လျှို့ဝှက်ရေဝင်ပေါက်
Vol. 7 Ch. 98
သူ့လက်များက မြစ်ရေထဲထိ ရောက်သွားသော်လည်း ထိုအမျိုးသမီး၏ မျက်နှာကို ထိကိုင်နိုင်ခြင်း မရှိချေ။
"ခင်ဗျား ဘာလို့ ဒီနေရာမှာပဲ ရှိနေသေးတာလဲ... ကျွန်တော့်ကို ကာကွယ်စောင့်ရှောက်ဖို့ စဉ်းစားနေသေးတာလား..."
ချင်မူ ငိုချလိုက်၏။ သူ မည်သို့ ကြိုးစားကြိုးစား ထိုအမျိုးသမီးကို ဆုပ်ကိုင်နိုင်ခြင်း မရှိပေ။ သူရပ်သွားသောအခါ ရေအောက်မှ အမျိုးသမီးကလည်း ရပ်တန့်သွားသည်။ သို့သော်လည်း သူတို့နှစ်ယောက်ကြား ကမ္ဘာတစ်ခု ခြားနေသကဲ့သို့ ရှိပြီး တစ်ယောက်နှင့် တစ်ယောက် ထိတွေ့နိုင်ခြင်း မရှိချေ။
"ခင်ဗျားက ကျွန်တော့်ရဲ့ အမျိုးအနွယ်လား..."
"ဘာတွေ ဖြစ်ခဲ့တာလဲ..."
"ဘာလို့ ခင်ဗျားက ကျွန်တော်နဲ့ ထွက်ပြေးခဲ့ရတာလဲ... ဘာလို့ ဒုက္ခိတဘိုးဘွား ကျေးရွာဆီ ခေါ်လာရတာလဲ..."
"ခင်ဗျားက ဒီနေရာမှာ ကျွန်တော်ကို ထပ်တွေ့ရအောင် နေနေခဲ့တာလား..."
...။
ရေအောက်ထဲမှ အမျိုးသမီးက သူ၏ မေးခွန်းများကို ပြန်လည် ဖြေကြားခြင်း မရှိဘဲ သူ့ကိုသာ တိတ်ဆိတ်စွာ ကြည့်၍ နေသည်။ သူမ၏ မျက်ဝန်းများက ချစ်မြတ်နိုးမှုနှင့် နှစ်သိမ့်ကျေနပ်ခြင်းတို့ အပြည့် ဖြစ်၏။
ဖုန်းရှုယွင်က သူမ၏ ချီစွမ်းအင်ကို အသုံးပြု၍ သင်္ဘောကို ချင်မူရှိရာသို့ မောင်းလာခဲ့ပြီး ရေထဲမှ အမျိုးသမီးအလောင်းကို တိုက်ခိုက်တော့မည် ပြင်လိုက်သော်လည်း ချင်မူက ရေမျက်နှာပြင်ပေါ်တွင် ဒူးထောက်နေသည်ကို မြင်သောအခါ မှင်တက်မိသွားပြီးသူမ၏ တိုက်ကွက်ကို ပြန်ရုပ်သိမ်းလိုက်၏။
ရေထဲမှ အမျိုးသမီးအလောင်းက ဒုက္ခိတဘိုးဘွား ကျေးရွာမှ လူငယ်လေးကို ကြည့်လိုက်သည်။ လွန်ခဲ့သည့် ဆယ့်လေးနှစ်က သူမ ဤနေရာထိ စီးမျော ပါလာခဲ့ပြီး ဤနေရာရှိ မြစ်ရေစီးကြောင်းက အားပျော့သွားသည့်အတွက် ရှေ့သို့ ဆက်မျောပါမသွားတော့ဘဲ မြစ်ကြမ်းပြင်သို့ နစ်မြုပ်သွားခဲ့ရသည်။
ပြင်းထန်သည့် စွဲလမ်းစိတ်ကြောင့် ရေထဲမှ မခွာနိုင်ဘဲ တိတ်ဆိတ်စွာ စောင့်ဆိုင်းနေခဲ့သည်။ ချင်မူ စီးနင်းလိုက်ပါလာသည့် သင်္ဘောက ဤနေရာသို့ ဖြတ်သွားသောအခါ စွဲလမ်းစိတ် အရှိန်အဟုန်က ရင်းနှီးကျွမ်းဝင်နေသည့် ကျောက်စိမ်းလည်ဆွဲကြောင့် နိုးထလာခဲ့ပြီး သင်္ဘောပေါ်မှ လူငယ်လေး၏ ပုံရိပ်ကို မြင်တွေ့ရရန် သူမ ရေပေါ်သို့ စီးမျော ထိုးတက်လာခဲ့သည်။
"တွေ့တယ် မဟုတ်လား... ကျွန်တော် အရွယ်ရောက်လာပြီလေ... ကျွန်တော် အသက်ရှင်ခဲ့တယ်..."
ချင်မူက ရေထဲမှ အမျိုးသမီးကို ကြည့်၍ သူ၏ မျက်ရည်များကို သုတ်လိုက်သည်။ သူ ပြုံးပြ၍ ညင်သာနူးညံ့စွာ ပြောလိုက်၏။ "ခင်ဗျား စိတ်ဖြောင့်ဖြောင့် အနားယူပါ... ကျွန်တော့်မျိုးဆက်နဲ့ ကျွန်တော့် မွေးရပ်မြေကို မတွေ့တွေ့အောင် လိုက်ရှာမှာပါ... ခင်ဗျားရဲ့ အကြောင်းကိုလည်း စုံစမ်းပြီး ခင်ဗျား နာမည်ကို ထာဝရ မှတ်ထားမှာပါ..."
