← Chapters

စူးခရာ အင်မော်တယ်မြို့ဟောင်း

Vol. 37 Ch. 502

စူးခရာ အင်မော်တယ်မြို့ဟောင်း

Vol. 37 Ch. 502

အဆင့်မြင့်၊ အလယ်အလတ် အဆင့်နှင့် အဆင့်နိမ့် အင်မော်တယ်ကျောက် မည်သည့် အမျိုးအစားပင် ဖြစ်စေ မိုဝူကျီဘေး၌ အမှုန့်အဖြစ် ပြောင်းကုန်ကြသည်။ အင်မော်တယ် ဆေးလုံးများ ထည့်ထားသော ပုလင်းခွံများလည်း ရှိနေသည်။ ထိုစဉ် မိုဝူကျီက အတွေးအားလုံး ဘေးချိတ်ထား၍ အင်မော်တယ် ကျောက်နှင့် အင်မော်တယ် ဆေးလုံးများကို အသည်းအသန် သုံးကာ သူ့ကျင့်ကြံဆင့်ကို မြှင့်တင်နေသည်။

နောက်ဆုံး ဆေးပုလင်းကို အသုံးပြု ပြီးသည့်နောက် မိုဝူကျီက ကျင့်ကြံခြင်းကို ရပ်တန့်လိုက်တော့သည်။ သူ့တွင် အင်မော်တယ် ကျောက်တချို့ ကျန်ရှိသေးသော်လည်း သူတို့ကို အားဖြည့်ပေးရန် အင်မော်တယ် ဆေးလုံးများ မပါရှိဘဲ အမြန်နှုန်းမှာ တစ်ဆလောက်  လျော့ကျသွားလိမ့်မည်။ ထို့အပြင် ဧရာမ သင်္ဘောပျံကြီး၌ လူများစွာ ရှိနေသောကြောင့် သူက ဆက်လက် ကျင့်ကြံလိုလျှင်ပင် ဝိညာဉ်စွမ်းအား စုစည်းရေး အစီအရင်ကို မခင်းကျင်းရဲပေ။ အင်မော်တယ် ကျောက်များမှ စွမ်းအားများ စုပ်ယူခြင်းသည် တာအို အရိပ်အယောင် မပါရှိချေ။ ထို့ကြောင့် သူက အင်မော်တယ် ကျောက်များမှ စွမ်းအားများကို ကြောက်ခမန်းလိလိ  စုပ်ယူနေလျှင်ပင် သူ လိုချင်သည့် အနေအထားသို့ ရောက်မည် မဟုတ်ပေ။

မိုဝူကျီက သူ့မေးစေ့ပေါ် ကျရောက်နေသည့် ဆံပင်များကို သပ်ကာ သူ့ဆံပင်အရှည်ကို ပြန်မစည်းနှောင် ဖြစ်သည်မှာ အတော်ကြာမြင့် နေလေပြီ။ သူ့ကျင့်ကြံခြင်းကို တွေးမိပြီး စိတ်ထဲမှ သက်ပြင်းသာ ချလိုက်သည်။ သူက ဤတစ်လျှောက်လုံး တံခါးပိတ်ကာ ကျင့်ကြံခဲ့သည်။ သူက အချိန်များစွာနှင့် အင်မော်တယ်ကျောက်များ၊ ဆေးလုံးများကို အသုံးပြု ထားသော်လည်း ကျင်းရှန်း အလယ်အလတ် အဆင့် ရောက်ရန် အကွာအဝေး တစ်ခု လိုအပ်နေသေးသည်။

ချီသွေးကြော  ၁၀၈ ခုလုံးက ဆက်တိုက် စီးဆင်းနေသည့် အပြင် အင်မော်တယ် ဆေးလုံးများနှင့် သူ့အင်မော်တယ် မော်တယ် ပြောင်းပြန် ကျင့်စဉ်ပါ ထည့်ပေါင်းလိုက်သည့် အခါ မိုဝူကျီက သူ့ကျင့်ကြံနှုန်းမှာ ထိုကြယ်အဆင့် ပါရမီရှင်များထက် မနိမ့်ကျကြောင်း ယုံကြည်သည်။ ထိုသို့ဆိုလျှင်ပင် သူ့အတွက် ခြေလှမ်း တစ်လှမ်းချင်းစီက အလွန် ခက်ခဲလှသည်။ ကျင့်ကြံခြင်း လမ်းစဉ်မှာ မလွယ်ကူကြောင်း သိသာနိုင်သည်။

