ ကျွန်မက လျှို့ဝှက် ရေတံခါးရဲ့ အဆင့်မြင့်အရာရှိ ဖုန်းရှုယွင်ပါ... လူဝင်၊ လူထွက်ကို စစ်ဆေးရတဲ့ တာဝန်ခံအရာရှိပါ... အဲဒါကြောင့် သခင်လေးကို ကျွန်မ မြို့ဝင်၊ မြို့ထွက် ခေါ်သွားနိုင်ပါတယ်..."
ချင်မူ အံ့အားသင့်သွား၏။ ဤမိန်းမပျိုက အသက်ကြီးသေးသည့်ပုံ မပေါ်ချေ။ ယခုပင် နယ်စပ်ကို စောင့်ကြပ်သည့် အဆင့်မြင့်အရာရှိ ဖြစ်နေပြီတဲ့လား...။ သူ ကမန်းကတန်း ခွန်းတုံ့ပြန် ပြောလိုက်သည်။ "ဒုက္ခခံ ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်... အစ်မဖုန်း..."
သင်္ဘော၏ အောက်မှ ရေသတ္တဝါကြီး တစ်ကောင်က ရေမျက်နှာပြင်ထက် တက်လာပြီး ရေစီးအတိုင်း စုန်ဆင်း ကူးခတ်သွားတော့သည်။ အတန်ကြာ ရွက်လွှင့်ပြီးသောအခါ မြစ်ရေပြင်က စတင် ကျယ်ပြန့်လာပြီး မြူခိုးငွေ့များ တဖြည်းဖြည်း ထူထပ်လာသည်။
သင်္ဘောက မြူခိုးငွေ့များထဲ ဝင်သွားသည်တွင် ရေသတ္တဝါကြီး၏ ရုန်းအား တဖြည်းဖြည်း နှေးကျသွားပြီး ယောက်ယက်ခတ်လာသည်။ ရေထဲမှ တစ်စုံတစ်ရာကို ကြောက်လန့်နေသကဲ့သို့ ရှိ၏။
ဖုန်းရှုယွင်မှာ ဝေခွဲမရ ဖြစ်သွားသည်။ "ဒီကောင်ကြီးက ဘာဖြစ်လို့ ရုတ်တရက် ထဖောက်ပြီး သင်္ဘောကို မဆွဲချင်ရတော့တာလဲ..."
ဟူလင်းအာမှာလည်း ရုတ်တရက် ထိတ်လန့်တုန်ရီလာပြီး တီးတိုး ပြောလိုက်သည်။ "သခင်လေး... တစ်ခုခု ကျွန်မတို့အနားကို ကပ်လာသလို ခံစားရတယ်... သိပ်ကို ကြောက်စရာကောင်းတဲ့ အရာ တစ်ခုခု..."
ထိုအခိုက်၌ ချင်မူမှာ တစ်စုံတစ်ရာက သူ့ကို ရုတ်တရက်ကြီး စိုက်ကြည့်လာသကဲ့သို့ မပီဝိုးတဝါး ခံစားလိုက်ရသည်။ သူနောက်မှာ ငါးနဂါးက ခုန်ထွက်လာပြီး အိမ်ရှေ့စံ ကိုယ်ရံတော်ဓားသွား တစ်ဝက် ပေါ်လာအောင် အန်ထုတ်လိုက်၏။
ဖုန်းရှုယွင်က တည်ကြည် လေးနက်သော အမူအရာ ရှိနေပြီး ချင်မူ၏ ရှေ့သို့ တက်၍ ကာကွယ်ရန် အသင့်ပြင်ထားလိုက်သည်။ ရုတ်တရက် ရေအောက်ထဲမှ လေပူဖောင်းများ ပလုံစီတက်လာပြီး မြူခိုးငွေ့များကလည်း ပို၍ ထူထပ်လာသည်။
သို့သော်လည်း ထိုအခြင်းအရာမှ လွဲ၍ အခြား ထူးထူးခြားခြား ဖြစ်လာခြင်း မရှိပေ။