ရေထဲရှိ အမျိုးသမီးမှာ ခပ်ဖွဖွ ပြုံးလိုက်သယောင် ထင်ရပြီး ရေအောက်ထဲသို့ တဖြည်းဖြည်း ပြန်လည် နစ်မြုပ် ပျောက်ကွယ်သွားသည်။
ချင်မူမှာ မြစ်ရေ မျက်နှာပြင်ပေါ်တွင် ငူငူကြီး ဒူးထောက်လျက် ကျန်ခဲ့ပြီး အတန်ကြာသောအခါမှ ထရပ်လိုက်၏။ သူက အမှန်တကယ် အရွယ်ရောက်လာခဲ့ပြီး ယခင်ကကဲ့သို့ မသိနားမလည်သည့် ကောင်လေးတစ်ယောက် မဟုတ်တော့သလို ခံစားလိုက်မိသည်။
သူ သင်္ဘောပေါ်သို့ ပြန်လာခဲ့လိုက်၏။ မြူခိုးငွေ့များကလည်း တဖြည်းဖြည်း လွင့်ပါးသွားသည်။
ထိုအမျိုးသမီး ရေအောက်ထဲသို့ ပျောက်ကွယ်သွားသည့် အချိန်တွင် မြူခိုးငွေ့များကလည်း ပျောက်ကွယ်သွား၏။ မြစ်ပြင်တစ်ခွင်က ပြန်လည် ကြည်လင်လာပြီး အဝေးသို့ လှမ်းမျှော်ကြည့်လိုက်သောအခါ မာန်ဟုန်မြစ် တစ်ခုလုံးကို ဖြတ်ပိတ်ထားသည့် မိုးထိုးအောင် မြင့်မားသော ရေတံခါးကြီး တစ်ခုကို မြင်ရသည်။ ထိုရေတံခါးကြီးမှာ တကယ်တမ်းတွင် မရေမတွက်နိုင်သော သင်္ဘောများကို တွဲဆက်၍ ထောင်ချီသော စစ်သည်များ၊ မြင်းများ စတည်းချရာ စခန်းကြီး တစ်ခုအဖြစ် ဖွဲ့စည်းထားခြင်း ဖြစ်သည်။
မြစ်ကြောင်း တစ်ခုလုံးကို သံကြိုးများဖြင့် ကာဆီးထားပြီး အလယ်မှ ရေလမ်းကြောင်း တစ်ခုသာ ဖွင့်ထား၏။ ထိုရေလမ်းကြောင်းမှသာ လျှို့ဝှက်ရေတံခါးကို ဖြတ်ကျော်ပြီး ထာဝရ ငြိမ်းချမ်းရေး အင်ပါယာ၏ နယ်နိမိတ်ထဲ ရောက်နိုင်မည် ဖြစ်သည်။
"သခင်လေး... လျှို့ဝှက် ရေတံခါးကို ရောက်ပါပြီ..."
ဖုန်းရှုယွင်က သင်္ဘော ဆွဲနေသည့် ရေသတ္တဝါကြီးကို အရှိန်တင်စေပြီး ရေလမ်းကြောင်း အတွင်းသို့ ဝင်ကာ ပြောလိုက်သည်။ "စစ်ဆေးရေး ကြေးမုံတွေက မြို့လယ်မှာ ရှိတာ... အဲဒီမှာ ရှိတဲ့ လူတွေ အကုန်လုံးက ကျွန်မလူတွေဆိုတော့ သခင်လေး စိတ်အေးအေးသာ နေပါ..."
ချင်မူ ပတ်ဝန်းကျင်သို့ လှည့်ပတ် ကြည့်ရှုလိုက်ပြီး လျှို့ဝှက် ရေတံခါး၏ ခမ်းနားထည်ဝါသော တပ်ဖွဲ့များကို မြင်လိုက်သည်။ သင်္ဘော တစ်စီးမှ တစ်စီးသို့ လျင်မြန်စွာ ကူးသန်းနေသော စစ်မြင်းများပင် ရှိသည်။ သင်္ဘောများ တစ်စီးနှင့် တစ်စီးကြားတွင် အကြားအလပ် မရှိလုနီးပါး ဖြစ်၏။ ထို့ပြင် သင်္ဘောများကို သပ်လျှို၍ ချိတ်ဆက်ထားခြင်း ဖြစ်သဖြင့် ၎င်းတို့မှာ သင်္ဘောများ ဆိုသည်ထက် အလွန်တရာ ရှုပ်ထွေးစွာ ဆောက်လုပ်ထားသည့် အဆောက်အဦများနှင့် ပိုတူနေသည်။
ဆက်ထားသည့် သပ်များကို ခွာလိုက်သည်နှင့် ထိုသင်္ဘောများက သင်္ဘောအတိုင်းသာ ရှိနေပြီး အချိန်မရွေး ရွက်လွှင့်နိုင်ပေလိမ့်မည်။
"ဒီနေရာကို ဆောက်ခဲ့တဲ့သူက နတ်ဘုံနတ်နန်း လက်ရာပိုင်ရှင်လို့ ပြောရမယ်..." ချင်မူက လွှတ်ခနဲ ချီးကျူးလိုက်မိသည်။
ဖုန်းရှုယွင်က ဟက်ဟက်ပက်ပက် ရယ်မောလိုက်၏။ "သခင်လေး... ဒီလျှို့ဝှက်ရေတံခါးက ကျွန်မတို့ ဂိုဏ်းရဲ့ လက်မှုစံအိမ်သခင် ကိုယ်တိုင် ပုံစံထုတ်ပြီး တည်ဆောက်ခဲ့တာပါ..."