သူက အချိန်အတော်ကြာ  တံခါးပိတ် ကျင့်ကြံပြီးနောက် အဆင့်မတက် လှမ်းနိုင်သည်မှာ ပထမဆုံးအကြိမ် ဖြစ်၏။ မိုဝူကျီက သူ့အတွေးများကိုပင် မစုစည်းနိုင်ဘဲ  အခန်းအလယ်၌ ကြောင်ကြောင်ကြီး ထိုင်နေမိသည်။ ယခု သူတို့ကျိုးပျက် ကမ္ဘာရောက်သည့် အခါ သူက မုရုန်ရှန်းယွီနှင့် မည်သို့ ဝေးဝေးနေရမည်ကိုသာ စဉ်းစားနေမိသည်။

ဤအခိုက်အတန့်လေး၌ သူ့တံခါးမှ အတားအဆီးမှာ တုန်ခါလာလေ၏။

မိုဝူကျီက စိတ်စွမ်းအားဖြင့် စစ်ဆေးကြည့်လိုက်သည့် အခါ တံခါးဝ၌ မုရုန်ရှန်းယွီ ရောက်လာကြောင်း သိလိုက်သည်။ သို့သော်လည်း သူမက သူ့ကို လာရှာရသည့် အကြောင်းအရင်းကို နားမလည်ပေ။ သို့သော် သူ့အမြန်ဆုံးနှုန်းဖြင့် သန့်ရှင်းရေး လုပ်ကာ  အဝတ်အသစ် လဲလှယ် ဝတ်လိုက်သည်။ ထို့နောက် သူက တံခါးမှ အတားအဆီးကို ဖယ်လိုက်သည်။

မုရုန်ရှန်းယွီက မိုဝူကျီ မျက်နှာမှ အမွေးအမျှင်များကို ချက်ချင်း မြင်လိုက်ရသည်။ သူက  သေသေသပ်သပ် ပြုပြင်လာသော်လည်း သူ့ဆံပင်များမှာ အတော်ရှုပ်ပွနေဆဲ ဖြစ်သည်။ သူမက မျက်မှောင်အနည်းငယ်  ကြုတ်မိရုံက လွဲပြီး မတတ်နိုင်ပေ။ မိုဝူကျီ ဘာမှမပြောခင် သူမက အခန်းထဲ တန်းဝင်လိုက်ပြီးနောက် လက်တစ်ချက် အဝှေ့ဖြင့် တံခါးကို ပြန်ပိတ်လိုက်သည်။

“ကျုပ်ကို ဘာအကြောင်းနဲ့များ လာရှာပါ့လိမ့်” မိုဝူကျီက သစ်သား ထိုင်ခုံကို ထုတ်ကာ မုရုန်ရှန်းယွီဆီ လှမ်းပေးလိုက်သည်။

မုရုန်ရှန်းယွီက ထိုင်ချလိုက်သည်။ သူမက မိုဝူကျီကို အတော်ကြာ စိုက်ကြည့်နေပြီးနောက်  “ယန်းယဲ့  ... ရှင့်ကို တတိယအကြိမ် တွေ့တုန်းက ကောင်းကင်အင်မော်တယ်  အဆင့်ပဲ ရှိသေးတာလေ။ အဲအချိန်တုန်းက ဝိညာဉ်စွမ်းအား အရိပ်အယောင် ရှိပါသေးတယ်။ အခု ကျင်းရှန်းအဆင့် ရောက်လာတော့ ကျင့်ကြံဆင့်က မြင့်လာတာကို  ဘာလို့ အားနည်းသွားတဲ့ပုံ ပေါက်နေတာလဲ။ ပြီးတော့ ရှင့်ကို မျက်နှာမွမ်းမံ ဆေးလုံးလည်း ပေးခဲ့တယ်လေ ... ဘာလို့ မသုံးတာလဲ ...”

