အင်မော်တယ်နယ်မြေ ခုနစ်ခုနှင့် မြေအောက်လောက
Vol. 37 Ch. 53
မိုဝူကျီကို အားကျသွားစေသည့် အရာမှာ ဤနေရာတွင် ရှိနေသော ဝိညာဉ်စွမ်းအားများ၌ သဘာဝကျသော တာအိုစွမ်းအားများ ပါဝင်နေသည်။ ဤနေရာတွင် ဘေးပတ်လည် သဘာဝတရားဆီမှ အင်မော်တယ်ဝိညာဉ် စွမ်းအားများကို စုဆောင်းပေးနိုင်သည့် ဧရာမ ဝိညာဉ်စွမ်းအား စုစည်းရေး အစီအရင် သေချာပေါက် ရှိနေလိမ့်မည်။ ဤသို့သော ပတ်ဝန်းကျင်မျိုးမှာ ကျင့်ကြံဖို့ရာ အတွက် အကောင်းဆုံး အနေအထား ဖြစ်လေ၏။ အနည်းဆုံးတော့ ဤသို့သော နေရာမျိုးမှာ အင်မော်တယ် ကျောက်များနှင့် လိုက်ဖက်ညီနေပြီး အင်မော်တယ် ကျောက်များနှင့် ကျင့်ကြံလိုက်လျှင် ပို၍ ကောင်းသွားလိမ့်မည်။
မိုဝူကျီက ဤအင်မော်တယ် မြို့ဟောင်း၌ နှစ်လလောက် နေပြီး ကျင်းရှန်းအစောပိုင်း အဆင့်မှ ကျင်းရှန်း အလယ်အလတ် အဆင့်သို့ တက်လှမ်းရန် တွေးထားမိလေ၏။
မုရုန်ရှန်းယွီနှင့် ကျန်လူများက စူးခရာမြို့ဟောင်း၌ မည်မျှကြာကြာ နေရစေကာမူ မိုဝူကျီက နေစရာ နေရာရှာရန် ဆုံးဖြတ်လိုက်တော့သည်။ ထို့နောက် သူက ဤနေရာတွင် ကျင်းရှန်း အလယ်အလတ် အဆင့် တက်လှမ်းနိုင်လျှင် အကောင်းဆုံး ဖြစ်ပေသည်။
မိုဝူကျီက နေစရာ ရှာမတွေ့သော်လည်း ခေါင်းကိုက်လာသည် အထိ တစ်နေ့တာလုံးလုံး ဟိုဟိုဒီဒီ သွားလာနေခဲ့သည်။
ဤနေရာရှိ အခန်းခမှာ အတော်လေး ဈေးကြီးပေသည်။ သူက အခန်းတချို့ ရှာတွေ့သော်လည်း ဈေးနှုန်းများက မတော်တဆ ဖြစ်နေရုံသာမက အခန်းများက တိတ်ဆိတ်မှု မရှိသလို ပတ်ဝန်းကျင်လည်း မကောင်းပေ။
ထို့ကြောင့် မိုဝူကျီက နေရာရှာရန် ကိစ္စကို ယာယီ လက်လျှော့လိုက်တော့သည်။ သူက လက်ဖက်ရည် အိမ်တော်ဆီ သွား၍ သူ့အခြေအနေကို အရင်ဆုံး လေ့လာကြည့်ရမည်။ ထိုစဉ် ခပ်စူးစူး အသံတစ်သံ ထွက်ပေါ်လာလေ၏
“ဒီက စီနီယာက နေစရာ နေရာများ ရှာနေတာလား မသိဘူး ...”