ချင်မူ၏ ရင်ထဲတွင် လှုပ်ရှားသွားပြီး ပို၍ပင် အံ့ဩမိသွားသည်။
ထာဝရ ငြိမ်းချမ်းရေး အင်ပါယာ၏ ဧကရာဇ် အတိုင်ပင်ခံက အဘယ်ကြောင့် ကောင်းကင်နတ်ဆိုးဂိုဏ်းကို သိမ်းသွင်းလိုသည် ဆိုခြင်းကို သူ ယခုမှ သဘောပေါက်သွားသည်။ ကောင်းကင်နတ်ဆိုးဂိုဏ်း၏ အင်အားက ထာဝရ ငြိမ်းချမ်းရေး အင်ပါယာ၏ တပ်မကြီးအောက် သေချာပေါက် နိမ့်ကျသည် မှန်သော်လည်း ကောင်းကင်နတ်ဆိုးဂိုဏ်းတွင် အသက်မွေးဝမ်းကြောင်း လုပ်ငန်းအားလုံးမှ လူများ ရှိသည်။ သုံးရာ့ခြောက်ဆယ်သော အသက်မွေးဝမ်းကြောင်း လုပ်ငန်းများအတွက် သုံးရာ့ခြောက်ဆယ်သော စံအိမ်အသီးသီး ရှိပြီး အယောက်စီတိုင်းက သာမန် အရပ်သူ အရပ်သားများကြားတွင် စိမ့်ဝင်ပျံ့နှံ့နေသဖြင့် အလွန်တရာ နက်ရှိုင်းသော အခြေခံအုတ်မြစ် ရှိသည်ဟု ဆိုနိုင်သည်။
သင်္ဘောက မြို့ထဲသို့ ဝင်လာ၏။ သူတို့ရှေ့တွင် အစစ်ဆေးခံရန် စောင့်နေသော ကုန်သွယ်သင်္ဘောအချို့ ရှိပြီး ရေလမ်းကြောင်းတွင် အတန်းလိုက်ကြီး ဖြစ်နေသည်။ ဖုန်းရှုယွင်က သင်္ဘောကို ရေလမ်းကျဉ်းလေး တစ်ခုသို့ ချိုးကွေ့ပြီး ဆိပ်ကမ်းကပ်ကာ ချင်မူ့ကို ကုန်းပေါ်သို့ ခေါ်သွား၏။
ဟူလင်းအာက နောက်မှ ထက်ကြပ်မကွာလိုက်၍ ချင်မူ့အိတ်ထဲသို့ ခုန်ဝင်လိုက်သည်။ သူမက အိတ်ထဲသို့ တိုးဝင်သွားပြီး ခေါင်းသေးသေးလေးသာ ထုတ်၍ အပြင်ဘက်သို့ စပ်စပ်စုစု ကြည့်လိုက်၏။
"သခင်လေး... ဟိုဟာတွေက စစ်ဆေးရေး ကြေးမုံတွေပဲ..."
ချင်မူက သူမ ညွှန်ပြရာသို့ ကြည့်လိုက်သောအခါ ရေလမ်းကြောင်းပေါ်တွင် ရေမျောခုံးတံတားတစ်ခု ရှိနေသည်ကို မြင်လိုက်ရသည်။ ထိုတံတား၏ အလယ်၌ ရေလမ်းကြောင်းဘက်သို့ ချိန်ထားသော ပြောင်လက် တောက်ပနေသည့် ကြေးမုံမှန် တစ်ချပ် ရှိနေသည်။ ဤရေလမ်းကြောင်းကို ဖြတ်သွားသည့် သင်္ဘောမှန်သမျှ ထိုကြေးမုံမှန်တွင် ပုံရိပ်လာထင်၏။
ကုန်သွယ်သင်္ဘောများမှာ ထိုတံတားအောက်တွင် ရပ်တန့်ရပြီး သင်္ဘောပေါ် ပါလာသူတိုင်း ကြေးမုံမှန် အလင်းပြန်နေသည့်အောက်မှ ဖြတ်သွားရသည်။
သို့သော်လည်း ယခု ချင်မူက ကမ်းပေါ်တွင် ရောက်နေပြီး စစ်ဆေးရေး ကြေးမုံမှန်များကို ရှောင်ကွင်းသွားသည် ဖြစ်၍ သူ့ကို တွေ့ရှိသွားမည် မစိုးရိမ်ရချေ။
ခြေဆယ်လှမ်းခန့် လှမ်းမိတိုင်း လျှို့ဝှက် ရေတံခါးကို ကင်းလှည့် စောင့်ကြပ်နေသည့် တပ်သားများနှင့် တွေ့ရသည်။ လုံခြုံရေးက လွန်စွာ တင်းကျပ်လှ၏။ ကံကောင်းထောက်မ၍ သူက ဖုန်းရှုယွင်နှင့် အတူ ရှိနေသဖြင့်သာ တစ်လမ်းလုံး အစစ်ဆေး မခံခဲ့ရခြင်း ဖြစ်သည်။
ဖုန်းရှုယွင်က သူ့ကို ကုန်သည်များ စုဝေးရာ နေရာသို့ ခေါ်လာပြီး ပြောလိုက်သည်။ "သခင်လေး ဒီမြို့ထဲမှာ အရင် နေရလိမ့်ဦးမယ်... မနက်ဖြန် ရေလမ်းကြောင်း ဖွင့်တဲ့အခါကျရင် လျှို့ဝှက် ရေတံခါးကနေ ထွက်မယ့် ကုန်သည်တွေ ရှိတယ်... သခင်လေး ကုန်သွယ်အဖွဲ့ တစ်ခုခုနဲ့ လိုက်သွားနိုင်ပါတယ်..."
