ဒါဖြင့်ကိစ္စပြတ်သွားပြီပေါ့
Vol. 56 Ch. 789
အခန်း (၇၈၉) ဒါဖြင့်ကိစ္စပြတ်သွားပြီပေါ့
ရန်ကျောက်ကဲက ရန်သူများကျရှုံးနေချိန်တွင် အလွန်ပျော်ရွှင်စွာဖြင့် ကန်ချခဲ့သည်။
သူတို့၏ကျင့်ကြံခြင်းအဆင့်များက အံ့သြစရာကောင်းလောက်အောင် မြင့်မားသည့်တိုင် ခန်းဖင်းနှင့်အခြားသူများမှာ အောက်ဘက်ရှိ တွင်းနက်ကြီးထဲမှ လွတ်မြောက်အောင် မလုပ်ဆောင်နိုင်ခဲ့ကြပေ။
ရန်ကျောက်ကဲ၏ဓားချက်က နောက်တစ်ကြိမ်လှည့်ပတ်သွားသည်နှင့် တွင်းနက်ကြီးထဲမှ ခန်းဖင်းအပါအဝင်လူတိုင်းမှာ ပင်လယ်အောက်သို့အတင်းဆွဲခေါ်ခြင်းကို ခံခဲ့ကြရသည်။
ရေဝဲဂယက်ကြီးအောက်ဘက်မှ ဧရာမတွင်းနက်ကြီးက မရပ်မနားလှည့်ပတ်လျှက် သူတို့အားလုံးကို စုပ်ယူဝါးမျိုလျှက် ရှိသည်။
မကြာခင် ဤတွင်းနက်ကြီးက ထာဝရပြိုကျပျက်ဆီးသွားပေတော့မည်။
ခန်းဖင်းက ခေါင်းမော့လိုက်ပြီး ကောင်းကင်ထက်လေထဲတွင်ရှိနေသည့် ရန်ကျောက်ကဲကို မုန်းတီးစွာကြည့်လိုက်သည်။
ထို့နောက် တိမ်လွှာအလင်းဓားကို ပင့်မြှောက်လိုက်ပြီး ဓားစည်းတံဆိပ်တစ်ခု ပြုလုပ်လိုက်သည်။ ဒါကိုမြင်တော့ ကုကျန်းနှင့် ဟယ်တုန်းချန်တို့လည်း သက်ပြင်းချလိုက်ကြပြီး တူညီသည့် ဓားစည်းတံဆိပ်ကို ပြုလုပ်လိုက်ကြ၏။
တူညီသည့်အဆက်အနွယ်မှ ကြီးမြတ်သော အမတကူးပြောင်းခြင်းအဆင့် သိုင်းသူတော်စင် (၃)ယောက် အချိန်ရေစီးကြောင်းဓားသိုင်းကို အတူတကွ ထုတ်ဖော်လိုက်ကြသည်။ ဓားအလင်းတန်းသုံးစင်းသည် တိမ်လွှာအလင်းဓား၏မျက်နှာပြင်ထက်သို့ ကျရောက်သွားပြီး မိုးစက်များပမာ ဓားအလင်းတန်းများထွက်ပေါ်လာကာ တွင်းနက်ကြီးတစ်ခုလုံးကို ဖုံးအုပ်သွားသည်။
တစ်ဆက်တည်းပင် ပင်လယ်၏နက်နဲရာနေရာတွင် အရာအားလုံး အေးခဲရပ်တန့်သွားပုံရသည်။
တွင်းနက်က မရပ်မနားလှုပ်ရှားလှည့်ပတ်နေခြင်း မရှိတော့ပေ။ သို့သော် ခန်းဖင်းနှင့် အခြားသူများကတော့ တွင်းနက်နှင့် အထက်ဘုံကမ္ဘာကြား လေထုထဲတွင် ပိတ်မိနေကြသည်။