ယခု သူက ဤနေရာ ရောက်နေပြီ ဖြစ်သောကြောင့် မိုဝူကျီက မုရှန်ရုန်းယွီက သူ့ဇာစ်မြစ် သံသယ ဝင်သွားလည်း ဂရုမစိုက်တော့ပေ။ သူက အေးအေးဆေးဆေး ပြန်ဖြေပေးလိုက်သည်  “ကျုပ် ကျင်းရှန်းအဆင့် တက်လှမ်းတုန်းက ကျုပ်ရဲ့ ဝိညာဉ်လမ်းကြောင်းတွေက အတော်လေး ပျက်စီးသွားခဲ့လို့ အဲလို ဖြစ်လာတာပါ။ အခု ကျင့်ကြံခြင်းက အတော်လေး ခက်ခဲနေတယ်။ သင်္ဘောပေါ် ရောက်ကတည်းက ကျင့်ကြံနေတာ အခုထိ ကျင်းရှန်း အလယ်အလတ် အဆင့်မှာပဲ ရှိသေးတယ်။  ဝိညာဉ်လမ်းကြောင်းတွေ ပျက်စီးသွားလို့  မျက်နှာမွမ်းမံ ဆေးလုံးက အလုပ်မဖြစ်တာ ထင်တယ်”

မိုဝူကျီက လျှောက်ပြောနေခြင်း မဟုတ်ပေ။ သူ့၌ ဝိညာဉ်လမ်းကြောင်း ပြဿနာ မရှိသလို အစကတည်းမှ ဝိညာဉ်လမ်းကြောင်းပင် မရှိချေ။

မျက်နှာမွမ်းမံခြင်းအတွက် သူက ထိုသို့လုပ်ရန် ဆေးလုံး လိုအပ်လို့လား …

မုရုန်ရှန်းယွီက တိုးတိုးပြောလိုက်သည်  “ကျင်းရှန်း အစောပိုင်း အဆင့်ကနေ အလယ်အလတ် အဆင့်ကို တစ်နှစ်အတွင်း တက်လှမ်းနိုင်တာ ဆိုတော့ ရှင်က အနည်းဆုံး ကြယ်ငါးလုံး ပါရမီရှင်ပဲ။ ယန်းယဲ့   ... ရှင် ပြောတော့ ကျမ နှလုံးသားကို အနှောင်အဖွဲ့နဲ့ စိုးရိမ်မှုတွေက ကင်းလွတ်စေချင်တယ် ဆိုပြီး ပြောခဲ့တုန်းက တကယ် ပြောတာလား။ အဲဆို ကျမတို့ ဒီသင်္ဘောပေါ် ရောက်ပြီးကတည်းက ဘာလို့ လာမရှာ ရတာလဲ။ ပြီးတော့ တကယ်လို့ ရှင်သာ ကျမကို ဂရုစိုက်တယ်ဆိုရင်  ကျမနဲ့ ချောင်းချန်ယန်တို့ အတူတူ မြင်ရင် နည်းနည်းလေးတောင် သဝန်မတိုဘူးလား။  ရှင် အရင်က ပြောခဲ့တဲ့ စကားတွေ အကုန်လုံးက အလိမ်အညာလား။  ရှင်က ကျမနဲ့အတူတူ ကျိုးပျက်ကမ္ဘာကို လာဖို့ ရအောင် ပြောခဲ့တာလား ...”

မိုဝူကျီက အမှန်တကယ် ပြောလိုသည်မှာ   “ဟုတ်တယ်  ... ခင်ဗျား ပြောတာ ကွက်တိပဲ။ ကျုပ်က ဒီကျိုးပျက်ကမ္ဘာကို လာဖို့ စိတ်ကူး မရှိပေမဲ့လည်း ယုံရင်အင်မော်တယ် နယ်မြေကို ထွက်သွားနိုင်အောင်  ခင်ဗျားကို အသုံးချခဲ့တာပဲ  ... ရှင်းပြီလား”

သို့သော်လည်း သူက ထိုစကားများကို မပြောလိုက်ပေ။ ထို့အစား သူက   “ရှန်းယွီ  ... မင်း အဆင်ပြေတယ် ဆိုရင် ကျုပ်လည်း ပြေပါတယ်။  တကယ်လို့ မင်းကို ဆက်တိုက် လာရှာမိရင် မင်း စိတ်အခြေအနေ အနှောင့်အယှက် ဖြစ်မှာ စိုးလို့  ...  ကျုပ် အရင်က ပြောဖူးတယ်မလား။ ကျုပ် ဒီကို လိုက်လာတာ မင်း ကျုပ်ကို လုံးဝ မေ့သွားအောင်လို့လေ။ တကယ်လို့ ချောင်းချန်ယန်နဲ့ အတူတူ ရှိနေတာက အဲဒါကို ကူညီပေးနိုင်တယ် ဆိုရင်  ကျုပ် ကျေနပ်ပါတယ်”