သူမက တစ်ခဏမျှ တုံ့ဆိုင်းသွားပြီးနောက် ဆက်ပြောလိုက်၏။ "ဒီရက်ပိုင်းမှာ ထာဝရ ငြိမ်းချမ်းရေး အင်ပါယာက ငြိမ်းငြိမ်းချမ်းချမ်း မရှိတော့ဘူး... သခင်လေး ကိုယ်ဖာသာ သွားရင် ဘေးမကင်းမှာ စိုးရိမ်မိတယ်... ကုန်သွယ်အဖွဲ့ တစ်ခုခုနဲ့ လိုက်သွားတာ အကောင်းဆုံးပဲ..."
ချင်မူ အံ့အားသင့်သွား၏။ "ငြိမ်းငြိမ်းချမ်းချမ်း မရှိတော့ဘူး ဟုတ်လား..."
ထိုမိန်းမပျိုလေးက ဘေးဘီသို့ ဂရုတစိုက် လှည့်ပတ် ကြည့်ရှု၍ ချင်မူ့ နားနားသို့ ကပ်ကာ တီးတိုးပြောလိုက်သည်။ "ထာဝရ ငြိမ်းချမ်းရေး အင်ပါယာရဲ့ ဧကရာဇ် အတိုင်ပင်ခံ မဟာမြို့ပျက်ကို ထိုးဖောက် သိမ်းပိုက်ဖို့ ကြိုးစားရင်း အရေးနိမ့်လာခဲ့တာကို ကြားတဲ့ အဆင့်မြင့်ပညာရှင်တွေ အများကြီးက အပြန်လမ်းမှာ သူ့ကို အခွင့်ကောင်းချောင်း လုပ်ကြံဖို့ ကြိုးစားခဲ့ကြတယ်... ပြောကြတာတော့ ထာဝရ ငြိမ်းချမ်းရေး အင်ပါယာရဲ့ ဧကရာဇ် အတိုင်ပင်ခံက ဒဏ်ရာ အပြင်းအထန် ရသွားပြီး သေလုမြောပါး ဖြစ်ခဲ့တယ်လို့ ဆိုကြတယ်... အဲဒီ သတင်း ပြန့်သွားတော့ အားလုံးက သတိအနေအထား ဖြစ်သွားတယ်... နန်းတွင်းရဲ့ စည်းကမ်းအာဏာကို သဘောမကျတဲ့ တချို့ဂိုဏ်းတွေက အဲဒီ အခွင့်ကောင်းကို လက်လွတ်မခံဘဲ ဆူပူလှုပ်ရှားမှုတွေ ဖန်တီးတယ်... တချို့က အင်ပါယာရဲ့ လက်အောက်ခံ အဖြစ်ကနေ နုတ်ထွက်သွားကြတယ်... တချို့က နယ်မြေတွေ သိမ်းယူပြီး အတော်များများက ပုန်ကန်ကြတယ်..."
သူမ၏ ဆံစများက လူငယ်လေး၏ လည်ကုပ်ပေါ် ဝဲကျ၍ ကလိယားထိုးသကဲ့သို့ ဖြစ်နေသည်။ ချင်မူ၏ နားရွက်မှာလည်း သူမ၏ ဝင်သက်၊ ထွက်သက်ကြောင့် ယားကျိကျိ ဖြစ်လာ၏။
ဖုန်းရှုယွင်မှာ ချင်မူ၏ နားရွက်များ နီရဲလာသည်ကို မြင်သောအခါမှ သူမက သူနှင့် လွန်စွာ နီးကပ်နေကြောင်း သတိပြုမိသွားပြီး ကမန်းကတန်း နောက်ဆုတ်လိုက်သည်။
ဤလူငယ်လေးက အနာဂတ် ဂိုဏ်းသခင်လောင်းလျာ ဖြစ်သည်။ ထိုမျှ မြင့်မြတ်သောသူ တစ်ဦးကို သူမ အဘယ်သို့ ပေါ့ပေါ့ဆဆ ဆက်ဆံ၍ ဖြစ်ပါမည်နည်း...။
"နောက်တစ်ခု ရှိသေးတယ်..."