သူ့ကို လှမ်းခေါ်လိုက်သူမှာ ပိန်ပါးပါး ကောင်းကင် အင်မော်တယ်အဆင့် ကျင့်ကြံသူ ဖြစ်ပြီး သူ့မျက်နှာ အသားရေမှာ သပိတ်ရောင် ပေါက်နေသော်ငြား သူ့သွားများမှာ ပုလဲလုံးများ စီထားသကဲ့သို့ ဖြူဖွေးနေလေ၏။
“ဟုတ်ပါတယ် ကျုပ်က နေစရာ ရှာနေတာပါ။ ခင်ဗျားမှာ နည်းလမ်းများ ရှိနေလို့လား”မိုဝူကျီက ပြန်ဖြေလိုက်သည်။
မိုဝူကျီက ဤလမ်းများ အပေါ်၌ စီးပွားရှာနေကြသော ကျင့်ကြံသူ အမျိုးမျိုးကို အထင်မသေးသင့်ကြောင်း သိပေသည်။ ထိုသို့မျိုး လူမျိုးတွင် ကိုယ်ပိုင်နည်းလမ်းများ ရှိတတ်ကြသည်။
“စီနီယာက ဘယ်လိုအခန်းမျိုးများ ရှာနေတာလဲဗျ ... တခြား လိုချင်တဲ့ အနေအထားရော ရှိသေးလား”
ပိန်ပါးပါး ကျင့်ကြံသူက ရိုရိုကျိုးကျိုး ချက်ချင်း ပြန်ဖြေလိုက်သည်။
မိုဝူကျီတွင် ရှိနေသော အင်မော်တယ်ကျောက် အရေအတွက်များ အရ သူ့ကို သကြားဖေဖေဟု ယူဆ၍ မရသော်လည်း နေရစရာ ရှာရန်တော့ လုံလောက်ပေသည်။ သူက ပိန်ပါးပါး အမျိုးသား စကားကို ကြားသောအခါ အခန်းရနိုင်ကြောင်း သိလိုက်သည်
“အရင်ဆုံး တိတ်ဆိတ်နေဖို့ လိုအပ်တယ်။ ဒုတိယအချက် အနေနဲ့ ကျင့်ကြံဖို့ သင့်တော်ရမယ်။ နောက်ဆုံးအချက်က ပတ်ဝန်းကျင်လည်း ကောင်းရမယ်”
မိုဝူကျီ စကားများ ကြားလိုက်သည်နှင့် ပိန်ပါးပါး ကျင့်ကြံသူက သူဌေးတစ်ယောက် တွေ့လိုက်ရကြောင်း သိလိုက်သည်။ သူက စိတ်အား တက်ကြွလာပြီး
“တကယ်လို့ စီနီယာက အလောမကြီးရင် နောက်ထပ် လေးနာရီလောက် စောင့်ပေးလို့ ရမလား။ အဲဒီအခါကျ စီနီယာအတွက် အသင့်တော်ဆုံး အခန်းကို ပြပါ့မယ်။ မိတ်ဆက်ပေးခက အဆင့်မြင့် အင်မော်တယ်ကျောက် ၅၀၀ ထဲပါဗျ”
သူက မိုဝူကျီကဲ့သို့ ကျင့်ကြံသူမျိုး အကြောင်း ကောင်းကောင်း သိပေသည်။ ထိုသူတို့မှာ အင်မော်တယ် ကျောက်များကို ဂရုမစိုက်ဘဲ နေစရာ နေရာ ကိုသာ ဂရုစိုက်သူများ ဖြစ်ပေ၏။
မိုဝူကျီက ပိန်ပါးပါး ကျင့်ကြံသူကို နားမလည်နိုင်စွာ ကြည့်လိုက်ရင်း “ကျုပ်က ဘာလို့ လေးနာရီ စောင့်ရမှာလဲ”
ပိန်ပါးပါး အမျိုးသား အနေဖြင့် မိုဝူကျီ သူ့ကို မယုံမကြည် ဖြစ်သွားမည်ကို စိုးထိတ်သွားကာ မြန်မြန် ရှင်းပြလိုက်သည်