သဘာဝပသာဒနယ်မြေ၏ ပင်လယ်နက်ရှိုင်းရာနေရာက အထက်ဘုံကမ္ဘာနှင့် ကွဲကွာသွားပြီး သီးခြားနယ်မြေတစ်ခုပမာ ပြောင်းလဲသွားသည်။
လော့ကျီးထောင်နှင့် ကွမ်းမင်ဂိုဏ်းမှလူများကတော့ ပယင်းထဲတွင်ပိတ်မိနေသည့် ပိုးကောင်ငယ်များပမာ ဖြစ်နေကြ၏။
တွင်းနက်ကြီးက ပင်လယ်ရေအောက်သို့ နစ်မြုပ်သွားခြင်း မရှိတော့ဘဲ ပင်လယ်ရေမျက်နှာပြင်ထက်မှ ကြီးမားသောရေဝဲဂယက်ကြီးသည်လည်း တဖြည်းဖြည်း ငြိမ်သက်သွားသည်။
အောက်ဘက်မှ ကြောက်မက်ဖွယ်ရာစုပ်ယူအား ပျောက်ကွယ်သွားပြီး ပင်လယ်ထက်မှာလူများမှာ ပန်ပန်၏ကျောပေါ်တွင် မတ်တတ်ရပ်နေစရာမလိုတော့ဘဲ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်နိုင်သွားကြသည်။
ရန်ကျောက်ကဲက မိစ္ဆာဓားတောင်းတျဲကို သမ်းဆည်းလိုက်ပြီး အုံ့ဆိုင်းနေသည့်အလင်းလွှာဖြင့် လွှမ်းခြုံခံထားရသည့် ဧရာမတွင်းနက်ကြီးကို စူးစိုက်ကြည့်နေသည်။
အဆုံးမဲ့သံလိုက်မုန်တိုင်းများ ပြန်လည်တိုက်ခတ်တော့မည့်အရိပ်အယောင်များပြသလာစဉ် ရန်ကျောက်ကဲ သတိပြန်ဝင်လာပြီး အဝေးတစ်နေရာသို့ လှမ်းကြည့်လိုက်၏။
ကောင်းကင်ထက်တွင် ဓားအလင်းတန်းနှစ်ခုလင်းလက်လာပြီး တစ်ခဏအတွင်းနီးကပ်လာကာ ရန်ကျောက်ကဲတို့အုပ်စုရှေ့သို့ ရောက်ရှိလာသည်။
ဓားအလင်းတန်းများပျောက်ကွယ်သွားပြီး လူနှစ်ယောက်အသွင်ပေါ်လာ၏။
တစ်ယောက် ဓားသွားပမာထက်ရှနေပြီး တစ်ဘောက်ကတော့ မျက်နှာထက် အပြုံးရိပ်ဆင်မြန်းထားသည်။
သူတို့သည်ကား အရှေ့တောင်ထိပ်တန်းအရှင်သခင်၏တပည့်များဖြစ်သော ‘လင်စန်းတောင်ဓားဘုရင်’ လင်ဟန့်ဟွာနှင့် ‘ချင်းယွမ်လွင်ပြင်ဓားဘုရင်’ မုကျွင်းတို့ ဖြစ်ကြသည်။
လင်ဟန့်ဟွာက အောက်ဘက်မှတွင်းနက်ကြီးကိုတစ်ချက်ကြည့်ရင်း ရန်ကျောက်ကဲအား တိုက်ရိုက်ပင်မေးလိုက်သည်။
“တောင်ပိုင်းထိပ်တန်းအရှင်သခင်ရဲ့တပည့်တွေ ရောက်လာသေးလား”
ရန်ကျောက်ကဲက ခေါင်းညိတ်ရင်း...