ဖုန်းရှုယွင်က သူမ၏ စိတ်ကို တည်ငြိမ်အောင် ထိန်းလိုက်ပြီး ချင်မူ့ကို ခြေဆုံးခေါင်းဆုံး ကြည့်လိုက်သည်။ "သခင်လေးအနေနဲ့ သခင်လေးရဲ့ ဝတ်စုံကို ပြောင်းရလိမ့်မယ်... ထာဝရ ငြိမ်းချမ်းရေးအင်ပါယာက မဟာမြို့ပျက် မဟုတ်ဘူး... အဲလောက် မာကျောခိုင်ခံ့တဲ့ အဝတ်အစားတွေ ဝတ်စရာ မလိုတော့ဘူး..."
ချင်မူ၏ ကိုယ်ပေါ်မှ အဝတ်အစားများမှာ သားရဲ အရေခွံဖြင့် ချုပ်ထားခြင်း ဖြစ်သည်။ သူက နေ့တိုင်း လေ့ကျင့်ရင်း အဝတ်များ ပေရေစုတ်ပြဲသည်ကို အဘွားစစ်က သဘောမကျသဖြင့် သူ ငယ်စဉ်ကတည်းက သားရဲ အရေခွံများသာ ဝတ်ဆင်စေခဲ့သည်။ သူ၏ အဝတ်အစားများက သားရဲ အရေခွံဖြင့် ချုပ်ထားသော်လည်း သာမန် သားရဲအရေခွံ မဟုတ်၊ နူးညံ့ ကောင်းမွန်သည့် အရေခွံ ဖြစ်သည်။
ချင်မူ၏ အဝတ်အစားများက နှင်းတိမ်တိုက်ကျားသစ်၏ အရေခွံဖြင့် ချုပ်ထားခြင်း ဖြစ်သည်။ အမွေးများ ပါသည့် အရေခွံ တစ်ထပ်ကို ဖယ်ရှားထားသဖြင့် နွေရာသီတွင် အေးပြီး၊ ဆောင်ရာသီတွင် နွေး၏။ ချုပ်ပုံ၊ ချုပ်သား ကောင်းမွန်သည် မှန်သော်လည်း အမြင်မလှချေ။
ချင်မူ အဝတ်အစား ချုပ်နည်းကို သင်ပြီးကတည်းက နှင်းတိမ်တိုက်ကျားသစ် အရေခွံဖြင့် သူ့အဝတ်များကို သူ့ဖာသာ ချုပ်ခဲ့သည်။ သူ ဝတ်ထားသည့် အဝတ်အစား အားလုံးက သူ့ဖာသာ ချုပ်ထားခြင်း ဖြစ်၏။ သူ့အဝတ်အစားများ၏ အသားကသာ သာမန် ပိုးချည်ထည် ဖြစ်ခဲ့လျှင် မျက်ကန်း၊ သားသတ်သမားတို့နှင့် နေ့စဉ် လေ့ကျင့်မှုများကြောင့် ပေရေပျက်စီးပြီး တစ်ရက်ပင် ခံမည် မဟုတ်ချေ။
"အစ်မတော်အနေနဲ့ ဘယ်နေရာမှာ အထည်စ ကောင်းကောင်း ရနိုင်မလဲ သိပါသလား..." ချင်မူက မေးလိုက်သည်။
ဖုန်းရှုယွင်က သူ့ကို အထည်ဆိုင် တစ်ဆိုင်သို့ ခေါ်သွားလိုက်သည်။ ချင်မူမှာ ဆိုင်ထဲတွင် လှည့်ပတ် ကြည့်ရှုလိုက်သော်လည်း စိတ်ကြိုက်မတွေ့သဖြင့် ဆိုင်ရှင်ကို ခေါ်လိုက်၏။ "ခင်ဗျာ့ဆိုင်မှာ ဒီလို အထည်စမျိုး ရှိလား..."
သူက လင်ယွိရှို့ ပေးခဲ့သော လက်ကိုင်ပဝါကို ထုတ်ပြလိုက်သည်။ အထည်ဆိုင် ပိုင်ရှင်မှာ ထိုလက်ကိုင်ပဝါကို မြင်သောအခါ ထိတ်လန့် တုန်လှုပ်သွားသည်။ ကမန်းကတန်း ခေါင်းယမ်း၍ ပြန်ပြောလိုက်၏။ "ဒါက သဘာဝ မွှေးရနံ့ ပိုးချည်နဲ့ ရက်လုပ်ထားတာပါ... နန်းတွင်း မိသားစုကို ဆက်သရတဲ့ လက်ဆောင်ပဏ္ဏာ တန်းဝင်ပါ... ကျွန်တော့်ရဲ့ အထည်ဆိုင် သေးသေးလေးမှာ ဘယ်လိုလုပ် ဒီလို အရည်အသွေးမြင့် ပစ္စည်းတွေ တင်နိုင်မှာလဲ..."
ဖုန်းရှုယွင်က ပြုံးလိုက်၏။ "စံအိမ်သခင်ချွီ... ဒါက ဂိုဏ်းသခင်လေးပါ..."
အထည်ဆိုင်ပိုင်ရှင်မှာ တုန်လှုပ်ချောက်ချားသွားပြီး ကမန်းကတန်း ဦးညွှတ် အရိုအသေပြုရန် ပြင်လိုက်သော်လည်း ချင်မူက သူ့လက်များမှ ဆုပ်ကိုင် တားဆီးလိုက်၏။ "ဒါက လျှို့ဝှက် ရေတံခါး... စောင့်ကြည့်နေတဲ့ မျက်လုံးတွေ အများကြီး ရှိတယ်... ထုံးစံတွေ လုပ်မနေနဲ့..."