“ဘာလို့လဲဆိုတော့ ကျုပ်က အတော်လေးကောင်းတဲ့ တည်းခိုဆောင်ကို သိထားတယ်။ ဒါပေမဲ့ နောက်လေးနာရီ ကျမှ ဧည့်သည်တွေက ထွက်လာမှာလေ။ တကယ်လို့ စီနီယာက ကျုပ်ကို ဆက်သွယ်ရေး ပုတီးစေ့ ပေးခဲ့ရင်တော့ အချိန်ကျလာရင် ဆက်သွယ်လိုက်ပါ့မယ်”
မိုဝူကျီက ထိုလူကို နောက်ထပ် မေးခွန်းနည်းနည်း မေးလိုသောကြောင့် အေးအေးဆေးဆေး ပြောလိုက်သည်
“အဲဆို ခင်ဗျားနဲ့အတူတူ စောင့်မယ်လေ။ တည်းခိုဆောင်နားက လက်ဖက်ရည် အိမ်တော်မှာ ခေါ်သွားပေးပါ့လား”
ထိုပိန်ပါးပါး ကျင့်ကြံသူက မိုဝူကျီ စကားများ ကြားသောအခါ ရွှင်လန်း တက်ကြွစွာဖြင့်
“ကျုပ်နာမည် တုံ့ဟွားလုံပါ။ စီနီယာ ကျေးဇူးပြုပြီး ကျုပ်နောက်က လိုက်ခဲ့ပါ”
မိုဝူကျီက တောက်တိုမည်ရ လုပ်သော ထိုပိန်ပါးပါး ကျင့်ကြံသူ၏ နာမည်မှာ ထိုမျှ ကြီးကျယ် ခမ်းနားသည့် နာမည် ဖြစ်နေလိမ့်မည်ဟု မထင်ထားပေ။
(လုံ . နဂါး)
အမွေးတိုင် တစ်တိုင်စာလောက် ကြာပြီးနောက် တုံ့ဟွားလုံက မိုဝူကျီကို မြစ်ကမ်းဘေးနားက လက်ဖက်ရည် အိမ်တော်ဆီ ခေါ်လာသည်။ မိုဝူကျီ ရောက်လာလိုက်သည်နှင့် ပတ်ဝန်းကျင်ကို သဘောကျ သွားမိသည်။ တိတ်ဆိတ်နေရုံ သာမက ကျင့်ကြံဖို့ရာ အတွက်လည်း သင့်တော်လှသည်။
မိုဝူကျီ၏ ကျေနပ်မှုကို သတိပြုမိပြီးနောက် တုံ့ဟွားလုံက လက်ဖက်ရည် အိမ်တော်နှင့် မနီးမဝေး နေရာမှ ကြီးကျယ်ခမ်းနားသော တည်းခိုဆောင်ကို ညွှန်ပြကာ
“ခဏနေရင် ကျုပ်တို့တွေ မြစ်ပြင် အင်မော်တယ် တည်းခိုဆောင်ကို သွားကြမှာလေ။ အဲက လူတချို့နဲ့ သိတယ်။ အဲကြောင့် အရင် ဧည့်သည်တွေ ထွက်သွားတာနဲ့ ခင်ဗျားအတွက် စီစဉ်ခိုင်းထားတယ်။
ထိပ်တန်းအဆင့်နဲ့ အဆင့်မြင့် အခန်းတွေက ကုန်သွားပြီဆိုတော့ အလယ်အလတ် အဆင့် အခန်းပဲ ကျန်တော့တယ်။ အဲဒါက တစ်ညကို အဆင့်မြင့် အင်မော်တယ်ကျောက် တစ်ထောင် ကျတယ်”
မိုဝူကျီက အသက်ဝဝ ရှူထုတ်လိုက်သည်။ ဈေးနှုန်းမှာ အမှန်တကယ် မြင့်ပေ၏။ တစ်ညကို အဆင့်မြင့် အင်မော်တယ်ကျောက် တစ်ထောင် ပေးချေရသော်လည်း သူက အလယ်အလတ်အဆင့် အခန်းသာ ရရှိပေ၏။ တုံ့ဟွားလုံ သူ့အခြေအနေကို ကြားသည်နှင့် ထိုလူက ဈေးနှုန်းကိုပင် မစဉ်းစားမှန်း သိသာနိုင်သည်။ ကြည့်ရသည်မှာ ထိုလူက သူဌေးတချို့နှင့် တွေ့ခဲ့ပုံ ပေါ်သည်။