“တစ်ယောက်တော့ရောက်လာတယ် ၊ သူက ကျွမ်းမျိုးနွယ် နာမည်က ကျွမ်းကျောင်းဟွေတဲ့”
ထိုစကားကြားတော့ လင်ဟန့်ဟွာနှင့် မုကျွင်းတို့ တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြသည်။
“ကျွမ်းကျောင်းဟွေ... သူတကယ်ပဲရောက်လာတာလား”
လင်ဟန့်ဟွာနှင့် မုကျွင်းစကားကိုကြားတော့ ရန်ကျောက်ကဲက သူ ရင်ဆိုင်ကြုံတွေ့ခဲ့ရသည်များကို အတည်ပြုပြောကြားလိုက်သည်။
‘နေကိုလိုက်တဲ့ဇာမဏီ’ ကျွမ်းကျောင်းဟွေ ၊ သူ့ကို ဇာမဏီမင်းသားဟုလည်း လူသိများသည်။ သူက တောင်ပိုင်းထိပ်တန်းအရှင်သခင်၏အငယ်ဆုံးသားဖြစ်ပြီး အထက်ဘုံကမ္ဘာတွင် အလွန်တရာ နာမည်ကြီးသူလည်း ဖြစ်၏။
လင်ဟန့်ဟွာမျက်နှာက တည်ကြည်လေးနက်သွားပြီး မုကျွင်းမျက်နှာထက်မှအပြုံးသည်လည်း အနည်းငယ်လွင့်ပြယ်သွားသည်။
အမတကူးပြောင်းခြင်း နှောင်းပိုင်းအဆင့် သိုင်းသူတော်စင်တစ်ယောက်က တောင်ပိုင်း မီးတောက်ကောင်းကင်ပြည်နယ်မှ အရှေ့တောင် နေဝန်းကောင်းကင်ပြည်နယ်သို့ ဝင်ရောက်လာခဲ့သည်။ ထို့ကြောင့် သူတို့နှစ်ယောက်က ထိုသူနှင့်ရင်ဆိုင်ရန် အပြေးအလွှားသွားရောက်ခဲ့ကြရသည်။
ယခုတော့ ကြည့်ရသည်မှာ ကျားကိုတောင်ပေါ်ကဆွဲထုတ်ရန် တမင်မျှားခေါ်ခြင်းနိုင်ပြီး သူတို့၏ ပစ်မှတ်အစစ်အမှန်က ဤနေရာဖြစ်ကြေင်း သိလိုက်ရသည်။
မုကျွင်းက ယခင်အတိုင်း ပြန်လည်ကာပြံးလိုက်ရင်း...
“ကျွမ်းကျောင်းဟွေ ဒီကိုဘာအတွက်ရောက်လာရလဲဆိုတာ မိတ်ဆွေလေး’ရန်’ သိပါသလား”
လက်ရှိတွင် ရန်သူ၏ရည်မှန်းချက်အစစ်အမှန်ကို မသိနိုင်သဖြင့် သူတို့အားလုံး စိတ်ပျက်လက်ပျက် ဖြစ်နေကြရသည် မဟုတ်ပါလား။
ရန်ကျောက်ကဲက တွင်းနက်ကြီးအား လက်ညှိုးညွှန်ပြရင်း...
“ဒီနေရာက ဘိုးဘေးအကြီးအကဲတစ်ယောက်နေထိုင်ခဲ့တဲ့နန်းတော်ဟောင်းပါ ၊ ရတနာပစ္စည်းနည်းနည်းပါးပါးလည်း ကျန်ရစ်ခဲ့တယ် ၊ အဲဒီရတနာတွေထဲကတစ်ခုက ဇာမဏီအရိုးပဲ”
ထိုစကားကြားတော့ လင်ဟန့်ဟွာမျက်ဝန်းများတောက်ပသွားပြီး မုကျွင်းကတော့ မျက်ဝန်းများ ကျဉ်းမြောင်းလိုက်သည်။
“...... ဇာမဏီအရိုး ဟုတ်လား”
ရန်ကျောက်ကဲက ဆက်ပြောသည်။
“အဲဒီဇာမဏီအရိုးထဲမှာ သမာဓိမီးတောက် (၅)မျိုးထဲကတစ်ခုဖြစ်တဲ့ အရုဏ်ဦးမြူခိုးသမာဓိမီးတောက် ပါဝင်တယ်”
ထိုစကားကိုကြားတော့ လင်ဟန့်ဟွာနှင့် မုကျွင်းတို့ ချက်ချင်းသဘောပေါက်သွားကြသည်။
လင်ဟန့်ဟွာက ရယ်မောရင်း...