အထည်ဆိုင် ပိုင်ရှင်၊ စံအိမ်သခင်ချွီက ပြုံးလိုက်၏။ "ကျွန်တော်မျိုး သခင်လေးကို မမှတ်မိဘဲ အရေးမစိုက် လုပ်ခဲ့မိပါတယ်... ခဏ စောင့်ပေးပါ သခင်လေး..."
သူက အထည်ဆိုင်၏ ပစ္စည်း သိုလှောင်ခန်း အတွင်းသို့ ပြေးဝင်သွားပြီး များစွာ မကြာလိုက်ဘဲ အထည်လိပ် တစ်လိပ် ထုတ်ယူလာသည်။ "သခင်လေး... သဘာဝ မွှေးရနံ့ ပိုးချည်က နန်းတွင်းပဏ္ဏာ ဖြစ်ပေမယ့်... သူ့အောက် မကျတဲ့ ချည်ထည် တချို့လည်း ရှိပါသေးတယ်... ဒီအထည်လိပ်က ကျွန်တော့် ဆိုင်သေးသေးလေးရဲ့ အထွတ်အမြတ် ရတနာပါ... ရွှေရောင် သဘာဝ ပိုးချည်လို့ ခေါ်ပါတယ်... ကျွန်တော်တို့ နတ်ဂိုဏ်းရဲ့ အဆိပ်ပိုးကောင်စံအိမ်က အဆိပ်ပိုးကောင်တွေ မွေးမြူတဲ့နေရာမှာ ထူးချွန်ပါတယ်... သူတို့က အဆိပ်တစ်ရာ ရွှေပိုးကောင်ကို အဆိပ်ပြင်းတဲ့ အတောင်ပံ ခြောက်ခု ရွှေပိုးကောင် ဖြစ်အောင် ဗီဇပြောင်း မွေးမြူခဲ့ပါတယ်... အဲဒီ အဆိပ်တစ်ရာ တောင်ပံ ခြောက်ခု ရွှေပိုးကောင် အရွယ်ရောက်လာတဲ့အခါ သဘာဝ ပိုးချည်တွေ အန်ထုတ်တယ်... အဲဒီ ပိုးချည်တွေက သိပ်ကို ခိုင်ခန့်တာ... ဓားလှံ တိုးမပေါက်ဘူး၊ ရေဒဏ် မီးဒဏ် ခံနိုင်တယ်၊ အဆိပ်အမျိုးပေါင်း ရာချီကိုလည်း ကာကွယ်နိုင်တယ်... ဒီချည်ထည်လိပ်ကို အဆိပ်ပိုးကောင် စံအိမ်သခင်က ရောင်းချဖို့အတွက် ကျွန်တော့်ကို ပေးထားတာပါ... သခင်လေး တစ်ချက် ကြည့်ကြည့်ပါဦး..."
ချင်မူ ထိုအထည်စကို အသာအယာ ပွတ်သပ်ကြည့်လိုက်၏။ ပိုးချည်သားက ချောမွတ်နေပြီး အေးစိမ့်စိမ့် အငွေ့အသက်တစ်ခု ရှိသည်။ အရောင်အဆင်းအားဖြင့် ရွှေရောင် ခပ်ဖျော့ဖျော့ ရှိပြီး ထူးဆန်းသော အမှတ်အသားများ ပါရှိသည်။ ထိုအထည်စကို လက်ဖြင့် ဆွဲကြည့်လိုက်သောအခါ မည်သို့မျှ ဆုတ်ဖြဲ၍ မရကြောင်း တွေ့ရသဖြင့် လွှတ်ခနဲ ချီးကျူးမိပြီး လွန်စွာ ကျေနပ်နှစ်သိမ့်သွားသည်။ "ဒီဟာ ဘယ်လောက်ကျလဲ..."
စံအိမ်သခင်ချွီက ကမန်းကတန်း ခေါင်းခါယမ်း၍ ပြောလိုက်၏။ "သခင်လေးရဲ့ ငွေကို ကျွန်တော် ဘယ်လိုလုပ် လက်ခံလို့ ဖြစ်မှာလဲ... ဒါက သခင်လေးအတွက် ကျွန်တော်နဲ့ အဆိပ်ပိုးကောင် စံအိမ်သခင်က လက်ဆောင်ပေးတာပါ..."
ချင်မူက ပြုံးလိုက်၏။ "ခင်ဗျား လက်မခံနိုင်ပေမဲ့ ကျုပ်က ပေးရမှာပဲ... လင်းအာ... ငွေထုပ် ထုတ်ခဲ့လိုက်..."
သူ့အိတ်ထဲတွင် ခေါင်းကလေးသာ ထုတ်၍ နေနေသော ဟူလင်းအာမှာ ချင်မူ့စကား ကြားသည်နှင့် အိတ်ထဲသို့ ချက်ချင်း တိုးဝင်သွားသည်။ တစ်ခဏကြာသောအခါ ငွေထုပ်တစ်ထုပ်ကို ယူလာ၏။ ချင်မူက ပြောလိုက်သည်။ "ဒါက နဂါးကြေးပြားတွေ... ထာဝရ ငြိမ်းချမ်းရေး အင်ပါယာမှာတော့ သုံးလို့ မရဘူး ထင်တယ်...ခင်ဗျားကို အကုန်လုံး ပေးလိုက်မယ်..."