မိုဝူကျီတွင် အဆင့်မြင့် အင်မော်တယ်ကျောက် တချို့ ရှိနေသေး၍ သူက တစ်ညတာ အဆင့်မြင့် အင်မော်တယ်ကျောက် တစ်ထောင် ကျသင့်မည့် အခန်းခကို တတ်နိုင်ပေသည်။ အဓိကအချက်မှာ ဤသို့သော ပတ်ဝန်းကျင်မျိုး၌ သူက ကျင်းရှန်း အလယ်အလတ် အဆင့်သို့ မြန်မြန် ဆန်ဆန် တက်လှမ်းနိုင်လိမ့်မည်။
“ဟုတ်ပြီလေ အထဲသွားပြီးတော့ ပြောကြစို့”
မိုဝူကျီက အင်မော်တယ် ကျောက်များကို အလွယ်တကူ ရရှိနိုင်၍ မတန်တဆ များပြားနေသည့် ဈေးနှုန်းကို သက်ပြင်းချရုံ အပြင် သူက ဘာမှ ဆက်၍ မပြောတော့ပေ။
သူတို့နှစ်ယောက် ထိုင်ချလိုက်ပြီးနောက် မိုဝူကျီက တဲ့တိုးမေးလိုက်သည်။
“သေရည်လား လက်ဖက်ရည်လား ... ဘာသောက်မလဲ”
သူ အင်မော်တယ်နယ်မြေသို့ ရောက်လာသည့် အချိန်က တိုတောင်းသည်ဟု ယူဆ၍ မရသော်လည်း သူက ပတ်ဝန်းကျင် အကြောင်း မျက်လုံးပိတ် နားပိတ် နေခဲ့မိသည်။ သူ မေးချင်သည့် မေးခွန်းများစွာ ရှိကာ သူ့ရှေ့တွင် ရှိနေသော တုံ့ဟွားလုံမှာ အကောင်းဆုံး အဖြေ ဖြစ်၏။
တုံ့ဟွားလုံ မျက်ဝန်း၌ အလိုရှိဆန္ဒ တချို့ ထွက်ပေါ်လာပြီး
“ဝါးစိမ်း အင်မော်တယ်သေရည်က မဆိုးဘူး။ ဒါပေမဲ့ ဈေးနှုန်းက အတော်လေး မြင့်တယ်။ တစ်ပုလင်းကို အဆင့်မြင့် အင်မော်တယ်ကျောက် နှစ်ထောင် ကျတယ်”
ယခု မိုဝူကျီက ဤနေရာရှိ ဈေးအနှုန်းအထား များနှင့် အသားကျနေပြီ ဖြစ်၏။ သူက စားပွဲထိုးလေးကို ပြောလိုက်သည်
“ဒီကို ဝါးစိမ်း အင်မော်တယ်သေရည် နှစ်ပုလင်း ချပေးကွာ”
စားပွဲထိုးလေး၏ အမြန်နှုန်းမှာ အတော်လေး မြန်ဆန်ရာ သူက မိုဝူကျီနှင့် တုံ့ဟွားလုံ ရှေ့သို့ “ဝါးစိမ်း”ဟု ကပ်ထားသော ပုလင်း နှစ်ပုလင်းဖြင့် ပြန်ရောက်လာသည်။
မိုဝူကျီက အဆင့်မြင့် အင်မော်တယ်ကျောက် လေးထောင် ပေးချေပြီးနောက် သူက တုံ့ဟွားလုံဘက် တစ်ပုလင်း တိုးပေးကာ တစ်ပုလင်းကို သူ့အတွက် ထားလိုက်သည်. မိုဝူကျီက သေရည်အကြောင်း များစွာ မသိပေ။ သူက အင်မော်တယ် လောကသို့ ရောက်ရှိလာစဉ် မှ စ၍ သေရည်ကောင်းကောင်း မသောက်ရသေးပေ။ သူက ဝါးစိမ်း အင်မော်တယ်သေရည် ပုလင်းအဖုံးကို ဖွင့်လိုက်သည်နှင့် သူ့အား သက်သောင့်သက်သာ ဖြစ်သွားစေသည့် အနံ့ပြင်းပြင်း တစ်ခု ထွက်ပေါ်လာကာ နှစ်လိုဖွယ် ခံစားချက်က သူ့ခန္ဓာကိုယ် တစ်လျှောက် ဖြတ်ကာ စီးဆင်းသွားသည်။
သူက တစ်ငုံ့ သောက်လိုက်သည်နှင့် သာယာကြည်နူးဖွယ် ခံစားမှုက သူ့ချွေးပေါက်အထိ စီးဆင်း လာသောကြောင့် မိုဝူကျီက မချီးကျူးဘဲ မနေနိုင်လောက်အောင် ဖြစ်လာမိသည်