ချင်မူက သူ့စိတ်သူ တည်ငြိမ်အောင် ပြန်ထိန်းလိုက်သည်။ ဤမြစ်ပြင်က ကျယ်ပြန့်လွန်းလှပြီး အဖြူရောင် မြူခိုးငွေ့များက သိပ်သည်း ထူထပ်လွန်းလှသဖြင့် သူတို့ မည်သည့်နေရာ ရောက်နေသည်ကို မှန်းဆ၍ မရချေ။ မြေခွေးဖြူလေးက သူမ၏ မှော်ဂါထာကို အသုံးပြုပြီး မှော်မိစ္ဆာလေကို ထိန်းချုပ်ရန် ကြိုးစားလိုက်သည်။ သို့သော်လည်း သူမ၏ မှော်မိစ္ဆာလေက မြူခိုးငွေ့များကို ဖယ်ရှားပစ်နိုင်ခြင်း မရှိဘဲ အသုံးမဝင် ဖြစ်သွားသည်။
ဖုန်းရှုယွင်က ယပ်တောင် တစ်ချောင်းကို ထုတ်ယူပြီး လှုပ်ခါလိုက်၏။ ထိုယပ်တောင်က လူတစ်ရပ် အရွယ်ထိ ကြီးမားလာပြီး ဖုန်ရှုယွင်က တစ်ချက် ယပ်လိုက်သည်။ အစောက မှော်မိစ္ဆာလေထက် ပိုမိုအားကောင်းသော လေပွေတစ်ခု တစ်မုဟုတ်ချင်း ထွက်ပေါ်လာသော်လည်း အဖြူရောင် မြူခိုးငွေ့များကို ဖယ်ရှားနိုင်ခြင်း မရှိပေ။
မြစ်ရေက သင်္ဘောကို ရေစီးအတိုင်း ညင်သာစွာ သယ်ဆောင်သွားသည်။သင်္ဘောကို ဆွဲနေသည့် ရေသတ္တဝါကြီးမှာ ရေနက်ထဲသို့ ပြေးသွားပြီး ပြန်မလာရဲတော့ချေ။ သို့ဖြစ်၍ သင်္ဘောမှာ မြစ်ရေကိုသာ အားပြု၍ စုန်ဆင်းနေရ၏။
ဖုန်းရှုယွင်က အတော်လေး စိုးရိမ်နေမိသည်။ ထိုအခိုက်၌ သီချင်းသံ တစ်သံက ရေထဲမှ လွင့်ပျံလာ၏။ ထိုအသံက လွန်စွာ နူးညံ့လှပြီး အမေတစ်ယောက်က သူ၏ ကလေးကို အိပ်ပျော်အောင် ချော့သိပ်နေသကဲ့သို့ ဖြစ်သည်။ သို့သော်လည်း သံစဉ်သက်သက်သာ ဆိုညည်းနေပြီး သီချင်းစာသား သီဆိုခြင်း မရှိချေ။
ချင်မူ မှင်တက်မိသွားသည်။ ဤသီချင်းဆိုနေသည့် အသံကို လွန်စွာ ရင်းနှီးနေသကဲ့သို့ ခံစားရ၏။
"ငါ ဒီသီချင်းကို အရင်က ကြားဖူးတယ်..."
သူ သင်္ဘောဦးထိပ်တွင် ရပ်နေရာမှ ငုံ့ကြည့်လိုက်သောအခါ အဖြူရောင် ဝတ်စုံ ဝတ်ထားသော ဆံပင်ရှည်ရှည်နှင့် မိန်းမတစ်ယောက် ရေစီးအတိုင်း စီးမျောလိုက်ပါလာသည်ကို တွေ့လိုက်ရသည်။
သင်္ဘောက ရေစီးအတိုင်း စုန်ဆင်းနေပြီး ရေထဲမှ အမျိုးသမီးကလည်း အရိပ်ပမာ လိုက်ပါလာ၏။ သီချင်းသံက ထိုအမျိုးသမီး၏ ပါးစပ်မှ ထွက်ပေါ်လာခြင်း ဖြစ်သည်။
"ငါ ဒီသီချင်းကို အရင်က ကြားဖူးတာ သေချာတယ်... ဒါပေမဲ့ ဒီသီချင်းက ဘွားဘွားစစ် ချော့သိပ်တဲ့ သီချင်း မဟုတ်ဘူး..."