“ငါတို့ အရှေ့တောင် နေဝန်းကောင်းကင်ပြည်နယ်မှာ ဒီလိုရတနာပစ္စည်းမျိုး တကယ်ပဲ လျှို့ဝှက်ပြီး ရှိနေခဲ့တာကိုး”
မုကျွင်းမျက်နှာထက်မှ အပြုံးရိပ်ကတော့ ပျောက်ကွယ်သွားပြီး...
“ဒါဖြင့် ဇာမဏီရိုးရာတောင် ၊ ဝူထုန်တောင်စောင်းက သူတို့လိုချင်တဲ့ပစ္စည်းကိုရသွားပြီပေါ့”
ရန်ကျောက်ကဲက ပြုံးရင်း...
“သူတို့လားရမှာ... အဝေးကြီးပါ”
ထိုစကားကြားတော့ လင်ဟန့်ဟွာရော မုကျွင်းပါ မျက်နှာအမူအရာပြောင်းလဲသွားပြီး သူတို့မျက်လုံးများက ရန်ကျောက်ကဲထံ ကျရောက်သွားသည်။
“ကြည့်ရတာ... မင်းလက်ထဲပဲရောက်သွားပြန်ပြီထင်တယ်”
ရန်ကျောက်ကဲက ခေါင်းခါယမ်းရင်း သူ့ဘေးမှ ထန်ယုံဟောင်ကို လက်ညှိုးညွှန်ပြလိုက်သည်။
“ကျွန်တော့်လက်ထဲမရောက်ပါဘူး ၊ ဒီ အစ်ကိုထန်ယုံဟောင်က အခွင့်အရေးရသွားပါတယ် ၊ သူက ဇာမဏီအရိုးကို ကျွမ်းကျောင်းဟွေထက်အရင် ရရှိသွားပြီး သူ့ခန္ဓာကိုယ်ထဲ ပေါင်းစပ်လိုက်တယ်”
ရန်ကျောက်ကဲက ဆက်ပြောသည်။
“ကျွမ်းကျောင်းဟွေက အစ်ကိုထန်ရဲ့ခန္ဓာကိုယ်ကို သန့်စင်ပြီး ဇာမဏီအရိုးကိုထုတ်ယူချင်ခဲ့တာ ၊ ဒါပေမဲ့ ကျွန်တော်တားဆီးထားလိုက်တယ် ၊ အခု ဇာမဏီအရိုးက အစ်ကိုထန်ရဲ့ ခန္ဓာကိုယ်ထဲမှာ ရှိနေပါတယ်”
လင်ဟန့်ဟွာက ခဏမျှစဉ်းစားလိုက်ပြီး ထန်ယုံဟောင်ကို မေးလိုက်သည်။
“မင်း ငါတို့နဲ့အတူ ကျင်းထင်တောင်ကို လိုက်ခဲ့ချင်သလား”
ကျင်းထင်တောင်က မည်သို့သောနေရာဖြစ်သည်ကို ထန်ယုံဟောင် သိရှိထားပြီး ဖြစ်သည်။
ကွမ်းမင်ဂိုဏ်းချုပ် လော့ကျီးထောင်သည်လည်း လောလောဆယ် အောက်ဘက်ရှိတွင်းနက်ထဲတွင် ပိတ်မိနေသည်။
နေလတောင်ထွတ်ကိုဖျက်ဆီးခဲ့သည့် တာ့ရွှမ်တိုင်းပြည်ကိုတော့ ထန်ယုံဟောင်က ဘယ်သောအခါမှ သစ္စာခံမည် မဟုတ်ပေ။ ထို့ကြောင့် ကျင်းထင်တောင်သို့သွားခြင်းက သူ့အတွက် အကောင်းဆုံးရွေးချယ်မှုဖြစ်မည်သာပင်။
နေသူတော်စင်ဂိုဏ်းကို ပြန်လည်တည်ထောင်လိုလျှင်ပင် ထိုနေရာတွင် အခွင့်အရေးအနည်းငယ် ရရှိနိုင်သည်။
ထန်ယုံဟောင်က လင်ဟန့်ဟွာနှင့်မုကျွင်းကို ဦးညွှတ်လိုက်ရင်း...