“တကယ်ကို သေရည်ကောင်းပဲ”
ဤသေရည် လိုအပ်နေသည့် တစ်ခုတည်းသော အရာမှာ အရသာ ပြင်းပြင်းမျိုး ဖြစ်၏။ ခံစားရသည့် အနေအထားက ကောင်းသော်လည်း အလှတရား၌ မပြီးပြည့်စုံမှု တချို့ ပါဝင်နေသည်။
တစ်ဖက်တွင် တုံ့ဟွားလုံက စိုးရိမ်တကြီး ပါးစပ်အပြည့် သောက်လိုက်တော့သည်။ ပါးစပ်အပြည့် သောက်သုံးပြီးသွားနောက် သူက ကျေနပ်အားရ သက်ပြင်းချလိုက်သည်။ ထို့နောက် လက်နှစ်ဖက် ယှက်ကာ မိုဝူကျီကို ပြောလိုက်သည်။
“ကျုပ်ကို ဒီလိုသေရည်ကောင်း တိုက်တဲ့ အတွက် စီနီယာကို ကျေးဇူးတင်ပါတယ်။ ကျုပ် တုံ့ဟွားလုံ သိတဲ့ တစ်ခုခု ဆိုရင် ချက်ချင်း ဖြေပေးပါ့မယ် ။ စီနီယာ ကြိုက်တာ မေးပါ ...”
မိုဝူကျီက သူ့အား သေရည်တိုက်ရန် ခေါ်ဆောင်လာခြင်း မဟုတ်မှန်း သိပေသည်။ မိုဝူကျီက သူ့အား မေးခွန်းတချို့ မေးလိုခြင်းသာ ဖြစ်ပေလိမ့်မည်။
“ကျေးဇူး တင်ပါတယ်”
မိုဝူကျီလည်း ပြန်လည် လက်နှစ်ဖက်ယှက်ကာ ပြောလိုက်သည်။ ခဏတာ ရပ်ပြီးနောက် သူက မေးလိုက်သည်။
“ကျုပ်က မျိုးနွယ်စုထဲမှာ အမြဲနေနေတာ ဆိုတော့ ဒီနေရာကို ထွက်လာတာ ပထမဆုံးအကြိမ်ပဲ။ အဲဒါကြောင့် အင်မော်တယ် နယ်မြေက အခြေအနေ အကြမ်းဖျင်းကို မသိသေးဘူး။ တာအိုရောင်းရင်တုံ့က ပြောပြပေးမယ်လို့ မျှော်လင့်ပါတယ်”
မိုဝူကျီ၏ ရိုးရှင်းသော မေးခွန်းကို ကြားပြီး တုံ့ဟွားလုံက ပို၍ တက်ကြွလာကာ ပြန်ဖြေလိုက်သည်
“အင်မော်တယ် လောကမှာ နယ်မြေကြီး ခုနစ်ခု ရှိတယ်။ လော့လင် အင်မော်တယ်နယ်မြေ၊ ဗလာကောင်းကင် အင်မော်တယ်နယ်မြေ၊ နတ်ဘုရား အင်မော်တယ်နယ်မြေ၊ မဟာဗောဓိ အင်မော်တယ်နယ်မြေ၊ ဗုဒ္ဓ အင်မော်တယ်နယ်မြေ၊ လမ်းစဉ် ခြောက်သွယ် အင်မော်တယ် နယ်မြေနဲ့ ယုံရင်အင်မော်တယ် နယ်မြေဆိုပြီး ရှိတယ်
အဲအထဲမှာ ဗလာကောင်းကင် အင်မော်တယ်နယ်မြေက ဒီမွန်း နယ်မြေ ဖြစ်ပြီးတော့ နတ်ဘုရား အင်မော်တယ်နယ်မြေက နတ်ဘုရားနယ်မြေ၊ လမ်းစဉ် ခြောက်သွယ်က နတ်ဆိုး နယ်မြေ ဖြစ်ပြီးတော့ ဗုဒ္ဓ အင်မော်တယ်နယ်မြေက ဗုဒ္ဓဘာသာဝင် နယ်မြေပဲ။ အားအနည်းဆုံးက ယုံရင် အင်မော်တယ်နယ်မြေ ဖြစ်ပြီးတော့ အားအကောင်းဆုံးလို့ ပြောကြတာက ဗုဒ္ဓ အင်မော်တယ်နယ်မြေပဲ ...