မိုဝူကျီက နောက်ဆုံးစကားကို အပြည့်အဝ အလေးအနက် ထား၍ ပြောလိုက်ခြင်း ဖြစ်ပေသည်။ သူက မုရုန်ရှန်းယွီသည် သူ့အား မေ့သွားပြီး မောင်းထုတ်ဖို့ရာ အလိုရှိပေ၏။

မုရုန်ရှန်းယွီက အရင် ပြောလက်စကို ဆက်မပြောတော့ဘဲ  “သင်္ဘောက မကြာခင် စူးခရာ  အင်မော်တယ် မြို့ဟောင်းဆီ ရောက်လိမ့်မယ်။ အဲဒီနေရာကို မဟာဗောဓိ အင်မော်တယ် နယ်မြေလို့ ခေါ်တယ်။ ဒါပေမဲ့ မဟာဗောဓိ အင်မော်တယ် နယ်မြေက ဒီလိုနေရာတွေကို သိပ်ဂရုမစိုက်တော့ ဒီနေရာမှာ ကျိုးပျက် ကမ္ဘာတို့လိုမျိုး နေရာတွေကို သွားဖို့ အစီအရင် အမျိုးမျိုး ရှိတယ်လေ။ အဲဒါကြောင့် ဒီနေရာကို အင်မော်တယ်နယ်မြေ အမျိုးမျိုးက လူတွေ ဆုံရပ် သတ်မှတ်ထားကြတာ။ မကြာခင် ကျမတို့တွေ  ဒီနေရာက အစီအရင် သုံးပြီးတော့ ကျိုးပျက် ကမ္ဘာပိုင်နက်ထဲ ဝင်ကြမှာ”

မုရုန်ရှန်းယွီက စကားမဆုံးခင် မိုဝူကျီက ရုတ်ခြည်း မတ်တတ်ရပ်ကာ   “ဒီဟာက မဟာဗောဓိ အင်မော်တယ် နယ်မြေလား။ ကျုပ်တို့တွေ ယုံရင် အင်မော်တယ် နယ်မြေက ထွက်လာပြီပေါ့ ...”

မုရုန်ရှန်းယွီက  စိတ်လှုပ်ရှားနေသည့် မိုဝူကျီကို ကြည့်ကာ ခေါင်းညိတ်ပြလိုက်သည်  “သင်္ဘောပျံက ယုံရင်အင်မော်တယ် နယ်မြေအစွန်းမှာ ရှိနေတာလေ။ အသက်မဲ့ လျှို့ဝှက်နယ်မြက အဲဒီနေရာက သိပ်မဝေးလို့  ...  မဟာဗောဓိ အင်မော်တယ် နယ်မြေကို တစ်နှစ်လောက်နဲ့ ရောက်လာတာ ပုံမှန်ပါပဲ  ...”

“အဲဆို ကျုပ်တို့တွေ စူးခရာ အင်မော်တယ်မြို့ဟောင်းမှာ ဆင်းကြမှာလား ။ ပြီးတော့ ကူးသန်းရေး အစီအရင် သုံးပြီးတော့ ကျိုးပျက်ကမ္ဘာကို သွားမှာလား”မိုဝူကျီက ဆက်မေးလိုက်သည်။

“ဟုတ်တယ်။ အဲလိုပဲ   ... ဒါပေမဲ့ ကျမတို့တွေ ကျိုးပျက်ကမ္ဘာကို တန်းမသွားသေးဘူး။ တကယ်တော့ ဒီနေရာမှာ ကြယ်အဆင့် ပါရမီရှင်များစွာ စုစည်းရတဲ့ အကြောင်းအရင်း ရှိသေးတယ်။ ကျင့်ကြံခြင်း အသိပညာ လဲလှယ်ရေး ကဏ္ဍကြောင့်ပဲ။ ဒီကဏ္ဍက တစ်နှစ်လောက် ကြာနိုင်သလို  နှစ်များစွာလည်း ကြာသွားနိုင်တယ်။ အဲဒါကြောင့် ကျမတို့တွေ ကျိုးပျက်ကမ္ဘာထဲ အစောဆုံး ဝင်နိုင်ရင် နောက် တစ်နှစ်၊ နှစ်နှစ်လောက် နေရင်ပေါ့   ...