“ကျွန်တော် လိုက်ခဲ့ဖို့ဆန္ဒရှိပါတယ်”
ထို့နောက် သူက မည်သည့်ခံစားချက်မှရှိဟန်မတူဘဲ တည်ငြိမ်သောမျက်ဝန်းများရှိနေသည့် ရန်ကျောက်ကဲကို လှည့်ကြည့်လိုက်သည်။
ကျင်းထင်တောင်မှလူများကတော့ ထန်ယုံဟောင် ခန္ဓာကိုယ်ထဲတွင်ရှိနေသည့် ဇာမဏီအရိုးကိုထုတ်ယူရန် ထန်ယုံဟောက်ကို သန့်စင်ပစ်သည့်အလုပ်မျိုး ပြလုပ်မည်မဟုတ်ပေ။ သူတို့က ထန်ယုံဟောင်ကို ကောင်းကောင်းမွန်မွန်ဆက်ဆံမည်ဖြစ်ပြီး ကံကောင်းလျှင် ကျင်းထင်တောင်တွင် ပညာသင်ခွင့်ပင် ရရှိနိုင်သည်။
ရန်ကျောက်ကဲကိုကြည့်ရင်း ထန်ယုံဟောင်၏မျက်နှာထက် စိတ်ရှုတ်ထွေးမှုများ ထင်ဟပ်နေသည်။
အတိတ်က နေသူတော်စင်ဂိုဏ်းနှင့်ပတ်သက်ပြီး ထန်ယုံဟောင်၏အမြင်က မန်ဝမ်နှင့် အတူတူပင် ဖြစ်သည်။ သူသည်လည်း ဟွမ်ကွမ်လီ ၊ ဟွမ်ရှု ၊ ဟွမ်ကျိတို့နှင့် သဘောထားချင်းမတူသော်လည်း နေသူတော်စင်ဂိုဏ်းဆိုသည်က သူ့ကိုမွေးထုတ်ပေးလိုက်သည့်နေရာတစ်ခုဖြစ်ပေသည်။
တစ်ဖက်လူက သူတို့နှင့် စွမ်းအားကွာခြားလွန်းပြိး အစွမ်းထက်လွန်းသဖြင့် ထန်ယုံဟောင် တုံ့ဆိုင်းသွားစေရန် အကြောင်းပြချက် ဖြစ်လာမည် မဟုတ်ပေ။
ပြီးတော့ ယခုအချိန် ဓားကိုဝင့်ကာ ရန်ကျောက်ကဲကိုတိုက်ခိုက်မည်ဆိုလျှင်လည်း သူသာလျှင်ဒုက္ခရောက်မည်ကို ထန်ယုံဟောင် သိရှိသည်။
သူအနေဖြင့် ကျင်းထင်တောင်မှတပည့်ဖြစ်လာနိုင်သည့်တိုင် ရန်ကျောက်ကဲသာ သူ့အသက်မကယ်ခဲ့ပါက ယခုချိန် ကျွမ်းကျောင်းဟွေလက်ချက်ဖြင့် အသက်ပျောက်နေလောက်ပေပြီ။
မုကျွင်းက သဘောကျလေးစားမှုများရောယှက်သောမျက်ဝန်းများဖြင့် ရန်ကျောက်ကဲကို ကြည့်လိုက်သည်။
တောင်ပိုင်းထိပ်တန်းမျိုးနွယ်များက ထန်ယုံဟောင်နှင့် ဇာမဏီအရိုးကို လုံးဝ လက်လျှော့မည် မဟုတ်ပေ။