ထူးဆန်းထွေလာ အဖြစ်ဆုံး ဆိုရင်တော့ နတ်ဘုရား နယ်မြေပေါ့။ အခု ကျုပ်တို့ ရှိနေတဲ့ နေရာက မဟာဗောဓိ အင်မော်တယ်နယ်မြေရဲ့ ပိုင်နက်ထဲမှာလေ။ ဒါပေမဲ့ ဒီနယ်မြေရဲ့ ကောင်းကင်ဧကရာဇ်က အုပ်ချုပ်ရတာကို မနှစ်သက်လို့ ဒီစူးခရာ အင်မော်တယ်မြို့ဟောင်းက သီးခြားနေရာ တစ်ခု ဖြစ်လာတာလို့ ကြားဖူးတယ် “
မိုဝူကျီက ထိုအကြောင်းများ ကြားသောအခါ အင်မော်တယ်လောက အကြောင်း အကြမ်းဖျင်း နားလည်သွားပေ၏။ သူက ကြယ်အဆင့် ပါရမီရှင်များ အကြောင်း မေးတော့မည့် ဆဲဆဲတွင် တုံ့ဟွားလုံက သူ့အား တီးတိုးပြောလိုက်သည်။
“တကယ်တော့ နောက်ထပ် အင်မော်တယ်နယ်မြေ တစ်ခု ရှိသေးတယ်တဲ့။ အဲဒါက လမ်းစဉ်ခြောက်သွယ် အင်မော်တယ်နယ်မြေနဲ့ အနီးဆုံးဖြစ်တဲ့ မြေအောက်လောကပဲ။ လတ်တလောတော့ အဲဒီမြေအောက် လောကကို သွားချင်ရင် လမ်းစဉ်ခြောက်သွယ် အင်မော်တယ်နယ်မြေကို ဖြတ်သန်း သွားရမယ်တဲ့”
မိုဝူကျီ စိတ်ထဲ တင်းကျပ်လာကာ ထပ်မေးလိုက်သည် “အဲဆို မြေအောက်လောက က ပြန်လည်ဝင်စားခြင်းကို ထိန်းချုပ်နိုင်တဲ့ နေရာလား”
“အဲဒါတော့ သေချာမသိဘူး။ ဒါပေမဲ့ အင်မော်တယ်နယ်မြေမှာ ရှိတဲ့ တချို့ ထိပ်တန်း ပါရမီရှင်တွေက သူတို့ အနီးစပ်ဆုံး တစ်ယောက်ယောက် သေဆုံးသွားရင် မြေအောက်လောကဆီ သွားပြီးတော့ သူတို့ရဲ့ အနီးစပ်ဆုံး အဲဒီလူရဲ့ ဝိညာဉ်ကို ရှာပြီးတော့ ပြန်ခေါ် လာကြတယ်လို့ ကြားဖူးတယ်။ ဒီဟာက ဟိုတစ်ဆင့် ဒီတစ်ဆင့် ကြားတာတွေပဲလေ။ တကယ် လုပ်ပေးနိုင်လား ဆိုတာတော့ မသေချာဘူး”
တုံ့ဟွားလုံက သတိထားကာ အသံတိုး၍ ပြောလိုက်သည်။
မိုဝူကျီက အလောတကြီး မေးလိုက်သည်
“အဲဆို အနီးစပ်ဆုံးလူ သေဆုံးသွားပြီးတော့ သူမရဲ့ ကမ္ဘာဦး စိတ်ဝိညာဉ်နဲ့ ဝိညာဉ် ပျောက်ဆုံး သွားရင်တောင် ခန္ဓာကိုယ် ရှိနေသရွေ့ သူမရဲ့ ဝိညာဉ်ကို ရှာဖို့ရာ မြေအောက်လောကကို သွားဖို့ ဖြစ်နိုင်တယ်လား”
တုံ့ဟွားလုံက အနည်းငယ် အံ့ဩသွားပြီး ခဏတာ တုံ့ဆိုင်းသွားပြီးနောက် ပြန်ဖြေပေးလိုက်သည်။