သင်္ဘောပျံ စူးခရာ မြို့ဟောင်းဆီ  ဆိုက်ရောက်တာနဲ့  ယုံရင်အင်မော်တယ် နယ်မြေက  ကြယ်အဆင့် ပါရမီရှင်တွေ  စုစည်းကြလိမ့်မယ်။  အဲဒီကို ရှင့်ကို ခေါ်သွားပေးမယ်လေ။ တစ်ခါတစ်ရံကျ ကျင့်ကြံခြင်း အမြင်ချင်း ဖလှယ်တာက တံခါးပိတ် ကျင့်ကြံတာထက် အများကြီး ပိုသာတယ်။ အဲဒါကြောင့် ကျမတို့က  ကျိုးပျက်ကမ္ဘာကို လာကြတာပဲ။ ဒီနေရာမှာ အင်မော်တယ်နယ်မြေ အမျိုးမျိုးက ပါရမီရှင်တွေ ဆုံစည်းကြပြီးတော့ အမြင်ချင်း ဖလှယ်ကြမှာလေ”မုရုန်ရှန်းယွီက ခေါင်းညိတ်ကာ ပြောလိုက်သည်။

မိုဝူကျီက ရယ်မောကာ  “ကျုပ်က ကြယ်အဆင့် ပါရမီရှင်လည်း မဟုတ်ဘူးလေ၊ မသွားတော့ပါဘူး”

တခြားသူများ အမြင်ကို နားထောင်သည်က အကျိုးမြတ် ရနိုင်သော်လည်း မိုဝူကျီက သိပ်ဂရုမစိုက်နေချေ။ သူက ချီသွေးကြော ကျင့်စဉ်ကို ဦးဆုံး ဖန်တီးခဲ့သည့် စွန့်ဦးကျင့်ကြံသူ မဟုတ်ပါလော။ အခြားသူများနှင့် ပေါင်းသင်း ဆက်ဆံခြင်းက သူ့အတွက် အကျိုးမြတ် များများ  ရလာမည် မဟုတ်ပေ။

သူက စူးခရာ အင်မော်တယ် မြို့ဟောင်း ရောက်ပြီးနောက် လမ်းကိုယ်စီ သွားနိုင်ရန် ဆောင်ရွက်ရမည်။ ထို့အပြင် သူက မုရုန်ရှန်းယွီ ပြောသည့် စကားနောက်မှ အဓိပ္ပာယ်ကို ကောင်းကောင်း သိပေသည်။ သူမက သူ့ကို ထိုပါရမီရှင်များ စုစည်းရာ  နေရာကို ခေါ်မသွားလိုခြင်း ဖြစ်သည်။ အတိအကျ ဆိုရလျှင် မဖိတ်ကြားဘဲ သွားရောက်ကာ မသင့်တော်သည့်  စကားများ ပြောပြီး ပါရမီရှင်များကို ရန်စမိမည်ကို စိုးရိမ်၍ ဖြစ်ပေ၏။

အရိုးသားဆုံး  ပြောရလျှင် မိုဝူကျီက ထိပ်သီးတာအို ဂိုဏ်းအကြောင်း များစွာ မသိသော်လည်း  မုရုန်ရှန်းယွီက  ထို “ခံစားချက် ကင်းမဲ့သည့် တာအို”အဆင့်အထိ ရောက်ရှိနိုင်ရန် အတော်လေး အလှမ်းကွာ နေသေးသည်။

အကယ်၍ သူမသာ ခံစားချက်ကင်းမဲ့ တာအိုအထိ ရောက်ရှိနိုင်ခဲ့လျှင် သူမက အခြားသူ အမြင်ကို အဘယ်ကြောင့် ဂရုစိုက်နေမည်နည်း။  အဆင့်တူ အတွင်းမှာ ရှိသည့် ပါရမီရှင်များကို မဆိုထားနှင့် အဆင့်မြင့်သော ကြယ်အဆင့် ပါရမီရှင်များကိုပင် သူမ  မျက်လုံးထဲ ထည့်မည် မဟုတ်ပေ။