သီဆိုနေသော သီချင်းသံကို နားထောင်ရင်း ချင်မူ၏ ရင်ထဲတွင် ရင်းနှီးကျွမ်းဝင်သကဲ့သို့ ခံစားရပြီး ဂနာမငြိမ် ဖြစ်လာသည်။ သူ့ခေါင်းထဲ အတွင်းပိုင်း တစ်နေရာမှ မှတ်ဉာဏ် အပိုင်းအစ တစ်ခုက အပြင်သို့ ချိုးဖောက်ထွက်လာရန် ကြိုးစားနေသကဲ့သို့ ရှိ၏။
သူ ရုတ်တရက် သင်္ဘောပေါ်မှ ခုန်ချ၍ မြစ်ရေ မျက်နှာပြင်ပေါ်သို့ သက်ဆင်းလိုက်သည်။ ဖုန်းရှုယွင်က လက်ဆန့်၍ ဖမ်းဆွဲရန် ကြိုးစားလိုက်သော်လည်း မမီလိုက်ချေ။ ဟူလင်းအာလည်း လိုက်ခုန်ချလိုက်သာ်လည်း ရေထဲမှ အမျိုးသမီးကို မြင်သောအခါ သူမ၏ ကျောရိုးတစ်လျှောက် စိမ့်တက်သွား၏။ တစ်မုဟုတ်ချင်း ခုန်ပျံကျော်လွှား၍ ချင်မူ၏ နောက်သို့ လိုက်သွားရာ သူမ၏ ခြေလှမ်း သေးသေးစိပ်စိပ်လေးများကြောင့် ဝဲဂယက်များ ထသွားသည်။
"ဖြည်းဖြည်း... သခင်လေး... ကျွန်မ ကြောက်တယ်..."
သီချင်းသံက ဆက်လက် ထွက်ပေါ်နေပြီး သူ မည်မျှ မြန်အောင် ပြေးပြေး၊ ရေထဲမှ အမျိုးသမီးကို မီအောင် မလိုက်နိုင်ချေ။
ချင်မူမှာ ပို၍ ပို၍ ဂနာမငြိမ် ဖြစ်လာပြီး သင်္ဘောဆီသို့ ပြန်လှည့်တော့မည် ပြင်လိုက်စဉ်မှာပင် သူ့ရင်ဘတ်ရှေ့ရှိ ကျောက်စိမ်းလည်ဆွဲက ညင်သာစွာ မြောက်တက်လာကြောင်း သတိပြုလိုက်မိသည်။
ချင်မူ အကြောင်သား ငေး၍ ခြေလှမ်းများ ရပ်ကာ ရေထဲမှ အမျိုးသမီး၏ မျက်နှာကို ကြည့်လိုက်သည်။
ရေထဲမှ အမျိုးသမီးကလည်း ရပ်တန့်သွားပြီး ချင်မူက သူမနောက် လိုက်နေခြင်း မဟုတ်တော့ဘဲ သူမက ချင်မူ့နောက် ပြန်လိုက်နေသည်နှင့် တူလာ၏။
ပလောက်...။
ဒုက္ခိတဘိုးဘွား ကျေးရွာမှ လူငယ်လေးမှာ မြစ်ရေ မျက်နှာပြင်ပေါ်တွင် ဒူးထောက်ကျသွားပြီး ရေထဲမှ အမျိုးသမီး၏ မျက်နှာကို ထိတွေ့ကိုင်တွယ်ရန် ကြိုးစားသကဲ့သို့ တဆတ်ဆတ် တုန်ရီနေသော လက်များကို ဆန့်တန်းလိုက်၏။ သူ့မျက်ဝန်းထဲမှ မျက်ရည်များ လိမ့်ဆင်းလာပြီး တည်ငြိမ်နေသော မြစ်ရေ မျက်နှာပြင်ပေါ်သို့ တပေါက်ပေါက် ကျသွားသည်။
"ခင်ဗျားလား...၊ ကျွန်တော့်ကို ဒုက္ခိတဘိုးဘွား ကျေးရွာဆီ ပို့ပေးခဲ့တာ ခင်ဗျားလား..."