“ကောလာဟလ အရဆိုရင် ဖြစ်နိုင်တယ်။ ပြောကြတာတော့ လမ်းစဉ်ခြောက်သွယ် အင်မော်တယ်နယ်မြေနဲ့ မြေအောက် လောကကြားက အာကာပြင်မှာ ဝိညာဉ်ဖွဲ့စည်းခြင်း အင်မော်တယ်ရေကန် ရှိတယ်တဲ့။ ခန္ဓာကိုယ်သာ ရှိနေသရွေ့ ရတနာ လုံလုံလောက်လောက် ယူပြီး အဲဒီကို ခေါ်သွားနိုင်ရင် အဲဒီကျင့်ကြံသူကို အသက် ပြန်ရှင်လာဖို့ ဖြစ်နိုင်တယ်”
“အဲဆို ဘယ်လို ရတနာမျိုး လိုအပ်တာလဲ”မိုဝူကျီက မတ်တတ်ရပ် လုမတတ် ဖြစ်သွားလေ၏။
တုံ့ဟွားလုံက ခေါင်းခါကာ “ကောလာဟလပဲ ကြားဖူးတာ ဆိုတော့ မှန်၊ မမှန် မသေချာဘူး”
မိုဝူကျီက အသိပြန်ကပ်လာပြီး သူက အလွန်စိုးရိမ်ကြီး မိသွားကြောင်း သိလိုက်သည်။ အကယ်၍ တုံ့ဟွားလုံက ထိုသို့အရာမျိုး သိနေသည်ဆိုလျှင် ထိုအရာများမှာ အများ သိနေသည့် အကြောင်းအရာများသာ ဖြစ်လိမ့်မည်။ အကယ်၍ တုံ့ဟွားလုံ ပြောနေသည်က မှန်နေလျှင်ပင် သူ့လက်ရှိ အနေအထားဖြင့် ဝိညာဉ်ဖွဲ့စည်းခြင်း ရေကန်ဆီ သွားဖို့ရာ အိပ်မက် တစ်ခုသာ ဖြစ်ပေဦးမည်။ သူက စွမ်းအား အဆင့်တစ်ခု အထိ ရောက်ရှိလာသည့် အခါ ထိုကောလာဟလများ အကြောင်း အလွယ်တကူ ပိုသိနိုင်လိမ့်မည်။
“အဲဆို ကြယ်အဆင့် ပါရမီရှင်တွေကရော”မိုဝူကျီက တုံ့ဟွားလုံ အံ့ဩမှုများကို ခံစားမိ၍ သူက ခေါင်းစဉ်ပြောင်းကာ မေးလိုက်သည်။
အကယ်၍ မိုဝူကျီ၏ ဝိညာဉ်ဖွဲ့စည်းခြင်း ရေကန်အပေါ် မေးခွန်းသည် တုံ့ဟွားလုံကို အံ့ဩ သွားစေသည်ဟု ဆိုလျှင် မိုဝူကျီ၏ နောက်မေးခွန်းဖြစ်သည့် ကြယ်အဆင့် ပါရမီရှင်အဆင့် အကြောင်းမှာ တုန်လှုပ် သွားစေသည်။ သူက အလုပ်တာဝန် ကျွမ်းကျင်အဆင့် တစ်ယောက်ဖြစ်၍ သူက မိုဝူကျီမှာ ထိုသို့ ရိုးရှင်းသော မေးခွန်းများ မေးနေသည့် အကြောင်းအရင်းကို အနည်းငယ် ကြောင်အမ်း မိသွားသော်လည်း သူက ရှင်းပြလိုက်သည်။
“ကျင့်ကြံသူ တစ်ယောက်အတွက် အမြင့်တစ်နေရာ ရောက်ဖို့ ကြိုးစားနေရုံနဲ့တင် မရဘူး။ ကံတရားလည်း အရေးကြီးတယ်။ ပို၍ အရေးကြီးတာက ပါရမီပေါ့။ ပါရမီ မြင့်မားပြီးတော့ ဝိညာဉ်ကြောနဲ့ ကျင့်ကြံသူတွေကို ကြယ်အဆင့် ပါရမီရှင်တွေလို့ ခေါ်ကြတယ်။