မုရုန်ရှန်းယွီက မိုဝူကျီ စကားကြောင့် စိတ်ရှုပ်ထွေး မိသွားသည်။  ကြယ်အဆင့် ပါရမီရှင်များကြား‌ ဆွေးနွေးပွဲသို့  လူတိုင်းက တက်ရောက်ရန် စိတ်အား ထက်သန်ကြသည်။ ထိုပါရမီရှင်များမှာ နောင်အနာဂတ်ကျ အာဏာရှိ အိမ်တော်များ ဖြစ်လာမည် ဖြစ်ကြောင်း သိသင့်ပေ၏။ အတွေးအမြင် အကြောင်း မဆိုထားနှင့်  သူတို့ တစ်ယောက်၊ နှစ်ယောက်နှင့် ရင်းနှီး ကျွမ်းဝင်သွားလျှင်ပင်  အကျိုးမြတ်များနေပြီ ဖြစ်၏။

အင်မော်တယ်လောကတွင် ဖြစ်စေ၊ သေမျိုးလောကတွင် ဖြစ်စေ  လူမှု အသိုင်းအဝိုင်းတော့ ရှိကြပေသည်။ အင်မော်တယ်များတွင်လည်း သူတို့ အသိုင်းအဝိုင်း ရှိကြပြီး ထိုအသိုင်းအဝိုင်းမှ လူများမှာ အဆင့်အတန်း အနေအထားကို သက်ရောက်မှု ရှိ၏။

ယန်းယဲ့က သူမ၏ တာအိုနှလုံးသား အတွက် သူ့ကိုသူ စတေးထားကြောင်း ယုံကြည်မိ၍ သူ့ကို ခေါ်သွားလိုခြင်း ဖြစ်သည်။ ယခု ယန်းယဲ့က စိတ်မဝင်စား၍ ဘာမှ ထပ်မပြောတော့ပေ  “ဒီလိုဆိုမှတော့  ဒီစူးခရာ မြို့ဟောင်းထဲ လျှောက်သွားကြည့်ပေါ့။ အချိန်ကျလာရင် ရှင့်ဆီကို အကြောင်းကြား လိုက်မယ်လေ”

မုရုန်ရှန်းယွီက ဆက်သွယ်‌ရေး ပုတီးစေ့ကို ထုတ်ကာ မိုဝူကျီဆီ ပေးလိုက်သည်။

မိုဝူကျီက ဆက်သွယ်ရေး ပုတီးစေ့ကို လက်ခံ ထားလိုက်သည့်အခါ သင်္ဘောမှာ အနည်းငယ်  တုန်ခါလာကြောင်း ခံစားမိလိုက်သည်။  သူက စူးခရာ မြို့ဟောင်းသို့ ရောက်ပြီ ဖြစ်ကြောင်း ချက်ချင်း  သိလိုက်သည်။

မုရုန်ရှန်းယွီက မတ်တတ်ရပ်ကာ လှည့်ထွက်သွားလေ၏။ သူမက နှုတ်ဆက်စကားပင် ပြောမသွားပေ။

မိုဝူကျီက စိတ်ထဲ မထားပေ။ သူ့ကိုသူ သန့်စင်လိုက်ပြီး လူအုပ်နောက်မှ လိုက်၍ သင်္ဘေပေါ်မှ ဆင်းလိုက်သည်။ ယခု သူက ဤနေရာတွင် ရောက်ပြီ ဖြစ်သောကြောင့် ကျိုးပျက်ကမ္ဘာ သွား၊ မသွား ကိစ္စကို ဆုံးဖြတ်နိုင်လေပြီ။ ပုံမှန်အားဖြင့် အကောင်းဆုံး ရွေးချယ်မှုမှာ မဟာဗောဓိ အင်မော်တယ်နယ်မြေ ဖြစ်လေ၏ ပြောရလျှင် စူးခရာမြို့ဟောင်းမှာ  မဟာဗောဓိ အင်မော်တယ် နယ်မြေအတွင်း တည်ရှိပေသည်။

သူ သင်္ဘောပေါ်မှ ဆင်းလိုက်သည်နှင့် ခေါင်းမည်းများစွာကို တွေ့လိုက်ရသည်။ နေရာမှာ ကျယ်ပြောကာ အဆုံးမဲ့သော နေရာအကျယ်ကြီး ဖြစ်သော်လည်း  နေရာတွင် ရပ်နားထားသော သင်္ဘောပျံပေါင်း ရာကျော် ရှိပေသည်။ လူအုပ်ကြီးမှာလည်း အင်မော်တယ် မြို့တံခါးဆီ သွားနေကြသည်။ ထိုမြို့တံခါး အပေါ်တွင် ရွှေရောင်စာလုံး သုံးလုံးကို ချိတ်ဆွဲထားလေ၏