စံအိမ်သခင်ချွီက ငွေအိတ်ကို သိမ်းဆည်း၍ တုံ့ပြန် ပြောဆိုလိုက်သည်။ "ထာဝရ ငြိမ်းချမ်းရေး အင်ပါယာက တဖုန်းကြေးပြားကို သုံးတာပါ၊ မဟာမြို့ပျက်ရဲ့ ငွေကြေးနဲ့ မတူပါဘူး... သခင်လေးရဲ့ ငွေအိတ်ထဲမှာ ကြေးပြားထောင်ချီ ရှိနေတာ ဆိုတော့ ကျွန်တော်မျိုး သခင်လေးအတွက် တဖုန်းကြေးပြား နည်းနည်း လဲပေးလိုက်ပါမယ်... သခင်လေးရဲ့ ခရီးလမ်းမှာ အသုံးဝင်လာနိုင်ပါတယ်..."
ချင်မူက တစ်ချက် စဉ်းစား၍ ခေါင်းညိတ်လိုက်သည်။ "ဒုက္ခခံပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်... ဒီရွှေရောင် သဘာဝပိုးချည်ကို ဘယ်လို ဖြတ်တောက်လို့ ရမလဲ..."
စံအိမ်သခင်ချွီက ပြုံးလိုက်၏။ "သာမန် ဝိညာဉ်လက်နက်နဲ့ ဒီချည်ထည်စကို မဖြတ်နိုင်ဘူး... ကျွန်တော့်ရဲ့ ဆိုင်သေးသေးလေးမှာ နဂါးသွားစွယ် ကတ်ကြေး တစ်ချောင်း ရှိပါတယ်... အဲဒါနဲ့ဆိုရင်တော့ နည်းနည်း အားစိုက် ကိုက်ဖြတ်လို့ ရပါတယ်... ခဏလေး စောင့်ပေးပါ သခင်လေး...
သူက ခန်းမရှေ့သို့ လျှောက်သွား၍ အမွှေးတိုင် သုံးချောင်း ထုတ်ယူကာ ထွန်းညှိလိုက်သည်။ ခန်းမ၏ ရှေ့တွင် နတ်ကွန်းသေးသေးလေး ရှိပြီး ထိုထဲတွင် ကတ်ကြေးတစ်လက်ကို ပူဇော်ပသထားသည်။
စံအိမ်သခင်ချွီက ထိုကတ်ကြေးကို တရိုတသေ ဂါရဝပြု၍ ဂရုတစိုက် ဖြုတ်ယူကာ ချင်မူ့ကို ပေးလိုက်သည်။ "ကျွန်တော်မျိုး ဒီကတ်ကြေးကို သခင်လေးအတွက် လက်ဆောင်ပဏ္ဏာအဖြစ် ဆက်သပါတယ်..."
ချင်မူမှာ ရယ်ရမလား၊ ငိုရမလား မသိ ဖြစ်သွားသည်။ "စံအိမ်သခင်... ကျုပ်က ခင်ဗျားရဲ့ ကတ်ကြေးကို အပိုင်ယူဖို့ မဟုတ်ပါဘူး... ဟမ်... သိပ်ကောင်းတဲ့ ကတ်ကြေးပဲ..."
သူ့မျက်နှာတွင် အံ့အားသင့်သည့် အမူအရာ ပေါ်ထွက်လာသည်။ ထိုကတ်ကြေးများမှာ နွေးထွေးသည့် ကျောက်စိမ်းသားဖြင့် ပြုလုပ်ထားသကဲ့သို့ စိုစွတ် နူးညံ့သော အထိအတွေ့ကို ခံစားလိုက်ရသည်။ သူ၏ ချီစွမ်းအင်ကို ထိုကတ်ကြေးထဲသို့ ပို့လွှတ်လိုက်သောအခါ သူ့ခန္ဓာကိုယ် အစိတ်အပိုင်း တစ်ခုပမာ အဆီးအတားမရှိ စီးဝင်သွားသည်။ ထို့ပြင် ထိုကတ်ကြေးထဲ၌ တဝုန်းဝုန်းထ လှုပ်ခတ်လာတော့မည့် ကြောက်မက်ဖွယ်ရာ စွမ်းအားတစ်ခု ကိန်းအောင်းနေသည်ကိုလည်း ခံစားမိ၏။
ဤစွမ်းအားက အလွန်တရာ ကြောက်မက်ဖွယ်ရာ ကောင်းလှပြီး အားကောင်း ပြင်းထန်လှသည်။
ချင်မူ ပိုးချည်ထည်စ၏ အနားစများကို ကိုက်ဖြတ်ရန် ကြိုးစားကြည့်သောအခါ တစ်မူထူးခြားစွာ ခိုင်ခန့်လှသည့် ရွှေရောင် သဘာဝ ပိုးချည်ထည်မှာ ပြတ်တောက်သွား၏။ အနည်းငယ် အားစိုက်ရသော်လည်း ထိုကတ်ကြေး၏ ထက်ရှမှုက ထင်ရှား မြင်သာသည်။
"တကယ့်ကို ကောင်းတဲ့ ကတ်ကြေးပဲ..." ချင်မူ ထပ်၍ ရေရွတ်လိုက်မိသည်။