ဂိုဏ်းတွေအတွက် တပည့်လက်ခံရ လွယ်ကူအောင် ပါရမီရှင်တွေကို အဆင့်တွေ ခွဲခြား ပေးထားတာ။ ကြယ်တစ်လုံးကနေ ကြယ်ကိုးလုံး အထိပေါ့ ... ပုံမှန်ဆိုရင် ကြယ်ငါးလုံးနဲ့ အထက် ပါရမီရှင်က အင်မော်တယ် ဧကရာဇ် အဆင့်ထိ ဖြစ်နိုင်တယ်လို့ ပြောရမယ်။ ကြယ်ကိုးလုံး ပါရမီရှင်ဆိုရင် သူတို့သာ မသေသရွေ့ အင်မော်တယ် ဧကရာဇ် ဖြစ်လာဖို့ ၅၀ ရာခိုင်နှုန်းအထိ ရှိတယ် “
“ဪ ... ကြယ်အဆင့် ပါရမီရှင်တွေကို သူတို့ဖွင့်ထားတဲ့ ဝိညာဉ်လမ်းကြောင်းနဲ့ သတ်မှတ်တာ ဟုတ်တယ်မလား”မိုဝူကျီက သူ့ဘာသာ ရှင်းပြဟန်ဖြင့် ပြောလိုက်သည်။
တုံ့ဟွားလုံက ရှင်းပြလိုက်သည်
“ဝိညာဉ်လမ်းကြောင်း အဲအချက်လည်း ပါတာပေါ့။ ကြယ်ငါးလုံးနဲ့ အထက် ပါရမီရှင်တွေက ဝိညာဉ်လမ်းကြောင်း ၁၀၀ အထက် ရှိကြတယ်လေ”
သူက ထိုနေရာသို့ ပြောပြီးသည့်နောက် ဆက်သွယ်ရေး ပုတီးစေ့ကို ထုတ်ကာ ထရပ်ရင်း ပြောလိုက်သည်။
“စီနီယာ ... မြစ်ပြင် အင်မော်တယ် တည်းခိုဆောင်မှာ အခန်းလွတ်ပြီတဲ့။ ကျုပ်တို့တွေ သွားကြတော့မလား”
မိုဝူကျီက မတ်တတ်ရပ်ကာ
“ဒါပေါ့ သွားကြမယ်လေ”
သူက မေးမြန်းချင်သည့် မေးခွန်းများ ရှိသေးသော်လည်း အလျင်မလိုပေ။ သူက ကျင်းရှန်း အလယ်အလတ် အဆင့်အထိ ရောက်ပြီးသည့်အထိ စောင့်နိုင်လေသည်။ တစ်ဖက်တွင် သူ့အတွက် စူးခရာ အင်မော်တယ် မြို့ဟောင်းအတွင်း နေရာရှာရန် အလွန်ခက်ခဲပေရာ အရင်ဆုံး ထိုကိစ္စ ဖြေရှင်းပေသင့်၏။
“ဒါနဲ့ စီနီယာ ... နောက်ထပ် လတချို့ကြာရင် အင်မော်တယ်နယ်မြေရဲ့ ဂိုဏ်းကြီးအချို့က ဒီနေရာ လာပြီးတော့ တပည့်သားပန်း လာရွေးလိမ့်မယ်။ မြစ်ပြင် အင်မော်တယ် တည်းခိုဆောင်က သူတို့ ကျင်းပမဲ့နေရာနဲ့ မဝေးတော့ စီနီယာ စိတ်ဝင်စားတယ် ဆိုရင် သွားကြည့်လို့ ရတယ်”
တုံ့ဟွားလုံက သူတို့ တည်းခိုဆောင်သို့ သွားနေရင်း ပြောလိုက်သည်။
***