“စူးခရာ အင်မော်တယ် မြို့ဟောင်း”

ထိုသို့ ကြီးမားသည့် မြိုတံခါးကြီးနှင့်အတူ မြိုပတ်လည်၌ ခင်းကျင်းထားသော ခမ်းနားလှသည့် ကာကွယ်ရေး အစီအရင်များမှာ အကောင်းဆုံး အင်မော်တယ်မြို့ မဟုတ်လျှင်ပင် အစည်ပင်ဆုံး မြို့တစ်မြို့‌တော့ ဖြစ်ပေလိမ့်မည်။ ဤနေရာတွင် လူများနှင့် ပြည့်ကျပ်နေကာ  ဂီတဖျော်ဖြေပွဲ ထက်ပင် လူပိုစည်ကားသေး၏။

မိုဝူကျီက အဝေးတစ်နေရာမှ  မုရုန်ရှန်းယွီကို  မြင်လိုက်ရသည်။ သူမဘေးတွင် ချောင်းချန်ယန်လည်း ပါရှိပေသည်။ သူတို့နှစ်ယောက်က လူငယ်များနှင့် အမျိုးသမီးကြားတွင် လျှောက်လှမ်း သွားကြပြီး အဖွဲ့ထဲမှ မည်သူကမှ ရုပ်ဆိုး မနေကြပေ။ အားလုံးက အများကြားမှ ဇာမဏီအလား၊ နဂါးအလား ဖြစ်ကြပေသည်။ ထိုအရာမှာ  သူတို့သွင်ပြင်အရ ဆုံးဖြတ်ထားခြင်း ဖြစ်ရာ ချီသွေးကြော ကျင့်စဉ်ကို စွန့်ဦးကျင့်ကြံသူ ဖြစ်သည့် မိုဝူကျီက စိတ်ဝိညာဉ် မျက်လုံးလည်း ရှိသလို ရိုးရိုးတမ်းတမ်း အမှားများကိုလည်း အလွယ်တကူ သိလေသည်။ သူ့စိတ်ဝိညာဉ် မျက်လုံးကို အသက်မသွင်းဘဲဖြင့် သူက မည်သူမျှ အားမနည်းကြောင်း ပြောနိုင်သည်။ သူတို့ကြားမှ အားအနည်းဆုံးပင်  အင်မော်တယ် ဝိညာဉ်စွမ်းအားများ တောက်ပနေသောကြောင့် သူတို့ အရည်အချင်းမှာ ရင်သပ်ရှုမောဖွယ် ဖြစ်ပေ၏။

သူတို့က မုရုန်ရှန်းယွီ ပြောဖူးသော ယုံရင်အင်မော်တယ် နယ်မြေ၏ ကြယ်အဆင့် ပါရမီရှင်များ ဖြစ်လိမ့်မည်။ အမြင်နှင့်တင် သူတို့က စွမ်းဆောင်ရည်ရှိကြောင်း သိသာ၏။

အဖွဲ့က စကားတပြောပြော၊ ရယ်ရယ်မောမောဖြင့်  စူးခရာ အင်မော်တယ် မြို့ဟောင်းအတွင်း ဝင်သွားကြလေသည်။ မိုဝူကျီက အဖွဲ့ ဝေးဝေး ရောက်သွားသည့်အထိ စောင့်ဆိုင်းကာ နောက်လူများနှင့်အတူ လိုက်ဝင်လိုက်သည်။

သူ   စူးခရာ အင်မော်တယ် မြို့ဟောင်းအတွင်း ဝင်လိုက်သည်နှင့် လှုပ်ရှားသက်ဝင်မှုက ပို၍ ရုပ်လုံးကြွလာသည်။ မရေတွက်နိုင်သည့်  အဆင့်နိမ့် အင်မော်တယ် ကျောက်များပင် ဤနေရာရှိ ဝိညာဉ်စွမ်းအားနှင့် နှိုင်းယှဉ်၍ မရပေ။ လူအုပ်လိုက်ကြီးက အင်မော်တယ် မြို့ဟောင်းထဲ ဝင်ရောက်နေကြသော်လည်း လမ်းများက အကျယ်ကြီးဖြစ်၍ ကျပ်ကျပ်ညှပ်ညှပ် တိုးဝှေ့နေစရာ မလိုပေ။

***

All Chapters