ရန်ကျောက်ကဲအနေဖြင့်လည်း ထိုပစ္စည်းကိုရယူရန် လှည့်စားနိုင်သော်လည်း တကယ်တမ်းတွင် ထိုပစ္စည်းက ကျင်းထင်တောင်အတွက် အသုံးဝင်သော အဆုံးစွန်ဝှက်ဖဲတစ်ချပ်ဖြစ်သည်။
ထိုဇာမဏီအရိုးကို အခြေခံပြီး ကျင်းထင်တောင်လုပ်နိုင်သည့်အရာ များစွာရှိသည်။ ယခုအချိန်ခဏလေးအတွင်းပင် မုကျွင်းစိတ်ထဲ များစွာသောအကြံဉာဏ်ကောင်းများကို စဉ်းစားပြီးဖြစ်၏။
မုကျွင်းက ရန်ကျောက်ကဲကိုကြည့်လိုက်သည်။
သူ့အရှေ့မှ ဤလူငယ်လေးက ယခုတစ်ခေါက် ကျင်းထင်တောင်ကို အမှန်တကဘ်ပင် ကူညီခဲ့သည်ပင်။
ရန်ကျောက်ကဲ၏အကူအညီနှင့် အပြုသဘောဆောက်သည့် သက်ရောက်မှုများက ထင်ရှားစွာရှိနေသည်။ ယခုတစ်ကြိမ် ကူညီပေးခြင်းက ကောင်းကင်စွမ်းအားအစီအရင်၏လျှို့ဝျက်ချက်ကိုထုတ်ဖော်ခြင်းနှင့် ဝမ်ဟွေ့နှင့် လီကျင်းကိုတားဆီးပေးခဲ့ခြင်းထက် များစွာသာလွန်သည်။
စဉ်းစားရင်းဖြင့်ပင် မုကျွင်းက သဘာဝပသာဒနယ်မြေကို စူးစိုက်ကြည့်ရင်း ပေါ့ပေါ့ပါးပါးပင် မေးခွန်းထုတ်လိုက်သည်။
“မိတ်ဆွေလေး’ရန်’ ၊ ကွမ်းမင်ဂိုဏ်းမှာ ထူးကဲယင်သရဖူရှိတယ်လို့သတင်းကြားတယ် ၊ အဲဒီရတနာပစ္စည်းလည်း အခု ပင်လယ်အောက်က တွင်းနက်ထဲမှာ ရှိနေသလား”
ရန်ကျောက်ကဲက ခဏမျှ တိတ်ဆိတ်သွားပြီးမှ ပြုံးလိုက်ရင်း...
“မရှိပါဘူး ၊ အခု အဲဒီသရဖူကို ကျွန်တော့်ဇနီးယူထားပါတယ် ၊ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာ အစွန်းရောက်ရှစ်ပါးကမ္ဘာမှာတုန်းက ကွမ်းမင်ဂိုဏ်းကကူညီပေးခဲ့တဲ့ နေသူတော်စင်ဂိုဏ်းနဲ့ ကျွန်တော်တို့ဂိုဏ်းက အဲဒီသရဖူအတွက် တိုက်ခိုက်ခဲ့ကြတာ ၊ အခုတော့ ကျွန်တော်တို့လက်ထဲ ရောက်လာပါပြီ”
ထိုစကားကြားတော့ မုကျွင်းက အံ့အားသင့်သွားပြီးမှ ရန်ကျောက်ကဲကို ပြုံးလျှက်ကြည့်လိုက်ရင်း...
“ဒါဖြင့် ကိစ္စပြတ်သွားပြီပေါ့”