စံအိမ်သခင်ချွီက အဆိပ်တစ်ရာ ရွှေပိုးကောင်၏ ပိုးချည်ဖြင့် ပြုလုပ်ထားသော အပ်ချည်နှင့် အပ်ကို ယူဆောင်လာသည်။
ဝှစ်...။
ချင်မူက သူ့လက်ကို ဆန့်၍ ဝှေ့ယမ်းလိုက်သောအခါ အထည်လိပ် တစ်ခုလုံး လေထဲတွင် ရုည်ခြည်း ပြန့်ပြေသွားပြီး သူ၏ ချီစွမ်းအင်များ ဟုန်းခနဲ ထွက်ပေါ်လာသည်။ အထည်စက လေထဲတွင် တွဲလျောင်း ရှိနေပြီး ချင်မူက ချီစွမ်းအင်ဖြင့် ကတ်ကြေးကို ထိန်းချုပ်၍ ဖြတ်တောက်လိုက်သည်။ တစ်ချိန်တည်းမှာပင် စံအိမ်သခင်ချွီ ယူဆောင်လာသော အပ်က လေထဲသို့ ပျံဝဲတက်လာပြီး ချီစွမ်းအင်ဖြင့် ထိန်းချုပ်၍ အပ်ချည်ထိုးကာ ဖြတ်တောက်ပြီးသွားသော အထည်စများကို တွဲစပ်ချုပ်လိုက်သည်။
ဤမြင်ကွင်းက လွန်စွာ မျက်စိကျဖွယ် ကောင်းလှသဖြင့် အထည်ဆိုင်သို့ လာကြသော ဈေးဝယ်များ အားလုံး ရပ်ကြည့်လိုက်မိကြသည်။
များစွာမကြာလိုက်ဘဲ ချင်မူက ကတ်ကြေး၊ အပ်နှင့် အပ်ချည်ကို ပြန်ချလိုက်ပြီး ဝတ်စုံ တစ်စုံက ညင်သာစွာ ကျဆင်းလာသည်။ ပထမ တစ်ခုက လက်အိုးကျဉ်းကျဉ်းနှင့် တင်ပါးနေရာတွင် ခေါက်တွန့်ချုပ်ထားသော ချည်ထိုးဝတ်ရုံရှည် ဖြစ်သည်။ ဒုတိယ တစ်ခုက ခါးစည်းကြိုး ဖြစ်ပြီး တတိယ တစ်ခုက ချည်ထိုးအင်္ကျီ ဖြစ်ကာ စတုတ္ထမှာ ဘောင်းဘီ ဖြစ်သည်။
စံအိမ်သခင်က လက်မြှောက် ညွှန်ပြလိုက်၏။ "သခင်လေး အတွင်းခန်းထဲကို ဝင်ပြီး အဝတ်အစားလဲလို့ ရပါတယ်..."
ချင်မူက အတွင်းခန်းထဲသို့ ဝင်သွားပြီး စံအိမ်သခင်ချွီနှင့် ဖုန်းရှုယွင်တို့က အပြင်ဘက်တွင် စောင့်နေကြသည်။ ဖုန်းရှုယွင်က မျက်မှောင်ကြုတ်၍ တီးတိုး ရေရွတ်လိုက်၏။ "သခင်လေးက ဘာလို့ ဂိုဏ်းသခင်မဆီက အပ်ချုပ်သင်ခဲ့ပါလိမ့်... ဒါမျိုးက ဘယ်လိုလုပ် ဂိုဏ်းသခင်လေး သင်သင့်တဲ့ အရာ ဖြစ်မှာလဲ..."
စံအိမ်သခင်ချွီက တုံ့ပြန် ပြောဆိုလိုက်၏။ "သခင်လေး ချုပ်တဲ့ အဝတ်တွေက ပညာရှင်အဆင့်ကို ရောက်နေပြီ..."
ဖုန်းရှုယွင်က သရော်လိုက်၏။ "နင်က ကပ်ဖားယပ်ဖားတော့ အတော်ဖြစ်ပဲ... ရွံစရာ ကောင်းလိုက်တာ... နင် သခင်လေးကို ပေးလိုက်တဲ့ အဆိပ်တစ်ရာ ရွှေပိုးကောင်ရဲ့ ပိုးချည်နဲ့ ရက်လုပ်ထားတဲ့ အထည်လိပ်က အဲဒီလောက် ရဖို့ ရွှေပိုးကောင် ထောင်ချီ လိုတာ မဟုတ်လား... အဆိပ်တစ်ရာ ရွှေပိုးကောင် တစ်ကောင် အန်ထုတ်တဲ့ ပိုးချည်တစ်မျှင်ကတင် ဒီနဂါးကြေးပြားအိတ်နဲ့ ညီမျှနေပြီ... သခင်လေးရဲ့ ဒီဝတ်စုံက အဖိုးမဖြတ်နိုင်ဘူး..."
အတွင်းခန်းတံခါး ပွင့်လာပြီး ချင်မူ ထွက်လာသောအခါ သူတို့ နှစ်ယောက်စလုံး၏ မျက်လုံးများ အရောင်တောက်သွားသည်။ အထည်ဆိုင်ထဲမှ လူအားလုံးလည်း လှည့်ကြည့်မိပြီး စိတ်ထဲမှ ရေရွတ်လိုက်မိကြသည်။ "ဘယ်လောက်တောင် ခံ့ညားချောမောတဲ့ လူငယ်လဲ..."